မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အကြီးမြတ်ဆုံး ခရစ်ယာန်သာသနာပြုကို တုပလော့

အကြီးမြတ်ဆုံး ခရစ်ယာန်သာသနာပြုကို တုပလော့

အကြီးမြတ်ဆုံး ခရစ်ယာန်သာသနာပြုကို တုပလော့

“ငါသည် ခရစ်တော်၏နည်းတူကျင့်သကဲ့သို့ သင်တို့လည်း ငါ့နည်းတူကျင့်ကြလော့။”—၁ ကော. ၁၁:၁

၁။ ယေရှုခရစ်ကို ကျွန်ုပ်တို့ အဘယ်ကြောင့်တုပသင့်သနည်း။

မန်တော်ပေါလုသည် အကြီးမြတ်ဆုံး ခရစ်ယာန်သာသနာပြုယေရှုခရစ်ကို တုပခဲ့သည်။ “ငါသည် ခရစ်တော်၏နည်းတူကျင့်သကဲ့သို့ သင်တို့လည်း ငါ့နည်းတူကျင့်ကြလော့” ဟု ခရစ်ယာန်ချင်းများကို ပေါလုတိုက်တွန်းခဲ့သည်။ (၁ ကော. ၁၁:၁) ယေရှုသည် တမန်တော်များ၏ခြေကို ဆေးခြင်းဖြင့် နှိမ့်ချမှုဆိုင်ရာသင်ခန်းစာကို သွန်သင်ပေးပြီးနောက် ဤသို့မိန့်ဆို၏– “ငါသည် သင်တို့၌ပြုသကဲ့သို့ သင်တို့သည်ပြုစေခြင်းငှာ ပုံသက်သေကိုပြခဲ့ပြီ။” (ယော. ၁၃:၁၂-၁၅) ယနေ့ခရစ်ယာန်များအနေဖြင့် ကျွန်ုပ်တို့သည် အပြောအဆို၊ အပြုအမူနှင့် တင်ပြသောအရည်အသွေးများတွင် ယေရှုခရစ်ကိုတုပရမည့်တာဝန်ရှိသည်။—၁ ပေ. ၂:၂၁

၂။ သင်သည် ခရစ်ယာန်သာသနာပြုတစ်ဦးအဖြစ် အုပ်ချုပ်ရေးအဖွဲ့၏ခန့်အပ်ခြင်းမခံရလျှင်ပင် အဘယ်သဘောထားမွေးမြူနိုင်သနည်း။

ခရစ်ယာန်သာသနာပြုဟူသည် အခြားသူများကို သတင်းကောင်းဟောပြောရန် ဧဝံဂေလိဟောပြောသူအဖြစ် စေလွှတ်ခံရသူဖြစ်ကြောင်း ရှေ့ဆောင်းပါးအရ ကျွန်ုပ်တို့သိရှိခဲ့ရသည်။ ယင်းနှင့်ပတ်သက်၍ စိတ်ဝင်စားဖွယ်မေးခွန်းအချို့ကို ပေါလုမေးခဲ့သည်။ (ရောမ ၁၀:၁၁-၁၅ ကိုဖတ်ပါ။) “ဟောပြောသောသူမရှိလျှင် အဘယ်သို့ကြားနိုင်မည်နည်း” ဟုသူမေးခဲ့ကြောင်း သတိပြုပါ။ ထို့နောက် ဟေရှာယပရောဖက်ပြုချက်ကိုကိုးကား၍ “ကောင်းကျိုးချမ်းသာ၏ ဝမ်းမြောက်စရာသတင်းကို ကြားပြောသောသူ၏ခြေတို့သည် အလွန်တင့်တယ်စွတကား” ဟုဆိုခဲ့သည်။ (ဟေရှာ. ၅၂:၇) သင်သည် တိုင်းတစ်ပါးတွင် ခရစ်ယာန်သာသနာပြုအဖြစ်အမှုဆောင်ရန် ခန့်အပ်မခံရလျှင်ပင် သတင်းကောင်းကို ဇွဲရှိရှိဟောပြောခဲ့သော ယေရှုကိုတုပခြင်းဖြင့် ဧဝံဂေလိဟောပြောခြင်းလုပ်ငန်းတွင် ဇွဲထက်သန်သောသဘောထားမွေးမြူနိုင်ပါသည်။ လွန်ခဲ့သောနှစ်က သတင်းကောင်းကြေညာသူ ၆,၉၅၇,၈၅၄ ဦးသည် ၂၃၆ နိုင်ငံတွင် “ဧဝံဂေလိဟောပြောသူ ဆောင်ရွက်ရသောအမှုကို ဆောင်ရွက်” ခဲ့ကြသည်။—၂ တိ. ၄:၅ကဘ။

“အကျွန်ုပ်တို့သည် ရှိသမျှကိုစွန့်ပစ်၍ ကိုယ်တော်နောက်သို့လိုက်ကြပါပြီ”

၃၊ ၄။ ယေရှုသည် ကောင်းကင်တွင် အဘယ်အရာများကိုစွန့်ခဲ့သနည်း၊ ကိုယ်တော်၏နောက်လိုက်ဖြစ်ရန် ကျွန်ုပ်တို့အဘယ်အရာပြုလုပ်ရမည်နည်း။

ယေရှုသည် မြေကြီးပေါ်တွင် မိမိတာဝန်ကိုကျေပွန်စေရန် ကောင်းကင်အသက်တာနှင့် ဘုန်းအသရေကိုစွန့်ပြီး “အစေခံကျွန်၏သဏ္ဌာန်ကိုယူဆောင်” ခဲ့သည်။ (ဖိ. ၂:၇) ခရစ်တော်ကိုတုပသည့်အနေဖြင့် ကျွန်ုပ်တို့အဘယ်အရာပင် လုပ်ဆောင်ပါစေ မြေကြီးပေါ်ကြွလာရန် ကိုယ်တော်လုပ်ဆောင်ခဲ့ရာများနှင့် မယှဉ်နိုင်ပေ။ သို့သော် စာတန်၏လောကတွင် ကျွန်ုပ်တို့ပိုင်ဆိုင်ခဲ့ရာများကို ပြန်တမ်းတမနေဘဲ ကိုယ်တော်၏နောက်လိုက်များအဖြစ် ဆက်၍တည်ကြည်နိုင်ပါသည်။—၁ ယော. ၅:၁၉

တစ်ကြိမ်တွင် တမန်တော်ပေတရုက “အကျွန်ုပ်တို့သည် ရှိသမျှကိုစွန့်ပစ်၍ ကိုယ်တော်နောက်သို့လိုက်ကြပါပြီ” ဟုယေရှုကို ဆိုသည်။ (မ. ၁၉:၂၇) ယေရှုသည် ပေတရု၊ အန္ဒြေ၊ ယာကုပ်နှင့်ယောဟန်တို့အား မိမိနောက်လိုက်ရန် ဖိတ်ခေါ်သောအခါ သူတို့သည် ပိုက်ကွန်များကိုချက်ချင်းစွန့်ပြီး လိုက်ခဲ့ကြသည်။ သူတို့သည် ငါးဖမ်းလုပ်ငန်းကိုစွန့်ပြီး ခရစ်ယာန်ဓမ္မအမှုကိုသာ အဓိကလုပ်ဆောင်ခဲ့သည်။ လုကာမှတ်တမ်းအရ “ကျွန်ုပ်တို့သည် ကိုယ့်ဥစ္စာများကိုစွန့်၍ နောက်တော်သို့ လိုက်ကြပါပြီ” ဟုပေတရုဆိုသည်။ (လု. ၁၈:၂၈ကဘ) ကျွန်ုပ်တို့အများစုသည် ယေရှုနောက်လိုက်ရန် “ကိုယ့်ဥစ္စာ” အားလုံးကို မစွန့်ခဲ့ရပါ။ သို့သော် ကျွန်ုပ်တို့သည် ခရစ်တော်နောက်လိုက်ဖြစ်ရန်၊ ယေဟောဝါ၏အမှုတော်ကို စိတ်နှလုံးအကြွင်းမဲ့ထမ်းဆောင်ရန် “ကိုယ်ကိုကိုယ်ငြင်းပယ်” ခဲ့ကြသည်။ (မ. ၁၆:၂၄) ထိုသို့လုပ်ဆောင်ခြင်းက ကောင်းချီးများစွာရရှိစေသည်။ (မဿဲ ၁၉:၂၉ ကိုဖတ်ပါ။) ခရစ်တော်ကိုတုပပြီး ဧဝံဂေလိဟောပြောခြင်းလုပ်ငန်းတွင် ဇွဲထက်သန်ခြင်းက ကျွန်ုပ်တို့ကို ပျော်ရွှင်စေသည်။ အထူးသဖြင့် ဘုရားသခင်နှင့်ကိုယ်တော့်သားတော်ထံ ချဉ်းကပ်နိုင်ရန် လူတစ်ဦးကိုကူညီပေးရာတွင် သေးငယ်သောကဏ္ဍမှပါဝင်ရလျှင်ပင် ကျွန်ုပ်တို့ပျော်ရွှင်ကြသည်။

၅။ တိုင်းတစ်ပါးတွင် သွားရောက်အလုပ်လုပ်သူတစ်ဦးသည် ကျမ်းစာအမှန်တရားသိလာသောအခါ မည်သို့ဆုံးဖြတ်နိုင်ကြောင်းဖော်ပြသည့် ဥပမာတစ်ခုပေးပါ။

စူရီနမ်နိုင်ငံ၏ ကုန်းတွင်းပိုင်းဒေသတွင်နေထိုင်သော ဘရာဇီးအမျိုးသားဗယ်လ်မာသည် ရွှေတွင်းတွင်အလုပ်လုပ်သူတစ်ဦးဖြစ်၏။ သူသည် အရက်သမားဖြစ်ပြီး အကျင့်လည်း မကောင်းပေ။ တစ်နေ့ မြို့ပေါ်တွင်ရှိနေစဉ် ယေဟောဝါသက်သေများနှင့် သူ ကျမ်းစာစလေ့လာခဲ့သည်။ နေ့တိုင်း ကျမ်းစာလေ့လာပြီး များစွာပြုပြင်ပြောင်းလဲကာ မကြာမီ နှစ်ခြင်းခံခဲ့သည်။ သူ၏လုပ်ငန်းကြောင့် ကျမ်းစာသွန်သင်ချက်နှင့်အညီ အသက်ရှင်ရန် မလွယ်ကူကြောင်း သိရှိလာရာ ဝင်ငွေကောင်းသောလုပ်ငန်းကို စွန့်လွှတ်ပြီးနောက် ဘရာဇီးနိုင်ငံသို့ ပြန်သွားသည်။ ထိုတွင် သူ့မိသားစုကို ကျမ်းစာအမှန်တရားသိရှိစေရန် ကူညီပေးခဲ့သည်။ ချမ်းသာသည့်နိုင်ငံများသို့ သွားရောက်အလုပ်လုပ်သူများစွာသည် ကျမ်းစာအမှန်တရားအကြောင်း သိလာသည့်အခါ မိမိတို့အလုပ်များကိုစွန့်ပြီး မိသားစုနှင့်အခြားသူများ ယေဟောဝါအကြောင်းသိလာဖို့ ကူညီပေးရန် နေရင်းတိုင်းပြည်သို့ပြန်သွားကြသည်။ ထိုသူတို့သည် ဧဝံဂေလိဟောပြောခြင်းလုပ်ငန်းတွင် ဇွဲထက်သန်သောသဘောထားကို အမှန်တင်ပြနေကြ၏။

၆။ ကျွန်ုပ်တို့သည် သတင်းကောင်းဟောပြောသူများ သာ၍လိုအပ်သည့်ဒေသများသို့ မပြောင်းရွှေ့နိုင်သည့်တိုင် အဘယ်အရာလုပ်ဆောင်နိုင်သနည်း။

သက်သေခံများစွာသည် ဘုရားသခင့်နိုင်ငံတော်သတင်း ဟောပြောသူများ သာ၍လိုအပ်သည့်ဒေသများသို့ ပြောင်းရွှေ့နိုင်ကြသည်။ အချို့သည် တိုင်းတစ်ပါးသို့ပင် ပြောင်းရွှေ့အမှုဆောင်နိုင်သည်။ ကျွန်ုပ်တို့သည် ထိုသို့ပြောင်းရွှေ့နိုင်မည်မဟုတ်သည့်တိုင် ခရစ်ယာန်ဓမ္မအမှုတွင် အကောင်းဆုံးလုပ်ဆောင်ခြင်းဖြင့် ယေရှုကို တုပနိုင်ပါသည်။

လိုအပ်သောလေ့ကျင့်မှုကို ယေဟောဝါပြင်ဆင်ပေး

၇။ သတင်းကောင်းကြွေးကြော်သူများအဖြစ် အရည်အသွေးတိုးတက်လိုသူများအတွက် အဘယ်သင်တန်းကျောင်းများရှိသနည်း။

ယေရှုသည် ခမည်းတော်ထံမှ လေ့ကျင့်မှုရခဲ့သည့်နည်းတူ ကျွန်ုပ်တို့လည်း ယနေ့ ယေဟောဝါပြင်ဆင်ပေးနေသော ပညာရေးအစီအစဉ်မှ အကျိုးရရှိနိုင်ပါသည်။ “အနာဂတ္တိကျမ်းစာ၌လာသည်ကား ‘ထိုသူအပေါင်းတို့သည် ဘုရားသခင် ဆုံးမသွန်သင်တော်မူသောသူဖြစ်ကြလိမ့်မည်’” ဟုယေရှုကိုယ်တိုင် မိန့်ဆိုခဲ့သည်။ (ယော. ၆:၄၅; ဟေရှာ. ၅၄:၁၃) ယနေ့၊ ကျွန်ုပ်တို့ကို သတင်းကောင်းကြေညာသူများအဖြစ် အသင့်ပြင်ဆင်ပေးသော သင်တန်းကျောင်းများရှိသည်။ ဒေသခံအသင်းတော်များရှိ သီအိုကရက်တစ်ဓမ္မအမှုကျောင်းမှ ကျွန်ုပ်တို့အားလုံး တစ်နည်းနည်းဖြင့် အကျိုးရရှိနေကြသည်မှာ သေချာသည်။ ရှေ့ဆောင်များသည် ရှေ့ဆောင်လုပ်ငန်းကျောင်း တက်ရောက်ခွင့်ရှိကြသည်။ သက်တမ်းကြာရှေ့ဆောင်များသည် ထိုကျောင်းကို ဒုတိယအကြိမ်တက်ရောက်ခွင့်ရှိသည်။ အကြီးအကဲများနှင့်ဓမ္မအမှုထမ်းများသည် မိမိတို့၏သွန်သင်ခြင်းစွမ်းရည်နှင့် ယုံကြည်သူချင်းများအတွက် အမှုဆောင်နိုင်စွမ်းတိုးတက်စေရန် ဘုရားသခင့် နိုင်ငံတော်ဓမ္မအမှုကျောင်းကို တက်ရောက်နိုင်ကြသည်။ တစ်ကိုယ်ရေအကြီးအကဲနှင့် ဓမ္မအမှုထမ်းများစွာသည် အခြားသူများကို ဟောပြောခြင်းလုပ်ငန်းတွင် ကူညီပေးနိုင်ရန် လေ့ကျင့်ပေးသော ဓမ္မအမှုသင်တန်းကျောင်း တက်ရောက်နိုင်သည်။ ထို့ပြင် တိုင်းတစ်ပါးတွင် ခရစ်ယာန်သာသနာပြုအဖြစ်ခန့်အပ်ခံရသော အခြားညီအစ်ကိုညီအစ်မများစွာသည် ဂိလဒ်ကင်းမျှော်စင်သမ္မာကျမ်းစာကျောင်းမှ လေ့ကျင့်မှုရရှိကြသည်။

၈။ ညီအစ်ကိုအချို့သည် ယေဟောဝါ၏လေ့ကျင့်မှုကို မည်မျှတိုင် တန်ဖိုးထားခဲ့ကြသနည်း။

ယေဟောဝါသက်သေများစွာသည် ထိုသင်တန်းကျောင်းများတက်ရောက်နိုင်ရန် များစွာပြုပြင်ပြောင်းလဲခဲ့ကြသည်။ ကနေဒါနိုင်ငံမှ ယူဂူသည် ဓမ္မအမှုသင်တန်းကျောင်းတက်ရောက်နိုင်ရန် အလုပ်ရှင်က ခွင့်မပေးသောကြောင့် အလုပ်ထွက်ခဲ့သည်။ ယူဂူဤသို့ပြောသည်– “အလုပ်ထွက်ရတဲ့အတွက် ကျွန်တော် နောင်တမရပါဘူး။ တကယ်လို့ ကျွန်တော့်ကို ခွင့်ပေးရင်တောင် အဲဒီအတွက် ကုမ္ပဏီမှာ အမြဲတမ်းအလုပ်လုပ်ဖို့ သူတို့ပြန်တောင်းဆိုကြလိမ့်မယ်။ ဒါပေမဲ့၊ အခုတော့ ယေဟောဝါပေးမယ့် ဘယ်တာဝန်ကိုမဆို ကျွန်တော်ထမ်းဆောင်နိုင်ပြီ။” လူများစွာသည် ဘုရားသခင်၏လေ့ကျင့်ပေးမှုမှ အကျိုးရရှိနိုင်ရန် ယခင်က သူတို့အလွန်တန်ဖိုးထားခဲ့ရာများကို လိုလိုလားလားစွန့်လွှတ်ခဲ့ကြသည်။—လု. ၅:၂၈

၉။ ကျမ်းစာသွန်သင်မှုနှင့် အားသွန်ခွန်စိုက်ကြိုးစားမှုသည် အလွန်ထိရောက်ကြောင်းဖော်ပြသော ဥပမာတစ်ခုပေးပါ။

ကျမ်းစာသွန်သင်မှုနှင့် အားသွန်ခွန်စိုက်ကြိုးစားမှုသည် အလွန်ထိရောက်၏။ (၂ တိ. ၃:၁၆၊ ၁၇) ဂွာတီမာလာနိုင်ငံမှ ဆော်လို၏အဖြစ်ကို သုံးသပ်ကြည့်ပါ။ သူ့တွင် မွေးရာပါ စိတ်ပိုင်းဆိုင်ရာချို့ယွင်းမှုအနည်းငယ်ရှိသည်။ သူ၏ဆရာမတစ်ဦးက သူ့ကို စာဖတ်တတ်ဖို့ အတင်းအကျပ်တွန်းအားမပေးရန်၊ ထိုသို့ပြုမည်ဆိုလျှင် သူ့ကိုစိတ်ပျက်စေရုံသာဖြစ်မည်ဟု မိခင်အား ပြောသည်။ ဆော်လိုသည် စာမဖတ်တတ်ဘဲ ကျောင်းထွက်လိုက်ရသည်။ သို့သော် သက်သေခံတစ်ဦးက ရေးတတ်ဖတ်တတ်ရန် ကိုယ်တိုင်လုံ့လထုတ်ဘရိုရှာဖြင့် သူ့ကိုစာဖတ်တတ်ရန် သင်ပေးခဲ့သည်။ နောက်ဆုံး၊ ဆော်လိုသည် သီအိုကရက်တစ်ဓမ္မအမှုကျောင်းတွင် ဟောပြောချက်များပေးနိုင်သည့်အထိ တိုးတက်ခဲ့သည်။ နောက်ပိုင်းတွင် သူ၏မိခင်သည် တစ်အိမ်မှတစ်အိမ်ဟောပြောစဉ် ဆော်လို၏ဆရာမနှင့် တွေ့ဆုံခဲ့သည်။ ဆော်လိုစာဖတ်တတ်ပြီဖြစ်ကြောင်း ကြားသည့်အခါ ဆရာမက နောက်အပတ်တွင် သူ့ကိုခေါ်လာဖို့ပြောသည်။ နောက်တစ်ပတ်တွင် ဆော်လိုနှင့်တွေ့သည့်အခါ “ဆရာမကို ဘာသင်ပေးမှာလဲ” ဟုမေးလိုက်သည်။ ထိုအခါ ဆော်လိုက သမ္မာကျမ်းစာ အမှန်တကယ်သွန်သင်ရာမှာ အဘယ်နည်းစာအုပ်မှ အပိုဒ်တစ်ပိုဒ်ကိုဖတ်ပြလေသည်။ “ဆရာမကို အခုလိုသင်ပေးတာ မယုံနိုင်စရာပဲ” ဟုပြောပြီး မျက်ရည်မဆည်နိုင်ဖြစ်ကာ ဆော်လိုကိုသိုင်းဖက်လိုက်သည်။

နှလုံးကိုထိမိစေသည့် သွန်သင်ခြင်း

၁၀။ ကျမ်းစာအမှန်တရားသွန်သင်ရာတွင် အလွန်အထောက်အကူပြုသော အဘယ်စာပေကို ကျွန်ုပ်တို့ရရှိနိုင်သနည်း။

၁၀ ယေရှုသည် မိမိအား ယေဟောဝါတိုက်ရိုက်သွန်သင်ပေးရာများ၊ ကိုယ်တော့်နှုတ်မြွက်တော်မှ သွန်သင်ချက်များကိုအခြေပြု၍ သွန်သင်ပေးသည်။ (လု. ၄:၁၆-၂၁; ယော. ၈:၂၈) ကျွန်ုပ်တို့လည်း ယေရှု၏အကြံဉာဏ်ကိုကျင့်သုံးခြင်းနှင့် ကျမ်းစာကိုအခြေပြု၍သွန်သင်ခြင်းဖြင့် ကိုယ်တော့်ကိုတုပကြသည်။ သို့ဖြင့် ကျွန်ုပ်တို့အားလုံး၏အပြောအဆိုနှင့် အတွေးအခေါ်သည် တညီတညွတ်တည်းဖြစ်ပြီး ယင်းက စည်းလုံးမှုကိုတိုးပွားစေသည်။ (၁ ကော. ၁:၁၀) ‘သစ္စာနှင့်သတိပညာရှိကျွန်’ သည် ကျွန်ုပ်တို့၏သွန်သင်ချက် တညီတညွတ်တည်းဖြစ်ရန်၊ ဧဝံဂေလိဟောပြောသူများအဖြစ် ပြီးမြောက်အောင်မြင်နိုင်ရန် ကူညီပေးသော ကျမ်းစာအခြေပြုစာပေများကို ပြင်ဆင်ပေးနေသောကြောင့် အလွန်ကျေးဇူးတင်စရာပင်။ (မ. ၂၄:၄၅; ၂၈:၁၉၊ ၂၀) ထိုစာပေများတွင် ဘာသာစကား ၁၇၉ မျိုးဖြင့်ရရှိနိုင်သော သမ္မာကျမ်းစာသွန်သင်ရာစာအုပ်ပါဝင်သည်။

၁၁။ အီသီယိုးပီးယားနိုင်ငံမှ ညီအစ်မတစ်ဦးသည် သမ္မာကျမ်းစာသွန်သင်ရာစာအုပ်ဖြင့် ဆန့်ကျင်မှုကို မည်သို့ဖြေရှင်းခဲ့သနည်း။

၁၁ သမ္မာကျမ်းစာသွန်သင်ရာစာအုပ်ကိုသုံး၍ ကျမ်းစာလေ့လာခြင်းက ဆန့်ကျင်သူများ၏စိတ်နှလုံးကိုပင် ပြောင်းလဲစေနိုင်သည်။ ဥပမာ၊ အီသီယိုးပီးယားနိုင်ငံမှ ရှေ့ဆောင်ညီအစ်မ လူလာသည် ကျမ်းစာသင်အံမှုကျင်းပနေစဉ် သင်သား၏ဆွေမျိုးဖြစ်သူ အမျိုးသမီးတစ်ဦး ဒေါသတကြီးဝင်လာပြီး ကျမ်းစာသင်ပေးဖို့မလိုဟုပြောသည်။ လူလာသည် သူ့ကို သမ္မာကျမ်းစာသွန်သင်ရာ စာအုပ် အခန်း ၁၅ ပါ ငွေစက္ကူအတုဥပမာဖြင့် အေးအေးဆေးဆေးရှင်းပြလိုက်သည်။ ထိုအခါ သူသည် စိတ်အေးသွားပြီး ကျမ်းစာဆက်သင်ခွင့်ပြုလေသည်။ နောက်တစ်ကြိမ်သင်အံမှုတွင် သူရောက်နေပြီး သူ့ကိုလည်း ကျမ်းစာသင်ပေးပါရန် တောင်းဆိုကာ ယင်းအတွက် ပိုက်ဆံပေးမည်ဟုပင် ပြောခဲ့သည်။ မကြာမီ၊ သူသည် တစ်ပတ်လျှင်သုံးကြိမ် ကျမ်းစာလေ့လာပြီး ကောင်းစွာတိုးတက်လာသည်။

၁၂။ လူငယ်များသည် ကျမ်းစာအမှန်တရားကို ထိရောက်စွာသွန်သင်နိုင်ကြောင်းဖော်ပြသည့် ဥပမာတစ်ခုပေးပါ။

၁၂ လူငယ်များသည် သမ္မာကျမ်းစာသွန်သင်ရာစာအုပ်ဖြင့် အခြားသူများကို ကူညီနိုင်သည်။ ဟာဝိုင်ယီကျွန်းမှ အသက် ၁၁ နှစ်အရွယ်ကီနူးသည် ကျောင်းတွင် ထိုစာအုပ်ဖတ်နေစဉ် အတန်းဖော်တစ်ဦးက “မင်းတို့ ဘာကြောင့် ပွဲနေ့တွေမလုပ်တာလဲ” ဟုမေးသည်။ ကီနူးသည် “ပွဲနေ့များကို ကျင်းပသင့်သလော” ဟူသော နောက်ဆက်တွဲမှအဖြေကို ဖတ်ပြလိုက်သည်။ ထို့နောက် စာအုပ်၏မာတိကာကိုဖွင့်ပြီး အဘယ်အကြောင်းအရာကို စိတ်ဝင်စားသနည်းဟုမေးခဲ့သည်။ သို့ဖြင့် ကျမ်းစာသင်အံမှုတစ်ခု စတင်ခဲ့သည်။ လွန်ခဲ့သောလုပ်ငန်းတော်နှစ်တွင် ယေဟောဝါသက်သေများသည် ကျမ်းစာသင်အံမှု ၆,၅၆၁,၄၂၆ ခု ကျင်းပခဲ့ရာ အများစုမှာ သမ္မာကျမ်းစာသွန်သင်ရာစာအုပ်ကို ကောင်းစွာအသုံးပြုခဲ့ကြသည်။ သင်လည်း ကျမ်းစာသင်အံမှုများတွင် ထိုစာအုပ်ကို အသုံးပြုနေသလော။

၁၃။ ကျမ်းစာလေ့လာခြင်းက လူတို့အပေါ် မည်သို့အလွန်သြဇာသက်ရောက်နိုင်သနည်း။

၁၃ သမ္မာကျမ်းစာသွန်သင်ရာစာအုပ်ဖြင့် ကျမ်းစာလေ့လာခြင်းသည် ဘုရားသခင့်အလိုတော်ဆောင်လိုသူများအပေါ် အလွန်သြဇာသက်ရောက်မှုရှိနိုင်သည်။ နော်ဝေးနိုင်ငံရှိ ရှေ့ဆောင်မောင်နှံတစ်စုံသည် ဇမ်ဘီယာလူမျိုးမိသားစုတစ်စုနှင့် ကျမ်းစာလေ့လာသည်။ ထိုမိသားစုတွင် သမီးသုံးဦးရှိသောကြောင့် နောက်ထပ်သားသမီးမလိုချင်ပေ။ ထို့ကြောင့် ဇနီးဖြစ်သူတွင် ကိုယ်ဝန်ရှိလာသောအခါ ဖျက်ချဖို့ ဆုံးဖြတ်ခဲ့သည်။ ဆရာဝန်နှင့်သွားမတွေ့မီ ရက်အနည်းငယ်တွင် သူတို့လေ့လာခဲ့သောအခန်းမှာ “အသက်နှင့်ပတ်သက်၍ ဘုရားသခင့်အမြင်မျိုးရှိခြင်း” ဖြစ်သည်။ ထိုအခန်းတွင်ပါသော သန္ဓေသားလောင်း၏ရုပ်ပုံကြောင့် သူတို့အလွန်စိတ်ထိမိသွားပြီး ကိုယ်ဝန်မဖျက်ချရန် ဆုံးဖြတ်ခဲ့သည်။ သူတို့သည် ဆက်တိုးတက်လာပြီး မွေးလာသည့်သားလေးကို သူတို့အား ကျမ်းစာသင်ပေးသည့် ညီအစ်ကို၏အမည် မှည့်ပေးခဲ့သည်။

၁၄။ ကျွန်ုပ်တို့သည် မိမိတို့သွန်သင်ချက်အတိုင်း အသက်ရှင်ခြင်းဖြင့် အကျိုးရရှိနိုင်ကြောင်း ဥပမာပေးပါ။

၁၄ ယေရှု၏သွန်သင်နည်းတွင် အရေးပါသောအချက်တစ်ချက်မှာ မိမိ၏သွန်သင်ချက်အတိုင်း အသက်ရှင်နေထိုင်ခြင်းဖြစ်၏။ ထိုကဏ္ဍတွင် ယေရှုကိုတုပသော ယေဟောဝါသက်သေများ၏ အမူအကျင့်ကောင်းကို လူများစွာ အထင်ကြီးလေးစားကြသည်။ နယူးဇီလန်နိုင်ငံရှိ လုပ်ငန်းရှင်တစ်ဦး၏ကားသည် ဖောက်ထွင်းခံရပြီး လက်ဆွဲအိတ် အခိုးခံရသည်။ ယင်းကို ရဲထံအကြောင်းကြားသောအခါ ထိုရဲက “ခင်ဗျားရဲ့အိတ်ကို ယေဟောဝါသက်သေတစ်ယောက် တွေ့မယ်ဆိုရင်တော့ ပြန်ရနိုင်တယ်” ဟုပြောခဲ့သည်။ သတင်းစာပို့သော သက်သေခံညီအစ်မတစ်ဦးသည် ထိုအိတ်ကိုတွေ့သဖြင့် အကြောင်းကြားရာ ပိုင်ရှင်ဖြစ်သူက သူ့အိမ်သို့ရောက်လာသည်။ အလွန်တန်ဖိုးရှိသောစာရွက်စာတမ်းကို ပြန်ရရှိသောကြောင့် ထိုသူ စိတ်သက်သာရာရသွားသည်။ “ကျွန်မက ယေဟောဝါသက်သေဖြစ်နေလို့ ဒီပစ္စည်းကို ပြန်ပေးတာပါ” ဟု သူ့ကို ညီအစ်မ ပြောပြသည်။ ပိုင်ရှင်သည် အံ့အားသင့်သွားပြီး ထိုနေ့နံနက်တွင် ရဲသားပြောခဲ့သည့်စကားကို ပြန်အမှတ်ရမိသည်။ မှန်ပါသည်၊ ခရစ်ယာန်စစ်များသည် ယေရှုကိုတုပသည့်အနေဖြင့် သမ္မာကျမ်းစာမှ သွန်သင်ချက်များနှင့်အညီ အသက်ရှင်ကြသည်။—ဟေဗြဲ ၁၃:၁၈

လူတို့အပေါ်ထားရှိသော ယေရှု၏သဘောထားကို တုပပါ

၁၅၊ ၁၆။ ကျွန်ုပ်တို့ဟောပြောသောသတင်းတရားကို နားထောင်လာရန် လူတို့ကို မည်သို့ဆွဲဆောင်နိုင်သနည်း။

၁၅ လူတို့အပေါ်ထားရှိသော ယေရှု၏သဘောထားကကိုယ်တော့်သတင်းတရားကိုနားထောင်ရန် လူတို့ကိုဆွဲဆောင်သည်။ ဥပမာ၊ ကိုယ်တော်၏မေတ္တာနှင့်နှိမ့်ချမှုက နိမ့်ကျသူများကို ကိုယ်တော့်ထံ ဆွဲဆောင်သည်။ ကိုယ်တော်သည် မိမိထံလာသူများကို ထောက်ထားစာနာပြီး ကြင်နာမှုရှိသောစကားများဖြင့် နှစ်သိမ့်ပေးသည့်အပြင် အနာရောဂါများကိုလည်း ကုသပေးခဲ့သည်။ (မာကု ၂:၁-၅ ကိုဖတ်ပါ။) ကျွန်ုပ်တို့သည် အံ့ဖွယ်အမှုများ မပြုလုပ်နိုင်သော်လည်း လူတို့ကို အမှန်တရားသို့ဆွဲဆောင်နိုင်သော အရည်အသွေးများဖြစ်သည့် မေတ္တာ၊ နှိမ့်ချမှု၊ ထောက်ထားစာနာမှုတို့ တင်ပြနိုင်ကြပါသည်။

၁၆ တောင်ပစိဖိတ်ရှိ ကီရီဘာတီကျွန်းစုမှ အလွန်ဝေးခေါင်သောကျွန်း၌နေထိုင်သူ သက်ကြီးရွယ်အိုဘီရီထံ အထူးရှေ့ဆောင်ညီအစ်မ တာရူအာရောက်သွားချိန်တွင် ထောက်ထားစာနာမှုတင်ပြရန် အထူးလိုအပ်ခဲ့သည်။ ထိုသူသည် နားမထောင်လိုကြောင်းပြောသော်လည်း ကိုယ်တစ်ခြမ်းလေဖြတ်ထားသည်ကို တာရူအာသတိပြုမိသောကြောင့် သနားစာနာမိသည်။ ထို့ကြောင့် “ဖျားနာသူနဲ့ သက်ကြီးရွယ်အိုတွေအတွက် ဘုရားသခင် ဘာကတိပြုထားတယ်ဆိုတာ ကြားဖူးသလား” ဟုမေးလိုက်သည်။ ထို့နောက် ဟေရှာယပရောဖက်ပြုချက်မှ ကျမ်းတစ်ပိုဒ်ကိုဖတ်ပြသည်။ (ဟေရှာယ ၃၅:၅၊ ၆ ကိုဖတ်ပါ။) ထိုသူသည် စိတ်လှုပ်ရှားသွားပြီး “ငါ ကျမ်းစာဖတ်တာ နှစ်ပေါင်းများစွာရှိပြီ။ ငါ့အသင်းက ခရစ်ယာန်သာသနာပြုတစ်ယောက်လည်း ငါ့ဆီလာလည်နေတာ တော်တော်ကြာပြီ။ ဒါပေမဲ့ ဒီအကြောင်းကို ကျမ်းစာထဲမှာ တစ်ခါမှမဖတ်ဖူးဘူး” ဟုပြန်ပြောသည်။ သို့နှင့် ကျမ်းစာသင်အံမှုစတင်ပြီး ကောင်းစွာတိုးတက်လာသည်။ သူသည် အလွန်မသန်မစွမ်းဖြစ်ခဲ့သော်လည်း ယခု နှစ်ခြင်းခံပြီးဖြစ်သည်။ ထို့ပြင် သီးခြားအုပ်စုတစ်ခုကို ဦးဆောင်ကူညီပေးပြီး ကျွန်းအနှံ့ ခြေကျင်သွားကာ သတင်းကောင်းဟောပြောနိုင်ပြီဖြစ်သည်။

ခရစ်တော်ကို ဆက်တုပလော့

၁၇၊ ၁၈။ (က) သင်သည် အောင်မြင်သောဧဝံဂေလိဟောပြောသူတစ်ဦး မည်သို့ဖြစ်နိုင်သနည်း။ (ခ) မိမိတို့၏ဓမ္မအမှုကို အလေးအနက်ထားလုပ်ဆောင်သူများသည် အဘယ်အရာတွေ့ကြုံခံစားရမည်နည်း။

၁၇ ကျွန်ုပ်တို့သည် ယေရှုတင်ပြသောအရည်အသွေးများကို မွေးမြူပြီးတင်ပြမည်ဆိုလျှင် အောင်မြင်သော ဧဝံဂေလိဟောပြောသူများဖြစ်နိုင်ကြောင်း ခရစ်ယာန်ဓမ္မအမှုတွင်ရရှိသော ဝမ်းမြောက်ဖွယ်တွေ့ကြုံမှုများက အထပ်ထပ်ဖော်ပြနေသည်။ ထို့ကြောင့် ဇွဲထက်သန်သော ဧဝံဂေလိဟောပြောသူများအနေဖြင့် ခရစ်တော်ကို ကျွန်ုပ်တို့တုပခြင်းက အလွန်သင့်လျော်လှသည်တကား။

၁၈ ပထမရာစုတွင် လူအချို့သည် ယေရှု၏တပည့်များဖြစ်လာသောအခါ ပေတရုက “အကျွန်ုပ်တို့သည် . . . အဘယ်အကျိုးကိုရကြပါမည်နည်း” ဟုမေးလေ၏။ ထိုအခါ ယေရှုက “အကြင်သူသည် ငါ၏နာမကြောင့် အိမ်၊ လယ်၊ ညီအစ်ကို၊ နှမ၊ မိဘ၊ သားမယားတည်းဟူသော တစ်ပါးပါးကိုစွန့်၏။ ထိုသူသည် အဆတစ်ရာသောအကျိုးကိုရ၍ ထာဝရအသက်ကို အမွေခံရလတ္တံ့” ဟုမိန့်ဆိုခဲ့သည်။ (မ. ၁၉:၂၇-၂၉) ကျွန်ုပ်တို့လည်း အကြီးမြတ်ဆုံး ခရစ်ယာန်သာသနာပြုယေရှုခရစ်ကို ဆက်၍တုပနေမည်ဆိုလျှင် အလားတူတွေ့ကြုံခံစားရမည်မှာ သေချာပါသည်။

သင်မည်သို့ဖြေဆိုမည်နည်း

• ကျွန်ုပ်တို့ကို ဧဝံဂေလိဟောပြောသူများအဖြစ် ယေဟောဝါ မည်သို့လေ့ကျင့်ပေးနေသနည်း။

• သမ္မာကျမ်းစာသွန်သင်ရာစာအုပ်သည် ခရစ်ယာန်ဓမ္မအမှုတွင် အဘယ်ကြောင့် ထိရောက်မှုရှိသနည်း။

• လူတို့အပေါ်ထားရှိသော ကျွန်ုပ်တို့၏သဘောထားတွင် ယေရှုကို မည်သို့တုပနိုင်သနည်း။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၁၇ ပါပုံစာ]

ယေရှုသည် ပေတရု၊ အန္ဒြေ၊ ယာကုပ်နှင့် ယောဟန်တို့ကို မိမိနောက်လိုက်ရန် ဖိတ်ခေါ်သောအခါ သူတို့ ချက်ချင်းလိုက်ခဲ့ကြ

[စာမျက်နှာ ၁၉ ပါပုံစာ]

“သမ္မာကျမ်းစာသွန်သင်ရာ” စာအုပ်ကဲ့သို့သော စာပေများသည် ကျွန်ုပ်တို့၏သွန်သင်ချက်ကို တညီတညွတ်တည်းဖြစ်စေ