မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေရှုခရစ်—အကြီးမြတ်ဆုံး ခရစ်ယာန်သာသနာပြု

ယေရှုခရစ်—အကြီးမြတ်ဆုံး ခရစ်ယာန်သာသနာပြု

ယေရှုခရစ်—အကြီးမြတ်ဆုံး ခရစ်ယာန်သာသနာပြု

“ငါသည် အထံတော်မှလာသော ကိုယ်စားလှယ်ဖြစ်၍ ထိုအရှင်သည် ငါ့ကိုစေလွှတ်တော်မူ၏။”—ယော. ၇:၂၉၊ ကဘ။

၁၊ ၂။ ခရစ်ယာန်သာသနာပြုဟူသည် အဘယ်နည်း၊ မည်သူ့ကို အကြီးမြတ်ဆုံး ခရစ်ယာန်သာသနာပြုဟူ၍ ခေါ်ဆိုနိုင်သနည်း။

“ခရစ်ယာန်သာသနာပြု” ဟူသောစကားလုံးကို ကြားလိုက်သည်နှင့် သင့်စိတ်ထဲ အဘယ်အရာပေါ်လာသနည်း။ အချို့သူတို့သည် ခရစ်ယာန်ဘောင်မှသာသနာပြုများကို မြင်ယောင်မိပေမည်။ ထိုခရစ်ယာန်သာသနာပြု  အများစုမှာ သူတို့အမှုဆောင်သောနိုင်ငံ၌ နိုင်ငံရေးနှင့်စီးပွားရေးကိစ္စများတွင် ဝင်စွက်ဖက်သူများဖြစ်၏။ သို့သော် ယေဟောဝါသက်သေတစ်ဦးအနေဖြင့် သင်သည် ကမ္ဘာ့ဒေသအသီးသီးတွင် သတင်းကောင်းဟောပြောရန် အုပ်ချုပ်ရေးအဖွဲ့မှစေလွှတ်သော ခရစ်ယာန်သာသနာပြုများကို မြင်ယောင်မိပေမည်။ (မ. ၂၄:၁၄) ထိုခရစ်ယာန်သာသနာပြုများသည် လူတို့ ယေဟောဝါဘုရားသခင်ထံ  ချဉ်းကပ်နိုင်ရန်၊ ကိုယ်တော်နှင့်ရင်းနှီးသောဆက်ဆံရေးရှိနိုင်ရန် ကူညီပေးရသည့် မွန်မြတ်သောလုပ်ငန်းတွင် မိမိတို့၏အချိန်နှင့်ခွန်အားကို ကိုယ်ကျိုးစွန့်ပေးဆပ်ကြသည်။—ယာ. ၄:၈

ယေဟောဝါသည် အကြီးမြတ်ဆုံးဧဝံဂေလိဟောပြောသူ ဖြစ်တော်မူ၏။ သို့သော် ကိုယ်တော်သည် တစ်စုံတစ်ဦး၏စေလွှတ်ခြင်း မခံခဲ့ရသောကြောင့် ကိုယ်တော်အား အကြီးမြတ်ဆုံး ခရစ်ယာန်သာသနာပြုဟူ၍ မခေါ်ဆိုနိုင်ပါ။ ယေရှုခရစ်သည် ကောင်းကင်ခမည်းတော်နှင့်ပတ်သက်၍ ဤသို့ဆို၏– “ငါသည် အထံတော်မှလာသော ကိုယ်စားလှယ်ဖြစ်၍ ထိုအရှင်သည် ငါ့ကိုစေလွှတ်တော်မူ၏။” (ယော. ၇:၂၉ကဘ) ယေဟောဝါသည် မိမိ၏တစ်ပါးတည်းသောသားတော်ကို ကမ္ဘာပေါ်သို့စေလွှတ်ခြင်းဖြင့် လူသားတို့ကိုအလွန်ချစ်ကြောင်း ဖော်ပြသည်။ (ယော. ၃:၁၆) ယေရှု ကမ္ဘာပေါ်သို့စေလွှတ်ခံရသည့် အကြောင်းရင်းတစ်ခုမှာ ‘အမှန်တရားဘက်၌သက်သေခံ’ ဖို့ဖြစ်သောကြောင့် ကိုယ်တော်ကို အကြီးမြတ်ဆုံး၊ အတော်ဆုံး ခရစ်ယာန်သာသနာပြုဟုခေါ်ဆိုနိုင်သည်။ (ယော. ၁၈:၃၇) ကိုယ်တော်သည် သတင်းကောင်းဟောပြောရာတွင် အပြည့်အဝအောင်မြင်ခဲ့ပြီး ကိုယ်တော်၏ဓမ္မအမှုမှ ကျွန်ုပ်တို့အကျိုးရရှိနိုင်ဆဲဖြစ်၏။ ဥပမာ၊ ကျွန်ုပ်တို့သည် ခရစ်ယာန်သာသနာပြုများအဖြစ် စေလွှတ်ခြင်းခံရသည်ဖြစ်စေ၊ မခံရသည်ဖြစ်စေ ကိုယ်တော်၏သွန်သင်နည်းစနစ်များကို ကျင့်သုံးနိုင်ကြသည်။

၃။ အဘယ်မေးခွန်းများကို ကျွန်ုပ်တို့သုံးသပ်ကြမည်နည်း။

ဘုရားသခင်၏နိုင်ငံတော်သတင်း ဟောပြောသူ  ယေရှုနှင့်ပတ်သက်၍ အောက်ပါမေးခွန်းများ ပေါ်ပေါက်လာသည်– ယေရှု မြေကြီးပေါ် အမှုဆောင်စဉ် အဘယ်အရာတွေ့ကြုံခဲ့သနည်း။ ကိုယ်တော်၏သွန်သင်ခြင်းသည် အဘယ်ကြောင့် ထိရောက်သနည်း။ ကိုယ်တော်၏ဓမ္မအမှုကို အဘယ်အရာက အောင်မြင်စေသနည်း။

ဝန်းကျင်အသစ်တွင် တလိုတလားစိတ်ထား တင်ပြ

၄-၆။ ယေရှုသည် မြေကြီးပေါ်စေလွှတ်ခံရသောကြောင့် အဘယ်အပြောင်းအလဲများကြုံခဲ့ရသနည်း။

ဘုရားသခင့်နိုင်ငံတော်သတင်း ဟောပြောသူများ သာ၍လိုအပ်သောဒေသများသို့ ပြောင်းရွှေ့အမှုဆောင်သော မျက်မှောက်ခေတ် ခရစ်ယာန်သာသနာပြုများနှင့် ခရစ်ယာန်အချို့သည် ထိုဒေသ၏ နိမ့်ကျသောလူနေမှုအဆင့်အတန်းနှင့် လိုက်လျောညီထွေစွာ နေထိုင်ရပေမည်။ သို့သော် ယေရှု၏ မြေကြီးအသက်တာနှင့် ကောင်းကင်အသက်တာ မည်မျှကွာခြားသည်ကို ကျွန်ုပ်တို့မှန်းဆ၍ပင် မရနိုင်ပါ။ ကောင်းကင်တွင် ကိုယ်တော်သည် ယေဟောဝါ၏အမှုတော်ကို စိတ်ရင်းမှန်ဖြင့်ထမ်းဆောင်သော ကောင်းကင်တမန်များခြံရံလျက် မိမိခမည်းတော်နှင့်အတူ နေထိုင်ခဲ့ရသည်။ (ယောဘ ၃၈:၇) ယင်းသည် ဖောက်ပြန်ယိုယွင်းသောလောကတွင် အပြစ်သားတို့အလယ် နေထိုင်ရသည့်အခြေအနေနှင့် ကွာခြားလှသည်တကား! (မာ. ၇:၂၀-၂၃) ယေရှုသည် မိမိ၏အရင်းနှီးဆုံးတပည့်များစပ်ကြား ပြိုင်ဆိုင်မှုကိုပင် ဖြေရှင်းပေးခဲ့ရသည်။ (လု. ၂၀:၄၆; ၂၂:၂၄) မှန်ပါသည်၊ ကိုယ်တော်သည် မြေကြီးပေါ်တွင် ကြုံတွေ့ရသမျှကို အကောင်းဆုံးဖြေရှင်းခဲ့သည်။

ယေရှုသည် လူဘာသာစကားကို အံ့ဖွယ်နည်းဖြင့် အလိုအလျောက်ပြောတတ်သည်မဟုတ်ပါ။ ကလေးဘဝမှစ၍ ယင်းကိုသင်ယူခဲ့ရသည်။ ကောင်းကင်တွင် ကောင်းကင်တမန်များကို ညွှန်ကြားရသည့်အခြေအနေနှင့် အလွန်ကွာခြားလှသည်တကား! မြေကြီးပေါ်​ရှိစဉ် ယေရှုသည် အနည်းဆုံး “လူဘာသာစကား” တစ်မျိုးကိုပြောဆိုခဲ့သည်။ ယင်းသည် “ကောင်းကင်တမန်ဘာသာစကား” နှင့် လုံးဝကွာခြားသည်။ (၁ ကော. ၁၃:၁) သို့တိုင် မည်သည့်လူသားမျှ တင့်တယ်လျောက်ပတ်သောနှုတ်ထွက်စကားကို ယေရှုကဲ့သို့ မပြောဆိုနိုင်ကြပါ။—လု. ၄:၂၂

မြေကြီးပေါ်ကြွလာစဉ် ဘုရားသခင့်သားတော် ကြုံခဲ့ရသော နောက်ထပ်ပြောင်းလဲမှုကြီးများကိုလည်း သုံးသပ်ကြည့်ပါ။ ယေရှုသည် အာဒံထံမှအပြစ်ကို အမွေမခံရသော်လည်း မိမိ ‘ညီအစ်ကိုများ’ သို့မဟုတ် ဝိညာဉ်တော်ဖွားများဖြစ်လာမည့်သူတို့ကဲ့သို့ပင် လူသားတစ်ဦးဖြစ်ခဲ့သည်။ (ဟေဗြဲ ၂:၁၇၊ ၁၈ ကိုဖတ်ပါ။) မြေကြီးအသက်တာ၏နောက်ဆုံးညတွင် ယေရှုသည် “ကောင်းကင်တမန်တစ်ဆယ့်နှစ်တပ်မက” စေလွှတ်ရန် ကောင်းကင်ခမည်းတော်ထံ မတောင်းဆိုခဲ့ပေ။ သို့သော် ကောင်းကင်တမန်မင်းမိက္ခေလအဖြစ် ထိုကောင်းကင်တမန်များအပေါ် ကိုယ်တော်အခွင့်အာဏာရှိခဲ့ကြောင်း စဉ်းစားကြည့်ပါ။ (မ. ၂၆:၅၃; ယု. ၉) ယေရှုသည် မြေကြီးပေါ်တွင် အံ့ဖွယ်အမှုများပြုခဲ့သော်လည်း ကောင်းကင်တွင် ကိုယ်တော်လုပ်ဆောင်ခဲ့ရာနှင့်နှိုင်းယှဉ်လျှင် အသေးအဖွဲမျှသာဖြစ်၏။

၇။ ပညတ်တရားနှင့်ပတ်သက်၍ ဂျူးတို့ မည်သို့ပြုမူခဲ့သနည်း။

ယေရှုသည် လူသားဘဝမတိုင်မီ ‘နှုတ်မြွက်တော်’ အဖြစ်တည်ရှိခဲ့ပြီး ဣသရေလလူတို့ တောထဲလှည့်လည်စဉ် လမ်းညွှန်ခဲ့သော ဘုရားသခင့်ပြောရေးဆိုခွင့်ရှိသူဖြစ်ပေမည်။ (ယော. ၁:၁; ထွ. ၂၃:၂၀-၂၃) သို့သော် ဣသရေလလူတို့သည် “ကောင်းကင်တမန်များမှတစ်ဆင့်ပေးအပ်သည့် ပညတ်တရားကို ရရှိကြသော်လည်း . . . မစောင့်ရှောက်” ကြပေ။ (တ. ၇:၅၃; ဟေဗြဲ ၂:၂၊ ၃) ပထမရာစုရှိ ဂျူးဘာသာရေးခေါင်းဆောင်များသည် ပညတ်တရား၏အဓိပ္ပာယ်ကိုပင် နားမလည်ခဲ့ကြပေ။ ဥပမာ၊ ဥပုသ်ပညတ်ကို သုံးသပ်ကြည့်ပါ။ (မာကု ၃:၄-၆ ကိုဖတ်ပါ။) ကျမ်းတတ်နှင့်ဖာရိရှဲများသည် “တရားသဖြင့်စီရင်ခြင်း၊ သူတစ်ပါးကိုသနားခြင်း၊ သစ္စာစောင့်ခြင်းတည်းဟူသော ပညတ်တရားတွင် လေးသောအရာတို့ကိုကား လှပ်၍ထားကြ၏။” (မ. ၂၃:၂၃) သို့တိုင် ယေရှုသည် လက်မလျှော့ဘဲ အမှန်တရားကို ဆက်ကြေညာခဲ့သည်။

၈။ ယေရှုသည် ကျွန်ုပ်တို့ကို အဘယ်ကြောင့်ကူညီနိုင်သနည်း။

ယေရှုသည် တလိုတလားစိတ်ထားရှိသူဖြစ်၏။ လူတို့ကိုချစ်ပြီး ကူညီပေးလိုစိတ်ပြင်းပြသည်။ ထို့ပြင် ဧဝံဂေလိဟောလိုသောစိတ်ဓာတ် အမြဲရှိ၏။ ယေရှု မြေကြီးပေါ်ရှိစဉ် ယေဟောဝါကို သစ္စာရှိသောကြောင့် “ယုံကြည်နားထောင်သောသူအပေါင်းတို့အား ထာဝရကယ်တင်ခြင်းကျေးဇူးကို ပြုသောသူ” ဖြစ်လာသည်။ ထို့ပြင် “စုံစမ်းနှောင့်ယှက်ခြင်းကို ကိုယ်တော်တိုင်ခံ၍ ဒုက္ခဆင်းရဲခြင်း၌ကျင်လည်သောကြောင့် [ကျွန်ုပ်တို့ကဲ့သို့] စုံစမ်းနှောင့်ယှက်ခြင်းအမှုနှင့် တွေ့ကြုံသောသူတို့ကိုမစခြင်းငှာ တတ်နိုင်တော်မူ၏။”—ဟေဗြဲ ၂:၁၈; ၅:၈၊ ၉

သွန်သင်သူတစ်ဦးဖြစ်ရန် ကောင်းစွာလေ့ကျင့်ခံခဲ့ရ

၉၊ ၁၀။ ယေရှုသည် မြေကြီးပေါ်စေလွှတ်ခြင်းမခံရမီ အဘယ်လေ့ကျင့်မှုမျိုး ရရှိခဲ့သနည်း။

အုပ်ချုပ်ရေးအဖွဲ့သည် မျက်မှောက်ခေတ်ခရစ်ယာန်များကို ခရစ်ယာန်သာသနာပြုများအဖြစ် မစေလွှတ်မီ ကောင်းစွာလေ့ကျင့်ပေးသည်။ ယေရှုခရစ်လည်း လေ့ကျင့်ခံခဲ့ရသလော။ လေ့ကျင့်ခံခဲ့ရပါသည်။ သို့သော် ကိုယ်တော်သည် မေရှိယအဖြစ် ခန့်အပ်ခြင်းမခံရမီ ရဗ္ဗိကျောင်းများမတက်ခဲ့သည့်အပြင် အထင်ကရ ဘာသာရေးခေါင်းဆောင်များထံတွင်လည်း မသင်ယူခဲ့ပါ။ (တမန်တော် ၂၂:၃ နှင့်နှိုင်းယှဉ်ပါ; ယော. ၇:၁၅) သို့ဆိုလျှင် ကိုယ်တော်သည် သွန်သင်ရာတွင် အဘယ်ကြောင့် ဤမျှအရည်အချင်းပြည့်မီရသနည်း။

၁၀ မိခင်မာရိနှင့် မွေးစားဖခင်ယောသပ်သည် ယေရှုကို အဘယ်အရာပင် လေ့ကျင့်သွန်သင်ပေးခဲ့ပါစေ အမှုတော်အတွက် ကိုယ်တော့်ကို အဓိကလေ့ကျင့်ပေးသူမှာ အကြီးမြတ်ဆုံးပုဂ္ဂိုလ်ယေဟောဝါဖြစ်သည်။ ယင်းနှင့်ပတ်သက်၍ ယေရှုဤသို့ဆို၏– “ငါသည် ကိုယ်အလိုအလျောက်ဟောပြောသည်မဟုတ်၊ ငါ့ကိုစေလွှတ်တော်မူသောခမည်းတော်သည် အဘယ်သို့ ငါဆုံးမဟောပြောရမည်ကို ပညတ်ပေးတော်မူပြီ။” (ယော. ၁၂:၄၉) သားတော်သည် အဘယ်အရာသွန်သင်ရမည်နှင့်ပတ်သက်၍ ညွှန်ကြားချက်အတိအကျရရှိခဲ့ကြောင်း သတိပြုပါ။ ကိုယ်တော်မြေကြီးပေါ်မလာမီတွင် ခမည်းတော်၏သွန်သင်ချက်များကို ကောင်းစွာနားထောင်ခဲ့မည်မှာ သေချာသည်။ ထိုထက်ပိုကောင်းသော လေ့ကျင့်မှုရှိနိုင်ဦးမည်လော။

၁၁။ ယေရှုသည် လူသားတို့အပေါ် ခမည်းတော်၏သဘောထားကို အဘယ်အတိုင်းအတာအထိ တုပခဲ့သနည်း။

၁၁ ယေရှုသည် ဖန်ဆင်းခံရချိန်မှစ၍ ခမည်းတော်နှင့်အလွန်ရင်းနှီးသောဆက်ဆံရေးရှိသည်။ လူသားဘဝမတိုင်မီတွင် ကိုယ်တော်သည် လူတို့နှင့်ယေဟောဝါဆက်ဆံပုံကို ကြည့်ရှုခြင်းဖြင့် လူတို့ကို ယေဟောဝါမည်သို့သဘောထားကြောင်း သိရှိခဲ့သည်။ ယေရှုသည် လူတို့ကို ဘုရားသခင်ချစ်သည့်နည်းတူ ချစ်သည်။ ထို့ကြောင့် ဉာဏ်ပညာအဖြစ်တင်စားခံရသော ယေရှုက “ငါသည် လူသားတို့နှင့်ပေါင်းဖော်၍ ပျော်ပါးလျက်နေ၏” ဟုဆိုနိုင်ခဲ့ခြင်းဖြစ်သည်။—သု. ၈:၂၂၊ ၃၁

၁၂၊ ၁၃။ (က) ဣသရေလလူမျိုးနှင့် ခမည်းတော်ဆက်ဆံပုံကို ကြည့်ရှုမှတ်သားခြင်းမှ ယေရှု အဘယ်အရာသင်ယူခဲ့သနည်း။ (ခ) ယေရှုသည် မိမိရရှိခဲ့သောလေ့ကျင့်မှုကို မည်သို့အသုံးချခဲ့သနည်း။

၁၂ ခက်ခဲသောအခြေအနေများကို ခမည်းတော်မည်သို့ကိုင်တွယ်ဖြေရှင်းကြောင်း ကြည့်ရှုမှတ်သားခြင်းသည်လည်း သားတော်ရရှိသောလေ့ကျင့်မှုတွင် ပါဝင်သည်။ ဥပမာ၊ နာခံမှုမဲ့သောဣသရေလလူမျိုးနှင့် ယေဟောဝါ၏ဆက်ဆံပုံကို သုံးသပ်ကြည့်ပါ။ နေဟမိ ၉:၂၈ တွင် ဤသို့ဆို၏– ‘တစ်ဖန် ချမ်းသာရသောအခါ [ယေဟောဝါ] ရှေ့တော်၌ မကောင်းမှုကို ပြုပြန်ကြသောကြောင့် ရန်သူအစိုးရမည်အကြောင်း တစ်ဖန်အပ်တော်မူ၏။ သူတို့သည် ပြန်လာ၍ ကိုယ်တော်ကိုအော်ဟစ်ကြသောအခါ ကောင်းကင်ဘုံက နားထောင်၍ ကရုဏာတော်ရှိသည်အတိုင်း အထပ်ထပ်ကယ်တင်တော်မူ၏။’ ယေရှုသည် ယေဟောဝါနှင့်အတူ လုပ်ဆောင်ပြီး ကြည့်ရှုမှတ်သားခြင်းဖြင့် မိမိဒေသရှိလူတို့ကို ထပ်တူထောက်ထားစာနာမှု တင်ပြခဲ့သည်။—ယော. ၅:၁၉

၁၃ ယေရှုသည် တပည့်များကို ထောက်ထားစာနာစွာဆက်ဆံခြင်းဖြင့် မိမိရရှိခဲ့သောလေ့ကျင့်မှုကို လက်တွေ့ကျင့်သုံးခဲ့သည်။ ကိုယ်တော်မသေဆုံးမီညတွင် ကိုယ်တော်အလွန်ချစ်သော တမန်တော်အပေါင်းသည် “ကိုယ်တော်ကိုစွန့်ပစ်၍ ပြေးကြ၏။” (မ. ၂၆:၅၆; ယော. ၁၃:၁) တမန်တော်ပေတရုပင် ကိုယ်တော်ကို သုံးကြိမ်တိုင်ငြင်းပယ်ခဲ့သည်။ သို့သော် ကိုယ်တော်သည် တမန်တော်များ မိမိထံပြန်လာရန် တလိုတလားကြိုဆိုခဲ့သည်။ “သင်၏ယုံကြည်သောစိတ်မပျက်စေခြင်းငှာ ငါသည် သင့်အဖို့ဆုတောင်းလေပြီ။ သင်သည် သတိရပြန်သောအခါ သင်၏ညီအစ်ကိုတို့ကို တည်ကြည်စေလော့” ဟုပေတရုကို ကိုယ်တော်မိန့်တော်မူ၏။ (လု. ၂၂:၃၂) ဝိညာဉ်ရေးဣသရေလလူမျိုးကို “တမန်တော်တို့မှစ၍ ပရောဖက်များ” အပေါ်၌ အောင်မြင်စွာဖွဲ့စည်းတည်ဆောက်ခဲ့ပြီး ယေရုရှလင်မြို့သစ်၏မြို့ရိုးအမြစ်ပေါ်တွင် သိုးသငယ်ယေရှုခရစ်၏ သစ္စာရှိတမန်တော် ၁၂ ပါး၏အမည်များ ရေးထားသည်။ ယနေ့တိုင် ဝိညာဉ်တော်ဖွားခရစ်ယာန်များနှင့် သူတို့၏အပေါင်းပါဖြစ်သော အပ်နှံထားသည့် “အခြားသိုး” သည် ဘုရားသခင်၏အားကြီးသောလက်တော်နှင့် ချစ်သားတော်၏ဦးဆောင်မှုအောက်တွင် သတင်းကောင်းဟောပြောသော အဖွဲ့အစည်းအဖြစ် ကြီးပွားတိုးတက်နေသည်။—ဧ. ၂:၂၀; ယော. ၁၀:၁၆; ဗျာ. ၂၁:၁၄

ယေရှု၏သွန်သင်နည်း

၁၄၊ ၁၅။ ယေရှု၏သွန်သင်နည်းသည် ကျမ်းတတ်များ၊ ဖာရိရှဲများ၏သွန်သင်နည်းနှင့် မည်သို့ကွာခြားသနည်း။

၁၄ ယေရှုသည် မိမိရရှိခဲ့သောလေ့ကျင့်မှုကို နောက်လိုက်များအား သွန်သင်ပေးရာတွင် မည်သို့အသုံးချခဲ့သနည်း။ ယေရှု၏သွန်သင်နည်းကို ဂျူးဘာသာရေးခေါင်းဆောင်များ၏သွန်သင်နည်းနှင့် နှိုင်းယှဉ်ကြည့်သည့်အခါ ကိုယ်တော့်သွန်သင်နည်းများသည် သာလွန်ကောင်းမြတ်ကြောင်း ရှင်းလင်းစွာတွေ့မြင်နိုင်သည်။ ကျမ်းတတ်နှင့်ဖာရိရှဲများသည် “အဆက်ဆက်ခံသောနည်းဥပဒေသအားဖြင့် ဘုရားသခင်၏ပညတ်တော်ကို ပယ်ကြ၏။” ယေရှုမူကား မိမိသဘောအတိုင်းမဟောပြောဘဲ ဘုရားသခင်၏နှုတ်မြွက်တော်ကိုသာ အစဉ်သွန်သင်ပေးခဲ့သည်။ (မ. ၁၅:၆; ယော. ၁၄:၁၀) ကျွန်ုပ်တို့လည်း ထိုသို့ပြုဖို့လိုအပ်၏။

၁၅ ယေရှုသည် ဂျူးဘာသာရေးခေါင်းဆောင်များနှင့် လုံးဝကွာခြားရသည့် နောက်အကြောင်းရင်းတစ်ခုရှိ၏။ ကျမ်းတတ်များ၊ ဖာရိရှဲများနှင့်ပတ်သက်၍ ကိုယ်တော်ဤသို့ဆို၏– “သူတို့စီရင်ထုံးဖွဲ့သမျှတို့ကို စောင့်ရှောက်၍ပြုကြလော့။ သူတို့၏အကျင့်အတိုင်း မကျင့်ကြနှင့်။ အကြောင်းမူကား သူတို့သည် စီရင်ထုံးဖွဲ့သော်လည်း ကိုယ်တိုင်မကျင့်ကြ။” (မ. ၂၃:၃) ယေရှုသည် မိမိသွန်သင်ချက်ကို လက်တွေ့ကျင့်သုံး၏။ ယင်းအချက်မှန်ကန်ကြောင်းဖော်ပြသော ဥပမာတစ်ခုကို သုံးသပ်ကြည့်ကြစို့။

၁၆။ ယေရှုသည် မဿဲ ၆:၁၉-၂၁ ပါ မိမိ၏စကားများနှင့်အညီ အသက်ရှင်နေထိုင်သည်ဟု သင် အဘယ်ကြောင့်ပြောနိုင်သနည်း။

၁၆ “ကောင်းကင်ဘုံ၌ဘဏ္ဍာကို ဆည်းပူး” ကြရန် တပည့်များအား ယေရှုတိုက်တွန်းသည်။ (မဿဲ ၆:၁၉-၂၁ ကိုဖတ်ပါ။) ထိုတိုက်တွန်းချက်နှင့်အညီ ယေရှုအသက်ရှင်နေထိုင်ခဲ့သလော။ အသက်ရှင်နေထိုင်ခဲ့ပါသည်။ အကြောင်းမှာ “မြေခွေးသည် မြေတွင်းရှိ၏။ မိုးကောင်းကင်၌ကျင်လည်သောငှက်သည် နားနေရာအရပ်ရှိ၏။ လူသားမူကား ခေါင်းချရာမျှမရှိ” ဟုမိမိနှင့်ပတ်သက်၍ ကိုယ်တော်ပြောဆိုခဲ့သောကြောင့်ဖြစ်၏။ (လု. ၉:၅၈) ကိုယ်တော်သည် သတင်းကောင်းဟောပြောခြင်းကိုသာ အဓိကအာရုံစိုက်ပြီး ရိုးရှင်းသောအသက်တာဖြင့် နေထိုင်ခဲ့သည်။ မြေကြီးဘဏ္ဍာဆည်းပူးခြင်းကြောင့် ဖြစ်ပေါ်လာသော စိုးရိမ်ပူပန်မှုများနှင့် ကင်းဝေးခြင်းဟူသည် အဘယ်အရာကိုဆိုလိုကြောင်း ကိုယ်တော်လက်တွေ့ပြခဲ့သည်။ “သံချေး၊ ပိုးရွမဖျက်ဆီး၍ သူခိုးမထွင်းမဖောက် မခိုးမယူရာ” ကောင်းကင်ဘုံ၌ဘဏ္ဍာကို ဆည်းပူးခြင်းသည် မည်မျှကောင်းမွန်ကြောင်း ကိုယ်တော်ဖော်ပြခဲ့သည်။ ကောင်းကင်ဘုံ၌ ဘဏ္ဍာဆည်းပူးပါဟူသော ယေရှု၏တိုက်တွန်းချက်ကို သင်လိုက်နာနေသလော။

လူတို့ကိုဆွဲဆောင်သော ယေရှု၏နှစ်လို့ဖွယ်အရည်အသွေးများ

၁၇။ အဘယ်အရည်အသွေးများက ယေရှုကို ထူးခြားသော ဧဝံဂေလိဟောပြောသူဖြစ်စေခဲ့သနည်း။

၁၇ အဘယ်အရည်အသွေးများက ယေရှုကို ထူးခြားသော ဧဝံဂေလိဟောပြောသူဖြစ်စေခဲ့သနည်း။ တစ်ခုမှာ ကိုယ်တော်ကူညီပေးခဲ့သူများအပေါ်ထားရှိသော သဘောထားဖြစ်သည်။ ယေဟောဝါ၏အရည်အသွေးကောင်းများဖြစ်သည့် နှိမ့်ချမှု၊ မေတ္တာနှင့် ထောက်ထားစာနာမှုကို ယေရှုတုပခဲ့သည်။ ထိုအရည်အသွေးများက ယေရှုထံ လူတို့ကိုမည်သို့ဆွဲဆောင်ကြောင်း သတိပြုပါ။

၁၈။ ယေရှုသည် နှိမ့်ချမှုရှိသည်ဟု အဘယ်ကြောင့်ဆိုနိုင်သနည်း။

၁၈ ယေရှုသည် မြေကြီးပေါ်သို့ကြွလာရန် တာဝန်ကိုလက်ခံခဲ့သောကြောင့် “မိမိအသရေကိုစွန့်၍ အစေခံကျွန်၏သဏ္ဌာန်ကို ယူဆောင်လျက် လူကဲ့သို့သောအဖြစ်၌ ဖွားမြင်ခြင်းကိုခံတော်မူ၏။” (ဖိ. ၂:၇) ယင်းသည် နှိမ့်ချမှုရှိသောလုပ်ရပ်ဖြစ်၏။ ထို့ပြင် ယေရှုသည် လူတို့ကို အထင်မသေးခဲ့ပါ။ ‘ငါ ကောင်းကင်ကနေ လာတဲ့အတွက် ငါ့စကားကို မင်းတို့နားထောင်ရမယ်’ ဟူသည့်သဘောထားမျိုး ယေရှုတွင်မရှိခဲ့ပါ။ မိမိကိုယ်ကို မေရှိယဖြစ်သည်ဟုကြွေးကြော်သော မေရှိယအတုအယောင်များနှင့်မတူဘဲ ကိုယ်တော်သည် စစ်မှန်သောမေရှိယဖြစ်ခြင်းကို မဝါကြွားခဲ့ပါ။ တစ်ခါတစ်ရံတွင် မိမိမည်သူဖြစ်ကြောင်း၊ အဘယ်အရာပြုလုပ်ခဲ့ကြောင်း အခြားသူတို့ကို မပြောရန် လူတို့ကိုတားမြစ်ခဲ့သည်။ (မ. ၁၂:၁၅-၂၁) မိမိတို့မြင်တွေ့ရာများကို အခြေပြု၍သာ ကိုယ်တော့်နောက်သို့လိုက်ရန် ဆုံးဖြတ်စေလို၏။ ကောင်းကင်တွင်ပေါင်းဖော်ခဲ့သော စုံလင်သည့်ကောင်းကင်တမန်များကဲ့သို့ဖြစ်ရန် တပည့်များထံမှ မမျှော်လင့်သောကြောင့် သူတို့အလွန်ဝမ်းမြောက်ခဲ့ကြသည်။

၁၉၊ ၂၀။ မေတ္တာနှင့်ထောက်ထားစာနာမှုက လူတို့ကိုကူညီပေးရန် ယေရှုအား မည်သို့လှုံ့ဆော်ပေးခဲ့သနည်း။

၁၉ ယေရှုခရစ်သည် ခမည်းတော်၏အဓိကအရည်အသွေးဖြစ်သော မေတ္တာကိုလည်း တင်ပြခဲ့သည်။ (၁ ယော. ၄:၈) ကိုယ်တော်သည် ပရိသတ်ကို မေတ္တာဖြင့်သွန်သင်ပေးသည်။ ဥပမာ၊ အရာရှိတစ်ဦးအပေါ် ကိုယ်တော်၏ခံစားချက်ကို သုံးသပ်ကြည့်ပါ။ (မာကု ၁၀:၁၇-၂၂ ကိုဖတ်ပါ။) ကိုယ်တော်သည် ထိုသူကို “ချစ်သောစိတ်ရှိ” ပြီး ကူညီပေးလိုသော်လည်း ခရစ်တော်၏နောက်လိုက်ဖြစ်နိုင်ရန် စည်းစိမ်ဥစ္စာကို သူ မစွန့်လွှတ်ခဲ့ပေ။

၂၀ ယေရှု၏နှစ်လို့ဖွယ်အရည်အသွေးတစ်ခုမှာ ထောက်ထားစာနာမှုဖြစ်သည်။ ကိုယ်တော့်သွန်သင်ချက်ကို တုံ့ပြန်သူများသည် မစုံလင်သူလူသားအားလုံးနည်းတူ ပြဿနာများဖြင့် ဝန်ပိနေကြသည်။ ယေရှုသည် ယင်းကိုသိနားလည်သောကြောင့် သူတို့ကို ထောက်ထားစာနာစိတ်၊ သနားစိတ်ဖြင့် သွန်သင်ခဲ့သည်။ ဥပမာ၊ တစ်ကြိမ်တွင် ယေရှုနှင့်တမန်တော်များသည် အစာစားရန် အချိန်မရှိသည့်အထိပင် အလုပ်များခဲ့ကြ၏။ သို့သော် လူအုပ် စုရုံးလာသည်ကို တွေ့သောအခါ ကိုယ်တော်မည်သို့တုံ့ပြန်ခဲ့သနည်း။ ‘ထိုသူတို့သည် ထိန်းသူမရှိ၊ ပစ်ထားသောသိုးကဲ့သို့ဖြစ်ကြသည်ကို သနားခြင်းစိတ်တော်ရှိ၍ များစွာသောဆုံးမစကားကို ပေးတော်မူ၏။’ (မာ. ၆:၃၄) မိမိဒေသရှိလူတို့၏သနားစဖွယ်အခြေအနေကို ကိုယ်တော်သတိပြုမိသဖြင့် သူတို့ကိုသွန်သင်ပြီး သူတို့အကျိုးအတွက် အံ့ဖွယ်အမှုများလုပ်ဆောင်ပေးခဲ့သည်။ အချို့သည် ကိုယ်တော်၏အရည်အသွေးကောင်းများကြောင့်၊ အချို့မှာ ကိုယ်တော်၏စကားများကြောင့် ဆွဲဆောင်ခံရပြီး တပည့်များဖြစ်လာကြသည်။

၂၁။ နောက်ဆောင်းပါးတွင် အဘယ်အကြောင်း သုံးသပ်ကြမည်နည်း။

၂၁ ယေရှု၏ မြေကြီးအမှုတော်နှင့်ပတ်သက်၍ ကျွန်ုပ်တို့ များစွာသင်ယူစရာရှိသေးကြောင်း နောက်ဆောင်းပါးတွင် ဖော်ပြပါလိမ့်မည်။ အကြီးမြတ်ဆုံး ခရစ်ယာန်သာသနာပြုယေရှုခရစ်ကို အခြားအဘယ်နည်းများဖြင့် တုပနိုင်သနည်း။

သင်မည်သို့ဖြေဆိုမည်နည်း

• ယေရှု မြေကြီးပေါ်မကြွလာမီ အဘယ်လေ့ကျင့်မှုရရှိခဲ့သနည်း။

• ယေရှု၏သွန်သင်နည်းသည် ကျမ်းတတ်များ၊ ဖာရိရှဲများ၏သွန်သင်နည်းထက် မည်သို့ သာလွန်ကောင်းမြတ်သနည်း။

• ယေရှု၏အဘယ်နှစ်လို့ဖွယ်အရည်အသွေးများက လူတို့ကို ဆွဲဆောင်သနည်း။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၁၅ ပါပုံစာ]

လူအုပ်ကို ယေရှု မည်သို့သွန်သင်ပေးခဲ့သနည်း