မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဣသရေလလူမျိုး၏အမှားများမှ သင်ယူလော့

ဣသရေလလူမျိုး၏အမှားများမှ သင်ယူလော့

ဣသရေလလူမျိုး၏အမှားများမှ သင်ယူလော့

သရေလလူမျိုးသည် ကတိထားရာပြည်တော်ထဲ ဝင်ရောက်ချိန်တွင် သူတို့ထံမှ ယေဟောဝါအဘယ်အရာမျှော်လင့်ကြောင်း သိခဲ့သည်။ မောရှေမှတစ်ဆင့် ဘုရားသခင် ဤသို့မိန့်ဆိုသည်– ‘ထိုပြည်သူပြည်သားအပေါင်းတို့ကို နှင်ထုတ်ရကြမည်။ သူတို့ရေးသောအရုပ်၊ သွန်းသောရုပ်ပုံရှိသမျှတို့ကို ဖျက်ရကြမည်။ သူတို့လုပ်သောကုန်းရှိသမျှတို့ကို ဖြိုချရကြမည်။’—တော. ၃၃:၅၂

ဣသရေလလူမျိုးသည် ထိုပြည်သားများနှင့် မိတ်သဟာယမဖွဲ့ရ၊ သူတို့နှင့် ထိမ်းမြားစုံဖက်ခြင်း မပြုရပေ။ (တရား. ၇:၂၊ ၃) အမှန်မှာ ဘုရားသခင်ရွေးချယ်ထားသောလူမျိုးကို ဤသို့သတိပေးထား၏– “သင်သည် ယခုသွားသောပြည်သူပြည်သားတို့နှင့် မိတ်သဟာယဖွဲ့သဖြင့် သင့်အလယ်၌တိုက်မိ၍ လဲစရာအကြောင်းမဖြစ်စေခြင်းငှာ ကိုယ်ကိုကိုယ်သတိပြုလော့။” (ထွ. ၃၄:၁၂) သို့တိုင် ဣသရေလလူမျိုးသည် ဘုရားသခင်ကိုမနာခံဘဲ ကျော့မိခဲ့ကြသည်။ သူတို့ အဘယ်ကြောင့် ထိုသို့ဖြစ်ခဲ့သနည်း။ သူတို့၏အဖြစ်အပျက်မှ အဘယ်သတိပေးသင်ခန်းစာများကို ကျွန်ုပ်တို့သင်ယူနိုင်သနည်း။—၁ ကော. ၁၀:၁၁

မိတ်ဖွဲ့ပေါင်းသင်းခြင်းမှ ရုပ်ပုံကိုးကွယ်ခြင်းသို့

ကတိထားရာပြည်သို့ ဝင်ရောက်သိမ်းပိုက်ချိန်တွင် ဣသရေလလူမျိုးသည် ထိုပြည်သားများကို အနိုင်ရခဲ့၏။ သို့သော် သူတို့သည် ဘုရားသခင်၏ပညတ်ကို အပြည့်အဝမနာခံခဲ့ပေ။ ရန်သူများကို မနှင်ထုတ်ခဲ့ကြပေ။ (သူကြီး. ၁:၁–၂:၁၀) ယင်းအစား ထိုပြည်ရှိ “လူမျိုးခုနစ်မျိုး” နှင့်အတူနေထိုင်ပြီး သူတို့နှင့်မှန်မှန်ပြောဆိုဆက်ဆံရာမှ မိတ်ဖွဲ့သည့်အထိဖြစ်လာသည်။ (တရား. ၇:၁) ယင်းက ဣသရေလလူတို့ကို မည်သို့ထိခိုက်စေသနည်း။ ကျမ်းစာတွင် ဤသို့ဖော်ပြ၏– ‘သူတို့သမီးနှင့်စုံဖက်ခြင်းကိုပြုလျက် မိမိတို့သမီးကိုပေးစားလျက် သူတို့နတ်ဘုရားများကို ဝတ်ပြုကြ၏။ ဣသရေလအမျိုးသားတို့သည် ထာဝရဘုရားသခင်ရှေ့တော်၌ မကောင်းမှုကိုပြု၍ မိမိတို့ဘုရားသခင်ကို မေ့လျော့သဖြင့် ဗာလနတ်ဘုရားများ၊ အာရှရပင်များကိုဝတ်ပြု’ ကြ၏။ (သူကြီး. ၃:၅-၇) ဣသရေလလူမျိုးသည် ထိုပြည်သားတို့နှင့်မိတ်ဖွဲ့ရာမှ သူတို့နှင့်ထိမ်းမြားစုံဖက်ပြီး ရုပ်ပုံကိုးကွယ်သည့်အထိ ဖြစ်ခဲ့သည်။ ထိုသို့ထိမ်းမြားစုံဖက်ခြင်းကြောင့် သူတို့ကိုနှင်ထုတ်ရန် ပို၍မဖြစ်နိုင်တော့ပေ။ ထို့ကြောင့် စစ်မှန်သောဝတ်ပြုရေးသည် ယိုယွင်းလာပြီး ဣသရေလလူမျိုးသည် မှားယွင်းသောနတ်ဘုရားများကို ကိုးကွယ်ခဲ့ကြသည်။

ကတိထားရာပြည်ရှိ လူမျိုးတို့နှင့်မိတ်ဖွဲ့ခြင်းကြောင့် ယခင်ကထက် ပို၍အန္တရာယ်များလာသည်။ အကြောင်းမှာ သူတို့သည် ဣသရေလလူမျိုး၏အတွေးအခေါ်၊ ဘုရားသခင်နှင့်ဆက်ဆံရေးကို ပျက်စီးစေနိုင်သောကြောင့်ဖြစ်၏။ စစ်မှန်သောဝတ်ပြုရေးယိုယွင်းလာနိုင်သည့် နောက်နည်းတစ်နည်းကို သုံးသပ်ကြည့်ပါ။

လယ်ယာစိုက်ပျိုးရေးမှ ဗာလဝတ်ပြုရေးသို့

ကတိထားရာပြည်တွင် ဣသရေလလူမျိုးသည် အိုးအိမ်အတည်တကျရှိလာပြီး အများစုမှာ လယ်ယာလုပ်ကိုင်ကြသည်။ သူတို့သည် ခါနာန်လူမျိုးတို့၏စိုက်ပျိုးရေးနည်းစနစ်ကို အတုယူခဲ့ပုံရသည်။ သို့သော် စိုက်ပျိုးရေးနည်းစနစ်များကိုသာ အတုယူခြင်းမဟုတ်ကြောင်း ထင်ရှားသည်။ ထိုသို့မိတ်ဖွဲ့ပေါင်းသင်းခြင်းဖြင့် စိုက်ပျိုးရေးနှင့်ဆက်နွှယ်သည့် သူတို့၏ယုံကြည်ချက်များကိုလည်း ဣသရေလလူတို့ လက်ခံလာကြသည်။

ခါနာန်လူမျိုးတို့သည် ဗာလနတ်ဘုရားများစွာကို ကိုးကွယ်ကြပြီး ထိုနတ်ဘုရားများသည် စိုက်ပျိုးရေးဖြစ်ထွန်းစေသည်ဟု ယုံကြည်ကြ၏။ ဣသရေလလူတို့သည် ထိုပြည်တွင် လယ်ယာစိုက်ပျိုး၍ ရိတ်သိမ်းကြပြီး နောက်ဆုံးတွင် သီးနှံဖြစ်ထွန်းမှုအတွက် ခါနာန်နတ်ဘုရားများကိုလည်း ဝတ်ပြုလာခဲ့ကြသည်။ ဤနည်းဖြင့် ဣသရေလလူမျိုးများစွာသည် ယေဟောဝါကို ဝတ်ပြုဟန်ဆောင်နေသော်လည်း အမှန်အားဖြင့် လုံးလုံးအယူဖောက်ပြန်ခဲ့ကြ၏။

ယနေ့ ကျွန်ုပ်တို့အတွက် ပြင်းထန်သောသတိပေးချက်

ကတိထားရာပြည်သို့ ဣသရေလလူမျိုး ဦးဆုံးဝင်ရောက်ချိန်၌ ဗာလဝတ်ပြုရေးနှင့် ယင်း၏အကျင့်ယိုယွင်းမှုတွင် ပါဝင်ပတ်သက်ရန် သူတို့ရည်ရွယ်ခဲ့ကြမည်မဟုတ်ပေ။ သို့တိုင် ထိုပြည်သားတို့နှင့်မိတ်ဖွဲ့ပေါင်းသင်းမှုကြောင့် ထိုအခြေအနေသို့ ဆိုက်ရောက်ခဲ့ရသည်။ ခင်မင်ရင်းနှီးစရာကောင်းသော်လည်း ခရစ်ယာန်ယုံကြည်ချက်များ၊ စံနှုန်းများ၊ မူများကို လက်မခံသူတို့နှင့် ကျွန်ုပ်တို့မိတ်ဖွဲ့မည်ဆိုလျှင် အလားတူဆိုးကျိုးများ ကြုံရနိုင်သည်မဟုတ်လော။ အလုပ်တွင်၊ ကျောင်းတွင်၊ အိမ်တွင်ပင် မယုံကြည်သူများနှင့် ပြောဆိုဆက်ဆံဖို့လိုမည်မှာ မှန်ပါသည်။ သို့သော် ထိုသူတို့နှင့်တရင်းတနှီးပေါင်းသင်းခြင်းသည် ပြဿနာကို လက်ယပ်ခေါ်ခြင်းသာဖြစ်ကြောင်း ဣသရေလလူမျိုး၏အဖြစ်အပျက်က သတိပေးနေသည်။ “မကောင်းသောသူတို့နှင့်ပေါင်းဖော်ခြင်းအားဖြင့် ကောင်းသောအကျင့်ဓလေ့ ယိုယွင်းတတ်၏” ဟူသော အကြွင်းမဲ့အမှန်တရားကို ကျမ်းစာတွင်ဖော်ပြထားသည်။—၁ ကော. ၁၅:၃၃

ဣသရေလလူမျိုးကြုံခဲ့ရသော စမ်းသပ်မှုများစွာကို ယနေ့ ကျွန်ုပ်တို့ကြုံနေရသည်။ မျက်မှောက်ခေတ်လူ့အဖွဲ့အစည်းတွင် ရုပ်ပုံကိုးကွယ်မှုပုံစံများစွာရှိသည်။ ယင်းတို့တွင် ငွေ၊ ဖျော်ဖြေရေးနှင့်အားကစားလောကမှ အကျော်အမော်များ၊ နိုင်ငံရေးစနစ်များ၊ ဘာသာရေးခေါင်းဆောင်များ၊ မိသားစုဝင်များပင် ပါဝင်သည်။ ယင်းတို့သည် ကျွန်ုပ်တို့ဘဝတွင် အဓိကထားရာဖြစ်လာနိုင်သည်။ ယေဟောဝါကိုမချစ်သူတို့နှင့် မိတ်ဖွဲ့ခြင်းက ကိုယ်တော်နှင့် ကျွန်ုပ်တို့၏ဆက်ဆံရေးကို ပျက်စီးစေနိုင်သည်။

တရားမဝင်လိင်ဆက်ဆံခြင်းသည် ဗာလဝတ်ပြုရေး၏အဓိကကဏ္ဍတစ်ရပ်ဖြစ်ပြီး ဣသရေလလူများစွာကို ဖြားယောင်းသွေးဆောင်ခဲ့သည်။ အလားတူကျော့ကွင်းများသည် ဘုရားသခင့်လူမျိုးများကို သွေးဆောင်နေဆဲပင်။ ဥပမာ၊ စူးစမ်းတတ်သူ သို့မဟုတ် သတိမရှိသူသည် မိမိအိပ်ခန်းတွင် ကွန်ပျူတာခလုပ်တစ်ချက်နှိပ်လိုက်ရုံဖြင့် ကိုယ်ကိုယ်ကိုယ်သိစိတ် ညစ်ညူးစေသောအရာများကို ကြည့်မိနိုင်သည်။ ခရစ်ယာန်တစ်ဦးသည် အင်တာနက်တွင် ညစ်ညမ်းသောရုပ်ပုံများကြည့်ရန် သွေးဆောင်ခံရမည်ဆိုလျှင် ဝမ်းနည်းစရာကောင်းလိုက်မည်ဖြစ်ခြင်း။

‘သက်သေခံတော်မူချက်တို့ကို စောင့်သောသူတို့သည် မင်္ဂလာရှိကြ၏’

အပေါင်းအသင်းရွေးချယ်ရာတွင် ယေဟောဝါ၏စကား နာခံမည်၊ မနာခံမည်ကို ကိုယ်ပိုင်ဆုံးဖြတ်ရမည်။ (တရား. ၃၀:၁၉၊ ၂၀) ထို့ကြောင့် ကျွန်ုပ်တို့ကိုယ်ကို ဤသို့မေးဖို့လိုသည်– ‘အားလပ်ချိန်တွေမှာ ဘယ်သူတွေနဲ့ ငါပေါင်းသင်းနေသလဲ။ သူတို့ရဲ့စံနှုန်းနဲ့ ကိုယ်ကျင့်တရားက ဘယ်လိုရှိသလဲ။ ယေဟောဝါကို သူတို့ဝတ်ပြုသလား။ သူတို့နဲ့ပေါင်းတဲ့အတွက် ငါ ပိုရင့်ကျက်တဲ့ခရစ်ယာန်တစ်ယောက်ဖြစ်လာသလား။’

‘ထာဝရဘုရားသခင်၏ တရားလမ်း၌မလွဲမတိမ်း လိုက်သွားသောသူတို့သည် မင်္ဂလာရှိကြ၏။ သက်သေခံတော်မူချက်တို့ကိုစောင့်၍ ကိုယ်တော်ကို စိတ်နှလုံးအကြွင်းမဲ့ရှာသောသူတို့သည် မင်္ဂလာရှိကြ၏’ ဟုဆာလံဆရာ သီဆိုခဲ့သည်။ (ဆာ. ၁၁၉:၁၊ ၂) မှန်ပါသည်၊ ‘ထာဝရဘုရားသခင်ကိုကြောက်ရွံ့၍ လမ်းခရီးတော်သို့ လိုက်သွားသမျှသောသူတို့သည် မင်္ဂလာရှိကြ၏။’ (ဆာ. ၁၂၈:၁) ထို့ကြောင့် အပေါင်းအသင်းရွေးချယ်ရာတွင် ဣသရေလလူမျိုး၏အမှားများမှသင်ယူပြီး ယေဟောဝါကို အကြွင်းမဲ့နာခံကြပါစို့။—သု. ၁၃:၂၀

[စာမျက်နှာ ၂၆ ပါပုံစာ]

ယေဟောဝါကိုမချစ်သူတို့နှင့် မိတ်ဖွဲ့ခြင်းက ရုပ်ပုံကိုးကွယ်ခြင်းသို့ ဦးတည်စေနိုင်