မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ခရစ်တော်ရောက်ရှိခြင်း—သင့်အတွက် အဘယ်အဓိပ္ပာယ်ရှိသနည်း

ခရစ်တော်ရောက်ရှိခြင်း—သင့်အတွက် အဘယ်အဓိပ္ပာယ်ရှိသနည်း

ခရစ်တော်ရောက်ရှိခြင်း—သင့်အတွက် အဘယ်အဓိပ္ပာယ်ရှိသနည်း

‘ကိုယ်တော်ရောက်ရှိနေခြင်းနှင့် ဤအစီအစဉ်စနစ်နိဂုံးပိုင်း၏နိမိတ်သည် အဘယ်နိမိတ်ဖြစ်မည်နည်း။’ —မ. ၂၄:၃၊ ကဘ။

၁။ ယေရှု၏တမန်တော်များသည် အဘယ်စိတ်ဝင်စားဖွယ်မေးခွန်းကို မေးခဲ့သနည်း။

လွန်ခဲ့သောနှစ်ပေါင်းနှစ်ထောင်နီးပါးတွင် ယေရှု၏တမန်တော်လေးဦးသည် သံလွင်တောင်ပေါ်၌ ကိုယ်တော်နှင့်သီးသန့်စကားပြောဆိုနေစဉ် မေးခွန်းတစ်ခုမေးခဲ့၏။ သူတို့က ‘ထိုအမှုအရာတို့သည် မည်သည့်အချိန်တွင် ဖြစ်ပျက်မည်နည်း။ ကိုယ်တော်ရောက်ရှိနေခြင်းနှင့် ဤအစီအစဉ်စနစ်နိဂုံးပိုင်း၏နိမိတ်သည် အဘယ်နိမိတ်ဖြစ်မည်နည်း’ ဟုမေးခဲ့ကြသည်။ (မ. ၂၄:၃ကဘ) ထိုမေးခွန်းတွင် “ကိုယ်တော်ရောက်ရှိနေခြင်း” နှင့် “ဤအစီအစဉ်စနစ်နိဂုံးပိုင်း” ဟူသော အလွန်စိတ်ဝင်စားဖွယ်အသုံးအနှုန်းနှစ်ခု ပါရှိသည်။ ယင်းတို့က အဘယ်အရာကို ဆိုလိုသနည်း။

၂။ “နိဂုံးပိုင်း” ဟူသောစကားလုံး၏ အဓိပ္ပာယ်ကား အဘယ်နည်း။

ဒုတိယအသုံးအနှုန်းဖြစ်သော “နိဂုံးပိုင်း” ကို ဦးစွာသုံးသပ်ကြည့်ကြစို့။ ဂရိစကားလုံး စင်တီလေအာကို ကမ္ဘာသစ်ဘာသာပြန်ကျမ်းတွင် “နိဂုံးပိုင်း” ဟုတစ်သမတ်တည်းပြန်ဆိုပြီး ယင်းနှင့်ဆက်နွှယ်မှုရှိသော ဂရိစကားလုံး တီလော့စ်ကို “အဆုံး” ဟုပြန်ဆိုသည်။ ထိုစကားလုံးနှစ်ခု၏ကွာခြားချက်ကို ဘုရားသခင့်နိုင်ငံတော်ခန်းမတွင် ဟောနေသော ဟောပြောချက်တစ်ခုဖြင့် ပုံတင်ပြနိုင်သည်။ ဟောပြောချက်၏နိဂုံးပိုင်းတွင် ဟောပြောသူသည် ဆွေးနွေးခဲ့သောအရာများကို အချိန်အနည်းငယ် ပြန်သုံးသပ်ပြီး ယင်းတို့ကို မည်သို့လက်တွေ့ကျင့်သုံးနိုင်ကြောင်း ဖော်ပြသည်။ ဟောပြောသူသည် စင်မြင့်ပေါ်မှထွက်သွားချိန်တွင် ဟောပြောချက်ပြီးဆုံးသွားပြီဖြစ်၏။ ထိုနည်းတူ၊ ကျမ်းစာတွင် “ဤအစီအစဉ်စနစ်နိဂုံးပိုင်း” ဟူသောအသုံးအနှုန်းသည် ယင်း၏အဆုံးအပါအဝင် အဆုံးသို့ဦးတည်သွားနေသော အချိန်ကာလကိုရည်ညွှန်းသည်။

၃။ ယေရှုရောက်ရှိနေချိန်အတွင်း ဖြစ်ပျက်မည့်အရာအချို့ကား အဘယ်နည်း။

တမန်တော်များမေးခဲ့သည့် “ရောက်ရှိနေခြင်း” ဟူသောအသုံးအနှုန်းက အဘယ်အရာကိုဆိုလိုသနည်း။ ယင်းသည် ဂရိစကားလုံး ပါရိုစီးယားမှ ပြန်ဆိုထားခြင်းဖြစ်သည်။ * ခရစ်တော်ရောက်ရှိနေခြင်း သို့မဟုတ် ပါရိုစီးယားသည် ကောင်းကင်၌ ဘုရင်အဖြစ် ယေရှုနန်းထိုင်ချိန် ၁၉၁၄ တွင်စတင်ပြီး ‘ကြီးစွာသောဆင်းရဲ’ တွင် ဆိုးသွမ်းမှုကိုဖျက်ဆီးရန် ကိုယ်တော်ကြွလာချိန်တိုင်အောင် ဆက်သွားမည်ဖြစ်သည်။ (မ. ၂၄:၂၁) ဤအစီအစဉ်စနစ်ဆိုး၏ “နောက်ဆုံးသောနေ့ရက်များ၊” ရွေးချယ်ခံရသူများကို စုသိမ်းခြင်း၊ ကောင်းကင်အသက်တာသို့ သူတို့ထမြောက်ခြင်းအပါအဝင် ဖြစ်ရပ်များစွာသည် ယေရှုရောက်ရှိနေချိန်အတွင်း ဖြစ်ပျက်နေသည်။ (၂ တိ. ၃:၁သမ္မာ; ၁ ကော. ၁၅:၂၃; ၁ သက်. ၄:၁၅-၁၇; ၂ သက်. ၂:၁) “ဤအစီအစဉ်စနစ်နိဂုံးပိုင်း” အချိန်ကာလ (စင်တီလေအာ) နှင့် ခရစ်တော်ရောက်ရှိနေသည့်အချိန်ကာလ (ပါရိုစီးယား) တို့သည် တစ်ချိန်တည်းတွင်ဖြစ်သည်ဟု ဆိုနိုင်ပါသည်။

ရှည်လျားသော အချိန်ကာလတစ်ခု

၄။ ယေရှုရောက်ရှိနေခြင်းနှင့် နောဧခေတ်မှအဖြစ်အပျက်များသည် မည်သို့ဆင်တူသနည်း။

ပါရိုစီးယားသည် ရှည်လျားသောအချိန်ကာလတစ်ခုကို ဆိုလိုသည်ဟူသောအချက်က မိမိရောက်ရှိနေခြင်းနှင့်ပတ်သက်၍ ယေရှုပြောဆိုရာနှင့် ကိုက်ညီသည်။ (မဿဲ ၂၄:၃၇-၃၉ ကိုဖတ်ပါ။) ယေရှုသည် မိမိရောက်ရှိနေခြင်းကို နောဧခေတ်တွင် ရေလွှမ်းမိုးခြင်းဖြစ်နေသည့် တိုတောင်းသောအချိန်ကာလနှင့် မနှိုင်းယှဉ်ကြောင်း သတိပြုပါ။ ယင်းအစား ရေလွှမ်းမိုးဘေးသို့ ဦးတည်နေသည့် ရှည်လျားသောအချိန်ကာလနှင့် နှိုင်းယှဉ်ခဲ့သည်။ ထိုအချိန်ကာလတွင် နောဧသင်္ဘောဆောက်လုပ်ခြင်း၊ ဟောပြောခြင်းနှင့် နောက်ဆုံး ရေလွှမ်းမိုးဘေးကျရောက်ချိန်အထိ ပါဝင်သည်။ ထိုအဖြစ်အပျက်များသည် ဆယ်စုနှစ်ချီကြာသောကာလအတွင်း ဖြစ်ပျက်ခဲ့သည်။ အလားတူ၊ ခရစ်တော်ရောက်ရှိနေခြင်းတွင် ကြီးစွာသောဆင်းရဲသို့ ဦးတည်နေသောအဖြစ်အပျက်များနှင့် ကြီးစွာသောဆင်းရဲတို့ ပါဝင်သည်။—၂ သက်. ၁:၆-၁၀

၅။ ယေရှုရောက်ရှိနေခြင်းသည် ရှည်လျားသောအချိန်ကာလဖြစ်ကြောင်း ဗျာ. အခန်းကြီး ၆ မှစကားများက မည်သို့ဖော်ပြသနည်း။

ခရစ်တော်ရောက်ရှိနေခြင်းသည်  ဆိုးသွမ်းမှုများကို ဖျက်ဆီးရန် ကြွလာခြင်းကိုသာ မဆိုလိုဘဲ ရှည်လျားသောအချိန်ကာလတစ်ခုကို ဆိုလိုကြောင်း အခြားကျမ်းစာပရောဖက်ပြုချက်များကလည်း ထင်ရှားစွာဖော်ပြသည်။ ဗျာ.ကျမ်းတွင် ယေရှုကို မြင်းဖြူစီးပြီး သရဖူအပ်နှင်းခံရသူအဖြစ် ပုံဖော်ထားသည်။ (ဗျာ. ၆:၁-၈ ကိုဖတ်ပါ။) ယေရှုသည် ၁၉၁၄ တွင် ဘုရင်အဖြစ် သရဖူရရှိပြီးနောက် “အောင်မြင်လျက်လည်းကောင်း၊ အောင်မြင်ခြင်းငှာလည်းကောင်း ထွက်သွား၏” ဟုဖော်ပြထားသည်။ ကိုယ်တော်၏နောက်မှ မြင်းစီးသူရဲသုံးဦးသည် မြင်းနီ၊ မြင်းနက်၊ မြင်းမွဲကိုစီးလျက် လိုက်ပါလာကြောင်း မှတ်တမ်းက ဆက်ဖော်ပြသည်။ ယင်းတို့သည် စစ်ဘေး၊ အစာခေါင်းပါးဘေး၊ ရောဂါဘေးတို့ကို ပုံဆောင်ပြီး ‘နောက်ဆုံးကာလ’ ဟုခေါ်သည့် ရှည်လျားသောအချိန်ကာလအတွင်း ဖြစ်ပျက်လျက်ရှိသည်။ ထိုပရောဖက်ပြုချက်သည် ကျွန်ုပ်တို့အချိန်တွင်ပြည့်စုံနေကြောင်း တွေ့မြင်နေရသည်။

၆။ ဗျာ. အခန်းကြီး ၁၂ က ခရစ်တော်ရောက်ရှိနေခြင်းအကြောင်း နားလည်ရန် မည်သို့အထောက်အကူပြုသနည်း။

ဗျာ.အခန်းကြီး ၁၂ တွင် ကောင်းကင်၌ ဘုရားသခင့်နိုင်ငံတော် တည်ထောင်ခြင်းနှင့်ပတ်သက်သည့် ထပ်ဆင့်အချက်အလက်များကို ဖော်ပြထားသည်။ ကောင်းကင်တွင် စစ်ဖြစ်ကြောင်း ထိုတွင်ကျွန်ုပ်တို့ဖတ်ရှုရသည်။ မိက္ခေလအဖြစ် ရာထူးရရှိထားသော ယေရှုခရစ်နှင့် သူ၏ကောင်းကင်တမန်များသည် စာတန်နှင့်နတ်ဆိုးများကို စစ်တိုက်၏။ ထို့နောက် စာတန်နှင့်သူ၏အပေါင်းပါတို့သည် မြေကြီးသို့ပစ်ချခံရ၏။ ထိုအချိန်တွင် စာတန်သည် “မိမိကာလတစ်ခဏသာရှိသည်ကိုသိ၍” ပြင်းစွာဒေါသအမျက်ထွက်နေသည်ဟု မှတ်တမ်းကဆိုသည်။ (ဗျာ. ၁၂:၇-၁၂ ကိုဖတ်ပါ။) ထို့ကြောင့် ကောင်းကင်တွင် ခရစ်တော်၏နိုင်ငံ တည်ထောင်ပြီးသည်နှင့် မြေကြီးနှင့်မြေကြီးသားတို့အတွက် “အမင်္ဂလာ” တိုးများလာသော အချိန်ကာလဖြစ်သည်မှာ ထင်ရှားပါသည်။

၇။ ဆာလံအခန်းကြီးနှစ်တွင် အဘယ်အကြောင်းနှင့် အဘယ်အခွင့်အရေးအကြောင်း ဖော်ပြထားသနည်း။

အလားတူ၊ ဆာလံအခန်းကြီးနှစ်တွင်လည်း ကောင်းကင်ဇိအုန်တောင်၌ ဘုရင်အဖြစ် ယေရှုခန့်အပ်ခံရခြင်းနှင့်ပတ်သက်၍ ပရောဖက်ပြုထားသည်။ (ဆာလံ ၂:၅-၉ နှင့် ၁၁၀:၁၊ ၂ တို့ကိုဖတ်ပါ။) သို့သော် ခရစ်တော်၏အုပ်ချုပ်မှုကို လက်အောက်ခံရန် မြေကြီးအုပ်စိုးရှင်များနှင့် တိုင်းသူပြည်သားများအား အခွင့်အရေးပေးသည့် အချိန်ကာလတစ်ခုအကြောင်းကိုလည်း ထိုဆာလံကျမ်းတွင်ဖော်ပြသည်။ “ပညာသတိရှိ” ပြီး “ဆုံးမခြင်းကိုခံ” ရန် သူတို့ကိုတိုက်တွန်းထားသည်။ မှန်ပါသည်၊ ထိုအချိန်အတွင်း ယေဟောဝါနှင့် ကိုယ်တော့်ခန့်အပ်ခံဘုရင်၏ အမှုတော်ကိုထမ်းဆောင်ခြင်းဖြင့် “[ယေဟောဝါကို] ကိုးစားသောသူအပေါင်းတို့သည် မင်္ဂလာရှိကြ၏။” ထို့ကြောင့် ဘုရင့်အာဏာဖြင့် ယေရှုရောက်ရှိနေချိန်အတွင်း ကိုယ်တော့်ကိုလက်အောက်ခံရန် အခွင့်အရေးပွင့်နေပါသည်။—ဆာ. ၂:၁၀-၁၂

နိမိတ်လက္ခဏာကို အသိအမှတ်ပြုခြင်း

၈၊ ၉။ ခရစ်တော်ရောက်ရှိနေခြင်း၏နိမိတ်ကို အသိအမှတ်ပြုပြီး ယင်း၏အဓိပ္ပာယ်ကို သိနားလည်မည့်သူတို့ကား မည်သူတို့နည်း။

ဘုရားသခင့်နိုင်ငံတော်လာမည့်အချိန်ကို ဖာရိရှဲများမေးမြန်းသည့်အခါ ယေရှုက သူတို့ထင်သကဲ့သို့ “ထင်ရှားမြင်သာသောနည်းဖြင့်” လာမည်မဟုတ်ဟု ပြန်ဖြေခဲ့သည်။ (လု. ၁၇:၂၀၊ ၂၁ကဘ) မယုံကြည်သူများ မည်သို့နားလည်နိုင်ပါမည်နည်း။ နားလည်ကြမည်မဟုတ်ပေ။ သူတို့သည် ယေရှုကို အနာဂတ်ဘုရင်အဖြစ် အသိအမှတ်ပင်မပြုကြပေ။ သို့ဆိုလျှင် ခရစ်တော်ရောက်ရှိနေခြင်း၏နိမိတ်ကို အသိအမှတ်ပြုပြီး ယင်း၏အဓိပ္ပာယ်ကို သိနားလည်မည့်သူတို့ကား မည်သူတို့နည်း။

“ကောင်းကင်တစ်ဖက်မှပြက်သော လျှပ်စစ်သည် ကောင်းကင်အနှံ့အပြားထွန်းလင်း” သည်ကို ရှင်းလင်းစွာမြင်ရသကဲ့သို့ တပည့်များသည် ထိုနိမိတ်လက္ခဏာများကို တွေ့မြင်လိမ့်မည်ဟု ယေရှု ဆက်၍မိန့်ဆိုသည်။ (လုကာ ၁၇:၂၄-၃၀ ကိုဖတ်ပါ။) မဿဲ ၂၄:၂၃-၂၇ တွင် ထိုအချက်ကိုပင် ခရစ်တော်ရောက်ရှိနေခြင်း၏နိမိတ်နှင့် တိုက်ရိုက်ဆက်စပ်ဖော်ပြသည်မှာ စိတ်ဝင်စားစရာပင်။

နိမိတ်လက္ခဏာကိုတွေ့မြင်သည့် လူမျိုးဆက်

၁၀၊ ၁၁။ (က) မဿဲ ၂၄:၃၄ ပါ “လူမျိုးဆက်” နှင့်ပတ်သက်၍ ယခင်က မည်သို့ရှင်းပြခဲ့သနည်း။ (ခ) ထို “လူမျိုးဆက်” တွင် မည်သူတို့ပါဝင်မည်ဟု ယေရှုတပည့်များ သေချာစွာသဘောပေါက်ကြမည်နည်း။

၁၀ ပထမရာစုတွင် မဿဲ ၂၄:၃၄ [ကဘ] ပါ “လူမျိုးဆက်” သည် “မယုံကြည်သောဂျူးများ၏ တစ်ခေတ်တည်းသားလူမျိုးဆက်” ကိုဆိုလိုသည်ဟု ဤစာစောင်တွင် ယခင်က ရှင်းပြခဲ့သည်။ * ထိုရှင်းပြချက်သည် မှန်ကန်ပုံပေါက်၏။ အကြောင်းမှာ အခြားကျမ်းချက်အားလုံးတွင်လည်း ယေရှုသုံးနှုန်းခဲ့သော “လူမျိုးဆက်” ဟူသောစကားလုံးသည် အပျက်သဘောဆောင်ပြီး များသောအားဖြင့် ‘ဆိုးညစ်သော’ စသည့်အပျက်သဘောဆောင်သော နာမဝိသေသနနှင့် ကိုယ်တော်တွဲပြောလေ့ရှိသောကြောင့်ဖြစ်၏။ (မ. ၁၂:၃၉ကဘ; ၁၇:၁၇၊ ကဘ; မာ. ၈:၃၈ကဘ) ထို့ကြောင့် ယနေ့ခေတ်ပြည့်စုံချက်တွင် “လူမျိုးဆက်” သည် “ဤအစီအစဉ်စနစ်နိဂုံးပိုင်း” (စင်တီလေအာ) ၏နိမိတ်လက္ခဏာများကိုရော အစီအစဉ်စနစ်၏အဆုံး (တီလော့စ်) ကိုပါမြင်တွေ့ရမည့် မယုံကြည်သူများ၏ ဆိုးညစ်သောလူမျိုးဆက်ကို ယေရှုဆိုလိုသည်ဟု ဤစာစောင်မှရှင်းပြခဲ့သည်။

၁၁ ယေရှုသည် “လူမျိုးဆက်” ဟူသောစကားလုံးကို အပျက်သဘောဖြင့် အသုံးပြုသည့်အခါ မိမိခေတ်မှ ဆိုးညစ်သူများကို သို့မဟုတ် သူတို့အကြောင်းကို ပြောဆိုနေခြင်းဖြစ်သည်မှာ မှန်ပါသည်။ သို့သော် မဿဲ ၂၄:၃၄ [ကဘ] မှ “လူမျိုးဆက်” ဟူသောစကားက ကိုယ်တော့်ခေတ်မှဆိုးညစ်သူများကို ဆိုလိုသလော။ ယေရှု၏တပည့်လေးဦးသည် ကိုယ်တော့်ထံ “အခြားသူမပါဘဲ” ချဉ်းကပ်ခဲ့ကြောင်း အမှတ်ရပါ။ (မ. ၂၄:၃) ယေရှုသည် “ဤလူမျိုးဆက်” အကြောင်း သူတို့နှင့်ပြောဆိုစဉ် အပျက်သဘောဆောင်သော နာမဝိသေသနများကို အသုံးမပြုခဲ့ပါ။ ထို့ကြောင့် တမန်တော်များအနေဖြင့် မိမိတို့နှင့် အခြားတပည့်များသည် “လူမျိုးဆက်” အဝင်ဖြစ်ကြောင်း၊ “ထိုအခြင်းအရာအလုံးစုံမဖြစ်မီ” ထိုလူမျိုးဆက်သည် ကွယ်ပျောက်မည်မဟုတ်ကြောင်း သဘောပေါက်ခဲ့မည်မှာ သေချာသည်။

၁၂။ “လူမျိုးဆက်” ဟု ယေရှုသုံးနှုန်းသောအခါ ကိုယ်တော်ရည်ညွှန်းနေသူတို့အကြောင်း စကားစပ်က အဘယ်အရာဖော်ပြသနည်း။

၁၂ ကျွန်ုပ်တို့ အဘယ်ကြောင့် ထိုသို့ကောက်ချက်ချနိုင်သနည်း။ ကျမ်းချက်၏စကားစပ်ကို အသေအချာ သုံးသပ်ခြင်းဖြင့်ဖြစ်သည်။ မဿဲ ၂၄:၃၂၊ ၃၃ [ကဘ] တွင် ယေရှုဤသို့ဆို၏– “သဖန်းပင်ပုံဥပမာမှ သင်ယူကြလော့– သဖန်းပင်သည် အကိုင်းအညှောက်ထွက်၍ ရွက်နုပေါက်သောအခါ နွေကာလနီးကြောင်း သင်တို့သိကြ၏။ ထိုနည်းတူ ထိုအခြင်းအရာအလုံးစုံတို့ကို သင်တို့မြင်ရလျှင် လူသားသည် တံခါးဝတိုင်အောင်အနီးသို့ ရောက်ရှိနေသည်ကို သိမှတ်ကြလော့။” (မာကု ၁၃:၂၈-၃၀; လုကာ ၂၁:၃၀-၃၂ တို့နှင့်နှိုင်းယှဉ်ပါ။) ထို့နောက် “ငါအမှန်ဆိုသည်ကား ထိုအခြင်းအရာအလုံးစုံမဖြစ်မီ ဤလူမျိုးဆက်သည် အလျှင်း မကွယ်မပျောက်ရ” ဟု မဿဲ ၂၄:၃၄ [ကဘ] တွင်ဆက်၍ဆို၏။

၁၃၊ ၁၄။ ယေရှုမိန့်ဆိုသော “လူမျိုးဆက်” သည် ကိုယ်တော့်တပည့်များဖြစ်ရမည်ဟု အဘယ်ကြောင့်ဆိုနိုင်သနည်း။

၁၃ သန့်ရှင်းသောဝိညာဉ်တော်ဖြင့် မကြာမီ ခန့်အပ်ခံရမည့် တပည့်များသည် “ထိုအခြင်းအရာအလုံးစုံ” ဖြစ်သည်ကို မြင်ရသောအခါ တစ်စုံတစ်ရာကောက်ချက်ချနိုင်သင့်သည်ဟု ယေရှုပြောဆိုခဲ့သည်။ ထို့ကြောင့် “ထိုအခြင်းအရာအလုံးစုံမဖြစ်မီ ဤလူမျိုးဆက်သည် အလျှင်း မကွယ်မပျောက်ရ” ဟု ယေရှုပြောဆိုသည့်အခါ မိမိတပည့်များကို ရည်ညွှန်းနေခြင်းဖြစ်ရမည်။

၁၄ မယုံကြည်သူများနှင့်မတူဘဲ ယေရှု၏တပည့်များသည် နိမိတ်လက္ခဏာများကို သိမြင်မည့်အပြင် ယင်းတို့၏အဓိပ္ပာယ်ကိုလည်း သိနားလည်ကြလိမ့်မည်။ သူတို့သည် နိမိတ်လက္ခဏာများမှ “သင်ယူ” ပြီး ယင်းတို့၏အဓိပ္ပာယ်မှန်ကို “သိမှတ်” ကြပါလိမ့်မည်။ “လူသားသည် တံခါးဝတိုင်အောင်အနီးသို့ ရောက်ရှိနေသည်ကို” သူတို့ အပြည့်အဝသဘောပေါက်ကြမည်။ ယေရှု၏စကားများ ပထမရာစုတွင် အသေးစားပြည့်စုံသည်ကို မယုံကြည်သူဂျူးများကော သစ္စာရှိဝိညာဉ်တော်ဖွားခရစ်ယာန်များပါ မြင်တွေ့ကြသော်လည်း ထိုအချိန်ရှိ ဝိညာဉ်တော်ဖွားများသာ ထိုအဖြစ်အပျက်များမှ သင်ယူနိုင်ပြီး ယင်းတို့၏အဓိပ္ပာယ်မှန်ကို သိနားလည်နိုင်ခဲ့ကြသည်။

၁၅။ (က) ယေရှုမိန့်ဆိုခဲ့သော မျက်မှောက်ခေတ် “လူမျိုးဆက်” သည် မည်သူတို့ဖြစ်သနည်း။ (ခ) “ဤလူမျိုးဆက်” ၏ကြာရှည်ချိန်အတိအကျကို ကျွန်ုပ်တို့ အဘယ်ကြောင့် မတွက်ချက်နိုင်သနည်း။ (စာမျက်နှာ ၂၅ ပါလေးထောင့်ကွက်ကိုရှု။)

၁၅ ယနေ့ ဘုရားသခင့်အမှန်တရားကို နားမလည်သူတို့က ယေရှုရောက်ရှိနေခြင်း၏နိမိတ်များသည် “ထင်ရှားမြင်သာ” ခြင်းမရှိဟု ယူဆကြ၏။ အရာခပ်သိမ်းသည် ယခင်ကအတိုင်း ဖြစ်မြဲဖြစ်နေသည်ဟု သူတို့ထင်မှတ်ကြ၏။ (၂ ပေ. ၃:၄) ခရစ်တော်၏ သစ္စာရှိဝိညာဉ်တော်ဖွားနောက်လိုက်များဖြစ်သော မျက်မှောက်ခေတ်ယောဟန်အတန်းအစားမူကား လျှပ်စစ်ပြက်သည်ကို သိမြင်သကဲ့သို့ ထိုနိမိတ်လက္ခဏာများကို အသိအမှတ်ပြုပြီး ယင်းတို့၏အဓိပ္ပာယ်မှန်ကို သိနားလည်ကြသည်။ ထို့ကြောင့် ထိုဝိညာဉ်တော်ဖွားအတန်းအစားသည် “ထိုအခြင်းအရာအလုံးစုံမဖြစ်မီ” မကွယ်ပျောက်မည့် မျက်မှောက်ခေတ် “လူမျိုးဆက်” ဖြစ်သည်။ * ယင်းက ခရစ်တော်၏ဝိညာဉ်တော်ဖွားညီတော်အချို့သည် ကြိုဟောထားသော ကြီးစွာသောဆင်းရဲစတင်ချိန်တွင် မြေကြီးပေါ်၌ အသက်ရှင်နေဆဲဖြစ်မည်ကို ဖော်ပြသည်။

“စောင့်နေကြလော့”

၁၆။ ခရစ်တော်၏တပည့်များအားလုံး အဘယ်အရာလုပ်ဆောင်ရမည်နည်း။

၁၆ သို့သော် နိမိတ်လက္ခဏာကို အသိအမှတ်ပြုရုံထက်မက လုပ်ဆောင်ဖို့လိုအပ်သည်။ ယေရှုက “စောင့်နေကြလော့ဟု သင်တို့အား ငါဆိုသည်အတိုင်း၊ ခပ်သိမ်းသောသူတို့အား ငါဆိုသည်” ဟုဆက်၍မိန့်တော်မူ၏။ (မာ. ၁၃:၃၇) ဝိညာဉ်တော်ဖွားဖြစ်စေ၊ လူအုပ်ကြီးဖြစ်စေ ကျွန်ုပ်တို့အားလုံးအတွက် ယင်းသည် အရေးကြီးဆုံးဖြစ်၏။ ၁၉၁၄ တွင် ကောင်းကင်၌ ယေရှုနန်းထိုင်ချိန်မှစ၍ အနှစ် ၉၀ ကျော် ကုန်လွန်ခဲ့ပေပြီ။ ကျွန်ုပ်တို့သည် အခက်အခဲများကြုံရနိုင်သော်လည်း ကိုယ်တိုင်အသင့်ဖြစ်နေပြီး စောင့်နေကြောင်း သက်သေပြရမည်။ ဘုရားသခင့်နိုင်ငံတော်အာဏာနှင့်တကွ မျက်မြင်မရနည်းဖြင့် ခရစ်တော်ရောက်ရှိနေကြောင်း ကျွန်ုပ်တို့သိနားလည်ခြင်းက ထိုသို့ပြုရန် အကူအညီဖြစ်စေသည်။ မကြာမီ ကိုယ်တော်သည် ရန်သူများကိုဖျက်ဆီးရန် ကျွန်ုပ်တို့ “မထင်မမှတ်သောအချိန်၌” ကြွလာမည်ဟူသောအချက်ကလည်း ကျွန်ုပ်တို့ကို နိုးကြားစေသည်။—လု. ၁၂:၄၀

၁၇။ ဤနားလည်မှုကြောင့် ကျွန်ုပ်တို့တွင် အဘယ်သဘောထားရှိသင့်သနည်း၊ အဘယ်အရာလုပ်ဆောင်ရန် စိတ်ပိုင်းဖြတ်ထားသင့်သနည်း။

၁၇ ခရစ်တော်ရောက်ရှိနေခြင်း၏အဓိပ္ပာယ်ကို ကျွန်ုပ်တို့နားလည်ခြင်းက အရေးတကြီးသဘောထားကို ပို၍ခိုင်မာစေသည်။ ယေရှုရောက်ရှိနေပြီဖြစ်ကြောင်း၊ ကိုယ်တော်သည် ၁၉၁၄ မှစ၍ ကောင်းကင်တွင် မျက်မြင်မရနည်းဖြင့် နန်းထိုင်နေပြီဖြစ်ကြောင်း ကျွန်ုပ်တို့သိကြသည်။ မကြာမီ ကိုယ်တော်သည် ဆိုးညစ်မှုများကို ဖျက်ဆီးပြီး ကမ္ဘာမြေတစ်ခုလုံးတွင် ကြီးမားသောအပြောင်းအလဲများကို ဖြစ်ပေါ်စေရန် ကြွလာမည်ဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ‘လူမျိုးအပေါင်းတို့အား သက်သေဖြစ်မည်အကြောင်း ဘုရားသခင့်နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို လောကနိုင်ငံအရပ်ရပ်ရှိသမျှတို့၌ ဟောရလိမ့်မည်။ သို့ပြီးမှ အဆုံး [တီလော့စ်] သည် ဖြစ်လတ္တံ့’ ဟုယေရှုကြိုပြောခဲ့သောလုပ်ငန်းတွင် တက်ကြွစွာပါဝင်ရန် ယခင်ကထက် သာ၍စိတ်ပိုင်းဖြတ်ထားသင့်သည်။—မ. ၂၄:၁၄

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 3 ပါရိုစီးယား၏အဓိပ္ပာယ်နှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်ကို သမ္မာကျမ်းစာအပေါ် ထိုးထွင်းအမြင်၊ အတွဲ ၂၊ စာမျက်နှာ ၆၇၆-၉ တွင်ရှု။

^ အပိုဒ်၊ 10 ၁၉၉၅၊ နိုဝင်ဘာ ၁ ရက်ထုတ် ကင်းမျှော်စင်၊ စာမျက်နှာ ၁၁-၁၅၊ ၁၉၊ ၃၀၊ ၃၁ ကိုရှု။

^ အပိုဒ်၊ 15 “ဤလူမျိုးဆက်” အသက်ရှင်သည့်အချိန်ကာလသည် ဗျာ.ကျမ်းပါ ပထမရူပါရုံပြည့်စုံချက်နှင့် ကိုက်ညီပုံရသည်။ (ဗျာ. ၁:၁၀–၃:၂၂) သခင့်နေ့တော်၏ ထိုအပိုင်းသည် ၁၉၁၄ မှစတင်၍ နောက်ဆုံးသစ္စာရှိဝိညာဉ်တော်ဖွားတစ်ဦး သေဆုံးပြီး ထမြောက်ချိန်အထိ ကြာရှည်သည်။—ဗျာဒိတ်ကျမ်း—ယင်း၏မဟာအထွတ်အထိပ်နီးပြီ! စာအုပ်၊ စာမျက်နှာ ၂၄၊ အပိုဒ် ၄ ကိုရှု။

သင်မည်သို့ဖြေဆိုမည်နည်း

• ယေရှုရောက်ရှိနေခြင်းသည် ရှည်လျားသောအချိန်ကာလတစ်ခုဖြစ်ကြောင်း ကျွန်ုပ်တို့မည်သို့သိရသနည်း။

• ယေရှုရောက်ရှိနေခြင်း၏ နိမိတ်လက္ခဏာများကို အသိအမှတ်ပြုပြီး ယင်း၏အဓိပ္ပာယ်ကို နားလည်သူများကား မည်သူတို့နည်း။

မဿဲ ၂၄:၃၄ [ကဘ] တွင်ဖော်ပြထားသော မျက်မှောက်ခေတ်လူမျိုးဆက်တွင် မည်သူတို့ပါဝင်သနည်း။

• “ဤလူမျိုးဆက်” ၏ကြာရှည်ချိန်အတိအကျကို ကျွန်ုပ်တို့ အဘယ်ကြောင့် မတွက်ချက်နိုင်သနည်း။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၂၅ ပါလေးထောင့်ကွက်]

“ဤလူမျိုးဆက်” ၏ ကြာရှည်ချိန်ကို ကျွန်ုပ်တို့တွက်ချက်နိုင်သလော

“လူမျိုးဆက်” ဟူသောစကားလုံးသည် အချိန်ကာလတစ်ခုအတွင်း သို့မဟုတ် အဖြစ်အပျက်တစ်ခုဖြစ်ပျက်ချိန်တွင် အသက်ရှင်သော အသက်အရွယ်အသီးသီးရှိ လူတို့ကို ရည်ညွှန်းလေ့ရှိသည်။ ဥပမာ၊ ထွက်မြောက်ရာ ၁:၆ တွင် “ယောသပ်နှင့် အစ်ကိုများမှစ၍ ထိုကာလအမျိုးသားအပေါင်းတို့ [“ထိုလူမျိုးဆက်၊” ကဘ] သည် သေကြကုန်၏” ဟုဖော်ပြသည်။ ယောသပ်နှင့် သူ၏အစ်ကိုများသည် အသက်အရွယ်အသီးသီးရှိကြသော်လည်း အချိန်ကာလတစ်ခုအတွင်း အသက်ရှင်ခဲ့သူများဖြစ်သည်။ “ထိုကာလအမျိုးသား” တို့တွင် ယောသပ်မမွေးမီမွေးဖွားခဲ့သော သူ့အစ်ကိုအချို့ပါဝင်ပြီး အချို့မှာ ယောသပ်ထက် အသက်ပိုရှည်ခဲ့သည်။ (က. ၅၀:၂၄) “ထိုကာလအမျိုးသား” တို့မှ ဗင်ယာမိန်ကဲ့သို့သော အခြားသူများသည် ယောသပ်နောက်ပိုင်း မွေးဖွားခဲ့ပြီး သူသေပြီးနောက် ဆက်အသက်ရှင်ခဲ့ကြပေမည်။

ထို့ကြောင့် “လူမျိုးဆက်” ဟူသောစကားလုံးသည် အချိန်ကာလတစ်ခုအတွင်း အသက်ရှင်ခဲ့သူများကို ရည်ညွှန်းသည့်အခါ အဆုံးရှိပြီး အလွန်ရှည်လျားသောကာလမဟုတ် ဟူသောအချက်မှလွဲ၍ ယင်း၏ကြာရှည်ချိန်အတိအကျကို မဖော်ပြနိုင်ပေ။ သို့ဖြစ်၍ မဿဲ ၂၄:၃၄ [ကဘ] တွင် “လူမျိုးဆက်” ဟူသောစကားလုံးကို ယေရှုအသုံးပြုခြင်းက ‘နောက်ဆုံးကာလ’ အဆုံးတိုင်မည့်အချိန်ကို တပည့်တော်များ ပိုင်းဖြတ်နိုင်ရန် ပုံသေနည်းပေးနေခြင်းမဟုတ်ပေ။ ယင်းအစား “ထိုအချိန်နာရီကို” သူတို့သိမည်မဟုတ်ကြောင်း အလေးပေးဖော်ပြနေခြင်းဖြစ်သည်။—၂ တိ. ၃:၁; မ. ၂၄:၃၆

[စာမျက်နှာ ၂၂၊ ၂၃ ပါပုံစာ]

၁၉၁၄ တွင် ဘုရင်အဖြစ် သရဖူအပ်နှင်းခံရပြီးနောက် “အောင်မြင်လျက်” ရှိသူအဖြစ် ယေရှုကို ပုံဖော်ထား

[စာမျက်နှာ ၂၄ ပါပုံစာ]

“ထိုအခြင်းအရာအလုံးစုံမဖြစ်မီ ဤလူမျိုးဆက်သည် အလျှင်း မကွယ်မပျောက်ရ”