မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မဟာဗာဗုလုန်အားလပ်ရက်ကို ခရစ်ယာန် အားလပ်ရက်အဖြစ် ကျင်းပနိုင်သလော

မဟာဗာဗုလုန်အားလပ်ရက်ကို ခရစ်ယာန် အားလပ်ရက်အဖြစ် ကျင်းပနိုင်သလော

မဟာဗာဗုလုန်အားလပ်ရက်ကို ခရစ်ယာန် အားလပ်ရက်အဖြစ် ကျင်းပနိုင်သလော

အချိန်ကား ၂၀၀၄ ခုနှစ်၏ဆောင်းရာသီအတွင်းဖြစ်ပြီး အီတလီနိုင်ငံတွင် ခရစ္စမတ်ရာသီ၌ အကြီးအကျယ်ငြင်းခုံမှုတစ်ခုရှိခဲ့သည်။ ခရစ်ယာန်ဘာသာရေးဆိုင်ရာ ခရစ္စမတ်ထုံးတမ်းစဉ်လာများနှင့် ဆက်နွှယ်သည့်အရာမှန်သမျှကို အနည်းဆုံးအထိလျော့ချခြင်း သို့မဟုတ် လုံးလုံးပျောက်သွားစေခြင်းအယူအဆကို အချို့သော ပညာသင်ကြားပေးသူများ၊ ကျောင်းဆရာများက ထောက်ခံခဲ့ကြသည်။ ကက်သလစ်လည်းမဟုတ် ပရိုတက်စတင့်လည်းမဟုတ်သော ကျောင်းသားအရေအတွက်တိုးများလာခြင်းကြောင့် လေးစားသည့်သဘောဖြင့် ယင်းကိုသူတို့ထောက်ခံခဲ့ရခြင်းဖြစ်သည်။ သို့သော် ကျောင်းပညာရေးအသိုင်းအဝိုင်းများရှိ အခြားသူတို့နှင့် အတတ်ပညာနယ်ပယ်များရှိသူတို့ကမူ ထုံးတမ်းစဉ်လာများကို လေးမြတ်တန်ဖိုးထားပြီး လုံးဝထိန်းသိမ်းစောင့်ရှောက်ရန် တောင်းဆိုခဲ့ကြသည်။

သို့သော် ဤအချေအတင်ငြင်းခုံခြင်းအပြင် များပြားလှသောခရစ္စမတ်ထုံးတမ်းစဉ်လာတို့၏ဇာစ်မြစ်များကား အဘယ်နည်း။ ငြင်းခုံမှုအထွတ်အထိပ်ရောက်လာခဲ့သောအခါ ဗက်တီကန်သတင်းစာ L’Osservatore Romano က စိတ်ဝင်စားဖွယ်ရှင်းလင်းချက်အချို့ ဖော်ထုတ်ခဲ့သည်။

ခရစ္စမတ်ကျင်းပသည့်နေ့ရက်နှင့်စပ်လျဉ်း၍ ကက်သလစ်သတင်းစာက ဤသို့ဆိုခဲ့သည်– “ယေရှုမွေးဖွားသည့်နေ့ရက်အမှန်ကို မသိရပါ၊ အကြောင်းမှာ ရောမသမိုင်း၊ ထိုခေတ်က ဧကရာဇ်သန်းခေါင်စာရင်းနှင့် နောက်ပိုင်းရာစုနှစ်များတွင် ပြုလုပ်သောရှာဖွေမှုတို့က တိကျသောရက်စွဲကို မဖော်ပြခဲ့ပါ။ . . . အများတကာသိသော ဒီဇင်ဘာ ၂၅ ရက်မှာ လေးရာစုက ရောမချာ့ခ်ျရွေးချယ်ခဲ့သည့် နေ့ရက်ဖြစ်သည်။ အယူမှားရောမတွင် ဤနေ့စွဲသည် နေနတ်ဘုရားသခင်အတွက် သီးသန့်ဖယ်ထားသောနေ့ရက်ဖြစ်၏။ . . . ကွန်စတင်တိုင်း၏အမိန့်ထုတ်ပြန်ချက်ကြောင့် ရောမတွင် ခရစ်ယာန်ဘာသာ အတည်ပြုခဲ့ပြီးဖြစ်သော်လည်း နေနတ်ဘုရားသခင် . . . ၏ဒဏ္ဍာရီကို ကျယ်ကျယ်ပြန့်ပြန့်ကျင့်သုံးလျက်ရှိခဲ့ကြသည်၊ အထူးသဖြင့် စစ်သားများကြားတွင် ဖြစ်၏။ ဒီဇင်ဘာ ၂၅ တွင် ကျင်းပသည့် အထက်ဖော်ပြပါပွဲတော်များသည် လူကြိုက်များသောထုံးတမ်းစဉ်လာတွင် နက်ရှိုင်းစွာအမြစ်စွဲခဲ့သည်။ ယင်းက ရောမချာ့ခ်ျအား ဒီဇင်ဘာ ၂၅ ရက်သည် ခရစ်ယာန်ဘာသာရေးဆိုင်ရာ အထူးအဓိပ္ပာယ်ရှိကြောင်း ကြေညာရန် အကြံရစေခဲ့သည်၊ နေနတ်ဘုရားသခင်နေရာတွင် စစ်မှန်သောတရားတော်နေမင်း ယေရှုခရစ်ကို အစားထိုးခြင်းဖြင့် ထိုနေ့ရက်ကို ကိုယ်တော့်မွေးနေ့ကျင်းပသည့်နေ့အဖြစ် ရွေးချယ်ခဲ့ကြသည်။”

ယခုအချိန်တွင် ကက်သလစ်ထုံးတမ်းစဉ်လာ၏အစိတ်အပိုင်းဖြစ်သော ခရစ္စမတ်သစ်ပင်နှင့်ပတ်သက်၍ကော အသို့နည်း။

ကက်သလစ်သတင်းစာတွင်ပါသော ဆောင်းပါးက ရှေးခေတ်အချိန်တွင် “ဟော်လီ၊ တံမြက်စည်းပင်၊ လော်ရယ်လ်နွယ်ပင်နှင့် ထင်းရှူးကိုင်းများ” ကဲ့သို့သောအမြဲစိမ်းသစ်ပင်များစွာတို့တွင် မှော်အတတ် သို့မဟုတ် ဖျားနာမှုကို တားဆီးနိုင်သည့် ဆေးဘက်ဆိုင်ရာအာနိသင်များရှိသည်ဟု ယူဆခဲ့ကြကြောင်း ထောက်ပြခဲ့သည်။ ဆောင်းပါးက ဤသို့ဆက်ဖော်ပြ၏– “ခရစ္စမတ်ရက်မတိုင်မီ ဒီဇင်ဘာ ၂၄ ရက်နေ့တွင် အာဒံနှင့် ဧဝတို့ကို မြေကြီးပရဒိသု၏သစ်ပင်ဆိုင်ရာ အလွန်ခေတ်စားသောဇာတ်လမ်းဖြင့် အောက်မေ့သတိရကြလိမ့်မည်။ . . . သစ်ပင်မှာ ပန်းသီးပင်ဖြစ်သင့်သည်၊ သို့သော် ပန်းသီးပင်သည် ဆောင်းရာသီတွင် သင့်လျော်မည်မဟုတ်သောကြောင့် ထင်းရှူးပင်တစ်ပင်ကို စင်မြင့်ပေါ် တင်ထားပြီး ယင်းအကိုင်းအခက်များတွင် ပန်းသီးအချို့ကို တပ်ဆင်ထား၏၊ သို့မဟုတ် အနာဂတ်တွင် လာမည့်ရွေးနုတ်ခြင်းကို ပုံဖော်ရန် ယေရှု၏နောက်ဆုံးညစာ အထိမ်းအမှတ်စားပွဲကို အမှတ်သညာပြုသော အထူးပုံစံများဖြင့်ပြုလုပ်သည့် ကြွပ်ဆတ်သောဘီစကွတ်မုန့်နှင့်အတူ ပါးလွှာသောမုန့်ကြွပ်ဝိုင်းများကို ပြင်ဆင်ခဲ့ကြသည်။ သကြားလုံးများသာမက ကလေးများအတွက် လက်ဆောင်များလည်း ပါဝင်သည်။” ထိုအချိန်ပြီးသည့်နောက်တွင်ကော အသို့နည်း။

၁၆ ရာစုတွင် ဂျာမနီနိုင်ငံ၌ ဦးဆုံးအစပြုခဲ့သော ခရစ္စမတ်သစ်ပင်အသုံးပြုခြင်းဆိုင်ရာ ထုံးတမ်းစဉ်လာအကြောင်း ဖော်ပြရာတွင် L’Osservatore Romano က ဤသို့ဖော်ပြခဲ့သည်– “အီတလီနိုင်ငံသည် ခရစ္စမတ်သစ်ပင်ကိုလက်ခံသည့် နောက်ဆုံးနိုင်ငံများထဲမှ တစ်နိုင်ငံဖြစ်ခဲ့ရခြင်းမှာ တစ်စိတ်တစ်ဒေသအားဖြင့်ဆိုလျှင် ခရစ္စမတ်သစ်ပင်အသုံးပြုခြင်းသည် ပရိုတက်စတင့် ဓလေ့ထုံးစံတစ်ခုဖြစ်ပြီး နွားစားခွက် [သူငယ်တော်ဖွားမြင်ခြင်း အခင်းအကျင်း] ဖြင့်အစားထိုးသင့်သည်ဟူသော အတော်ကျယ်ပြန့်သည့်ကောလာဟလကြောင့်ဖြစ်၏။” ပုပ်ရဟန်းမင်းကြီး ပေါလ် ၆ က သူငယ်တော်ဖွားမြင်ခြင်းအခင်းအကျင်းအနီးတွင် “[ရောမနိုင်ငံ၊ စိန့်ပီတာရင်ပြင်၌] ကြီးမားသောခရစ္စမတ်သစ်ပင်စိုက်ထူသည့် ထုံးတမ်းစဉ်လာကို စတင်ခဲ့သည်။”

ခရစ်ယာန်ဘာသာရေးခေါင်းဆောင်တစ်ဦးက ရှေးခေတ်အယူမှားခံယူချက်မှအစပြုသော ဖြစ်ရပ်များနှင့် အထိမ်းအမှတ်ပွဲများကို အပေါ်ယံအားဖြင့် ခရစ်ယာန်မှုပြုခြင်းကို လက်ခံနိုင်စရာအဖြစ် သင်မြင်သလော။ သင့်လျော်သောလမ်းစဉ်မှာ အဘယ်အရာဖြစ်သင့်သည်နှင့်ပတ်သက်၍ စစ်မှန်သောခရစ်ယာန်များကို သမ္မာကျမ်းစာ ဤသို့တိုက်တွန်းထားသည်– “ဖြောင့်မတ်မှုနှင့် မတရားမှုသည် မည်သို့ပေါင်းဖက်နိုင်မည်နည်း။ အလင်းနှင့် အမှောင်သည် မည်သို့တွဲဖက်နိုင်မည်နည်း။”—⁠၂ ကောရိန္သု ၆:၁၄-၁၇ကဘ။

[စာမျက်နှာ ၈၊ ၉ ပါ ရုပ်ပုံများ]

ခရစ္စမတ်သစ်ပင် (တစ်ဖက်စာမျက်နှာ) နှင့် ဗက်တီကန်၌ သူငယ်တော်ဖွားမြင်ခြင်း အခင်းအကျင်း

[Credit Line]

© 2003 BiblePlaces.com

[စာမျက်နှာ ၉ ပါ ရုပ်ပုံ]

နေနတ်ဘုရားသခင်

[Credit Line]

Museum Wiesbaden