မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

‘သခင်ထံမှ ခံယူထားသော အမှုတော်ကို သတိပြုလျက်နေပါ’

‘သခင်ထံမှ ခံယူထားသော အမှုတော်ကို သတိပြုလျက်နေပါ’

‘သခင်ထံမှ ခံယူထားသော အမှုတော်ကို သတိပြုလျက်နေပါ’

“သင်သည် သခင်ထံမှ ခံယူထားသော အမှုတော်ကို ပြီးမြောက်အောင် ဆောင်ရွက်ရန် သတိပြုလျက်နေပါ။” —ကော. ၄:၁၇၊ ကဘ။

၁၊ ၂။ ခရစ်ယာန်များသည် လူသားတို့အပေါ် အဘယ်တာဝန်ရှိနေသနည်း။

ကျွန်ုပ်တို့သည် ဝန်းကျင်ရှိလူတို့အပေါ် ကြီးလေးသောတာဝန်တစ်ရပ်ရှိနေသည်။ ယခု ထိုသူတို့၏ဆုံးဖြတ်ချက်သည် ‘ကြီးစွာသောဆင်းရဲခြင်း’ အတွင်း သူတို့၏သေရေးရှင်ရေးနှင့်ပတ်သက်နေ၏။ (ဗျာ. ၇:၁၄) “အသေခံဖို့ထုတ်သွားသော အသေခံလုသူ၊ သတ်ဖို့ရာထား၍ အသတ်ခံရန် တုန်လှုပ်လျက်သွားသူတို့ကို ကယ်လွှတ်လော့” ဟုနယပုံပြင်ကျမ်းရေးသူက ဆိုသည်။ အမှန်ပင် ထူးခြားသောစကားများဖြစ်၏။ လူတို့ရွေးချယ်ဆောင်ရွက်ရမည့်အရာကို ကျွန်ုပ်တို့သတိပေးရန် ပျက်ကွက်ပါက သွေးပြစ်ကင်းမည်မဟုတ်ပေ။ အထက်ပါကျမ်းချက်တွင်ပင် ဤသို့ဆက်ဖော်ပြ၏– “သင်က ‘ထိုအမှုကို ငါမသိ’ ဟုဆိုသော်လည်း စိတ်သဘောကိုချိန်သောအရှင်သည် မှတ်လျက်၊ သင့်ကိုစောင့်ကြည့်သောအရှင်သည် သိတော်မူမည်မဟုတ်လော။ ထိုအရှင်သည် လူအသီးအသီးတို့အား သူတို့အကျင့်နှင့်အလျောက် အကျိုးအပြစ်ကို ဆပ်ပေးတော်မူမည်မဟုတ်လော။” ရှင်းနေသည်မှာ၊ ယေဟောဝါ၏ကျေးကျွန်များသည် လူတို့ရင်ဆိုင်ရမည့်အန္တရာယ်ကို “မသိ” ဟု မဆိုနိုင်ကြပါ။—သု. ၂၄:၁၁၊ ၁၂သမ္မာ။

ယေဟောဝါသည် အသက်ကို တန်ဖိုးထားတော်မူသည်။ လူများနိုင်သမျှများများ၏အသက်ကို ကယ်တင်ရန် အစွမ်းကုန်ကြိုးစားလုပ်ဆောင်ဖို့ မိမိကျေးကျွန်များကို ကိုယ်တော်တိုက်တွန်းထားသည်။ ထို့ကြောင့် ဘုရားသခင်၏အမှုတော်ဆောင်သူတိုင်း သမ္မာကျမ်းစာပါ အသက်ကယ်သတင်းတရားကို ကြေညာကြရမည်။ ကျွန်ုပ်တို့၏တာဝန်သည် ကျရောက်တော့မည့်အန္တရာယ်ကို သတိပေးရသော ကင်းသမားတစ်ဦး၏တာဝန်နှင့် ဆင်တူသည်။ ကျွန်ုပ်တို့သည် ဖျက်ဆီးခံရမည့်သူတို့၏အသက်အတွက် သွေးပြစ်မကင်းသူများ မဖြစ်လိုကြပါ။ (ယေဇ. ၃၃:၁-၇) ထို့ကြောင့် ‘နှုတ်မြွက်တရားတော်ကိုဟောပြော’ ရန် ဇွဲထက်သန်စွာကြိုးစားနေဖို့ အလွန်အရေးကြီးလှသည်တကား!—၂ တိမောသေ ၄:၁၊ ၂၊ ကိုဖတ်ပါ။

၃။ ဤဆောင်းပါးနှင့် နောက်ဆောင်းပါးနှစ်ခုတွင် အဘယ်အကြောင်းအရာများကို သုံးသပ်မည်နည်း။

အသက်ကယ်သောခရစ်ယာန်ဓမ္မအမှု၌ အခက်အခဲများကို သင် မည်သို့အောင်မြင်ကျော်လွှားနိုင်ကြောင်း၊ လူများစွာကို သင် မည်သို့ကူညီပေးနိုင်ကြောင်း ဤဆောင်းပါးတွင် သုံးသပ်ပါမည်။ အရေးကြီးသောအမှန်တရားများကို သွန်သင်ရာ၌ သင်၏သွန်သင်ခြင်းနည်းပညာကို မည်သို့တိုးတက်စေနိုင်ကြောင်း နောက်ဆောင်းပါးတွင် ဆန်းစစ်ကြမည်။ တတိယဆောင်းပါးတွင်မူ ကမ္ဘာတစ်ဝန်း ဘုရားသခင့်နိုင်ငံတော်သတင်းကြွေးကြော်သူများ၏ အားရှိဖွယ်ရလဒ်အချို့ကို ဖော်ပြပါမည်။ ယင်းတို့ကိုမဆန်းစစ်မီ ကျွန်ုပ်တို့ခေတ်ကာလသည် အဘယ်ကြောင့် အလွန်ခဲယဉ်းကျပ်တည်းရကြောင်း သုံးသပ်ခြင်းက အကျိုးရှိပေမည်။

လူများစွာ အဘယ်ကြောင့် မျှော်လင့်ချက်မဲ့နေကြ

၄၊ ၅။ လူတို့သည် အဘယ်အရာကို ရင်ဆိုင်ကြုံတွေ့နေရပြီး အများစုမှာ မည်သို့တုံ့ပြန်ကြသနည်း။

ကမ္ဘာ့အခြေအနေများက ကျွန်ုပ်တို့သည် “ဤလောကစနစ်ကုန်ဆုံး” ချိန်တွင် အသက်ရှင်နေကြပြီး ယင်း၏အဆုံးနီးပြီဖြစ်ကြောင်း ဖော်ပြနေသည်။ ‘နောက်ဆုံးကာလ’ ၏လက္ခဏာများဟု ယေရှုနှင့်တပည့်တော်တို့ပြောခဲ့သော ဖြစ်ရပ်များနှင့်အခြေအနေများကို လူတို့ တွေ့ကြုံရင်ဆိုင်နေရသည်။ စစ်၊ အစာခေါင်းပါးခြင်း၊ ငလျင်လှုပ်ခြင်းအပါအဝင် ‘ဆင်းရဲခြင်း’ နှင့် အခြားဘေးဆိုးများကို လူတို့ကြုံတွေ့ခံစားနေရ၏။ တရားမဲ့ခြင်း၊ အတ္တဆန်ခြင်းနှင့် တရားမဲ့သဘောထားများလည်း နေရာတိုင်းတွင် ပျံ့နှံ့နေသည်။ ကျမ်းစာစံနှုန်းများနှင့်အညီနေထိုင်ရန် ကြိုးစားသူများအတွက်ပင် ယနေ့အချိန်သည် “ခဲယဉ်းသောကာလ” ဖြစ်၏။—မ. ၂၄:၃၊ ၆-၈၊ ၁၂ကဘ; ၂ တိ. ၃:၁-၅

သို့သော် လူအများစုမှာ ထိုကမ္ဘာ့အခြေအနေ၏ အဓိပ္ပာယ်အစစ်အမှန်ကို မသိရှိကြပါ။ ထို့ကြောင့် သူတို့သည် ကိုယ်တိုင်နှင့်မိသားစု ဘေးကင်းလုံခြုံရေးအတွက် စိုးရိမ်ပူပန်နေကြသည်။ ချစ်ရသူများသေဆုံးခြင်း သို့မဟုတ် အဖြစ်ဆိုးများ ကိုယ်တိုင်ကြုံတွေ့ရခြင်းတို့ကြောင့် လူများစွာ စိတ်ထိခိုက်နေကြသည်။ ယင်းတို့ အဘယ်ကြောင့် ဖြစ်ပျက်ရကြောင်း၊ ဖြေရှင်းနည်းကို အဘယ်နေရာတွင် တွေ့ရှိနိုင်ကြောင်း အတိအကျမသိ၍ အများစုမှာ မျှော်လင့်ချက်မဲ့နေကြ၏။—ဧ. ၂:၁၂

၆။ ‘မဟာဗာဗုလုန်’ သည် မိမိနောက်လိုက်များကို အဘယ်ကြောင့် မကူညီနိုင်သနည်း။

အယူမှား ကမ္ဘာ့ဘာသာရေးအင်ပါယာဖြစ်သည့် ‘မဟာဗာဗုလုန်’ သည် လူတို့ကို နှစ်သိမ့်မှုမပေးပါ။ ယင်းအစား “သူ၏ မတရားသောမေထုန်၏စပျစ်ရည်” အားဖြင့် လူတို့ကိုမူးယစ်စေသောကြောင့် လူတို့သည် ဘုရားသခင်နှင့်ရင်းနှီးသောဆက်ဆံရေး မည်သို့ရရှိနိုင်ကြောင်းမသိဘဲ စိတ်ရှုပ်ထွေးနေကြသည်။ ထို့ပြင် အယူမှားဘာသာသည် ပြည့်တန်ဆာကဲ့သို့ပြုမူကာ ‘လောကရှင်ဘုရင်တို့’ ကို ဖြားယောင်း၍ထိန်းချုပ်ထားသည်။ လူသားထုတစ်ရပ်လုံးကို အစိုးရ၏လက်ခုပ်ထဲမှရေဖြစ်စေရန် မှားယွင်းသောအယူဝါဒနှင့် နတ်ဆိုးပညာများ အသုံးပြုနေသည်။ အယူမှားဘာသာသည် ဤနည်းဖြင့် ဩဇာအာဏာရှိနေသော်လည်း ဘာသာရေးဆိုင်ရာအမှန်တရားကိုမူ လုံးဝလျစ်လျူရှုထားသည်။—ဗျာ. ၁၇:၁၊ ၂၊ ၅; ၁၈:၂၃

၇။ လူသားထုအများစုအတွက် အဘယ်အလားအလာ စောင့်ကြိုနေသနည်း၊ အချို့သူတို့မူ အဘယ်အကူအညီရရှိနိုင်သနည်း။

လူအများစုသည် ပျက်စီးခြင်းသို့ပို့ဆောင်သော လမ်းကျယ်ပေါ်ရောက်နေသည်ဟု ယေရှုသွန်သင်ခဲ့သည်။ (မ. ၇:၁၃၊ ၁၄) လူအချို့သည် ကျမ်းစာသွန်သင်ရာကို တမင်တကာငြင်းဆန်သောကြောင့် ထိုလမ်းကျယ်ပေါ်ရောက်နေကြသည်။ သို့သော် လူများစွာမှာ လှည့်စားခံရခြင်း သို့မဟုတ် ယေဟောဝါအမှန်တောင်းဆိုရာကို ခရစ်ယာန်ဘာသာရေးခေါင်းဆောင်များ မသွန်သင်ပေးခြင်းကြောင့် ထိုလမ်းကျယ်ပေါ်ရောက်နေကြခြင်းဖြစ်သည်။ အချို့သည် သူတို့၏ဘဝလမ်းစဉ်ကို ပြုပြင်ပြောင်းလဲရန် ကျမ်းစာဖြင့်ကျိုးကြောင်းရှင်းပြမည်ဆိုလျှင် လက်ခံကောင်းလက်ခံကြပေမည်။ သို့သော် မဟာဗာဗုလုန်တွင် ဆက်ရှိနေသူများ၊ ကျမ်းစာစံနှုန်းများကို ဆက်၍ဆန့်ကျင်နေသူများမူကား ‘ကြီးစွာသောဆင်းရဲခြင်း’ တွင် ကယ်တင်ခံရမည်မဟုတ်ပါ။—ဗျာ. ၇:၁၄

‘မပြတ်ဟောပြောလျက်နေလော့’

၈၊ ၉။ ပထမရာစုခရစ်ယာန်များသည် ဆန့်ကျင်မှုကြုံရသောအခါ မည်သို့တုံ့ပြန်ခဲ့သနည်း၊ အဘယ်ကြောင့်နည်း။

ယေရှုက မိမိတပည့်များသည် သတင်းကောင်းဟောပြောပြီး တပည့်ဖြစ်စေကြမည်ဟု မိန့်ဆိုခဲ့သည်။ (မ. ၂၈:၁၉၊ ၂၀) ထို့ကြောင့် ခရစ်ယာန်စစ်များသည် ဟောပြောခြင်းလုပ်ငန်းကို ဘုရားသခင်အပေါ်သစ္စာစောင့်သိမှုနှင့် ယုံကြည်ခြင်း တင်ပြသောလုပ်ရပ်အဖြစ် အမြဲပင်ရှုမြင်ကြသည်။ ယေရှု၏ကနဦးနောက်လိုက်များသည် ဆန့်ကျင်မှုကြုံရချိန်တွင်ပင် ဆက်၍ဟောပြောကြ၏။ ထို့ပြင် ခွန်အားရရှိရန် ယေဟောဝါကို မှီခိုအားထားပြီး ‘နှုတ်မြွက်တရားတော်ကို ရဲရင့်စွာဟောပြော’ နိုင်ရန် ကူညီပေးဖို့ ဆုတောင်းခဲ့ကြသည်။ ထို့ကြောင့် ယေဟောဝါသည် သူတို့အပေါ် သန့်ရှင်းသောဝိညာဉ်တော်သွန်းလောင်းခဲ့ရာ ရဲရင့်စွာဟောပြောခဲ့ကြသည်။—တ. ၄:၁၈၊ ၂၉-၃၁

ယေရှု၏နောက်လိုက်များသည် ဆန့်ကျင်မှုပြင်းထန်လာသောအခါ ဟောပြောခြင်းကို ရပ်တန့်ခဲ့ကြသလော။ လုံးဝ မရပ်တန့်ခဲ့ပါ။ ဂျူးဘာသာရေးခေါင်းဆောင်များသည် တမန်တော်များ၏ဟောပြောခြင်းကြောင့် အလွန်ဒေါသထွက်ကာ သူတို့ကို ဖမ်းဆီး၊ ခြိမ်းခြောက်၍ ရိုက်နှက်ခဲ့သည်။ သို့တိုင် သူတို့က “ယေရှုသည် ခရစ်တော်ဖြစ်၏ဟူ၍ ဧဝံဂေလိတရားကို မပြတ်ဟောပြောလျက်နေကြ၏။” “လူ၏စကားထက် ဘုရားသခင်၏စကားတော်ကို နားထောင်” ရမည်ဖြစ်ကြောင်း သူတို့ကောင်းစွာသဘောပေါက်သည်။—တ. ၅:၂၈၊ ၂၉၊ ၄၀-၄၂

၁၀။ ယနေ့ ခရစ်ယာန်များသည် အဘယ်စမ်းသပ်မှုများ ရင်ဆိုင်နေရသနည်း။ သူတို့၏အကျင့်ကောင်းမှ အဘယ်ရလဒ်ရရှိနိုင်သနည်း။

၁၀ ယနေ့ ဘုရားသခင့်ကျေးကျွန်အများစုသည် ဟောပြောခြင်းကြောင့် ရိုက်နှက်ခြင်း၊ ထောင်ချခြင်းမခံကြရပေ။ သို့သော် သူတို့အားလုံးသည် စမ်းသပ်မှုနှင့်စုံစမ်းမှုအမျိုးမျိုး ရင်ဆိုင်နေကြရသည်။ ဥပမာ၊ လူကြိုက်မများသောလမ်းစဉ်တစ်ခုကို လိုက်လျှောက်ရန် သို့မဟုတ် လူအများနည်းတူ မလုပ်ဆောင်ရန် ကျမ်းစာဖြင့်လေ့ကျင့်ထားသော သင့်ကိုယ်ကိုယ်ကိုယ်သိစိတ်က စေ့ဆော်ပေမည်။ သင်သည် ကျမ်းစာမူများနှင့်အညီ ဆုံးဖြတ်လုပ်ဆောင်သောကြောင့် အလုပ်ဖော်၊ ကျောင်းနေဖက်၊ အိမ်နီးချင်းများက သင့်ကို လူထူးလူဆန်းဟု ရှုမြင်ကြပေမည်။ မည်သို့ပင်ဖြစ်စေ၊ သူတို့၏အပျက်သဘောသည် သင့်အတွက် အတားအဆီးမဖြစ်သင့်ပါ။ ဤလောကသည် အမှန်တရားအလင်းမရှိသောကြောင့် မှောင်မိုက်နေသော်လည်း ခရစ်ယာန်များမူ “အလင်းဆောင်သူများအဖြစ် . . . ထွန်းလင်း” နေရမည်။ (ဖိ. ၂:၁၅ကဘ) သို့ဖြင့် စိတ်ရင်းမှန်သူများသည် သင်၏အကျင့်ကောင်းကိုတွေ့မြင်ကာ လေးစားပြီး နောက်ဆုံးတွင် ယေဟောဝါ၏ဂုဏ်တော်ကို ချီးမွမ်းနိုင်သည်။—မဿဲ ၅:၁၆ ကိုဖတ်ပါ။

၁၁။ (က) ဟောပြောခြင်းလုပ်ငန်းကို အချို့က မည်သို့တုံ့ပြန်ကြမည်နည်း။ (ခ) တမန်တော်ပေါလုသည် အဘယ်ဆန့်ကျင်မှုကိုရင်ဆိုင်ခဲ့ရပြီး မည်သို့တုံ့ပြန်ခဲ့သနည်း။

၁၁ ကျွန်ုပ်တို့သည် သတင်းကောင်းကို ဆက်ဟောပြောနိုင်ရန် ရဲစွမ်းသတ္တိရှိဖို့လိုသည်။ လူအချို့နှင့် ဆွေမျိုးများပင် သင့်ကို ကဲ့ရဲ့လှောင်ပြောင်ပေမည် သို့မဟုတ် သင်စိတ်ဓာတ်ကျသွားစေရန် တစ်နည်းနည်းဖြင့် ကြိုးစားကြပေမည်။ (မ. ၁၀:၃၆) တမန်တော်ပေါလုသည် ခရစ်ယာန်ဓမ္မအမှုကို သစ္စာရှိရှိထမ်းဆောင်သောကြောင့် တစ်ကြိမ်ထက်မက ရိုက်နှက်ခံရသည်။ ထိုဆန့်ကျင်မှုများကို သူမည်သို့တုံ့ပြန်ခဲ့ကြောင်း သုံးသပ်ကြည့်ပါ။ “ငါတို့သည် . . . ဆင်းရဲခြင်းနှင့်ညှဉ်းဆဲခြင်းကိုခံပြီးမှ ဘုရားသခင်ကိုအမှီပြု၍ ကြီးစွာသောတိုက်လှန်ခြင်းနှင့်တကွ ဘုရားသခင်၏ဧဝံဂေလိတရားကို သင်တို့အား ရဲရင့်စွာဟောပြောကြ၏” ဟုသူရေးခဲ့သည်။ (၁ သက်. ၂:၂) ပေါလုသည် ဖမ်းဆီးခံရ၊ အဝတ်ချွတ်၍ရိုက်နှက်ခံရကာ ထောင်ချခံရပြီးနောက် သတင်းကောင်းကို ဆက်ဟောပြောနိုင်ရန် ရဲစွမ်းသတ္တိရှိဖို့လိုသည်မှာ သေချာသည်။ (တ. ၁၆:၁၉-၂၄) ထိုသို့ဆက်ဟောပြောနိုင်ရန် အဘယ်အရာက သူ့ကိုရဲစွမ်းသတ္တိရှိစေခဲ့သနည်း။ ဘုရားသခင်ပေးအပ်ထားသော ဟောပြောခြင်းတာဝန်ကို ထမ်းဆောင်လိုသည့်ဆန္ဒ ပြင်းပြသောကြောင့်ဖြစ်၏။—၁ ကော. ၉:၁၆

၁၂၊ ၁၃။ အချို့သူတို့သည် အဘယ်အခက်အခဲများ ရင်ဆိုင်နေရသနည်း။ ယင်းတို့ကို အောင်မြင်ကျော်လွှားရန် သူတို့မည်သို့ကြိုးစားသနည်း။

၁၂ အိမ်တွင်လူမတွေ့ရသော သို့မဟုတ် သတင်းကောင်းကိုစိတ်မဝင်စားသော ရပ်ကွက်များတွင် ဇွဲထက်သန်စွာဟောပြောရန်မှာ စိန်ခေါ်ချက်တစ်ခု ဖြစ်နိုင်သည်။ ထိုအခြေအနေမျိုးတွင် ကျွန်ုပ်တို့ အဘယ်အရာလုပ်ဆောင်နိုင်သနည်း။ အလွတ်သဘောသက်သေခံနိုင်ရန် သတ္တိမွေးဖို့လိုပေမည်။ ထို့ပြင် ဟောပြောချိန်ကိုပြုပြင်ပြောင်းလဲဖို့ သို့မဟုတ် လူများများနှင့်တွေ့ဆုံနိုင်သည့်နေရာတွင် ဟောပြောဖို့လိုပေမည်။—ယောဟန် ၄:၇-၁၅; တမန်တော် ၁၆:၁၃; ၁၇:၁၇ တို့နှင့်နှိုင်းယှဉ်ပါ။

၁၃ အခြားသူတို့မူ အသက်အရွယ်အိုမင်းခြင်းနှင့် ကျန်းမာရေးချို့တဲ့ခြင်းတို့ကြောင့် ဟောပြောခြင်းလုပ်ငန်းတွင် အကန့်အသတ်ဖြင့်သာ ပါဝင်နိုင်ပေမည်။ သင်လည်း ထိုသို့ဖြစ်ပါက စိတ်ဓာတ်မကျပါနှင့်။ ယေဟောဝါသည် သင့်ကန့်သတ်ချက်များကို သိနားလည်ပြီး သင်လုပ်ဆောင်နိုင်ရာကို တန်ဖိုးထားတော်မူ၏။ (၂ ကောရိန္သု ၈:၁၂ ကိုဖတ်ပါ။) ဆန့်ကျင်မှု၊ လျစ်လျူရှုမှု၊ ကျန်းမာရေးချို့တဲ့မှုစသော မည်သည့်အခက်အခဲကိုပင် သင်ရင်ဆိုင်ရပါစေ အခြားသူများကို အတတ်နိုင်ဆုံး သတင်းကောင်းဟောပြောပါ။—မာကု ၁၂:၄၁-၄၄ နှင့်နှိုင်းယှဉ်ပါ; သု. ၃:၂၇

‘သင့်အမှုတော်ကို သတိပြုလျက်နေပါ’

၁၄။ တမန်တော်ပေါလုသည် ခရစ်ယာန်များအတွက် အဘယ်ပုံသက်သေချမှတ်ခဲ့ပြီး သူမည်သို့တိုက်တွန်းခဲ့သနည်း။

၁၄ တမန်တော်ပေါလုသည် ခရစ်ယာန်ဓမ္မအမှုကို ဇွဲထက်သန်စွာထမ်းဆောင်ပြီး ယုံကြည်သူချင်းများကိုလည်း ထိုအတိုင်းလုပ်ဆောင်ရန် တိုက်တွန်းခဲ့သည်။ (တ. ၂၀:၂၀၊ ၂၁; ၁ ကော. ၁၁:၁) ပေါလု အထူးအားပေးတိုက်တွန်းခဲ့သူမှာ ပထမရာစုမှခရစ်ယာန်တစ်ဦးဖြစ်သော အာခိပ္ပုဖြစ်၏။ ကောလောသဲအသင်းတော်ထံရေးသောစာတွင် ပေါလုဤသို့ဖော်ပြ၏– “အာခိပ္ပုအားလည်း ‘သင်သည် သခင်ထံမှ ခံယူထားသော အမှုတော်ကို ပြီးမြောက်အောင် ဆောင်ရွက်ရန် သတိပြုလျက်နေပါ’ ဟုပြောပေးကြလော့။” (ကော. ၄:၁၇ကဘ) အာခိပ္ပုသည် မည်သူဖြစ်ကြောင်းနှင့် သူ၏အခြေအနေမည်သို့ရှိကြောင်း ကျွန်ုပ်တို့မသိရသော်လည်း ခရစ်ယာန်ဓမ္မအမှုကိုလက်ခံရရှိသူဖြစ်သည်မှာ ထင်ရှားသည်။ သင်လည်း အပ်နှံထားသော ခရစ်ယာန်တစ်ဦးဖြစ်ပါက ခရစ်ယာန်ဓမ္မအမှုကိုလက်ခံရရှိထားပါသည်။ ထို့ကြောင့် ထိုတာဝန်ကို ပြီးမြောက်အောင်ဆောင်ရွက်နိုင်ရန် သတိပြုကြိုးစားနေပါသလော။

၁၅။ ခရစ်ယာန်တို့၏အပ်နှံခြင်းတွင် အဘယ်အရာပါဝင်သနည်း။ ယင်းက အဘယ်မေးခွန်းများ ပေါ်ပေါက်စေသနည်း။

၁၅ ကျွန်ုပ်တို့နှစ်ခြင်းမခံမီ ယေဟောဝါထံ လှိုက်လှဲစွာဆုတောင်းကာ ကျွန်ုပ်တို့၏အသက်တာကို အပ်နှံခဲ့ကြသည်။ ယင်းက ကိုယ်တော်၏အလိုတော်ကို ထမ်းဆောင်မည်ဟု သန္နိဋ္ဌာန်ချခြင်းဖြစ်၏။  ထို့ကြောင့်  ‘ဘုရားသခင်ရဲ့အလိုတော်ကို ထမ်းဆောင်ခြင်းက ငါ့ဘဝမှာ တကယ်ပဲ အရေးကြီးဆုံးအရာ ဖြစ်နေရဲ့လား’ ဟုကျွန်ုပ်တို့ကိုယ်ကို ယခုမေးသင့်သည်။ ကျွန်ုပ်တို့တွင် မိသားစုကိုထောက်ပံ့ခြင်းကဲ့သို့သော ယေဟောဝါလုပ်ဆောင်စေလိုသည့် တာဝန်များစွာလည်း ရှိပေမည်။ (၁ တိ. ၅:၈) သို့သော် ကျန်ရှိသောအချိန်နှင့်ခွန်အားကို မည်သို့အသုံးပြုနေသနည်း။ ဘဝတွင် ကျွန်ုပ်တို့ဦးစားထားရာကား အဘယ်နည်း။—၂ ကောရိန္သု ၅:၁၄၊ ၁၅ ကိုဖတ်ပါ။

၁၆၊ ၁၇။ ခရစ်ယာန်လူငယ်များ သို့မဟုတ် အခြားတာဝန်များစွာမရှိသူများသည် အဘယ်အရာကို သုံးသပ်နိုင်သနည်း။

၁၆ သင်သည် အခြေခံကျောင်းပညာရေး ပြီးသွားသော သို့မဟုတ် ပြီးခါနီးဖြစ်သော အပ်နှံထားသည့်ခရစ်ယာန်လူငယ်တစ်ဦးလော။ သို့ဆိုလျှင် သင်၌ မိသားစုနှင့်ပတ်သက်၍ ကြီးလေးသောတာဝန်ရှိဦးမည်မဟုတ်ပေ။ သင့်အသက်တာတွင် အဘယ်အရာလုပ်ဆောင်ရန် စီစဉ်ထားသနည်း။ ယေဟောဝါ၏အလိုတော်ကို အတတ်နိုင်ဆုံး ထမ်းဆောင်ပါမည်ဟူသော သင့်ကတိအတိုင်း လုပ်ဆောင်နိုင်ရန် အဘယ်ဆုံးဖြတ်ချက်များချမည်နည်း။ လူငယ်များစွာသည် ရှေ့ဆောင်လုပ်နိုင်ရန် မိမိတို့၏ကိုယ်ရေးကိုယ်တာကိစ္စများကို စီစဉ်ခဲ့ကြသဖြင့် အလွန်ပျော်ရွှင်ကျေနပ်မှုခံစားခဲ့ရသည်။—ဆာ. ၁၁၀:၃; ဒေ. ၁၂:၁

၁၇ သင်သည် အရွယ်ရောက်သူ လူငယ်တစ်ဦးဖြစ်ပြီး အချိန်ပြည့်လောကအလုပ်လုပ်သူဖြစ်လျှင် ကိုယ့်ကိုယ်ကိုထောက်ပံ့ရသည်မှလွဲ၍ အခြားတာဝန်များစွာရှိမည်မဟုတ်ပေ။ ထို့ကြောင့် အသင်းတော်လုပ်ငန်းဆောင်တာများတွင် အတတ်နိုင်ဆုံး ပါဝင်လုပ်ဆောင်ရသည်ကို သင်ပျော်ရွှင်မည်မှာ သေချာသည်။ သို့သော် ထိုထက်ပို၍ပျော်ရွှင်ရန် လုပ်ဆောင်နိုင်မည်လော။ သင်၏ခရစ်ယာန်ဓမ္မအမှုကိုတိုးချဲ့ရန် စဉ်းစားဖူးသလော။ (ဆာ. ၃၄:၈; သု. ၁၀:၂၂) ဒေသအချို့တွင် လူတိုင်းထံ အသက်ပေးအမှန်တရားသတင်းရောက်ရှိရန် များစွာလုပ်ဆောင်ဖို့ လိုအပ်နေဆဲဖြစ်၏။ သတင်းကောင်းကြွေးကြော်သူများ သာ၍လိုအပ်သောဒေသတစ်ခုတွင် အမှုဆောင်နိုင်ရန် သင့်အသက်တာကို ပြုပြင်ပြောင်းလဲနိုင်မည်လော။—၁ တိမောသေ ၆:၆-၈ ကိုဖတ်ပါ။

၁၈။ လူငယ်မောင်နှံတစ်စုံသည် အဘယ်ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ခဲ့သနည်း။ အဘယ်ရလဒ်ရရှိသနည်း။

၁၈ အမေရိကန်ပြည်ထောင်စုမှ ကီဗင်နှင့်အီလဲန်နာတို့၏ပုံသက်သေကို သုံးသပ်ကြည့်ပါ။ * ကြင်စဦးဇနီးမောင်နှံအနေဖြင့် သူတို့သည် ကိုယ်ပိုင်အိမ်တစ်လုံးရှိရမည်ဟု ယူဆသောကြောင့် အိမ်ဝယ်ခဲ့ကြသည်။ နှစ်ဦးစလုံး အချိန်ပြည့်အလုပ်လုပ်သောကြောင့် သက်သောင့်သက်သာဘဝဖြင့် နေထိုင်နိုင်သည်။ သို့သော် လောကအလုပ်နှင့် အိမ်မှုကိစ္စများကြောင့် လယ်ကွင်းလုပ်ငန်းတွင် အချိန်သိပ်မပေးနိုင်ပေ။ မိမိတို့ပိုင်ဆိုင်ရာများအတွက် အချိန်နှင့်ခွန်အား အားလုံးနီးပါးမြှုပ်နှံထားကြောင်း သူတို့သဘောပေါက်လာသည်။ ထို့ပြင် ရိုးရှင်းသောဘဝဖြင့် ပျော်ရွှင်စွာရှေ့ဆောင်လုပ်နေသော မောင်နှံတစ်စုံကို သတိပြုမိသည့်အခါ မိမိတို့၏ဦးစားထားရာကို ပြုပြင်ပြောင်းလဲရန် ဆုံးဖြတ်ခဲ့သည်။ သို့နှင့် ယေဟောဝါ၏လမ်းညွှန်မှုရရန် ဆုတောင်းပြီးနောက် သူတို့၏အိမ်ကိုရောင်းကာ တိုက်ခန်းတစ်ခုသို့ ပြောင်းရွှေ့ခဲ့သည်။ အီလဲန်နာသည် အလုပ်ချိန်ကိုလျှော့ချလိုက်ပြီး ရှေ့ဆောင်လုပ်ခဲ့သည်။ ဇနီးဖြစ်သူသည် ခရစ်ယာန်ဓမ္မအမှုတွင် ပျော်ရွှင်မှုခံစားနေရကြောင်း တွေ့သောအခါ ကီဗင်လည်း အချိန်ပြည့်အလုပ်မှရပ်နားကာ ရှေ့ဆောင်စလုပ်လေသည်။ အတန်ကြာသော် သူတို့သည် သတင်းကောင်းကြွေးကြော်သူများ ပို၍လိုအပ်သောဒေသတွင် အမှုဆောင်နိုင်ရန် တောင်အမေရိကနိုင်ငံတစ်နိုင်ငံသို့ ပြောင်းရွှေ့ခဲ့သည်။ “ကျွန်တော်တို့အိမ်ထောင်ရေးက အမြဲသာယာပါတယ်။ ဒါပေမဲ့ ဘုရားသခင်ရဲ့အမှုတော်မှာ ပိုပါဝင်တဲ့အခါ ကျေနပ်ပျော်ရွှင်မှု ပိုခံစားခဲ့ရတယ်” ဟုကီဗင်ပြောပြသည်။—မဿဲ ၆:၁၉-၂၂ ကိုဖတ်ပါ။

၁၉၊ ၂၀။ ယနေ့အချိန်တွင် သတင်းကောင်းဟောပြောခြင်းသည် အဘယ်ကြောင့် အရေးကြီးဆုံးလုပ်ငန်းဖြစ်သနည်း။

၁၉ သတင်းကောင်းဟောပြောခြင်းလုပ်ငန်းသည် ယနေ့ ကမ္ဘာပေါ်တွင် အရေးကြီးဆုံးလုပ်ငန်းဖြစ်၏။ (ဗျာ. ၁၄:၆၊ ၇) ထိုလုပ်ငန်းသည် ယေဟောဝါ၏နာမတော်ကို သန့်ရှင်းမြင့်မြတ်စေသည်။ (မ. ၆:၉) ထို့ပြင် ကျမ်းစာသတင်းတရားသည် ယင်းကို လက်ခံယုံကြည်သူထောင်ပေါင်းများစွာ၏ အသက်တာကို တိုးတက်ကောင်းမွန်စေပြီး ကယ်တင်ခြင်းသို့ ပို့ဆောင်ပေးနိုင်သည်။ သို့သော် “ဟောပြောသောသူမရှိလျှင် အဘယ်သို့ကြားနိုင်မည်နည်း” ဟုတမန်တော်ပေါလုမေးခဲ့သည်။ (ရော. ၁၀:၁၄၊ ၁၅) မှန်လိုက်လေခြင်း! ထို့ကြောင့် သင်၏ခရစ်ယာန်ဓမ္မအမှုကို ပြီးမြောက်အောင်ဆောင်ရွက်ရန် အတတ်နိုင်ဆုံးလုပ်ဆောင်ဖို့ သန္နိဋ္ဌာန်ချထားပါ။

၂၀ ဤခဲယဉ်းသောကာလ၏အရေးကြီးမှုနှင့် မိမိတို့ဆုံးဖြတ်ချက်၏အကျိုးဆက်များကို လူတို့သဘောပေါက်လာရန် သင် ကူညီပေးနိုင်သည့် နောက်နည်းတစ်နည်းမှာ သင့်သွန်သင်ခြင်းစွမ်းရည်ကို တိုးတက်စေခြင်းဖြစ်၏။ ယင်းကို မည်သို့တိုးတက်စေနိုင်ကြောင်း နောက်ဆောင်းပါးတွင် ဆွေးနွေးပါမည်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 18 နာမည်ပြောင်းထားသည်။

သင်မည်သို့ဖြေဆိုမည်နည်း

• ခရစ်ယာန်များသည် လူတို့အပေါ် အဘယ်တာဝန်ရှိနေသနည်း။

• ဟောပြောခြင်းလုပ်ငန်းတွင် အတားအဆီးများကို မည်သို့အောင်မြင်ကျော်လွှားသင့်သနည်း။

• ကျွန်ုပ်တို့လက်ခံရရှိထားသော ခရစ်ယာန်ဓမ္မအမှုကို မည်သို့ ပြီးမြောက်အောင်ဆောင်ရွက်နိုင်သနည်း။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၅ ပါပုံစာ]

ဆန့်ကျင်မှုကြားတွင် ဟောပြောနိုင်ရန် ရဲစွမ်းသတ္တိလိုအပ်

[စာမျက်နှာ ၇ ပါပုံစာ]

အိမ်တွင်လူတို့ကိုမတွေ့ရသော ရပ်ကွက်များ၌ သင်ဟောပြောသည့်အခါ အဘယ်အရာလုပ်ဆောင်နိုင်သနည်း