မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေဟောဝါ၏လမ်းခရီးတော်၌ လျှောက်သွားလော့

ယေဟောဝါ၏လမ်းခရီးတော်၌ လျှောက်သွားလော့

ယေဟောဝါ၏လမ်းခရီးတော်၌ လျှောက်သွားလော့

‘ထာဝရဘုရားသခင်ကိုကြောက်ရွံ့၍ လမ်းခရီးတော်သို့ လိုက်သွားသမျှသောသူတို့သည် [“ပျော်ရွှင်၊” ကဘ] ကြ၏။’—ဆာ. ၁၂၈:၁

၁၊ ၂။ ကျွန်ုပ်တို့ အမှန်တကယ်ပျော်ရွှင်နိုင်ကြောင်း အဘယ်ကြောင့်စိတ်ချနိုင်သနည်း။

ပျော်ရွှင်မှု—ယင်းကို လူတိုင်းလိုလားကြသည်။ သို့သော် ပျော်ရွှင်မှုကိုလိုလားခြင်း၊ ပျော်ရွှင်မှုရှာခြင်းသည် ပျော်ရွှင်ခြင်းနှင့်မတူညီကြောင်း သင်သဘောတူပေမည်။

သို့တိုင် ကျွန်ုပ်တို့ အမှန်တကယ် ပျော်ရွှင်နိုင်ပါသည်။ ‘ထာဝရဘုရားသခင်ကိုကြောက်ရွံ့၍ လမ်းခရီးတော်သို့ လိုက်သွားသမျှသောသူတို့သည် [“ပျော်ရွှင်၊” ကဘ] ကြ၏’ ဟု ဆာလံ ၁၂၈:၁ ကဆိုသည်။ ဘုရားသခင်ကိုကြောက်ရွံ့ရိုသေမည်၊ ကိုယ်တော့်အလိုတော်ထမ်းဆောင်ခြင်းဖြင့် လမ်းခရီးတော်၌ လိုက်သွားမည်ဆိုလျှင် ကျွန်ုပ်တို့ပျော်ရွှင်နိုင်ပါသည်။ ယင်းက ကျွန်ုပ်တို့၏အပြုအမူနှင့် ကျွန်ုပ်တို့တင်ပြသောအရည်အသွေးများကို မည်သို့အကျိုးသက်ရောက်နိုင်သနည်း။

ယုံကြည်ကိုးစားထိုက်သူဖြစ်ကြောင်း တင်ပြပါ

၃။ ယုံကြည်ကိုးစားထိုက်သူဖြစ်ခြင်းနှင့် ဘုရားသခင်ထံအပ်နှံခြင်းတို့ မည်သို့ဆက်စပ်သနည်း။

ယေဟောဝါကိုကြောက်ရွံ့သူတို့သည် ကိုယ်တော့်နည်းတူ ယုံကြည်ကိုးစားထိုက်သူများဖြစ်ကြသည်။ ယေဟောဝါသည် ရှေးဣသရေလလူမျိုးအား ကတိပြုခဲ့ရာအားလုံးကို ပြည့်စုံစေသည်။ (၃ ရာ. ၈:၅၆) ဘုရားသခင်ထံအပ်နှံခြင်းသည် ကျွန်ုပ်တို့ပြုခဲ့သမျှကတိများတွင် အရေးကြီးဆုံးကတိဖြစ်ပြီး မခြားမလပ်ဆုတောင်းခြင်းဖြင့် ထိုကတိတည်နိုင်ပါလိမ့်မည်။ ဆာလံဆရာဒါဝိဒ်နည်းတူ ကျွန်ုပ်တို့ ဤသို့ဆုတောင်းနိုင်သည်– “အိုဘုရားသခင် အကျွန်ုပ်ပြုသော သစ္စာကတိတို့ကိုကြားတော်မူ၏။ . . . နေ့ရက်အစဉ်အတိုင်း သစ္စာဝတ်ကိုဖြေခြင်းငှာ နာမတော်ကိုအစဉ်အမြဲ ထောမနာသီချင်းဆိုပါလေအံ့သတည်း။” (ဆာ. ၆၁:၅၊ ၈; ဒေ. ၅:၄-၆) ကျွန်ုပ်တို့သည် ဘုရားသခင်၏မိတ်ဆွေဖြစ်နိုင်ရန် ယုံကြည်ကိုးစားထိုက်သူဖြစ်ရမည်။—ဆာ. ၁၅:၁၊

၄။ ယေဖသနှင့်သူ၏သမီးသည် ယေဟောဝါကိုပေးခဲ့သောကတိအတိုင်း မည်သို့လုပ်ဆောင်ခဲ့သနည်း။

ဣသရေလတရားသူကြီးများခေတ်တွင် ယေဖသသည် အမ္မုန်လူမျိုးတို့ကို အောင်နိုင်ရန် ယေဟောဝါကူညီပေးမည်ဆိုပါက တိုက်ပွဲမှပြန်လာချိန်တွင် ဦးဆုံးကြိုဆိုသူကို ကိုယ်တော့်အား “မီးရှို့ရာယဇ်” အဖြစ် ပူဇော်ပါမည်ဟု ကတိပြုခဲ့သည်။ ထိုသူမှာ သူ၏တစ်ဦးတည်းသောသမီးဖြစ်နေသည်။ ယေဖသနှင့် သူ၏သမီးပျိုသည် ယေဟောဝါကိုယုံကြည်ကိုးစားကာ ထိုကတိအတိုင်းလုပ်ဆောင်ခဲ့သည်။ ဣသရေလနိုင်ငံတွင် အိမ်ထောင်သားမွေးပြုခြင်းကို အလွန်အလေးထားသော်လည်း ယေဖသ၏သမီးသည် တစ်ကိုယ်ရေဘဝကို ရွေးချယ်ပြီး ယေဟောဝါ၏တဲတော်တွင် မြင့်မြတ်သောအမှုတော်ထမ်းဆောင်ခြင်း အခွင့်ထူးကိုရရှိခဲ့သည်။—သူကြီး. ၁၁:၂၈-၄၀

၅။ ဟန္နသည် ယုံကြည်ကိုးစားထိုက်သူဖြစ်ကြောင်း အဘယ်နည်းဖြင့် တင်ပြခဲ့သနည်း။

ဘုရားသခင်ကိုကြောက်ရွံ့သောဟန္နသည်လည်း ယုံကြည်ကိုးစားထိုက်သူဖြစ်ကြောင်း တင်ပြခဲ့သည်။ သူသည် လေဝိအမျိုးဖြစ်သော ခင်ပွန်းဧလကာန၊ မယားပြိုင်ဖြစ်သူ ပေနိန္နနှင့်အတူ ဧဖရိမ်တောင်ပေါ်ဒေသတွင် နေထိုင်သည်။ ပေနိန္နသည် သားသမီးများစွာထွန်းကားသောကြောင့် အထူးသဖြင့် တဲတော်သို့မိသားစုလိုက်သွားချိန်တွင် မြုံနေသောဟန္နကို ကဲ့ရဲ့လှောင်ပြောင်လေ့ရှိ၏။ တစ်ကြိမ်တွင် ဟန္နသည် မိမိအား သားယောက်ျားကိုပေးသနားလျှင် ယေဟောဝါထံအပ်နှံမည်ဟု သစ္စာကတိပြု၏။ မကြာမီ သူသည် ပဋိသန္ဓေစွဲ၍ သားယောက်ျားကိုဖွားမြင်ရာ ရှမွေလဟုအမည်ပေးသည်။ ရှမွေလ နို့ကွာပြီးနောက် ဟန္နသည် သူ့ကိုရှိလောမြို့ရှိ ယေဟောဝါ၏အိမ်တော်သို့ခေါ်သွားပြီး ကိုယ်တော့်အား “တစ်သက်လုံး” ငှားလေ၏။ (၁ ရာ. ၁:၁၁) သို့ဖြင့် နောက်ထပ်သားသမီးများဖွားမြင်မည်ကို မသိသည့်တိုင် ဟန္နကတိတည်ခဲ့သည်။—၁ ရာ. ၂:၂၀၊ ၂၁

၆။ တုခိတ်သည် ယုံကြည်ကိုးစားထိုက်သူဖြစ်ကြောင်း မည်သို့တင်ပြခဲ့သနည်း။

ပထမရာစုမှ ခရစ်ယာန်တစ်ဦးဖြစ်သူတုခိတ်သည်လည်း ယုံကြည်ကိုးစားထိုက်ပြီး “သစ္စာရှိသော အမှုတော်ဆောင်” ဖြစ်၏။ (ကော. ၄:၇ကဘ) တုခိတ်သည် တမန်တော်ပေါလုနှင့်အတူ ဂရိမှမက်စီဒိုးနီးယား၊ အာရှမိုင်းနားသို့ ခရီးလှည့်လည်ခဲ့ပြီး ယေရုရှလင်အထိပင် ရောက်ခဲ့ပေမည်။ (တ. ၂၀:၂-၄) သူသည် ယုဒပြည်ရှိ လိုအပ်နေသောယုံကြည်သူချင်းများအတွက် အလှူပစ္စည်းများကို စီမံခန့်ခွဲရာတွင် တိတုကိုကူညီပေးခဲ့သော “ညီအစ်ကို” ဖြစ်နိုင်သည်။ (၂ ကော. ၈:၁၈၊ ၁၉; ၁၂:၁၈ကဘ) ရောမမြို့တွင် ပေါလုပထမအကြိမ်အကျဉ်းချခံရစဉ် တုခိတ်သည် ယုံကြည်ကိုးစားထိုက်သော ကိုယ်စားလှယ်အဖြစ် ဧဖက်နှင့်ကောလောသဲမြို့ရှိ ယုံကြည်သူချင်းများထံ စာများပို့ပေးခဲ့သည်။ (ဧ. ၆:၂၁၊ ၂၂; ကော. ၄:၈၊ ၉) ပေါလုသည် ဒုတိယအကြိမ် အကျဉ်းကျစဉ် တုခိတ်ကို ဧဖက်မြို့သို့စေလွှတ်ခဲ့၏။ (၂ တိ. ၄:၁၂) ကျွန်ုပ်တို့လည်း ယုံကြည်ကိုးစားထိုက်သူဖြစ်ပါက ယေဟောဝါ၏အမှုတော်တွင် ကောင်းချီးများခံစားရပါလိမ့်မည်။

၇၊ ၈။ ဒါဝိဒ်နှင့်ယောနသန်သည် မိတ်ဆွေစစ်များဖြစ်သည်ဟု အဘယ်ကြောင့်ဆိုနိုင်သနည်း။

ဘုရားသခင်သည် ကျွန်ုပ်တို့ကို ယုံကြည်ကိုးစားထိုက်သောမိတ်ဆွေများ ဖြစ်စေလိုသည်။ (သု. ၁၇:၁၇) ဘုရင်ရှောလု၏သား ယောနသန်သည် ဒါဝိဒ်၏မိတ်ဆွေတစ်ဦးဖြစ်၏။ ဂေါလျတ်ကို ဒါဝိဒ်သတ်ပစ်လိုက်ကြောင်း ယောနသန်ကြားသောအခါ “ယောနသန်စိတ်နှလုံးသည် ဒါဝိဒ်စိတ်နှလုံးနှင့်စွဲကပ်လျက်ရှိ၍ ဒါဝိဒ်ကို ကိုယ်နှင့်အမျှချစ်လေ၏။” (၁ ရာ. ၁၈:၁၊) ရှောလုသည် ဒါဝိဒ်အား သတ်လိုကြောင်းကိုလည်း ယောနသန်သတိပေးခဲ့သည်။ ဒါဝိဒ်ထွက်ပြေးပြီးနောက် ယောနသန်သည် သူနှင့်သွားတွေ့ပြီး ပဋိညာဉ်ဖွဲ့ခဲ့သည်။ ယောနသန်သည် ဒါဝိဒ်နှင့်ပတ်သက်၍ ရှောလုအား ပြောဆိုချိန်တွင် အသတ်ခံရလုနီးပါးဖြစ်ခဲ့သော်လည်း ဒါဝိဒ်နှင့်ထပ်မံတွေ့ဆုံပြီး ရင်းနှီးမှုနှောင်ကြိုးကို ပို၍ခိုင်မာစေခဲ့သည်။ (၁ ရာ. ၂၀:၂၄-၄၁) သူတို့နောက်ဆုံးတွေ့ဆုံချိန်၌ ယောနသန်သည် ဒါဝိဒ်ကို “ဘုရားသခင်၌ခိုလှုံအားကြီးစေခြင်းငှာ” ထောက်မပေးခဲ့သည်။—၁ ရာ. ၂၃:၁၆-၁၈

ဖိလိတ္တိလူတို့နှင့်တိုက်ပွဲတွင် ယောနသန် သေဆုံးခဲ့သည်။ (၁ ရာ. ၃၁:၆) ထိုအခါ ဒါဝိဒ် ဤသို့ငိုချင်းချခဲ့၏– “ငါ့ညီယောနသန်၊ သင့်ကြောင့် ငါညှိုးငယ်ခြင်းရှိ၏။ သင်သည် ငါ့မိတ်ဆွေကြီးဖြစ်၍ ငါ့ကိုချစ်သောမေတ္တာသည် အံ့သြဖွယ်သောမေတ္တာ၊ မိန်းမကိုချစ်တတ်သောမေတ္တာထက် သာ၍အားကြီးသောမေတ္တာဖြစ်၏။” (၂ ရာ. ၁:၂၆) ထိုမေတ္တာသည် မိတ်ဆွေများကြားရှိ ချစ်ခင်တွယ်တာမှုဖြစ်သည်။ ဒါဝိဒ်နှင့်ယောနသန်သည် အမှန်ပင် မိတ်ဆွေစစ်များဖြစ်ခဲ့ကြ၏။

အစဉ် “စိတ်နှိမ့်ချ” ပါ

၉။ တရားသူကြီးမှတ်စာ အခန်းကြီး ၉ တွင် နှိမ့်ချမှု၏အရေးကြီးပုံကို မည်သို့ဖော်ပြထားသနည်း။

ကျွန်ုပ်တို့သည် ဘုရားသခင့်မိတ်ဆွေဖြစ်နိုင်ရန် “စိတ်နှိမ့်ချခြင်း” ရှိရမည်။ (၁ ပေ. ၃:၈; ဆာ. ၁၃၈:၆) တရားသူကြီးမှတ်စာ အခန်းကြီး ၉ တွင် နှိမ့်ချမှု၏အရေးကြီးပုံကို ဖော်ပြထားသည်။ “သစ်ပင်တို့သည် မိမိတို့ကိုအုပ်စိုးရသောရှင်ဘုရင်ကိုခန့်ထား . . . ခြင်းငှာထွက်သွား” ကြ၏ဟု ဂိဒေါင်၏သား ယောသံဆိုသည်။ သံလွင်ပင်၊ သင်္ဘောသဖန်းပင်၊ စပျစ်ပင်တို့အကြောင်း သူဖော်ပြသည်။ ထိုအပင်များမှာ ဣသရေလလူတို့ကို အုပ်ချုပ်ထိုက်သော်လည်း မအုပ်ချုပ်လိုသူများကို ပုံဆောင်သည်။ လောင်စာအဖြစ်သာ အသုံးဝင်သောဆူးလေပင်မှာ မောက်မာပြီး အခြားသူများကိုအုပ်ချုပ်လိုစိတ်ပြင်းပြသည့် လူသတ်သမားအဘိမလက်အုပ်စိုးခြင်းကို ပုံဆောင်သည်။ အဘိမလက်သည် ‘ဣသရေလအမျိုးကို သုံးနှစ်အုပ်စိုး’ သော်လည်း အချိန်မတန်ဘဲသေဆုံးခဲ့ရသည်။ (သူကြီး. ၉:၈-၁၅၊ ၂၂၊ ၅၀-၅၄) ထို့ကြောင့် “စိတ်နှိမ့်ချခြင်း” သည် အလွန်ကောင်းလှသည်တကား။

၁၀။ “ဘုရားသခင်၏ဂုဏ်အသရေတော်ကို မထောက်ထားသော” ဟေရုဒ်၏အဖြစ်မှ သင်အဘယ်အရာသိရှိခဲ့သနည်း။

၁၀ အေဒီပထမရာစုတွင် ယုဒပြည်မှ မောက်မာသောဘုရင်ဟေရုဒ်အဂြိပ္ပနှင့် သူနှင့်သင့်မြတ်လိုသော တုရုနှင့်ဇိဒုန်မြို့သားများကြား အခြေအနေတင်းမာခဲ့သည်။ တစ်ကြိမ်တွင် ဟေရုဒ် မိန့်ခွန်းပြောကြားနေစဉ် သူတို့က “ဤအသံသည် လူ၏အသံမဟုတ်။ ဘုရားသခင်၏အသံဖြစ်၏” ဟုကြွေးကြော်ကြသည်။ ထိုသို့မြှောက်ပင့်ခြင်းကို ဟေရုဒ်မတားခဲ့ပေ။ သူသည် “ဘုရားသခင်၏ဂုဏ်အသရေတော်ကို မထောက်ထားသောကြောင့်” ကောင်းကင်တမန် ဒဏ်ခတ်၍ အသေဆိုးဖြင့်သေလေ၏။ (တ. ၁၂:၂၀-၂၃) ကျွန်ုပ်တို့သည် ကျမ်းစာအမှန်တရားအကြောင်း ဟောပြောချက်ပေးရာတွင် သို့မဟုတ် သွန်သင်ရာတွင် စွမ်းရည်ရှိသူဖြစ်လျှင်ကော အသို့နည်း။ သို့ဆိုလျှင် ဘုရားသခင်ပေးသနားထားရာအတွက် ကိုယ်တော့်ကိုသာ ဂုဏ်တင်ကြပါစို့။—၁ ကော. ၄:၆၊ ၇; ယာ. ၄:၆

ရဲစွမ်းသတ္တိနှင့် ခွန်အားရှိပါ

၁၁၊ ၁၂။ ယေဟောဝါသည် မိမိကျေးကျွန်များအား ရဲစွမ်းသတ္တိနှင့်ခွန်အားပေးကြောင်း ဧနောက်၏အဖြစ်အပျက်က မည်သို့ဖော်ပြသနည်း။

၁၁ ယေဟောဝါ၏လမ်းတော်တွင် ကျွန်ုပ်တို့နှိမ့်ချစွာလျှောက်သွားပါက ကိုယ်တော်သည် ကျွန်ုပ်တို့အား ရဲစွမ်းသတ္တိနှင့်ခွန်အား ပေးပါလိမ့်မည်။ (တရား. ၃၁:၆-၈၊ ၂၃) အာဒံမှ ခုနစ်ဆက်မြောက်သောသူဧနောက်သည် မိမိခေတ်ရှိဆိုးယုတ်သူများကြားတွင် ဖြောင့်မတ်သောလမ်းစဉ်ကို လိုက်လျှောက်ခြင်းဖြင့် ဘုရားသခင်နှင့်အတူ ရဲရင့်စွာလျှောက်လှမ်းခဲ့သည်။ (က. ၅:၂၁-၂၄) လူတို့၏တရားမဲ့စကားနှင့် အကျင့်အကြံတို့ကြောင့် သတိပေးသတင်းစကားတစ်ရပ်ကြေညာရန် ဧနောက်ကို ယေဟောဝါခွန်အားပေးခဲ့သည်။ (ယုဒ ၁၄၊ ၁၅ ကိုဖတ်ပါ။) သင်လည်း ဘုရားသခင်၏တရားစီရင်ချက်ကို ကြေညာရန် လိုအပ်သောရဲစွမ်းသတ္တိရှိပါသလော။

၁၂ ဧနောက်ကြေညာခဲ့သည့်အတိုင်း ယေဟောဝါသည် နောဧခေတ်တွင် ကမ္ဘာချီရေလွှမ်းမိုးဘေးဖြင့် ထိုတရားမဲ့သူတို့ကို တရားစီရင်ခဲ့သည်။ သို့သော် ဧနောက်၏ပရောဖက်ပြုချက်သည် ကျွန်ုပ်တို့ကိုလည်း အားရှိစေသည်။ အကြောင်းမှာ မကြာမီ ဘုရားသခင်၏ အတိုင်းမသိများစွာသောသန့်ရှင်းသူတို့သည် ကျွန်ုပ်တို့ခေတ်ရှိ တရားမဲ့သူများကို ဖျက်ဆီးပစ်တော့မည်ဖြစ်၍တည်း။ (ဗျာ. ၁၆:၁၄-၁၆; ၁၉:၁၁-၁၆) ယေဟောဝါသည် ကျွန်ုပ်တို့၏ဆုတောင်းချက်များကို ဖြေကြားသည့်အနေဖြင့် ကိုယ်တော်၏တရားစီရင်ခြင်းသတင်းကိုဖြစ်စေ၊ ကိုယ်တော့်နိုင်ငံတော်အုပ်ချုပ်မှုအောက် ရရှိမည့်ကောင်းချီးများနှင့်ပတ်သက်သည့်သတင်းကိုဖြစ်စေ ကြေညာနိုင်ရန် ကျွန်ုပ်တို့ကို ခွန်အားပေးပါလိမ့်မည်။

၁၃။ စိတ်ဖိစီးစရာပြဿနာများကို အောင်မြင်ကျော်လွှားနိုင်ရန် လိုအပ်သောရဲစွမ်းသတ္တိနှင့် ခွန်အားကို ဘုရားသခင်ပေးနိုင်ကြောင်း အဘယ်ကြောင့်စိတ်ချနိုင်သနည်း။

၁၃ စိတ်ဖိစီးစရာပြဿနာများကို အောင်မြင်ကျော်လွှားနိုင်ရန် ဘုရားသခင်ပေးသော ရဲစွမ်းသတ္တိနှင့်ခွန်အား လိုအပ်သည်။ ဧသောသည် ဟိတ္တိအမျိုးသမီးနှစ်ဦးကို အိမ်ထောင်ပြုသောအခါ “ထိုမိန်းမတို့သည် ဣဇာက်နှင့်ရေဗက္က၌ စိတ်နှလုံးပူပန်စရာအကြောင်း” ဖြစ်ခဲ့၏။ “ကျွန်မသည် ဟေသအမျိုးသမီးတို့ကြောင့် ကိုယ်အသက်ကို ငြီးငွေ့လှ၏။ ဤပြည်သူသမီးကဲ့သို့သောသူ၊ ဟေသအမျိုးသမီးနှင့် ယာကုပ်အိမ်ထောင်ဖက်ပြုလျှင် ကျွန်မအသက်ရှင်၍ အဘယ်ကျေးဇူးရှိပါလိမ့်မည်နည်း” ဟုပင် ရေဗက္ကညည်းတွားခဲ့သည်။ (က. ၂၆:၃၄၊ ၃၅; ၂၇:၄၆) ဣဇာက်သည် ယာကုပ်အား ယေဟောဝါကိုဝတ်ပြုသော အမျိုးသမီးကို ရှာဖွေရန် စေလွှတ်ခြင်းဖြင့် ထိုပြဿနာကို ဖြေရှင်းခဲ့သည်။ ဧသောပြုလုပ်ခဲ့ရာအတွက် ဣဇာက်နှင့်ရေဗက္ကတို့ ဘာမျှမတတ်နိုင်သော်လည်း ဘုရားသခင်သည် မိမိအပေါ် သူတို့ဆက်သစ္စာရှိနိုင်ရန် ဉာဏ်ပညာ၊ ရဲစွမ်းသတ္တိနှင့် ခွန်အားပေးခဲ့သည်။ ကျွန်ုပ်တို့လည်း လိုအပ်သောအကူအညီအတွက် ဆုတောင်းမည်ဆိုလျှင် ယေဟောဝါ ထပ်တူပြုလုပ်ပေးပါလိမ့်မည်။—ဆာ. ၁၁၈:၅

၁၄။ ဣသရေလမိန်းမငယ်တစ်ဦးသည် ရဲစွမ်းသတ္တိရှိကြောင်း မည်သို့တင်ပြခဲ့သနည်း။

၁၄ ရာစုနှစ်များစွာကြာပြီးနောက် ဣသရေလမိန်းမငယ်တစ်ဦးသည် ရှုရိစစ်တပ်၏ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံခဲ့ရပြီး နူနာစွဲနေသော ရှုရိဗိုလ်ချုပ်နေမန်အိမ်တွင် အစေခံခဲ့ရသည်။ ဘုရားသခင်သည် ပရောဖက်ဧလိရှဲအားဖြင့် အံ့ဖွယ်အမှုများ ပြုလုပ်ကြောင်း ထိုမိန်းမငယ်ကြားသော် “ကျွန်မသခင်သည် ရှမာရိမြို့၌ရှိသော ပရောဖက်ထံသို့ရောက်ပါစေသော။ ထိုပရောဖက်သည် သခင်၌စွဲသောနူနာကို ပျောက်စေလိမ့်မည်” ဟုနေမန်၏ဇနီးအား သတ္တိရှိရှိပြောခဲ့သည်။ နေမန်သည် ဣသရေလပြည်သို့သွားခဲ့ရာ အံ့ဖွယ်နည်းဖြင့်ကုသခံခဲ့ရသည်။ (၄ ရာ. ၅:၁-၃) ကျောင်းဆရာများ၊ ကျောင်းနေဖက်များနှင့် အခြားသူများကို သက်သေခံရန် ယေဟောဝါကိုမှီခိုအားထားသော လူငယ်များအတွက် အလွန်ကောင်းသောပုံသက်သေပါတကား။

၁၅။ အာဟပ်မင်း၏ နန်းတော်အုပ်သြဗဒိသည် အဘယ်အရာကို ရဲစွမ်းသတ္တိရှိရှိလုပ်ဆောင်ခဲ့သနည်း။

၁၅ ဘုရားသခင်ပေးသော ရဲစွမ်းသတ္တိသည် နှိပ်စက်ညှဉ်းပန်းမှုများကို ခံရပ်စေနိုင်သည်။ ပရောဖက်ဧလိယနှင့်တစ်ခေတ်တည်းသားဖြစ်ပြီး အာဟပ်မင်း၏ နန်းတော်အုပ်ဖြစ်သူသြဗဒိအကြောင်း သုံးသပ်ကြည့်ပါ။ မိဖုရားယေဇဗေလသည် ဘုရားသခင်၏ပရောဖက်များကို သတ်ရန် အမိန့်ပေးသောအခါ ဩဗဒိသည် ပရောဖက် ၁၀၀ ကို “မြေတွင်းထဲမှာ ငါးဆယ်စီဝှက်ထား” ခဲ့သည်။ (၃ ရာ. ၁၈:၁၃; ၁၉:၁၈) ယေဟောဝါ၏ပရောဖက်များကို ဩဗဒိကူညီခဲ့သကဲ့သို့ နှိပ်စက်ညှဉ်းပန်းခံရသော ခရစ်ယာန်ချင်းများကို သင်ရဲစွမ်းသတ္တိရှိရှိ ကူညီမည်လော။

၁၆၊ ၁၇။ အာရိတ္တာခုနှင့်ဂါယုသည် နှိပ်စက်ညှဉ်းပန်းမှုကို မည်သို့တုံ့ပြန်ခဲ့သနည်း။

၁၆ ကျွန်ုပ်တို့သည် နှိပ်စက်ညှဉ်းပန်းခံရပါက ကျွန်ုပ်တို့နှင့်အတူ ယေဟောဝါရှိကြောင်း ယုံကြည်စိတ်ချနိုင်သည်။ (ရော. ၈:၃၅-၃၉) ဧဖက်မြို့ရှိ အမိုးဖွင့်ဇာတ်ရုံတစ်ရုံတွင် ပေါလု၏လုပ်ဖော်ဆောင်ဖက် အာရိတ္တာခုနှင့်ဂါယုတို့သည် ထောင်နှင့်ချီရှိပုံရသောလူအုပ်နှင့် ရင်ဆိုင်ခဲ့ရသည်။ ပန်းတိမ်သမားဒေမေတရိသည် ရုန်းရင်းဆန်ခတ်ဖြစ်ရန် လှုံ့ဆော်ခဲ့ခြင်းဖြစ်၏။ သူနှင့်အခြားပန်းတိမ်သမားများသည် အာတေမိနတ်သမီး၏ငွေဗိမာန်ငယ်တို့ကိုလုပ်ပြီး စီးပွားဖြစ်နေကြသည်။ သို့သော် ပေါလု၏ဟောပြောခြင်းလုပ်ငန်းကြောင့် မြို့သားများစွာသည် ရုပ်ပုံကိုးကွယ်မှုကိုစွန့်လွှတ်လိုက်ကြရာ သူတို့၏လုပ်ငန်းကို ထိခိုက်နေသည်။ သို့နှင့် လူအုပ်သည် အာရိတ္တာခုနှင့်ဂါယုကို ဇာတ်ရုံထဲ ဆွဲခေါ်သွားပြီး “ဧဖက်လူတို့၏အာတေမိသည် ကြီးမြတ်တော်မူ၏” ဟုအော်ဟစ်ကြ၏။ မိမိတို့ သေရတော့မည်ဟု အာရိတ္တာခုနှင့်ဂါယုတို့ မျှော်လင့်ထားပုံရသော်လည်း မြို့ဝန်သည် လူအုပ်ကိုငြိမ်သက်စေခဲ့သည်။—တ. ၁၉:၂၃-၄၁

၁၇ သင် ထိုသို့ကြုံခဲ့ရပါက ပိုလွယ်ကူသည့်အသက်တာကို ရွေးချယ်မည်လော။ အာရိတ္တာခုနှင့်ဂါယုတို့ ကြောက်ရွံ့သွားသည်ဟု ဖော်ပြထားခြင်းမရှိပေ။ အာရိတ္တာခုသည် သက်သာလောနိတ်မြို့သားဖြစ်သောကြောင့် သတင်းကောင်းဟောပြောရာတွင် နှိပ်စက်ညှဉ်းပန်းမှုကြုံနိုင်ကြောင်း သူသိထားသည်။ အကြောင်းမှာ အစောပိုင်းတွင် ထိုမြို့၌ပေါလုဟောပြောခဲ့စဉ် ဆန့်ကျင်နှောင့်ယှက်မှုများ ကြုံခဲ့ရ၍ဖြစ်၏။ (တ. ၁၇:၅; ၂၀:၄) အာရိတ္တာခုနှင့်ဂါယုသည် ယေဟောဝါ၏လမ်းတော်တွင် လျှောက်သွားသောကြောင့် ကိုယ်တော်သည် နှိပ်စက်ညှဉ်းပန်းမှုကို သူတို့ခံရပ်နိုင်ရန် ရဲစွမ်းသတ္တိနှင့်ခွန်အား ပေးခဲ့သည်။

အခြားသူတို့၏အမှုအရာကို ရှုမှတ်ပါ

၁၈။ ပြစ်ကိလနှင့်အာကုလတို့သည် အခြားသူများ၏အမှုအရာကို မည်သို့ “ရှုမှတ်” ခဲ့ကြသနည်း။

၁၈ ယခု ကျွန်ုပ်တို့သည် နှိပ်စက်ညှဉ်းပန်းခံနေရသည်ဖြစ်စေ၊ မခံရသည်ဖြစ်စေ ခရစ်ယာန်ချင်းတို့ကို စိုးရိမ်မကင်းဖြစ်သင့်သည်။ ပြစ်ကိလနှင့်အာကုလတို့သည် အခြားသူများ၏အမှုအရာကို “ရှုမှတ်” ခဲ့ကြသည်။ (ဖိလိပ္ပိ ၂:၄ ကိုဖတ်ပါ။) ပုံသက်သေကောင်းသော ထိုမောင်နှံသည် ဧဖက်မြို့တွင် ပေါလုအတွက် နေစရာစီစဉ်ပေးခဲ့ပေမည်။ အစောပိုင်းတွင်ဖော်ပြခဲ့သည့်အတိုင်း ပန်းတိမ်သမားဒေမေတရိသည် ထိုမြို့တွင် ရုန်းရင်းဆန်ခတ်ဖြစ်ရန် လှုံ့ဆော်ခဲ့၏။ ထိုအခြေအနေကြောင့် အာကုလနှင့်ပြစ်ကိလသည် ပေါလုအတွက် “မိမိတို့လည်ပင်းကိုချထား” ရန် လှုံ့ဆော်ခံရခြင်းဖြစ်ပေမည်။ (ရော. ၁၆:၃၊ ၄; ၂ ကော. ၁:၈) ယနေ့လည်း နှိပ်စက်ညှဉ်းပန်းခံရသောညီအစ်ကိုများအတွက် ကျွန်ုပ်တို့စိုးရိမ်မကင်းဖြစ်ခြင်းက “မြွေကဲ့သို့လိမ္မာ” ရန် လှုံ့ဆော်ပေးသည်။ (မ. ၁၀:၁၆-၁၈) ကျွန်ုပ်တို့၏လုပ်ငန်းကို လိမ္မာပါးနပ်စွာဆောင်ရွက်ကြသည်။ ထို့ပြင် ညီအစ်ကိုများ၏အမည် သို့မဟုတ် အခြားအချက်အလက်များကို နှိပ်စက်ညှဉ်းပန်းသူများအား ပြောခြင်းဖြင့် သူတို့ကိုသစ္စာဖောက်ကြမည် မဟုတ်ပေ။

၁၉။ ဒေါ်ကာသည် အခြားသူများအတွက် အဘယ်ကောင်းမှုများပြုခဲ့သနည်း။

၁၉ အခြားသူများ၏အမှုအရာကို ရှုမှတ်နိုင်သည့် နည်းများစွာရှိသည်။ ခရစ်ယာန်အချို့တွင် လိုအပ်ရာများရှိပြီး ယင်းတို့ကို ကျွန်ုပ်တို့ဖြည့်ဆည်းပေးနိုင်ပေမည်။ (ဧ. ၄:၂၈; ယာ. ၂:၁၄-၁၇) ပထမရာစု ယုပ္ပေအသင်းတော်၌ ဒေါ်ကာအမည်ရှိ ရက်ရောသည့်အမျိုးသမီးတစ်ဦးရှိသည်။ (တမန်တော် ၉:၃၆-၄၂ ကိုဖတ်ပါ။) ဒေါ်ကာသည် ဆင်းရဲသောမုဆိုးမများအတွက် အဝတ်အထည်များချုပ်ပေးခြင်းအပါအဝင် “ကောင်းသောအကျင့်၊ စွန့်ကြဲခြင်းအကျင့်နှင့်ပြည့်စုံ” သည်။ အေဒီ ၃၆ တွင် သူသေဆုံးသောအခါ မုဆိုးမများအလွန်ဝမ်းနည်းခဲ့ကြသည်။ ဘုရားသခင်သည် တမန်တော်ပေတရုအားဖြင့် ဒေါ်ကာကို ရှင်ပြန်ထမြောက်စေခဲ့သည်။ သို့ဖြင့် သူသည် ကျန်အသက်တာတစ်လျှောက် သတင်းကောင်းဟောပြောခြင်းနှင့် အခြားသူများအတွက် ကောင်းမှုများပြုခြင်းတို့တွင် ပျော်ရွှင်စွာပါဝင်ခဲ့ပေမည်။ ယနေ့လည်း ထိုသို့ကိုယ်ကျိုးစွန့်သော ခရစ်ယာန်အမျိုးသမီးများ ကျွန်ုပ်တို့အလယ်တွင်ရှိနေခြင်းက အလွန်ဝမ်းသာစရာပင်!

၂၀၊ ၂၁။ (က) အားပေးခြင်းသည် အခြားသူများအတွက် စိုးရိမ်မကင်းဖြစ်ခြင်းနှင့် မည်သို့ဆက်စပ်သနည်း။ (ခ) အခြားသူများကို အားပေးနိုင်ရန် သင်အဘယ်အရာလုပ်ဆောင်နိုင်သနည်း။

၂၀ ကျွန်ုပ်တို့သည် အခြားသူများကို အားပေးခြင်းဖြင့် သူတို့အတွက် စိုးရိမ်မကင်းဖြစ်ကြောင်း ဖော်ပြကြသည်။ (ရော. ၁:၁၁၊ ၁၂) ပေါလု၏လုပ်ဖော်ဆောင်ဖက်သိလသည် အလွန်အားပေးတည်ဆောက်တတ်သူဖြစ်၏။ အေဒီ ၄၉ ခန့်တွင် အရေဖျားလှီးခြင်းကိစ္စကို ဆုံးဖြတ်ပြီးနောက် ယေရုရှလင်ရှိအုပ်ချုပ်ရေးအဖွဲ့သည် အခြားဒေသများရှိယုံကြည်သူချင်းတို့ထံ စာပို့ရန် ကိုယ်စားလှယ်များကို စေလွှတ်ခဲ့သည်။ သိလ၊ ယုဒ၊ ဗာနဗနှင့်ပေါလုတို့သည် အန္တိအုတ်မြို့သို့ စာပို့ခဲ့သည်။ ထိုမြို့တွင် သိလနှင့်ယုဒသည် “ညီအစ်ကိုတို့ကို အားပေးစကားများစွာပြော၍ ခိုင်ခံ့မြဲမြံစေကြ၏။”—တ. ၁၅:၃၂ကဘ။

၂၁ နောက်ပိုင်းတွင် ပေါလုနှင့်သိလသည် ဖိလိပ္ပိမြို့တွင် အကျဉ်းချခံရသော်လည်း ငလျင်လှုပ်သောကြောင့် ထောင်မှူးနှင့်အိမ်သားများကို သက်သေခံနိုင်ခဲ့ပြီး သူတို့ယုံကြည်သူများဖြစ်လာသည်ကို တွေ့မြင်ခဲ့ရသည်။ သိလနှင့်ပေါလုတို့သည် ညီအစ်ကိုများကို အားပေးပြီး ထိုမြို့မှထွက်ခွာခဲ့ကြ၏။ (တ. ၁၆:၁၂၊ ၄၀) ပေါလုနှင့်သိလကဲ့သို့ သင်လည်း မှတ်ချက်များနှင့် ဟောပြောချက်များပေးခြင်း၊ လယ်ကွင်းလုပ်ငန်းတွင် ဇွဲရှိစွာပါဝင်ခြင်းဖြင့် အခြားသူများကို အားပေးရန်ကြိုးစားပါလေ။ သင်၌ “အားပေးစကား” ပြောစရာရှိလျှင် ‘ပြောပါ။’—တ. ၁၃:၁၅

ယေဟောဝါ၏လမ်းခရီးတော်၌ ဆက်လျှောက်သွားပါ

၂၂၊ ၂၃။ ကျမ်းစာမှတ်တမ်းများမှ ကျွန်ုပ်တို့ မည်သို့အကျိုးရရှိနိုင်သနည်း။

၂၂ “အားပေးမှုရှိသမျှတို့၏ဘုရားသခင်” ယေဟောဝါ၏နှုတ်မြွက်တော်တွင် မှတ်တမ်းတင်ထားသော ဘဝဖြစ်ရပ်မှန်များအတွက် ကျွန်ုပ်တို့ အလွန်ကျေးဇူးတင်ကြပါသည်။ (၂ ကော. ၁:၃ဘိုင်ရင်တန်ကျမ်းစာ) ထိုမှတ်တမ်းများမှ ကျွန်ုပ်တို့အကျိုးခံစားနိုင်ရန် ကျမ်းစာမှရရှိသောသင်ခန်းစာများကို ဘဝတွင်ကျင့်သုံးပြီး ဘုရားသခင့်သန့်ရှင်းသောဝိညာဉ်တော်၏ ဦးဆောင်မှုကို ခံယူရမည်။—ဂလ. ၅:၂၂-၂၅

၂၃ ကျမ်းစာမှတ်တမ်းများကို တွေးတောဆင်ခြင်ခြင်းက ဘုရားသခင်နှစ်သက်သောအရည်အသွေးများ တင်ပြနိုင်ရန် ကျွန်ုပ်တို့အား ထောက်ကူပေးပါလိမ့်မည်။ ထို့ပြင် “ဉာဏ်ပညာ၊ [“အသိပညာ၊” ကဘ] နှင့် ဝမ်းမြောက်ခြင်းအခွင့်ကို” ပေးတော်မူသော ယေဟောဝါနှင့် ကျွန်ုပ်တို့၏ဆက်ဆံရေးကို ခိုင်မာစေပါလိမ့်မည်။ (ဒေ. ၂:၂၆) ဤနည်းဖြင့် ဘုရားသခင်၏စိတ်တော်ကို ရွှင်လန်းစေနိုင်ပါသည်။ (သု. ၂၇:၁၁) ယေဟောဝါ၏လမ်းခရီးတော်၌ ဆက်၍လျှောက်သွားခြင်းဖြင့် ထိုသို့ပြုလုပ်ရန် စိတ်ပိုင်းဖြတ်ထားကြပါစို့။

သင်မည်သို့ဖြေဆိုမည်နည်း

• ယုံကြည်ကိုးစားထိုက်သူဖြစ်ကြောင်း သင်မည်သို့တင်ပြနိုင်သနည်း။

• ကျွန်ုပ်တို့ အဘယ်ကြောင့် “စိတ်နှိမ့်ချ” သင့်သနည်း။

• ကျမ်းစာမှတ်တမ်းများက ရဲစွမ်းသတ္တိရှိရန် ကျွန်ုပ်တို့ကို မည်သို့ထောက်ကူနိုင်သနည်း။

• အခြားသူတို့၏အမှုအရာကို အဘယ်နည်းများဖြင့် ရှုမှတ်နိုင်သနည်း။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၈ ပါပုံစာ]

ယုံကြည်ကိုးစားထိုက်သော ယေဖသနှင့် သူ၏သမီးသည် ကတိအတိုင်းလုပ်ဆောင်ရန် မလွယ်ကူသော်လည်း ကတိတည်ခဲ့ကြ

[စာမျက်နှာ ၁၀ ပါပုံစာ]

လူငယ်တို့၊ ဣသရေလမိန်းမငယ်၏အဖြစ်မှ သင်တို့အဘယ်အရာ သင်ယူခဲ့သနည်း

[စာမျက်နှာ ၁၁ ပါပုံစာ]

ဒေါ်ကာသည် ခရစ်ယာန်ချင်းများ၏လိုအပ်ရာကို မည်သို့ဖြည့်ဆည်းခဲ့သနည်း