မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကျွန်ုပ်တို့၏အော်ဟစ်သံကို ယေဟောဝါကြားတော်မူ၏

ကျွန်ုပ်တို့၏အော်ဟစ်သံကို ယေဟောဝါကြားတော်မူ၏

ကျွန်ုပ်တို့၏အော်ဟစ်သံကို ယေဟောဝါကြားတော်မူ၏

‘ထာဝရဘုရားသခင်သည် ဖြောင့်မတ်သောသူတို့ကို ကြည့်ရှုတော်မူ၏။ သူတို့အော်ဟစ်သံကိုလည်း နားထောင်တော်မူ၏။’—ဆာ. ၃၄:၁၅

၁၊ ၂။ (က) လူများစွာသည် ယနေ့ မည်သို့ခံစားနေရသနည်း။ (ခ) ယင်းကို ကျွန်ုပ်တို့အဘယ်ကြောင့် အံ့အားမသင့်ကြသနည်း။

င် စိတ်ဆင်းရဲနေသလော။ သို့ဆိုလျှင် သင်တစ်ဦးတည်းမဟုတ်ပေ။ သန်းပေါင်းများစွာသောသူတို့သည် ဤဆိုးယုတ်သောအစီအစဉ်စနစ်တွင် နေ့စဉ်ကြုံနေရသောဖိစီးမှုများကို ရင်ဆိုင်ဖြေရှင်းရန် ရုန်းကန်နေရ၏။ အချို့အတွက် ယင်းတို့သည် မခံရပ်နိုင်စရာဖြစ်ပုံရ၏။ “နုန့်နဲ့ခြင်း၊ ကြေကွဲခြင်းရှိ၍ စိတ်နှလုံးလှုပ်ရှားသဖြင့် အော်ဟစ်ရပါ၏။ အကျွန်ုပ်၏နှလုံး တုန်လှုပ်၍ ခွန်အားလည်းကုန်ပါပြီ။ မျက်စိအလင်းလည်း ကွယ်ပျောက်ပါပြီ” ဟုရေးခဲ့သောဆာလံဆရာဒါဝိဒ်ကဲ့သို့ သူတို့ခံစားနေရသည်။—ဆာ. ၃၈:၈၊ ၁၀

ခရစ်ယာန်များအနေဖြင့် ကျွန်ုပ်တို့သည် ဘဝ၏စိတ်ပျက်စရာဆင်းရဲဒုက္ခများကို အံ့အားမသင့်ကြပေ။ “ဒုက္ခဆင်းရဲ” သည် ယေရှုရောက်ရှိနေခြင်း၏ နိမိတ်တစ်ခုဖြစ်ကြောင်း ကျွန်ုပ်တို့သိရှိကြ၏။ (မာ. ၁၃:၈; မ. ၂၄:၃) “ဒုက္ခဆင်းရဲ” ဟုပြန်ဆိုထားသော မူရင်းစကားလုံးသည် မီးဖွားနေစဉ်အတွင်း ခံစားရသော ပြင်းထန်သည့်နာကျင်မှုဝေဒနာကို ဆိုလို၏။ ယင်းက အလွန် “ကျပ်တည်းခဲယဉ်း” သော ဤကာလတွင် လူတို့ခံစားနေရသည့် ဆင်းရဲဝေဒနာပြင်းထန်မှုကို တိတိကျကျဖော်ပြလိုက်ခြင်းပင်!—၂ တိ. ၃:၁ခမ။

ကျွန်ုပ်တို့၏ဆင်းရဲဒုက္ခများကို ယေဟောဝါ သိနားလည်

၃။ ဘုရားသခင့်လူမျိုးသည် အဘယ်အရာကို ကောင်းစွာသိရှိထားသနည်း။

ယေဟောဝါ၏လူမျိုးသည်လည်း ထိုဆင်းရဲဒုက္ခများနှင့် လွတ်ကင်းမည်မဟုတ်ကြောင်း ကောင်းစွာသိရှိထားသည်။ အမှန်မှာ အခြေအနေဆိုးများသည် ပို၍ပင်ဆိုးရွားလာပေမည်။ သာမန်လူသားထု ရင်ဆိုင်နေရသောအရာများအပြင် ယေဟောဝါ၏ကျေးကျွန်များအနေဖြင့် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ယုံကြည်ခြင်းကိုဖျက်ဆီးရန် စိတ်ပိုင်းဖြတ်ထားသော ‘ရန်သူစာတန်’ နှင့်လည်း ရင်ဆိုင်နေရသည်။ (၁ ပေ. ၅:၈) “ကဲ့ရဲ့ခြင်းအားဖြင့် အကျွန်ုပ်သည်စိတ်ပျက်၍ အလွန်ပူဆွေးခြင်းရှိပါ၏။ သနားသောသူကိုကြည့်၍မမြင်။ သက်သာစေသောသူကို ရှာ၍မတွေ့ရပါ” ဟုဆိုခဲ့သောဒါဝိဒ်ကဲ့သို့ ကျွန်ုပ်တို့ခံစားနေရသည်။—ဆာ. ၆၉:၂၀

၄။ ဆင်းရဲဒုက္ခများ ခံစားရသောအခါ အဘယ်အရာက နှစ်သိမ့်ပေးနိုင်သနည်း။

အဘယ်မျှော်လင့်ချက်မျှ မရှိတော့ဟု ဒါဝိဒ်ဆိုလိုပါသလော။ မဆိုလိုပါ။ ထိုဆာလံကျမ်းတွင် သူဆက်ပြောသောစကားများကို သတိပြုပါ– ‘ထာဝရဘုရားသခင်သည် ဆင်းရဲသောသူတို့၏စကားကို နားထောင်တော်မူ၏။ အချုပ်ခံရသောမိမိလူတို့ကို မထီမဲ့မြင်ပြုတော်မမူတတ်။’ (ဆာ. ၆၉:၃၃) ကျွန်ုပ်တို့သည် ဆင်းရဲဒုက္ခများ၊ စိတ်ဆင်းရဲမှုများကြောင့် တစ်ခါတစ်ရံ အချုပ်ခံနေရသူများကဲ့သို့ ခံစားရပေမည်။ အခြားသူများသည် ကျွန်ုပ်တို့၏အခြေအနေကို အမှန်တကယ်နားမလည်ပုံရပေမည်။ သို့သော် ကျွန်ုပ်တို့၏ဆင်းရဲဒုက္ခကို ယေဟောဝါအပြည့်အဝနားလည်ကြောင်း သိရှိခြင်းမှ ဒါဝိဒ်ကဲ့သို့ နှစ်သိမ့်မှုခံစားရနိုင်သည်။—ဆာ. ၃၄:၁၅

၅။ အဘယ်အရာကို ဘုရင်ရှောလမုန် ယုံကြည်စိတ်ချသနည်း။

ဒါဝိဒ်၏သား ရှောလမုန်သည် ယေရုရှလင်မြို့ရှိဝတ်ပြုရာအိမ်တော်အပ်နှံပွဲတွင် ထိုအချက်ကို ပေါ်လွင်စေခဲ့သည်။ (၂ ရာဇဝင်ချုပ် ၆:၂၉-၃၁ ကိုဖတ်ပါ။) စိတ်ရိုးဖြောင့်သူတို့သည် မိမိတို့ “အသီးအသီးခံရသော ဘေးဒဏ်” နှင့်ပတ်သက်၍ ယေဟောဝါထံဆုတောင်းသည့်အခါ နားထောင်ပေးပါရန် သူတောင်းလျှောက်ခဲ့သည်။ ဆင်းရဲဝေဒနာခံစားရသည့် ထိုသူတို့၏ဆုတောင်းချက်များကို ဘုရားသခင် မည်သို့တုံ့ပြန်တော်မူသနည်း။ ဘုရားသခင်သည် သူတို့၏ဆုတောင်းချက်များကို နားထောင်ရုံသက်သက်မဟုတ်ဘဲ ကူညီပေးမည်ဖြစ်ကြောင်း ရှောလမုန်ယုံကြည်စိတ်ချသည်။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ ကိုယ်တော်သည် “လူသတ္တဝါအပေါင်းတို့၏ စိတ်နှလုံးသဘောကိုသိတော်မူ” သောကြောင့်ဖြစ်သည်။

၆။ စိုးရိမ်ပူပန်မှုများကို မည်သို့ရင်ဆိုင်ဖြေရှင်းနိုင်သနည်း၊ အဘယ်ကြောင့်နည်း။

ကျွန်ုပ်တို့လည်း ကျွန်ုပ်တို့ “ခံရသောဘေးဒဏ်” သို့မဟုတ် ဆင်းရဲခက်ခဲမှုနှင့်ပတ်သက်၍ ယေဟောဝါထံ ဆုတောင်းချဉ်းကပ်နိုင်ပါသည်။ ကျွန်ုပ်တို့၏ဆင်းရဲဒုက္ခများကို ကိုယ်တော်သိနားလည်ပြီး ဂရုစိုက်စောင့်ရှောက်တော်မူကြောင်း သိရှိခြင်းမှ နှစ်သိမ့်မှုရရှိသင့်သည်။ တမန်တော်ပေတရုက ဤသို့ဆိုခြင်းဖြင့် ထိုအချက်ကို ယုံကြည်စိတ်ချစေခဲ့သည်– “သင်တို့ကို သတိနှင့်ကြည့်ရှုတော်မူသောကြောင့် သင်တို့၌စိုးရိမ်ခြင်းအမှုရှိသမျှတို့ကို ကိုယ်တော်၌အပ်နှံကြလော့။” (၁ ပေ. ၅:၇) ကျွန်ုပ်တို့ကြုံရသောအရာကို ယေဟောဝါ အမှန်တကယ်စိတ်ဝင်စားတော်မူသည်။ ယေဟောဝါ၏မေတ္တာပါစောင့်ရှောက်မှုကို ယေရှု ဤသို့အလေးပေးခဲ့သည်– “စာငှက်နှစ်ကောင်ကို အဿရိတစ်ပြားဖိုးနှင့် ဝယ်ရသည်မဟုတ်လော။ သင်တို့အဘအခွင့်မရှိလျှင် ထိုစာငှက်တစ်ကောင်မျှ မြေသို့မကျရ။ သင်တို့ဆံပင်သည်လည်း အကုန်အစင်ရေတွက်လျက်ရှိ၏။ ထို့ကြောင့် မကြောက်ကြနှင့်။ သင်တို့သည် စာငှက်အများတို့ထက် သာ၍မြတ်ကြ၏။”—မ. ၁၀:၂၉-၃၁

ယေဟောဝါ၏ထောက်မမှုကို အားထားပါ

၇။ အဘယ်ထောက်မမှုရမည်ကို ကျွန်ုပ်တို့ယုံကြည်စိတ်ချနိုင်သနည်း။

စိတ်ဆင်းရဲမှုများ ခံစားနေရချိန်တွင် ကျွန်ုပ်တို့ကို ယေဟောဝါကူညီထောက်မပေးလိုပြီး ထောက်မပေးနိုင်ကြောင်း အမှန်တကယ် ယုံကြည်စိတ်ချနိုင်သည်။ “ဘုရားသခင်သည် ငါတို့ခိုလှုံရာဖြစ်၍ ခွန်အားကိုပေးတော်မူ၏။ ဘေးရောက်သည်ကာလ အထူးသဖြင့်ကူမတော်မူကြောင်း ထင်ရှားလျက်ရှိ၏။” (ဆာ. ၃၄:၁၅-၁၈; ၄၆:၁) ထိုကူညီထောက်မမှုကို ယေဟောဝါမည်သို့ပြင်ဆင်ပေးသနည်း။ ၁ ကောရိန္သု ၁၀:၁၃ တွင်ဆိုထားရာကို သုံးသပ်ကြည့်ပါ– “ဘုရားသခင်သည် သစ္စာနှင့်ပြည့်စုံတော်မူသည်ဖြစ်၍ သင်တို့မခံနိုင်သော စုံစမ်းနှောင့်ယှက်ခြင်းကို သင်တို့၌ရောက်စိမ့်သောငှာ အခွင့်ပေးတော်မမူ။ သင်တို့သည် ခံနိုင်မည်အကြောင်း စုံစမ်းနှောင့်ယှက်ခြင်းအရာနှင့်တကွ ထွက်မြောက်သောလမ်းကိုလည်း စီရင်ပြုပြင်တော်မူလိမ့်မည်။” ကျွန်ုပ်တို့၏ဆင်းရဲဒုက္ခကိုဖယ်ရှားပေးရန် ကိစ္စရပ်များကို ယေဟောဝါလမ်းညွှန်နိုင်သည် သို့မဟုတ် ယင်းကိုခံရပ်နိုင်ရန် ခွန်အားပေးနိုင်သည်။ ထိုနည်းတစ်မျိုးမျိုးဖြင့် ကျွန်ုပ်တို့ကို ကိုယ်တော်ကူညီထောက်မပေးသည်။

၈။ ဘုရားသခင့်ထောက်မမှုမှ ကျွန်ုပ်တို့ကိုယ်တိုင် မည်သို့အကျိုးရရှိနိုင်သနည်း။

ထိုကူညီထောက်မမှုမှ ကျွန်ုပ်တို့ကိုယ်တိုင် မည်သို့အကျိုးရရှိနိုင်သနည်း။ “သင်တို့၌စိုးရိမ်ခြင်းအမှုရှိသမျှတို့ကို ကိုယ်တော်၌အပ်နှံကြလော့” ဟုကျွန်ုပ်တို့ကိုမိန့်မှာထားကြောင်း သတိပြုပါ။ ယင်းက ကျွန်ုပ်တို့၏စိုးရိမ်ပူပန်မှုအားလုံးကို ယေဟောဝါထံလွှဲအပ်ထားခြင်းကိုဆိုလိုသည်။ ထို့နောက် စိုးရိမ်မနေတော့ဘဲ ကျွန်ုပ်တို့၏လိုအပ်ရာများကို စောင့်ရှောက်ပေးရန် ကိုယ်တော်ကို စိတ်ရှည်စွာယုံကြည်ကိုးစားကြသည်။ (မ. ၆:၂၅-၃၂) ထိုသို့ယုံကြည်ကိုးစားနိုင်ရန် ကိုယ်ပိုင်အစွမ်းခွန်အား သို့မဟုတ် ဉာဏ်ပညာကို အားမကိုးဘဲ နှိမ့်ချဖို့ လိုအပ်သည်။ ကျွန်ုပ်တို့သည် “တန်ခိုးကြီးသောလက်တော်အောက်၌” ကိုယ်ကိုကိုယ်နှိမ့်ချခြင်းဖြင့် ကျွန်ုပ်တို့၏နိမ့်ကျသောအခြေအနေကို အသိအမှတ်ပြုကြသည်။ (၁ ပေတရု ၅:၆ ကိုဖတ်ပါ။) ယင်းကတစ်ဖန် ဘုရားသခင်ခွင့်ပြုထားရာမှန်သမျှကို ရင်ဆိုင်ဖြေရှင်းနိုင်ဖို့ ထောက်ကူပေးပါလိမ့်မည်။ ကျွန်ုပ်တို့သည် ချက်ချင်းသက်သာရာရလိုမည်ဖြစ်သော်လည်း ကျွန်ုပ်တို့ကို အဘယ်အချိန်တွင် မည်သို့ကူညီပေးရမည်ကို ယေဟောဝါတိကျစွာသိရှိကြောင်း ကျွန်ုပ်တို့ယုံကြည်ကြသည်။—ဆာ. ၅၄:၇; ဟေရှာ. ၄၁:၁၀

၉။ ဒါဝိဒ်သည် အဘယ်ဝန်ထုပ်မျိုးကို ယေဟောဝါထံ၌ချထားရန် လိုအပ်ခဲ့သနည်း။

‘ထမ်းရွက်ရသောဝန်ကို ထာဝရဘုရားသခင်၌ချထားလော့။ သင့်ကိုမစတော်မူမည်။ ဖြောင့်မတ်သောသူကို အစဉ်အမြဲလှုပ်ရှားစေတော်မမူရာ’ ဟူသော ဆာလံ ၅၅:၂၂ ပါ ဒါဝိဒ်၏စကားများကိုလည်း အမှတ်ရပါ။ ထိုစကားများကို ဒါဝိဒ်ရေးသားချိန်တွင် သူအလွန်ဆင်းရဲဒုက္ခရောက်နေ၏။ (ဆာ. ၅၅:၄) သူ၏ထီးနန်းကိုသိမ်းပိုက်ရန် သားတော်အဗရှလုံ ကြံစည်နေချိန်တွင် ထိုဆာလံကျမ်းကို ဒါဝိဒ် ရေးသားခဲ့ခြင်းဖြစ်ကြောင်း နားလည်နိုင်ပါသည်။ ဒါဝိဒ် အယုံကြည်ရဆုံး တိုင်ပင်ခံအမတ် အဟိသောဖေလသည် ထိုပူးပေါင်းကြံစည်မှုတွင် ပါဝင်ခဲ့သည်။ ထို့ကြောင့် ဒါဝိဒ်သည် အသက်လွတ်ရန် ယေရုရှလင်မြို့မှ ထွက်ပြေးခဲ့ရ၏။ (၂ ရာ. ၁၅:၁၂-၁၄) ထိုခက်ခဲသောအခြေအနေများတွင်ပင် ဒါဝိဒ်သည် ဘုရားသခင်ကို ဆက်၍ယုံကြည်ကိုးစားကာ စိတ်ဓာတ်မကျခဲ့ပေ။

၁၀။ ဆင်းရဲခက်ခဲမှုများ ရင်ဆိုင်ရချိန်တွင် အဘယ်အရာပြုလုပ်ရမည်နည်း။

၁၀ ကျွန်ုပ်တို့သည် မည်သည့်အခက်အခဲကိုပင် ရင်ဆိုင်ရပါစေ ဒါဝိဒ်ကဲ့သို့ ယေဟောဝါထံဆုတောင်းချဉ်းကပ်ရန် အရေးကြီး၏။ ယင်းနှင့်ပတ်သက်၍ တမန်တော်ပေါလုသည် အဘယ်အရာပြုလုပ်ရန် တိုက်တွန်းခဲ့ကြောင်း သုံးသပ်ကြည့်ကြစို့။ (ဖိလိပ္ပိ ၄:၆၊ ၇ ကိုဖတ်ပါ။) ထိုသို့စိတ်အားထက်သန်စွာဆုတောင်းမှုမှ အဘယ်ရလဒ်ရရှိမည်နည်း။ “အဘယ်သူမျှကြံ၍မမီနိုင်သော ဘုရားသခင်၏ငြိမ်သက်ခြင်းသည် ယေရှုခရစ်အားဖြင့် [ကျွန်ုပ်]တို့၏စိတ်နှလုံး [“နှင့်အကြံအစည်၊” သမ္မာ] တို့ကို စောင့်မလိမ့်မည်။”

၁၁။ “ဘုရားသခင်၏ငြိမ်သက်ခြင်းသည်” ကျွန်ုပ်တို့၏စိတ်နှလုံးနှင့် အကြံအစည်ကို မည်သို့ကာကွယ်ပေးသနည်း။

၁၁ ဆုတောင်းခြင်းက သင့်အခြေအနေကို ပြောင်းလဲပေးမည်လော။ ပြောင်းလဲကောင်းပြောင်းလဲပေးပေမည်။ သို့သော် ယေဟောဝါသည် ဆုတောင်းချက်များကို ကျွန်ုပ်တို့ဖြစ်စေချင်သောပုံစံမျိုးဖြင့် အမြဲဖြေကြားပေးမည်မဟုတ်ကြောင်း သိနားလည်ထားသင့်သည်။ သို့တိုင် ဆုတောင်းခြင်းက ကျွန်ုပ်တို့၏စိတ်အကြံအစည်ကို မျှတမှုရှိစေရန်ထောက်ကူပေးသည်။ သို့ဖြင့် ဆင်းရဲခက်ခဲမှုများက ဖိစီးလွှမ်းမိုးနေမည်မဟုတ်ပေ။ စိတ်ဖိစီးမှုများဖြင့် ကျွန်ုပ်တို့ဝန်ပိနေသောအခါ “ဘုရားသခင်၏ငြိမ်သက်ခြင်းသည်” ကျွန်ုပ်တို့ကိုတည်ငြိမ်စေပါလိမ့်မည်။ ရန်သူများ၏ကျူးကျော်မှုမှ မြို့ကိုကာကွယ်ပေးရန် တာဝန်ရထားသောစစ်သားများကဲ့သို့ “ဘုရားသခင်၏ငြိမ်သက်ခြင်းသည်” ကျွန်ုပ်တို့၏စိတ်နှလုံးနှင့် အကြံအစည်ကို ကာကွယ်စောင့်ရှောက်ပေးပါလိမ့်မည်။ ထို့ပြင် ယင်းက ကျွန်ုပ်တို့၏သံသယစိတ်၊ ကြောက်စိတ်နှင့် အပျက်သဘောထားများကို အောင်မြင်ကျော်လွှားစေနိုင်ပြီး ပညာမဲ့စွာ အဆောတလျင်မပြုမူမိစေရန် ကာကွယ်ပေးသည်။—ဆာ. ၁၄၅:၁၈

၁၂။ လူတစ်ဦးသည် စိတ်ငြိမ်သက်မှု မည်သို့ရရှိနိုင်ကြောင်း ဥပမာပေးပါ။

၁၂ ဆင်းရဲခက်ခဲမှုခံစားနေရစဉ် စိတ်ငြိမ်သက်မှု မည်သို့ရရှိနိုင်မည်နည်း။ ကဏ္ဍအချို့တွင် ကျွန်ုပ်တို့၏အခြေအနေနှင့် တူညီသော ဥပမာတစ်ခုကို သုံးသပ်ကြည့်ပါ။ အလုပ်သမားတစ်ဦးသည် အလွန်ကြမ်းတမ်းသောမန်နေဂျာ လက်အောက်တွင် အလုပ်လုပ်ရ၏။ သို့သော် အလုပ်သမားသည် ကြင်နာတတ်သော၊ အကျိုးသင့်အကြောင်းသင့်ရှိသော ကုမ္ပဏီပိုင်ရှင်ထံ မိမိခံစားချက်များကို ပြောပြခွင့်ရလိုက်၏။ ပိုင်ရှင်က မိမိသည် အခြေအနေကို ကောင်းစွာနားလည်ကြောင်း၊ မကြာမီ မန်နေဂျာကို အလုပ်ထုတ်ပစ်မည်ဖြစ်ကြောင်း အလုပ်သမားကိုအာမခံ၏။ ယင်းကြောင့် အလုပ်သမား မည်သို့ခံစားရမည်နည်း။ ထိုအာမခံချက်ကို ယုံကြည်စိတ်ချသည့်အပြင် မကြာမီ အဘယ်အရာဖြစ်ပျက်မည်ကို သိရှိထားသောကြောင့် ထိုအတောအတွင်း ပိုဆိုးရွားသောခက်ခဲမှုများကို ရင်ဆိုင်ရပါစေ ဆက်အလုပ်လုပ်ရန် စိတ်ဆုံးဖြတ်ချက် ပိုခိုင်မာလာမည်ဖြစ်သည်။ အလားတူ၊ ကျွန်ုပ်တို့၏အခြေအနေကို ယေဟောဝါသိနားလည်ကြောင်း ကျွန်ုပ်တို့သိသည့်အပြင် မကြာမီ “ဤလောကကိုအစိုးရသောမင်းသည် ပြင်သို့နှင်ထုတ်ခြင်းကိုခံရလိမ့်မည်” ဟု ကိုယ်တော်အာမခံထားသည်။ (ယော. ၁၂:၃၁) ယင်းက အလွန်နှစ်သိမ့်မှုဖြစ်စေသည်မဟုတ်လော။

၁၃။ ဆုတောင်းခြင်းအပြင် အဘယ်အရာလုပ်ဆောင်ရမည်နည်း။

၁၃ သို့ဆိုလျှင် ကျွန်ုပ်တို့၏ပြဿနာများကို ယေဟောဝါထံဆုတောင်းရုံနှင့် လုံလောက်ပြီလော။ မလုံလောက်ပါ။ ထို့ထက်မက လုပ်ဆောင်ဖို့လို၏။ ကျွန်ုပ်တို့၏ဆုတောင်းချက်နှင့်အညီ ပြုမူဆောင်ရွက်ရမည်။ ဘုရင်ရှောလုသည် ဒါဝိဒ်ကိုသတ်ရန် သူ၏အိမ်သို့ မိမိလူများကိုစေလွှတ်သောအခါ ဒါဝိဒ်ဤသို့ဆုတောင်း၏– ‘အို အကျွန်ုပ်၏ဘုရားသခင် ရန်သူတို့လက်မှ အကျွန်ုပ်ကိုကယ်နုတ်တော်မူပါ။ အကျွန်ုပ်ကို ရန်ဘက်ပြုသောသူတို့၏အပေါ်မှာ အကျွန်ုပ်ကိုချီးမြှောက်တော်မူပါ။ မကောင်းမှုကိုပြုသောသူတို့အထဲက အကျွန်ုပ်ကိုနုတ်ယူ၍ အသက်ကိုသတ်လိုသောသူတို့လက်မှ ကယ်တင်တော်မူပါ။’ (ဆာ. ၅၉:၁၊ ၂) ထိုသို့ဆုတောင်းသည့်အပြင် ဒါဝိဒ်သည် ဇနီး၏စကားကိုနားထောင်ပြီး အသက်လွတ်ရန် လိုအပ်သလို ပြုမူဆောင်ရွက်ခဲ့၏။ (၁ ရာ. ၁၉:၁၁၊ ၁၂) အလားတူ၊ ကျွန်ုပ်တို့သည် ဆင်းရဲခက်ခဲသောအခြေအနေများကို ကိုင်တွယ်ဖြေရှင်းပြီး တိုးတက်ကောင်းမွန်စေနိုင်ရန် လက်တွေ့ကျဉာဏ်ပညာကို တောင်းလျှောက်နိုင်သည်။—ယာ. ၁:၅

ခံရပ်စေနိုင်သောခွန်အား ရရှိနိုင်ပုံ

၁၄။ ဆင်းရဲခက်ခဲမှုများရင်ဆိုင်ရစဉ် အဘယ်အရာက ခံနိုင်ရည်ရှိစေနိုင်သနည်း။

၁၄ ကျွန်ုပ်တို့၏ဆင်းရဲခက်ခဲမှုများ ချက်ချင်းပျောက်ကွယ်သွားမည်မဟုတ်ပေ။ ယင်းတို့သည် အချိန်အတိုင်းအတာတစ်ခုအထိ ဆက်ရှိနေပေမည်။ သို့ဆိုလျှင် အဘယ်အရာက ခံရပ်နိုင်ရန် ထောက်ကူမည်နည်း။ ဦးစွာ၊ အခက်အခဲများကြားမှ ယေဟောဝါကို သစ္စာရှိစွာ ဆက်ဝတ်ပြုသွားမည်ဆိုလျှင် ကိုယ်တော်ကိုချစ်ကြောင်း တင်ပြရာရောက်သည်ကို အမှတ်ရပါ။ (တ. ၁၄:၂၂) ယောဘနှင့်ပတ်သက်၍ စာတန်၏ ဤစွပ်စွဲချက်ကို စိတ်စွဲမှတ်ထားပါ– ‘ယောဘသည် အကျိုးမရဘဲ ဘုရားသခင်ကိုဝတ်ပြုသလော။ ကိုယ်တော်သည် သူ့ကိုယ်မှစ၍ သူ့အိမ်နှင့် သူ့ဥစ္စာရှိသမျှပတ်လည်၌ စောင်ရန်းကာတော်မူသည်မဟုတ်လော။ သူပြုလေသမျှတို့ကို ကောင်းချီးပေးတော်မူပြီ။ သူ့သိုးနွားအစရှိသော တိရစ္ဆာန်တို့သည် မြေပေါ်မှာအလွန်ပွားများကြပြီ။ ယခုမူကား လက်တော်ကိုဆန့်၍ သူ၏ဥစ္စာရှိသမျှကိုထိခိုက်တော်မူလျှင် သူသည် မျက်မှောက်တော်၌ ကိုယ်တော်ကိုစွန့်ပယ်ပါလိမ့်မည်။’ (ယောဘ ၁:၉-၁၁) ယောဘသည် သမာဓိစောင့်သိခြင်းဖြင့် ထိုယုတ်မာသောစွပ်စွဲချက်မှားကြောင်း သက်သေထူခဲ့၏။ ကျွန်ုပ်တို့လည်း ဆင်းရဲခက်ခဲသောအခြေအနေကို ခံရပ်ခြင်းဖြင့် စာတန်သည် မုသာကောင်ဖြစ်ကြောင်း သက်သေထူခွင့်ရရှိထားသည်။ တစ်ဖန် ထိုခံနိုင်ရည်က ကျွန်ုပ်တို့၏မျှော်လင့်ချက်နှင့် ယေဟောဝါအပေါ်ယုံကြည်စိတ်ချမှုကို ခိုင်မာစေပါလိမ့်မည်။—ယာ. ၁:၄

၁၅။ အဘယ်ပုံသက်သေများက ကျွန်ုပ်တို့ကိုခွန်အားရှိစေနိုင်သနည်း။

၁၅ ဒုတိယ၊ “လူ့ပြည်အရပ်ရပ်တို့၌ရှိသော သင်တို့ညီအစ်ကိုများတို့သည် ထိုသို့သောဆင်းရဲကိုခံရ” ကြောင်း စိတ်စွဲမှတ်ထားပါ။ (၁ ပေ. ၅:၉) “လူ၌ဖြစ်တတ်သော စုံစမ်းနှောင့်ယှက်ခြင်းကိုသာ သင်တို့သည်ခံရကြ၏။” (၁ ကော. ၁၀:၁၃) ထို့ကြောင့် သင်သည် သင့်ခက်ခဲမှုများကိုသာ အာရုံစိုက်နေမည့်အစား အခြားသူတို့၏ပုံသက်သေများကို တွေးတောဆင်ခြင်ခြင်းဖြင့် ခွန်အားနှင့်ရဲစွမ်းသတ္တိရရှိနိုင်ပါသည်။ (၁ သက်. ၁:၅-၇; ဟေဗြဲ ၁၂:၁) အလွန်စိတ်ပျက်ဖွယ်ပြဿနာများကြားမှ သစ္စာရှိစွာခံရပ်နေသော သင်သိရှိထားသူတို့အကြောင်း အချိန်ယူစဉ်းစားပါ။ သင်ကြုံနေရသောအခက်အခဲနှင့် ဆင်တူသည့်အရာများကို ခံစားခဲ့သူတို့၏ ဘဝအတ္ထုပ္ပတ္တိများကို ရှာဖတ်ဖူးသလော။ ယင်းတို့က သင့်ကိုအလွန်အားရှိစေကြောင်း တွေ့ရှိပါလိမ့်မည်။

၁၆။ စုံစမ်းမှုအမျိုးမျိုးကို ရင်ဆိုင်ရစဉ် ဘုရားသခင်သည် ကျွန်ုပ်တို့ကို မည်သို့ခွန်အားပေးနိုင်သနည်း။

၁၆ တတိယ၊ ယေဟောဝါသည် “သနားခြင်းကရုဏာ၏အဘ၊ သက်သာခြင်းအမျိုးမျိုးတို့၏အရှင်” ဖြစ်ကြောင်း၊ “[ကျွန်ုပ်] တို့သည် ဘုရားသခင်၏ကျေးဇူးတော်အားဖြင့် ကိုယ်တိုင်သက်သာခြင်းရှိသကဲ့သို့ ဆင်းရဲခြင်းအမျိုးမျိုးကိုခံရသောသူတို့အား သက်သာစေနိုင်မည်အကြောင်း ဆင်းရဲခြင်းအမျိုးမျိုးတို့၌ ဘုရားသခင်သည် [ကျွန်ုပ်]တို့အား သက်သာစေတော်မူ” ကြောင်း သတိရပါ။ (၂ ကော. ၁:၃၊ ၄) ဘုရားသခင်သည် လက်ရှိဆင်းရဲခြင်းကိုသာမက “ဆင်းရဲခြင်းအမျိုးမျိုးတို့၌” ကျွန်ုပ်တို့ကိုခွန်အားပေးရန် ကျွန်ုပ်တို့ဘေးတွင်ရပ်နေသည့်အလား ရှိနေသည်။ သို့ဖြင့် ကျွန်ုပ်တို့သည် “ဆင်းရဲခြင်းအမျိုးမျိုးကိုခံရသော” အခြားသူတို့ကို တစ်ဖန်နှစ်သိမ့်ပေးနိုင်သည်။ ထိုစကားများမှန်ကန်ကြောင်း ပေါလုကိုယ်တိုင် ခံစားခဲ့ရသည်။—၂ ကော. ၄:၈၊ ၉; ၁၁:၂၃-၂၇

၁၇။ ဘဝပြဿနာများကို ကိုင်တွယ်ဖြေရှင်းရန် ကျမ်းစာကမည်သို့ကူညီနိုင်သနည်း။

၁၇ စတုတ္ထ၊ ‘[“ဘုရားသခင်၏လူကို လုံးလုံးစွမ်းရည်ရှိစေ၍ ကောင်းသောအလုပ်တိုင်းအတွက် အပြည့်အဝပြင်ဆင်လေ့ကျင့်ပေးရန်အလို့ငှာ၊” ကဘ] ဆုံးမခြင်း၊ အပြစ်ကိုဖော်ပြခြင်း၊ ဖြောင့်မတ်စွာပြုပြင်ခြင်း၊ တရားကိုသွန်သင်ခြင်းကျေးဇူးများကို ပြုတတ်’ သော ဘုရားသခင့်နှုတ်မြွက်တော်သမ္မာကျမ်းစာ ကျွန်ုပ်တို့တွင်ရှိသည်။ (၂ တိ. ၃:၁၆၊ ၁၇) ဘုရားသခင့်နှုတ်မြွက်တော်သည် ကျွန်ုပ်တို့ကို “စွမ်းရည်ရှိ” စေရုံ၊ ‘ကောင်းသောအလုပ်တိုင်းအတွက် ပြင်ဆင်လေ့ကျင့်ပေး’ ရုံသာမကပေ။ ဘဝအခက်အခဲများကိုလည်း ရင်ဆိုင်ဖြေရှင်းစေနိုင်သည်။ ယင်းက ကျွန်ုပ်တို့ကို “လုံးလုံးစွမ်းရည်” ရှိစေပြီး “အပြည့်အဝပြင်ဆင်လေ့ကျင့်ပေး” သည်။ “အပြည့်အဝပြင်ဆင်လေ့ကျင့်” ဟုပြန်ဆိုထားသည့် မူရင်းစကားလုံးမှာ စာသားအရ “လိုအပ်သည့်အရာမှန်သမျှကို ဖြည့်ဆည်းပေးသည်” ဟုအဓိပ္ပာယ်ရှိသည်။ ရှေ့တွင်ဖြစ်လာမည့် အဘယ်အရာကိုမဆို ကောင်းစွာဖြေရှင်းနိုင်ရန် ရေကြောင်းခရီးအတွက် သို့မဟုတ် စက်ကိရိယာအတွက် လိုအပ်ရာမှန်သမျှ ဖြည့်ဆည်းထားသည့် ရှေးခေတ်ရွက်သင်္ဘောတစ်စီးအတွက် ထိုစကားလုံးကိုအသုံးပြုနိုင်သည်။ အလားတူ ယေဟောဝါသည် ကျွန်ုပ်တို့ရင်ဆိုင်ရနိုင်သော အဘယ်အရာကိုမဆို ကိုင်တွယ်ဖြေရှင်းရန် လိုအပ်ရာမှန်သမျှကို မိမိနှုတ်မြွက်တော်မှတစ်ဆင့် ပြင်ဆင်ပေးသည်။ ထို့ကြောင့် “ဘုရားသခင်သာ ဒီအခက်အခဲကိုခွင့်ပြုရင် ကိုယ်တော့်အကူအညီနဲ့ အဲဒါကိုငါခံရပ်နိုင်တယ်” ဟုကျွန်ုပ်တို့ပြောနိုင်ကြပါသည်။

ဆင်းရဲခက်ခဲမှုအားလုံးမှ ကယ်နုတ်ခံရခြင်း

၁၈။ အဘယ်အရာကို အာရုံစိုက်ခြင်းကလည်း သစ္စာရှိစွာခံရပ်စေနိုင်သနည်း။

၁၈ ပဉ္စမ၊ မကြာမီ လူသားများကို ဆင်းရဲခက်ခဲမှုအားလုံးမှ ယေဟောဝါ ကယ်နုတ်ပေးတော့မည်ဟူသော အံ့ဖွယ်ကတိတော်ကို အစဉ်အာရုံစိုက်ပါ။ (ဆာ. ၃၄:၁၉; ၃၇:၉-၁၁; ၂ ပေ. ၂:၉၊ ၁၀) နောက်ဆုံးတွင် ဘုရားသခင်၏ကယ်နုတ်ခံရခြင်းဟူသည် လက်ရှိဆင်းရဲခက်ခဲမှုများမှ ကယ်နုတ်ခံရရုံသာမက ကောင်းကင်တွင် ယေရှုနှင့်ဖြစ်စေ၊ ပရဒိသုမြေကြီးပေါ်တွင်ဖြစ်စေ ထာဝစဉ်အသက်ရှင်ဖို့ အခွင့်အရေးရရှိစေပါလိမ့်မည်။

၁၉။ မည်သည့်နည်းဖြင့် သစ္စာရှိစွာခံရပ်နိုင်မည်နည်း။

၁၉ ကျွန်ုပ်တို့သည် ထိုအချိန်ရောက်သည့်အထိ ဤဆိုးသွမ်းသောလောက၏ စိတ်ပျက်ဖွယ်အခြေအနေများကို ဆက်ရင်ဆိုင်ဖြေရှင်းသွားရမည်။ ယင်းတို့လုံးဝပျောက်ကွယ်သွားမည့်အချိန်ကို ကျွန်ုပ်တို့အလွန်တမ်းတကြသည်။ (ဆာ. ၅၅:၆-၈) ကျွန်ုပ်တို့သစ္စာရှိစွာခံရပ်ခြင်းက စာတန်ကို မုသာကောင်အဖြစ် သက်သေထူကြောင်း အမှတ်ရကြစို့။ ဆုတောင်းခြင်းနှင့် ခရစ်ယာန်ညီအစ်ကိုအသင်းအပင်းမှ ခွန်အားရရှိနိုင်ကြပါစေ။ ထို့ပြင် ကျွန်ုပ်တို့၏ညီအစ်ကိုများသည်လည်း ကျွန်ုပ်တို့ကဲ့သို့ပင် စုံစမ်းမှုအမျိုးမျိုး ရင်ဆိုင်နေရကြောင်း စိတ်စွဲမှတ်ထားခြင်းမှလည်း ခွန်အားရရှိနိုင်ကြပါစေ။ ဘုရားသခင့်နှုတ်မြွက်တော်ကို ကောင်းစွာအသုံးပြုခြင်းဖြင့် လုံးလုံးစွမ်းရည်ရှိသူများ၊ အပြည့်အဝပြင်ဆင်လေ့ကျင့်ခံရသူများ ဆက်ဖြစ်နေပါ။ “သက်သာခြင်းအမျိုးမျိုးတို့၏အရှင်” ပြင်ဆင်ပေးသော မေတ္တာပါစောင့်ရှောက်မှုအပေါ် သင့်ယုံကြည်ကိုးစားမှုကို ဘယ်တော့မျှမယိမ်းယိုင်ပါစေနှင့်။ ‘ထာဝရဘုရားသခင်သည် ဖြောင့်မတ်သောသူတို့ကို ကြည့်ရှုတော်မူပြီး သူတို့အော်ဟစ်သံကိုလည်း နားထောင်တော်မူ’ ကြောင်း အမှတ်ရပါလေ။—ဆာ. ၃၄:၁၅

သင်ဖြေဆိုနိုင်သလော

• ဒါဝိဒ်သည် သူရင်ဆိုင်ရသော ဆင်းရဲခက်ခဲမှုများနှင့်ပတ်သက်၍ မည်သို့ခံစားရသနည်း။

• ဘုရင်ရှောလမုန်သည် အဘယ်အရာကိုယုံကြည်စိတ်ချကြောင်း ဖော်ပြခဲ့သနည်း။

• ယေဟောဝါခွင့်ပြုသောအရာကို အောင်မြင်ကျော်လွှားရန် အဘယ်အရာက ကျွန်ုပ်တို့ကိုကူညီပေးနိုင်သနည်း။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၁၃ ပါပုံစာ]

ယေဟောဝါသည် ဆင်းရဲခက်ခဲမှု ရင်ဆိုင်နေရသော မိမိလူမျိုးကို ကူညီပေးမည်ဖြစ်ကြောင်း ရှောလမုန်ယုံကြည်စိတ်ချ

[စာမျက်နှာ ၁၅ ပါပုံစာ]

ဒါဝိဒ်သည် ဆုတောင်းခြင်းဖြင့် မိမိ၏ဝန်ကို ယေဟောဝါ၌ချထားပြီးနောက် ယင်းနှင့်အညီ ပြုမူဆောင်ရွက်