မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကင်းမျှော်စင် လေ့လာရန်စာစောင်သစ်

ကင်းမျှော်စင် လေ့လာရန်စာစောင်သစ်

ကင်းမျှော်စင် လေ့လာရန်စာစောင်သစ်

မဂ္ဂဇင်းသည် ကင်းမျှော်စင် လေ့လာရန်စာစောင်သစ်၏ ဦးဆုံးလထုတ်ဖြစ်၏။ ထို့ကြောင့် ဤမဂ္ဂဇင်းနှင့်ပတ်သက်သော ကဏ္ဍအချို့ကို ကျွန်ုပ်တို့ရှင်းပြလိုပါသည်။

ဤလေ့လာရန်စာစောင်သည် ယေဟောဝါသက်သေများ၊ တိုးတက်နေသောကျမ်းစာသင်သားများအတွက် ထုတ်ဝေထားပါသည်။ တစ်လလျှင်တစ်ကြိမ်ထုတ်ဝေပြီး သင်တန်းဆောင်းပါးလေးခု သို့မဟုတ် ငါးခုပါဝင်ပေမည်။ သင်တန်းဆောင်းပါးများ ဆွေးနွေးမည့်အစီအစဉ်ကို မျက်နှာဖုံးတွင် ပုံနှိပ်ထားပါသည်။ လေ့လာရန်စာစောင်ကို ခရစ်ယာန်ဓမ္မအမှုတွင်ဝေငှမည်မဟုတ်သောကြောင့် ယင်းတွင် လူထုစာစောင်ကဲ့သို့ လထုတ်တစ်ခုစီအတွက် မျက်နှာဖုံးရုပ်ပုံများ ပါရှိမည်မဟုတ်ပေ။

မဂ္ဂဇင်း၏စာမျက်နှာ ၂ တွင် သင်တန်းဆောင်းပါးများ၏ ရည်ရွယ်ချက်အကျဉ်းချုပ်နှင့် အရန်ဆောင်းပါးများ၏စာရင်းကို သင်တွေ့ရှိရပေမည်။ ကင်းမျှော်စင်သင်တန်းမှူးသည် ဆောင်းပါးများကို အဓိပ္ပာယ်ရှိရှိဆွေးနွေးနိုင်ရန် ပြင်ဆင်ရာတွင် ထိုကဏ္ဍက အလွန်အထောက်အကူပြုပါလိမ့်မည်။

သင်တန်းဆောင်းပါးများသည် ယခင်ကထက် ပို၍တိုကြောင်း သင်သတိပြုမိပေမည်။ ထို့ကြောင့် ကင်းမျှော်စင်သင်တန်းတွင် အဓိကကျမ်းချက်များကို သုံးသပ်နိုင်ရန် ပို၍အချိန်ရစေသည်။ ကိုးကားထားသောကျမ်းချက်အားလုံးကို ဖွင့်ဖတ်ရန် ကျွန်ုပ်တို့ လှိုက်လှဲစွာအားပေးပါသည်။ ကိုးကားထားသောကျမ်းချက်အချို့ကို “ဖတ်ပါ” ဟုဖော်ပြထားရာ ကင်းမျှော်စင်သင်တန်းတွင် ယင်းတို့ကိုဖတ်ရှုကာ ဆွေးနွေးသင့်သည်။ အချိန်ရပါက အခြားကျမ်းချက်များကိုလည်း ဖတ်ရှုနိုင်သည်။ “နှိုင်းယှဉ်ပါ” ဟုဖော်ပြထားသော ကျမ်းချက်များကိုလည်း သင်တွေ့ရှိရပေမည်။ ထိုကျမ်းချက်များသည် အပိုဒ်၏အဓိကအချက်ကို တိုက်ရိုက်မဖော်ပြသောကြောင့် ကင်းမျှော်စင်သင်တန်းတွင် ယင်းတို့ကို ဖတ်စရာမလိုပေ။ သို့သော် “နှိုင်းယှဉ်ပါ” ဟုဖော်ပြထားသောကျမ်းချက်များတွင် စိတ်ဝင်စားစရာ ထပ်ဆင့်အကြောင်းအရာများပါရှိမည် သို့မဟုတ် ဆွေးနွေးနေသည့်အဓိကအချက်များကို သွယ်ဝိုက်နည်းဖြင့် ထောက်ခံပေမည်။ ထို့ကြောင့် ကင်းမျှော်စင်သင်တန်းအတွက် ပြင်ဆင်ရာတွင် ထိုကျမ်းချက်များကိုဖတ်ရှုရန် ကျွန်ုပ်တို့ အားပေးပါသည်။ သို့ဖြင့် သင့်မှတ်ချက်များတွင် ယင်းတို့ကို ရည်ညွှန်းဖြေဆိုနိုင်ပေမည်။

နှစ်ချုပ်မှတ်တမ်းကို ကင်းမျှော်စင်တွင်ဖော်ပြတော့မည်မဟုတ်ပါ။ ၂၀၀၈ ခုနှစ်မှစ၍ ယင်းကို နှစ်ချုပ်စာအုပ်နှင့် ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု ကြားညှပ်စာရွက်တွင် ဖော်ပြပေးမည်။ အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း လေ့လာရန်စာစောင်တွင် အရန်ဆောင်းပါးများကိုလည်း ထည့်သွင်းထားသည်။ ယင်းတို့ကို အသင်းတော်အစည်းအဝေးတွင် လေ့လာမည်မဟုတ်သော်လည်း သေချာစွာဖတ်ရှုရန် သင့်ကိုအားပေးပါသည်။ ယင်းတို့တွင်လည်း ‘သစ္စာနှင့်သတိပညာရှိကျွန်’ မှတစ်ဆင့် ဘုရားသခင့်ပြင်ဆင်ပေးချက်များ ပါဝင်သည်။—မ. ၂၄:၄၅-၄၇

နောက်ဆုံးပြောလိုသည်မှာ လေ့လာရန်စာစောင်နှင့် လူထုစာစောင်သည် သီခြားမဂ္ဂဇင်းနှစ်စောင်မဟုတ်ပါ။ ယင်းတို့၏တစ်ခုတည်းသောခေါင်းစဉ်မှာ ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကို ကြေညာခြင်းဖြစ်၏။ စာစောင်နှစ်မျိုးစလုံး၏စာမျက်နှာ ၂ တွင် ကင်းမျှော်စင်၏ရည်မှန်းချက်ကို ရှင်းပြထားသော ထပ်တူအပိုဒ်ပါရှိသည်။ ကင်းမျှော်စင်နှစ်ချုပ်စာအုပ်တွဲတွင် စာစောင်နှစ်မျိုးစလုံး ပါဝင်မည်ဖြစ်၏။ လေ့လာရန်စာစောင်တွင်ပါရှိမည့် “သင်မှတ်မိသလော” ကဏ္ဍတွင် စာစောင်နှစ်မျိုးစလုံးမှ အကြောင်းအရာများ ပါရှိပေမည်။

ကင်းမျှော်စင်သည် ၁၈၇၉ ခုနှစ်မှစ၍ စစ်မှု၊ စီးပွားရေးကျပ်တည်းမှု၊ နှိပ်စက်ညှဉ်းပန်းမှုကာလတစ်လျှောက် ဘုရားသခင်၏နိုင်ငံတော်နှင့်ပတ်သက်သော အမှန်တရားကို သစ္စာရှိရှိကြေညာခဲ့သည်။ ဤကဏ္ဍသစ်ဖြင့်လည်း ထိုသို့ဆက်ကြေညာနိုင်ဖို့ ယေဟောဝါကောင်းချီးပေးပါရန် ကျွန်ုပ်တို့ဆုတောင်းပါသည်။ လေ့လာရန်စာစောင်သစ်ကို အကျိုးရှိရှိအသုံးပြုရန် သင်ကြိုးစားသည်နှင့်အမျှ သင့်အပေါ် ယေဟောဝါ ကောင်းချီးသွန်းလောင်းပါရန် ကျွန်ုပ်တို့ဆုတောင်းလိုက်ပါသည်။