ခရစ်ယာန်များ ဂျုံစပါးကဲ့သို့ ဆန်ခါချခံရမည့်အချိန်
ခရစ်ယာန်များ ဂျုံစပါးကဲ့သို့ ဆန်ခါချခံရမည့်အချိန်
ယေရှု မသေဆုံးမီလေးတွင် တပည့်များကို ဤသို့သတိပေးခဲ့၏– “ဂျုံဆန်ကိုဆန်ခါနှင့်ချသကဲ့သို့ စာတန်သည် သင်တို့ကိုချရမည်အကြောင်း အခွင့်တောင်းသည်။” (လု. ၂၂:၃၁) ထိုစကားများက အဘယ်အရာကို ဆိုလိုသနည်း။
ယေရှုခေတ်တွင် ဂျုံစပါးရိတ်သိမ်းခြင်းသည် အချိန်နှင့်အားထုတ်မှု များစွာလိုအပ်သည်။ ဦးဆုံး၊ လယ်သမားများသည် လယ်ကွင်းမှ ဂျုံပင်များကို ရိတ်သိမ်းသည်။ ထို့နောက် ဂျုံပင်များကို မာကျောသောမျက်နှာပြင်ပေါ်တွင် တုတ်ဖြင့်ရိုက်သည် သို့မဟုတ် တိရစ္ဆာန်များသည် ကောက်နယ်တန်ဆာကိုဆွဲပြီး ဂျုံပင်များပေါ် နင်းနယ်ကြသည်။ ထိုသို့ပြုခြင်းဖြင့် ဂျုံပင်များမှ ဂျုံစေ့များ ကြွေကျပြီး အခွံကျွတ်သွားသည်။ ထို့နောက် လယ်သမားများသည် ယင်းတို့ကို လေထဲတွင် ပစ်မြှောက်ကြသည်။ ထိုအခါ အဖျင်းများ လေနှင့်ပါသွားပြီး ဂျုံစေ့များသာ တလင်းတွင်ကျန်ရစ်သည်။ နောက်ဆုံး၊ အမှိုက်သရိုက်များကို ဖယ်ရှားပစ်ရန် ဂျုံစေ့များကို ဆန်ခါချသည်။
ယေရှုပြောခဲ့သည့်အတိုင်း စာတန်သည် ထိုအချိန်ရှိ ကိုယ်တော့်တပည့်များကို မပြတ်တိုက်ခိုက်ခဲ့ပြီး ယနေ့လည်း ကျွန်ုပ်တို့ကို တိုက်ခိုက်နေသည်။ (ဧ. ၆:၁၁) ကျွန်ုပ်တို့၏အသက်တာတွင် ကြုံတွေ့ရသော ပြဿနာအားလုံးသည် စာတန်ကြောင့် မဟုတ်သည်မှာ မှန်ပါသည်။ (ဒေ. ၉:၁၁) သို့သော် စာတန်သည် ကျွန်ုပ်တို့၏သမာဓိကို ချိုးဖျက်ရန် မည်သည့်နည်းကိုမဆို အသုံးပြုမည်ဖြစ်သည်။ ဥပမာ၊ ရုပ်ဝါဒဆန်သောဘဝပုံစံနောက်လိုက်ရန်၊ အကျိုးမပြုသောဖျော်ဖြေရေးကို ရွေးချယ်ရန်၊ လိင်အကျင့်ပျက်ပြားမှုတွင်ပါဝင်ရန် ကျွန်ုပ်တို့ကို သွေးဆောင်ပေမည်။ လောကမှကမ်းလှမ်းသော ပညာရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများကို အပြည့်အဝရယူရန် ကျောင်းနေဖက်များ၊ အလုပ်ဖော်များ၊ မယုံကြည်သူဆွေမျိုးများကိုသုံးပြီး ဖိအားပေးပေမည်။ ထို့ပြင် ဘုရားသခင်အပေါ် ကျွန်ုပ်တို့၏သမာဓိကို ချိုးဖျက်ရန် ပြောင်ပြောင်တင်းတင်း နှိပ်စက်ညှဉ်းပန်းမှုများကိုလည်း သူသုံးပေမည်။ မှန်ပါသည်၊ ကျွန်ုပ်တို့ကို ပုံဆောင်သဘောဖြင့် ဆန်ခါချရန် စာတန်အသုံးပြုသည့်နည်းများစွာ ရှိသည်။
ထိုတန်ခိုးကြီးသောရန်သူကို ကျွန်ုပ်တို့ မည်သို့ခုခံတွန်းလှန်နိုင်မည်နည်း။ ကျွန်ုပ်တို့၏အစွမ်းခွန်အားဖြင့် မတတ်နိုင်ပါ။ စာတန်သည် ကျွန်ုပ်တို့ထက် တန်ခိုးကြီး၏။ သို့သော် ယေဟောဝါသည် စာတန်ထက် အဆပေါင်းများစွာ သာ၍တန်ခိုးကြီးကြောင်း ကျွန်ုပ်တို့သိသည်။ ကျွန်ုပ်တို့သည် ယေဟောဝါကို အပြည့်အဝယုံကြည်ကိုးစားမည်၊ ခံနိုင်ရည်ရှိရန် ဉာဏ်ပညာနှင့် ရဲစွမ်းသတ္တိရဖို့ ထက်သန်စွာဆုတောင်းမည်၊ ကိုယ်တော့်လမ်းညွှန်မှုကို အပြည့်အဝအားထားမည်ဆိုလျှင် စာတန်၏တိုက်ခိုက်မှုများကို တွန်းလှန်ရန် ကိုယ်တော် ခွန်အားပေးပါလိမ့်မည်။—ဆာ. ၂၅:၄၊ ၅။
သွေးဆောင်ခံရချိန်တွင် “ကောင်းကျိုးမကောင်းကျိုးကို ပိုင်းခြား၍သိနိုင်သောဉာဏ်” ရှိဖို့လိုပြီး ယင်းက စာတန်၏ဉာဏ်နီဉာဏ်နက်များကြောင့် လမ်းမလွဲသွားရန် ကာကွယ်ပေးသည်။ (ဟေဗြဲ ၅:၁၃၊ ၁၄) ထိုဉာဏ်စွမ်းရှိရန် ယေဟောဝါ ကူညီပေးနိုင်ပါသည်။ ထို့ပြင် ကျွန်ုပ်တို့သည် မည်သည့်အရာပင်ကြုံရပါစေ အမှန်တရားလမ်းတွင် စွဲမြဲနေဖို့လည်းလိုသည်။ ယေဟောဝါ၏လမ်းညွှန်မှုကို လိုက်လျှောက်မည်ဆိုပါက မှန်ရာကိုလုပ်ရန် ကျွန်ုပ်တို့၏စိတ်ပိုင်းဖြတ်ချက်ကို ကိုယ်တော် ဧကန်မုချ ထောက်မပေးပါလိမ့်မည်။—ဧ. ၆:၁၀။
စာတန်သည် ကျွန်ုပ်တို့ကို ဂျုံစပါးကဲ့သို့ ဆန်ခါချရန် ကြိုးပမ်းလျက်ရှိ၏။ သို့သော် ယေဟောဝါပေးသော အစွမ်းခွန်အားဖြင့် စာတန်ကို ခုခံတွန်းလှန်နိုင်ပြီး ယုံကြည်ခြင်းတွင် မြဲမြံခိုင်ခံ့နေနိုင်ပါသည်။ (၁ ပေ. ၅:၉) မှန်ပါသည်၊ ‘စာတန်ကို ဆီးတားကြလော့။ သို့ပြုလျှင် သူသည် သင်တို့ထံကပြေးသွားလိမ့်မည်’ ဟု ယေဟောဝါ၏နှုတ်မြွက်တော်က အာမခံထားသည်။—ယာ. ၄:၇။