မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“တလိုတလားရှိသူ” တို့ တုံ့ပြန်နေကြ

“တလိုတလားရှိသူ” တို့ တုံ့ပြန်နေကြ

“တလိုတလားရှိသူ” တို့ တုံ့ပြန်နေကြ

“ထာဝရအသက်ကို တလိုတလားရှိသူအားလုံးသည် ယုံကြည်သူများ ဖြစ်လာကြ၏။” —တ. ၁၃:၄၈၊ ကဘ။

၁၊ ၂။ သတင်းကောင်းကို လောကနိုင်ငံအရပ်ရပ်ရှိသမျှ၌ ဟောရလိမ့်မည်ဟူသော ယေရှု၏ပရောဖက်ပြုချက်ကို အစောပိုင်းခရစ်ယာန်များ မည်သို့တုံ့ပြန်ခဲ့ကြသနည်း။

ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို လောကနိုင်ငံအရပ်ရပ်ရှိသမျှ၌ ဟောရလိမ့်မည်ဟူသော ယေရှု၏ပရောဖက်ပြုချက်ကို အစောပိုင်းခရစ်ယာန်များ တုံ့ပြန်ခဲ့ပုံနှင့်ပတ်သက်သည့် စိတ်လှုပ်ရှားဖွယ်မှတ်တမ်း တမန်တော်ကျမ်းတွင် ပါရှိသည်။ (မ. ၂၄:၁၄) ဇွဲရှိသောဟောပြောသူများသည် မိမိတို့နည်းတူလုပ်ဆောင်မည့်သူအားလုံးအတွက် ပုံသက်သေချမှတ်ခဲ့၏။ ယေရုရှလင်တွင် ယေရှု၏တပည့်များ ဇွဲထက်သန်စွာသက်သေခံခြင်းကြောင့် “ယဇ်ပုရောဟိတ်” အမြောက်အမြားအပါအဝင် ထောင်နှင့်ချီသောသူတို့သည် ပထမရာစုအသင်းတော်နှင့် ပူးပေါင်းလာကြသည်။—တ. ၂:၄၁; ၄:၄; ၆:၇

ပထမရာစုမှခရစ်ယာန်သာသနာပြုများသည် ခရစ်ယာန်ဘာသာကို လူအများလက်ခံလာရန် ကူညီပေးခဲ့ကြသည်။ ဥပမာ၊ ဖိလိပ္ပုသည် ရှမာရိမြို့သို့ သွားဟောပြောရာ လူများစွာနားထောင်ခဲ့၏။ (တ. ၈:၅-၈) ပေါလုသည် ခရီးသွားဖော်အသီးသီးနှင့်အတူ ဝေးလံသောဒေသများသို့ခရီးနှင်ကာ ကုပရု၊ အာရှမိုင်းနား၊ မက်စီဒိုးနီးယား၊ ဂရိနှင့် အီတလီတို့တွင် ခရစ်ယာန်သတင်းတရားကို ဟောပြောခဲ့သည်။ သူဟောပြောသောမြို့များမှ ဂျူးနှင့်ဂရိလူမျိုးအများအပြားသည် ယုံကြည်သူများဖြစ်လာကြသည်။ (တ. ၁၄:၁; ၁၆:၅; ၁၇:၄) တိတုသည် ကရေတေကျွန်းတွင် ခရစ်ယာန်ဓမ္မအမှုကိုထမ်းဆောင်ခဲ့သည်။ (တိ. ၁:၅) ပေတရုသည်လည်း ဗာဗုလုန်တွင် ဟောပြောခြင်းလုပ်ငန်းဖြင့် အလုပ်များခဲ့သည်။ သူ၏ပထမစာစောင်ကို ရေးသားပြီးစီးသည့် အေဒီ ၆၂-၆၄ ခန့်တွင် ပုန္တုပြည်၊ ဂလာတိပြည်၊ ကပ္ပဒေါကိပြည်၊ အာရှိပြည်နှင့် ဗိသုနိပြည်တို့၌ ခရစ်ယာန်တို့၏လုပ်ငန်းကို ကောင်းစွာသိနေပြီဖြစ်သည်။ (၁ ပေ. ၁:၂; ၅:၁၃) ယင်းတို့သည် အမှန်စိတ်လှုပ်ရှားဖွယ်ကောင်းသောအချိန်ဖြစ်ခဲ့၏။ ပထမရာစုမှ သတင်းကောင်းဟောပြောသူများသည် ဇွဲထက်သန်လွန်းသဖြင့် သူတို့၏ရန်သူများက ‘ဤသူတို့သည် လောကနိုင်ငံကိုမှောက်လှန်’ ကြပြီဟု ဆိုခဲ့ကြသည်။—တ. ၁၇:၆; ၂၈:၂၂

၃။ ယနေ့ သတင်းကောင်းကြေညာသူများသည် ဟောပြောခြင်းလုပ်ငန်းတွင် အဘယ်ရလဒ်များရရှိနေကြသနည်း၊ ယင်းကြောင့် သင်မည်သို့ခံစားရသနည်း။

ယနေ့ခေတ်တွင်လည်း ခရစ်ယာန်အသင်းတော်သည် အကြီးအကျယ်တိုးတက်နေ၏။ ယေဟောဝါသက်သေတို့၏ နှစ်ချုပ်မှတ်တမ်းကိုဖတ်ရှုပြီး ကမ္ဘာချီတိုးတက်မှုရလဒ်ကို တွေ့မြင်ရသောအခါ သင် အလွန်အားရှိသည်မဟုတ်လော။ သတင်းကောင်းကြေညာသူများသည် ၂၀၀၇ လုပ်ငန်းတော်နှစ်အတွင်း ကျမ်းစာသင်အံမှု ခြောက်သန်းကျော်ကျင်းပခဲ့ကြောင်း သိရခြင်းက သင့်ကိုပျော်ရွှင်စေသည်မဟုတ်လော။ ထို့ပြင် လွန်ခဲ့သောနှစ်တွင် ယေရှုခရစ်၏သေခြင်း အောက်မေ့ရာပွဲသို့ တက်ရောက်သူမှတ်တမ်းက ယေဟောဝါသက်သေမဟုတ်သူ ဆယ်သန်းခန့်သည် ဤအရေးပါသောပွဲတော်ကို တက်ရောက်သည့်အထိ သတင်းကောင်းကို စိတ်ဝင်စားခဲ့ကြောင်း ဖော်ပြနေသည်။ ယင်းတို့က လုပ်စရာများစွာရှိသေးကြောင်း ဖော်ပြသည်။

၄။ ဘုရားသခင့်နိုင်ငံတော်သတင်းတရားကို မည်သူတို့ တုံ့ပြန်နေကြသနည်း။

ပထမရာစုတွင်ကဲ့သို့ ယနေ့လည်း “ထာဝရအသက်ကို တလိုတလားရှိသူအားလုံးသည်” အမှန်တရားသတင်းကို တုံ့ပြန်နေကြ၏။ (တ. ၁၃:၄၈ကဘ) ယေဟောဝါသည် ထိုသို့သောသူများကို မိမိ၏အဖွဲ့အစည်းအတွင်း စုသိမ်းနေသည်။ (ဟဂ္ဂဲ ၂:၇ ကိုဖတ်ပါ။) ထိုစုသိမ်းခြင်းလုပ်ငန်းတွင် အပြည့်အဝပူးပေါင်းလုပ်ဆောင်နိုင်ရန် ခရစ်ယာန်ဓမ္မအမှုနှင့်ပတ်သက်၍ ကျွန်ုပ်တို့တွင် အဘယ်သဘောထား ရှိရမည်နည်း။

မျက်နှာမလိုက်ဘဲ ဟောပြောလော့

၅။ မည်သူတို့သည် ယေဟောဝါ၏မျက်နှာသာကိုရရှိသနည်း။

“ဘုရားသခင်သည် လူမျက်နှာကိုမှတ်တော်မမူ။ လူအမျိုးမျိုးတို့တွင် ဘုရားသခင်ကိုကြောက်ရွံ့၍ တရားသဖြင့်ကျင့်ဆောင်သောသူသည် အထံတော်၌မျက်နှာရသည်ကို” ပထမရာစုခရစ်ယာန်များ သိနားလည်ကြသည်။ (တ. ၁၀:၃၄၊ ၃၅) ယေဟောဝါနှင့် ကောင်းသောဆက်ဆံရေးရှိလိုသူတစ်ဦးသည် ယေရှု၏ရွေးနုတ်ဖိုးပူဇော်ရာယဇ်ကို ယုံကြည်ကြောင်းတင်ပြရမည်ဖြစ်သည်။ (ယော. ၃:၁၆၊ ၃၆) ဘုရားသခင်၏အလိုတော်မှာ “လူအပေါင်းတို့သည် ကယ်တင်ခြင်းသို့ရောက်၍ သမ္မာတရားကိုသိစေ” ရန်ဖြစ်၏။—၁ တိ. ၂:၃၊ ၄

၆။ သတင်းကောင်းဟောပြောသူတို့သည် အဘယ်အချက်ကို ရှောင်ရမည်နည်း၊ အဘယ်ကြောင့်နည်း။

သတင်းကောင်းကြေညာသူတို့သည် လူမျိုး၊ လူမှုရေးအဆင့်အတန်း၊ ရုပ်ရည်အသွင်အပြင်၊ ဘာသာရေးနောက်ခံ သို့မဟုတ် အခြားစရိုက်များကိုကြည့်ပြီး လူတို့ကို ကြိုတင်ဆုံးဖြတ်မည်ဆိုလျှင် မှားပေမည်။ စဉ်းစားကြည့်ပါ၊ သင့်ကို ကျမ်းစာအမှန်တရားအကြောင်း ဦးဆုံးပြောပြသူသည် မျက်နှာမလိုက်ခဲ့သောကြောင့် သင်ကျေးဇူးတင်သည်မဟုတ်လော။ ထို့ကြောင့် ကျွန်ုပ်တို့သည် နားထောင်သူတိုင်းကို အသက်ကယ်သတင်း ဝေမျှရန် မတွန့်ဆုတ်သင့်ပေ။—မဿဲ ၇:၁၂ ကိုဖတ်ပါ။

၇။ ကျွန်ုပ်တို့ဟောပြောသူများအား ကြိုတင်ဆုံးဖြတ်ခြင်းကို အဘယ်ကြောင့် ရှောင်ရမည်နည်း။

ယေဟောဝါသည် ယေရှုကို တရားသူကြီးအဖြစ် ခန့်အပ်ထားသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် မည်သူ့ကိုမျှ စီရင်ဆုံးဖြတ်ပိုင်ခွင့်မရှိပေ။ ယင်းသည် လျောက်ပတ်ပေ၏။ အကြောင်းမှာ ကျွန်ုပ်တို့သည် “မိမိမျက်စိမြင်သည်အတိုင်း၊” “မိမိနားကြားသည်အတိုင်း” သာ ဆုံးဖြတ်နိုင်သော်လည်း ယေရှုမူကား လူတို့၏အတွင်းကျဆုံး အတွေးအခေါ်နှင့် ကျိုးကြောင်းဆင်ခြင်မှုတို့ကို ထိုးဖောက်သိရှိနိုင်သောကြောင့်ဖြစ်သည်။—ဟေရှာ. ၁၁:၁-၅; ၂ တိ. ၄:၁

၈၊ ၉။ (က) ရှောလုသည် ခရစ်ယာန်မဖြစ်လာမီ မည်သို့သောပုဂ္ဂိုလ်မျိုးဖြစ်သနည်း။ (ခ) တမန်တော်ပေါလု၏အဖြစ်အပျက်က ကျွန်ုပ်တို့ကို အဘယ်အရာသင်ပေးသင့်သနည်း။

နောက်ခံအသီးသီးမှလူများသည် ယေဟောဝါ၏ကျေးကျွန်များဖြစ်လာနေသည်။ ထင်ရှားသောသာဓကတစ်ခုမှာ တမန်တော်ပေါလုဖြစ်လာသော တာရှုမြို့သား ရှောလုဖြစ်၏။ ဖာရိရှဲတစ်ဦးဖြစ်သော ရှောလုသည် ခရစ်ယာန်များကို ခါးခါးသီးသီးဆန့်ကျင်သူဖြစ်သည်။ ခရစ်ယာန်များသည် အယူမှားသူများဖြစ်သည်ဟု စိတ်ရင်းမှန်ဖြင့် သူယုံကြည်သောကြောင့် သူတို့ကိုညှဉ်းဆဲခဲ့၏။ (ဂလ. ၁:၁၃) လူ့ရှုထောင့်မှကြည့်လျှင် သူသည် ခရစ်ယာန်တစ်ဦးဖြစ်လာနိုင်ပုံမရှိပေ။ သို့တိုင် ယေရှုသည် ရှောလု၏နှလုံးအတွင်းရှိ ကောင်းသောအရာတစ်ခုခုကိုတွေ့မြင်ခဲ့ပြီး အထူးတာဝန်တစ်ရပ် ထမ်းဆောင်ရန် သူ့ကိုရွေးချယ်ခဲ့သည်။ ရလဒ်အနေနှင့် ရှောလုသည် ပထမရာစုခရစ်ယာန်အသင်းတော်တွင် အတက်ကြွဆုံးနှင့် ဇွဲအရှိဆုံးပုဂ္ဂိုလ်တစ်ဦးဖြစ်လာလေသည်။

တမန်တော်ပေါလု၏အဖြစ်အပျက်က ကျွန်ုပ်တို့ကို အဘယ်အရာသင်ပေးသနည်း။ ကျွန်ုပ်တို့၏ရပ်ကွက်တွင် သတင်းကောင်းကိုဆန့်ကျင်သူများ ရှိပေမည်။ သူတို့ထဲမှတစ်ဦးဦးသည် စစ်မှန်သောခရစ်ယာန် ဖြစ်လာမည့်ပုံမရှိဟု ထင်ရသော်လည်း သူတို့ကိုမဟောဘဲမနေသင့်ပေ။ တစ်ခါတစ်ရံ၊ လုံးဝစိတ်မဝင်စားဟုထင်ရသူများပင် သတင်းတရားကို နားထောင်လာပေမည်။ ကျွန်ုပ်တို့၏တာဝန်မှာ လူအားလုံးကို “မပြတ်” ဟောပြောရန်ဖြစ်သည်။—တမန်တော် ၅:၄၂ ကိုဖတ်ပါ။

“မပြတ်” ဟောပြောသူတို့အတွက် ကောင်းချီးများစောင့်ကြိုနေ

၁၀။ ထိတ်လန့်စရာကောင်းပုံရသူများကို သတင်းကောင်းဟောပြောရန် အဘယ်ကြောင့် မတွန့်ဆုတ်သင့်သနည်း။ ဒေသခံတွေ့ကြုံမှုများကို ပြောပြပါ။

၁၀ ရုပ်ပိုင်းအသွင်အပြင်များကြောင့် ကျွန်ုပ်တို့၏ဆုံးဖြတ်ချက် မှားသွားနိုင်သည်။ ဥပမာ၊ အက်ဂ်နာစ်ယိုသည် တောင်အမေရိကနိုင်ငံတစ်ခုတွင် ထောင်ကျနေစဉ် ယေဟောဝါသက်သေများနှင့် ကျမ်းစာစလေ့လာခဲ့သည်။ * သူ၏ကြမ်းတမ်းသောစရိုက်ကြောင့် သူ့ကို လူတို့ကြောက်ကြသည်။ ထို့ကြောင့် ပစ္စည်းပစ္စယများပြုလုပ်ပြီး အကျဉ်းသားအချင်းချင်းကို ရောင်းချသူများသည် အကြွေးမပေးသူများထံမှ ငွေကောက်ရန် သူ့ကို အကူအညီတောင်းလေ့ရှိသည်။ သို့သော် သူသည် ကျမ်းစာအသိပညာ တိုးများလာပြီး သင်ယူသိရှိရာကို လက်တွေ့ကျင့်သုံးလာရာ မကြမ်းတမ်းတော့ဘဲ ကြင်နာတတ်သူဖြစ်လာသည်။ ထိုအခါ အကြွေးများလိုက်ကောက်ရန် သူ့ကိုအကူအညီမတောင်းကြတော့ပေ။ ကျမ်းစာအမှန်တရားနှင့် ဘုရားသခင့်ဝိညာဉ်တော်က သူ၏ဥပဓိရုပ်ကို ပြောင်းလဲပေးသည့်အတွက် သူအားရကျေနပ်ခဲ့သည်။ သူ့ကိုကျမ်းစာသင်ပေးရန် ကြိုးစားအားထုတ်ခဲ့သော မျက်နှာမလိုက်တတ်သည့် သတင်းကောင်းကြေညာသူများကိုလည်း သူကျေးဇူးတင်သည်။

၁၁။ ကျွန်ုပ်တို့သည် လူတို့ထံ အဘယ်ကြောင့် ထပ်ခါထပ်ခါပြန်သွားနေကြသနည်း။

၁၁ သတင်းကောင်းဟောပြောပြီးသူများထံ ထပ်ခါထပ်ခါပြန်သွားရသည့် အကြောင်းရင်းတစ်ခုမှာ သူတို့၏အခြေအနေနှင့် သဘောထားများ ပြောင်းလဲနိုင်ပြီး ပြောင်းလဲနေသောကြောင့်ဖြစ်သည်။ အချို့မှာ အသည်းအသန်ဖျားနာခြင်း၊ အလုပ်ပြုတ်ခြင်း သို့မဟုတ် ချစ်ရသူတစ်ဦး ဆုံးပါးသွားခြင်းတို့ကို ခံစားရနိုင်သည်။ (ဒေ. ၉:၁၁ ကိုဖတ်ပါ။) ကမ္ဘာ့အခြေအနေများကြောင့်လည်း အနာဂတ်အကြောင်း လေးလေးနက်နက် စဉ်းစားလာပေမည်။ သတင်းကောင်းကို လုံးဝစိတ်မဝင်စားဘဲ ဆန့်ကျင်သူတစ်ဦးပင် ထိုပြောင်းလဲမှုများကြောင့် ကောင်းစွာတုံ့ပြန်လာနိုင်သည်။ ထို့ကြောင့် သင့်တော်သည့်အခြေအနေတိုင်းတွင် အခြားသူများကို သတင်းကောင်းကြေညာရန် မတွန့်ဆုတ်သင့်ပေ။

၁၂။ ကျွန်ုပ်တို့ဟောပြောသောသူများကို မည်သို့ရှုမြင်သင့်သနည်း၊ အဘယ်ကြောင့်နည်း။

၁၂ အခြားသူတို့ကို အဆင့်အတန်းခွဲခြင်း၊ စီရင်ဆုံးဖြတ်ခြင်းသည် လူ့သဘာဝပင်။ သို့တိုင် ယေဟောဝါသည် လူတစ်ဦးချင်းစီကို သိမြင်တော်မူသည်။ တစ်ဦးချင်းစီ၏ အရည်အသွေးကောင်းများကို မြင်တော်မူသည်။ (၁ ဓမ္မရာဇဝင် ၁၆:၇ ကိုဖတ်ပါ။) ခရစ်ယာန်ဓမ္မအမှုတွင် ကျွန်ုပ်တို့လည်း ထိုသို့ပြုလုပ်ရန် ကြိုးစားသင့်သည်။ ကျွန်ုပ်တို့ဟောပြောသူအားလုံးအပေါ် အပြုသဘောရှိခြင်းဖြင့် ရလဒ်ကောင်းများရရှိသည့် တွေ့ကြုံမှုများစွာရှိပါသည်။

၁၃၊ ၁၄။ (က) ရှေ့ဆောင်တစ်ဦးသည် ခရစ်ယာန်ဓမ္မအမှုတွင်ဆုံတွေ့ရသော အမျိုးသမီးတစ်ဦးကို အဘယ်ကြောင့် အပျက်သဘောရှိခဲ့သနည်း။ (ခ) ထိုတွေ့ကြုံမှုမှ ကျွန်ုပ်တို့အဘယ်အရာ သိရှိရသနည်း။

၁၃ ကရစ်ဘီယံကျွန်းတစ်ကျွန်းမှ ရှေ့ဆောင်ညီအစ်မတစ်ဦးဖြစ်သော စန္ဒြာသည် တစ်အိမ်မှတစ်အိမ်ဟောပြောစဉ် ကာနီဗယ်လ်ပွဲတော် (ပျော်ရွှင်မြူးထူးကခုန်ကြသည့်ပွဲ) တွင် ထက်သန်စွာပါဝင်ပတ်သက်နေသည့် ရုသ်နှင့်တွေ့ဆုံခဲ့သည်။ ရုသ်သည် ကာနီဗယ်လ်ပွဲတော်ဘုရင်မအဖြစ် နှစ်ကြိမ်တိုင် ဆုချီးမြှင့်ခံခဲ့ရသူဖြစ်သည်။ သို့သော် စန္ဒြာပြောသောအကြောင်းအရာကို သူအလွန်စိတ်ဝင်စားသောကြောင့် ကျမ်းစာသင်အံမှုကျင်းပရန် စီစဉ်ခဲ့သည်။ စန္ဒြာ ဤသို့ပြောပြ၏– “သူ့ဧည့်ခန်းထဲမှာ ကာနီဗယ်လ်ဝတ်စုံဝတ်ပြီး ရိုက်ထားတဲ့ ဓာတ်ပုံကြီးတစ်ပုံချိတ်ထားပြီး သူရခဲ့တဲ့ဆုတံဆိပ်တွေလည်း ရှိတယ်။ အရမ်းနာမည်ကြီးပြီး အဲဒီပွဲမှာ ဒီလောက်ပါဝင်ပတ်သက်နေတဲ့သူက အမှန်တရားကို တကယ်စိတ်ဝင်စားမှာမဟုတ်ဘူးလို့ ကျွန်မ အတွေးမှားခဲ့တယ်။ ဒါကြောင့် သူ့ဆီဆက်မသွားတော့ဘူး။”

၁၄ နောက်ပိုင်း၊ တစ်ရက်တွင် ရုသ်သည် ဘုရားသခင့်နိုင်ငံတော်ခန်းမသို့ ရောက်လာသည်။ အစည်းအဝေးပြီးနောက် စန္ဒြာအား “ကျွန်မကို ဘာလို့ကျမ်းစာလာမသင်တော့တာလဲ” ဟုမေးခဲ့သည်။ စန္ဒြာသည် တောင်းပန်ပြီး ကျမ်းစာပြန်သင်ရန် စီစဉ်ခဲ့သည်။ ရုသ်သည် အလျင်အမြန်တိုးတက်လာပြီး သူ၏ကာနီဗယ်လ်ဓာတ်ပုံများကို ဖယ်ရှားပစ်ခဲ့၏။ အစည်းအဝေးအားလုံးကို တက်ရောက်ကာ ဟောပြောခြင်းလုပ်ငန်းတွင်ပါဝင်လာပြီး သူ၏အသက်တာကို ယေဟောဝါထံ အပ်နှံခဲ့သည်။ ထို့ကြောင့် မိမိ၏ဦးဆုံးထင်မြင်ချက်မှာ မှားကြောင်း နောက်ပိုင်းတွင် စန္ဒြာသဘောပေါက်ခဲ့သည်။

၁၅၊ ၁၆။ (က) ကြေညာသူတစ်ဦးသည် ဆွေမျိုးတစ်ဦးကိုဟောပြောခြင်းကြောင့် အဘယ်ရလဒ်ရရှိခဲ့သနည်း။ (ခ) ဆွေမျိုးတစ်ဦးသည် မည်သည့်နောက်ခံပင်ရှိပါစေ သူ့ကို သက်သေခံရန် အဘယ်ကြောင့် မတွန့်ဆုတ်သင့်သနည်း။

၁၅ ကောင်းစွာတုံ့ပြန်မည်မဟုတ်ဟု ထင်ရသော မယုံကြည်သူမိသားစုဝင်များကိုပင် ဟောပြောခဲ့သူများစွာလည်း ရလဒ်ကောင်းများရရှိကြသည်။ ဥပမာ၊ အမေရိကန်ပြည်ထောင်စုမှ ခရစ်ယာန်ညီအစ်မ ဂျွိုက်စ်၏အဖြစ်ကို သုံးသပ်ကြည့်ပါ။ သူ့ညီမ၏ ခင်ပွန်းဖြစ်သူသည် ဆယ်ကျော်သက်အရွယ်မှစ၍ အကြိမ်ကြိမ်ထောင်ကျနေသူဖြစ်၏။ “သူက မူးယစ်ဆေး အရောင်းအဝယ်လုပ်တယ်၊ ခိုးတယ်၊ တခြားမကောင်းတဲ့အရာတွေလည်းလုပ်တဲ့အတွက် သူ့ဘဝက ဘာမှတန်ဖိုးမရှိဘူးလို့ လူတွေကပြောကြတယ်။ အဲဒီလောက်ဆိုးတာတောင် ၃၇ နှစ်လုံး သူ့ကိုကျမ်းစာအမှန်တရားအကြောင်း ကျွန်မဆက်ဟောပြောခဲ့တယ်” ဟုဂျွိုက်စ်ပြောပြသည်။ ထိုသို့ စိတ်ရှည်စွာကြိုးစားကူညီပေးမှုကြောင့် နောက်ဆုံး သူသည် ယေဟောဝါသက်သေများနှင့် ကျမ်းစာစလေ့လာပြီး ဘဝတွင် များစွာပြုပြင်ပြောင်းလဲခဲ့သည်။ မကြာသေးမီက အသက် ၅၀ အရွယ်တွင် အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်တွင် ကျင်းပသော ခရိုင်စည်းဝေးကြီးတစ်ခုတွင် နှစ်ခြင်းခံခဲ့သည်။ “ကျွန်မဝမ်းသာလွန်းလို့ မျက်ရည်မဆည်နိုင်ဖြစ်ခဲ့ရတယ်။ လက်မလျှော့ဘဲ ဆက်ဟောခဲ့လို့ ကျွန်မပျော်လိုက်တာ” ဟုဂျွိုက်စ်ပြောပြသည်။

၁၆ သင်သည် သင့်ဆွေမျိုးတို့၏ နောက်ခံကြောင့် သူတို့ကို ကျမ်းစာအမှန်တရားအကြောင်းပြောပြရန် တွန့်ဆုတ်ပေမည်။ သို့သော် ဂျွိုက်စ်သည် သူ၏မတ်ကို ဟောပြောရန် မတွန့်ဆုတ်ခဲ့ပေ။ အမှန်မှာ လူတစ်ဦးသည် အခြားသူတစ်ဦး၏စိတ်ထဲတွင် အဘယ်အရာရှိသည်ကို မည်သို့သိနိုင်ပါမည်နည်း။ ထိုပုဂ္ဂိုလ်သည် အမှန်တရားကို စိတ်ရင်းမှန်ဖြင့် ရှာဖွေနေသူဖြစ်နိုင်သည်။ ထို့ကြောင့် အမှန်တရားကိုရှာတွေ့ရန် သူတို့ကို အခွင့်အရေးပေးဖို့ မတွန့်ဆုတ်ပါနှင့်။—သု. ၃:၂၇ ကိုဖတ်ပါ။

ကျမ်းစာသင်အံမှုအတွက် ထိရောက်သောအထောက်အကူ

၁၇၊ ၁၈။ (က) သမ္မာကျမ်းစာ အမှန်တကယ်သွန်သင်ရာမှာ အဘယ်နည်းစာအုပ်၏ အကျိုးကျေးဇူးအကြောင်း ကမ္ဘာတစ်ဝန်းမှ မှတ်တမ်းများက အဘယ်အရာဖော်ပြသနည်း။ (ခ) ဤစာအုပ်နှင့်ပတ်သက်၍ သင့်တွင် အဘယ်အားတက်ဖွယ် တွေ့ကြုံမှုများရှိသနည်း။

၁၇ ကမ္ဘာတစ်ဝန်းရှိနိုင်ငံများမှ မှတ်တမ်းများအရ စိတ်ရိုးဖြောင့်သူများစွာသည် သမ္မာကျမ်းစာ အမှန်တကယ်သွန်သင်ရာမှာ အဘယ်နည်းဟူသော သင်အံမှုအထောက်အကူပြုစာအုပ်ကို ကောင်းစွာလက်ခံတုံ့ပြန်နေကြောင်း ဖော်ပြသည်။ အမေရိကန်ပြည်ထောင်စုမှ ရှေ့ဆောင်ညီအစ်မတစ်ဦးဖြစ်သောပန်နီသည် ထိုစာအုပ်ကိုအသုံးပြုပြီး ကျမ်းစာသင်အံမှုများစွာ စတင်ခဲ့သည်။ နှစ်ဦးမှာ သက်ကြီးပိုင်းဖြစ်ပြီး စိတ်ထက်သန်သောချာ့ခ်ျအသင်းသားများဖြစ်သည်။ သမ္မာကျမ်းစာသွန်သင်ရာစာအုပ်ပါ ကျမ်းစာအမှန်တရားများအား သူတို့မည်သို့တုံ့ပြန်မည်ကို ပန်နီ မသိပေ။ သို့သော် သူဤသို့ရေး၏– “ယုတ္တိရှိပြီး လိုရင်းတိုရှင်းနည်းနဲ့ အချက်အလက်တွေကို တင်ဆက်ထားတဲ့အတွက် သူတို့သင်ယူနေတဲ့အရာဟာ အမှန်တရားဖြစ်တယ်ဆိုတာကို အငြင်းအခုံမလုပ်ဘဲ၊ စိတ်မပျက်ဘဲ အလွယ်တကူလက်ခံခဲ့တယ်။”

၁၈ ဗြိတိန်မှ ကြေညာသူတစ်ဦးဖြစ်သူ ပတ်ထ်သည် အာရှနိုင်ငံတစ်နိုင်ငံမှ ဒုက္ခသည်အမျိုးသမီးတစ်ဦးနှင့် ကျမ်းစာသင်အံမှုစတင်ခဲ့သည်။ သူပုန်များက ထိုအမျိုးသမီး၏ခင်ပွန်းနှင့်သားများကို ခေါ်ဆောင်သွားပြီးနောက် သူတို့ကို သူပြန်မတွေ့ရတော့ပေ။ သူလည်း အသက်အန္တရာယ်ကြုံခဲ့ရပြီး အိမ်မီးရှို့ခံရသည့်အပြင် လူအုပ်တစ်အုပ်၏မုဒိမ်းကျင့်မှုကိုလည်း ခံခဲ့ရသည်။ ထို့ကြောင့် ထိုနိုင်ငံမှ မဖြစ်မနေထွက်ပြေးခဲ့ရသည်။ ယင်းတို့အားလုံးကြောင့် အသက်ရှင်ရသည်မှာ အဓိပ္ပာယ်မရှိဟု သူခံစားခဲ့ရ၏။ မိမိကိုယ်ကိုသတ်သေရန် အကြိမ်ကြိမ်စဉ်းစားခဲ့သည်။ သို့သော် ကျမ်းစာလေ့လာမှုကြောင့် မျှော်လင့်ချက်ရှိလာ၏။ “သမ္မာကျမ်းစာသွန်သင်ရာစာအုပ်မှာပါတဲ့ ရိုးရှင်းတဲ့ရှင်းပြချက်တွေနဲ့ ပုံဥပမာတွေက သူ့ကိုတော်တော်ထိမိခဲ့တယ်” ဟုပတ်ထ်ရေးသည်။ ထိုအမျိုးသမီးမှာ အလျင်အမြန်တိုးတက်လာပြီး နှစ်ခြင်းမခံရသေးသောကြေညာသူအဖြစ် အရည်အချင်းပြည့်မီလာကာ နောက်စည်းဝေးပွဲတွင် နှစ်ခြင်းခံလိုကြောင်း ထုတ်ပြောခဲ့သည်။ ကျမ်းစာတွင်ကမ်းလှမ်းထားသော မျှော်လင့်ချက်အကြောင်းကို စိတ်ရိုးဖြောင့်သူများ သဘောပေါက်ပြီး တန်ဖိုးထားလာရန် ကူညီပေးရခြင်းက အလွန်ဝမ်းမြောက်ဖွယ်ပင်။

“အားမလျော့၊ စိတ်မပျက်ဘဲ ကောင်းသောအကျင့်ကိုကျင့်ကြကုန်အံ့”

၁၉။ ဟောပြောခြင်းလုပ်ငန်းသည် အဘယ်ကြောင့် ဤမျှအရေးတကြီးဖြစ်နေသနည်း။

၁၉ နေ့ရက်တစ်ရက်ကုန်လွန်သွားတိုင်း ဟောပြောရန်နှင့်တပည့်ဖြစ်စေရန် တာဝန်မှာ သာ၍အရေးတကြီးဖြစ်လာသည်။ တလိုတလားရှိသူ ထောင်ပေါင်းများစွာသည် ကျွန်ုပ်တို့၏ဟောပြောခြင်းကို နှစ်စဉ်တုံ့ပြန်နေကြသည်။ သို့တိုင် ‘ထာဝရဘုရားသခင်၏နေ့ကြီး နီးပြီ။’ ဆိုလိုသည်မှာ ဘုရားသခင်နှင့်ကိုယ်တော့်ရည်ရွယ်ချက်များကို မသိသေးသူတို့သည် “သတ်ဖို့ရာထား၍ အသတ်ခံရန် တုန်လှုပ်လျက်” သွားနေကြသည်။—ဇေ. ၁:၁၄; သု. ၂၄:၁၁သမ္မာ။

၂၀။ အဘယ်အရာပြုလုပ်ရန် ကျွန်ုပ်တို့တစ်ဦးစီ စိတ်ပိုင်းဖြတ်သင့်သနည်း။

၂၀ ထိုသို့သောသူတို့ကို ကျွန်ုပ်တို့ကူညီနိုင်ပါသေးသည်။ သို့သော် ထိုသို့ပြုလုပ်နိုင်ရန် “ယေရှုသည် ခရစ်တော်ဖြစ်၏ဟူ၍ ဧဝံဂေလိတရားကို မပြတ်ဟောပြောလျက်နေ” သော ပထမရာစုခရစ်ယာန်များကို တုပဖို့လိုအပ်သည်။ (တ. ၅:၄၂) ဆန့်ကျင်မှုများကြားမှ မဆုတ်မနစ်ဇွဲရှိခြင်း၊ သင်၏ “သွန်သင်ခြင်းနည်းပညာ” ကိုဂရုပြုခြင်း၊ လူအားလုံးကို မျက်နှာမလိုက်ဘဲ ဟောပြောခြင်းဖြင့် သူတို့၏ပုံသက်သေကိုတုပပါ။ “အားမလျော့၊ စိတ်မပျက်ဘဲ ကောင်းသောအကျင့်ကိုကျင့်ကြ” ပါစို့။ အကြောင်းမှာ ထိုသို့တည်ကြည်စွာကျင့်လျှင် ဘုရားသခင့်မျက်နှာသာရရှိခြင်း၏ ကောင်းချီးအလျှံပယ်ကို ရိတ်သိမ်းရပေလိမ့်မည်။—ဂလာတိ ၆:၉ ကိုဖတ်ပါ; ၂ တိ. ၄:၂ကဘ။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 10 နာမည်အချို့ပြောင်းထားသည်။

သင်မည်သို့ဖြေဆိုမည်နည်း

• သတင်းကောင်းကို မည်သူတို့ တုံ့ပြန်နေသနည်း။

• ကျွန်ုပ်တို့ဟောပြောသူများကို အဘယ်ကြောင့် ကြိုတင်မဆုံးဖြတ်သင့်သနည်း။

• သမ္မာကျမ်းစာ အမှန်တကယ်သွန်သင်ရာမှာ အဘယ်နည်း စာအုပ်မှ အဘယ်ရလဒ်များ ရရှိနေသနည်း။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၁၃ ပါပုံစာ]

ထောင်နှင့်ချီသော စိတ်ရိုးဖြောင့်သူများ တုံ့ပြန်နေကြ

[စာမျက်နှာ ၁၅ ပါပုံစာ]

တမန်တော်ပေါလု၏ ပြောင်းလဲမှုမှ ကျွန်ုပ်တို့ အဘယ်အရာသင်ယူနိုင်သနည်း

[စာမျက်နှာ ၁၆ ပါပုံစာ]

သတင်းကောင်းကြေညာသူများသည် လူတို့ကို ကြိုတင်ဆုံးဖြတ်ခြင်း မပြုကြ