မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင့်နိုင်ငံတော်ကို ဝင်စားထိုက်သည်ဟု ယူမှတ်ခံရ

ဘုရားသခင့်နိုင်ငံတော်ကို ဝင်စားထိုက်သည်ဟု ယူမှတ်ခံရ

ဘုရားသခင့်နိုင်ငံတော်ကို ဝင်စားထိုက်သည်ဟု ယူမှတ်ခံရ

“သင်တို့သည် ဘုရားသခင်၏ . . . နိုင်ငံတော်ကိုဝင်စားထိုက်သည်ဟု မှတ်တော်မူခြင်းကိုခံရစေခြင်းငှာ တရားသဖြင့် ဘုရားသခင်စီရင်တော်မူခြင်းအမှုသည် ထိုသို့သောအားဖြင့် ထင်ရှားလျက်ရှိ၏။”—၂ သက်. ၁:၅

၁၊ ၂။ တရားစီရင်ခြင်းနှင့်ပတ်သက်သည့် ဘုရားသခင့်ရည်ရွယ်ချက်မှာ အဘယ်နည်း၊ မည်သူက တရားစီရင်မည်နည်း။

အေဒီ ၅၀ ခန့်တွင် တမန်တော်ပေါလုသည် အေသင်မြို့တွင် ရောက်နေ၏။ ထိုတွင်ပျံ့နှံ့နေသော ရုပ်ပုံကိုးကွယ်မှုကိုတွေ့ပြီး စိတ်အနှောင့်အယှက်ဖြစ်သောကြောင့် သူတို့ကို ထိရောက်စွာသက်သေခံခဲ့သည်။ ရုပ်ပုံကိုးကွယ်သော ပရိသတ်၏အာရုံကိုဖမ်းစားနိုင်မည့် ဤကြေညာချက်ဖြင့် သူ၏ဟောပြောချက်ကို နိဂုံးချုပ်ခဲ့သည်– ‘ယခုမှာ ကိုယ်အပြစ်ကိုမြင်၍ နောင်တရကြလော့ဟု ခပ်သိမ်းသောအရပ်တို့၌ရှိသော လူအပေါင်းတို့အား [ဘုရားသခင်]ပညတ်တော်မူ၏။ အကြောင်းမူကား ခန့်ထားတော်မူသောသူအားဖြင့် လောကသားတို့ကို ဖြောင့်မတ်ခြင်းတရားနှင့်ညီလျော်စွာ စစ်ကြောစီရင်မည့်နေ့ရက်ကို ချိန်းချက်တော်မူပြီ။ ထိုသူကို သေခြင်းမှထမြောက်စေတော်မူသောအားဖြင့် ခပ်သိမ်းသောလူတို့အား ယုံလောက်သောသက်သေကိုပြတော်မူပြီ။’—တ. ၁၇:၃၀၊ ၃၁

ဘုရားသခင်သည် လူသားတို့အား တရားစီရင်မည့်နေ့ရက်ကို ချိန်းချက်ထားသည်ဟူသောအချက်က အလေးအနက်စဉ်းစားရမည့်ကိစ္စပင်။ အေသင်မြို့တွင် ဟောပြောစဉ် ထိုတရားစီရင်မည့်သူ၏အမည်ကို ပေါလုမဖော်ပြသော်လည်း ထိုသူမှာ ရှင်ပြန်ထမြောက်ပြီးသော ယေရှုခရစ်ဖြစ်ကြောင်း ကျွန်ုပ်တို့သိသည်။ ယေရှု၏စီရင်ချက်မှာ အသက်ရှင်ခြင်း သို့မဟုတ် သေခြင်းကို ဖြစ်စေနိုင်သည်။

၃။ ယေဟောဝါသည် အာဗြဟံနှင့် အဘယ်ကြောင့် ပဋိညာဉ်ဖွဲ့ခဲ့သနည်း၊ ယင်း၏ပြည့်စုံချက်တွင် မည်သူသည် အဓိက,ကဏ္ဍမှ ပါဝင်သနည်း။

ထိုတရားစီရင်ရာနေ့သည် အနှစ် ၁,၀၀၀ ကြာရှည်လိမ့်မည်။ ထိုအနှစ်တစ်ထောင်အတွင်း ယေရှုသည် ယေဟောဝါ၏နိုင်ငံတော်ဘုရင်အဖြစ် ကိုယ်တော့်နာမတော်ဖြင့် အုပ်ချုပ်မည်ဖြစ်သော်လည်း ယေရှုတစ်ဦးတည်းမဟုတ်ပေ။ ယေရှုနှင့်အတူစိုးစံပြီး တရားစီရင်မည့် အခြားသူတို့ကို လူသားတို့ထဲမှ ယေဟောဝါရွေးချယ်ထားသည်။ (လုကာ ၂၂:၂၉၊ ၃၀ နှင့်နှိုင်းယှဉ်ပါ။) ယေဟောဝါသည် လွန်ခဲ့သောနှစ်ပေါင်း ၄,၀၀၀ နီးပါးတွင် သစ္စာရှိကျေးကျွန်အာဗြဟံနှင့် ပဋိညာဉ်ဖွဲ့ခြင်းဖြင့် ထိုတရားစီရင်ရာနေ့အတွက် အုတ်မြစ်ချခဲ့သည်။ (ကမ္ဘာဦး ၂၂:၁၇၊ ၁၈ ကိုဖတ်ပါ။) ထိုပဋိညာဉ်ကို ဘီစီ ၁၉၄၃ ခုနှစ်တွင် အတည်ပြုခဲ့သည်။ ထိုပဋိညာဉ်သည် လူသားတို့အတွက် အဘယ်အဓိပ္ပာယ်ရှိကြောင်း အာဗြဟံ အပြည့်အဝနားမလည်ခဲ့ပေ။ သို့သော် လူသားတို့ကို တရားစီရင်ရန်ဟူသော ဘုရားသခင့်ရည်ရွယ်ချက် ပြည့်စုံရေးတွင် အာဗြဟံ၏အမျိုးအနွယ်သည် အဓိက,ကဏ္ဍမှပါဝင်နေကြောင်း ယနေ့ ကျွန်ုပ်တို့တွေ့မြင်နိုင်သည်။

၄၊ ၅။ (က) အာဗြဟံအမျိုးအနွယ်၏ အဓိကပုဂ္ဂိုလ်မှာ မည်သူနည်း၊ ဘုရားသခင့်နိုင်ငံတော်နှင့်ပတ်သက်၍ ကိုယ်တော်မည်သို့မိန့်ဆိုသနည်း။ (ခ) ဘုရားသခင့်နိုင်ငံတော်အစီအစဉ်တွင် ပါဝင်ခွင့်ရမည့် မျှော်လင့်ချက်သည် အဘယ်အချိန်တွင် အပြည့်အဝလမ်းပွင့်ခဲ့သနည်း။

အာဗြဟံအမျိုးအနွယ်၏ အဓိကပုဂ္ဂိုလ်မှာ ယေရှုဖြစ်လာသည်။ ကိုယ်တော်သည် အေဒီ ၂၉ ခုနှစ်တွင် သန့်ရှင်းသောဝိညာဉ်တော်ဖြင့် ခန့်အပ်ခံရပြီး ကတိထားရာမေရှိယ သို့မဟုတ် ခရစ်တော်ဖြစ်လာသည်။ (ဂလ. ၃:၁၆) ထို့နောက် ယေရှုသည် ဂျူးတို့အား ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို သုံးနှစ်ခွဲဟောပြောခဲ့သည်။ အခြားသူများသည် ထိုဘုရားသခင့်နိုင်ငံတော်၏ အဖွဲ့ဝင်များဖြစ်လာနိုင်ကြောင်း နှစ်ခြင်းဆရာယောဟန် အဖမ်းခံရပြီးနောက် ကိုယ်တော်ဤသို့ဆို၏– “ဗတ္တိဇံဆရာယောဟန်လက်ထက်မှစ၍ ယခုတိုင်အောင် ကောင်းကင်နိုင်ငံတော်ကို အနိုင်အထက်ပြုကြ၏။ အနိုင်အထက်ပြုသောသူတို့သည်လည်း လုယူဝင်စားကြရ၏။”—မ. ၁၁:၁၂

စိတ်ဝင်စားစရာမှာ ကောင်းကင်နိုင်ငံတော်ကို ‘လုယူဝင်စားမည့်သူများ’ အကြောင်း မမိန့်ဆိုမီ ယေရှုဤသို့ဆို၏– “ငါအမှန်ဆိုသည်ကား၊ မိန်းမမွေးသောသူတို့တွင် ဗတ္တိဇံဆရာယောဟန်ထက် ကြီးမြတ်သောသူတစ်ယောက်မျှ မပေါ်မထွန်းသေး။ သို့သော်လည်း ကောင်းကင်နိုင်ငံတော်တွင် အငယ်ဆုံးသောသူသည် ထိုသူထက်သာ၍ကြီးမြတ်၏။” (မ. ၁၁:၁၁) အဘယ်ကြောင့် ထိုသို့ဖြစ်ရသနည်း။ အကြောင်းမှာ သစ္စာရှိသူများ ဘုရားသခင့်နိုင်ငံတော်အစီအစဉ်တွင် ပါဝင်ခွင့်ရမည့် မျှော်လင့်ချက်သည် အေဒီ ၃၃၊ ပင်တေကုတ္တေပွဲနေ့တွင် သန့်ရှင်းသောဝိညာဉ်တော် သွန်းလောင်းချိန်မတိုင်မီအထိ အပြည့်အဝလမ်းမပွင့်သေး၍ဖြစ်သည်။ ထိုအချိန်တွင် နှစ်ခြင်းဆရာယောဟန် သေဆုံးသွားပြီဖြစ်သည်။—တ. ၂:၁-၄

အာဗြဟံ၏အမျိုးအနွယ်သည် ဖြောင့်မတ်ကြောင်း ကြေညာခံရ

၆၊ ၇။ (က) အာဗြဟံ၏အမျိုးအနွယ်သည် မည်သည့်နည်းဖြင့် “ကောင်းကင်ကြယ်ကဲ့သို့” ဖြစ်လာသနည်း။ (ခ) အဘယ်ကောင်းချီးကို အာဗြဟံရရှိခဲ့သနည်း၊ သူ၏အမျိုးအနွယ်သည် အဘယ်ထပ်တူကောင်းချီးကို ရရှိသနည်း။

အာဗြဟံ၏အမျိုးအနွယ်သည် ပွားများပြီး “ကောင်းကင်ကြယ်ကဲ့သို့လည်းကောင်း၊” သမုဒ္ဒရာသဲလုံးကဲ့သို့လည်းကောင်းဖြစ်လာမည်ဟု ဘုရားသခင် မိန့်တော်မူ၏။ (က. ၁၃:၁၆; ၂၂:၁၇) ထို့ကြောင့် အမျိုးအနွယ်တွင် အရေအတွက်မည်မျှပါဝင်မည်ကို အာဗြဟံလက်ထက်ရှိသူတို့ မသိနိုင်ခဲ့ကြပေ။ သို့သော် နောက်ပိုင်းတွင် အမျိုးအနွယ်တွင် ပါဝင်သူများ၏ အရေအတွက်အတိအကျကို ဘုရားသခင် ဖော်ပြခဲ့သည်။ ထိုအရေအတွက်မှာ ယေရှုအပြင် ၁၄၄,၀၀၀ ဖြစ်သည်။—ဗျာ. ၇:၄; ၁၄:၁

အာဗြဟံ၏ယုံကြည်ခြင်းနှင့်ပတ်သက်၍ ကျမ်းစာက ဤသို့ဆို၏– ‘[အာဗြဟံ] သည် ထာဝရဘုရားသခင်ကိုယုံကြည်သည်ဖြစ်၍ သူ၏ယုံကြည်ခြင်းကို ဖြောင့်မတ်ခြင်းကဲ့သို့မှတ်တော်မူ၏။’ (က. ၁၅:၅၊ ၆) မည်သည့်လူသားမျှ လုံးလုံးမဖြောင့်မတ်သည်မှာ မှန်ပါသည်။ (ယာ. ၃:၂) သို့သော် ယေဟောဝါသည် အာဗြဟံ၏ထူးခြားသောယုံကြည်ခြင်းကြောင့် သူ့ကို ဖြောင့်မတ်သူအဖြစ် ဆက်ဆံပြီး မိမိ၏အဆွေဟုပင်ခေါ်ခဲ့သည်။ (ဟေရှာ. ၄၁:၈) အာဗြဟံ၏မျိုးနွယ်တွင် ယေရှုနှင့်အတူ ပါဝင်သူများလည်း ဖြောင့်မတ်သည်ဟု ကြေညာခံရပြီး ယင်းက အာဗြဟံရရှိခဲ့သည့်ကောင်းချီးထက် ပို၍ကြီးမားသောကောင်းချီးများကို ရရှိစေသည်။

၈။ အာဗြဟံ၏မျိုးနွယ်ဝင်များအတွက် အဘယ်ကောင်းချီးများပွင့်နေသနည်း။

ဝိညာဉ်တော်ဖွားခရစ်ယာန်များသည် ယေရှု၏ရွေးနုတ်ဖိုးပူဇော်ရာယဇ်ကို ယုံကြည်ကြောင်းတင်ပြသောကြောင့် ဖြောင့်မတ်သည်ဟု ကြေညာခံရသည်။ (ရော. ၃:၂၄၊ ၂၈) ယေဟောဝါ၏အမြင်တွင် သူတို့သည် အပြစ်ကင်းစင်ပြီး သူတို့ကို ယေဟောဝါ၏သားများနှင့် ယေရှုခရစ်၏ညီတော်များအဖြစ် သန့်ရှင်းသောဝိညာဉ်တော်ဖြင့် ခန့်အပ်နိုင်သည်။ (ယော. ၁:၁၂၊ ၁၃) သူတို့သည် ပဋိညာဉ်သစ်အတွင်း ဆောင်သွင်းခံရပြီး “ဘုရားသခင်၏ဣသရေလအမျိုး” ဟူသော လူမျိုးသစ်ဖြစ်လာသည်။ (ဂလ. ၆:၁၆; လု. ၂၂:၂၀) ယင်းတို့အားလုံးက အလွန်ကြီးကျယ်ခမ်းနားသောအခွင့်ထူးပင်။ ဘုရားသခင်ပေးအပ်သော ထိုအခွင့်ထူးများကြောင့် ဝိညာဉ်တော်ဖွားခရစ်ယာန်များသည် မြေကြီးပေါ်တွင် ထာဝစဉ်အသက်ရှင်ရန် မမျှော်လင့်ကြပေ။ တရားစီရင်ရာနေ့အတွင်း ယေရှုနှင့်အတူရှိနေရခြင်း၊ ကောင်းကင်တွင် ကိုယ်တော်နှင့်အတူစိုးစံရခြင်းအတွက် မဖော်ပြနိုင်အောင်ဝမ်းမြောက်သဖြင့် မြေကြီးပေါ်တွင် အသက်ရှင်ရမည့်အခွင့်အရေးကို သူတို့စွန့်လွှတ်ကြသည်။—ရောမ ၈:၁၇ ကိုဖတ်ပါ။

၉၊ ၁၀။ (က) ခရစ်ယာန်များသည် အဘယ်အချိန်တွင် သန့်ရှင်းသောဝိညာဉ်တော်ဖြင့် ဦးဆုံးခန့်အပ်ခံခဲ့ရသနည်း၊ သူတို့ရှေ့တွင် အဘယ်အရာစောင့်ကြိုနေသနည်း။ (ခ) အဘယ်အကူအညီကို ဝိညာဉ်တော်ဖွားခရစ်ယာန်များ ရရှိခဲ့သနည်း။

အေဒီ ၃၃၊ ပင်တေကုတ္တေပွဲနေ့တွင် သစ္စာရှိသူအုပ်စုတစ်စုသည် တရားစီရင်ရာနေ့အတွင်း ယေရှုနှင့်အတူစိုးစံမည့်သူများအဝင်ဖြစ်ခွင့်ကို ရရှိခဲ့ကြသည်။ ယေရှု၏တပည့်တော် ၁၂၀ ခန့်သည် သန့်ရှင်းသောဝိညာဉ်တော်ဖြင့် နှစ်ခြင်းခံပြီး ဦးဆုံးဝိညာဉ်တော်ဖွားခရစ်ယာန်များ ဖြစ်လာကြသည်။ သို့သော် ယင်းသည် သူတို့အတွက် အစသာဖြစ်၏။ ထိုအချိန်မှစ၍ သူတို့သည် စာတန်ဖြစ်ပေါ်စေသော စမ်းသပ်မှုအားလုံးကြားမှ ယေဟောဝါအပေါ် သစ္စာတည်ကြည်ကြောင်း ဖော်ပြခဲ့ကြရသည်။ ကောင်းကင်အသက်သရဖူကိုရရှိရန် သေသည့်တိုင် သစ္စာစောင့်သိရမည်ဖြစ်သည်။—ဗျာ. ၂:၁၀

၁၀ ထို့ကြောင့် ယေဟောဝါသည် မိမိ၏နှုတ်မြွက်တော်နှင့် ခရစ်ယာန်အသင်းတော်မှတစ်ဆင့် ဝိညာဉ်တော်ဖွားများလိုအပ်သော တိုက်တွန်းအားပေးချက်များကို ပြင်ဆင်ပေးခဲ့သည်။ ဥပမာ၊ တမန်တော်ပေါလုသည် သက်သာလောနိတ်မြို့ရှိ ဝိညာဉ်တော်ဖွားခရစ်ယာန်များထံ ဤသို့ရေးခဲ့သည်– “မိမိနိုင်ငံတော်နှင့်ဘုန်းတော်ထဲသို့ သင်တို့ကိုခေါ်သွင်းတော်မူသောဘုရားသခင်နှင့် အထိုက်အလျောက် သင်တို့သည် ကျင့်ဆောင်စေခြင်းငှာ အဘသည် မိမိသားတို့ကိုပြုသကဲ့သို့ ငါတို့သည် သင်တို့ရှိသမျှကို . . . တိုက်တွန်းသွေးဆောင်၍မှာထားသည်။”—၁ သက်. ၂:၁၀-၁၂

၁၁။ “ဘုရားသခင်၏ဣသရေလအမျိုး” အဖွဲ့ဝင်များအတွက် အဘယ်ရေးသားထားသောမှတ်တမ်းကို ယေဟောဝါပြင်ဆင်ပေးခဲ့သနည်း။

၁၁ ဝိညာဉ်တော်ဖွားခရစ်ယာန်အသင်းတော်၏ ဦးဆုံးအဖွဲ့ဝင်များကို ရွေးချယ်ပြီးနောက် ဆယ်စုနှစ်များတွင် ယေဟောဝါသည် ယေရှု၏မြေကြီးဓမ္မအမှု၊ ပထမရာစုဝိညာဉ်တော်ဖွားခရစ်ယာန်များနှင့် မိမိဆက်ဆံပုံ၊ သူတို့အား ပေးခဲ့သောသွန်သင်ချက်များကို မှတ်တမ်းတင်သင့်ကြောင်း တွေ့မြင်ခဲ့သည်။ ထို့ကြောင့် ယေဟောဝါသည် တည်ရှိပြီးသား မှုတ်သွင်းခံဟေဗြဲကျမ်းစောင်များတွင် မှုတ်သွင်းခံခရစ်ယာန်ဂရိကျမ်းစောင်များကို ထပ်ဖြည့်စွက်ခဲ့သည်။ ဟေဗြဲကျမ်းစောင်များကို ဘုရားသခင်နှင့် ဇာတိဣသရေလလူမျိုး အထူးဆက်ဆံရေးရှိချိန်အတွင်း သူတို့အတွက်အဓိကရည်ရွယ်၍ ရေးသားခဲ့ခြင်းဖြစ်သည်။ ခရစ်ယာန်ဂရိကျမ်းစောင်များကို ခရစ်တော်၏ညီတော်များနှင့် ဘုရားသခင်၏သားများအဖြစ် သန့်ရှင်းသောဝိညာဉ်တော်ဖြင့် ခန့်အပ်ခံရသည့် “ဘုရားသခင်၏ဣသရေလအမျိုး” အတွက် အဓိကရေးသားခဲ့သည်။ ဣသရေလလူမျိုးမဟုတ်သော လူမျိုးခြားများသည် ဟေဗြဲကျမ်းစောင်များမှ အကျိုးရရှိနိုင်ကြသည်။ ထိုနည်းတူ၊ သန့်ရှင်းသောဝိညာဉ်တော်ဖြင့် ခန့်အပ်မခံရသော ခရစ်ယာန်များသည် ခရစ်ယာန်ဂရိကျမ်းစောင်များကို လေ့လာပြီး ယင်းတွင်ပါသောသွန်သင်ချက်နှင့်အညီနေထိုင်ခြင်းမှ အကျိုးကျေးဇူးများစွာရရှိနေကြသည်။—၂ တိမောသေ ၃:၁၅-၁၇ ကိုဖတ်ပါ။

၁၂။ ဝိညာဉ်တော်ဖွားခရစ်ယာန်များကို ပေါလုမည်သို့သတိပေးသနည်း။

၁၂ ပထမရာစုခရစ်ယာန်များသည် ကောင်းကင်အမွေရရှိနိုင်ရန် ဖြောင့်မတ်သည်ဟုကြေညာခံရပြီး သန့်ရှင်းသောဝိညာဉ်တော်ဖြင့် ခန့်အပ်ခံကြရသည်။ ထိုသို့ခန့်အပ်ခံရခြင်းကြောင့် သူတို့သည် အခြားဝိညာဉ်တော်ဖွားတို့အပေါ် ဘုရင်များမဖြစ်သွားပါ။ အစောပိုင်းခရစ်ယာန်အချို့သည် ထိုအချက်ကို မျက်ခြည်ပြတ်သွားပြီး အသင်းတော်ရှိညီအစ်ကိုချင်းများကြား ထင်ပေါ်ကျော်ကြားမှုရရှိရန် ကြိုးစားခဲ့ကြသည်။ ထို့ကြောင့် ပေါလုဤသို့ဆိုခဲ့၏– “ယခုတွင် သင်တို့သည် ကြွယ်ဝကြ၏။ ငွေရတတ်ကြ၏။ ငါတို့မရှိစဉ်တွင် စိုးစံကြ၏။ ငါတို့သည် သင်တို့နှင့်အတူစိုးစံရသောအခွင့်ရှိမည်အကြောင်း သင်တို့ကိုအမှန်စိုးစံစေခြင်းငှာ အလိုရှိ၏။” (၁ ကော. ၄:၈) သို့ဖြစ်၍ မိမိခေတ်ရှိဝိညာဉ်တော်ဖွားများကို ပေါလုဤသို့သတိပေး၏– “ငါတို့သည် သင်တို့၏ယုံကြည်ခြင်းကို အစိုးရသည်မဟုတ်။ သင်တို့၏ဝမ်းမြောက်ခြင်းအကြောင်းကို ကူမ၍သာပြုကြ၏။”—၂ ကော. ၁:၂၄

ကြိုဟောထားသောအရေအတွက်ကို ပြည့်စုံစေခြင်း

၁၃။ အေဒီ ၃၃ နောက်ပိုင်းတွင် ဝိညာဉ်တော်ဖွားများကို မည်သို့ဆက်ရွေးချယ်ခဲ့သနည်း။

၁၃ ဝိညာဉ်တော်ဖွားခရစ်ယာန် ၁၄၄,၀၀၀ အားလုံးကို ပထမရာစုတွင် မရွေးချယ်ခဲ့ပါ။ တမန်တော်များခေတ်တစ်လျှောက်တွင် ရွေးချယ်ခဲ့သော်လည်း နောက်ပိုင်း ရွေးချယ်ခံရသူနည်းလာသည်။ သို့သော် ရာစုနှစ်များတစ်လျှောက် ယနေ့တိုင် ဆက်ရွေးချယ်နေသည်။ (မ. ၂၈:၂၀) ၁၉၁၄ တွင် ယေရှု ဘုရင်ဖြစ်ပြီးနောက် အဖြစ်အပျက်များသည် လျင်မြန်စွာတိုးတက်ဖြစ်ပေါ်လာသည်။

၁၄၊ ၁၅။ ဝိညာဉ်တော်ဖွားများကိုရွေးချယ်ခြင်းနှင့်ပတ်သက်၍ ကျွန်ုပ်တို့အချိန်တွင် အဘယ်အရာဖြစ်ပျက်နေသနည်း။

၁၄ ဦးစွာ၊ ယေရှုသည် ဘုရားသခင့်အုပ်ချုပ်မှုကို ဆန့်ကျင်သူများအား ကောင်းကင်မှရှင်းလင်းခဲ့သည်။ (ဗျာဒိတ် ၁၂:၁၀၊ ၁၂ ကိုဖတ်ပါ။) ထို့နောက် ၁၄၄,၀၀၀ အရေအတွက်ပြည့်စုံနိုင်ရန် ကျန်နေသေးသည့် ဘုရားသခင့်နိုင်ငံတော်အစိုးရအဖွဲ့ဝင်များ စုသိမ်းခြင်းကို အာရုံစိုက်ခဲ့သည်။ ၁၉၃၀ ပြည့်လွန်နှစ်များ အလယ်ပိုင်းလောက်တွင် ထိုအရေအတွက်ပြည့်ခါနီးဖြစ်လာပြီး ဟောပြောခြင်းလုပ်ငန်းကိုတုံ့ပြန်သူများစွာသည် ကောင်းကင်သွားလိုသည့်ဆန္ဒမရှိကြပေ။ သူတို့သည် ဘုရားသခင်၏သားများဖြစ်ကြောင်း သန့်ရှင်းသောဝိညာဉ်တော်သည် သူတို့နှင့်အတူသက်သေမခံပေ။ (ရောမ ၈:၁၆ နှင့်နှိုင်းယှဉ်ပါ။) ယင်းအစား မိမိတို့သည် မြေကြီးပရဒိသုတွင် ထာဝစဉ်အသက်ရှင်ရန် မျှော်လင့်ချက်ရှိသော “အခြားသိုး” များဖြစ်ကြောင်း သူတို့အသိအမှတ်ပြုခဲ့ကြသည်။ (ယော. ၁၀:၁၆) ထို့ကြောင့် ၁၉၃၅ ခုနှစ်နောက်ပိုင်းတွင် ဟောပြောခြင်းလုပ်ငန်းသည် ‘လူအုပ်ကြီး’ ကိုစုသိမ်းရန်သာ အဓိကအာရုံစိုက်လာသည်။ ထိုသူတို့သည် အဆင်းအာရုံတွင် တမန်တော်ယောဟန်မြင်တွေ့ခဲ့သည့်အတိုင်း “ကြီးစွာသောဆင်းရဲ” ကိုကပ်ကျော်မည့်သူများဖြစ်သည်။—ဗျာ. ၇:၉၊ ၁၀၊ ၁၄

၁၅ သို့သော် ၁၉၃၀ ပြည့်လွန်နှစ်များမှစ၍ နှစ်များတစ်လျှောက် လူအချို့ကို ကောင်းကင်အသက်တာအတွက် ရွေးချယ်ခဲ့သည်။ အဘယ်ကြောင့်နည်း။ ယခင်ရွေးချယ်ထားသူအချို့သည် သစ္စာဖောက်သွားသောကြောင့် သူတို့နေရာတွင် အစားထိုးခြင်းဖြစ်နိုင်သည်။ (ဗျာ. ၃:၁၆ နှင့်နှိုင်းယှဉ်ပါ။) ပေါလုသည် အမှန်တရားကိုစွန့်ပစ်သွားသည့် မိမိသိကျွမ်းခဲ့သူများအကြောင်းပင် ပြောဆိုခဲ့သည်။ (ဖိ. ၃:၁၇-၁၉) ထိုသူတို့နေရာတွင် အစားထိုးရန် မည်သူတို့ကို ယေဟောဝါရွေးချယ်မည်နည်း။ ယင်းမှာ ကိုယ်တော်၏ဆုံးဖြတ်ချက်သာဖြစ်သည်။ သို့သော် ဘာသာဝင်လူသစ်များကိုမဟုတ်ဘဲ သတိရအောက်မေ့ပွဲကို ဦးဆုံးကျင်းပစဉ်က ယေရှုစကားပြောဆိုခဲ့သော တပည့်များနည်းတူ မိမိတို့၏သစ္စာရှိမှုကို အတိုင်းအတာတစ်ခုအထိ သက်သေထူပြီးသူများကိုသာ ဘုရားသခင်ရွေးချယ်မည်ဟု ယူဆနိုင်စရာအကြောင်းရှိသည်။ *လု. ၂၂:၂၈

၁၆။ ဝိညာဉ်တော်ဖွားများနှင့်ပတ်သက်၍ အဘယ်အချက်ကို ကျွန်ုပ်တို့ကျေးဇူးတင်ကြသနည်း၊ အဘယ်အရာကို ယုံကြည်စိတ်ချနိုင်သနည်း။

၁၆ သို့သော် ၁၉၃၀ ပြည့်လွန်နှစ်များမှစ၍ ရွေးချယ်ခံရသူအားလုံးမှာ သစ္စာဖောက်သူများနေရာတွင် အစားထိုးခြင်းဖြစ်ပုံမရပေ။ ဤအစီအစဉ်စနစ်၏ နောက်ဆုံးနေ့ရက်များတစ်လျှောက်နှင့် ‘မဟာဗာဗုလုန်’ ကိုဖျက်ဆီးချိန်အထိ ဝိညာဉ်တော်ဖွားခရစ်ယာန်များသည် ကျွန်ုပ်တို့နှင့်အတူရှိနေရန် ယေဟောဝါအသေအချာစီစဉ်ထားကြောင်း ထင်ရှားသည်။ * (ဗျာ. ၁၇:၅) ယေဟောဝါသတ်မှတ်ထားသောအချိန်တွင် ၁၄၄,၀၀၀ အရေအတွက်ပြည့်စုံမည်ဖြစ်ပြီး နောက်ဆုံးတွင် သူတို့အားလုံးသည် ဘုရားသခင့်နိုင်ငံတော်တွင်အုပ်စိုးမည်ကို ကျွန်ုပ်တို့ယုံကြည်စိတ်ချနိုင်ပါသည်။ ထို့ပြင် တိုးများလာနေသောလူအုပ်ကြီးသည် အုပ်စုလိုက်အနေဖြင့် သစ္စာရှိကြောင်း ဆက်တင်ပြသွားမည်ဟူသော ပရောဖက်ပြုစကားကိုလည်း ယုံကြည်နိုင်ပါသည်။ မကြာမီ ဤသူတို့သည် စာတန့်လောကပေါ်ကျရောက်မည့် ‘ကြီးစွာသောဆင်းရဲအထဲက ထွက်မြောက်၍’ ဘုရားသခင့်ကမ္ဘာသစ်သို့ ဝမ်းမြောက်စွာ ချီတက်ကြပါလိမ့်မည်။

ဘုရားသခင့်ကောင်းကင်အစိုးရ၏ အဖွဲ့ဝင်အရေအတွက်ပြည့်စုံလုနီး!

၁၇။ ၁ သက်သာလောနိတ် ၄:၁၅-၁၇ နှင့် ဗျာ. ၆:၉-၁၁ အရ သစ္စာရှိစွာသေဆုံးခဲ့သော ဝိညာဉ်တော်ဖွားခရစ်ယာန်များ အဘယ်အရာဖြစ်ခဲ့ပြီနည်း။

၁၇ အေဒီ ၃၃ ခုနှစ်မှစ၍ သောင်းနှင့်ချီသောဝိညာဉ်တော်ဖွားခရစ်ယာန်များသည် ခိုင်မာသောယုံကြည်ခြင်းရှိကြောင်း ဖော်ပြခဲ့ပြီး သေသည့်တိုင် သစ္စာရှိစွာခံရပ်ခဲ့ကြသည်။ ထိုသူတို့သည် ဘုရားသခင့်နိုင်ငံတော်ကိုဝင်စားထိုက်သည်ဟု ယူမှတ်ခံရပြီး ခရစ်တော်ရောက်ရှိသည့် အစောပိုင်းနေ့ရက်များမှစ၍ ကောင်းကင်ဆုကျေးဇူးကို အသီးသီးရရှိခဲ့ကြပြီ။—၁ သက်သာလောနိတ် ၄:၁၅-၁၇ နှင့် ဗျာ. ၆:၉-၁၁ ကိုဖတ်ပါ။

၁၈။ (က) မြေကြီးပေါ်တွင် ကျန်ရှိနေသေးသောဝိညာဉ်တော်ဖွားများ အဘယ်အရာကို ယုံကြည်စိတ်ချကြသနည်း။ (ခ) အခြားသိုးများသည် ဝိညာဉ်တော်ဖွားခရစ်ယာန်ညီအစ်ကိုများကို မည်သို့ရှုမြင်ကြသနည်း။

၁၈ မြေကြီးပေါ်တွင် ကျန်ရှိနေသေးသော ဝိညာဉ်တော်ဖွားများသည် ဆက်သစ္စာရှိသွားမည်ဆိုပါက မိမိတို့၏သစ္စာရှိလမ်းစဉ်အတွက် မကြာမီ ဆုချခံရမည်ဖြစ်ကြောင်း အပြည့်အဝယုံကြည်စိတ်ချကြသည်။ သန်းနှင့်ချီသောအခြားသိုးများသည် ဝိညာဉ်တော်ဖွားညီအစ်ကိုများ၏ ယုံကြည်ခြင်းအကြောင်း စဉ်းစားဆင်ခြင်သည့်အခါ သက်သာလောနိတ်မြို့ရှိ ဝိညာဉ်တော်ဖွားများအား တမန်တော်ပေါလုပြောခဲ့သည့် ဤစကားများကို သဘောတူကြသည်– ‘သင်တို့သည် ညှဉ်းဆဲခြင်း၊ ဆင်းရဲခြင်းကိုခံရသမျှတို့၌ သည်းခံ၍ ယုံကြည်ခြင်းရှိသည်ကို ငါတို့သည်ထောက်၍ ဘုရားသခင်၏အသင်းတော်များတွင် သင်တို့ကြောင့် ဝါကြွားကြ၏။ သင်တို့သည် ဘုရားသခင်၏နိုင်ငံတော်အတွက် ဆင်းရဲခံရ၍ ထိုနိုင်ငံတော်ကိုဝင်စားထိုက်သည်ဟု မှတ်တော်မူခြင်းကိုခံရစေခြင်းငှာ တရားသဖြင့် ဘုရားသခင်စီရင်တော်မူခြင်းအမှုသည် ထိုသို့သောအားဖြင့် ထင်ရှားလျက်ရှိ၏။’ (၂ သက်. ၁:၃-၅) မြေကြီးပေါ်ရှိ နောက်ဆုံးဝိညာဉ်တော်ဖွားအဖွဲ့ဝင်တစ်ဦးသည် မည်သည့်အချိန်တွင် သေဆုံးပါစေ ထိုအချိန်တွင် ဘုရားသခင့်ကောင်းကင်အစိုးရ၏ အဖွဲ့ဝင်အရေအတွက်ပြည့်စုံမည်ဖြစ်သည်။ ကောင်းကင်နှင့်မြေကြီးပေါ်တွင် အလွန်ဝမ်းမြောက်လိုက်မည်ဖြစ်ခြင်း!

[အောက်ခြေမှတ်ချက်များ]

^ အပိုဒ်၊ 15 ၁၉၉၂၊ မတ် ၁ ရက်ထုတ်ကင်းမျှော်စင် စာမျက်နှာ ၂၀၊ အပိုဒ် ၁၇ ကိုရှု။

^ အပိုဒ်၊ 16 ၂၀၀၇၊ မေ ၁ ရက်ထုတ် ကင်းမျှော်စင်၊ စာရှုသူများထံမှ မေးခွန်းလွှာ” ကိုရှု။

သင်ရှင်းပြနိုင်သလော

• တရားစီရင်ရာနေ့နှင့်ပတ်သက်၍ အဘယ်အချက်ကို အာဗြဟံအား ဘုရားသခင်ဖော်ပြခဲ့သနည်း။

• အာဗြဟံသည် ဖြောင့်မတ်သည်ဟု အဘယ်ကြောင့် ကြေညာခံခဲ့ရသနည်း။

• အာဗြဟံ၏မျိုးနွယ်ဝင်များ ဖြောင့်မတ်သည်ဟု ကြေညာခံရခြင်းက သူတို့အတွက် အဘယ်အရာကို ရရှိစေသနည်း။

• ခရစ်ယာန်အားလုံးတွင် အဘယ်ယုံကြည်စိတ်ချမှုရှိသနည်း။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၂၀ ပါပုံစာ]

ယေရှုသည် မိမိနောက်လိုက်များအား ဘုရားသခင့်နိုင်ငံတော်သို့ ဝင်ရောက်ရန် အားပေးခဲ့

[စာမျက်နှာ ၂၁ ပါပုံစာ]

အေဒီ ၃၃၊ ပင်တေကုတ္တေပွဲနေ့တွင် ယေဟောဝါသည် အာဗြဟံ၏မျိုးနွယ်ဝင်များကို ရွေးချယ်ခဲ့

[စာမျက်နှာ ၂၃ ပါပုံစာ]

အခြားသိုးသည် နောက်ဆုံးနေ့ရက်များအတွင်း မိမိတို့နှင့်အတူ ဝိညာဉ်တော်ဖွားခရစ်ယာန်များ ရှိနေခြင်းကြောင့် ကျေးဇူးတင်ကြ