မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အသက်စမ်းရေတွင်းသို့ လမ်းပြခံထိုက်သူများအဖြစ် ယူမှတ်ခံရ

အသက်စမ်းရေတွင်းသို့ လမ်းပြခံထိုက်သူများအဖြစ် ယူမှတ်ခံရ

အသက်စမ်းရေတွင်းသို့ လမ်းပြခံထိုက်သူများအဖြစ် ယူမှတ်ခံရ

“သိုးသငယ်သည် သူတို့ကိုလုပ်ကျွေး၍ အသက်စမ်းရေတွင်းသို့ လမ်းပြလိမ့်မည်။”—ဗျာ. ၇:၁၇

၁။ ဘုရားသခင်၏နှုတ်မြွက်တော်တွင် ဝိညာဉ်တော်ဖွားခရစ်ယာန်များကို မည်သို့ဖော်ပြထားသနည်း၊ သူတို့အား အဘယ်တာဝန်ကို ယေရှုအပ်နှင်းခဲ့သနည်း။

မြေကြီးပေါ်​ရှိ  ခရစ်တော်၏ဥစ္စာများအား  ကြည့်ရှုစောင့်ရှောက်နေသော ဝိညာဉ်တော်ဖွားခရစ်ယာန်များကို ‘သစ္စာနှင့်သတိပညာရှိကျွန်’ အဖြစ် ဘုရားသခင့်နှုတ်မြွက်တော်က ဖော်ပြသည်။ ခရစ်တော်သည် ၁၉၁၈ ခုနှစ်တွင် “ကျွန်” ကိုစစ်ဆေးခဲ့ရာ မြေကြီးပေါ်​ရှိ ထိုဝိညာဉ်တော်ဖွားများသည် ‘အချိန်တန်အစာ’ ကို သစ္စာရှိရှိပြင်ဆင်ပေးနေကြောင်း ကိုယ်တော်တွေ့ရှိခဲ့သည်။ ထို့ကြောင့် အရှင်ယေရှုသည် အားရကျေနပ်ပြီး “မိမိဥစ္စာရှိသမျှတို့ကို” သူတို့အား အပ်နှင်းခဲ့သည်။ (မဿဲ ၂၄:၄၅-၄၇ ကိုဖတ်ပါ။) ဤနည်းဖြင့် ဝိညာဉ်တော်ဖွားများသည် ကောင်းကင်အမွေမရရှိမီ မြေကြီးပေါ်​ရှိဝတ်ပြုသူများကို အလုပ်အကျွေးပြုနေကြသည်။—မာလ. ၃:၁-၃

၂။ ယေရှု၏ဥစ္စာများကို ဖော်ပြပါ။

အရှင်သည် မိမိဥစ္စာရှိသမျှအပေါ်​တွင် အခွင့်အာဏာရှိပြီး ယင်းတို့ကို စိတ်ကြိုက်အသုံးပြုနိုင်သည်။ ယေဟောဝါခန့်အပ်ထားသော ဘုရင်ယေရှုခရစ်၏ဥစ္စာများတွင် ဘုရားသခင့်နိုင်ငံတော်နှင့်ပတ်သက်သည့် မြေကြီးပေါ်​ရှိအရေးကိစ္စအားလုံး ပါဝင်သည်။ ယင်းတွင် အဆင်းအာရုံ၌ တမန်တော်ယောဟန် မြင်တွေ့ခဲ့သော ‘လူအုပ်ကြီး’ လည်းပါဝင်သည်။ ယောဟန်သည် လူအုပ်ကြီးနှင့်ပတ်သက်၍ ဤသို့ဆို၏– “အသီးအသီးဘာသာစကားကိုပြောသော လူအမျိုးအနွယ်ခပ်သိမ်းတို့အထဲမှထွက်၍ အဘယ်သူမျှမရေတွက်နိုင်သော လူများအပေါင်းတို့သည် ဖြူသောဝတ်လုံကိုဝတ်ဆင်လျက်၊ စွန်ပလွံခက်ကိုကိုင်လျက် ပလ္လင်တော်ရှေ့၊ သိုးသငယ်ရှေ့မှာရပ်နေကြ၏။”—ဗျာ. ၇:၉

၃၊ ၄။ လူအုပ်ကြီးသည် အဘယ်အခွင့်ထူးရရှိထားသနည်း။

မိမိပိုင်ဆိုင်သော “အခြားသိုး” ဟု ယေရှုခေါ်ဆိုခဲ့သူများတွင် ထိုလူအုပ်ကြီး၏အဖွဲ့ဝင်များပါဝင်သည်။ (ယော. ၁၀:၁၆) သူတို့၏မျှော်လင့်ချက်မှာ မြေကြီးပရဒိသုတွင် ထာဝစဉ်အသက်ရှင်ရန်ဖြစ်သည်။ ယေရှုသည် သူတို့ကို ‘အသက်စမ်းရေတွင်းသို့ လမ်းပြပြီး ဘုရားသခင်သည်လည်း သူတို့မျက်စိ၌ မျက်ရည်ရှိသမျှတို့ကို သုတ်တော်မူမည်’ ဖြစ်ကြောင်း သူတို့ယုံကြည်စိတ်ချကြသည်။ ယင်းကိုစိတ်စွဲမှတ်ထားလျက် သူတို့သည် “မိမိတို့ဝတ်လုံကို သိုးသငယ်၏အသွေး၌လျှော်၍ ဖြူစေ” ကြသည်။ (ဗျာ. ၇:၁၄၊ ၁၇) ယေရှု၏ရွေးနုတ်ဖိုးကို ယုံကြည်ကြောင်းတင်ပြသဖြင့် ဘုရားသခင့်အမြင်တွင် ‘ဖြူသောဝတ်လုံ’ များဝတ်ဆင်ထားကြသည်။ အာဗြဟံကဲ့သို့ပင် သူတို့သည် ဘုရားသခင်၏အဆွေများအဖြစ် ဖြောင့်မတ်သည်ဟု ကြေညာခံရသည်။

ထို့ပြင် သူတို့ကို ဖြောင့်မတ်သူများအဖြစ် ဘုရားသခင်ရှုမြင်သောကြောင့် သူတို့သည် ကြီးစွာသောဆင်းရဲခြင်းတွင် ဤအစီအစဉ်စနစ်ကိုဖျက်ဆီးခြင်းဘေးမှ ကယ်တင်ခံရရန် မျှော်လင့်နိုင်သည်။ (ယာ. ၂:၂၃-၂၆) ယေဟောဝါထံချဉ်းကပ်နိုင်ပြီး အုပ်စုလိုက်အနေဖြင့် အာမဂေဒုန်ကိုကပ်ကျော်မည့် အံ့ဖွယ်အလားအလာရှိကြသည်။ (ယာ. ၄:၈; ဗျာ. ၇:၁၅) ထို့ပြင် မိမိတို့စိတ်ကြိုက် တစ်ယောက်တစ်ကွဲမလုပ်ဆောင်ကြဘဲ ကောင်းကင်ဘုရင်နှင့် မြေကြီးပေါ်​ရှိ ဝိညာဉ်တော်ဖွားညီအစ်ကိုများ၏ ညွှန်ကြားမှုအောက်တွင် လိုလိုလားလားအမှုဆောင်ကြသည်။

၅။ လူအုပ်ကြီးသည် ခရစ်တော်၏ ဝိညာဉ်တော်ဖွားညီတော်များကို မည်သို့ထောက်မနေသနည်း။

ဝိညာဉ်တော်ဖွားခရစ်ယာန်များသည် စာတန့်လောက၏အပြင်းအထန်ဆန့်ကျင်မှုများကို ကြုံခဲ့ရပြီး ကြုံရဦးမည်ဖြစ်သည်။ သို့တိုင် သူတို့သည် သူတို့၏အပေါင်းပါလူအုပ်ကြီး၏ ထောက်မမှုကိုအားထားနိုင်ပါသည်။ ယခု ဝိညာဉ်တော်ဖွားခရစ်ယာန်များ၏ အရေအတွက်လျော့နည်းလာသော်လည်း လူအုပ်ကြီးမှာမူ နှစ်စဉ် သိန်းနှင့်ချီတိုးတက်နေသည်။ ဝိညာဉ်တော်ဖွားများသည် ကမ္ဘာတစ်ဝန်းရှိ ခရစ်ယာန်အသင်းတော် ၁၀၀,၀၀၀ ခန့်ကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်မဦးစီးနိုင်ပေ။ ထို့ကြောင့် လူအုပ်ကြီးမှ အရည်အချင်းရှိအမျိုးသားများသည် အသင်းတော်အကြီးအကဲများအဖြစ် အမှုဆောင်ခြင်းဖြင့် ဝိညာဉ်တော်ဖွားများကို ထောက်မနေကြသည်။ ထိုအကြီးအကဲများသည် ‘သစ္စာနှင့်သတိပညာရှိကျွန်’ ကို ယခုအပ်နှင်းထားသော သန်းနှင့်ချီသည့်ခရစ်ယာန်များကို ကူညီစောင့်ရှောက်ပေးကြသည်။

၆။ ဝိညာဉ်တော်ဖွားများကို အခြားသိုးများ ထောက်မမှုနှင့်ပတ်သက်၍ မည်သို့ပရောဖက်ပြုထားသနည်း။

အခြားသိုးသည် ဝိညာဉ်တော်ဖွားခရစ်ယာန်များကို လိုလိုလားလားထောက်မမည်ဖြစ်ကြောင်း ပရောဖက်ဟေရှာယ ကြိုဟောခဲ့သည်။ ‘ထာဝရဘုရားသခင်မိန့်တော်မူသည်ကား “အဲဂုတ္တုပြည်၌ဆည်းပူးသော [“အခမရသောလုပ်သားများ၊” ကဘ]၊ ကုရှပြည်သား၊ အရပ်မြင့်သောသေဘအမျိုးသားပြုစုသော [ကုန်သည်များ၊” ကဘ] သည် သင့်ဘက်သို့ရောက်၍ သင်၏ဥစ္စာဖြစ်ရလိမ့်မည်။ ထိုသူတို့သည် သင့်နောက်သို့လိုက် . . . သွားကြလိမ့်မည်။”’ (ဟေရှာ. ၄၅:၁၄) ယနေ့ မြေကြီးမျှော်လင့်ချက်ရှိသော ခရစ်ယာန်များသည် ကျွန်အတန်းအစားနှင့် အုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုနောက်လိုက်ခြင်းဖြင့် ပုံဆောင်သဘောအရ သူတို့နောက်မှ လိုက်သွားနေကြသည်။ မြေကြီးပေါ်​ရှိ ဝိညာဉ်တော်ဖွားများအား ခရစ်တော်အပ်နှင်းခဲ့သော ကမ္ဘာချီဟောပြောခြင်းလုပ်ငန်းကို ထောက်မရန် အခြားသိုးသည် “အခမရသောလုပ်သားများ” အနေဖြင့် မိမိတို့၏ခွန်အားနှင့် ဥစ္စာအင်ခွင်များကို စိတ်နှလုံးအကြွင်းမဲ့၊ လိုလိုလားလားအသုံးပြုနေကြသည်။—တ. ၁:၈; ဗျာ. ၁၂:၁၇

၇။ အဘယ်အရာအတွက် လူအုပ်ကြီးကို လေ့ကျင့်ပေးနေသနည်း။

လူအုပ်ကြီး၏အဖွဲ့ဝင်များသည် ဝိညာဉ်တော်ဖွားညီအစ်ကိုများကိုထောက်မစဉ် အာမဂေဒုန်ပြီးနောက်တည်ရှိမည့် လူ့အဖွဲ့အစည်းသစ်၏အုတ်မြစ်အဖြစ်လည်း လေ့ကျင့်ခံနေရသည်။ ထိုအုတ်မြစ်သည် တည်ငြိမ်ခိုင်မာရမည်ဖြစ်ပြီး ယင်းတွင်ပါဝင်သူများသည် အရှင်၏လမ်းညွှန်ချက်များကို တလိုတလားလိုက်နာနိုင်ရမည်ဖြစ်သည်။ ခရစ်ယာန်ယောက်တိုင်းသည် မိမိကို ဘုရင်ယေရှုခရစ်အသုံးပြုနိုင်ကြောင်း တင်ပြနိုင်သည့်အခွင့်အရေးကို ရရှိထားသည်။ သူတို့သည် ယခုကတည်းက ယုံကြည်ခြင်းရှိကြောင်းတင်ပြပြီး သစ္စာတည်ကြည်ခြင်းဖြင့် ကမ္ဘာသစ်တွင် ဘုရင်ပေးမည့်ညွှန်ကြားချက်များကို ကောင်းစွာလိုက်နာမည်ဖြစ်ကြောင်း ဖော်ပြသည်။

လူအုပ်ကြီးသည် ယုံကြည်ခြင်းကို သက်သေပြ

၈၊ ၉။ လူအုပ်ကြီးသည် မိမိတို့၏ယုံကြည်ခြင်းကို မည်သို့သက်သေပြနေသနည်း။

ဝိညာဉ်တော်ဖွားခရစ်ယာန်အသင်းတော်၏ အပေါင်းပါ အခြားသိုးများသည် မိမိတို့၏ယုံကြည်ခြင်းကို နည်းအမျိုးမျိုးဖြင့် သက်သေပြကြသည်။ ဦးစွာ၊ ဘုရားသခင့်နိုင်ငံတော်သတင်းကောင်း ကြေညာရာတွင် ဝိညာဉ်တော်ဖွားများကို သူတို့ထောက်မကြသည်။ (မ. ၂၄:၁၄; ၂၈:၁၉၊ ၂၀) ဒုတိယ၊ အုပ်ချုပ်ရေးအဖွဲ့မှပေးသောညွှန်ကြားချက်ကို တလိုတလားလက်အောက်ခံကြသည်။—ဇာခရိ ၈:၂၃ ကိုဖတ်ပါ; ဟေဗြဲ ၁၃:၁၇

တတိယ၊ ယေဟောဝါ၏ဖြောင့်မတ်သောမူများအတိုင်း အသက်ရှင်ခြင်းဖြင့် ဝိညာဉ်တော်ဖွားညီအစ်ကိုများကို ထောက်မကြသည်။ “ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာစောင့်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ ချုပ်တည်းခြင်း” အရည်အသွေးတို့ကို သူတို့ကြိုးစားမွေးမြူကြသည်။ (ဂလ. ၅:၂၂၊ ၂၃) “ဇာတိပကတိအကျင့်” များကို မကျင့်ဘဲ အထက်ပါအရည်အသွေးများနှင့်အညီ အသက်ရှင်ခြင်းသည် ယနေ့ခေတ်တွင် ရေပန်းမစားတော့ပေ။ သို့သော် လူအုပ်ကြီးအဖွဲ့ဝင်များသည် ‘မတရားသောမေထုန်၌မှီဝဲခြင်း၊ ညစ်ညူးစွာကျင့်ခြင်း၊ ကိလေသာလွန်ကျူးခြင်း၊ ရုပ်ပုံကိုကိုးကွယ်ခြင်း၊ သူတစ်ပါးကိုပြုစားခြင်း၊ ရန်ငြိုးဖွဲ့ခြင်း၊ ရန်တွေ့ခြင်း၊ ဂုဏ်ပြိုင်ခြင်း၊ အမျက်ထွက်ခြင်း၊ ငြင်းခုံခြင်း၊ အချင်းချင်းကွဲပြားခြင်း၊ သင်းခွဲခြင်း၊ သူ့အကျိုးကိုငြူစူခြင်း၊ လူအသက်ကိုသတ်ခြင်း၊ ယဇ်မျိုးကိုသောက်ကြူးခြင်း၊ ပွဲလုပ်ခြင်းမှစ၍ ထိုသို့သောအကျင့်’ များကို ရှောင်ကြဉ်ရန် စိတ်ပိုင်းဖြတ်ထားကြသည်။—ဂလ. ၅:၁၉-၂၁

၁၀။ လူအုပ်ကြီးအဖွဲ့ဝင်များ၏ စိတ်ပိုင်းဖြတ်ချက်ကား မည်သို့နည်း။

၁၀ ကျွန်ုပ်တို့သည် မစုံလင်သူများဖြစ်သောကြောင့် ခရစ်ယာန်အရည်အသွေးများကို တင်ပြရန်၊ ဇာတိအကျင့်များကို ရှောင်ရန်၊ စာတန့်လောက၏ဖိအားကို တွန်းလှန်ရန် ခက်ခဲနိုင်သည်။ သို့သော် မိမိတို့ကိုယ်တိုင်၏အားနည်းချက်များ၊ အခိုက်အတန့်ပျက်ကွက်မှု သို့မဟုတ် ရုပ်ပိုင်းအကန့်အသတ်ဖြစ်မှုများကြောင့် စိတ်ဓာတ်ကျခြင်းက ကျွန်ုပ်တို့၏ခိုင်မာသောယုံကြည်ခြင်းကို မထိခိုက်စေရန်၊ ယေဟောဝါအားချစ်သောမေတ္တာကို မလျော့နည်းသွားစေရန် ကျွန်ုပ်တို့စိတ်ပိုင်းဖြတ်ထားကြသည်။ ယေဟောဝါသည် ကတိပြုထားသည့်အတိုင်း လူအုပ်ကြီးအား ကြီးစွာသောဆင်းရဲခြင်းကို ကပ်ကျော်စေမည်ဖြစ်ကြောင်း ကျွန်ုပ်တို့ယုံကြည်သည်။

၁၁။ ခရစ်ယာန်များ၏ယုံကြည်ခြင်း အားနည်းသွားစေရန် အဘယ်နည်းလမ်းများကို စာတန်အသုံးပြုနေသနည်း။

၁၁ သို့သော် ကျွန်ုပ်တို့သည် အစဉ်သတိရှိရမည်။ အကြောင်းမှာ ကျွန်ုပ်တို့၏တကယ့်ရန်သူမှာ စာတန်ဖြစ်ပြီး သူသည် အလွယ်တကူအလျှော့ပေးမည်မဟုတ်ကြောင်း ကျွန်ုပ်တို့သိထား၍ဖြစ်သည်။ (၁ ပေတရု ၅:၈ ကိုဖတ်ပါ။) သူသည် အယူဖောက်ပြန်သူများနှင့် အခြားသူများကို အသုံးပြု၍ ကျွန်ုပ်တို့လိုက်လျှောက်နေသော သွန်သင်ချက်များမှာ မှားသည်ဟုထင်မြင်စေရန် ကြိုးစားနေသည်။ သို့သော် ထိုနည်းစနစ်မှာ အောင်မြင်လေ့မရှိပေ။ ထိုနည်းတူ ညှဉ်းပန်းနှိပ်စက်မှုသည် ဟောပြောခြင်းလုပ်ငန်းကို တစ်ခါတစ်ရံ အရှိန်လျော့စေသော်လည်း ညှဉ်းပန်းနှိပ်စက်ခံရသူများ၏ယုံကြည်ခြင်းကို ပို၍ပင်ခိုင်မာစေလေ့ရှိသည်။ ထို့ကြောင့် ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို အားနည်းသွားစေရာတွင် ပို၍ထိရောက်မည်ဟုထင်သည့် နည်းလမ်းတစ်ခုကို သူတိုး၍အသုံးပြုနေသည်။ ယင်းမှာ စိတ်ဓာတ်ကျခြင်းဖြစ်၏။ ပထမရာစုမှခရစ်ယာန်များသည် ထိုအန္တရာယ်နှင့်ပတ်သက်၍ ဤသို့သတိပေးခံရ၏– “အပြစ်ရှိသောသူတို့လက်တွင် ထိုမျှလောက် ကြီးစွာသောဆီးတားနှောင့်ယှက်ခြင်းကို ခံတော်မူသောသခင် [ခရစ်တော်] ကို ထောက်ရှုဆင်ခြင်သောအားဖြင့် အားလျော့စိတ်ပျက်ခြင်းနှင့်ကင်းလွတ်အံ့သောငှာ ကြိုးစားကြလော့။”—ဟေဗြဲ ၁၂:၃

၁၂။ ကျမ်းစာသွန်သင်ချက်သည် စိတ်ဓာတ်ကျနေသူများကို မည်သို့အားရှိစေသနည်း။

၁၂ လက်လျှော့အရှုံးပေးလိုစိတ်ပေါ်​လာပြီး ဘုရားသခင့်အမှုတော်မဆောင်လိုတော့ဟု သင်ခံစားဖူးသလော။ မိမိသည် အသုံးမကျသူဖြစ်သည်ဟု တစ်ခါတစ်ရံ သင်ခံစားရသလော။ သို့ဆိုလျှင် ထိုခံစားချက်များကို စာတန်သုံးပြီး ယေဟောဝါအားဝတ်ပြုခြင်းကို တားဆီးရန် အခွင့်မပေးပါနှင့်။ ကျမ်းစာကို လေးလေးနက်နက်လေ့လာခြင်း၊ မခြားမလပ်ဆုတောင်းခြင်း၊ အစည်းအဝေးမှန်မှန်တက်ခြင်း၊ ခရစ်ယာန်ချင်းတို့နှင့် ပေါင်းသင်းခြင်းတို့က သင့်ကိုအားရှိစေပြီး “အားလျော့စိတ်ပျက်ခြင်းနှင့်ကင်းလွတ်” စေမည်ဖြစ်သည်။ ယေဟောဝါသည် မိမိအားဝတ်ပြုသူတို့ကို အားပြည့်စေမည်ဟု ကတိပြုထားပြီး ထိုကတိတော်မှာ သေချာသည်။ (ဟေရှာယ ၄၀:၃၀၊ ၃၁ ကိုဖတ်ပါ။) ထို့ကြောင့် ခရစ်ယာန်လုပ်ငန်းဆောင်တာများကိုသာ အာရုံစိုက်ပါ။ အချိန်အလဟဿကုန်စေသည့် အာရုံပျံ့လွင့်စရာများကို ရှောင်ပြီး အခြားသူများအား ကူညီပေးရန် အာရုံစိုက်ပါ။ ထိုသို့ပြုပါက စိတ်ဓာတ်ကျသည့်ကြားမှ ခံရပ်နိုင်ရန် ခွန်အားရရှိပါလိမ့်မည်။—ဂလ. ၆:၁၊ ၂

ကြီးစွာသောဆင်းရဲမှ ကမ္ဘာသစ်သို့

၁၃။ အာမဂေဒုန်ကိုကပ်ကျော်သူများအတွက် အဘယ်တာဝန်စောင့်ကြိုနေသနည်း။

၁၃ အာမဂေဒုန်ပြီးနောက် ရှင်ပြန်ထမြောက်လာမည့် မဖြောင့်မတ်သူများစွာသည် ယေဟောဝါ၏နည်းလမ်းတော်များကို သွန်သင်ခံရန် လိုအပ်ပေမည်။ (တ. ၂၄:၁၅) ယေရှု၏ရွေးနုတ်ဖိုးပူဇော်ရာယဇ်အကြောင်း သင်ယူဖို့လိုသည့်အပြင် ထိုပူဇော်ရာယဇ်မှ အကျိုးကျေးဇူးရရှိရန် ယင်းကိုယုံကြည်ကြောင်း တင်ပြရမည်ကိုလည်း သင်ယူရမည်။ သူတို့သည် ယခင်က အယူမှားဘာသာရေးအယူအဆများနှင့် ဘဝလမ်းစဉ်ကို စွန့်လွှတ်ဖို့လိုသည်။ ခရစ်ယာန်စစ်များကို ခွဲခြားသိရှိစေသော ဥပဓိရုပ်သစ်ကို ယူတင်ဝတ်ဆင်ရန်လည်း သင်ယူရမည်။ (ဧ. ၄:၂၁-၂၄; ကော. ၃:၉၊ ၁၀) အာမဂေဒုန်ကိုကပ်ကျော်သူတို့သည် ထိုအချိန်တွင် လုပ်စရာများစွာရှိပေမည်။ လက်ရှိဆိုးယုတ်သောလောက၏ဖိအားများ၊ အာရုံပျံ့လွင့်စရာများမရှိဘဲ ယေဟောဝါ၏အမှုတော်ကို ထိုသို့ထမ်းရွက်ရခြင်းက ပျော်ရွှင်ဖွယ်ကောင်းလိုက်မည်ဖြစ်ခြင်း!

၁၄၊ ၁၅။ ကြီးစွာသောဆင်းရဲကိုကပ်ကျော်သူများနှင့် ရှင်ပြန်ထမြောက်လာမည့် ဖြောင့်မတ်သူများတွင်ရှိမည့် ဖလှယ်မှုအကြောင်းဖော်ပြပါ။

၁၄ ယေရှု၏မြေကြီးဓမ္မအမှုမတိုင်မီ သေဆုံးသွားသောသစ္စာရှိကျေးကျွန်များလည်း ထိုအချိန်တွင် သင်ယူစရာများစွာရှိပေမည်။ သူတို့မျှော်လင့်ခဲ့သော်လည်း မတွေ့မြင်ခဲ့ရသည့် ကတိထားရာမေရှိယသည် မည်သူမည်ဝါဖြစ်ကြောင်း သူတို့သင်ယူရပေမည်။ သူတို့အသက်ရှင်ခဲ့စဉ်က ယေဟောဝါ၏ညွှန်ကြားချက်များကို တလိုတလားလိုက်နာကြောင်း တင်ပြခဲ့ပြီးဖြစ်သည်။ သူတို့ကိုကူညီပေးရခြင်းက မည်မျှပျော်ရွှင်စရာကောင်းပြီး အခွင့်ထူးလိုက်မည်ကို မြင်ယောင်ကြည့်ပါ။ ဥပမာ၊ ဒံယေလရေးသားခဲ့သော်လည်း နားမလည်ခဲ့သည့် ပရောဖက်ပြုချက်များ၏ ပြည့်စုံမှုကို သူ့အား ရှင်းပြခွင့်ရမည်ဖြစ်သည်။—ဒံ. ၁၂:၈၊ ၉

၁၅ ရှင်ပြန်ထမြောက်လာသူများသည် ကျွန်ုပ်တို့ထံမှ သင်ယူစရာများစွာရှိမည်ဖြစ်ပြီး ကျွန်ုပ်တို့တွင်လည်း သူတို့ကိုမေးစရာများစွာရှိမည်ဖြစ်သည်။ ကျမ်းစာတွင် အသေးစိတ်မဖော်ပြထားသောဖြစ်ရပ်များကို သူတို့ပြောပြနိုင်ကြသည်။ ယေရှု၏အစ်ကိုဝမ်းကွဲ နှစ်ခြင်းဆရာယောဟန်ထံမှ ကိုယ်တော်နှင့်ပတ်သက်သော အသေးစိတ်အချက်အလက်များကို သိရှိနိုင်မည်မှာ မည်မျှစိတ်လှုပ်ရှားစရာကောင်းမည်ကို တွေးကြည့်ပါ။ ထိုသို့သောသစ္စာရှိသက်သေခံများထံမှ သိရှိလာရာများသည် ကျွန်ုပ်တို့အား ဘုရားသခင့်နှုတ်မြွက်တော်ကို ယခုထက်ပို၍နားလည်လာစေမည်မှာ သေချာသည်။ ထို့ကြောင့် ဤအစီအစဉ်စနစ်ဆုံးခန်းအတွင်း သေလွန်သွားသည့် လူအုပ်ကြီးအဖွဲ့ဝင်များအပါအဝင် ယေဟောဝါ၏သစ္စာရှိကျေးကျွန်အားလုံးသည် “သာ၍မြတ်သောထမြောက်ခြင်း” ကိုရရှိကြလိမ့်မည်။ စာတန်သြဇာလွှမ်းမိုးထားသည့်လောကတွင် ယေဟောဝါ၏အမှုတော်ကို သူတို့စတင်ထမ်းရွက်ခဲ့ကြသည်။ ယင်းထက်များစွာသာလွန်သည့် ကမ္ဘာသစ်အခြေအနေအောက် ကိုယ်တော့်အမှုတော်ကို ဆက်ထမ်းရွက်ရမည်မှာ သူတို့အတွက် အလွန်ပျော်ရွှင်စရာကောင်းပေမည်။—ဟေဗြဲ ၁၁:၃၅; ၁ ယော. ၅:၁၉

၁၆။ ပရောဖက်ပြုချက်အရ တရားစီရင်ရာနေ့သည် မည်သို့ဆက်ဖြစ်ပျက်မည်နည်း။

၁၆ တရားစီရင်ရာနေ့၏ တစ်ချိန်ချိန်တွင် စာလိပ်များကို ဖွင့်မည်ဖြစ်သည်။ ယင်းစာလိပ်များနှင့်ကျမ်းစာသည် အသက်ရှင်သူအားလုံး ထာဝရအသက်ရထိုက်မထိုက် စစ်ကြောစီရင်ရာတွင် အခြေခံဖြစ်ပေမည်။ (ဗျာ. ၂၀:၁၂၊ ၁၃ ကိုဖတ်ပါ။) တရားစီရင်ရာနေ့အဆုံး၌ ပုဂ္ဂိုလ်တစ်ဦးစီသည် စကြဝဠာအကြွင်းမဲ့ပိုင်သအုပ်စိုးမှုအရေးကိစ္စတွင် မည်သည့်ဘက်၌ရပ်တည်ကြောင်း ဖော်ပြရန် အခွင့်ထူးကြီးရရှိပေမည်။ ဘုရားသခင့်နိုင်ငံတော်အစီအစဉ်ကို လက်အောက်ခံပြီး “အသက်စမ်းရေတွင်းသို့” သိုးသငယ်၏လမ်းပြမှုကို ခံယူမည်လော။ သို့မဟုတ် ဘုရားသခင့်နိုင်ငံတော်ကို လက်အောက်ခံရန်ငြင်းဆိုခြင်းဖြင့် ဆန့်ကျင်မည်လော။ (ဗျာ. ၇:၁၇; ဟေရှာ. ၆၅:၂၀) ထိုအချိန်တွင် ကမ္ဘာပေါ်​ရှိသူအားလုံးသည် အမွေရထားသောအပြစ် သို့မဟုတ် ဆိုးညစ်သောပတ်ဝန်းကျင်၏လွှမ်းမိုးမှုမရှိဘဲ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ရရှိကြမည်။ ယေဟောဝါ၏ နောက်ဆုံးတရားစီရင်ချက်၏ဖြောင့်မှန်မှုကို မည်သူမျှ စောဒကတက်နိုင်မည်မဟုတ်ပေ။ လူဆိုးများသာ ထာဝရဖျက်ဆီးခြင်းခံရမည်။—ဗျာ. ၂၀:၁၄၊ ၁၅

၁၇၊ ၁၈။ ဝိညာဉ်တော်ဖွားခရစ်ယာန်များနှင့် အခြားသိုးသည် တရားစီရင်ရာနေ့ကို အဘယ်ဝမ်းမြောက်ဖွယ်မျှော်လင့်ချက်ဖြင့် ရှုမြင်ကြသနည်း။

၁၇ ယနေ့ ဝိညာဉ်တော်ဖွားခရစ်ယာန်များသည် ဘုရားသခင့်နိုင်ငံတော်ကိုဝင်စားထိုက်သူများအဖြစ် ယူမှတ်ခံရပြီး တရားစီရင်ရာနေ့အတွင်း စိုးစံရန် စိတ်ထက်သန်စွာစောင့်မျှော်နေကြသည်။ သူတို့အတွက် ကြီးမြတ်လှသောအခွင့်ထူးပင်! ထိုအလားအလာက ပထမရာစုရှိညီအစ်ကိုများအား ပေတရုပေးခဲ့သော ဤအကြံပြုချက်ကိုလိုက်နာရန် သူတို့ကိုလှုံ့ဆော်ပေးသည်– “သင်တို့ခံရသောခေါ်တော်မူခြင်းနှင့် ရွေးချယ်တော်မူခြင်းကို တည်မြဲစေခြင်းငှာ သာ၍ကြိုးစားအားထုတ်ကြလော့။ သို့ပြုလျှင် ရွေ့လျော့ခြင်းနှင့်အစဉ်ကင်းလွတ်သည်ဖြစ်၍ ငါတို့ကိုကယ်တင်တော်မူသော အရှင်သခင်ယေရှုခရစ်၏ ထာဝရနိုင်ငံတော်ထဲသို့ ဝင်စားခြင်းအခွင့်ကို သင်တို့အား ကြွယ်ဝစွာပေးသနားတော်မူလတ္တံ့။”—၂ ပေ. ၁:၁၀၊ ၁၁

၁၈ အခြားသိုးလည်း ဝိညာဉ်တော်ဖွားညီအစ်ကိုများနှင့်အတူ ဝမ်းမြောက်ကြပါသည်။ ထို့ကြောင့် သူတို့ကိုထောက်မရန် စိတ်ပိုင်းဖြတ်ထားကြသည်။ ယနေ့ ဘုရားသခင့်အဆွေများအနေဖြင့် ကိုယ်တော့်အမှုတော်ကို အတတ်နိုင်ဆုံးထမ်းရွက်ရန် သူတို့လှုံ့ဆော်ခံရသည်။ ယေရှုသည် တရားစီရင်ရာနေ့အတွင်း အသက်စမ်းရေတွင်းသို့ သူတို့ကိုလမ်းပြစဉ် သူတို့သည် ဘုရားသခင့်အစီအစဉ်များကို စိတ်နှလုံးအကြွင်းမဲ့ဖြင့် ဝမ်းမြောက်ဝမ်းသာထောက်ခံကြပါလိမ့်မည်။ နောက်ဆုံးတွင် သူတို့အားလုံးသည် ယေဟောဝါ၏ မြေကြီးပေါ်​ရှိကျေးကျွန်များ ထာဝစဉ်ဖြစ်ထိုက်သည်ဟု ယူမှတ်ခံရပါလိမ့်မည်။—ရော. ၈:၂၀၊ ၂၁; ဗျာ. ၂၁:၁-၇

သင်မှတ်မိသလော

• ယေရှု၏ဥစ္စာများတွင် အဘယ်အရာများပါဝင်သနည်း။

• လူအုပ်ကြီးသည် မိမိတို့၏ဝိညာဉ်တော်ဖွားညီအစ်ကိုများကို မည်သို့ထောက်မနေသနည်း။

• လူအုပ်ကြီးသည် အဘယ်အခွင့်ထူးများနှင့် အလားအလာကို ရရှိထားသနည်း။

• တရားစီရင်ရာနေ့ကို သင်မည်သို့ ရှုမြင်သနည်း။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၂၅ ပါပုံစာ]

လူအုပ်ကြီးသည် မိမိတို့၏ဝတ်လုံများကို သိုးသငယ်၏အသွေး၌ လျှော်၍ဖြူစေကြ

[စာမျက်နှာ ၂၇ ပါပုံစာ]

ရှင်ပြန်ထမြောက်လာသော သစ္စာရှိသူများထံမှ အဘယ်အရာသင်ယူရန် သင်စောင့်မျှော်နေသနည်း