မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်သည် ယေဟောဝါ၏နေ့အတွက် အသင့်ရှိပါသလော

သင်သည် ယေဟောဝါ၏နေ့အတွက် အသင့်ရှိပါသလော

သင်သည် ယေဟောဝါ၏နေ့အတွက် အသင့်ရှိပါသလော

‘ယေဟောဝါ၏နေ့ကြီးနီးပြီ။ နီးပြီ။ အလျင်အမြန်လာ၏။’—⁠ဇေဖနိ ၁:၁၄

၁-၃။ (က) ယေဟောဝါ၏နေ့နှင့်ပတ်သက်၍ သမ္မာကျမ်းစာ၌ အဘယ်အရာဆိုထားသနည်း။ (ခ) ကျွန်ုပ်တို့သည် မည်သည့် ‘ယေဟောဝါ၏နေ့’ နှင့်ကြုံတွေ့ရသနည်း။

ယေဟောဝါ၏နေ့ကြီးသည် ၂၄ နာရီကြာသည့်နေ့တစ်နေ့မဟုတ်ပါ။ ဆိုးသွမ်းမှုကို ဘုရားသခင်တရားစီရင်ခြင်းဖြစ်သည့် အချိန်ကာလတစ်ခုကြာညောင်းသည်။ ထိုနေ့သည် မှောင်မိုက်သောနေ့၊ ကြမ်းကြုတ်ပြီး ပြင်းထန်သောဒေါသအမျက်ထွက်ရာနေ့၊ ဆင်းရဲပူပန်ခြင်းကိုခံရသောနေ့၊ သုတ်သင်ပယ်ရှင်းဖျက်ဆီးရာနေ့ဖြစ်၍ ဘုရားသခင့်အမှုတော်ကိုမဆောင်သူတို့သည် ကြောက်ကြပေမည်။ (ဟေရှာယ ၁၃:၉; အာမုတ် ၅:၁၈-၂၀; ဇေဖနိ ၁:၁၅) ‘ထိုနေ့ရက်ကြောင့် အမင်္ဂလာရှိ၏။ ယေဟောဝါ၏နေ့ရက်နီးပြီ။ အတိုင်းအဆမဲ့တန်ခိုးရှင်ဖျက်ဆီးခြင်းဘေးကဲ့သို့ ရောက်လာလိမ့်မည်’ ဟုယောလပရောဖက်ပြုချက်၌ ဆိုထားသည်။ (ယောလ ၁:၁၅) သို့သော် ထိုနေ့ကြီးအတောအတွင်း ဘုရားသခင်သည် “သဘောဖြောင့်” သူတို့ကို ကယ်တင်တော်မူမည်။—⁠ဆာလံ ၇:၁၀

‘ယေဟောဝါ၏နေ့’ ဟူသောအသုံးအနှုန်းသည် အချိန်အသီးသီးတွင်လုပ်ဆောင်ခဲ့သော ဘုရားသခင့်တရားစီရင်တော်မူချက်တို့နှင့် သက်ဆိုင်ပါသည်။ ဥပမာ၊ ယေဟောဝါသည် ဗာဗုလုန်လူမျိုးကိုအသုံးပြုကာ ယေရုရှလင်မြို့သားတို့ကိုတရားစီရင်သည့် ဘီစီ ၆၀၇ တွင် ‘ယေဟောဝါ၏နေ့’ ကျရောက်ခဲ့သည်။ (ဇေဖနိ ၁:၄-၇) အလားတူဘုရားသခင်၏တရားစီရင်မှုသည် အေဒီ ၇၀ တွင်ဖြစ်ပျက်ခဲ့သည်၊ ထိုအချိန်က ဘုရားသခင်သည် ရောမလူတို့ကိုသုံးကာ မိမိ၏သားတော်ကိုငြင်းပယ်သော ဂျူးလူမျိုးကိုတရားစီရင်ခဲ့သည်။ (ဒံယေလ ၉:၂၄-၂၇; ယောဟန် ၁၉:၁၅) ယေဟောဝါသည် ‘လူမျိုးအားလုံးနှင့်စစ်တိုက်’ မည့် ‘ယေဟောဝါ၏နေ့’ အကြောင်းကိုလည်း သမ္မာကျမ်းစာတွင် ကြိုပြောထားသည်။ (ဇာခရိ ၁၄:၁-၃) တန်ခိုးတော်၏လမ်းညွှန်မှုဖြင့် တမန်တော်ပေါလုက ထိုနေ့ကို ကောင်းကင်ဘုရင်အဖြစ် ယေရှုနန်းတင်ခံရသော ၁၉၁၄ ခုနှစ်မှစတင်သည့် ခရစ်တော်ရောက်ရှိခြင်းနှင့် ဆက်စပ်ပေးခဲ့သည်။ (၂ သက်သာလောနိတ် ၂:၁၊ ၂) ယေဟောဝါ၏နေ့ အလျင်အမြန်ချဉ်းကပ်လာနေကြောင်း အထောက်အထားများရှိသောကြောင့် ယေဟောဝါသက်သေတို့၏ ၂၀၀၇ နှစ်ချုပ်ကျမ်းချက်သည် အထူးသင့်လျော်ပါသည်။ ဇေဖနိ ၁:၁၄ [ကဘ] မှကောက်နုတ်ထားပြီး “ယေဟောဝါ၏နေ့ကြီး နီးပြီ” ဖြစ်သည်။

ဘုရားသခင်၏နေ့ကြီး နီးနေပြီဖြစ်သောကြောင့် ယခုအချိန်သည် အသင့်ရှိနေရမည့်အချိန်ဖြစ်သည်။ ထိုနေ့အတွက် သင်မည်သို့ပြင်ဆင်ထားနိုင်သနည်း။ ယေဟောဝါ၏နေ့အတွက် အသင့်ဖြစ်နေရန် အခြားအဘယ်အရာကို လုပ်ဆောင်ဖို့လိုသနည်း။

အသင့်ရှိနေကြလော့

၄။ ယေရှုကိုယ်တော်တိုင်သည် အဘယ်ကြီးမားသည့်စမ်းသပ်မှုအတွက် ပြင်ဆင်ခဲ့သနည်း။

လောကစနစ်၏အဆုံးပိုင်းနှင့်ပတ်သက်၍ ပရောဖက်ပြုချက်တွင် ယေရှုခရစ်က မိမိ၏တပည့်များအား “သင်တို့သည် ပြင်ဆင်လျက် [“အသင့်ရှိ၊” ကဘ] နေကြလော့” ဟုမိန့်တော်မူခဲ့၏။ (မဿဲ ၂၄:၄၄) ယင်းစကားကို ယေရှုမိန့်တော်မူချိန်တွင် ကိုယ်တော်ကိုယ်တိုင်လည်း ရွေးနုတ်ဖိုးပူဇော်ရာယဇ်အဖြစ်အသေခံခြင်းဖြစ်သော ကြီးမားသည့်စမ်းသပ်မှုအတွက် အသင့်ဖြစ်နေပြီဖြစ်သည်။ (မဿဲ ၂၀:၂၈) ယေရှုကိုယ်တော်တိုင်ပြင်ဆင်ခဲ့ပုံမှ ကျွန်ုပ်တို့ အဘယ်အရာသင်ယူနိုင်သနည်း။

၅၊ ၆။ (က) ဘုရားသခင်နှင့် လူသားချင်းကို ချစ်သည့်မေတ္တာက ယေဟောဝါ၏နေ့အတွက် ပြင်ဆင်ရာတွင် မည်သို့အထောက်အကူပြုသနည်း။ (ခ) လူများကိုချစ်သည့်မေတ္တာနှင့်ပတ်သက်၍ အဘယ်ပုံသက်သေကို ယေရှုပြခဲ့သနည်း။

ယေရှုသည် ယေဟောဝါနှင့် ကိုယ်တော်၏ဖြောင့်မတ်သောစံနှုန်းများကို နှလုံးအကြွင်းမဲ့ ချစ်မြတ်နိုးခဲ့သည်။ ယေရှုနှင့်ပတ်သက်၍ ဟေဗြဲ ၁:၉ တွင် ဤသို့ဖော်ပြထား၏– “ကိုယ်တော်သည် ဖြောင့်မတ်ခြင်းတရားကိုနှစ်သက်၍၊ မတရားသောအမှုကိုမုန်းတော်မူ၏။ ထိုကြောင့်၊ အိုဘုရားသခင်၊ ကိုယ်တော်၏ဘုရားသခင်သည် ကိုယ်တော်၏အပေါင်းအဖော်တို့ထက် ကိုယ်တော်ကိုချီးမြှောက်၍ ဝမ်းမြောက်ခြင်းဆီနှင့် ဘိသိက်ပေးတော်မူပြီ။” ယေရှုသည် ကောင်းကင်ခမည်းတော်ကို ချစ်မြတ်နိုးသောကြောင့် သမာဓိစောင့်ထိန်းခဲ့သည်။ အလားတူပင် ကျွန်ုပ်တို့လည်း ဘုရားသခင်ကိုချစ်မြတ်နိုးပြီး ကိုယ်တော်၏တောင်းဆိုချက်များနှင့်အညီ နေထိုင်ပါက ကိုယ်တော် ကျွန်ုပ်တို့ကို ကာကွယ်စောင့်မတော်မူမည်။ (ဆာလံ ၃၁:၂၃) ထိုကဲ့သို့သောမေတ္တာနှင့် နာခံမှုက ယေဟောဝါ၏နေ့ကြီးအတွက် အသင့်ဖြစ်နေရန် အထောက်အကူပြုမည်။

လူများကိုချစ်သည့်မေတ္တာသည် ယေရှု၏ ထူးခြားသောအရည်အသွေးတစ်ခုဖြစ်သည်။ ကိုယ်တော်သည် “လူအစုအဝေးတို့ကိုမြင်တော်မူလျှင် သနားခြင်းစိတ်ရှိတော်မူ၏။ အကြောင်းမူကား၊ ထိုသူတို့သည် ပင်ပန်းသည်ဖြစ်၍ ထိန်းသူမရှိဘဲ ပစ်ထားသောသိုးကဲ့သို့ ဖြစ်ကြ၏။” (မဿဲ ၉:၃၅-၃၆) သို့ဖြင့် ယေရှုသည် လူတို့ကို သတင်းကောင်းဟောပြောတော်မူခဲ့သည်၊ ကျွန်ုပ်တို့၏အိမ်နီးချင်းတို့ကို ဘုရားသခင့်နိုင်ငံတော်သတင်းကြွေးကြော်ရန် မေတ္တာက ကျွန်ုပ်တို့ကို လှုံ့ဆော်ပေးသကဲ့သို့ပင်ဖြစ်သည်။ ဘုရားသခင်နှင့် လူသားချင်းကိုချစ်သည့်မေတ္တာက ကျွန်ုပ်တို့ကို ခရစ်ယာန်အမှုဆောင်များအဖြစ် တက်တက်ကြွကြွရှိနေစေပြီး ယင်းက ယေဟောဝါ၏နေ့ကြီးအတွက် ပြင်ဆင်ရာတွင် အထောက်အကူပြုသည်။—⁠မဿဲ ၂၂:၃၇-၃၉

၇။ ကျွန်ုပ်တို့သည် ယေဟောဝါ၏နေ့ကို စောင့်မျှော်နေစဉ် အဘယ်ကြောင့်ရွှင်လန်းနိုင်ကြသနည်း။

ယေရှုသည် ယေဟောဝါ၏အလိုတော်ဆောင်ခြင်းတွင် နှစ်သက်ပျော်မွေ့ခဲ့သည်။ (ဆာလံ ၄၀:၈) ကျွန်ုပ်တို့တွင် အလားတူသဘောထားရှိမည်ဆိုပါက ဘုရားသခင်၏ မြင့်မြတ်သောအမှုတော်ကိုဆောင်ခြင်းတွင် ပျော်မွေ့ကြမည်ဖြစ်သည်။ ယေရှုကဲ့သို့ ကျွန်ုပ်တို့သည် ရက်ရောစွာပေးကမ်းသူများဖြစ်ကြမည်ဖြစ်ပြီး ယင်းက ကျွန်ုပ်တို့ကို အမှန်ပျော်ရွှင်စေပါလိမ့်မည်။ (တမန်တော် ၂၀:၃၅) မှန်ပါသည်၊ ‘ယေဟောဝါ၌ ဝမ်းမြောက်ခြင်းသည် [ကျွန်ုပ်] တို့ခိုလှုံရာဖြစ်သည်။’ ယင်းဝမ်းမြောက်ခြင်းဖြင့် ကျွန်ုပ်တို့သည် ဘုရားသခင်၏နေ့ကြီးအတွက် ကောင်းစွာပြင်ဆင်ကြမည်။—⁠နေဟမိ ၈:၁၀သမ္မာ။

၈။ ကျွန်ုပ်တို့သည် ဆုတောင်းခြင်းအားဖြင့် ယေဟောဝါနှင့် ပို၍ရင်းနှီးအောင် အဘယ်ကြောင့်ပြုလုပ်သင့်သနည်း။

ယုံကြည်ခြင်းစမ်းသပ်မှုများအတွက် ယေရှုပြင်ဆင်ရာတွင် ဘုရားသခင်ထံ စိတ်ထက်သန်စွာဆုတောင်းခြင်းက အထောက်အကူပြုခဲ့သည်။ နှစ်ခြင်းဆရာယောဟန် ကိုယ်တော်အားနှစ်ခြင်းပေးနေချိန်တွင် ကိုယ်တော် ဆုတောင်းနေသည်။ ယေရှုသည် တမန်တော်များကိုရွေးချယ်ချိန်တွင် တစ်ညလုံးဆုတောင်းခဲ့သည်။ (လုကာ ၆:၁၂-၁၆) ကျမ်းစာဖတ်ရှုသူတို့တွင် ယေရှု၏မြေကြီးအသက်တာ နောက်ဆုံးည၌ ကိုယ်တော်တောင်းခဲ့သော လှိုက်လှဲသောဆုတောင်းချက်ကို စိတ်မစွဲမှတ်သူ မည်သူရှိမည်နည်း။ (မာကု ၁၄:၃၂-၄၂; ယောဟန် ၁၇:၁-၂၆) သင်သည် ယေရှုကဲ့သို့ ဆုတောင်းခြင်းအမှု၌ စွဲမြဲသူဖြစ်ပါသလော။ ယေဟောဝါထံ မကြာခဏချဉ်းကပ်ပါ၊ အဆောတလျင်မဟုတ်ဘဲ အချိန်ပေးကာဆုတောင်းပါ၊ သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းညွှန်မှုကိုရှာပါ၊ လမ်းညွှန်ပေးကြောင်းထင်ရှားလျှင် ယင်းကို အလျင်အမြန်လက်ခံပါ။ ဘုရားသခင်၏နေ့ကြီး အလျင်အမြန်ချဉ်းကပ်လာနေသည့် ဤခဲယဉ်းသောကာလတွင် ကျွန်ုပ်တို့၏ကောင်းကင်ခမည်းတော်နှင့် ခိုင်မြဲသောဆက်ဆံရေးရှိဖို့ အလွန်အရေးကြီးသည်။ သို့ဖြစ်၍ ဆုတောင်းခြင်းအားဖြင့် ယေဟောဝါနှင့်ပို၍ရင်းနှီးအောင် ပြုလုပ်ပါလေ။—⁠ယာကုပ် ၄:၈

၉။ ယေဟောဝါ၏နာမတော် ရိုသေလေးမြတ်မှုရှိရေးနှင့်ပတ်သက်၍ စိုးရိမ်မကင်းဖြစ်ခြင်းသည် မည်မျှအရေးပါသနည်း။

ယေဟောဝါ၏သန့်ရှင်းသောနာမတော် ရိုသေလေးမြတ်မှုနှင့်ပတ်သက်၍ စိုးရိမ်မကင်းဖြစ်ခြင်းကလည်း ယေရှုကြုံတွေ့ခဲ့ရသော စမ်းသပ်မှုများအတွက် ကိုယ်တော်ပြင်ဆင်ရာတွင် အထောက်အကူပြုခဲ့သည်။ ကိုယ်တော်၏နောက်လိုက်များ ဘုရားသခင်ထံဆုတောင်းသည့်အခါ “ကိုယ်တော်၏နာမတော်အား ရိုသေလေးမြတ်ခြင်းရှိပါစေသော” ဟူသောအချက်ပါသင့်သည်ဟု သင်ပေးခဲ့၏။ (မဿဲ ၆:၉) ယေဟောဝါ၏နာမတော် ရိုသေလေးမြတ်မှုရှိဖို့ သို့မဟုတ် သန့်ရှင်းမြင့်မြတ်မှုရှိဖို့ ကျွန်ုပ်တို့အမှန်အလိုရှိပါက ကိုယ်တော်၏နာမတော်ကို ကဲ့ရဲ့ရှုတ်ချစရာဖြစ်စေသည့် အရာမှန်သမျှကို ရှောင်ဖို့ကြိုးစားကြမည်ဖြစ်သည်။ သို့ဖြစ်လျှင် ကျွန်ုပ်တို့သည် ယေဟောဝါ၏နေ့ကြီးအတွက် ကောင်းစွာပြင်ဆင်နေခြင်းဖြစ်မည်။

သင်သည် အပြောင်းအလဲတချို့ ပြုလုပ်သင့်သလော

၁၀။ ကျွန်ုပ်တို့၏အသက်တာကို ဆန်းစစ်ကြည့်ရန် အဘယ်ကြောင့်သင့်လျော်သနည်း။

၁၀ ယေဟောဝါ၏နေ့ မနက်ဖြန်ရောက်လာမည်ဆိုပါက သင်သည် ယင်းအတွက် အမှန်ပင် အသင့်ရှိနေမည်လော။ ကျွန်ုပ်တို့တစ်ဦးစီ၏အသက်တာတွင် ပြုပြင်ပြောင်းလဲဖို့လိုသော အပြုအမူ သို့မဟုတ် သဘောထားတစ်စုံတစ်ရာရှိမရှိကို ဆန်းစစ်သင့်သည်။ လက်ရှိလူ့အသက်တာ၏ တိုတောင်းမှုနှင့် မသေချာမရေရာမှုတို့ကိုထောက်ရှုကာ ကျွန်ုပ်တို့ယောက်တိုင်းသည် ယေဟောဝါနှင့် ကျွန်ုပ်တို့၏ဆက်ဆံရေးကို ခိုင်မြဲနေရန်၊ ထိန်းသိမ်းထားရန် နေ့စဉ်နိုးနိုးကြားကြားရှိဖို့လိုသည်။ (ဒေ. ၉:၁၁၊ ၁၂; ယာကုပ် ၄:၁၃-၁၅) သို့ဖြစ်၍ ကျွန်ုပ်တို့အသက်တာတွင် ဂရုစိုက်ဖို့လိုကောင်းလိုမည့် အချက်တချို့ကို သုံးသပ်ကြည့်ကြစို့။

၁၁။ သင်၏ကျမ်းစာဖတ်ရှုခြင်းပန်းတိုင်မှာ အဘယ်နည်း။

၁၁ အရေးကြီးသောအချက်တစ်ခုမှာ သမ္မာကျမ်းစာကိုနေ့စဉ်ဖတ်ရှုပါဟူသည့် ‘တည်ကြည်သောကျွန်’ ၏ဆုံးမစကားဖြစ်သည်။ (မဿဲ ၂၄:၄၅) တစ်နှစ်လျှင်တစ်ကြိမ် ကမ္ဘာဦးကျမ်းမှ ဗျာ.ကျမ်းအထိကို ဖတ်ရှုဆင်ခြင်သုံးသပ်ရန် သင်ပန်းတိုင်ထားနိုင်ပါသည်။ တစ်ရက်လျှင် သမ္မာကျမ်းစာပါ အခန်းကြီးလေးခန်းမျှဖတ်ခြင်းဖြင့် တစ်နှစ်လျှင် အခန်းကြီး ၁,၁၈၉ ခန်း ဖတ်ပြီးနိုင်ပါသည်။ ဣသရေလဘုရင်တိုင်းသည် ယေဟောဝါ၏ပညတ်တရားကို “တစ်သက်လုံး” သို့မဟုတ် ‘သူ့အသက်တာ၏နေ့တိုင်း’ ဖတ်ရွတ်ခဲ့ရသည်။ ယောရှုသည် အလားတူလုပ်ဆောင်ခဲ့ပုံရသည်။ (တရားဟောရာ ၁၇:၁၄-၂၀; ယောရှု ၁:၇၊ ၈) ဘုရားသခင့်နှုတ်မြွက်စကားတော်သည် အသင်းတော်အကြီးအကဲများကို ‘ကျန်းခံ့သောသွန်သင်ချက်’ ပေးရန် အထောက်အကူပြုသောကြောင့် အကြီးအကဲများသည် ကျမ်းစာကိုနေ့စဉ်ဖတ်ရန် အမှန်ပင်အရေးကြီးသည်။—⁠တိတု ၂:၁ကဘ။

၁၂။ ယေဟောဝါ၏နေ့နီးလာခြင်းက သင့်အား အဘယ်အရာပြုလုပ်ရန် လှုံ့ဆော်မှုဖြစ်သင့်သနည်း။

၁၂ ယေဟောဝါ၏နေ့နီးလာခြင်းက ခရစ်ယာန်အစည်းအဝေးများကို မှန်မှန်တက်ရန်၊ ယင်းတွင် အတတ်နိုင်ဆုံးပါဝင်ရန် သင့်အားလှုံ့ဆော်မှုဖြစ်သင့်သည်။ (ဟေဗြဲ ၁၀:၂၄၊ ၂၅) ယင်းသို့ပြုခြင်းက ထာဝရအသက်ရရန် တလိုတလားရှိသူတို့ကို ရှာဖွေပြီး အကူအညီပေးရသည့် ဘုရားသခင့်နိုင်ငံတော်သတင်း ကြွေးကြော်သူတစ်ဦးအနေနှင့် သင်၏စွမ်းရည်ကို ထက်မြက်စေရန် အထောက်အကူပြုမည်။ (တမန်တော် ၁၃:၄၈ကဘ) သင်သည် အသင်းတော်တွင် အသက်ကြီးသူများကို အကူအညီပေးခြင်း၊ လူငယ်တို့ကို အားပေးခြင်းကဲ့သို့သော အခြားနည်းလမ်းများတွင်လည်း ပို၍တက်တက်ကြွကြွလုပ်ဆောင်နိုင်ပေလိမ့်မည်။ ထိုသို့သော ကြိုးစားအားထုတ်မှုများမှ အလွန်စိတ်ကျေနပ်မှု ခံစားရနိုင်ပါသည်။

သင်နှင့် အခြားသူတို့၏ ဆက်ဆံရေး

၁၃။ ဥပဓိရုပ်သစ်ကို ယူတင်ဝတ်ဆောင်ခြင်းနှင့်ပတ်သက်၍ မိမိကိုယ်ကို အဘယ်မေးခွန်းများ မေးနိုင်သနည်း။

၁၃ ယေဟောဝါ၏နေ့ရောက်လုနီးပြီဖြစ်သောကြောင့် သင်သည် “စိတ်နှလုံးသဘောသစ်ကိုရပြီးလျှင် မှန်သောဖြောင့်မတ်ခြင်း၊ သန့်ရှင်းခြင်းပါရမီအားဖြင့် ဘုရားသခင်နှင့်အတူအမျှ ဖန်ဆင်းသောလူသစ်ကို ယူတင်ဝတ်ဆောင်” ရန် ပို၍ကြိုးစားအားထုတ်ဖို့ လိုအပ်ပါသလော။ (ဧဖက် ၄:၂၀-၂၄) ဘုရားသခင်တင်ပြသည့် အရည်အသွေးများကို ပြုစုပျိုးထောင်နေသည်နှင့်အမျှ သင်သည် “ဝိညာဉ်ပကတိအတိုင်းကျင့်” နေကြောင်း၊ ယင်း၏အရည်အသွေးများကို တင်ပြနေကြောင်း အခြားသူတို့ သတိထားမိကြပေမည်။ (ဂလာတိ ၅:၁၆၊ ၂၂-၂၅) လူသစ်ကိုယူတင်ဝတ်ဆောင်ရာတွင် သင်နှင့် သင့်မိသားစု ဝတ်ဆောင်ဖို့လိုသော သတ်သတ်မှတ်မှတ်အရာများ ရှိပါသလော။ (ကောလောသဲ ၃:၉၊ ၁၀) ဥပမာ၊ သင်သည် ယုံကြည်သူချင်းများနှင့် အခြားသူများကို ကြင်နာသည့်လုပ်ရပ်များတင်ပြသူအဖြစ် သိကြပါသလော။ (ဂလာတိ ၆:၁၀) ကျမ်းစာကိုပုံမှန်လေ့လာခြင်းက ဘုရားသခင်တင်ပြသည့် အရည်အသွေးများကို ပြုစုပျိုးထောင်ရန် သင့်အားအထောက်အကူပြုမည်ဖြစ်ပြီး ယင်းက ယေဟောဝါ၏နေ့အတွက် ပြင်ဆင်ပေးမည်။

၁၄။ လူတစ်ဦးသည် ချုပ်တည်းခြင်းကို ပြုစုပျိုးထောင်ရာတွင် သန့်ရှင်းသောဝိညာဉ်တော်ရရန် အဘယ်ကြောင့်ဆုတောင်းသင့်သနည်း။

၁၄ သင်သည် အမျက်ထွက်လွယ်သူတစ်ဦးဖြစ်ပြီး ပို၍စိတ်ချုပ်တည်းရန်လိုကြောင်း သတိထားမိပါက မည်သို့ပြုမည်နည်း။ ထိုချုပ်တည်းခြင်းသည် ဘုရားသခင့်သန့်ရှင်းသောဝိညာဉ်တော် အရည်အသွေးတစ်ခုဖြစ်ပြီး ဝိညာဉ်တော်က သင့်အား ချုပ်တည်းခြင်းကို သီးပွင့်စေနိုင်ပါသည်။ သို့ဖြစ်၍ ယေရှု၏ဤစကားများအရ သန့်ရှင်းသောဝိညာဉ်တော်အတွက် ဆုတောင်းပါ– “တောင်းကြလော့။ တောင်းလျှင်ရမည်။ ရှာကြလော့။ ရှာလျှင်တွေ့မည်။ တံခါးကိုခေါက်ကြလော့၊ ခေါက်လျှင်ဖွင့်မည်။ . . . သင်တို့သည် အဆိုးဖြစ်လျက်ပင် ကိုယ်သားတို့အား ကောင်းသောအရာကိုပေးတတ်လျှင်၊ ထိုမျှမက ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘသည် ဆုတောင်းသောသူတို့အား သန့်ရှင်းသောဝိညာဉ်တော်ကို သာ၍ပေးတော်မူမည်။”—⁠လုကာ ၁၁:၉-၁၃

၁၅။ သင်နှင့် ယုံကြည်သူချင်းတစ်ဦးကြားတွင် ဆက်ဆံရေးတင်းမာနေပါက အဘယ်အရာပြုလုပ်သင့်သနည်း။

၁၅ သင်နှင့် ယုံကြည်သူချင်းတစ်ဦးကြားတွင် ဆက်ဆံရေးတင်းမာနေသည်ဆိုပါစို့။ ထိုကိစ္စတွင် ဆက်ဆံရေးပြန်လည်ကောင်းမွန်လာစေသည့် မည်သည့်အရာကိုမဆို ကြိုးစားလုပ်ဆောင်ပါ၊ ယင်းက အသင်းတော်၏ငြိမ်သက်မှုနှင့် စည်းလုံးမှုကို တိုးတက်ကောင်းမွန်စေသည်။ (ဆာလံ ၁၃၃:၁-၃) မဿဲ ၅:၂၃၊ ၂၄ သို့မဟုတ် မဿဲ ၁၈:၁၅-၁၇ တွင်မှတ်တမ်းတင်ထားသော ယေရှု၏ဆုံးမစကားကို လက်တွေ့လုပ်ဆောင်ပါ။ နေဝင်ချိန်အထိ အမျက်မပြေဘဲရှိနေသေးလျှင် ထိုအရေးကိစ္စကို ပြေပျောက်စေရန် အလျင်အမြန်လုပ်ဆောင်ပါ။ များသောအားဖြင့် လိုလိုလားလားခွင့်လွှတ်လိုက်ဖို့ လိုမည်ဖြစ်သည်။ ပေါလုဤသို့ရေးခဲ့၏– “အချင်းချင်းကျေးဇူးပြုခြင်း၊ သနားစုံမက် [နူးညံ့စွာထောက်ထားကြင်နာ] ခြင်း၊ ဘုရားသခင်သည် ခရစ်တော်ကြောင့် သင်တို့၏အပြစ်ကိုလွှတ်တော်မူသကဲ့သို့ အချင်းချင်းအပြစ်လွှတ်ခြင်းရှိကြလော့။”—⁠ဧဖက် ၄:၂၅၊ ၂၆၊ ၃၂

၁၆။ အိမ်ထောင်တွင် အဘယ်နည်းများဖြင့် ထောက်ထားမှုပြရန် လိုသနည်း။

၁၆ အိမ်ထောင်အတွင်းဆက်ဆံရေး၌ ထောက်ထားကြင်နာမှုရှိဖို့နှင့် ခွင့်လွှတ်ဖို့လိုသောအခါများရှိသည်။ သင်သည် သင်၏အိမ်ထောင်ဖက်ကို ပို၍ချစ်မြတ်နိုးပြီး ထောက်ထားဖို့လိုအပ်မည်ဆိုပါက ဘုရားသခင်နှင့် ကိုယ်တော်၏နှုတ်မြွက်စကားတော်၏အကူအညီဖြင့် ယင်းသို့လုပ်ဆောင်ရန် ကြိုးစားအားထုတ်ပါ။ အိမ်ထောင်ဆက်ဆံရေးတိုးတက်စေရန်နှင့် ဖောက်ပြန်မှုမဖြစ်စေရန် ၁ ကောရိန္သု ၇:၁-၅ နှင့်အညီ သင့်ဘက်မှတစ်စုံတစ်ရာလုပ်ဆောင်ရန် လိုအပ်နေပါသလော။ ဤသည်မှာ ခင်ပွန်း သို့မဟုတ် ဇနီးသည်သည် ‘နူးညံ့စွာထောက်ထားကြင်နာ’ မှုတင်ပြဖို့လိုသော ဘဝကဏ္ဍတစ်ခု အမှန်ပင်ဖြစ်သည်။

၁၇။ တစ်စုံတစ်ဦးသည် ကြီးလေးသည့်အပြစ်ပြုမိပါက အဘယ်အရာပြုလုပ်သင့်သနည်း။

၁၇ တစ်နည်းနည်းဖြင့် ကြီးလေးသည့်အပြစ်ပြုမိခဲ့လျှင်ကော အသို့နည်း။ ဖြစ်နိုင်လျှင်ဖြစ်နိုင်ချင်း အခြေအနေကို ပြုပြင်တည့်မတ်ရန် အစပြုလုပ်ဆောင်ပါ။ ခရစ်ယာန်အကြီးအကဲများ၏ အကူအညီကို ရယူပါ။ သူတို့၏ဆုတောင်းချက်နှင့် ဆုံးမစကားတို့သည် ဘုရားသခင်နှင့် သင့်ဆက်ဆံရေးတွင် ပြန်လည်ကျန်းမာလာစေရန် အထောက်အကူပြုမည်။ (ယာကုပ် ၅:၁၃-၁၆) နောင်တစိတ်ဖြင့် ယေဟောဝါထံ ဆုတောင်းပါ။ ယင်းသို့ပြုရန်ပျက်ကွက်ခြင်းက အပြစ်ရှိသည်ဟူသောစိတ်နှင့် ကိုယ်ကိုကိုယ်သိသောစိတ် အနှောင့်အယှက်ဖြစ်မှုကို ခံစားရမည်။ ဒါဝိဒ်သည် ထိုသို့ခံစားခဲ့ရသည်၊ သို့သော် ယေဟောဝါထံ အပြစ်ကိုဝန်ချလိုက်ပြီးနောက် စိတ်သက်သာမှုများစွာ ခံစားခဲ့ရသည်။ ဒါဝိဒ်ဤသို့ရေးခဲ့၏– ‘အပြစ်မှလွတ်ခြင်း၊ အပြစ်ကိုဖုံးအုပ်ခြင်းသို့ရောက်သောသူသည် မင်္ဂလာရှိ၏။ ယေဟောဝါအပြစ်တင်တော်မူခြင်းနှင့်လွတ်၍ လှည့်စားတတ်သောစိတ်သဘောနှင့် ကင်းစင်သောသူသည် မင်္ဂလာရှိ၏။’ (ဆာလံ ၃၂:၁-၅) စစ်မှန်သောနောင်တရသူတို့၏အပြစ်ကို ယေဟောဝါခွင့်လွှတ်တော်မူသည်။—⁠ဆာလံ ၁၀၃:၈-၁၄; သု. ၂၈:၁၃

လောက၏ အစိတ်အပိုင်းမဖြစ်ဘဲနေထိုင်ပါ

၁၈။ လောကကို သင်မည်သို့ရှုမြင်သင့်သနည်း။

၁၈ သင်သည် ကောင်းကင်ခမည်းတော် ကတိပြုထားသော အံ့ချီးဖွယ်ကမ္ဘာသစ်ကို မျှော်လင့်နေမည်မှာသေချာသည်။ သို့ဖြစ်လျှင် ဘုရားသခင်နှင့်စိမ်းကားနေသော မဖြောင့်မတ်သည့် လူ့အဖွဲ့အစည်းကို သင်မည်သို့ရှုမြင်သနည်း။ “ဤလောကကိုအစိုးရသောမင်း” စာတန်သည် ယေရှုခရစ်ကို မချုပ်ကိုင်နိုင်ခဲ့ပါ။ (ယောဟန် ၁၂:၃၁; ၁၄:၃၀) သင်သည် စာတန်နှင့် ဤလောက၏ချုပ်ကိုင်မှုကို မခံလိုသည်မှာသေချာပါသည်၊ သို့ဖြစ်၍ တမန်တော်ယောဟန်၏ ဤစကားကို လိုက်နာပါ– “လောကကိုလည်းကောင်း၊ လောက၌ရှိသောအရာတို့ကိုလည်းကောင်း မချစ်ကြနှင့်။” ယင်းသည် ပညာရှိလမ်းစဉ်ဖြစ်သည်၊ အကြောင်းမှာ ‘လောကနှင့်လောကတပ်မက်ခြင်းသည် ရွေ့သွားကွယ်ပျောက်တတ်၏။ ဘုရားသခင်၏အလိုတော်နှင့်အညီ ကျင့်သောသူမူကား ထာဝရတည်’ မည်ဖြစ်၍တည်း။—⁠၁ ယောဟန် ၂:၁၅-၁၇

၁၉။ ခရစ်ယာန်လူငယ်တို့သည် အဘယ်ပန်းတိုင်များချရန် အားပေးခံရသနည်း။

၁၉ သင်သည် သင်၏ကလေးများကို ‘သူတို့ကိုယ်တိုင် လောကအညစ်အကြေးနှင့် ကင်းစင်အံ့သောငှာ’ ကူညီပေးနေပါသလော။ (ယာကုပ် ၁:၂၇) လူတစ်ဦးသည် မိနေသောငါးကို ဆွဲယူသကဲ့သို့ စာတန်သည် သင့်ကလေးများကို ဆွဲယူလိုပေသည်။ ကလပ်အသင်းအမျိုးမျိုးနှင့် အခြားအဖွဲ့အစည်းများသည် လူငယ်များကို စာတန့်လောကထဲ ကျဆင်းသွားစေသည့်အရာများ ဖြစ်ကြသည်။ သို့သော် ယေဟောဝါ၏ကျေးကျွန်များသည် ဆိုးသွမ်းသောလောကစနစ်အဆုံးကိုကပ်ကျော်မည့် တစ်ခုတည်းသောအဖွဲ့အစည်းတွင် ရှိနေကြသည်။ သို့ဖြစ်၍ ခရစ်ယာန်လူငယ်များကို “သခင်၏အမှုတော်တွင် အလုပ်များလျက်နေကြ” ရန်အားပေးသင့်သည်။ (၁ ကောရိန္သု ၁၅:၅၈ကဘ) ဘုရားသခင်ကိုကြောက်ရွံ့သောမိဘတို့သည် မိမိတို့၏ကလေးများကို ပျော်ရွှင်ပြီး အကျိုးရှိသည့်အသက်တာဖြစ်စေသော ပန်းတိုင်များချရန် ကူညီပေးဖို့လိုအပ်သည်၊ ယင်းက ဘုရားသခင်အားဂုဏ်တင်ပြီး ယေဟောဝါ၏နေ့အတွက် သူတို့ကို အသင့်ဖြစ်စေရန် အထောက်အကူပြုမည်။

ယေဟောဝါ၏နေ့ကြီးကိုကျော်၍ကြည့်ပါ

၂၀။ ကျွန်ုပ်တို့သည် ထာဝရအသက်ကို အဘယ်ကြောင့်မြင်ယောင်နေသင့်သနည်း။

၂၀ သင်သည် ထာဝရအသက်ကို မြင်ယောင်ကာမျှော်လင့်နေသူဖြစ်လျှင် ယေဟောဝါ၏နေ့ကို စိတ်တည်တည်ငြိမ်ငြိမ်ဖြင့် စောင့်မျှော်နိုင်မည်ဖြစ်သည်။ (ယုဒ ၂၀၊ ၂၁) ပရဒိသုတွင်ရမည့် ထာဝရအသက်ကို သင်မျှော်လင့်သောကြောင့် သင်သည် လူငယ့်ခွန်အားကိုပြန်လည်ရရှိပြီး အကျိုးပြုသည့်ပန်းတိုင်များကို လိုက်စားရန်၊ ယေဟောဝါအကြောင်း နောက်ထပ်ပို၍သင်ယူရန် မကုန်မဆုံးနိုင်သောအချိန်ရရှိမည်ဟူသည့် မျှော်လင့်ချက် သင်၌ရှိသည်။ လူသားတို့သည် ယခုအချိန်တွင် “အမှုတော်အရိပ်အမြွက်” ကိုသာသိကြသောကြောင့် သင်သည် ဘုရားသခင်အကြောင်းကို အမှန်ပင် ထာဝစဉ်သင်ယူနိုင်ပါလိမ့်မည်။ (ယောဘ ၂၆:၁၄) စိတ်လှုပ်ရှားဖွယ်ကောင်းသည့် ရှေ့အလားအလာပင်တည်း။

၂၁၊ ၂၂။ သင်နှင့် ရှင်ပြန်ထမြောက်လာကြသူတို့သည် အဘယ်အချက်အလက်များကို အပြန်အလှန်ဝေမျှကြမည်နည်း။

၂၁ ပရဒိသုတွင် ရှင်ပြန်ထမြောက်လာကြသူတို့သည် အတိတ်နှင့်ပတ်သက်၍ ကျွန်ုပ်တို့မသိရသော အချို့သောအချက်အလက်အသေးစိတ်ကို ပြောပြနိုင်ကြပေမည်။ ထိုတွင် ဧနောက်သည် ဘုရားသခင်ကိုမကြောက်ရွံ့သောလူတို့ကို ယေဟောဝါ၏သတင်းစကား ကြေညာရာတွင် လိုအပ်သောသတ္တိ မည်သို့ရှိခဲ့သည်ကို ရှင်းပြပေလိမ့်မည်။ (ယုဒ ၁၄၊ ၁၅) နောဧသည် သင်္ဘောဆောက်ခဲ့ပုံကို ပြန်ပြောပြမည်မှာ သေချာသည်။ အာဗြဟံနှင့်စာရာသည် ဥရမြို့မှ စည်းစိမ်ချမ်းသာကိုထားရစ်ကာ တဲနှင့်နေထိုင်ခဲ့ရခြင်းနှင့်ပတ်သက်၍ သူတို့၏ခံစားချက်ကို ပြောပြကြပေမည်။ ဧသတာသည် မိမိလူမျိုးဘက်မှ မားမားမတ်မတ်ရပ်တည်ခဲ့ပြီး ဟာမန်၏အကြံအစည် ပျက်ပြားစေခဲ့ပုံအသေးစိတ်ပြန်ပြောပြမည်ကို စဉ်းစားကြည့်ပါ။ (ဧသတာ ၇:၁-၆) ငါးကြီးဝမ်းထဲတွင် သုံးရက်ကြာနေရသည့်အကြောင်း ယောနပြောပြချက် သို့မဟုတ် နှစ်ခြင်းဆရာယောဟန် ယေရှုကိုနှစ်ခြင်းပေးချိန်တွင် သူမည်သို့ခံစားရကြောင်း ပြောပြသည်တို့ကို မြင်ယောင်ကြည့်ပါ။ (လုကာ ၃:၂၁၊ ၂၂; ၇:၂၈) စိတ်ဝင်စားဖွယ်ကောင်းသော အကြောင်းအရာများစွာကို သိလာကြမည်။

၂၂ ခရစ်တော်၏အနှစ်တစ်ထောင်အုပ်ချုပ်ချိန်အတွင်း သင်သည် ရှင်ပြန်ထမြောက်လာသူတို့ကို “ဘုရားသခင်ကိုသိသောဉာဏ်” သို့မဟုတ် ဘုရားသခင်နှင့်ပတ်သက်သောအသိပညာ သိရှိလာစေရန် ကူညီပေးရသည့်အခွင့်ထူးကို ရရှိပါလိမ့်မည်။ (သု. ၂:၁-၆) ယနေ့အချိန်တွင် လူတို့သည် ယေဟောဝါဘုရားသခင်နှင့်ပတ်သက်သော အသိပညာကိုလက်ခံယူကြပြီး ယင်းအတိုင်းနေထိုင်သည်ကို တွေ့မြင်ရခြင်းသည် အလွန်စိတ်ကျေနပ်အားရစေသည်။ သို့သော် အနာဂတ်တွင် သင်သည် လွန်ခဲ့သောနှစ်ပေါင်းများစွာက အသက်ရှင်ခဲ့သူတို့အား သင်ကြိုးစားသွန်သင်ပေးမှုကို ယေဟောဝါကောင်းချီးပေးသောကြောင့် ထိုသူတို့သည် လေးမြတ်သောစိတ်ဖြင့် တုံ့ပြန်သည့်အခါ သင်ခံစားရမည့်ရွှင်လန်းမှုကို စဉ်းစားကြည့်ပါလေ။

၂၃။ အဘယ်အရာပြုလုပ်ရန် ကျွန်ုပ်တို့ စိတ်ပိုင်းဖြတ်သင့်သနည်း။

၂၃ ယေဟောဝါ၏လူမျိုးအနေနှင့် ယနေ့ကျွန်ုပ်တို့ခံစားရသော အကျိုးကျေးဇူးများသည် ကျွန်ုပ်တို့၏မစုံလင်သော ကြိုးစားအားထုတ်မှုအရေအတွက် သို့မဟုတ် တန်ဖိုးတို့ထက် သာလွန်ပါသည်။ (ဆာလံ ၄၀:၅) အထူးသဖြင့် ကျွန်ုပ်တို့သည် ဘုရားသခင်၏ဝတ်ပြုရေးနှင့်ဆိုင်သော ပြင်ဆင်ပေးချက်များအတွက် ကျေးဇူးတင်ကြသည်။ (ဟေရှာယ ၄၈:၁၇၊ ၁၈) ကျွန်ုပ်တို့၏အခြေအနေမည်သို့ပင်ရှိပါစေ ကျွန်ုပ်တို့သည် ယေဟောဝါ၏နေ့ကြီးကို စောင့်မျှော်နေစဉ် ကိုယ်တော်၏အမှုတော်မြတ်၌ နှလုံးအကြွင်းမဲ့ လုပ်ဆောင်ကြစို့။

သင်မည်သို့ဖြေဆိုမည်နည်း

• ‘ယေဟောဝါ၏နေ့’ ကားအဘယ်နည်း။

• သင်သည် ယေဟောဝါ၏နေ့အတွက် အသင့်ဖြစ်ကြောင်း မည်သို့တင်ပြနိုင်သနည်း။

• ဘုရားသခင်၏နေ့ ကြီး အလွန်နီးလာပြီဖြစ်၍ အဘယ်အပြောင်းအလဲများ ပြုလုပ်ဖို့လိုကောင်းလိုမည်နည်း။

• ယေဟောဝါ၏နေ့ကိုကျော်ကာ အဘယ်အရာကို သင်မျှော်လင့်သနည်း။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၁၂ ပါ ရုပ်ပုံ]

ယေရှုသည် စမ်းသပ်မှုများအတွက် မိမိကိုယ်ကို အသင့်ပြင်ဆင်ခဲ့

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

ရှင်ပြန်ထမြောက်လာသူတို့ကို ယေဟောဝါနှင့်ပတ်သက်သောအသိပညာရရှိဖို့ အကူအညီပေးရခြင်းသည် အခွင့်ထူးဖြစ်မည်