မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင့်တစ်ဖက်၌လုပ်သော မည်သည့်လက်နက်မျှ အထမမြောက်ရ

သင့်တစ်ဖက်၌လုပ်သော မည်သည့်လက်နက်မျှ အထမမြောက်ရ

သင့်တစ်ဖက်၌လုပ်သော မည်သည့်လက်နက်မျှ အထမမြောက်ရ

“သင့်တစ်ဖက်၌လုပ်သော လက်နက်တစ်စုံတစ်ခုမျှ အထမမြောက်ရ။”—⁠ဟေရှာယ ၅၄:၁၇

၁၊ ၂။ အယ်လ်ဘေးနီးယားရှိ ယေဟောဝါသက်သေတို့၏ တွေ့ကြုံမှုက ဟေရှာယ ၅၄:၁၇ မှန်ကန်ကြောင်း မည်သို့ဖော်ပြသနည်း။

လွန်ခဲ့သောဆယ်စုနှစ်များအလွန်က ဥရောပအရှေ့တောင်ပိုင်းရှိ တောတောင်ထူထပ်သော နိုင်ငံငယ်လေးတစ်ခုတွင် ရဲရင့်သောခရစ်ယာန်အုပ်စုတစ်စုရှိခဲ့သည်။ ဘုရားသခင်မဲ့ကွန်မြူနစ်အစိုးရက သူတို့ကိုအပြင်းအထန် ဆန့်ကျင်တိုက်ခိုက်ခဲ့သည်။ ပြင်းထန်သောညှဉ်းပန်းနှိပ်စက်မှု၊ အလုပ်ကြမ်းစခန်းပို့မှု၊ မှားယွင်းသည့်သတင်းဖြန့်တိုက်ခိုက်မှုတို့ဖြင့်ပင် သူတို့ကို မချေမှုန်းနိုင်ခဲ့ပါ။ သူတို့ကား မည်သူတို့နည်း။ အယ်လ်ဘေးနီးယားမှ ယေဟောဝါသက်သေတို့ဖြစ်ကြသည်။ အတူတကွစည်းဝေးခြင်းနှင့် ဟောပြောခြင်းတို့ကို တင်းတင်းကျပ်ကျပ်ပိတ်ပင်ထားသော်လည်း ဆယ်စုနှစ်များအတွင်း သူတို့၏စွဲမြဲမှုသည် ခရစ်ယာန်ဘာသာကို ချီးမြှောက်ဂုဏ်တင်စေခဲ့ပြီး ယေဟောဝါ၏နာမတော်ကို ချီးမွမ်းစေခဲ့သည်။ လွန်ခဲ့သော ၂၀၀၆ ခုနှစ်၊ သူတို့၏ ဌာနခွဲအဆောက်အဦသစ် အပ်နှံပွဲတွင် သက်တမ်းကြာတည်ကြည်သောသက်သေခံတစ်ဦးက ဤသို့ပြောခဲ့၏– “စာတန်ဟာ ဘယ်လိုပဲကြိုးစားတိုက်ခိုက်ပါစေ သူအမြဲရှုံးပြီး ယေဟောဝါတော့ အမြဲနိုင်နေမှာပဲ!”

ယင်းတို့အားလုံးသည် မိမိလူမျိုးတော်နှင့်ပတ်သက်၍ ဟေရှာယ ၅၄:၁၇ တွင်မှတ်တမ်းတင်ထားသော ဘုရားသခင့်ဤကတိတော်မှန်ကန်မှု၏ သက်ရှိအထောက်အထားများဖြစ်သည်– “သင့်တစ်ဖက်၌လုပ်သော လက်နက်တစ်စုံတစ်ခုမျှ အထမမြောက်ရ။ သင့်ကိုတရားတွေ့သောသူမည်သည်ကား အရှုံးခံရလိမ့်မည်။” စာတန့်လောကသည် ယေဟောဝါဘုရားသခင်အား အပ်နှံထားသူကျေးကျွန်တို့၏ ဝတ်ပြုမှုကို ပျောက်ကွယ်သွားစေရန် မလုပ်ဆောင်နိုင်ကြောင်း သမိုင်းက သက်သေထူသည်။

အောင်မြင်မှုမရှိသော စာတန်၏ကြိုးစားအားထုတ်မှုများ

၃၊ ၄။ (က) စာတန်၏လက်နက်များတွင် အဘယ်အရာပါဝင်သနည်း။ (ခ) စာတန်၏လက်နက်များသည် အထမမြောက်ကြောင်း အဘယ်နည်းဖြင့် သက်သေထူသနည်း။

မှန်သောဝတ်ပြုသူတို့ကို ဆန့်ကျင်တိုက်ခိုက်ရာတွင်သုံးသည့် လက်နက်များထဲတွင် ပိတ်ပင်ခြင်း၊ လူအုပ်ဖြင့်အကြမ်းဖက်ခြင်း၊ ထောင်ချခြင်း၊ ‘မကောင်းသောအကြံနှင့် ဥပဒေပြဋ္ဌာန်း’ ခြင်းတို့ပါဝင်သည်။ (ဆာလံ ၉၄:၂၀ကဘ) ယေဟောဝါသက်သေများ ဤဆောင်းပါးကို လေ့လာနေစဉ်တွင်ပင် အချို့နိုင်ငံများမှ မှန်သောခရစ်ယာန်များသည် ဘုရားသခင်အပေါ် သူတို့၏သမာဓိနှင့်ပတ်သက်၍ “စုံစမ်းခြင်းကိုခံ” နေရကြသည်။—⁠ဗျာ. ၂:၁၀

ဥပမာ၊ ဌာနခွဲရုံးတစ်ခု၏မှတ်တမ်းအရ တစ်နှစ်အတွင်း၌ပင် ဘုရားသခင့်ကျေးကျွန်များ အမှုဆောင်ခြင်းလုပ်ငန်း၌ ပါဝင်နေကြစဉ် ကိုယ်ထိလက်ရောက်တိုက်ခိုက်ခံရသည့်အမှု ၃၂ ခုကြုံတွေ့ခဲ့ရသည်ဟုဆိုသည်။ ထို့ပြင် လူကြီး၊ လူငယ်၊ အမျိုးသား၊ အမျိုးသမီးများပါဝင်သော သက်သေခံတို့သည် လူထုကိုဟောပြောနေစဉ် ဖမ်းဆီးခံရသည့်အမှုမှာ ၅၉ ခုဖြစ်သည်။ အချို့သူတို့ကို လက်ဗွေယူ၊ ဓာတ်ပုံရိုက်ပြီး ရာဇဝတ်သားများအဖြစ် ထောင်ချခဲ့ကြသည်။ အခြားသူတို့ကိုမူ ထိခိုက်အနာတရဖြစ်သည့်အထိ ခြိမ်းခြောက်ခဲ့ကြသည်။ နောက်နိုင်ငံတစ်ခုတွင် ယေဟောဝါသက်သေများကို ဖမ်းဆီး၊ ဒဏ်ငွေတပ် သို့မဟုတ် ရိုက်နှက်သည့်အမှု ၁,၁၀၀ ကျော်ရှိသည်။ ယင်းတို့ထဲမှ အမှု ၂၀၀ ကျော်မှာ ယေရှု၏သေခြင်းအောက်မေ့ရာပွဲကျင်းပရန် စုရုံးချိန်တွင် ဖြစ်ခဲ့ခြင်းဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ထိုဒေသများတွင်နှင့် အခြားနိုင်ငံများတွင် ကြီးမားလှသောအတားအဆီးများ ရှိသည့်ကြားမှ မိမိလူမျိုးကို ကယ်နုတ်ရန် ယေဟောဝါ၏တန်ခိုးတော်သည် တတ်နိုင်တော်မူသည်။ (ဇာခရိ ၄:၆) ရန်သူ၏အမျက်ဒေါသအရှိန်သည် ယေဟောဝါအားချီးမွမ်းနေသူတို့၏နှုတ်ကို ပိတ်နိုင်မည်မဟုတ်ပါ။ မှန်ပါသည်၊ မည်သည့်နက်လက်ကမျှ ဘုရားသခင့်ရည်ရွယ်ချက်ကို ပျက်ပြားစေနိုင်မည်မဟုတ်ကြောင်း ကျွန်ုပ်တို့ ယုံကြည်စိတ်ချကြသည်။

ဆန့်ကျင်သည့်စကားများ အရှုံးခံရ

၅။ ပထမရာစုတွင် ယေဟောဝါ၏ကျေးကျွန်များကို အဘယ်မဟုတ်မမှန်စကားများဖြင့် ဆန့်ကျင်တိုက်ခိုက်ခဲ့ကြသနည်း။

ဘုရားသခင့်လူမျိုးကို ဆန့်ကျင်ပြောဆိုသောစကားမှန်သမျှသည် ရှုံးမည်ဖြစ်ကြောင်း ဟေရှာယက ပရောဖက်ပြုခဲ့သည်။ ပထမရာစုတွင် ခရစ်ယာန်များကို လူဆိုးများအဖြစ် မကြာခဏ တလွဲပြောဆိုခဲ့ကြသည်။ တမန်တော် ၁၆:၂၀၊ ၂၁ တွင်တွေ့ရသော ဤစကားများမှာ ထိုသို့စွပ်စွဲကြောင်း နမူနာတစ်ရပ်ဖြစ်သည်– ‘ဤသူတို့သည် ငါတို့မြို့ကို နှောင့်ယှက်တတ်ပါ၏။ ရောမလူဖြစ်သောငါတို့သည် မခံမယူမကျင့်အပ်သော ဝတ်ပြုရေးထုံးတမ်းများကို ဟောပြောသွန်သင်တတ်ပါ၏။’ အခြေအနေနောက်တစ်ခုတွင် ခရစ်ယာန်ဘာသာကိုဆန့်ကျင်သူတို့သည် ခရစ်တော်၏နောက်လိုက်များကို ဆန့်ကျင်စေရန် မြို့အုပ်ချုပ်သူတို့ကို လှုံ့ဆော်ဖို့ကြိုးစားရာတွင် ဤသို့အခိုင်အမာပြောခဲ့ကြ၏– ‘လောကနိုင်ငံကိုမှောက်လှန်သောဤသူတို့သည် ဤအရပ်တိုင်အောင်ရောက်ကြပါပြီ။ . . . ထိုသူအပေါင်းတို့သည် ကဲသာဘုရင်၏အမိန့်တော်ကို ဆန့်ကျင်ဘက်ပြု’ ကြ၏။ (တမန်တော် ၁၇:၆၊ ၇) တမန်တော်ပေါလုကို “လူဆိုး” ဟုလည်းကောင်း၊ “အရပ်ရပ်တို့၌” ဆူပူထကြွစေရန်လှုံ့ဆော်သော ဂိုဏ်းခေါင်းဆောင်ဟုလည်းကောင်း ခေါ်ခဲ့ကြသည်။—⁠တမန်တော် ၂၄:၂-၅

၆၊ ၇။ ခရစ်ယာန်စစ်များအား နှုတ်ဖြင့်ဆန့်ကျင်တိုက်ခိုက်မှုကို ရှုံးစေသည့်နည်းတစ်နည်းမှာ အဘယ်နည်း။

သို့ဖြစ်သောကြောင့် ယနေ့ ခရစ်ယာန်စစ်များသည် တလွဲဖော်ပြချက်များ၊ အသရေဖျက်ရှုတ်ချစကားများ၊ နာမည်ဖျက်လှုပ်ရှားမှုများနှင့် ရင်ဆိုင်ရခြင်းမှာ အံ့အားသင့်စရာမဟုတ်ပါ။ ကျွန်ုပ်တို့သည် ထိုသို့သောနှုတ်ဖြင့်တိုက်ခိုက်မှုများကို ရှုံးစေသည်ဟု အဘယ်ကြောင့်ပြောနိုင်သနည်း။—⁠ဟေရှာယ ၅၄:၁၇

ထိုကဲ့သို့သောစွပ်စွဲချက်များနှင့် မဟုတ်မမှန်သတင်းလွှင့်မှုများသည် ယေဟောဝါသက်သေများ၏ အမူအကျင့်ကောင်းကြောင့် ချေဖျက်ခံရလေ့ရှိသည်။ (၁ ပေတရု ၂:၁၂) ခရစ်ယာန်များသည် ဥပဒေလိုက်နာသူများ၊ လူသားချင်း၏ကောင်းကျိုးကို စိတ်ရင်းမှန်နှင့် စိတ်ဝင်စားကြောင်းတင်ပြသည့် ကိုယ်ကျင့်တရားကောင်းသူများဖြစ်ကြောင်း သက်သေပြကြသောကြောင့် စွပ်စွဲချက်များမှားကြောင်းပေါ်သွားသည်။ ကျွန်ုပ်တို့၏အမူအကျင့်ကောင်းကိုယ်နှိုက်က သက်သေထူပါသည်။ အကဲခတ်ကြည့်ရှုနေသူတို့သည် ကောင်းသောအမှု၌ ကျွန်ုပ်တို့၏စွဲမြဲမှုကို သတိပြုမိလာသည်နှင့်အမျှ ကျွန်ုပ်တို့၏ ကောင်းကင်ခမည်းတော်ကို ချီးမွမ်းရန်နှင့် ကိုယ်တော့်ကျေးကျွန်များ၏ သာလွန်ကောင်းမွန်သော ဘဝလမ်းစဉ်ကို အသိအမှတ်ပြုရန် လှုံ့ဆော်ခံရလေ့ရှိသည်။—⁠ဟေရှာယ ၆၀:၁၄; မဿဲ ၅:၁၄-၁၆

၈။ (က) သမ္မာကျမ်းစာပေါ်အခြေပြုသော ကျွန်ုပ်တို့၏ရပ်တည်မှုကို ခုခံကာကွယ်ဖို့ တစ်ခါတစ်ရံ အဘယ်အရာလိုမည်နည်း။ (ခ) ခရစ်တော်ကိုတုပသည့်အနေနှင့် ဆန့်ကျင်သူတို့၏စကားကို ကျွန်ုပ်တို့ မည်သို့ရှုံးစေကြသနည်း။

ကျွန်ုပ်တို့၏ ခရစ်ယာန်အမူအကျင့်အပြင် တစ်ခါတစ်ရံ သမ္မာကျမ်းစာပေါ်အခြေပြုသော ကျွန်ုပ်တို့၏ရပ်တည်မှုကို ရဲရင့်စွာခုခံကာကွယ်ဖို့ လိုပေမည်။ နည်းတစ်နည်းမှာ အကာအကွယ်ရရန် အစိုးရနှင့် တရားရုံးများတွင် အယူခံဝင်ခြင်းအားဖြင့်ဖြစ်သည်။ (ဧသတာ ၈:၃; တမန်တော် ၂၂:၂၅-၂၉; ၂၅:၁၀-၁၂) ယေရှုကမ္ဘာပေါ်ရှိစဉ် အခါအားလျော်စွာပင် ကိုယ်တော်သည် ဆန့်ကျင်သူတို့၏ မှားယွင်းသောစွပ်စွဲချက်များကို ချေပခြင်းဖြင့် သူတို့နှင့် ပွင့်ပွင့်လင်းလင်း ရင်ဆိုင်ဖြေရှင်းခဲ့သည်။ (မဿဲ ၁၂:၃၄-၃၇; ၁၅:၁-၁၁) ယေရှုကိုတုပသည့်အနေနှင့် ကျွန်ုပ်တို့၏စွဲမြဲသောခံယူချက်များကို အခြားသူများအား အသေအချာရှင်းခွင့်ရသော အခွင့်အရေးကို ဝမ်းသာအားရလက်ခံကြသည်။ (၁ ပေတရု ၃:၁၅) ကျောင်း၊ အလုပ် သို့မဟုတ် မယုံကြည်သူဆွေမျိုးများထံမှ ကဲ့ရဲ့ပြောင်လှောင်မှုကြောင့် ဘုရားသခင့်နှုတ်မြွက်တော်အမှန်တရားကို ကြားသိစေခြင်းလုပ်ငန်းကိုရပ်လိုက်ဖို့ ဘယ်တော့မျှခွင့်မပြုပါနှင့်။—⁠၂ ပေတရု ၃:၃၊ ၄

ယေရုရှလင်မြို့—⁠“လေးသောကျောက်”

၉။ ဇာခရိ ၁၂:၃ တွင်ဖော်ပြထားသော “လေးသောကျောက်” သည် အဘယ်ယေရုရှလင်မြို့ကို ကိုယ်စားပြုသနည်း။ ယင်းသည် မြေကြီးပေါ်တွင် မည်သူတို့ကို ကိုယ်စားပြုသနည်း။

လူမျိုးတို့သည် ခရစ်ယာန်စစ်တို့တစ်ဖက် အဘယ်ကြောင့်ဆန့်ကျင်တိုက်ခိုက်ကြကြောင်းကို ဇာခရိ၏ပရောဖက်ပြုချက်တွင် ဖော်ပြထားသည်။ ဇာခရိ ၁၂:၃ [သမ္မာ] ပါစကားကို သတိပြုကြည့်ပါ– “ထိုကာလအခါ၌လည်း ယေရုရှလင်မြို့ကို လူမျိုးအပေါင်းတို့အား လေးသောကျောက်ဖြစ်စေမည်။” ဤပရောဖက်ပြုချက်က အဘယ်ယေရုရှလင်မြို့ကို ရည်ညွှန်းနေခြင်းဖြစ်သနည်း။ ယေရုရှလင်မြို့နှင့်ပတ်သက်သော ဇာခရိ၏ပရောဖက်ပြုချက်သည် “ကောင်းကင်ယေရုရှလင်မြို့” တည်းဟူသော ဘိသိက်ပေးခံရသူခရစ်ယာန်များ ခေါ်တော်မူခြင်းခံရသည့် ကောင်းကင်နိုင်ငံတော်ကို ဆိုလိုခြင်းဖြစ်သည်။ (ဟေဗြဲ ၁၂:၂၂) မေရှိယနိုင်ငံတော်ကိုအမွေခံရသူတို့ထဲမှ အကြွင်းအကျန်အနည်းငယ်သည် ကမ္ဘာပေါ်ရှိနေဆဲဖြစ်သည်။ အပေါင်းပါဖြစ်သော “အခြားသိုး” နှင့်အတူ သူတို့သည် အချိန်ရှိနေသေးချိန်တွင် ဘုရားသခင့်နိုင်ငံတော်လက်အောက်ခံများဖြစ်လာရန် လူများကို တိုက်တွန်းအားပေးကြသည်။ (ယောဟန် ၁၀:၁၆; ဗျာ. ၁၁:၁၅) ဤဖိတ်ခေါ်ချက်ကို လူမျိုးတို့ မည်သို့တုံ့ပြန်ခဲ့ကြသနည်း။ ယနေ့ မှန်သောဝတ်ပြုကိုးကွယ်သူတို့ကို ယေဟောဝါသည် အဘယ်ထောက်မမှုမျိုး ပေးတော်မူသနည်း။ ဇာခရိ အခန်းကြီး ၁၂ ၏အဓိပ္ပာယ်ကို ထပ်ဆင့်ဆန်းစစ်ကာ ရှာကြည့်ကြစို့။ ယင်းသို့ပြုခြင်းဖြင့် ဘုရားသခင်၏ ဘိသိက်ပေးခြင်းခံရသူတို့နှင့် သူတို့၏အပေါင်းပါ အပ်နှံထားသူတို့ကို ဆန့်ကျင်တိုက်ခိုက်သော ‘မည်သည့်လက်နက်မျှ အထမမြောက်’ ကြောင်း အာမခံချက်ကို ကျွန်ုပ်တို့ရရှိနိုင်ကြသည်။

၁၀။ (က) ဘုရားသခင့်လူမျိုးသည် အဘယ်ကြောင့် တိုက်ခိုက်ခံရကြသနည်း။ (ခ) “လေးသောကျောက်” ကိုချီမဖယ်ရှားရန်ကြိုးစားသူတို့တွင် အဘယ်အရာဖြစ်သနည်း။

၁၀ ဇာခရိ ၁၂:၃ က လူမျိုးတို့သည် “ကျိုးပဲ့ကြေမွ” ကြမည်ဟု ဖော်ပြထားသည်။ ယင်းသည် မည်သို့ဖြစ်သနည်း။ ဘုရားသခင်၏နိုင်ငံတော်သတင်းကောင်းကို ဟောပြောရမည်ဟု ကိုယ်တော်အမိန့်ပေးခဲ့သည်။ ယေဟောဝါသက်သေတို့သည် ဟောပြောခြင်းတာဝန်ကို အလေးထားလုပ်ဆောင်ကြသည်။ သို့သော် လူသားတို့၏ တစ်ခုတည်းသောမျှော်လင့်အချက်အဖြစ် ဘုရားသခင့်နိုင်ငံတော်သတင်းကို ကြွေးကြော်ခြင်းသည် လူမျိုးတို့အဖို့ “လေးသောကျောက်” ဖြစ်လာသည်။ သူတို့သည် ဘုရားသခင့်နိုင်ငံတော်သတင်းဟောပြောသူတို့ကို နှောင့်ယှက်ခြင်းအားဖြင့် ယင်းကျောက်ကိုချီမဖယ်ရှားဖို့ ကြိုးစားကြသည်။ နေရာဒေသများစွာတွင် ယင်းသို့နှောင့်ယှက်သူတို့သည် ပယ်ဖြတ်ခံရခြင်းအားဖြင့် “ကျိုးပဲ့ကြေမွ” လေသည်။ အရှက်တကွဲအကျိုးနည်းမှုနှင့် သူတို့ရင်ဆိုင်ရသည့်အခါ သူတို့၏ဂုဏ်သတင်းပင်လျှင် မှေးမှိန်ပျက်စီးခဲ့သည်။ ဤလောကစနစ်အဆုံးမတိုင်မီ ဘုရားသခင့်မေရှိယနိုင်ငံတော်နှင့်ဆိုင်သော ‘ထာဝရသတင်းကောင်း’ ကို ကြွေးကြော်ရသည့်အခွင့်ထူးကို နှစ်သက်မြတ်နိုးကြသော မှန်သောဝတ်ပြုကိုးကွယ်သူများ၏နှုတ်ကို သူတို့မပိတ်နိုင်ခဲ့ပါ။ (ဗျာ. ၁၄:၆) အာဖရိကနိုင်ငံတစ်နိုင်ငံတွင် ယေဟောဝါ၏ကျေးကျွန်များအား အကြမ်းဖက်သည်ကိုတွေ့သည့် ထောင်စောင့်တစ်ဦးက ဤသို့ပြောခဲ့၏– ‘ဒီလူတွေကို နှိပ်စက်ညှဉ်းပန်းနေတဲ့ မင်းတို့ရဲ့လုပ်ရပ် အလကားဖြစ်မှာပဲ။ သူတို့ ဘယ်တော့မှ အလျော့ပေးမှာမဟုတ်ဘူး။ တိုးတောင်တိုးလာသေးတယ်။’

၁၁။ ဘုရားသခင်သည် ဇာခရိ ၁၂:၄ တွင်မှတ်တမ်းတင်ထားသော ကတိတော်ကို မည်သို့တည်ခဲ့သနည်း။

၁၁ ဇာခရိ ၁၂:၄ ကိုဖတ်ပါ။ ဘုရားသခင့်နိုင်ငံတော်သတင်းကို ရဲရင့်စွာကြေညာသူတို့အား ဆန့်ကျင်တိုက်ခိုက်သူတို့ကို ယေဟောဝါသည် ပုံဆောင်မျက်စိကန်းစေပြီး “မိန်းမောတွေဝေစေ” မည်ဟုကတိပြုထားသည်။ ကိုယ်တော်သည် ကတိတည်ခဲ့သည်။ ဥပမာ၊ မှန်သောဝတ်ပြုရေးကို ပိတ်ပင်ထားသောနိုင်ငံတစ်ခုတွင် ဆန့်ကျင်သူတို့သည် ဘုရားသခင့်လူမျိုးလက်ထဲ ကျမ်းစာစာပေများမရောက်ရှိစေရန် မလုပ်ဆောင်နိုင်ခဲ့ကြပါ။ သတင်းစာတစ်စောင်က ယေဟောဝါသက်သေများသည် နိုင်ငံအတွင်း ကျမ်းစာစာပေများရရှိရန် မိုးပျံပူဖောင်းများကိုသုံးသည်ဟုပင် ဆိုခဲ့သည်။ တည်ကြည်သောကျေးကျွန်များအတွက် ဘုရားသခင့်ဤကတိတော်သည် အမှန်ပင်ဖြစ်ခဲ့သည်– “ငါကြည့်ရှု၍ တစ်ပါးအမျိုးသားတို့၌ရှိသမျှသောမြင်းတို့ကို မျက်စိကန်းစေခြင်းငှာ ဒဏ်ခတ်မည်။” အမျက်ဒေါသကြောင့် မျက်စိကန်းနေသော ဘုရားသခင့်နိုင်ငံတော်၏ရန်သူတို့သည် မည်သည့်ဘက်သို့သွားရမည်ကို မသိကြပါ။ သို့တိုင် ယေဟောဝါသည် မိမိလူမျိုးကို အုပ်စုလိုက်အနေနှင့် ကာကွယ်စောင့်ရှောက်ပြီး သူတို့အကျိုးအတွက် အာရုံစိုက်ကြောင်း ကျွန်ုပ်တို့ယုံကြည်စိတ်ချကြသည်။—⁠၄ ဓမ္မရာဇဝင် ၆:၁၅-၁၉

၁၂။ (က) ယေရှုမြေကြီးပေါ်ရှိစဉ် အဘယ်သဘောဖြင့် စတင်မီးညှိခဲ့သနည်း။ (ခ) ဘိသိက်ပေးခံရသူအကြွင်းအကျန်တို့သည် ပုံဆောင်အရ မည်သို့မီးတောက်လောင်စေခဲ့ကြသနည်း၊ အဘယ်ရလဒ်ဖြစ်သနည်း။

၁၂ ဇာခရိ ၁၂:၅၊ ၆ ကိုဖတ်ပါ။ “ယုဒမင်းတို့” မှာ ဘုရားသခင့်လူမျိုးကို ဦးစီးကြီးကြပ်သူတို့ကို ရည်ညွှန်းသည်။ ယေဟောဝါသည် ကိုယ်တော့်နိုင်ငံတော်၏ မြေကြီးဆိုင်ရာအကျိုးစီးပွားအတွက် ထိုသူတို့ကို ဇွဲမီးတောက်စေသည်။ တစ်ကြိမ်တွင် ယေရှုက တပည့်များအား “မြေပေါ်၌မီးလောင်စေခြင်းငှာ ငါလာသတည်း” ဟုမိန့်တော်မူခဲ့သည်။ (လုကာ ၁၂:၄၉) မှန်ပါသည်၊ ကိုယ်တော်သည် စတင်မီးညှိခဲ့သည်။ ယေရှုသည် ဇွဲထက်သန်စွာဟောပြောခြင်းဖြင့် ဘုရားသခင့်နိုင်ငံတော်ကို လူများအဖို့ အရေးအပါဆုံးအရေးကိစ္စဖြစ်စေခဲ့သည်။ ယင်းသို့စတင်မီးညှိခဲ့ခြင်းကြောင့် ဂျူးနယ်မြေတစ်လျှောက်လုံးတွင် အငြင်းပွားစရာဖြစ်ခဲ့သည်။ (မဿဲ ၄:၁၇၊ ၂၅; ၁၀:၅-၇၊ ၁၇-၂၀) အလားတူပင် “ထင်းပုံတွင် မီးဖိုကဲ့သို့လည်းကောင်း၊ ကောက်လှိုင်းတွင် မီးစကဲ့သို့လည်းကောင်း” ဖြစ်သော ကျွန်ုပ်တို့ခေတ်ရှိ ခရစ်တော်၏ခြေရာလိုက်လျှောက်သူတို့သည် ပုံဆောင်အရ မီးတောက်လောင်စေကြသည်။ ၁၉၁၇ ခုနှစ်ထုတ် ပြီးဆုံးလေသောနက်နဲရာ *စာအုပ်တွင် ခရစ်ယာန်ဘောင်၏အရေခြုံမှုကို အတည့်အလင်းဖော်ထုတ်ခဲ့သည်။ ယင်းက ဓမ္မဆရာများအား ဒေါသဖြင့်တုံ့ပြန်မှုကို ဖြစ်စေခဲ့သည်။ သိပ်မကြာသေးမီက ဘုရားသခင့်နိုင်ငံတော်သတင်း နံပါတ် ၃၇ ဖြစ်သော “[ခရစ်ယာန်] ဘာသာရေးအမည်ခံပြီး ကျူးလွန်သောမကောင်းမှုများ အဆုံးတိုင်မည်လော” ဝေစာသည် လူများစွာတို့အား ဘုရားသခင့်နိုင်ငံတော်ဘက်ရပ်တည်ရန် သို့မဟုတ် ဆန့်ကျင်ရန် ဖြစ်စေခဲ့သည်။

“ယုဒတဲတို့” ကယ်တင်ခံရ

၁၃။ “ယုဒတဲတို့” ဟူသောအသုံးအနှုန်းသည် အဘယ်အရာကို ရည်ညွှန်းခြင်းဖြစ်သနည်း၊ တိုက်ခိုက်ခံရသောထိုသူတို့ကို ယေဟောဝါအဘယ်ကြောင့် ကယ်တင်သနည်း။

၁၃ ဇာခရိ ၁၂:၇၊ ၈ ကိုဖတ်ပါ။ ရှေးဣသရေလခေတ်က တဲတို့သည် နိုင်ငံ၏ထင်ရှားသော အခြင်းအရာတစ်ခုဖြစ်ခဲ့ပြီး သိုးထိန်းများနှင့် စိုက်ပျိုးရေးလုပ်သားများ သုံးလေ့ရှိခဲ့သည်။ ရန်သူလူမျိုးက ယေရုရှလင်မြို့ကို တိုက်ခိုက်ရန်ချီတက်လာပါက ထိုသူတို့သည် ဦးဆုံးတိုက်ခိုက်ခံရသူများ၊ အကာအကွယ်လိုအပ်သူများဖြစ်ကြပေမည်။ “ယုဒတဲတို့” ဟူသောအသုံးအနှုန်းက ကျွန်ုပ်တို့ခေတ်မှ ဘိသိက်ပေးခံရသူအကြွင်းအကျန်တို့ကို ရည်ညွှန်းသည်၊ သူတို့သည် ခိုင်ခံ့သောမြို့များအတွင်းမဟုတ်ဘဲ ကွင်းပြင်တွင်ရှိနေသည့်အလားဖြစ်သည်။ ထိုနေရာမှနေ၍ သူတို့သည် မေရှိယနိုင်ငံတော်အကျိုးစီးပွားကို ရဲရင့်စွာခုခံကြသည်။ စာတန်၏ပစ်မှတ်ဖြစ်နေသောကြောင့် ဗိုလ်ခြေတို့၏အရှင်ယေဟောဝါသည် “ယုဒတဲတို့ကို ရှေ့ဦးစွာ” ကယ်တင်တော်မူမည်။

၁၄။ ယေဟောဝါသည် “ယုဒတဲတို့ကို” မည်သို့ကာကွယ်တော်မူပြီး အားနည်းသောသူအဖြစ်မှ မည်သို့စောင့်ရှောက်သနည်း။

၁၄ အမှန်ပင်၊ ဘိသိက်ပေးခံရသူ ဘုရားသခင့်နိုင်ငံတော်သံတမန်များ၏ လယ်ပြင်၌ရှိသော “တဲတို့” ကို ယေဟောဝါကာကွယ်ပေးကြောင်း သမိုင်းမှတ်တမ်းက သက်သေထူသည်။ * ကိုယ်တော်သည် သူတို့ကို “အားနည်းသောသူ” အဖြစ်မှ စစ်သူရဲဘုရင် ဒါဝိဒ်ကဲ့သို့ ခွန်အား၊ ရဲစွမ်းသတ္တိတို့နှင့် ပြည့်စေသည်။

၁၅။ ယေဟောဝါသည် အဘယ်ကြောင့် ‘လူမျိုးအပေါင်းတို့ကိုဖျက်ဆီးခြင်းငှာ အားထုတ်’ သနည်း။ ကိုယ်တော်သည် အဘယ်အချက်ကြောင့် ယင်းသို့ပြုတော်မူမည်နည်း။

၁၅ ဇာခရိ ၁၂:၉ ကိုဖတ်ပါ။ ယေဟောဝါသည် အဘယ်ကြောင့် ‘လူမျိုးအပေါင်းတို့ကို ဖျက်ဆီးခြင်းငှာ အားထုတ်’ သနည်း။ သူတို့သည် မေရှိယနိုင်ငံတော်ကို အဆက်မပြတ်ဆန့်ကျင်ကြသောကြောင့်ဖြစ်သည်။ သူတို့သည် ဘုရားသခင့်လူမျိုးကို နှောင့်ယှက်ပြီး နှိပ်စက်ညှဉ်းပန်းကြသောကြောင့် တရားစီရင်ခံရမည့်အခြေအနေတွင် ရှိကြသည်။ မကြာမီ စာတန့်မြေကြီးကိုယ်စားလှယ်တို့သည် ဘုရားသခင့်မှန်သောဝတ်ပြုကိုးကွယ်သူတို့ကို နောက်ဆုံးအကြိမ် တိုက်ခိုက်ကြမည်ဖြစ်ပြီး ယင်းက သမ္မာကျမ်းစာတွင် အာမဂေဒုန်ဟုဖော်ပြထားသော ကမ္ဘာ့အခြေအနေသို့ ရောက်ရှိစေမည်ဖြစ်သည်။ (ဗျာ. ၁၆:၁၃-၁၆) ထိုတိုက်ခိုက်မှုကို တုံ့ပြန်သည့်အနေနှင့် တရားသူကြီးချုပ်သည် မိမိ၏ကျေးကျွန်များကို ကာကွယ်ပေးမည်ဖြစ်ပြီး လူမျိုးတို့အလယ်တွင် မိမိ၏နာမတော်ကို သန့်ရှင်းမြင့်မြတ်စေမည်။—⁠ယေဇကျေလ ၃၈:၁၄-၁၈၊ ၂၂၊ ၂၃

၁၆၊ ၁၇။ (က) ‘ယေဟောဝါ၏ကျေးကျွန်တို့ ခံစားရသောအမွေ’ မှာအဘယ်နည်း။ (ခ) စာတန်၏တိုက်ခိုက်မှုကို ကျွန်ုပ်တို့ခံရပ်နိုင်ခြင်းက အဘယ်အရာ၏ သက်သေအထောက်အထားဖြစ်သနည်း။

၁၆ ကမ္ဘာတစ်ဝန်းရှိ ဘုရားသခင့်လူမျိုး၏ ယုံကြည်ခြင်းကို အားနည်းသွားစေ သို့မဟုတ် ဇွဲလျော့သွားစေနိုင်သည့် လက်နက် စာတန့်တွင်မရှိပါ။ ယေဟောဝါ၏ကယ်တင်ခြင်းအစွမ်းဖြင့် ထောက်မနေကြောင်း သိထားခြင်းမှခံစားရသည့် ငြိမ်သက်မှုသည် ‘ယေဟောဝါ၏ကျေးကျွန်တို့ ခံစားရသောအမွေ’ ဖြစ်သည်။ (ဟေရှာယ ၅၄:၁၇) ကျွန်ုပ်တို့၏ငြိမ်သက်မှုနှင့် ဘုရားသခင့်လူမျိုးခံစားနေရသောဝိညာဉ်ရေးကြွယ်ဝမှုကို ကျွန်ုပ်တို့ထံမှ မည်သူတစ်ဦးတစ်ယောက်ကမျှ အတင်းအကျပ်မလုယူနိုင်ပါ။ (ဆာလံ ၁၁၈:၆) စာတန်သည် ဆန့်ကျင်မှုဘက်မှ ဆက်၍မီးထိုးယပ်ခတ်လုပ်ကာ ဆင်းရဲခက်ခဲမှုဖြစ်စေရန် ကြိုးစားလှုံ့ဆော်နေလိမ့်မည်။ ကဲ့ရဲ့ခြင်းကိုကြုံရလျက်ပင် တည်ကြည်စွာခံရပ်ခြင်းက ကျွန်ုပ်တို့တွင် ဘုရားသခင့်တန်ခိုးစွမ်းအား ကျိန်းဝပ်ကြောင်း သက်သေအထောက်အထားဖြစ်သည်။ (၁ ပေတရု ၄:၁၄) တည်ထောင်ပြီးဖြစ်သော ယေဟောဝါ၏နိုင်ငံတော်သတင်းကောင်းကို ကမ္ဘာတစ်ဝန်း ကြွေးကြော်နေပြီဖြစ်သည်။ ထိတ်လန့်ဖွယ်အတားအဆီးများဖြစ်သည့် ပုံဆောင် “လက်လွှဲကျောက်” ကဲ့သို့သော ဆန့်ကျင်မှုများစွာဖြင့် ဘုရားသခင့်လူမျိုးများဘက်သို့ ပစ်ခဲ့ကြသည်။ သို့တိုင် ယေဟောဝါ၏ကျေးကျွန်များသည် ကိုယ်တော်ပေးသောခွန်အားဖြင့် ထိုကဲ့သို့သောကျောက်များကို ရင်ဆိုင်အောင်မြင်ကြပြီး သူတို့၏ကြိုးစားအားထုတ်မှုကို ပျက်ပြယ်စေကြသည်။ (ဇာခရိ ၉:၁၅) ဘိသိက်ပေးခံရသူအကြွင်းအကျန်နှင့် သူတို့၏တည်ကြည်သောအပေါင်းပါတို့ကို ဟန့်တားနိုင်ကြမည်မဟုတ်ပါ။

၁၇ ကျွန်ုပ်တို့သည် စာတန်၏တိုက်ခိုက်မှုမှ လုံးလုံးကယ်နုတ်ခံရမည်ကို စောင့်မျှော်နေကြသည်။ “သင့်တစ်ဖက်၌လုပ်သော လက်နက်တစ်စုံတစ်ခုမျှ အထမမြောက်ရ။ သင့်ကိုတရားတွေ့သောသူမည်သည်ကား အရှုံးခံရလိမ့်မည်” ဟူသည့်အာမခံချက်ကို ကျွန်ုပ်တို့ရရှိထား၍ နှစ်သိမ့်မှုပင်တည်း။

[အောက်ခြေမှတ်ချက်များ]

^ အပိုဒ်၊ 12 ယေဟောဝါသက်သေများထုတ်ဝေခဲ့၊ သို့သော် ယခုမပုံနှိပ်တော့ပါ။

^ အပိုဒ်၊ 14 ပို၍အသေးစိတ်အချက်အလက်အတွက် ယေဟောဝါသက်သေများထုတ်ဝေသော ယေဟောဝါသက်သေများ—⁠ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူများစာအုပ်၊ စာမျက်နှာ ၆၇၅-၆ တွင်ကြည့်ပါ။

သင်မည်သို့ဖြေဆိုမည်နည်း

• စာတန်၏လက်နက်များ မအောင်မြင်ခဲ့သည့်အထောက်အထားကို အဘယ်အရာက တင်ပြသနည်း။

• ကောင်းကင်ယေရုရှလင်သည် မည်သို့သောအားဖြင့် “လေးသောကျောက်” ဖြစ်လာသနည်း။

• “ယုဒတဲတို့” ကို ယေဟောဝါမည်သို့ကယ်တင်သနည်း။

• အာမဂေဒုန်နီးကပ်လာသည်နှင့်အမျှ သင်သည် အဘယ်အရာကို ယုံကြည်စိတ်ချသနည်း။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၂၁ ပါ ရုပ်ပုံများ]

အယ်လ်ဘေးနီးယားရှိ ယေဟောဝါ၏ လူမျိုးသည် စာတန်၏တိုက်ခိုက်မှုကြား ဆက်၍တည်ကြည်ခဲ့ကြ

[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]

ယေရှုသည် မှားယွင်းသောစွပ်စွဲချက်များကို ချေပခဲ့

[စာမျက်နှာ ၂၄ ပါ ရုပ်ပုံများ]

သတင်းကောင်းကြွေးကြော်သူတို့ကို ဆန့်ကျင်တိုက်ခိုက်သည့် မည်သည့်လက်နက်မျှ အထမြောက်အောင်မြင်မည်မဟုတ်