မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မာကုကျမ်းမှပေါ်လွင်ချက်များ

မာကုကျမ်းမှပေါ်လွင်ချက်များ

ယေဟောဝါ၏နှုတ်မြွက်စကားတော်သည် အသက်ရှင်၏

မာကုကျမ်းမှပေါ်လွင်ချက်များ

မာကုကျမ်းသည် ခရစ်ဝင်ကျမ်းလေးကျမ်းတွင် အတိုဆုံးဖြစ်၏။ ယေရှုခရစ်သေဆုံး၍ ရှင်ပြန်ထမြောက်ပြီးနောက် အနှစ် ၃၀ ခန့်တွင် ထိုကျမ်းကို ယောဟန်မာကု ရေးသားခဲ့သည်။ ယေရှု၏ဓမ္မအမှုဆောင်ချိန် သုံးနှစ်ခွဲအတွင်း ဖြစ်ပျက်ခဲ့သော စိတ်လှုပ်ရှားဖွယ်ဖြစ်ရပ်များ ပါဝင်သည်။

ဂျူးမဟုတ်သူများ၊ အထူးသဖြင့် ရောမလူမျိုးများကို ရည်စူး၍ရေးသားထားသော မာကုကျမ်းတွင် ယေရှုအား အံ့ဖွယ်အမှုပြုသူ၊ ဘုရားသခင်၏သားတော်၊ ဟောပြောခြင်းလုပ်ငန်းကို စိတ်ထက်သန်စွာလုပ်ဆောင်ခဲ့သူအဖြစ် ဖော်ပြထားသည်။ ကိုယ်တော်၏သွန်သင်ချက်များထက် ကိုယ်တော်လုပ်ဆောင်ခဲ့ရာများကို ပိုအလေးပေးဖော်ပြ၏။ မာကုခရစ်ဝင်ကျမ်းကို ဂရုပြုခြင်းဖြင့် မေရှိယကို သာ၍ယုံကြည်လာစေပြီး ခရစ်ယာန်ဓမ္မအမှုတွင် ဘုရားသခင့်သတင်းစကားကို ထက်သန်စွာကြွေးကြော်သူများဖြစ်ရန် လှုံ့ဆော်ပေးပါလိမ့်မည်။—ဟေဗြဲ ၄:၁၂

ဂါလိလဲနယ်တွင် ထူးခြားထင်ရှားသောဓမ္မအမှု

(မာ. ၁:၁–၉:၅၀)

နှစ်ခြင်းဆရာယောဟန်၏လုပ်ဆောင်မှုအကြောင်းနှင့် တောထဲတွင် ယေရှု အရက် ၄၀ နေခဲ့သည့်အကြောင်း အခန်းငယ် ၁၄ ခုတွင် ဖော်ပြပြီးနောက် ဂါလိလဲနယ်တွင် ယေရှု၏ဓမ္မအမှုနှင့်ပတ်သက်သော စိတ်လှုပ်ရှားဖွယ်မှတ်တမ်းကို မာကု စတင်ဖော်ပြသည်။ “ထိုခဏချင်းတွင်၊” “ချက်ချင်း” စသောစကားလုံးများကို အကြိမ်ကြိမ်သုံးခြင်းဖြင့် မှတ်တမ်း၏အရေးတကြီးဖြစ်မှုကို ပေါ်လွင်စေခဲ့သည်။—မာ. ၁:၁၀၊ ၁၂

ယေရှုသည် သုံးနှစ်မပြည့်မီကာလအတွင်း ဂါလိလဲနယ်တစ်ခွင် ဟောပြောခြင်းလုပ်ငန်းကို သုံးကြိမ်လုပ်ဆောင်ခဲ့သည်။ မာကုသည် အဖြစ်အပျက်အများစုကို သက္ကရာဇ်စဉ်အတိုင်း ဖော်ပြခဲ့သည်။ ယေရှု၏တောင်ပေါ်တရားတော်နှင့် အခြားရှည်လျားသောဟောပြောချက်များ မပါရှိပေ။

ကျမ်းစာမေးခွန်းများအဖြေ–

၁:၁၅ကဘ—အဘယ်အရာအတွက် “ချိန်းချက်တော်မူရာအချိန်” ကျရောက်ခဲ့သနည်း။ ဓမ္မအမှုကို မိမိစတင်ဆောင်ရွက်ရန် အချိန်ကျရောက်ပြီဟု ယေရှုပြောနေခြင်းဖြစ်သည်။ ခန့်အပ်ခံဘုရင်အဖြစ် ကိုယ်တော်ရောက်ရှိနေပြီဖြစ်သောကြောင့် ဘုရားသခင့်နိုင်ငံတော် တည်လုနီးနေပြီ။ ထို့ကြောင့် စိတ်ရိုးဖြောင့်သူများသည် ကိုယ်တော်၏ဟောပြောခြင်းကို တုံ့ပြန်ပြီး ဘုရားသခင့်မျက်နှာသာရရှိရန် လုပ်ဆောင်နိုင်ကြသည်။

၁:၄၄; ၃:၁၂; ၇:၃၆—ယေရှုသည် မိမိ၏အံ့ဖွယ်အမှုများကို အဘယ်ကြောင့် လူသိရှင်ကြားမဖြစ်စေလိုသနည်း။ စိတ်လှုပ်ရှားဖွယ်သတင်းများ သို့မဟုတ် ထင်ယောင်ထင်မှားဖြစ်စေနိုင်သော သတင်းများကြောင့်မဟုတ်ဘဲ ကိုယ်တော်သည် ခရစ်တော်ဖြစ်ကြောင်းဖော်ပြသည့် အထောက်အထားများကို လူတို့ကိုယ်တိုင်တွေ့မြင်ကာ ယင်းတို့ကို အခြေပြု၍ ကိုယ်တိုင်ဆုံးဖြတ်ချက်ချရန် ယေရှုလိုလားသောကြောင့်ဖြစ်သည်။ (ဟေရှာ. ၄၂:၁-၄; မ. ၈:၄; ၉:၃၀; ၁၂:၁၅-၂၁; ၁၆:၂၀; လု. ၅:၁၄) ဂါဒရပြည်မှ နတ်ဆိုးစွဲဖူးသူ၏အဖြစ်မှာမူ ခြွင်းချက်ဖြစ်သည်။ ထိုသူအား အိမ်ပြန်ပြီး ဆွေမျိုးများကို အံ့ဖွယ်အမှုအကြောင်းပြောပြရန် ကိုယ်တော်မိန့်မှာသည်။ ထိုဒေသရှိလူတို့သည် ယေရှုကို ထွက်သွားရန်တောင်းပန်ကြသောကြောင့် သူတို့နှင့် စကားပြောခွင့်ရခဲ့မည်မဟုတ်ပေ။ ယေရှုကုသပေး၍ ပြန်ကောင်းလာသော ထိုသူရှိနေခြင်းက ဝက်များသေဆုံးခြင်းနှင့်ပတ်သက်သော မဟုတ်မမှန်ပြောဆိုမှုများကို ဖြေရှင်းပေးနိုင်ပေမည်။—မာ. ၅:၁-၂၀; လု. ၈:၂၆-၃၉

၂:၂၈—ယေရှုအား “ဥပုသ်နေ့ကိုပင်အစိုးရ” သူဟု အဘယ်ကြောင့် ခေါ်ဆိုသနည်း။ “ပညတ်တရားသည် နောက်ဖြစ်လတ္တံ့သောမင်္ဂလာအကျိုးတို့၏ . . . အရိပ်” ဖြစ်သည်ဟု တမန်တော်ပေါလု ရေးခဲ့၏။ (ဟေဗြဲ ၁၀:၁) ပညတ်တရားအရ ခြောက်ရက်အလုပ်လုပ်ပြီးနောက် ဥပုသ်နေ့ကျရောက်သည်။ ယေရှုသည် ထိုနေ့တွင် လူများစွာကို ကုသပေးခဲ့၏။ ယင်းက စာတန်၏ ရက်စက်ကြမ်းတမ်းသောအုပ်ချုပ်မှု အဆုံးတိုင်ပြီးနောက် ခရစ်တော်၏အနှစ်တစ်ထောင် အုပ်ချုပ်မှုအတွင်း လူသားတို့ခံစားရမည့် ငြိမ်သက်မှုနှင့် အခြားကောင်းချီးများကို ပုံတင်ပြသည်။ ထို့ကြောင့် ဘုရားသခင့်နိုင်ငံတော်၏ဘုရင်သည် “ဥပုသ်နေ့ကိုအစိုးရ” သူဖြစ်၏။—မ. ၁၂:၈; လု. ၆:၅

၃:၅; ၇:၃၄; ၈:၁၂—ယေရှု၏ခံစားချက်ကို မာကု မည်သို့ အသေးစိတ်သိနိုင်ခဲ့သနည်း။ မာကုသည် တမန်တော် ၁၂ ပါးအဝင်မဟုတ်သကဲ့သို့ ယေရှု၏ရင်းနှီးသောမိတ်ဆွေလည်း မဟုတ်ပေ။ မာကု၏ရင်းနှီးသောမိတ်ဆွေ တမန်တော်ပေတရုထံမှ အချက်အလက်များစွာကို သိရှိခဲ့ခြင်းဖြစ်သည်ဟု ဆိုကြသည်။—၁ ပေ. ၅:၁၃

၆:၅၁၊ ၅၂ကဘ—တပည့်များ နားမလည်သော “မုန့်ကျွေးသည့်အံ့ဖွယ်အမှု” ၏အဓိပ္ပာယ်ကား အဘယ်နည်း။ ယင်းမတိုင်မီလေးတွင် ယေရှုသည် ယောက်ျား ၅၀၀၀ နှင့် မိန်းမ၊ ကလေးများကို မုန့်ငါးလုံးနှင့်ငါးနှစ်ကောင်ဖြင့် ကျွေးမွေးခဲ့သည်။ ထို “မုန့်ကျွေးသည့်အံ့ဖွယ်အမှု” ၏အဓိပ္ပာယ်မှာ ယေရှုသည် ယေဟောဝါဘုရားသခင်ပေးသော တန်ခိုးဖြင့် အံ့ဖွယ်အမှုများပြုလုပ်ခြင်းဖြစ်ကြောင်း တပည့်များ နားလည်သင့်သည်။ (မာ. ၆:၄၁-၄၄) ယေရှုရရှိထားသည့် ကြီးမားသောတန်ခိုးကို သူတို့နားလည်မည်ဆိုပါက ရေပေါ်လမ်းလျှောက်သည့် အံ့ဖွယ်အမှုကို သူတို့ ဤမျှအံ့အားသင့်မည်မဟုတ်ပေ။

၈:၂၂-၂၆—ယေရှုသည် မျက်မမြင်သူကို အဘယ်ကြောင့် အဆင့်နှစ်ဆင့်ဖြင့် ကုသပေးခဲ့သနည်း။ ထိုသူကို ထောက်ထားစာနာသောကြောင့် ထိုသို့ကုသပေးခြင်းဖြစ်ပေမည်။ ထိုသူသည် နှစ်ပေါင်းများစွာ မျက်မမြင်ဖြစ်နေခဲ့ရာ တောက်ပသောနေရောင်ကို ကျင့်သားရနိုင်ဖို့ တဖြည်းဖြည်းအလင်းပြန်ရစေရန် ပြုလုပ်ပေးခဲ့ခြင်းဖြစ်ဟန်တူသည်။

ကျွန်ုပ်တို့အတွက် သင်ခန်းစာများ–

၂:၁၈; ၇:၁၁; ၁၂:၁၈; ၁၃:၃မာကုသည် ဂျူးမဟုတ်သောစာရှုသူများ အကျွမ်းတဝင်မရှိသည့် ဓလေ့ထုံးစံများ၊ အသုံးအနှုန်းများ၊ ယုံကြည်ချက်များ၊ နေရာဒေသများကို ရှင်းပြခဲ့သည်။ ဖာရိရှဲတို့သည် “အစာရှောင်တတ်” ကြောင်း၊ ကော်ဘန်ဟူသည် “အလှူဝတ္ထု” ဖြစ်ကြောင်း၊ ဇဒ္ဒုကဲတို့သည် “ထမြောက်ရှင်ပြန်ခြင်းမရှိဟူ၍အယူရှိ” ကြောင်း၊ ဝတ်ပြုရာအိမ်တော်ကို “သံလွင်တောင်ပေါ်” မှမြင်နိုင်ကြောင်း သူရှင်းပြခဲ့သည်။ မေရှိယ၏ဆွေစဉ်မျိုးဆက်ကို ဂျူးများသာ စိတ်ဝင်စားမည်ဖြစ်သောကြောင့် ယင်းကို ချန်လှပ်ခဲ့သည်။ ထို့ကြောင့် မာကုသည် ကျွန်ုပ်တို့အတွက် ပုံသက်သေချမှတ်ခဲ့၏။ ကျွန်ုပ်တို့သည် ခရစ်ယာန်ဓမ္မအမှုတွင်ပါဝင်စဉ်၊ အသင်းတော်အစည်းအဝေးများတွင် ဟောပြောချက်ပေးစဉ် နားထောင်သူများ၏နောက်ခံကို ထည့်သွင်းစဉ်းစားသင့်သည်။

၃:၂၁ယေရှု၏ဆွေမျိုးများသည် မယုံကြည်သူများဖြစ်သည်။ ယုံကြည်ခြင်း ကြောင့် မယုံကြည်သူမိသားစုဝင်များ၏ ဆန့်ကျင်မှု၊ ကဲ့ရဲ့လှောင်ပြောင်မှုခံရသူများကို ကိုယ်တော် ကိုယ်ချင်းစာတော်မူသည်။

၃:၃၁-၃၅ယေရှုသည် နှစ်ခြင်းခံချိန်တွင် ဘုရားသခင်၏ဝိညာဉ်ရေးသားတစ်ဦး ဖြစ်လာ၏။ “အပေါ်မှာရှိသောယေရုရှလင်မြို့” သည် ကိုယ်တော်၏မိခင်ဖြစ်သည်။ (ဂလ. ၄:၂၆) ထိုအချိန်မှစ၍ ကိုယ်တော်၏တပည့်များသည် ပကတိဆွေမျိုးများထက် ကိုယ်တော်နှင့်ပို၍ရင်းနှီးကျွမ်းဝင်လာသည်။ ယင်းက ကျွန်ုပ်တို့၏အသက်တာတွင် စစ်မှန်သောဝတ်ပြုရေးနှင့်ဆိုင်သောအရာများကို ရှေးဦးထားရန် သင်ပေးသည်။—မ. ၁၂:၄၆-၅၀; လု. ၈:၁၉-၂၁

၈:၃၂-၃၄အခြားသူများက ကျွန်ုပ်တို့ကို လွဲမှားသည့်ကြင်နာမှုပြသောအခါ ချက်ချင်းသိမြင်ပြီး ငြင်းပယ်သင့်သည်။ ခရစ်တော်၏နောက်လိုက်တစ်ဦးသည် “ကိုယ်ကိုကိုယ်ငြင်းပယ်ရမည်။” ဆိုလိုသည်မှာ တစ်ကိုယ်ကောင်းဆန်သော ဆန္ဒများ၊ ရည်မှန်းချက်များကို ငြင်းပယ်ရန် အသင့်ပြင်ထားရမည်။ “ကိုယ်လက်ဝါးကပ်တိုင်ကိုထမ်း” ရမည်။ တစ်နည်းအားဖြင့် ခရစ်ယာန်တစ်ဦးဖြစ်ခြင်းကြောင့် ဆင်းရဲဒုက္ခခံရန်၊ အရှက်ခွဲခံရန်၊ နှိပ်စက်ညှဉ်းပန်းခံရန်၊ အသက်ပင်အသေခံရန် လိုလိုလားလားရှိသင့်သည်။ ယေရှု၏ဘဝပုံစံနှင့်အညီ နေထိုင်ခြင်းဖြင့် ကိုယ်တော့် “နောက်သို့လိုက်ရမည်။” ယေရှုခရစ်၏တပည့်တစ်ဦးဖြစ်နိုင်ရန် ကိုယ်တော်တင်ပြခဲ့သော ကိုယ်ကျိုးစွန့်စိတ်ဓာတ်ကို မွေးမြူပြီး ထိန်းသိမ်းရမည်။—မ. ၁၆:၂၁-၂၅; လု. ၉:၂၂၊ ၂၃

၉:၂၄ကျွန်ုပ်တို့၏ယုံကြည်ခြင်းအကြောင်း ပြောဆိုရန်၊ ယုံကြည်ခြင်းတိုးပွားစေဖို့ ဆုတောင်းရန် မရှက်သင့်ပေ။—လု. ၁၇:၅

နောက်ဆုံးလ

(မာ. ၁၀:၁–၁၆:၈)

အေဒီ ၃၂ အဆုံးပိုင်းတွင် ယေရှုသည် “ယော်ဒန်မြစ်တစ်ဖက်ကိုလျှောက်သွားသဖြင့် ယုဒပြည်စွန်းသို့ရောက်တော်မူ၏။” လူများတို့သည် အထံတော်၌စုဝေးပြန်၏။ (မာ. ၁၀:၁) ထိုတွင် ဟောပြောပြီးနောက် ယေရုရှလင်သို့ ပြန်ကြွတော်မူသည်။

နိသန်လ ၈ ရက်တွင် ယေရှုသည် ဗေသနိရွာ၌ ရှိနေ၏။ စားပွဲ၌လျောင်းတော်မူစဉ် အမျိုးသမီးတစ်ဦးသည် လာ၍ အဖိုးတန်ဆီမွှေးကို ကိုယ်တော့်ခေါင်းပေါ် လောင်းလေသည်။ ယေရုရှလင်မြို့သို့ အောင်ပွဲခံဝင်ရောက်ချိန်မှ ကိုယ်တော်ထမြောက်ချိန်အထိ အဖြစ်အပျက်များကို သက္ကရာဇ်စဉ်အလိုက် ဖော်ပြထားသည်။

ကျမ်းစာမေးခွန်းများအဖြေ–

၁၀:၁၇၊ ၁၈“ကောင်းမြတ်သောဆရာ” ဟု မိမိအားခေါ်သူတစ်ဦးကို ယေရှု အဘယ်ကြောင့် တည့်မတ်ပေးခဲ့သနည်း။ ယေရှုသည် ထိုဂုဏ်ပုဒ်ကို ငြင်းပယ်ခြင်းဖြင့် ယေဟောဝါကို ဂုဏ်တင်ပြီး ကောင်းမြတ်သောအရာအားလုံး၏ရင်းမြစ်မှာ စစ်မှန်သောဘုရားသခင်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။ ထို့ပြင် အရာခပ်သိမ်းဖန်ဆင်းရှင် ယေဟောဝါဘုရားသခင်တစ်ပါးတည်းသာလျှင် အကောင်းအဆိုးနှင့်ပတ်သက်သောစံနှုန်းများကို ချမှတ်ပိုင်ခွင့်ရှိသည်ဟူသော အခြေခံအမှန်တရားကို ယေရှု အာရုံစိုက်စေခဲ့သည်။—မ. ၁၉:၁၆၊ ၁၇; လု. ၁၈:၁၈၊ ၁၉

၁၄:၂၅—“ဤစပျစ်ရည်မျိုးအသစ်ကို ဘုရားသခင်၏နိုင်ငံတော်၌ ငါမသောက်မီနေ့တိုင်အောင် ယခုမှစ၍ တစ်ဖန်ငါမသောက်ရ” ဟု သစ္စာရှိတမန်တော်များကို ယေရှုဆိုခြင်းက အဘယ်အဓိပ္ပာယ်ရှိသနည်း။ ကောင်းကင်တွင် စပျစ်ရည်ရှိသည်ဟု ယေရှုဆိုနေခြင်းမဟုတ်ပါ။ စပျစ်ရည်သည် ရွှင်လန်းခြင်းကို ပုံဆောင်လေ့ရှိသောကြောင့် ဘုရားသခင့်နိုင်ငံတော်တွင် ရှင်ပြန်ထမြောက်ပြီးသော ဝိညာဉ်တော်ဖွားနောက်လိုက်များနှင့်အတူရှိနေခြင်း၏ ရွှင်လန်းမှုကို ယေရှု ရည်ညွှန်းနေခြင်းဖြစ်သည်။—ဆာ. ၁၀၄:၁၅; မ. ၂၆:၂၉

၁၄:၅၁၊ ၅၂—‘အဝတ်မရှိဘဲထွက်ပြေး’ သောလုလင်ကား မည်သူနည်း။ မာကုတစ်ဦးတည်းသာ ဤဖြစ်ရပ်ကိုဖော်ပြသောကြောင့် သူ့ကိုယ်သူပြောနေခြင်းဖြစ်သည်ဟု ကောက်ချက်ချနိုင်ပါသည်။

၁၅:၃၄—‘အကျွန်ုပ်ဘုရားသခင်၊ အကျွန်ုပ်ဘုရားသခင်၊ အဘယ်ကြောင့် အကျွန်ုပ်ကိုစွန့်ပစ်တော်မူသနည်း’ ဟုယေရှုဆိုခြင်းက ယုံကြည်ခြင်းကင်းမဲ့ကြောင်း ဖော်ပြသလော။ မဟုတ်ပါ။ ယေရှု ထိုသို့ပြောရသည့်အကြောင်းရင်းကို ကျွန်ုပ်တို့သေချာစွာမသိနိုင်ပါ။ သို့သော် ယေဟောဝါသည် မိမိသားတော်၏သမာဓိ အပြည့်အဝစမ်းသပ်ခံရရန် အကာအကွယ်မပေးတော့သည်ကို ယေရှုသိကြောင်း ထိုစကားများက ဖော်ပြနိုင်သည်။ ထို့ပြင် ဆာလံ ၂၂:၁ တွင် မိမိနှင့်ပတ်သက်၍ကြိုဟောထားရာကို ပြည့်စုံစေလို၍လည်း ဖြစ်နိုင်သည်။—မ. ၂၇:၄၆

ကျွန်ုပ်တို့အတွက် သင်ခန်းစာများ–

၁၀:၆-၉အိမ်ထောင်ဖက်များ တစ်ဦးကိုတစ်ဦးသစ္စာရှိရန် ဘုရားသခင်ရည်ရွယ်ထားသည်။ ထို့ကြောင့် ဇနီးမောင်နှံတို့သည် အလွယ်တကူ ကွာရှင်းမည့်အစား အိမ်ထောင်တွင် ပေါ်ပေါက်လာနိုင်သည့် မည်သည့်ပြဿနာကိုမဆို ဖြေရှင်းနိုင်ရန် ကျမ်းစာမူများကို ကြိုးစားလိုက်လျှောက်သင့်သည်။—မ. ၁၉:၄-၆

၁၂:၄၁-၄၄ဆင်းရဲသောမုဆိုးမ၏ပုံသက်သေက ကျွန်ုပ်တို့လည်း စစ်မှန်သောဝတ်ပြုရေးကို ကိုယ်ကျိုးစွန့်၍ထောက်ပံ့သင့်ကြောင်း သင်ပေးသည်။

[စာမျက်နှာ ၂၉ ပါပုံစာ]

ဖြစ်ပျက်ခဲ့ရာများအကြောင်း ဆွေမျိုးများကိုပြောပြရန် ဤသူအား ယေရှု အဘယ်ကြောင့် မိန့်မှာခဲ့သနည်း