မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်၏ “သွန်သင်ခြင်းနည်းပညာ” ကို သတိပြုလော့

သင်၏ “သွန်သင်ခြင်းနည်းပညာ” ကို သတိပြုလော့

သင်၏ “သွန်သင်ခြင်းနည်းပညာ” ကို သတိပြုလော့

‘နှုတ်မြွက်တရားတော်ကို ဟောပြောလော့။ . . . အပြစ်ကိုဖော်ပြလော့။ ဆုံးမခြင်းကိုပြုလော့။ အလွန်ရှည်သောစိတ်နှင့် [“သွန်သင်ခြင်းနည်းပညာဖြင့်၊” ကဘ] တိုက်တွန်းသွေးဆောင်လော့။’—၂ တိ. ၄:၂

၁။ ယေရှုသည် မိမိတပည့်များကို အဘယ်တာဝန်ပေးအပ်ခဲ့ပြီး အဘယ်ပုံသက်သေချမှတ်ခဲ့သနည်း။

ယေရှုသည် မြေကြီးပေါ်အမှုတော်ဆောင်ချိန်တွင် အံ့ဖွယ်နည်းဖြင့် ရောဂါများကုသပေးသော်လည်း ကိုယ်တော့်ကို အံ့ဖွယ်အမှုပြုသူအဖြစ်မဟုတ်ဘဲ သွန်သင်သူ၊ ဆရာတစ်ဦးအဖြစ် လူသိများခဲ့သည်။ (မာ. ၁၂:၁၉ကဘ; ၁၃:၁ကဘ) ယေရှု၏အဓိကလုပ်ငန်းမှာ ဘုရားသခင့်နိုင်ငံတော်သတင်းကောင်း ဟောပြောခြင်းဖြစ်ပြီး ယနေ့ ကိုယ်တော့်နောက်လိုက်များလည်း အလားတူပင်ဖြစ်၏။ ကိုယ်တော်ပေးသမျှသော ပညတ်တော်တို့ကို လူတို့စောင့်ရှောက်စေရန် သွန်သင်ခြင်းဖြင့် တပည့်ဖြစ်စေခြင်းလုပ်ငန်းကို ဆက်လုပ်ဆောင်ရန် ခရစ်ယာန်များ တာဝန်ရရှိထားကြသည်။—မ. ၂၈:၁၉၊ ၂၀

၂။ ဟောပြောခြင်းတာဝန်ကို ကျေပွန်စွာထမ်းဆောင်နိုင်ရန် ကျွန်ုပ်တို့ အဘယ်အရာလုပ်ဆောင်ဖို့လိုသနည်း။

တပည့်ဖြစ်စေခြင်းတာဝန်ကို ကျေပွန်နိုင်ရန် ကျွန်ုပ်တို့၏သွန်သင်ခြင်းစွမ်းရည် တိုးတက်စေဖို့ မပြတ်ကြိုးစားရမည်။ တမန်တော်ပေါလုက မိမိ၏လုပ်ဖော်ဆောင်ဖက်တိမောသေထံ စာရေးရာတွင် သွန်သင်ခြင်းစွမ်းရည်၏ အရေးကြီးမှုကို အလေးပေးဖော်ပြခဲ့၏။ သူဤသို့ရေးခဲ့သည်– “ကိုယ်ကိုလည်းကောင်း၊ ကိုယ့် [“သွန်သင်ခြင်း၊” ကဘ] ကိုလည်းကောင်း သတိပြု၍ အမြဲတည်နေလော့။ ထိုသို့ပြုလျှင် ကိုယ်ကိုလည်းကောင်း၊ နားထောင်သောသူတို့ကိုလည်းကောင်း ကယ်တင်လိမ့်မည်။” (၁ တိ. ၄:၁၆) ပေါလုဆိုလိုသည့်သွန်သင်ခြင်းမှာ အသိပညာကိုဝေမျှရုံမျှမဟုတ်ပါ။ ထိရောက်သော ခရစ်ယာန်ဓမ္မအမှုဆောင်များသည် လူတို့၏နှလုံးကိုထိမိစေပြီး လူတို့၏ဘဝလမ်းစဉ်ပြောင်းလဲစေရန် လှုံ့ဆော်ပေးသည်။ ယင်းသည် နည်းပညာတစ်ခုဖြစ်၏။ သို့ဆိုလျှင် အခြားသူများအား ဘုရားသခင့်နိုင်ငံတော်သတင်းကောင်း ဟောပြောရာတွင် “သွန်သင်ခြင်းနည်းပညာ” ကို မည်သို့တိုးတက်စေနိုင်မည်နည်း။—၂ တိ. ၄:၂ကဘ။

“သွန်သင်ခြင်းနည်းပညာ” ကို တိုးတက်စေခြင်း

၃၊ ၄။ (က) ကျွန်ုပ်တို့၏ “သွန်သင်ခြင်းနည်းပညာ” ကို မည်သို့တိုးတက်စေနိုင်သနည်း။ (ခ) သီအိုကရက်တစ်ဓမ္မအမှုကျောင်းသည် ထိရောက်သောသွန်သင်သူများဖြစ်လာရန် ကျွန်ုပ်တို့ကို မည်သို့ကူညီပေးသနည်း။

အဘိဓာန်တစ်အုပ်က “နည်းပညာ” ကို “လေ့လာခြင်း၊ ကျင့်သုံးခြင်း သို့မဟုတ် ကြည့်ရှုမှတ်သားခြင်းဖြင့် ရရှိလာသည့် စွမ်းရည်တစ်ခု” ဟုအဓိပ္ပာယ်ဖွင့်ထား၏။ သတင်းကောင်းကို ထိရောက်စွာသွန်သင်နိုင်ရန် ထိုကဏ္ဍသုံးရပ်စလုံးကို ကျွန်ုပ်တို့ဂရုပြုဖို့လိုသည်။ ကျွန်ုပ်တို့သည် အကြောင်းအရာတစ်ခုကို ဆုတောင်းပြီးလေ့လာမှသာ ယင်းကို တိကျမှန်ကန်စွာသဘောပေါက်နိုင်မည်။ (ဆာလံ ၁၁၉:၂၇၊ ၃၄ ကိုဖတ်ပါ။) ထိရောက်သော ခရစ်ယာန်ဓမ္မအမှုဆောင်များ၏သွန်သင်မှုကို ကြည့်ရှုမှတ်သားခြင်းဖြင့် သူတို့၏နည်းစနစ်များကိုသိရှိပြီး တုပနိုင်သည်။ ထို့ပြင် သင်ယူသိရှိခဲ့ရာများကိုကျင့်သုံးရန် မှန်မှန်ကြိုးစားခြင်းက ကျွန်ုပ်တို့၏စွမ်းရည်ကို တိုးတက်ကောင်းမွန်စေပေမည်။—လု. ၆:၄၀; ၁ တိ. ၄:၁၃-၁၅

ယေဟောဝါသည် ကျွန်ုပ်တို့၏မဟာသွန်သင်ရှင်ဖြစ်တော်မူ၏။ ဟောပြောခြင်းတာဝန်ကို မည်သို့ကျေပွန်နိုင်ကြောင်း မိမိကျေးကျွန်များသိရှိစေရန် မျက်မြင်ရအဖွဲ့အစည်းမှတစ်ဆင့် ကိုယ်တော် သွန်သင်ညွှန်ကြားနေသည်။ (ဟေရှာ. ၃၀:၂၀၊ ၂၁) ထို့ကြောင့် အသင်းတော်အားလုံးသည် သီအိုကရက်တစ်ဓမ္မအမှုကျောင်းကို အပတ်စဉ်ကျင်းပပြီး ယင်းတွင်ပါဝင်သူတိုင်းအား ဘုရားသခင်၏နိုင်ငံတော်သတင်းကို ထိရောက်စွာကြေညာနိုင်ရန် ကူညီပေးသည်။ ထိုကျောင်းအတွက် အဓိကသင်ရိုးစာအုပ်မှာ သမ္မာကျမ်းစာဖြစ်၏။ ယေဟောဝါ၏နှုတ်မြွက်တော်သည် အဘယ်အရာသွန်သင်ရမည်ကို ဖော်ပြသည်။ ထို့ပြင် မည်သည့်သွန်သင်နည်းစနစ်များသည် အထိရောက်ဆုံးနှင့် အသင့်တော်ဆုံးဖြစ်ကြောင်း ဖော်ပြသည်။ ကျွန်ုပ်တို့သည် ဘုရားသခင့်နှုတ်မြွက်တော်ကိုအခြေခံ၍ သွန်သင်မည်၊ မေးခွန်းများကို ထိရောက်စွာအသုံးပြုမည်၊ ရိုးရိုးရှင်းရှင်းသွန်သင်မည်၊ အခြားသူများကို အမှန်တကယ်စိတ်ဝင်စားမှုပြမည်ဆိုလျှင် ကျွမ်းကျင်သောသွန်သင်သူများဖြစ်လာနိုင်ကြောင်း သီအိုကရက်တစ်ဓမ္မအမှုကျောင်းက အမြဲနှိုးဆော်ပေးသည်။ ထိုအချက်တစ်ချက်စီကို သုံးသပ်ကြည့်ကြစို့။ ထို့နောက် သင်သား၏နှလုံးထဲရောက်အောင် မည်သို့သွန်သင်နိုင်သည်ကို ဆက်သုံးသပ်သွားမည်။

ဘုရားသခင့်နှုတ်မြွက်တော်ကို အခြေခံ၍သွန်သင်ပါ

၅။ ကျွန်ုပ်တို့၏သွန်သင်ခြင်းသည် အဘယ်အရာပေါ်တွင် အခြေပြုသင့်သနည်း။ အဘယ်ကြောင့်နည်း။

အကြီးမြတ်ဆုံးဆရာယေရှုသည် သမ္မာကျမ်းစာကိုအခြေခံ၍ သွန်သင်ခဲ့သည်။ (မ. ၂၁:၁၃; ယော. ၆:၄၅; ၈:၁၇) ကိုယ်တော်သည် မိမိသဘောအတိုင်းမဟောပြောဘဲ မိမိကိုစေလွှတ်သောသူ၏နာမတော်ကိုအမှီပြု၍ ဟောပြောခဲ့သည်။ (ယော. ၇:၁၆-၁၈) ယင်းသည် ကျွန်ုပ်တို့လိုက်လျှောက်သော ပုံသက်သေတစ်ခုဖြစ်၏။ ထို့ကြောင့် တစ်အိမ်မှတစ်အိမ်တွင်ဖြစ်စေ၊ ကျမ်းစာသင်အံမှုတွင်ဖြစ်စေ ဘုရားသခင်၏နှုတ်မြွက်တော်ကို အဓိကအမှီပြု၍ သွန်သင်သင့်၏။ (၂ တိ. ၃:၁၆၊ ၁၇) ကျွန်ုပ်တို့၏ကျိုးကြောင်းဆင်ခြင်မှုသည် မည်မျှပင်ထိမိပိုင်နိုင်ပါစေ သမ္မာကျမ်းစာ၏ထိရောက်မှုနှင့် အစွမ်းထက်မှုတို့ကို မယှဉ်နိုင်ပါ။ သမ္မာကျမ်းစာသည် အစွမ်းတန်ခိုးရှိ၏။ သင်သားနားလည်နိုင်ရန် ကျွန်ုပ်တို့မည်မျှပင်ကြိုးစားပါစေ အကောင်းဆုံးနည်းမှာ ကျမ်းစာသွန်သင်ရာကို သင်သားအား ဖတ်ရှုစေခြင်းဖြစ်၏။—ဟေဗြဲ ၄:၁၂ ကိုဖတ်ပါ။

၆။ ဆွေးနွေးသည့်အကြောင်းအရာကို သင်သား အမှန်သဘောပေါက်နိုင်ရန် သွန်သင်သူတစ်ဦး မည်သို့လုပ်ဆောင်နိုင်သနည်း။

ယင်းက ခရစ်ယာန်သွန်သင်သူတစ်ဦးသည် ကျမ်းစာသင်အံမှုအတွက် ပြင်ဆင်စရာမလိုဟု မဆိုလိုပါ။ သင်အံမှုကျင်းပစဉ် မည်သည့်ကျမ်းချက်ကို သူကိုယ်တိုင် သို့မဟုတ် သင်သားဖတ်ရှုမည်ကို အသေအချာ ကြိုတင်ရွေးချယ်ထားသင့်သည်။ အများအားဖြင့် ကျွန်ုပ်တို့၏ယုံကြည်ချက်ကိုထောက်ခံသော ကျမ်းချက်များကိုဖတ်ရှုခြင်းမှာ သင့်လျော်ပါသည်။ သင်သားဖတ်ရှုသွားသော ကျမ်းချက်တစ်ချက်စီ၏ဆိုလိုရင်းကို နားလည်နိုင်ရန် ကူညီပေးဖို့လည်း လိုအပ်သည်။—၁ ကော. ၁၄:၈၊ ၉

မေးခွန်းများကို ထိရောက်စွာအသုံးပြုပါ

၇။ မေးခွန်းများအသုံးပြုခြင်းသည် အဘယ်ကြောင့် ထိရောက်သောသွန်သင်နည်းတစ်ခုဖြစ်သနည်း။

မေးခွန်းများကို ထိရောက်စွာအသုံးပြုခြင်းက စဉ်းစားတွေးခေါ်နိုင်စွမ်းကို လှုံ့ဆော်ပေးပြီး သင်သား၏နှလုံးကို ထိမိစေသည်။ ထို့ကြောင့် ကျမ်းချက်များကို ကိုယ်တိုင်ရှင်းပြမည့်အစား သူ့ကိုရှင်းပြစေပါ။ တစ်ခါတစ်ရံ သင်သားသဘောပေါက်နိုင်ရန် ထပ်ဆင့်မေးခွန်းတစ်ခု သို့မဟုတ် မေးခွန်းများဆက်တိုက်မေးဖို့ လိုကောင်းလိုပေမည်။ ထိုသို့သွန်သင်ပေးမည်ဆိုလျှင် အယူအဆတစ်ခု၏အခြေခံအကြောင်းရင်းများကို သူသဘောပေါက်ရုံသာမက ယင်းကို သူကိုယ်တိုင် ယုံကြည်လက်ခံလာရန် ကူညီပေးနေခြင်းဖြစ်သည်။—မ. ၁၇:၂၄-၂၆; လု. ၁၀:၃၆၊ ၃၇

၈။ သင်သား၏ နှလုံးထဲ၌ရှိသောအရာကို မည်သို့ပိုင်းခြားသိမြင်နိုင်သနည်း။

ကျွန်ုပ်တို့၏စာပေများတွင် အသုံးပြုသောလေ့လာနည်းစနစ်မှာ မေးဖြေဆွေးနွေးခြင်းဖြစ်၏။ သင်နှင့်ကျမ်းစာလေ့လာနေသူအများစုသည်  ပုံနှိပ်ထားသောမေးခွန်း၏အဖြေကို သက်ဆိုင်ရာအပိုဒ်များမှ ချက်ချင်းဖြေဆိုနိုင်မည်မှာ သေချာသည်။ သို့သော် နှလုံးကိုထိမိစေလိုသောသွန်သင်သူသည် အဖြေမှန်ရရုံဖြင့် မကျေနပ်သင့်ပေ။ ဥပမာ၊ သင်သားသည် မတရားမေထုန်နှင့်ပတ်သက်၍ ကျမ်းစာသွန်သင်ရာကို မှန်ကန်စွာရှင်းပြနိုင်ပေမည်။ (၁ ကော. ၆:၁၈) သို့သော် သဘောထားမေးခွန်းများကို လိမ္မာပါးနပ်စွာမေးခြင်းဖြင့် သင်ယူနေသည့်အရာကို သူမည်သို့ယူဆကြောင်း သိရှိနိုင်သည်။ ထို့ကြောင့် သွန်သင်သူတစ်ဦးအနေဖြင့် ဤသို့မေးနိုင်သည်– “အိမ်ထောင်ဖက်မဟုတ်သူနဲ့ လိင်ဆက်ဆံတာကို ကျမ်းစာက ဘာကြောင့်တားမြစ်ရသလဲ။ ဘုရားသခင် ဒီလိုတားမြစ်တာကို ခင်ဗျားဘယ်လိုသဘောထားသလဲ။ ဘုရားသခင်ချမှတ်ထားတဲ့ ကိုယ်ကျင့်တရားစံနှုန်းနဲ့အညီ နေထိုင်တဲ့အတွက် အကျိုးခံစားရမယ်လို့ ခင်ဗျားထင်သလား။” သင်သား၏အဖြေက သူ့နှလုံးထဲ၌ရှိသောအရာကို ဖော်ထုတ်ပေးနိုင်သည်။—မဿဲ ၁၆:၁၃-၁၇ ကိုဖတ်ပါ။

ရိုးရိုးရှင်းရှင်းတင်ဆက်ပါ

၉။ ကျမ်းစာအကြောင်းအရာများ ရှင်းပြသည့်အခါ အဘယ်အရာကို စိတ်စွဲမှတ်ထားသင့်သနည်း။

သမ္မာကျမ်းစာတွင်ပါသော အမှန်တရားအများစုသည် အတော်ပင်ရိုးရှင်း၏။ သို့သော် ကျွန်ုပ်တို့နှင့်ကျမ်းစာလေ့လာနေသူများသည် အယူမှားဘာသာ၏ သွန်သင်ချက်များကြောင့် စိတ်ရှုပ်နေကြပေမည်။ သွန်သင်သူများအနေဖြင့် ကျွန်ုပ်တို့၏တာဝန်မှာ ကျမ်းစာကို နားလည်လွယ်အောင် ရှင်းပြပေးခြင်းဖြစ်၏။ ထိရောက်သောသွန်သင်သူများသည် အကြောင်းအရာကို နားလည်လွယ်အောင် ရိုးရိုးရှင်းရှင်းနှင့် တိကျမှန်ကန်စွာသွန်သင်ကြသည်။ ထိုအတိုင်းလုပ်ဆောင်ပါက အမှန်တရားကို မလိုအပ်ဘဲ ရှုပ်ထွေးစေမည်မဟုတ်ပါ။ မလိုအပ်သော အသေးစိတ်အချက်အလက်များကို မပြောပါနှင့်။ ကျွန်ုပ်တို့ဖတ်ရှုသောကျမ်းချက်တစ်ချက်ကို ရှုထောင့်အမျိုးမျိုးဖြင့် ရှင်းပြဖို့မလိုပါ။ ဆွေးနွေးနေသောအဓိကအချက် ပေါ်လွင်စေရန် လိုအပ်သည့်အရာကိုသာ ရှင်းပြပါ။ သင်သားသည် သူ၏သိနားလည်မှု တိုးတက်လာသည်နှင့်အမျှ နက်နဲသောကျမ်းစာအမှန်တရားများကို တဖြည်းဖြည်းသဘောပေါက်လာပေမည်။—ဟေဗြဲ ၅:၁၃၊ ၁၄

၁၀။ လေ့လာမှုတစ်ခုတွင် အကြောင်းအရာမည်မျှသုံးသပ်မည်ကို အဘယ်အချက်များအပေါ်မူတည်၍ ဆုံးဖြတ်မည်နည်း။

၁၀ လေ့လာမှုတစ်ခုတွင် အကြောင်းအရာ မည်မျှသုံးသပ်သင့်သနည်း။ ယင်းကိုဆုံးဖြတ်ရာတွင် ပိုင်းခြားသိမြင်မှုလိုအပ်သည်။ သင်သားနှင့်သွန်သင်သူ၏ စွမ်းရည်များ၊ အခြေအနေများမှာ ကွာခြားပေမည်။ သို့သော် သွန်သင်သူများအနေဖြင့် ကျွန်ုပ်တို့၏ရည်မှန်းချက်မှာ သင်သားကို ခိုင်ခံ့သောယုံကြည်ခြင်းရှိစေရန် ကူညီပေးဖို့ဖြစ်ကြောင်း စိတ်စွဲမှတ်ထားသင့်သည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် သမ္မာကျမ်းစာမှ အမှန်တရားများကို သင်သား ဖတ်ရှု၊ နားလည်ကာ လက်ခံနိုင်ရန် အချိန်အလုံအလောက်ပေးကြသည်။ သူနားလည်နိုင်သည်ထက် ပို၍မလေ့လာကြပါ။ တစ်ချိန်တည်းတွင် လေ့လာမှုကို ပုံမှန်ဆက်ပြုလုပ်သွားပြီး အဓိကအချက်ကို သူသဘောပေါက်သွားသည်နှင့် နောက်အကြောင်းအရာတစ်ခုကို ဆက်လေ့လာကြသည်။—ကော. ၂:၆၊ ၇

၁၁။ သွန်သင်ခြင်းနှင့်ပတ်သက်၍ တမန်တော်ပေါလုထံမှ အဘယ်သင်ခန်းစာယူနိုင်သနည်း။

၁၁ တမန်တော်ပေါလုသည် လူသစ်များကိုဟောပြောသောအခါ သတင်းတရားကို ရိုးရိုးရှင်းရှင်းတင်ဆက်ခဲ့သည်။ သူသည် ပညာတတ်တစ်ဦးဖြစ်သည့်တိုင် စကားကြီးစကားကျယ်များကို မသုံးခဲ့ပါ။ (၁ ကောရိန္သု ၂:၁၊ ၂ ကိုဖတ်ပါ။) ကျမ်းစာအမှန်တရား၏ရိုးရှင်းမှုက စိတ်ရင်းမှန်သူများကို ဆွဲဆောင်ပြီး ကျေနပ်ပျော်ရွှင်စေသည်။ ယင်းကိုနားလည်နိုင်ရန် ပညာတတ်ဖြစ်ဖို့မလိုပါ။—မ. ၁၁:၂၅; တ. ၄:၁၃; ၁ ကော. ၁:၂၆၊ ၂၇

သင်ယူသိရှိရာကို တန်ဖိုးထားလာစေရန် သင်သားအား ကူညီပါ

၁၂၊ ၁၃။ သင်ယူသိရှိသည့်အတိုင်းလုပ်ဆောင်ရန် သင်သားကို အဘယ်အရာက လှုံ့ဆော်ပေးနိုင်သနည်း။ ဥပမာပေးပါ။

၁၂ ကျွန်ုပ်တို့၏သွန်သင်ခြင်းကို ထိရောက်စေလိုလျှင် သင်သား၏နှလုံးကိုထိမိစေဖို့လိုသည်။ အကြောင်းအရာသည် သူနှင့်မည်သို့သက်ဆိုင်ကြောင်း၊ သူ့အတွက် အဘယ်အကျိုးရှိကြောင်း၊ ကျမ်းစာလမ်းညွှန်ချက်ကိုလိုက်နာပါက သူ့အသက်တာ မည်သို့တိုးတက်မည်ဖြစ်ကြောင်း သူနားလည်ရမည်။—ဟေရှာ. ၄၈:၁၇၊ ၁၈

၁၃ ဥပမာ၊ ကျမ်းစာအားပေးချက်များရရှိရန်၊ မေတ္တာဖြင့်ပေါင်းသင်းရန် ယုံကြည်သူချင်းများနှင့် အတူတကွစည်းဝေးကြဖို့ ခရစ်ယာန်များကိုတိုက်တွန်းထားသော ဟေဗြဲ ၁၀:၂၄၊ ၂၅ ကို ကျွန်ုပ်တို့သုံးသပ်ကြပေမည်။ သင်သားသည် အသင်းတော်အစည်းအဝေးများကို မတက်ရောက်သေးလျှင် အစည်းအဝေးများကို မည်သို့ကျင်းပကြောင်း၊ အဘယ်အကြောင်းအရာများ ဆွေးနွေးကြောင်း အတိုချုပ်ရှင်းပြနိုင်သည်။ အစည်းအဝေးများသည် ဝတ်ပြုရေး၏အစိတ်အပိုင်းဖြစ်ပြီး ကျွန်ုပ်တို့ကိုအကျိုးပြုကြောင်း ရှင်းပြနိုင်သည်။ ထို့နောက် အစည်းအဝေးတက်ရောက်ရန် သူ့ကိုဖိတ်ခေါ်နိုင်သည်။ ကျမ်းစာမိန့်မှာချက်များကို သူလိုက်နာခြင်းသည် ကျမ်းစာသင်ပေးသူကို စိတ်ကျေနပ်စေလို၍မဟုတ်ဘဲ ယေဟောဝါကိုနာခံလိုသောဆန္ဒ၏ လှုံ့ဆော်မှုကြောင့် ဖြစ်သင့်သည်။—ဂလ. ၆:၄၊ ၅

၁၄၊ ၁၅။ (က) ကျမ်းစာသင်သားတစ်ဦးသည် ယေဟောဝါနှင့်ပတ်သက်၍ အဘယ်အရာ သင်ယူနိုင်မည်နည်း။ (ခ) ဘုရားသခင်၏အရည်အသွေးများအကြောင်း သိကျွမ်းခြင်းက ကျမ်းစာသင်သားကို မည်သို့အကျိုးပြုနိုင်သနည်း။

၁၄ ကျမ်းစာလေ့လာခြင်း၊ ကျမ်းစာမူများကိုကျင့်သုံးခြင်းမှ သင်သားများရရှိသော အဓိကအကျိုးကျေးဇူးမှာ ယေဟောဝါကို ပုဂ္ဂိုလ်တစ်ပါးအဖြစ်သိကျွမ်းပြီး ချစ်မြတ်နိုးလာခြင်းဖြစ်သည်။ (ဟေရှာ. ၄၂:၈) ယေဟောဝါသည် မေတ္တာရှိသောဖခင်၊ ဖန်ဆင်းရှင်၊ စကြဝဠာပိုင်သအုပ်စိုးရှင်ဖြစ်သည့်အပြင် မိမိကိုချစ်မြတ်နိုးကာ ဝတ်ပြုသူတို့အား မိမိအကြောင်းနှင့် မိမိ၏အရည်အသွေးများကို ဖော်ပြတော်မူသောအရှင်လည်း ဖြစ်၏။ (ထွက်မြောက်ရာ ၃၄:၆၊ ၇ ကိုဖတ်ပါ။) အီဂျစ်ပြည်၏ကျွန်ဘဝမှ ဣသရေလလူတို့ လွတ်မြောက်ရန် မောရှေဦးဆောင်ချိန်တွင် ယေဟောဝါသည် “ငါဖြစ်စေမည့်အရာကို ငါဖြစ်စေမည်” ဟုဆိုကာ မိမိကိုယ်ကို ဖော်ပြတော်မူသည်။ (ထွ. ၃:၁၃-၁၅ကဘ) ယင်းက ယေဟောဝါသည် မိမိရွေးချယ်ထားသောလူမျိုးနှင့်ပတ်သက်သည့် ရည်ရွယ်တော်မူချက်များပြည့်စုံစေရန် လိုအပ်သလိုဖြစ်လာနိုင်ကြောင်း ဆိုလိုသည်။ ထို့ကြောင့် ဣသရေလလူတို့သည် ယေဟောဝါအား ကယ်တင်ရှင်၊ စစ်သူရဲ၊ ထောက်မပေးရှင်၊ ကတိတော်များကိုပြည့်စုံစေသောအရှင်၊ မိမိတို့ကို နည်းအမျိုးမျိုးဖြင့် ကူညီသောအရှင်အဖြစ် သိကျွမ်းလာကြသည်။—ထွ. ၁၅:၂၊ ၃; ၁၆:၂-၅; ယောရှု ၂၃:၁၄

၁၅ ကျွန်ုပ်တို့၏သင်သားများသည် ယေဟောဝါ၏အံ့ဖွယ်ကူညီမှုကို မောရှေနည်းတူ ကြုံဖူးကြမည်မဟုတ်ပေ။ မည်သို့ပင်ဖြစ်စေ၊ သူတို့၏ယုံကြည်ခြင်း တိုးများလာပြီး သင်ယူသိရှိရာကို ပို၍တန်ဖိုးထားကာ လက်တွေ့ကျင့်သုံးလာသည်နှင့်အမျှ ရဲစွမ်းသတ္တိ၊ ဉာဏ်ပညာနှင့် လမ်းညွှန်မှုအတွက် ယေဟောဝါအား ကိုးစားဖို့လိုကြောင်း သိရှိလာမည်မှာ သေချာသည်။ ထိုသို့လုပ်ဆောင်သည်နှင့်အမျှ ယေဟောဝါသည် ပညာရှိပြီး ယုံကြည်စိတ်ချရသော အကြံဉာဏ်ပေးရှင်၊ ကာကွယ်ပေးရှင်၊ သူတို့ လိုအပ်ရာမှန်သမျှကို ရက်ရောစွာထောက်မပေးသောအရှင်ဖြစ်ကြောင်း သူတို့သိရှိလာပေမည်။—ဆာ. ၅၅:၂၂; ၆၃:၇; သု. ၃:၅၊ ၆

မေတ္တာပါပါ စိတ်ဝင်စားမှုပြပါ

၁၆။ ထိရောက်စွာ သွန်သင်သူတစ်ဦးဖြစ်နိုင်ရန် ပင်ကိုစွမ်းရည်ရှိခြင်းသည် အဘယ်ကြောင့် အရေးကြီးဆုံးအရာ မဟုတ်သနည်း။

၁၆ သင်သည် သွန်သင်ရာတွင် အရည်အချင်းမပြည့်မီဟု ခံစားရပါက စိတ်ဓာတ်မကျပါနှင့်။ ယေဟောဝါနှင့်ယေရှုသည် ယနေ့ ကမ္ဘာတစ်ဝန်းလုပ်ဆောင်လျက်ရှိသော ကျမ်းစာပညာပေးအစီအစဉ်ကို ဦးဆောင်နေသည်။ (တ. ၁:၇၊ ၈; ဗျာ. ၁၄:၆) ကျွန်ုပ်တို့၏စကားသည် စိတ်ရင်းမှန်သူတစ်ဦးကို အကျိုးသက်ရောက်စေရန် ယေဟောဝါနှင့်ယေရှု ကူညီထောက်မပေးနိုင်သည်။ (ယော. ၆:၄၄) သင်သားကို စိတ်ရင်းမှန်ဖြင့်ချစ်ခြင်းသည် သွန်သင်သူတစ်ဦး၏ ပင်ကိုစွမ်းရည်ချို့တဲ့မှုများကို အစားထိုးပေးနိုင်သည်။ တမန်တော်ပေါလုသည် မိမိသွန်သင်ပေးသူများကိုချစ်ခြင်း၏ အရေးကြီးမှုကို သိနားလည်ကြောင်း ဖော်ပြခဲ့၏။—၁ သက်သာလောနိတ် ၂:၇၊ ၈ ကိုဖတ်ပါ။

၁၇။ ကျမ်းစာသင်သားတစ်ဦးစီကို အမှန်တကယ်စိတ်ဝင်စားကြောင်း မည်သို့ဖော်ပြနိုင်သနည်း။

၁၇ အလားတူ၊ ကျမ်းစာသင်သားတစ်ဦးစီနှင့်သိကျွမ်းလာရန် အချိန်ယူခြင်းဖြင့် သူတို့ကို အမှန်တကယ်စိတ်ဝင်စားကြောင်း ဖော်ပြနိုင်ပါသည်။ သင်သားနှင့်အတူ ကျမ်းစာမူများဆွေးနွေးသည့်အခါ သူ၏အခြေအနေကို သိရှိလာပေမည်။ သမ္မာကျမ်းစာမှ သိရှိခဲ့သောအချက်အချို့ကို သူ့ဘဝတွင် ကျင့်သုံးနေပြီဖြစ်ကြောင်း ကျွန်ုပ်တို့တွေ့မြင်ရပေမည်။ ကဏ္ဍအချို့တွင်မူ ပြုပြင်ပြောင်းလဲဖို့ လိုအပ်နေဆဲဖြစ်ပေမည်။ ထို့ကြောင့် ကျမ်းစာလေ့လာနေစဉ် ဆွေးနွေးသောအကြောင်းအရာသည် သူနှင့်မည်သို့သက်ဆိုင်ကြောင်း သိမြင်လာအောင် ကူညီပေးပါ။ ဤနည်းဖြင့် သင်သားကို ခရစ်တော်၏တပည့်စစ်တစ်ဦးဖြစ်လာရန် ကျွန်ုပ်တို့ မေတ္တာပါပါကူညီပေးနိုင်သည်။

၁၈။ သင်သားနှင့်အတူဆုတောင်းရန်၊ သူ့အတွက်ဆုတောင်းပေးရန် အဘယ်ကြောင့်အရေးကြီးသနည်း။

၁၈ အရေးကြီးဆုံးမှာ သင်သားနှင့်အတူ ဆုတောင်းနိုင်သည်၊ သူ့အတွက် ဆုတောင်းပေးနိုင်သည်။ ဖန်ဆင်းရှင်နှင့် သူပို၍ရင်းနှီးကျွမ်းဝင်လာရန်၊ ကိုယ်တော့်ထံချဉ်းကပ်နိုင်ရန်၊ ကိုယ်တော့်လမ်းညွှန်ချက်မှ အကျိုးရရှိရန် ကျွန်ုပ်တို့ကူညီပေးနေခြင်းဖြစ်ကြောင်း သူကောင်းစွာသိရှိထားသင့်သည်။ (ဆာလံ ၂၅:၄၊ ၅ ကိုဖတ်ပါ။) သင်ယူသိရှိရာကိုကျင့်သုံးဖို့ သူကြိုးစားသည်ကို ယေဟောဝါကောင်းချီးပေးပါရန် ကျွန်ုပ်တို့ဆုတောင်းသောအခါ “တရားကိုကျင့်သောသူ” ဖြစ်ခြင်း၏အရေးကြီးမှုကို သူသိမြင်လာပေမည်။ (ယာ. ၁:၂၂) ထို့ပြင် ကျွန်ုပ်တို့၏လှိုက်လှဲသောဆုတောင်းချက်ကို ကြားသည့်အခါ မည်သို့ဆုတောင်းရမည်ကိုလည်း သူသိရှိလာပေမည်။ ကျမ်းစာသင်သားများကို ယေဟောဝါနှင့်ရင်းနှီးသောဆက်ဆံရေးရှိရန် ကူညီပေးရခြင်းသည် ပျော်ရွှင်စရာပါတကား။

၁၉။ နောက်ဆောင်းပါးတွင် အဘယ်အကြောင်းအရာကို သုံးသပ်မည်နည်း။

၁၉ ကမ္ဘာတစ်ဝန်းရှိ သက်သေခံခြောက်သန်းခွဲကျော်သည် ယေရှုပေးသမျှသော ပညတ်တော်တို့ကို စိတ်ရင်းမှန်သူများ စောင့်ရှောက်လာရန် ကူညီပေးမည်ဟူသောပန်းတိုင်ဖြင့် “သွန်သင်ခြင်းနည်းပညာ” ကို တိုးတက်စေရာတွင် ကြိုးစားနေခြင်းမှာ အားရှိစရာပင်။ ဟောပြောခြင်းလုပ်ငန်းတွင် အဘယ်ရလဒ်များ ရရှိနေသနည်း။ အဖြေကို နောက်ဆောင်းပါးတွင် သုံးသပ်ပါမည်။

သင်မှတ်မိသလော

• ခရစ်ယာန်များသည် “သွန်သင်ခြင်းနည်းပညာ” ကို အဘယ်ကြောင့် တိုးတက်စေဖို့လိုသနည်း။

• အဘယ်နည်းစနစ်များက သွန်သင်ခြင်းကို ပို၍ထိရောက်စေနိုင်သနည်း။

• သွန်သင်ခြင်းနှင့်ပတ်သက်၍ ကျွန်ုပ်တို့၏ပင်ကိုစွမ်းရည်ချို့တဲ့မှုများကို အဘယ်အရာက အစားထိုးပေးနိုင်သနည်း။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၉ ပါပုံစာ]

သင်သည် သီအိုကရက်တစ်ဓမ္မအမှုကျောင်းတွင် စာရင်းသွင်းပြီးပြီလော

[စာမျက်နှာ ၁၀ ပါပုံစာ]

ကျမ်းချက်များကို သင်သားအားဖတ်ရှုစေခြင်းသည် အဘယ်ကြောင့် အရေးကြီးသနည်း

[စာမျက်နှာ ၁၂ ပါပုံစာ]

သင်သားနှင့်အတူဆုတောင်းပါ၊ သူ့အတွက်ဆုတောင်းပေးပါ