မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

‘မြဲမြံစွာရပ်၍ ယေဟောဝါ၏ ကယ်တင်တော်မူခြင်းကို ကြည့်ရှုလော့’

‘မြဲမြံစွာရပ်၍ ယေဟောဝါ၏ ကယ်တင်တော်မူခြင်းကို ကြည့်ရှုလော့’

‘မြဲမြံစွာရပ်၍ ယေဟောဝါ၏ ကယ်တင်တော်မူခြင်းကို ကြည့်ရှုလော့’

‘ယေဟောဝါသည် ငါ့ဘက်မှာရှိတော်မူသည်ဖြစ်၍ ကြောက်စရာမရှိ။ လူသည် ငါ၌အဘယ်သို့ပြုနိုင်သနည်း။’ —⁠ဆာလံ ၁၁၈:⁠၆

၁။ လူသားတို့သည် အနာဂတ်တွင် အဘယ်ပြင်းထန်သောဘေးကို ကြုံတွေ့ကြရမည်နည်း။

ယနေ့ လူသားတို့သည် ယခင်ကဖြစ်ပျက်ခဲ့ဖူးသမျှထက် ပို၍ကြီးမားပြင်းထန်မည့် ခက်ခဲဆင်းရဲမှုဘေးကြီးကို ကြုံတွေ့ရတော့မည်ဖြစ်သည်။ ယေရှုသည် မိမိနောက်လိုက်များအား ကျွန်ုပ်တို့ခေတ်နှင့်ပတ်သက်သည့် ယင်းအဖြစ်အပျက်ကို ဤသို့ကြို၍သတိပေးမိန့်တော်မူခဲ့၏– ‘ကမ္ဘာဦးမှစ၍မဖြစ်စဖူး၊ နောက်၌လည်းမဖြစ်လတ္တံ့သော ကြီးစွာသောဆင်းရဲခြင်းသည် ထိုကာလ၌ဖြစ်လိမ့်မည်။ ထိုကာလတာရှည်လျှင် အဘယ်သူမျှမလွတ်နိုင်ရာ။ ရွေးချယ်သောသူတို့အဖို့အလို့ငှာ ထိုကာလသည်တိုလိမ့်မည်။’—⁠မဿဲ ၂၄:၂၁၊ ၂၂

၂။ ကြီးစွာသောဆင်းရဲခြင်းဘေး မဖြစ်စေရန် အဘယ်အရာက ဆီးတားထားသနည်း။

လူတို့မျက်စိဖြင့်မမြင်နိုင်သော ကောင်းကင်တမန်တို့သည် ယခု ကြီးစွာသောဆင်းရဲခြင်းဘေးကို မလွှတ်သေးဘဲကိုင်ထားကြသည်။ ကောင်းကင်တမန်တို့သည် ကြီးစွာသောဆင်းရဲခြင်းဘေးကို မလွှတ်ဘဲအဘယ်ကြောင့်ကိုင်ထားကြကြောင်း ယေရှုခရစ်က တမန်တော်ယောဟန်အား စိတ်အာရုံတွင် မြင်တွေ့စေခဲ့သည်။ ယင်းကို သက်ကြီးရွယ်အိုတမန်တော်က ဤသို့ဖော်ပြခဲ့၏– “ကောင်းကင်တမန်လေးပါးတို့သည် မြေ၏လေးမျက်နှာလေတို့ကိုကိုင်၍၊ မြေလေးမျက်နှာ၌ရပ်နေသည်ကို ငါမြင်၏။ အသက်ရှင်တော်မူသောဘုရားသခင်၏ တံဆိပ်ပါသောကောင်းကင်တမန်တစ်ပါးသည် အရှေ့မျက်နှာကတက်လာသည်ကို ငါမြင်၏။ သူသည်လည်း . . . ကောင်းကင်တမန်လေးပါးကို အသံလွှင့်၍ ‘ငါတို့ဘုရားသခင်၏ကျွန်တို့ကို နဖူး၌တံဆိပ်မခတ်မီတိုင်အောင် မြေ၊ ပင်လယ်၊ သစ်ပင်တို့ကိုမညှဉ်းဆဲပါနှင့်’ ဟု ကြီးသောအသံနှင့် ကြွေးကြော်လေ၏။”—⁠ဗျာ. ၇:၁-၃

၃။ ကြီးစွာသောဆင်းရဲခြင်း၏ ဦးဆုံးအခြင်းအရာမှာ အဘယ်အရာဖြစ်မည်နည်း။

ဘိသိက်ပေးခံရသော “ငါတို့ဘုရားသခင်၏ကျွန်” တို့ကို နောက်ဆုံးတံဆိပ်ခတ်ခြင်း ပြီးစီးတော့မည်ဖြစ်သည်။ ကောင်းကင်တမန်လေးပါးသည် ဖျက်ဆီးခြင်းလေတို့ကိုလွှတ်ရန် အသင့်ဖြစ်နေကြသည်။ သူတို့လွှတ်လိုက်သည့်အခါ ဦးဆုံး အဘယ်အရာဖြစ်မည်နည်း။ ထိုမေးခွန်းကို ကောင်းကင်တမန်တစ်ပါးက ဤသို့ဖြေ၏– ‘ကြီးစွာသောကြိတ်ဆုံကျောက်ကဲ့သို့သောကျောက်ကိုချီယူ၍ ပင်လယ်ထဲသို့ချပစ်သည့်နည်းတူ ဗာဗုလုန်မြို့ကြီးကို ပြင်းထန်စွာချပစ်၍ နောက်တစ်ဖန်မပေါ်မရှိရ။’ (ဗျာ. ၁၈:၂၁) ယင်းသို့ဖြစ်သည့်အခါ၊ ကမ္ဘာ့အယူမှားဝတ်ပြုရေးအင်ပါယာ ဖျက်ဆီးခံရချိန်၌ ကောင်းကင်တွင် ကြီးစွာသောရွှင်လန်းမှုဖြစ်မည်။—⁠ဗျာ. ၁၉:၁၊ ၂

၄။ ရှေ့တွင် အဘယ်အဖြစ်အပျက်များ ရှိသေးသနည်း။

မြေကြီးပေါ်ရှိ လူမျိုးအားလုံးသည် ယေဟောဝါ၏လူမျိုးတစ်ဖက်တွင် ပူးပေါင်းကြမည်။ လူမျိုးတို့သည် တည်ကြည်သောခရစ်ယာန်များကို သုတ်သင်ဖယ်ရှားရာတွင် အောင်မြင်ကြမည်လော။ အောင်မြင်ကြမည့်အလား မြင်ရကြပေမည်။ သို့သော် ကြည့်ပါ။ ထိုလူ့အင်အားစုသည် ဖျက်ဆီးခံထိုက်ကြောင်း ခရစ်တော်ယေရှု၏နောက်လိုက် ကောင်းကင်ဗိုလ်ခြေတို့ တွေ့မြင်ကြမည်။ (ဗျာ. ၁၉:၁၉-၂၁) နောက်ဆုံးတွင် နတ်ဆိုးစာတန်နှင့် သူ၏တမန်တို့သည် လှုပ်ရှားမှုမပြုနိုင်သော တွင်းနက်ကြီးထဲသို့ ပစ်ချခံရကြမည်။ သူတို့သည် အနှစ်တစ်ထောင်ချုပ်နှောင်ခံရမည်ဖြစ်သောကြောင့် လူတို့ကို လှည့်ဖြားနိုင်ကြမည်မဟုတ်ပါ။ ကပ်ကျော်သူလူအုပ်စုကြီးအတွက် အလွန်စိတ်ချမ်းမြေ့ဖွယ်ဖြစ်မည်။—⁠ဗျာ. ၇:၉၊ ၁၀၊ ၁၄; ၂၀:၁-၃

၅။ ယေဟောဝါအပေါ် တည်ကြည်နေသူတို့အတွက် အဘယ်ရွှင်လန်းမှု စောင့်ကြိုနေသနည်း။

ကျွန်ုပ်တို့သည် အံ့သြဖွယ်၊ စိုးရွံ့ထိတ်လန့်ဖွယ်ဖြစ်သော ယင်းအဖြစ်အပျက်များနှင့် ကြုံတွေ့ရတော့မည်ဖြစ်သည်။ ယင်းတို့အားလုံးက ယေဟောဝါသည် စကြဝဠာပိုင်သအုပ်စိုးရှင်ဖြစ်ကြောင်း ထင်ရှားစေမည်။ ဤအချက်ကို စဉ်းစားကြည့်ပါ– ကျွန်ုပ်တို့သည် ယေဟောဝါအပေါ် ဆက်၍တည်ကြည်ပြီး ကိုယ်တော်၏ပိုင်သအုပ်စိုးမှုဘက် ဆက်ရပ်တည်မည်ဆိုပါက ကျွန်ုပ်တို့သည် ယေဟောဝါ၏နာမတော် သန့်ရှင်းမြင့်မြတ်စေခြင်းနှင့် ကိုယ်တော်၏ရည်ရွယ်ချက် ပြည့်စုံခြင်းတို့တွင် ပါဝင်ခွင့်ရရှိကြမည်။ ယင်းသည် ကြီးစွာသောရွှင်လန်းမှုကို ဖြစ်စေပါလိမ့်မည်။

၆။ ရောက်အံ့ဆဲဆဲဖြစ်သော အဖြစ်အပျက်များကိုထောက်၍ ကျွန်ုပ်တို့သည် အဘယ်အရာကို သုံးသပ်ကြမည်နည်း။

ကျွန်ုပ်တို့သည် ထိုအရေးပါသောအဖြစ်အပျက်အတွက် အသင့်ပြင်ထားကြပါသလော။ ယေဟောဝါ၏ကယ်တင်နိုင်စွမ်းကို ကျွန်ုပ်တို့ ယုံကြည်ကြပါသလော။ ကိုယ်တော်သည် ကျွန်ုပ်တို့အကျိုးအတွက် အသင့်လျော်ဆုံးအချိန်တွင် အကောင်းဆုံးနည်းဖြင့် ဆောင်ရွက်တော်မူမည်ဖြစ်ကြောင်း ယုံကြည်စိတ်ချပါသလော။ ထိုသို့သောမေးခွန်းများကို ဖြေဆိုရာတွင် ရောမရှိခရစ်ယာန်ချင်းများအား တမန်တော်ပေါလုပြောခဲ့သည့်စကားကို ကျွန်ုပ်တို့စိတ်စွဲမှတ်နိုင်ကြ၏– “ကျမ်းစာတွင် ရေးထားနှင့်သမျှသည် ငါတို့ကို ဆုံးမသွန်သင်ရန်ဖြစ်၏။ ငါတို့သည် ကျမ်းစာမှရရှိသော ခံနိုင်ရည်၊ နှစ်သိမ့်ခြင်းတို့အားဖြင့် မျှော်လင့်ခွင့်ရရှိစေရန် ထိုသို့ရေးထားရခြင်းဖြစ်၏။” (ရောမ ၁၅:၄ကဘ) ကျွန်ုပ်တို့ကို ဆုံးမသွန်သင်ရန်၊ နှစ်သိမ့်ပေးရန်နှင့် မျှော်လင့်ချက်ရှိစေရန် ရေးသားထားချက်တို့တွင် အီဂျစ်လူတို့၏ ပြင်းထန်သောဖိနှိပ်ချုပ်ချယ်မှုမှ ဣသရေလလူမျိုးကို ယေဟောဝါကယ်နုတ်သည့်မှတ်တမ်းသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ ဣသရေလလူမျိုးကိုကယ်တင်ရန် ယေဟောဝါစီစဉ်လုပ်ဆောင်ခဲ့သော စိတ်လှုပ်ရှားဖွယ်ယင်းအဖြစ်အပျက်ကို စေ့စေ့ပြန်သုံးသပ်ခြင်းသည် အလျင်အမြန်ချဉ်းကပ်လာနေသည့် ကြီးစွာသောဆင်းရဲခြင်းကို စောင့်မျှော်နေသည့် ကျွန်ုပ်တို့အတွက် ကြီးစွာသောအားပေးမှုတစ်ခုဖြစ်သင့်သည်။

ယေဟောဝါသည် မိမိလူမျိုးကို လွတ်မြောက်စေ

၇။ ဘီစီ ၁၅၁၃ တွင် အီဂျစ်ပြည်၌ အဘယ်တင်းမာသောအခြေအနေရှိသနည်း။

ဘီစီ ၁၅၁၃ တွင်ဖြစ်သည်။ ယေဟောဝါသည် အီဂျစ်လူတို့အပေါ် ကပ်ဘေးကိုးခုကို ကျရောက်စေခဲ့ပြီးဖြစ်သည်။ ကိုးခုမြောက်ကပ်ဘေးကျပြီးနောက် ဖာရောက မောရှေအား ဤသို့ရိုင်းပျစွာမောင်းထုတ်ခဲ့၏– ‘ငါ့ထံမှထွက်သွားလော့။ သင်သတိပြုလော့။ ငါ့မျက်နှာကိုမြင်သောနေ့၌ သေရမည်။ နောက်တစ်ဖန် ငါ့မျက်နှာကို မကြည့်မမြင်နှင့်။’ မောရှေကလည်း “အရှင့်အမိန့်တော်အတိုင်း မှန်ပါ၏။ မျက်နှာတော်ကို နောက်တစ်ဖန် ကြည့်မြင်မည်မဟုတ်ပါ” ဟုပြန်လျှောက်သည်။—⁠ထွက်မြောက်ရာ ၁၀:၂၈၊ ၂၉သမ။

၈။ ဣသရေလလူမျိုးဘေးကင်းစေရန် အဘယ်ညွှန်ကြားချက်များပေးခဲ့သနည်း၊ အဘယ်ရလဒ်ရခဲ့သနည်း။

ယခု ဖာရောနှင့် အီဂျစ်လူမျိုးအားလုံးအပေါ် နောက်ဆုံးကပ်ဘေးတစ်ခု ကျရောက်ရန်ရှိသေးကြောင်း ယေဟောဝါက မောရှေအားမိန့်တော်မူသည်။ အဗိဗ (နိသန်) လ၊ ၁၄ ရက်နေ့တွင် အီဂျစ်လူတို့တွင်နှင့် တိရစ္ဆာန်တို့တွင် သားဦးတိုင်းသေဆုံးမည်ဖြစ်သည်။ သို့သော် ဣသရေလမိသားစုတို့သည် မောရှေမှတစ်ဆင့်ပေးသော ဘုရားသခင့်ညွှန်ကြားချက်များကို အသေအချာလိုက်လျှောက်ခြင်းဖြင့် ဘေးကင်းနိုင်ကြသည်။ သူတို့သည် သိုးသငယ်အထီးတစ်ကောင်၏ အသွေးတချို့ကို မိမိတို့အိမ်တံခါးတိုင်နှင့် တံခါးထုပ်တို့တွင် သုတ်လိမ်းပြီး အိမ်ထဲတွင်နေရကြမည်ဖြစ်သည်။ ထိုညတွင် အဘယ်အရာဖြစ်ခဲ့သနည်း။ မောရှေ၏ဖော်ပြချက်ကို ဤသို့ဖတ်ရ၏– ‘သန်းခေါင်အချိန်၌ ယေဟောဝါသည် အဲဂုတ္တုပြည်၌ သားဦးရှိသမျှကို ဒဏ်ခတ်တော်မူ၏။’ ဖာရောသည် ချက်ချင်းတုံ့ပြန်ခဲ့သည်။ မောရှေနှင့်အာရုန်ကို ဆင့်ခေါ်ပြီး ဤသို့ပြော၏– ‘သင်တို့မှစ၍ ဣသရေလအမျိုးသားတို့ ထ၍ ငါ့လူစုထဲကထွက်သွားကြလော့။ သင်တို့တောင်းသည်အတိုင်း ယေဟောဝါအား သွား၍ဝတ်ပြုကြလော့။’ ဣသရေလလူမျိုးသည် ချက်ချင်းထွက်သွားကြသည်၊ အရေအတွက်မသိရသော ဣသရေလလူမျိုးမဟုတ်သူများဖြစ်သည့် “အမျိုးမျိုးသောလူအများတို့” အပါအဝင် လူပေါင်းသုံးသန်းကျော်ရှိနိုင်သည်။—⁠ထွက်မြောက်ရာ ၁၂:၁-၇၊ ၂၉၊ ၃၁၊ ၃၇၊ ၃၈

၉။ ဘုရားသခင်သည် ဣသရေလလူမျိုးကို အီဂျစ်ပြည်မှ အဘယ်လမ်းကြောင်းဖြင့် ထုတ်ဆောင်တော်မူသနည်း၊ အဘယ်ကြောင့်နည်း။

ဣသရေလလူမျိုးအတွက်  အနီးဆုံးလမ်းကြောင်းမှာ မြေထဲပင်လယ်နားမှ ဖိလိတ္တိလူတို့၏နယ်မြေကို ဖြတ်၍သွားရသည့်လမ်းဖြစ်သည်။ သို့သော် ယင်းသည် ရန်သူနယ်မြေဖြစ်နေသည်။ ယေဟောဝါသည် ပင်လယ်နီတောကန္တာရလမ်းဖြင့် ဦးဆောင်သွားခြင်းမှာ မိမိလူမျိုးကို စစ်မှုအရေးအခင်းမှ ကာကွယ်ပေးရန်ဖြစ်ပုံရသည်။ ထွက်ခွာလာကြသူတို့သည် သန်းနှင့်ချီသည့်တိုင် ကစဉ့်ကလျားရှုပ်ထွေးမနေပါ။ သမ္မာကျမ်းစာမှတ်တမ်းက ဤသို့ဆို၏– “ဣသရေလအမျိုးသားတို့သည် ခင်းကျင်းသောတပ်အစဉ်အတိုင်း အဲဂုတ္တုပြည်မှ ထွက်သွားကြ၏။”—⁠ထွက်မြောက်ရာ ၁၃:၁၇၊ ၁၈

“ယေဟောဝါ၏ ကယ်တင်တော်မူခြင်းကို ကြည့်ရှုလော့”

၁၀။ ပိဟဟိရုတ်မြို့နားတွင် တပ်ချရန် ဣသရေလလူတို့ကို ဘုရားသခင်အဘယ်ကြောင့် မိန့်တော်မူသနည်း။

၁၀ ထို့နောက် အံ့ဖွယ်အခြေအနေများ ဖြစ်ခဲ့သည်။ ယေဟောဝါက မောရှေအား ဤသို့မိန့်တော်မူ၏– “ဣသရေလအမျိုးသားတို့သည် လည် [“လှည့်၊” သမ] ၍ ပိဟဟိရုတ်မြို့နား၊ မိဂဒေါလမြို့နှင့် ပင်လယ်စပ်ကြား ဗာလဇေဖုန်မြို့ရှေ့မှာ တပ်ချစေခြင်းငှာ မှာလိုက်လော့။” ယင်းညွှန်ကြားချက်ကို လိုက်နာသည့်အခါ ဤလူအုပ်စုကြီးက မိမိတို့သည် တောင်တန်းနှင့် ပင်လယ်နီ၏မြစ်လက်တက်တစ်ခုကြားတွင် ပိတ်မိနေကြောင်း တွေ့ရလေသည်။ ယင်းက ထွက်လမ်းမရှိပုံရစေသည်။ သို့သော် ယေဟောဝါသည် အဘယ်အရာလုပ်ဆောင်ရမည်ကို သိတော်မူ၏။ မောရှေအား ဤသို့မိန့်တော်မူ၏– ‘ငါသည်လည်း ဖာရောဘုရင်၏နှလုံးကို ခိုင်မာစေ၍ သူသည် ဣသရေလတို့ကိုလိုက်လိမ့်မည်။ ငါသည် ယေဟောဝါဖြစ်ကြောင်းကို အဲဂုတ္တုလူတို့သည်သိစေခြင်းငှာ ထိုမင်းနှင့် သူ၏စစ်သူရဲအလုံးအရင်းအားဖြင့် ငါ့ဘုန်းပွင့်လိမ့်မည်။’—⁠ထွက်မြောက်ရာ ၁၄:၁-၄

၁၁။ (က) ဖာရောသည် အဘယ်အရာ လုပ်ဆောင်သနည်း၊ ဣသရေလလူမျိုး မည်သို့တုံ့ပြန်ကြသနည်း။ (ခ) ဣသရေလလူမျိုး၏ အပြစ်တင်မှုကို မောရှေမည်သို့တုံ့ပြန်သနည်း။

၁၁ ဣသရေလလူမျိုးကို အီဂျစ်ပြည်မှထွက်ခွာရန် ခွင့်ပြုလိုက်ခြင်းကို မှားလိုက်လေခြင်းဟု ဖာရောယူမှတ်သောကြောင့် ရွေးချယ်ထားသော စစ်မြင်းရထား ၆၀၀ ဖြင့် အပူတပြင်းလိုက်လေသည်။ အီဂျစ်စစ်တပ်လိုက်လာသည်ကို တွေ့ရသောကြောင့် ဣသရေလလူတို့သည် ကြောက်လန့်လာကြကာ “အဲဂုတ္တုပြည်၌ သချိုင်းမရှိသောကြောင့် ဤတော၌သေစေခြင်းငှာ ငါတို့ကိုဆောင်ခဲ့သလော” ဟုမောရှေကို ဟစ်အော်ကြ၏။ ယေဟောဝါကယ်တင်မည်ကို ယုံကြည်စိတ်ချလျက် မောရှေဤသို့ပြန်ပြော၏– ‘မစိုးရိမ်ကြနှင့်။ [‘မြဲမြံစွာရပ်၍ ယေဟောဝါ၏ ကယ်တင်တော်မူခြင်းကို ကြည့်ရှုလော့။’ ကဘ] . . . သင်တို့ဘက်၌ ယေဟောဝါသည် စစ်တိုက်တော်မူလိမ့်မည်။ သင်တို့သည် ငြိမ်ဝပ်စွာနေရကြမည်။’—⁠ထွက်မြောက်ရာ ၁၄:၅-၁၄

၁၂။ ယေဟောဝါသည် မိမိလူမျိုးကို မည်သို့လွတ်မြောက်စေတော်မူသနည်း။

၁၂ မောရှေ၏စကားအတိုင်း ယေဟောဝါသည် ဣသရေလလူမျိုးအတွက် စစ်တိုက်ပေးမည်ဖြစ်ပြီး ယခု ဘုရားသခင့်ကျောထောက်နောက်ခံမှုရရှိထားသည့် ကောင်းကင်တမန်များအားဖြင့် ကြားဝင်တော်မူသည်။ ယေဟောဝါ၏ကောင်းကင်တမန်သည် ဣသရေလလူမျိုးကိုဦးဆောင်ခေါ်သွားသည့် မိုးတိမ်တိုင်ကို အံ့ဖွယ်တန်ခိုးဖြင့် နေရာရွှေ့လေသည်။ ထိုမိုးတိမ်တိုင်သည် အီဂျစ်လူမျိုးတို့ဘက်တွင် မိုက်သောမိုးတိမ်ဖြစ်သော်လည်း ဣသရေလလူတို့ဘက်တွင် အလင်းကိုပေးသည်။ (ထွက်မြောက်ရာ ၁၃:၂၁၊ ၂၂; ၁၄:၁၉၊ ၂၀) ဘုရားသခင်၏အမိန့်တော်ကိုနာခံကာ ယခု မောရှေသည် သူ၏လက်ကို ဆန့်လိုက်သည်။ မှတ်တမ်းက ဤသို့ဆို၏– “ယေဟောဝါသည် တစ်ညလုံး၌ အားကြီးသောအရှေ့လေအားဖြင့် ပင်လယ်ရေကိုလှန်ပြန်၍ . . . ဣသရေလအမျိုးသားတို့သည် ပင်လယ်အလယ်၌ မြေပေါ်မှာလျှောက်သွားကြ၍ ရေသည် သူတို့လက်ယာဘက်၊ လက်ဝဲဘက်မှာ ကျောက်ထရံကဲ့သို့ရှိနေ၏။” အီဂျစ်လူတို့သည် နောက်မှလိုက်လာကြသည်၊ သို့သော် ယေဟောဝါသည် မိမိလူမျိုးတို့ဘက်၌ရှိတော်မူ၏။ အီဂျစ်လူတို့ကို ကစဉ့်ကလျားရှုပ်ထွေးစေပြီးနောက် မောရှေအား ကိုယ်တော်ဤသို့မိန့်တော်မူ၏– “ပင်လယ်ရေသည် အဲဂုတ္တုလူများ၊ ရထားများ၊ မြင်းစီးသူရဲများတို့အပေါ်သို့ပြန်စေခြင်းငှာ ပင်လယ်အပေါ်မှာ လက်ကိုဆန့်လော့။” ဖာရော၏စစ်တပ်တစ်ခုလုံး ဖျက်ဆီးခံရ၍ အသက်ရှင်သူတစ်ဦးမျှမကျန်ရှိတော့ချေ။—⁠ထွက်မြောက်ရာ ၁၄:၂၁-၂၈; ဆာလံ ၁၃၆:၁၅

ဣသရေလလူမျိုး ကယ်တင်ခံရခြင်းမှ သင်ယူပါ

၁၃။ ဣသရေလလူမျိုးသည် ကယ်နုတ်ခံရသည့်အတွက် မည်သို့တုံ့ပြန်ခဲ့ကြသနည်း။

၁၃ ယင်းအံ့ဖွယ်ကယ်နုတ်မှုက အသက်ရှင်လွတ်မြောက်သူတို့အပေါ် အဘယ်အကျိုးသက်ရောက်ခဲ့သနည်း။ မောရှေနှင့် ဣသရေလလူတို့သည် ယေဟောဝါအားချီးမွမ်းသည့်သီချင်းကို ကောက်ကာငင်ကာ သီဆိုချီးမွမ်းခဲ့ကြသည်– ‘ယေဟောဝါသည် ဘုန်းပွင့်လျက် အောင်ပွဲခံတော်မူသည်ဖြစ်၍ ကိုယ်တော်အားသီချင်းဆိုပါအံ့။ . . . ထာဝရဘုရားသခင်သည် ကာလအစဉ်အမြဲ စိုးစံတော်မူစေသတည်း။” (ထွက်မြောက်ရာ ၁၅:၁၊ ၁၈) မှန်ပါသည်၊ သူတို့ဦးဆုံးစဉ်းစားမိသည့်အရာမှာ ဘုရားသခင်အား ချီးမွမ်းကြွေးကြော်ရန်ဖြစ်သည်။ ထိုအခြေအနေတွင် ယေဟောဝါ၏ပိုင်သအုပ်စိုးမှု ထင်ရှားခဲ့သည်။

၁၄။ (က) ဣသရေလလူမျိုး၏အတွေ့အကြုံမှ ယေဟောဝါနှင့်ပတ်သက်၍ ကျွန်ုပ်တို့ အဘယ်အရာသင်ယူနိုင်သနည်း။ (ခ) ၂၀၀၈ ခုနှစ်အတွက် နှစ်ချုပ်ကျမ်းချက်မှာ အဘယ်နည်း။

၁၄ စိတ်လှုပ်ရှားဖွယ်ကောင်းသော ယင်းအဖြစ်အပျက်မှ အဘယ်ဆုံးမသွန်သင်မှု၊ နှစ်သိမ့်မှုနှင့် မျှော်လင့်ချက်တို့ ကျွန်ုပ်တို့ရရှိသနည်း။ ယေဟောဝါသည် မိမိလူမျိုးကြုံတွေ့ရသည့် မည်သည့်စမ်းသပ်မှုကိုမဆို ကိုင်တွယ်ဖြေရှင်းပေးနိုင်ကြောင်း ကျွန်ုပ်တို့ အမှန်ပင်တွေ့နိုင်သည်။ ကိုယ်တော့်လူမျိုး ရှေ့တွင်ကြုံရနိုင်သည့် မည်သည့်အခြေအနေကိုမဆို ကိုယ်တော် ကိုင်တွယ်ဖြေရှင်းနိုင်တော်မူသည်။ ယေဟောဝါသည် အရှေ့လေပြင်းကို တိုက်ခတ်စေသည့်အခါ ပင်လယ်နီသည် ဣသရေလလူမျိုးအတွက် အတားအဆီးတစ်ခု မဟုတ်တော့ပါ။ ထို့ပြင် ကိုယ်တော်သည် ထိုပင်လယ်နီကိုပင် ဖာရောစစ်တပ်၏သင်္ချိုင်းဖြစ်စေရန် ပြုလုပ်နိုင်ခဲ့သည်။ ယင်းတို့ကို အသေအချာစဉ်းစားသုံးသပ်ခြင်းက ဆာလံဆရာ၏ ဤစကားများအတိုင်း ကျွန်ုပ်တို့လည်း ပြောနိုင်ကြ၏– ‘ယေဟောဝါသည် ငါ့ဘက်မှာရှိတော်မူသည်ဖြစ်၍ ကြောက်စရာမရှိ။ လူသည် ငါ၌အဘယ်သို့ပြုနိုင်သနည်း။’ (ဆာလံ ၁၁၈:၆) ရောမ ၈:၃၁ တွင်မှတ်တမ်းတင်ထားသော ပေါလု၏ဤစကားမှလည်း ကျွန်ုပ်တို့ နှစ်သိမ့်မှုရနိုင်ပါသည်– “ဘုရားသခင်သည် ငါတို့ဘက်၌ရှိတော်မူလျှင် အဘယ်သူသည် ငါတို့တစ်ဖက်၌ နေနိုင်မည်နည်း။” ယင်းမှုတ်သွင်းခံစကားများသည် ကျွန်ုပ်တို့ကို ယုံကြည်စိတ်ချမှုပေးသည်။ ယင်းတို့က ကျွန်ုပ်တို့တွင်ရှိနေနိုင်သည့် မည်သည့်ကြောက်ရွံ့မှု၊ သံသယတို့ကိုမဆို ဖြေဖျောက်စေပြီး မျှော်လင့်ချက်နှင့် ပြည့်ဝစေသည်။ သို့ဖြစ်၍ ၂၀၀၈ ခုနှစ်အတွက် ကျွန်ုပ်တို့၏ နှစ်ချုပ်ကျမ်းချက်မှာ ‘မြဲမြံစွာရပ်၍ ယေဟောဝါ၏ ကယ်တင်တော်မူခြင်းကို ကြည့်ရှုလော့’ ဖြစ်သည်မှာ အလွန်သင့်လျော်ပါသည်။—⁠ထွက်မြောက်ရာ ၁၄:၁၃ကဘ။

၁၅။ အီဂျစ်ပြည်မှ ဣသရေလလူမျိုး ကယ်နုတ်ခံရခြင်းတွင် နာခံမှုသည် မည်မျှအရေးပါသနည်း။ ယင်းသည် ယနေ့အချိန်တွင် မည်မျှအရေးပါသနည်း။

၁၅ ဣသရေလလူမျိုး အီဂျစ်ပြည်မှထွက်မြောက်လာခြင်းမှ ကျွန်ုပ်တို့ တခြားအဘယ်အရာ သင်ယူနိုင်သေးသနည်း။ ကျွန်ုပ်တို့လုပ်ဆောင်ရန် ယေဟောဝါတောင်းဆိုသည့် အဘယ်အရာကိုမဆို နာခံရမည်ဟူသည့်အချက်ဖြစ်၏။ ဣသရေလလူမျိုးသည် ပသခါပွဲအတွက် အသေးစိတ်ပြင်ဆင်မှုများကိုလုပ်ဆောင်ရန် နာခံမှုလိုခဲ့သည်။ သူတို့သည် နိသန်လ ၁၄ ရက်နေ့ညတွင် နာခံမှုရှိရှိဖြင့် အိမ်ထဲ၌နေခဲ့ကြသည်။ အီဂျစ်ပြည်မှ နောက်ဆုံးထွက်ခွာချိန်တွင် သူတို့သည် “ခင်းကျင်းသောတပ်အစဉ်အတိုင်း” သွားခဲ့ရသည်။ (ထွက်မြောက်ရာ ၁၃:၁၈) ယနေ့ ကျွန်ုပ်တို့သည် ‘တည်ကြည်ပြီး သတိပညာရှိကျွန်’ မှတစ်ဆင့်လာသော လမ်းညွှန်ချက်ကိုလိုက်လျှောက်ဖို့ အလွန်အရေးကြီးသည်။ (မဿဲ ၂၄:၄၅) “သင်သည် လက်ယာဘက်၊ လက်ဝဲဘက်သို့လမ်းလွဲလျှင် ဤမည်သောလမ်းသည်မှန်၏။ ဤလမ်း၌သွားလော့” ဟု ကျွန်ုပ်တို့နောက်မှပြောသော ဘုရားသခင့်နှုတ်မြွက်စကားကို အသေအချာဂရုစိုက်နားထောင်ရမည်။ (ဟေရှာယ ၃၀:၂၁) ကြီးစွာသောဆင်းရဲခြင်းဖြစ်မည့်အချိန် နီးလာသည်နှင့်အမျှ ကျွန်ုပ်တို့သည် အချို့သောအသေးစိတ်ညွှန်ကြားချက်များကို ရရှိနိုင်သည်။ ထိုကသောင်းကနင်းနိုင်သောအချိန်အတွင်း ကျွန်ုပ်တို့ဘေးကင်းရန်မှာ ကျွန်ုပ်တို့သည် ယေဟောဝါ၏တည်ကြည်သော အခြားကျေးကျွန်များနှင့်အတူ ရင်ပေါင်တန်းလျှောက်လှမ်းနေခြင်းအပေါ် မူတည်မည်ဖြစ်သည်။

၁၆။ ဣသရေလလူမျိုးကို ကယ်နုတ်ချိန်တွင် ကိစ္စရပ်များကို ဘုရားသခင်စီမံဆောင်ရွက်ပုံမှ ကျွန်ုပ်တို့ အဘယ်အရာ သင်ယူနိုင်သနည်း။

၁၆ ဣသရေလလူတို့သည် တောင်တန်းနှင့် ပင်လယ်နီကြားတွင် ပိတ်မိနေပုံရသော အခြေအနေမျိုးရောက်စေရန် ယေဟောဝါ ပြန်လှည့်စေခဲ့သည်ကိုလည်း သတိရပါ။ ယင်းသည် မှန်ကန်သည့်လုပ်ဆောင်မှု ဖြစ်ပုံမရခဲ့ပေ။ သို့သော် ယေဟောဝါသည် အရာခပ်သိမ်းကို ထိန်းချုပ်ခဲ့ပြီး အရာအားလုံးသည် ကိုယ်တော်ကိုချီးမွမ်းရာ၊ ကိုယ်တော့်လူမျိုးကိုကယ်တင်ရာဖြစ်ခဲ့သည်။ ယနေ့အချိန်တွင်လည်း အဖွဲ့အစည်း၏ကိစ္စရပ်တချို့ကို တစ်စုံတစ်ရာသောနည်းလမ်းဖြင့် အဘယ်ကြောင့်ကိုင်တွယ်သည်ကို ကျွန်ုပ်တို့ အသေအချာမသိဘဲရှိနေပေမည်၊ သို့သော် ယေဟောဝါသည် ကိုယ်တော်၏ တည်ကြည်မှုရှိသော ဆက်သွယ်ရေးလမ်းကြောင်းမှတစ်ဆင့် လမ်းညွှန်သည်ကို ကျွန်ုပ်တို့အမှန်ယုံကြည်စိတ်ချနိုင်သည်။ တစ်ခါတစ်ရံ ကျွန်ုပ်တို့၏ရန်သူတို့က ကျွန်ုပ်တို့ကိုအနိုင်ရတော့မည့်ပုံ ရှိပေမည်။ ကျွန်ုပ်တို့သည် အကန့်အသတ်သာမြင်နိုင်သောကြောင့် ပါဝင်ပတ်သက်နေသည့်အကြောင်းရင်းအားလုံးကို ကျွန်ုပ်တို့သိမြင်ကြမည်မဟုတ်ပါ။ သို့ဖြစ်သည့်တိုင် ယေဟောဝါသည် ဣသရေလလူမျိုးအတွက်လုပ်ဆောင်ပေးခဲ့သကဲ့သို့ သင့်လျော်သည့်အချိန်တွင် ကိစ္စရပ်များကို ကိုယ်တော်စီမံဆောင်ရွက်နိုင်စွမ်း ရှိတော်မူသည်။—⁠သု. ၃:၅

ယေဟောဝါကို ယုံကြည်စိတ်ချပါ

၁၇။ ကျွန်ုပ်တို့သည် ဘုရားသခင်၏လမ်းညွှန်မှုကို အဘယ်ကြောင့် အကြွင်းမဲ့ယုံကြည်စိတ်ချနိုင်သနည်း။

၁၇ နေ့အချိန်တွင် မိုးတိမ်တိုင်၊ ညအချိန်တွင် မီးတိုင်အကြောင်း ဣသရေလလူမျိုး ပြန်ပြောင်းအောက်မေ့သည့်အခါ သူတို့တွင်ရှိခဲ့မည့် ယုံကြည်စိတ်ချမှုကို သင်မြင်ယောင်ကြည့်နိုင်သလော။ ယင်းက သူတို့၏ခရီးလမ်းကို “ဘုရားသခင်၏ကောင်းကင်တမန်” ဦးဆောင်နေခြင်း၏ သက်သေအထောက်အထားဖြစ်ခဲ့သည်။ (ထွက်မြောက်ရာ ၁၃:၂၁၊ ၂၂; ၁၄:၁၉) ယနေ့ ယေဟောဝါသည် မိမိလူမျိုးကို လမ်းညွှန်၊ ကာကွယ်၊ ကယ်နုတ်ရန် အတူရှိတော်မူကြောင်း ကျွန်ုပ်တို့ယုံကြည်စိတ်ချနိုင်သည်။ ဤကတိတော်ကို ကျွန်ုပ်တို့ နှလုံးသွင်းထားနိုင်၏– ‘[ယေဟောဝါသည်] မိမိသန့်ရှင်းသူတို့ကို စွန့်တော်မမူ။ သူတို့သည် စောင့်မတော်မူခြင်းကို အစဉ်အမြဲခံရကြလိမ့်မည်။’ (ဆာလံ ၃၇:၂၈) ယနေ့ ဘုရားသခင်ကျေးကျွန်များကို ထောက်မပေးလျက်ရှိသော တန်ခိုးကြီးကောင်းကင်တမန်အင်အားစုကို ဘယ်တော့မျှမမေ့သင့်ပါ။ သူတို့၏ထောက်မမှုဖြင့် ကျွန်ုပ်တို့သည် ‘မြဲမြံစွာရပ်၍ ယေဟောဝါ၏ ကယ်တင်တော်မူခြင်းကို ကြည့်ရှု’ နိုင်ကြသည်။—⁠ထွက်မြောက်ရာ ၁၄:၁၃ကဘ။

၁၈။ ကျွန်ုပ်တို့သည် အဘယ်ကြောင့် “ဘုရားသခင်ပြင်ဆင်တော်မူသောလက်နက်စုံကို ဝတ်ဆောင်ကြ” ဖို့လိုသနည်း။

၁၈ ကျွန်ုပ်တို့အားလုံးကို အဘယ်အရာက အမှန်တရားလမ်းတွင် ‘မြဲမြံစွာရပ်’ စေနိုင်မည်နည်း။ ဧဖက်အသင်းသားများထံရေးသော ပေါလု၏စာအရ ဝတ်ပြုရေးနှင့်ဆိုင်သောပုံဆောင်လက်နက်စုံကို ဝတ်ဆင်ထားခြင်းအားဖြင့်ဖြစ်သည်။ တမန်တော်က ကျွန်ုပ်တို့အား “ဘုရားသခင်ပြင်ဆင်တော်မူသော လက်နက်စုံကို ဝတ်ဆောင်ကြလော့” ဟုဆုံးမထားသည်ကို သတိပြုပါ။ ကျွန်ုပ်တို့သည် ယင်းပုံဆောင်လက်နက်အားလုံးကို ဝတ်ဆင်ထားပါသလော။ လာမည့်ပြက္ခဒိန်နှစ်တွင် ကျွန်ုပ်တို့တစ်ဦးစီသည် ယင်းလက်နက်အပြည့်အစုံကို သင့်လျော်စွာဝတ်ဆင်ထားကြောင်း သေချာစေရန် မိမိကိုယ်ကိုဆန်းစစ်ခြင်းသည် ပညာရှိရာရောက်မည်။ ကျွန်ုပ်တို့၏ရန်သူဖြစ်သော နတ်ဆိုးစာတန်သည် ကျွန်ုပ်တို့၏အားနည်းချက်များကိုသိပြီး မထင်မှတ်သောအချိန်တွင်ဖမ်းရန် သို့မဟုတ် ပျော့ကွက်ကိုတိုက်ရန် ကြိုးစားသည်။ ကျွန်ုပ်တို့သည် နတ်ဆိုးများနှင့် “ဆိုင်ပြိုင်တိုက်လှန်” နေရကြသည်။ သို့တိုင် ယေဟောဝါ၏ခွန်အားဖြင့် ကျွန်ုပ်တို့ အနိုင်ရနိုင်ပါသည်။—⁠ဧဖက် ၆:၁၁-၁၈; သု. ၂၇:၁၁

၁၉။ ကျွန်ုပ်တို့သည် ခံနိုင်ရည်ရှိပါက အဘယ်အခွင့်ရရှိကြမည်နည်း။

၁၉ ယေရှုက မိမိနောက်လိုက်များအား ဤသို့မိန့်တော်မူခဲ့၏– “သင်တို့သည် တည်ကြည်သော [“ခံနိုင်ရည်ရှိခြင်း၊” ကဘ] အားဖြင့် ကယ်တင်ခြင်းသို့ရောက်ကြလော့။” (လုကာ ၂၁:၁၉) ကြုံတွေ့ရနိုင်သည့် မည်သည့်အခက်အခဲကိုမဆို တည်ကြည်စွာခံနိုင်ရည်ရှိသူတို့အထဲတွင် ကျွန်ုပ်တို့ ပါဝင်နိုင်ကြပါစေ။ သို့ဖြင့် ဘုရားသခင်၏မဟာကြင်နာမှုကြောင့် ‘မြဲမြံစွာရပ်၍ ယေဟောဝါ၏ ကယ်တင်တော်မူခြင်းကို ကြည့်ရှု’ ခွင့်ရနိုင်ကြပါစေ။

သင်မည်သို့ဖြေဆိုမည်နည်း

• အဘယ်စိတ်လှုပ်ရှားဖွယ်အဖြစ်အပျက် ရှေ့တွင်ဖြစ်လာမည်နည်း။

• ယေဟောဝါသည် မိမိ၏ကယ်တင်နိုင်စွမ်းကို ဘီစီ ၁၅၁၃ တွင် မည်သို့တင်ပြခဲ့သနည်း။

• အနာဂတ်တွင် အဘယ်အရာလုပ်ဆောင်ရန် သင်စိတ်ပိုင်းဖြတ်ထားသနည်း။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၂၀ ပါ အကျဉ်းဖော်ပြချက်]

၂၀၀၈ နှစ်ချုပ်ကျမ်းချက်– ‘မြဲမြံစွာရပ်၍ ယေဟောဝါ၏ ကယ်တင်တော်မူ ခြင်းကို ကြည့်ရှုလော့။’ —⁠ထွက်မြောက်ရာ ၁၄:၁၃၊ ကဘ။

[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]

“ကျမ်းစာတွင် ရေးထားနှင့်သမျှသည် ငါတို့ကို ဆုံးမသွန်သင်ရန်ဖြစ်၏”

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

ဖာရော၏စိတ်ခိုင်မာမှုက အီဂျစ်ပြည်အပေါ် ဘေးဆိုးများကျရောက်စေခဲ့

[စာမျက်နှာ ၁၉ ပါ ရုပ်ပုံ]

ဣသရေလလူမျိုးသည် ယေဟောဝါမိန့်တော်မူသမျှအတိုင်း လုပ်ဆောင်ခဲ့၍ အသက်ဘေးမှလွတ်ခဲ့ကြ