မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သူတို့၏အသက်တာသည် ကြွယ်ဝပြည့်စုံခဲ့ သင်လည်း ထပ်တူပြုနိုင်မည်လော

သူတို့၏အသက်တာသည် ကြွယ်ဝပြည့်စုံခဲ့ သင်လည်း ထပ်တူပြုနိုင်မည်လော

သူတို့၏အသက်တာသည် ကြွယ်ဝပြည့်စုံခဲ့ သင်လည်း ထပ်တူပြုနိုင်မည်လော

ကနေဒါနိုင်ငံမှ ညီအစ်ကိုမာ့ခ်သည် အာကာသလုပ်ငန်းအဖွဲ့အစည်းများ အသုံးပြုသော ရှုပ်ထွေးလှသည့်စက်ရုပ်များကို တီထွင်ထုတ်လုပ်သည့် ကုမ္ပဏီတစ်ခုတွင် အလုပ်ရရှိခဲ့၏။ သူသည် ထိုတွင် အချိန်ပိုင်းအလုပ်လုပ်ပြီး မှန်မှန်ရှေ့ဆောင်အဖြစ် အမှုဆောင်သည်။ နောက်ပိုင်းတွင် အလုပ်ကြီးကြပ်သူက သူ့ကို ရာထူးတိုးပေးမည်ဟု ကမ်းလှမ်းလာသည်။ ယင်းသည် အချိန်ပြည့်အလုပ်ဖြစ်ပြီး လခပိုများ၏။ မာ့ခ် ဘာလုပ်ခဲ့သနည်း။

ဖိလစ်ပိုင်နိုင်ငံမှ ညီအစ်မအေမီသည် ကျောင်းတက်နေရင်း မှန်မှန်ရှေ့ဆောင်အဖြစ် အမှုဆောင်သည်။ သူဘွဲ့ရပြီးနောက် လခကောင်းကောင်းရမည့် အချိန်ပြည့်အလုပ်တစ်ခု ကမ်းလှမ်းခံရသည်။ အဘယ်အရာကို အေမီ ရွေးချယ်ခဲ့သနည်း။

မာ့ခ်နှင့်အေမီတို့၏ ဆုံးဖြတ်ချက်များသည် မတူညီပေ။ သူတို့ရွေးချယ်မှု၏ရလဒ်က ရှေးကောရိန္သုမြို့ရှိ ခရစ်ယာန်များကိုပေးခဲ့သော အကြံဉာဏ်သည် ပညာရှိကြောင်း ဖော်ပြ၏။ တမန်တော်ပေါလုက “ဤလောကကို သုံးသောသူသည် အပြည့်အဝ မသုံးသကဲ့သို့ ဖြစ်ရမည်” ဟုရေးသားခဲ့သည်။—၁ ကော. ၇:၂၉-၃၁ကဘ။

လောကကိုသုံးသော်လည်း အပြည့်အဝမဟုတ်

မာ့ခ်နှင့်အေမီတို့ မည်သို့ဆုံးဖြတ်ခဲ့သည်ကို မသုံးသပ်မီ ကောရိန္သုမြို့သားများထံရေးသောစာတွင် ပေါလုအသုံးပြုထားသော “လောက” (ဂရိ၊ ကော့စ်မော့စ်) ဟူသည့်စကားလုံး၏ အဓိပ္ပာယ်ကို သုံးသပ်ကြည့်ကြစို့။ ထိုကျမ်းချက်တွင် ကော့စ်မော့စ်သည် ကျွန်ုပ်တို့အသက်ရှင်နေထိုင်သည့် လောကစနစ်၊ လူ့အဖွဲ့အစည်းတစ်ခုလုံးကို ရည်ညွှန်း၏။ ယင်းတွင် စားဝတ်နေရေးကဲ့သို့သော နေ့စဉ်အသက်တာ၏သာမန်ကိစ္စများပါဝင်သည်။ ထိုသို့သောနေ့စဉ်လိုအပ်ရာများ ရရှိရန် ကျွန်ုပ်တို့တွင် အလုပ်တစ်ခုရှိရမည်။ မှန်ပါသည်၊ ကိုယ်တိုင်နှင့်မိသားစုကို ကျွေးမွေးစောင့်ရှောက်ရမည်ဟူသော ကျမ်းပေးတာဝန်ကို ကျေပွန်ရန် ဤလောကကို အသုံးပြုရမည်။ (၁ တိ. ၅:၈) သို့သော် တစ်ချိန်တည်းတွင် ‘လောကသည် ရွေ့သွားကွယ်ပျောက်’ မည်ဖြစ်ကြောင်း ကျွန်ုပ်တို့ သဘောပေါက်ကြ၏။ (၁ ယော. ၂:၁၇) ထို့ကြောင့် ဤလောကကို “အပြည့်အဝ” မဟုတ်ဘဲ လိုအပ်သလောက်သာ အသုံးပြုကြသည်။—၁ ကော. ၇:၃၁ကဘ။

ဤလောကကို အကန့်အသတ်ဖြင့်သာ အသုံးပြုရန် ကျမ်းစာက အကြံပြုထားသောကြောင့် ညီအစ်ကိုညီအစ်မများစွာသည် သူတို့၏အခြေအနေကို ပြန်ဆန်းစစ်ကြသည်၊ အလုပ်ချိန်ကို လျှော့ပစ်ကြသည်၊ သူတို့၏ဘဝပုံစံကို ရိုးရှင်းစေကြသည်။ ထိုအခါ မိသားစုနှင့် ယေဟောဝါ၏လုပ်ငန်းတော်အတွက် အချိန်ပိုပေးနိုင်သောကြောင့် သူတို့၏ဘဝ ပို၍ကြွယ်ဝပြည့်စုံလာကြောင်း တွေ့ရှိခဲ့ကြ၏။ ထို့ပြင် ရိုးရှင်းသောအသက်တာဖြင့် နေထိုင်ခြင်းကြောင့် လောကကိုမဟုတ်ဘဲ ယေဟောဝါကို ပို၍အားကိုးတတ်လာသည်။ သင်လည်း ထပ်တူပြုနိုင်မည်လော။ ဘုရားသခင့်နိုင်ငံတော်အကျိုးစီးပွား တိုးတက်စေရေးတွင် အချိန်ပိုပေးနိုင်ရန် သင့်ဘဝကို ရိုးရှင်းစေနိုင်မည်လော။—မ. ၆:၁၉-၂၄၊ ၃၃

“အရင်ကထက် ယေဟောဝါနဲ့ ပိုရင်းနှီးလာတယ်”

အစပိုင်းတွင်ဖော်ပြခဲ့သော မာ့ခ်သည် လောကကိုအပြည့်အဝမသုံးနှင့်ဟူသော ကျမ်းစာအကြံပြုချက်ကို နားထောင်ခဲ့၏။ ရာထူးတိုးမည့်ကမ်းလှမ်းချက်ကို သူငြင်းလိုက်သည်။ မကြာမီ အလုပ်ကြီးကြပ်သူသည် လခပိုများများရမည့် အလုပ်သစ်တစ်ခုကို ကမ်းလှမ်းပြန်သည်။ “အဲဒါက စမ်းသပ်မှုတစ်ခုပဲ၊ ဒါပေမဲ့ ကျွန်တော် ထပ်ငြင်းလိုက်တယ်” ဟုမာ့ခ်ပြောပြသည်။ ထိုသို့ငြင်းလိုက်ရသည့် အကြောင်းရင်းကို မာ့ခ် ဤသို့ရှင်းပြ၏– “ကျွန်တော့်ဇနီးပေါ်လာနဲ့ ကျွန်တော်က ယေဟောဝါရဲ့အမှုတော်ကို အတတ်နိုင်ဆုံး အပြည့်အဝထမ်းဆောင်ချင်တယ်။ ဒါကြောင့် ရိုးရှင်းတဲ့ဘဝပုံစံနဲ့ နေထိုင်သွားဖို့ ကျွန်တော်တို့ဆုံးဖြတ်ခဲ့တယ်။ ကျွန်တော်တို့ရဲ့ပန်းတိုင်ကိုရောက်အောင် လုပ်ဆောင်တဲ့အခါ ဉာဏ်ပညာပေးပါလို့ ယေဟောဝါဆီမှာ ဆုတောင်းတယ်။ ပြီးတော့ ယေဟောဝါရဲ့အမှုတော်မှာ အပြည့်အဝထမ်းဆောင်မယ့်အချိန်ကို အတိအကျသတ်မှတ်ခဲ့တယ်။”

ပေါ်လာကလည်း ဤသို့ဆို၏– “ဆေးရုံမှာ အတွင်းရေးမှူးအလုပ်ကို တစ်ပတ်မှာသုံးရက်လုပ်တယ်။ လခကောင်းကောင်းရတယ်။ မှန်မှန်ရှေ့ဆောင်လည်း လုပ်တယ်။ ဒါပေမဲ့ ကျွန်မလည်း မာ့ခ်လိုပဲ ဘုရားသခင့်နိုင်ငံတော်သတင်းကြေညာသူတွေ ပိုလိုအပ်တဲ့နေရာမှာ အမှုဆောင်ချင်တယ်။ ဒါကြောင့် အလုပ်ထွက်စာတင်တဲ့အချိန်မှာ အလုပ်ကြီးကြပ်သူက စီမံခန့်ခွဲရေးအတွင်းရေးမှူးရာထူးအတွက် ကျွန်မက အရည်အချင်းပြည့်မီတယ်ဆိုပြီး ကမ်းလှမ်းလာတယ်။ အဲဒါက ဆေးရုံမှာ အတွင်းရေးမှူးအလုပ်အတွက် အမြင့်ဆုံးလခဖြစ်ပေမဲ့ အလုပ်ထွက်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို မပြင်တော့ဘူး။ ဒီရာထူး လက်မခံနိုင်တဲ့အကြောင်းရင်းကို ရှင်းပြတော့ အလုပ်ကြီးကြပ်သူက ကျွန်မရဲ့ယုံကြည်ခြင်းကို ချီးမွမ်းခဲ့တယ်။”

မကြာမီ မာ့ခ်နှင့်ပေါ်လာသည် ကနေဒါနိုင်ငံ၏ သီးခြားဒေသတစ်ခုရှိ အသင်းတော်ငယ်လေးတွင် အထူးရှေ့ဆောင်များအဖြစ် တာဝန်ခန့်အပ်ခံရသည်။ ထိုဒေသသို့ သူတို့ပြောင်းရွှေ့ခြင်းကြောင့် အဘယ်ရလဒ်ရရှိသနည်း။ မာ့ခ် ဤသို့ပြောပြ၏– “ကျွန်တော့်အသက်ထက်ဝက်လောက် လုပ်ခဲ့ပြီး လစာကောင်းတဲ့အလုပ်ကို စွန့်ပြီးတဲ့နောက် အနာဂတ်အတွက် စိုးရိမ်မိပေမဲ့ ကျွန်တော်တို့ရဲ့ခရစ်ယာန်ဓမ္မအမှုလုပ်ငန်းကို ယေဟောဝါကောင်းချီးပေးခဲ့ပါတယ်။ တခြားသူတွေ ဘုရားသခင်ကိုဝတ်ပြုလာအောင် ကူညီပေးခွင့်ရတဲ့အတွက် သိပ်ပျော်တယ်။ အချိန်ပြည့်လုပ်ငန်းက ကျွန်တော်တို့ရဲ့အိမ်ထောင်ကိုလည်း ပိုပြည့်စုံစေတယ်။ အရေးကြီးဆုံးအရာဖြစ်တဲ့ ယေဟောဝါအမှုတော်ဆောင်ခြင်းအကြောင်းတွေကို ကျွန်တော်တို့ ပြောလေ့ရှိတယ်။ အရင်ကထက် ယေဟောဝါနဲ့ ပိုရင်းနှီးလာတယ်လို့ ခံစားရတယ်။” (တ. ၂၀:၃၅) ပေါ်လာလည်း ဤသို့ဆို၏– “အလုပ်နဲ့ သက်သောင့်သက်သာရှိတဲ့အိမ်ကို စွန့်လွှတ်လိုက်တဲ့အချိန်မှာ ယေဟောဝါကိုပဲ လုံးဝမှီခိုအားထားရတော့မယ်။ ကျွန်မတို့ အဲဒီလိုလုပ်ခဲ့ပြီး ယေဟောဝါလည်း ကောင်းချီးပေးခဲ့တယ်။ အသင်းတော်သစ်မှာရှိတဲ့ ချစ်စရာကောင်းတဲ့ညီအစ်ကိုညီအစ်မတွေက ကျွန်မတို့ကိုချစ်ပြီး ကျွန်မတို့ကိုလိုအပ်တယ်လို့ ခံစားလာရတယ်။ အရင်က အလုပ်မှာသုံးခဲ့တဲ့ ခွန်အားတွေကို အခုတော့ လူတွေ ဘုရားသခင်ကိုသိလာအောင် ကူညီပေးတဲ့နေရာမှာ အသုံးပြုနေပြီ။ ဒီတာဝန်ကို ထမ်းဆောင်ရတာ ကျွန်မအရမ်းပျော်တယ်။”

‘ပြည့်စုံပေမဲ့ မပျော်ဘူး’

ရှေ့ပိုင်းတွင်ဖော်ပြခဲ့သော အေမီသည် လခကောင်းကောင်းရမည့် အချိန်ပြည့်အလုပ်ကို လက်ခံရန် ဆုံးဖြတ်ခဲ့သည်။ သူဤသို့ပြောပြ၏– “ပထမတစ်နှစ်တော့ ခရစ်ယာန်ဓမ္မအမှုမှာ တက်တက်ကြွကြွပါဝင်နိုင်တယ်။ ဒါပေမဲ့ တဖြည်းဖြည်းနဲ့ ကျွန်မအသက်တာမှာ ယေဟောဝါရဲ့အမှုတော်ဆောင်ဖို့မဟုတ်ဘဲ ရာထူးတိုးဖို့ အဓိကထားလာတယ်။ အလုပ်ကိုတိုးချဲ့ဖို့ ကမ်းလှမ်းလာတာကို လက်ခံလိုက်ပြီး ရာထူးတိုးဖို့ အစွမ်းကုန်ကြိုးစားခဲ့တယ်။ အလုပ်တာဝန်တွေများလာတော့ ခရစ်ယာန်ဓမ္မအမှုမှာပါဝင်တဲ့အချိန် နည်းသထက်နည်းလာတယ်။ နောက်ဆုံး ဟောပြောခြင်းလုပ်ငန်းမှာ လုံးဝမပါဝင်တော့ဘူး။”

ထိုအချိန်နှင့်ပတ်သက်၍ အေမီ ဤသို့မှတ်ချက်ချ၏– “ငွေကြေးဘက်မှာတော့ ကျွန်မ ပြည့်စုံတယ်။ ခရီးများများထွက်ရတယ်၊ ရာထူးမြင့်တဲ့အတွက် ဂုဏ်လည်းရှိတယ်။ ဒါပေမဲ့ ကျွန်မ မပျော်ဘူး။ ငွေကြေးပြည့်စုံပေမဲ့လည်း ပြဿနာတွေ အများကြီးပဲ။ ဘာများမှားနေပါလိမ့်လို့ စဉ်းစားမိတယ်။ နောက်ဆုံးတော့ လောကအလုပ်နောက် တကောက်ကောက်လိုက်တဲ့အတွက် ‘ယုံကြည်ခြင်းကနေလွဲသွား’ ခါနီးဖြစ်နေပြီဆိုတာ သဘောပေါက်လာတယ်။ ရလဒ်ကတော့ ကျမ်းစာမှာပြောထားတဲ့အတိုင်း ‘ပူပန်ခြင်းဝေဒနာတွေ’ ခံစားခဲ့ရတယ်။”—၁ တိ. ၆:၁၀

အေမီ ဘာလုပ်ခဲ့သနည်း။ သူ ဤသို့ပြောပြသည်– “ဘုရားသခင်နဲ့ဆက်ဆံရေးကောင်း ပြန်ရှိလာအောင် ကူညီပေးပါလို့ အကြီးအကဲတွေကိုပြောပြီး အစည်းအဝေးတွေ စတက်ခဲ့တယ်။ သီချင်းဆိုနေတဲ့အချိန်မှာ ကျွန်မ ငိုတော့တာပဲ။ ရှေ့ဆောင်လုပ်ခဲ့တဲ့ ငါးနှစ်အတွင်းမှာ ဆင်းရဲပေမဲ့ ဘယ်လောက်ပျော်ရွှင်ခဲ့တယ်ဆိုတာ ပြန်သတိရမိတယ်။ ငွေနောက်တကောက်ကောက်လိုက်ပြီး အချိန်ဖြုန်းမနေတော့ဘဲ ဘုရားသခင့်နိုင်ငံတော်အကျိုးစီးပွားကို ရှေးဦးထားရမယ်ဆိုတာ ကျွန်မသိလာတယ်။ ဒါကြောင့် အလုပ်မှာ အဆင့်နိမ့်တဲ့ရာထူးကို ပြောင်းလိုက်တယ်။ လခ ၅၀ ရာခိုင်နှုန်းလျော့သွားပေမဲ့ ဟောပြောခြင်းလုပ်ငန်းမှာ ပြန်ပါဝင်နိုင်ခဲ့တယ်။ အရင်တုန်းက နှစ်အနည်းငယ် ရှေ့ဆောင်လုပ်ခဲ့လို့ ကျွန်မ ပျော်ရွှင်ခဲ့တယ်။ အခုလည်း လောကအလုပ်မှာ အချိန်အများကြီးပေးတုန်းက မရခဲ့တဲ့ ကျေနပ်မှုကို ခံစားနေရတယ်။”

သင်ကော၊ သင့်အခြေအနေကို ပြုပြင်ပြောင်းလဲပြီး ဘဝကို ရိုးရှင်းစေနိုင်သလော။ ဘုရားသခင့်နိုင်ငံတော်အကျိုးစီးပွား တိုးတက်ရေးအတွက် သင့်အချိန်ကိုအသုံးပြုမည်ဆိုပါက သင့်အသက်တာလည်း ကြွယ်ဝပြည့်စုံပါလိမ့်မည်။—သု. ၁၀:၂၂

[စာမျက်နှာ ၁၉ ပါအကျဉ်းဖော်ပြချက်]

သင့်အခြေအနေကို ပြုပြင်ပြောင်းလဲပြီး ဘဝကို ရိုးရှင်းစေနိုင်သလော

[စာမျက်နှာ ၁၉ ပါလေးထောင့်ကွက်/ပုံ]

“အခုတော့ အရမ်းပျော်နေပြီ!”

အမေရိကန်ပြည်ထောင်စုမှ ခရစ်ယာန်အကြီးအကဲတစ်ဦးဖြစ်သူ ဒေးဗစ်သည် ဇနီး၊ သားသမီးများနှင့်အတူ အချိန်ပြည့်လုပ်ငန်းတွင် ပါဝင်လိုသည်။ သူအလုပ်လုပ်နေသော ကုမ္ပဏီတွင် အချိန်ပိုင်းလုပ်ရန် စီစဉ်လိုက်ပြီး မှန်မှန်ရှေ့ဆောင်အဖြစ် စတင်အမှုဆောင်သည်။ ထိုသို့ပြုပြင်ပြောင်းလဲခြင်းက သူ့အသက်တာကို ကြွယ်ဝပြည့်စုံစေသလော။ လအနည်းငယ်ကြာပြီးနောက် မိတ်ဆွေတစ်ဦးထံ ဒေးဗစ် ဤသို့စာရေး၏– “ယေဟောဝါရဲ့အမှုတော်မှာ မိသားစုလိုက် အပြည့်အဝပါဝင်တာထက် ပိုကျေနပ်ပျော်ရွှင်စေတဲ့အရာ မရှိဘူး။ ရှေ့ဆောင်လုပ်ငန်းမှာ ကျင့်သားရလာဖို့ အချိန်တော်တော်ကြာမယ်လို့ ထင်ခဲ့တာ၊ ဒါပေမဲ့ အခုတော့ အရမ်းပျော်နေပြီ! ဒီလုပ်ငန်းက သိပ်လန်းဆန်းစေတယ်။”

[စာမျက်နှာ ၁၈ ပါပုံ]

ခရစ်ယာန်ဓမ္မအမှုတွင်ပါဝင်နေသော မာ့ခ်နှင့်ပေါ်လာ