မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေဟောဝါကို အစဉ်မျက်မှောက်ပြုလော့

ယေဟောဝါကို အစဉ်မျက်မှောက်ပြုလော့

ယေဟောဝါကို အစဉ်မျက်မှောက်ပြုလော့

‘ငါသည် ထာဝရဘုရားသခင်ကို အစဉ်မပြတ်မျက်မှောက်ပြု၏။’—ဆာ. ၁၆:၈

၁။ ကျမ်းစာမှတ်တမ်းများသည် ကျွန်ုပ်တို့ကို မည်သို့အကျိုးသက်ရောက်နိုင်သနည်း။

ယေဟောဝါ၏နှုတ်မြွက်တော်တွင် လူသားတို့နှင့်ကိုယ်တော် ဆက်ဆံပုံအကြောင်း ထူးခြားသောမှတ်တမ်း ပါရှိသည်။ ထို့ပြင် ဘုရားသခင့်ရည်ရွယ်ချက် ပြီးမြောက်ရေးတွင် ပါဝင်ခဲ့သူများစွာအကြောင်းကိုလည်း ဖော်ပြသည်။ မှန်ပါသည်၊ ထိုသူတို့၏စကားများနှင့်လုပ်ရပ်များကို ကျွန်ုပ်တို့အပျော်သက်သက်ဖတ်ရှုရန်သာ မှတ်တမ်းတင်ထားခြင်းမဟုတ်ပေ။ ထိုမှတ်တမ်းများသည် ကျွန်ုပ်တို့ကို ဘုရားသခင်နှင့် ပို၍ရင်းနှီးစေနိုင်သည်။—ယာ. ၄:၈

၂၊ ၃။ ဆာလံ ၁၆:၈ ပါစကားများ၏အဓိပ္ပာယ်ကား အဘယ်နည်း။

အာဗြဟံ၊ စာရာ၊ မောရှေ၊ ရုသ၊ ဒါဝိဒ်၊ ဧသတာ၊ တမန်တော်ပေါလုနှင့် အခြားသူများကဲ့သို့သော လူသိများသည့် ကျမ်းစာဇာတ်ကောင်များ၏အဖြစ်အပျက်မှ ကျွန်ုပ်တို့အားလုံး များစွာသင်ယူနိုင်ပါသည်။ သို့သော် လူသိမများသောပုဂ္ဂိုလ်များ၏ မှတ်တမ်းများမှလည်း အကျိုးရရှိနိုင်သည်။ ထိုကျမ်းစာမှတ်တမ်းများကို တွေးတောဆင်ခြင်ခြင်းဖြင့် ဆာလံဆရာ၏ ဤစကားများနှင့်အညီ လုပ်ဆောင်နိုင်ပါသည်– ‘ငါသည် ထာဝရဘုရားသခင်ကို အစဉ်မပြတ်မျက်မှောက်ပြု၏။ အကြောင်းမူကား ငါ့လက်ယာဘက်၌တည်ရှိတော်မူသည်ဖြစ်၍ ငါသည် လှုပ်ရှားခြင်းမရှိရ။’ (ဆာ. ၁၆:၈) ထိုစကားများ၏အဓိပ္ပာယ်ကား အဘယ်နည်း။

စစ်သားတစ်ဦးသည် ညာလက်ဖြင့် ဓားကိုကိုင်လေ့ရှိပြီး ဘယ်လက်တွင်ကိုင်သောလွှားသည် ညာဘက်ကို မကာကွယ်ပေးချေ။ သို့သော် မိတ်ဆွေတစ်ဦးသည် သူ၏ညာဘက်အနီးတွင် တိုက်ခိုက်ပေးမည်ဆိုပါက အကာအကွယ်ရနိုင်ပါသည်။ ကျွန်ုပ်တို့လည်း ယေဟောဝါကိုအစဉ်မျက်မှောက်ပြုပြီး အလိုတော်ကို ထမ်းဆောင်ပါက ကိုယ်တော်ကာကွယ်ပေးမည်။ ထို့ကြောင့် ကျမ်းစာမှတ်တမ်းများကို သုံးသပ်ခြင်းက ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို မည်သို့ခိုင်ခံ့စေနိုင်ကြောင်း လေ့လာကြည့်ကြပါစို့။ သို့ဖြင့် ယေဟောဝါကို “အစဉ်မပြတ်မျက်မှောက်ပြု” နိုင်မည်ဖြစ်သည်။

ကျွန်ုပ်တို့၏ဆုတောင်းချက်များကို ယေဟောဝါဖြေကြား

၄။ ဆုတောင်းချက်များကို ဘုရားသခင်ဖြေကြားကြောင်းဖော်ပြသည့် ကျမ်းစာမှတ်တမ်းတစ်ခုကို ဥပမာပေးပါ။

ကျွန်ုပ်တို့သည် ယေဟောဝါကို မျက်မှောက်ပြုမည်ဆိုလျှင် ကျွန်ုပ်တို့၏ဆုတောင်းချက်များကို ကိုယ်တော်ဖြေကြားပေးလိမ့်မည်။ (ဆာ. ၆၅:၂; ၆၆:၁၉) ယင်းကို အာဗြဟံ၏ကျွန် ဧလျာဇာ၏အဖြစ်က သက်သေထူသည်။ အာဗြဟံသည် ယေဟောဝါအားကြောက်ရွံ့သော ဇနီးတစ်ဦးကို ဣဇာက်အတွက် ရှာပေးရန် သူ့ကို မက်ဆိုပိုတေးမီးယားသို့စေလွှတ်ခဲ့သည်။ ထိုအခါ ဧလျာဇာသည် လမ်းညွှန်မှုအတွက် ဘုရားသခင်ထံဆုတောင်းသည်။ သူ၏ကုလားအုတ်များကို ရေဗက္က ရေတိုက်စဉ် မိမိအား ဘုရားသခင်လမ်းညွှန်ပေးနေကြောင်း သူအသိအမှတ်ပြုခဲ့သည်။ သူသည် ထက်သန်စွာဆုတောင်းခဲ့သောကြောင့် ဣဇာက်၏ဇနီးဖြစ်လာမည့်သူကို ရှာတွေ့ခဲ့သည်။ (က. ၂၄:၁၂-၁၄၊ ၆၇) မှန်ပါသည်၊ အာဗြဟံ၏ကျွန်သည် အထူးတာဝန်တစ်ရပ်ကို ထမ်းဆောင်ခဲ့၏။ သို့သော် ကျွန်ုပ်တို့၏ဆုတောင်းချက်များကိုလည်း ယေဟောဝါနားညောင်းမည်ဟု ယုံကြည်စိတ်ချသင့်သည်မဟုတ်လော။

၅။ ယေဟောဝါထံ စိတ်ထဲမှ တိုတိုတုတ်တုတ်ဆုတောင်းလျှင်ပင် ထိရောက်မှုရှိသည်ဟု အဘယ်ကြောင့်ဆိုနိုင်သနည်း။

တစ်ခါတစ်ရံ ကျွန်ုပ်တို့သည် ဘုရားသခင်၏အကူအညီအတွက် ချက်ချင်းဆုတောင်းဖို့လိုပေမည်။ တစ်ခါက ပါးရှားဘုရင် အာတဇေရဇ်သည် မိမိ၏ဖလားတော်ဝန်နေဟမိ မျက်နှာညှိုးငယ်နေကြောင်း သတိပြုမိသည်။ ရှင်ဘုရင်က “အဘယ်သို့တောင်းလျှောက်ချင်သနည်း” ဟုမေးသောအခါ နေဟမိသည် “ကောင်းကင်ဘုံ၏အရှင် ဘုရားသခင်အား [“ချက်ချင်း၊” ကဘ] ဆုတောင်းပြီးမှ လျှောက်လေ၏။” သူသည် စိတ်ထဲမှ တိုတိုတုတ်တုတ်ဆုတောင်းခဲ့သည်။ သို့တိုင် ဆုတောင်းချက်ကို ဘုရားသခင်ဖြေကြားသဖြင့် ယေရုရှလင်မြို့ရိုး ပြန်လည်တည်ဆောက်နိုင်ရန် ဘုရင်၏ကူညီမှုကို သူရရှိခဲ့သည်။ (နေဟမိ ၂:၁-၈ ကိုဖတ်ပါ။) မှန်ပါသည်၊ စိတ်ထဲမှ တိုတိုတုတ်တုတ်ဆုတောင်းလျှင်ပင် ထိရောက်မှုရှိနိုင်သည်။

၆၊ ၇။ (က) ဧပဖြသည် ဆုတောင်းခြင်းနှင့်ပတ်သက်၍ အဘယ်ပုံသက်သေချမှတ်ခဲ့သနည်း။ (ခ) အခြားသူတို့အတွက် အဘယ်ကြောင့် ဆုတောင်းပေးသင့်သနည်း။

ဆုတောင်းချက်များ ချက်ချင်းအဖြေမရလျှင်ပင် “အချင်းချင်းတို့အဖို့ ဆုတောင်း” ရန် ကျွန်ုပ်တို့ကိုတိုက်တွန်းထားသည်။ (ယာ. ၅:၁၆) “ခရစ်တော်၏ သစ္စာရှိသော အမှုတော်ဆောင်” ဧပဖြသည် ယုံကြည်သူချင်းတို့အတွက် ထက်သန်စွာဆုတောင်းပေးခဲ့၏။ ပေါလုသည် ရောမမြို့မှ ဤသို့ရေး၏– “သင်တို့ [ကောလောသဲမြို့သားများ] အထဲကဖြစ်သော ခရစ်တော်၏ကျွန် ဧပဖြသည် သင်တို့ကိုနှုတ်ဆက်၏။ သင်တို့သည် စုံလင်လျက်၊ ဘုရားသခင်၏အလိုတော်ကို အကုန်အစင်လေ့ကျက်လျက် တည်ကြည်မည်အကြောင်း သူသည် သင်တို့အဖို့ ကာလအစဉ်ကြိုးစား၍ ဆုတောင်းတတ်၏။ သင်တို့မှစ၍ လောဒိကိမြို့နှင့် ဟေရပေါလိမြို့၌ရှိသောသူတို့အဖို့ သူသည် အလွန်စေတနာစိတ်အားကြီးသည်ဟု ငါသည် သူ၏သက်သေဖြစ်၏။”—ကော. ၁:၇ကဘ; ၄:၁၂၁၃

ကောလောသဲ၊ လောဒိကိ၊ ဟေရပေါလိမြို့တို့သည် အာရှမိုင်းနားတွင် တည်ရှိသည်။ ဟေရပေါလိမြို့ရှိ ခရစ်ယာန်တို့သည် စစ်ဘလီနတ်ဘုရားမ ကိုးကွယ်သူတို့အလယ်တွင် နေထိုင်ကြရသည်။ လောဒိကိမြို့ရှိ ခရစ်ယာန်တို့သည် ရုပ်ဝါဒဆန်သူများဝန်းကျင်တွင် နေထိုင်ကြရပြီး ကောလောသဲမြို့ရှိ ခရစ်ယာန်များသည် လူ့အတွေးအခေါ်လွှမ်းမိုးမှု အန္တရာယ်ကြုံနေရသည်။ (ကော. ၂:၈) ထို့ကြောင့် ကောလောသဲမြို့သားဧပဖြသည် ထိုမြို့ရှိယုံကြည်သူချင်းများအတွက် “ကြိုးစား၍ ဆုတောင်း” ပေးခဲ့သည်ကို နားလည်နိုင်ပါသည်။ ဧပဖြ၏ဆုတောင်းချက်ကို ဘုရားသခင်မည်သို့ဖြေကြားခဲ့ကြောင်း သမ္မာကျမ်းစာက မဖော်ပြသော်လည်း ယုံကြည်သူချင်းတို့အတွက် သူဆက်၍ဆုတောင်းပေးခဲ့သည်။ ကျွန်ုပ်တို့လည်း ထိုသို့ပြုသင့်ပေသည်။ ကျွန်ုပ်တို့သည် “သူတစ်ပါးအမှု၌ရောနှောသော” သူများ မဟုတ်သော်လည်း မိသားစုဝင်တစ်ဦး သို့မဟုတ် မိတ်ဆွေတစ်ဦးသည် ပြင်းထန်သောယုံကြည်ခြင်းစမ်းသပ်မှု ကြုံနေရကြောင်း သိပေမည်။ (၁ ပေ. ၄:၁၅) သူ့အတွက် သီးသန့်ဆုတောင်းပေးခြင်းက အမှန်ပင် သင့်လျော်ပေသည်။ အခြားသူများ၏ တိုးလျှိုးအသနားခံချက်များက ပေါလုအတွက် အကူအညီဖြစ်စေသကဲ့သို့ ကျွန်ုပ်တို့၏ဆုတောင်းချက်များလည်း များစွာအကျိုးပြုနိုင်ပါသည်။—၂ ကော. ၁:၁၀၊ ၁၁

၈။ (က) ဧဖက်မြို့မှအကြီးအကဲများသည် ဆုတောင်းခြင်း၏အရေးကြီးမှုကို အသိအမှတ်ပြုကြောင်း ကျွန်ုပ်တို့မည်သို့သိရသနည်း။ (ခ) ဘုရားသခင်ထံဆုတောင်းခြင်းကို ကျွန်ုပ်တို့ မည်သို့သဘောထားသင့်သနည်း။

ကျွန်ုပ်တို့သည် ဆုတောင်းခြင်းအခွင့်ထူးကို တန်ဖိုးထားပြီး မှန်မှန်ဆုတောင်းသူများဖြစ်သည်ဟု အခြားသူများရှုမြင်ပါသလော။ ပေါလုသည် ဧဖက်မြို့မှအကြီးအကဲများနှင့်တွေ့ဆုံပြီးနောက် “ဒူးထောက်၍ ထိုသူအပေါင်းတို့နှင့်တကွ ဆုတောင်းလေ၏။ ထိုသူအပေါင်းတို့သည် အလွန်ငိုကြွေး၍ ပေါလု၏လည်ပင်းကိုဖက်ယမ်းလျက် သူ့ကိုနမ်းကြ၏။ နောက်တစ်ဖန် သူ၏မျက်နှာကိုမမြင်ရဟူသောစကားကြောင့် သာ၍ကြေကွဲ” ကြ၏။ (တ. ၂၀:၃၆-၃၈) ထိုအကြီးအကဲများ၏အမည်ကို ကျွန်ုပ်တို့မသိသော်လည်း သူတို့သည် ဆုတောင်းခြင်း၏အရေးကြီးမှုကို အသိအမှတ်ပြုကြောင်း ထင်ရှားသည်။ ကျွန်ုပ်တို့လည်း ထိုသို့ဖြစ်သင့်ပြီး ဆုတောင်းချက်များကို ကောင်းကင်ခမည်းတော် ဖြေကြားပေးမည်ဟူသော ယုံကြည်ချက်ဖြင့် “သန့်ရှင်းသောလက်ကိုချီ၍ ဆုတောင်း” သင့်သည်။—၁ တိ. ၂:၈

ဘုရားသခင်ကို အကြွင်းမဲ့နာခံလော့

၉၊ ၁၀။ (က) ဇလောဖဒ်၏သမီးများသည် အဘယ်ပုံသက်သေချမှတ်ခဲ့သနည်း။ (ခ) သူတို့၏နာခံမှုက အိမ်ထောင်ရေးနှင့်ပတ်သက်၍ တစ်ကိုယ်ရေခရစ်ယာန်တစ်ဦး၏ရှုမြင်ပုံကို မည်သို့အကျိုးသက်ရောက်နိုင်သနည်း။

ယေဟောဝါကို အစဉ်မျက်မှောက်ပြုခြင်းက ကိုယ်တော့်ကိုနာခံရန် ကူညီပေးသောကြောင့် ကောင်းချီးများရရှိစေသည်။ (တရား. ၂၈:၁၃; ၁ ရာ. ၁၅:၂၂) ယင်းသို့ဖြစ်နိုင်ရန် နာခံတတ်သောသဘောထားရှိဖို့လိုသည်။ မောရှေခေတ်တွင် အသက်ရှင်ခဲ့သော ဇလောဖဒ်၏သမီးငါးဦး၏သဘောထားကို သုံးသပ်ကြည့်ပါ။ ဣသရေလလူမျိုး၏ထုံးစံအရ သားယောက်ျားများသာ ဖခင်ထံမှအမွေရပိုင်ခွင့်ရှိသည်။ ဇလောဖဒ်သည် သားမရှိဘဲ သေဆုံးသွားသောကြောင့် သမီးငါးဦးကို အမွေအားလုံးပေးရန် ယေဟောဝါညွှန်ကြားခဲ့သော်လည်း တောင်းဆိုချက်တစ်ခုရှိသည်။ ၎င်းမှာ အမွေမြေကို မနာရှေမျိုးနွယ်သာ ဆက်ပိုင်ဆိုင်နိုင်ရန် သူတို့သည် ထိုမျိုးနွယ်နှင့်သာ ထိမ်းမြားရမည်။—တော. ၂၇:၁-၈; ၃၆:၆-၈

၁၀ ဘုရားသခင်၏စကားကို နာခံမည်ဆိုလျှင် အရာရာပြေလည်သွားမည်ကို ဇလောဖဒ်၏သမီးများ ယုံကြည်ကြသည်။ ‘ထာဝရဘုရားသခင်သည် မောရှေအား မှာထားတော်မူသည်အတိုင်း ဇလောဖဒ်၏သမီး မာလာ၊ တိရဇာ၊ ဟောဂလာ၊ မိလကာ၊ နောအာတို့သည်ပြု၍ ဘကြီးသား၊ ဘထွေးသားတို့နှင့်စုံဖက်ကြ၏။ ထိုသို့ ယောသပ်တွင်မြင်သော မနာရှေသားအဆွေအမျိုး၌ စုံဖက်ခြင်းအမှုကိုပြု၍ သူတို့အမွေမြေသည် သူတို့မိစဉ်ဘဆက်အမျိုး၌တည်နေ၏’ ဟုကျမ်းစာကဆိုသည်။ (တော. ၃၆:၁၀-၁၂) နာခံမှုရှိသော ထိုအမျိုးသမီးများသည် ယေဟောဝါမိန့်မှာသည့်အတိုင်း ပြုလုပ်ခဲ့ကြ၏။ (ယောရှု ၁၇:၃၊ ၄) ထပ်တူယုံကြည်ချက်မျိုးရှိသည့် ဝိညာဉ်ရေးရင့်ကျက်သော တစ်ကိုယ်ရေခရစ်ယာန်များလည်း “သခင်ဘုရား၌သာ” ထိမ်းမြားခြင်းဖြင့် ဘုရားသခင်ကို နာခံကြသည်။—၁ ကော. ၇:၃၉

၁၁၊ ၁၂။ ဘုရားသခင်ကိုယုံကြည်ကြောင်း ကာလက် မည်သို့တင်ပြခဲ့သနည်း။

၁၁ ကျွန်ုပ်တို့သည် ဣသရေလလူ ကာလက်ကဲ့သို့ပင် ယေဟောဝါကို အကြွင်းမဲ့နာခံဖို့လိုသည်။ (တရား. ၁:၃၆) ဘီစီ ၁၆ ရာစုတွင် ဣသရေလလူတို့ အီဂျစ်ပြည်မှလွတ်မြောက်ပြီးနောက် ခါနာန်ပြည်ကိုစုံစမ်းရန် သူလျှို ၁၂ ဦးကို မောရှေစေလွှတ်ခဲ့သည်။ သို့သော် သူလျှိုနှစ်ဦးဖြစ်သော ကာလက်နှင့်ယောရှုသာ ဘုရားသခင်ကို အကြွင်းမဲ့ယုံကြည်ကိုးစားရန်၊ ခါနာန်ပြည်သို့ဝင်ရန် လူတို့ကို တိုက်တွန်းခဲ့သည်။ (တော. ၁၄:၆-၉) အနှစ်လေးဆယ်ခန့်ကြာသော် ယောရှုနှင့်ကာလက်သည် အသက်ရှင်ဆဲဖြစ်ပြီး ယေဟောဝါနောက်တော်သို့ လုံးလုံးလိုက်နေဆဲဖြစ်သည်။ ဘုရားသခင်သည် ဣသရေလလူတို့ကို ကတိထားရာပြည်ထဲသို့ ဦးဆောင်ခေါ်သွားရန် ယောရှုကိုအသုံးပြုခဲ့သည်။ သို့သော် ယုံကြည်ခြင်းမဲ့သော သူလျှိုဆယ်ဦးသည် ဣသရေလလူမျိုး တောတွင် အနှစ်လေးဆယ်လှည့်လည်ချိန်၌ သေဆုံးခဲ့ကြသည်။—တော. ၁၄:၃၁-၃၄

၁၂ တောတွင်လှည့်လည်ချိန်၌ မသေဆုံးဘဲ ကျန်ရစ်ခဲ့သော အသက်ကြီးသူကာလက်သည် ယောရှုရှေ့တွင်ရပ်လျက် ‘အကျွန်ုပ်သည် အကျွန်ုပ်၏ဘုရားသခင်နောက်တော်သို့ လုံးလုံးလိုက်ပါ၏’ ဟုပြောနိုင်ခဲ့သည်။ (ယောရှု ၁၄:၆-၉ ကိုဖတ်ပါ။) မိမိကိုပေးမည်ဟု ဘုရားသခင်ကတိပြုထားသော တောင်ပေါ်ဒေသတွင် ကြီးမားခိုင်ခံ့သောမြို့ကြီးများနှင့် နေထိုင်သည့် ရန်သူများရှိသော်လည်း ထိုဒေသကိုပေးရန် အသက်ရှစ်ဆယ့်ငါးနှစ်အရွယ်ကာလက် တောင်းဆိုခဲ့သည်။—ယောရှု ၁၄:၁၀-၁၅

၁၃။ စမ်းသပ်မှုများကြုံရသော်လည်း အဘယ်အရာကိုလုပ်ဆောင်မည်ဆိုလျှင် ကောင်းချီးရရှိမည်နည်း။

၁၃ သစ္စာရှိပြီး နာခံမှုရှိသောကာလက်ကဲ့သို့ ကျွန်ုပ်တို့လည်း ‘ယေဟောဝါနောက်တော်သို့ လုံးလုံးလိုက်ပါက’ ကိုယ်တော်၏ထောက်မမှုရရှိပါလိမ့်မည်။ ကြီးမားသောအခက်အခဲများ ရင်ဆိုင်ရလျှင်ပင် ‘ယေဟောဝါနောက်တော်သို့ လုံးလုံးလိုက်’ သောကြောင့် ကိုယ်တော်ကူညီပေးပါလိမ့်မည်။ သို့သော် ကာလက်ကဲ့သို့ တစ်သက်တာလုံး ထိုသို့လုပ်ဆောင်ရန် မလွယ်ကူပေ။ ဘုရင်ရှောလမုန်သည် အစပိုင်းတွင် ဘုရားသခင့်နောက်တော်သို့လိုက်ခဲ့သော်လည်း အသက်ကြီးသောအခါ မိန်းမတို့သည် သူ့စိတ်နှလုံးကို မှားယွင်းသောနတ်ဘုရားများနောက်သို့ လွဲစေသဖြင့် ‘ခမည်းတော်ဒါဝိဒ်ကဲ့သို့ ထာဝရဘုရားသခင်၌ လုံးလုံးမဆည်းကပ်’ ခဲ့ပေ။ (၃ ရာ. ၁၁:၄-၆) ကျွန်ုပ်တို့သည် မည်သည့်စမ်းသပ်မှုများ ကြုံရပါစေ ဘုရားသခင်ကို အကြွင်းမဲ့နာခံပြီး အစဉ်မျက်မှောက်ပြုကြပါစို့။

ယေဟောဝါကို အစဉ်ကိုးစားလော့

၁၄၊ ၁၅။ နောမိ၏အဖြစ်အပျက်မှ ဘုရားသခင်ကို ကိုးစားဖို့လိုခြင်းနှင့်ပတ်သက်၍ သင်အဘယ်အရာသိရှိခဲ့သနည်း။

၁၄ ကျွန်ုပ်တို့၏အနာဂတ် မျှော်လင့်ချက်မဲ့ပုံရသောကြောင့် စိတ်ဓာတ်ကျချိန်တွင် အထူးသဖြင့် ဘုရားသခင်ကို ကိုးစားဖို့လိုသည်။ ခင်ပွန်းနှင့်သားနှစ်ဦး သေဆုံးသွားသော သက်ကြီးရွယ်အိုနောမိအကြောင်း သုံးသပ်ကြည့်ပါ။ မောဘပြည်မှ ယုဒပြည်သို့ ပြန်လာချိန်တွင် သူဤသို့ညည်းတွားခဲ့သည်– ‘နောမိ [“ကျွန်ုပ်၏သာယာခြင်း”] ဟူ၍မခေါ်ပါနှင့်။ မာရ [“ခါးသီးခြင်း”] ဟူ၍ခေါ်ပါ။ အတိုင်းအဆမဲ့တန်ခိုးရှင်သည် ငါ့အား အလွန်ခါးသောအရာကိုပေးတော်မူပြီ။ ငါသည် ကြွယ်ဝပြည့်စုံလျက်ထွက်သွား၏။ ယခုမူကား ဆင်းရဲလျက်တစ်ကိုယ်တည်းရှိမှ ထာဝရဘုရားသခင်သည် ငါ့ကိုပို့ပြန်တော်မူပြီ။ ထာဝရဘုရားသခင်သည် ငါ့ကိုနှိမ့်ချ၍ အတိုင်းအဆမဲ့တန်ခိုးရှင်သည် ငါ့ကိုဆင်းရဲစေတော်မူသည်ဖြစ်၍ နောမိအမည်ဖြင့် အဘယ်ကြောင့် ငါ့ကိုခေါ်ကြသနည်း။’—ရု. ၁:၂၀၊ ၂၁

၁၅ နောမိသည် စိတ်ဓာတ်ကျသော်လည်း ယေဟောဝါကို ဆက်၍ကိုးစားခဲ့ကြောင်း ရုသဝတ္ထုတွင် ဖော်ပြထားသည်။ သူ့အခြေအနေမှာ အလွန်ပြောင်းလဲခဲ့၏။ နောမိ၏ချွေးမဖြစ်သူ မုဆိုးမရုသသည် ဗောဇ၏ဇနီးဖြစ်လာကာ သားတစ်ဦးမွေးဖွားခဲ့သည်။ နောမိသည် ကလေးကိုပိုက်ချီလျက် ထိန်းလေ၏။ “အိမ်နီးချင်းမိန်းမတို့ကလည်း ‘နောမိသည် သားယောက်ျားကိုရပြီ’ ဟုဆိုလျက် ထိုသူငယ်ကို ဩဗက်အမည်ဖြင့်မှည့်ကြ၏။ ဩဗက်သား ယေရှဲ၊ ယေရှဲသား ဒါဝိဒ်တည်း” ဟုမှတ်တမ်းကဆိုသည်။ (ရု. ၄:၁၄-၁၇) နောမိနှင့်ရုသတို့ ရှင်ပြန်ထမြောက်လာချိန်တွင် ရုသသည် မေရှိယဖြစ်သောယေရှု၏ဘေးမဖြစ်ကြောင်း နောမိ သိလာပါလိမ့်မည်။ (မ. ၁:၅၊ ၆၊ ၁၆) နောမိနည်းတူ ကျွန်ုပ်တို့လည်း ကြုံနေရသောအခြေအနေဆိုးများ မည်သို့ပြောင်းလဲသွားမည်ကို မသိနိုင်ကြပေ။ ထို့ကြောင့် ‘ထာဝရဘုရားသခင်ကို စိတ်နှလုံးအကြွင်းမဲ့ကိုးစားလော့။ ကိုယ်ဉာဏ်ကိုအမှီမပြုနှင့်။ သွားလေရာရာ၌ ထာဝရဘုရားသခင်ကို မျက်မှောက်ပြုလော့။ သို့ပြုလျှင် သင်၏လမ်းခရီးတို့ကို ပဲ့ပြင်တော်မူမည်’ ဟုနယပုံပြင် ၃:၅၊ ၆ တွင်တိုက်တွန်းထားသည့်အတိုင်း ဘုရားသခင်ကို အစဉ်ကိုးစားကြပါစို့။

သန့်ရှင်းသောဝိညာဉ်တော်ကို ကိုးစားလော့

၁၆။ ဘုရားသခင်၏သန့်ရှင်းသောဝိညာဉ်တော်သည် ရှေးဣသရေလအသက်ကြီးသူအချို့ကို မည်သို့ကူညီပေးခဲ့သနည်း။

၁၆ ကျွန်ုပ်တို့သည် ယေဟောဝါကို အစဉ်မျက်မှောက်ပြုပါက ကိုယ်တော်၏သန့်ရှင်းသောဝိညာဉ်တော်ဖြင့် ကျွန်ုပ်တို့ကို ဦးဆောင်လမ်းပြပါလိမ့်မည်။ (ဂလ. ၅:၁၆-၁၈) ဣသရေလလူတို့၏အမှုကို ဆောင်ရွက်ရာတွင် မောရှေကိုကူညီရန် ရွေးချယ်ခံရသော အသက်ကြီးသူ ၇၀ အပေါ် ဘုရားသခင်၏ဝိညာဉ်တော် သက်ရောက်ခဲ့သည်။ ဧလဒဒ်နှင့်မေဒဒ်၏အမည်ကိုသာ ဖော်ပြထားသော်လည်း ထိုအသက်ကြီးသူအားလုံးသည် သန့်ရှင်းသောဝိညာဉ်တော်အကူအညီဖြင့် မိမိတို့တာဝန်ကို ထမ်းဆောင်နိုင်ခဲ့သည်။ (တော. ၁၁:၁၃-၂၉) သူတို့သည် အစောပိုင်းတွင် ရွေးချယ်ခံရသူများနည်းတူ တတ်စွမ်းနိုင်သူ၊ ဘုရားသခင်ကိုကြောက်ရွံ့သူ၊ ယုံကြည်အားထားထိုက်သူ၊ ရိုးသားသူများဖြစ်ကြသည်။ (ထွ. ၁၈:၂၁) ယနေ့ ခရစ်ယာန်အကြီးအကဲများလည်း အလားတူအရည်အချင်းများကို တင်ပြကြသည်။

၁၇။ ယေဟောဝါ၏သန့်ရှင်းသောဝိညာဉ်တော်သည် တဲတော်ဆောက်လုပ်ရေးတွင် အဘယ်ကဏ္ဍမှပါဝင်ခဲ့သနည်း။

၁၇ တောကန္တာရတွင် တဲတော်ဆောက်လုပ်ရေး၌ ယေဟောဝါ၏သန့်ရှင်းသောဝိညာဉ်တော်သည် အရေးကြီးသောကဏ္ဍမှပါဝင်ခဲ့၏။ ယေဟောဝါသည် ဗေဇလေလကို အဓိကလက်မှုပညာရှင်နှင့် တဲတော်ဆောက်လုပ်သူအဖြစ် ခန့်အပ်ခဲ့ပြီး ‘ဉာဏ်ပညာနှင့်တကွ [“လက်မှုပညာအတတ်၊” သမ္မာ] အမျိုးမျိုးတို့ကိုပေး၍ ဘုရားသခင်၏ဝိညာဉ်တော်နှင့် ပြည့်စုံစေ’ မည်ဟု ကတိပြုခဲ့သည်။ (ထွ. ၃၁:၃-၅) ထိုတာဝန်ကြီးကို ထမ်းဆောင်ရာတွင် “လိမ္မာသောသူ” တို့သည် ဗေဇလေလနှင့် သူ၏လက်ထောက်အဟောလျဘတို့နှင့်အတူ လုပ်ဆောင်ခဲ့သည်။ ထို့ပြင် ယေဟောဝါ၏ဝိညာဉ်တော်သည် စေတနာစိတ်ရှိသူတို့ကို လှုံ့ဆော်ပေးရာ ရက်ရက်ရောရောလှူဒါန်းခဲ့ကြသည်။ (ထွ. ၃၁:၆; ၃၅:၅၊ ၃၀-၃၄) ယနေ့လည်း ဘုရားသခင့်နိုင်ငံတော်အကျိုးစီးပွားတိုးတက်ရေးတွင် အတတ်နိုင်ဆုံးလုပ်ဆောင်ရန် ဘုရားသခင့်ကျေးကျွန်များကို ထိုဝိညာဉ်တော်က လှုံ့ဆော်ပေးနေသည်။ (မ. ၆:၃၃) ကျွန်ုပ်တို့တွင် အရည်အချင်းအချို့ ရှိကောင်းရှိပေမည်။ သို့သော် ယနေ့ ယေဟောဝါအပ်နှင်းထားသောလုပ်ငန်းကို ကျွန်ုပ်တို့ပြီးမြောက်နိုင်ရန် သန့်ရှင်းသောဝိညာဉ်တော်အတွက် ဆုတောင်းပြီး ယင်း၏ဦးဆောင်မှုကို ခံယူဖို့လိုသည်။—လု. ၁၁:၁၃

ကောင်းကင်ဗိုလ်ခြေအရှင်ယေဟောဝါကို အစဉ်ကြောက်ရွံ့ရိုသေလော့

၁၈၊ ၁၉။ (က) ဘုရားသခင်၏သန့်ရှင်းသောဝိညာဉ်တော်သည် ကျွန်ုပ်တို့တွင် အဘယ်သဘောထားရှိစေသနည်း။ (ခ) ရှုမောင်နှင့်အန္နတို့၏ပုံသက်သေမှ သင်အဘယ်အရာသိရှိခဲ့သနည်း။

၁၈ သန့်ရှင်းသောဝိညာဉ်တော်သည် ယေဟောဝါကို အစဉ်မျက်မှောက်ပြုနိုင်ရန် ထောက်ကူပေးသော ကြောက်ရွံ့ရိုသေသည့်သဘောရှိစေ၏။ ‘ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသခင်ကို ရိုသေခြင်းရှိကြလော့။ ထိုဘုရားသခင်ကိုသာ ကြောက်ရွံ့ခြင်း . . . ရှိကြလော့’ ဟုဘုရားသခင်၏ရှေးခေတ်လူမျိုးတော်ကို မိန့်မှာထားသည်။ (ဟေရှာ. ၈:၁၃) ပထမရာစုတွင် ဘုရားသခင်ကိုကြောက်ရွံ့ရိုသေသော အသက်ကြီးသူနှစ်ဦးမှာ ရှုမောင်နှင့်အန္နတို့ဖြစ်သည်။ (လုကာ ၂:၂၅-၃၈ ကိုဖတ်ပါ။) ရှုမောင်သည် မေရှိယနှင့်ပတ်သက်သော ပရောဖက်ပြုချက်များကို ယုံကြည်ပြီး “ဣသရေလအမျိုး၏သက်သာခြင်းအကြောင်းကို မျှော်လင့်သောသူဖြစ်၏။” ဘုရားသခင်သည် ရှုမောင်အပေါ် သန့်ရှင်းသောဝိညာဉ်တော် သွန်းလောင်းပြီး မေရှိယကိုတွေ့မြင်ခွင့်ရမည်ဟု ကတိပြုခဲ့သည်။ ထိုအတိုင်းဖြစ်ပျက်ခဲ့၏။ ဘီစီ ၂ ခုနှစ်တွင် မာရိနှင့်ယောသပ်သည် သူငယ်ယေရှုကို ဝတ်ပြုရာအိမ်တော်သို့ခေါ်လာခဲ့သည်။ ရှုမောင်သည် သန့်ရှင်းသောဝိညာဉ်တော်၏လှုံ့ဆော်မှုကြောင့် မေရှိယနှင့်ပတ်သက်သော ပရောဖက်ပြုချက်များကို မြွက်ဆိုခဲ့ပြီး ညှဉ်းဆဲရာသစ်တိုင်ပေါ်တွင် ယေရှုအသတ်ခံရစဉ် မာရိဝမ်းနည်းကြေကွဲမည့်အကြောင်းကိုလည်း ကြိုဟောခဲ့သည်။ သို့သော် ‘ထာဝရဘုရားသခင်၏ခရစ်တော်’ ကိုချီပိုက်ချိန်တွင် ရှုမောင်မည်မျှပျော်ရွှင်လိုက်မည်ကို မြင်ယောင်ကြည့်ပါ။ ရှုမောင်သည် ယနေ့ ဘုရားသခင့်ကျေးကျွန်များအတွက် ကြောက်ရွံ့ရိုသေမှုဆိုင်ရာ ပုံသက်သေကောင်းကို ချမှတ်ခဲ့လေသည်။

၁၉ ဘုရားသခင်ကိုကြောက်ရွံ့ရိုသေသော ၈၄ နှစ်အရွယ်မုဆိုးမအန္နသည် ‘ဝတ်ပြုရာအိမ်တော်နှင့်မခွာဘဲနေ၏။’ “ဆုတောင်းခြင်းနှင့်အစာရှောင်ခြင်းအားဖြင့်” နေ့ညမပြတ် ဘုရားသခင်ကိုဝတ်ပြု၍နေသည်။ သူငယ်ယေရှုကို ဝတ်ပြုရာအိမ်တော်သို့ခေါ်လာချိန်၌ အန္နလည်း ထိုတွင်ရှိနေသည်။ မေရှိယဖြစ်လာမည့်သူငယ်ကို မြင်တွေ့ရသည့်အတွက် သူအလွန်ပျော်ရွှင်ခဲ့သည်။ သို့နှင့် သူသည် ‘ထာဝရဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်းလေ၏။ ယေရုရှလင်မြို့၌ ရွေးနုတ်ခြင်းအရာကို မျှော်လင့်သောသူအပေါင်းတို့အား ထိုသူငယ်၏အကြောင်းကို ပြောလေ၏။’ အန္နသည် ထိုသတင်းကောင်းကို အခြားသူတို့အား ဝေမျှခဲ့သည်။ ရှုမောင်နှင့်အန္နနည်းတူ ယနေ့ သက်ကြီးရွယ်အိုခရစ်ယာန်များလည်း မည်မျှပင်အသက်ကြီးပါစေ ယေဟောဝါ၏သက်သေများအဖြစ် အမှုဆောင်နိုင်သောကြောင့် အလွန်ဝမ်းမြောက်နေကြသည်။

၂၀။ ကျွန်ုပ်တို့၏အသက်အရွယ်မည်မျှပင်ရှိပါစေ အဘယ်အရာပြုလုပ်ဖို့လိုသနည်း၊ အဘယ်ကြောင့်နည်း။

၂၀ ကျွန်ုပ်တို့သည် အသက်အရွယ်မည်မျှပင်ရှိပါစေ ယေဟောဝါကို အစဉ်မျက်မှောက်ပြုဖို့လိုသည်။ သို့ဆိုလျှင် ကိုယ်တော်သည် ဘုရင်ဖြစ်ကြောင်း၊ ကိုယ်တော်၏အံ့ဖွယ်အမှုများအကြောင်း အခြားသူတို့ကိုပြောပြရန် ကျွန်ုပ်တို့ နှိမ့်ချစွာကြိုးပမ်းနေသည်ကို ကိုယ်တော်ကောင်းချီးပေးပါလိမ့်မည်။ (ဆာ. ၇၁:၁၇၊ ၁၈; ၁၄၅:၁၀-၁၃) သို့သော် ကျွန်ုပ်တို့သည် ယေဟောဝါကိုဂုဏ်တင်နိုင်ရန် ကိုယ်တော်နှစ်သက်သောအရည်အသွေးများကို တင်ပြရမည်။ အခြားကျမ်းစာမှတ်တမ်းများကို သုံးသပ်ခြင်းဖြင့် ထိုအရည်အသွေးများအကြောင်း အဘယ်အရာသင်ယူနိုင်သနည်း။

သင်မည်သို့ဖြေဆိုမည်နည်း

• ယေဟောဝါသည် ဆုတောင်းချက်များကို နားညောင်းတော်မူကြောင်း ကျွန်ုပ်တို့မည်သို့သိရသနည်း။

• ဘုရားသခင်ကို အဘယ်ကြောင့် အကြွင်းမဲ့နာခံသင့်သနည်း။

• စိတ်ဓာတ်ကျနေလျှင်ပင် အဘယ်ကြောင့် ယေဟောဝါကို အစဉ်ကိုးစားသင့်သနည်း။

• ဘုရားသခင်၏သန့်ရှင်းသောဝိညာဉ်တော်သည် ကိုယ်တော့်လူမျိုးကို မည်သို့ကူညီပေးသနည်း။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၄ ပါပုံစာ]

ယေဟောဝါထံတောင်းလျှောက်သော နေဟမိ၏ဆုတောင်းချက် ထိရောက်မှုရှိခဲ့

[စာမျက်နှာ ၅ ပါပုံစာ]

နောမိရရှိခဲ့သော ကောင်းချီးများအကြောင်း အမှတ်ရခြင်းက ယေဟောဝါအား ကိုးစားရန် ထောက်ကူ