မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဖြည်းညင်းသောသဘောကို မျှတစွာတင်ပြလော့

ဖြည်းညင်းသောသဘောကို မျှတစွာတင်ပြလော့

ဖြည်းညင်းသောသဘောကို မျှတစွာတင်ပြလော့

“ဖြည်းညင်းသောသဘောရှိ . . . စေခြင်းငှာ သတိပေးလော့။”—တိ. ၃:၁၊ ၂

၁၊ ၂။ ဖြည်းညင်းသောသဘောနှင့်ပတ်သက်၍ ကျမ်းစာက မည်သို့ဆိုသနည်း၊ ယင်းသည် အဘယ်ကြောင့် သင့်လျော်သနည်း။

ကျွန်ုပ်တို့၏မေတ္တာရှင် ကောင်းကင်ခမည်းတော် ယေဟောဝါသည် အတိုင်းအဆမဲ့ဉာဏ်ပညာရှိတော်မူ၏။ ကျွန်ုပ်တို့သည် ကိုယ်တော်ဖန်ဆင်းထားရာများဖြစ်သောကြောင့် ဘဝလမ်းညွှန်မှုအတွက် ကိုယ်တော်ကိုမျှော်ကိုးကြသည်။ (ဆာ. ၄၈:၁၄) ခရစ်ယာန်တပည့်ဖြစ်သူယာကုပ် ဤသို့ရေးခဲ့သည်– “အထက်မှသက်ရောက်သောပညာမူကား ရှေးဦးစွာစင်ကြယ်၏။ ထိုမှတစ်ပါး အသင့်အတင့်နေတတ်၏။ ဖြည်းညင်းသောသဘောရှိ၏။ သွေးဆောင်လွယ်၏။ ကရုဏာနှင့်လည်းကောင်း၊ ကောင်းကျိုးနှင့်လည်းကောင်း ပြည့်စုံ၏။ လျစ်လျူရှုသောစိတ်ရှိ၏။ လျှို့ဝှက်ခြင်းနှင့်ကင်းစင်၏။”—ယာ. ၃:၁၇

“လူအပေါင်းတို့ရှေ့၌ သင်တို့၏ဖြည်းညင်းခြင်းသဘောကို ထင်ရှားစေကြလော့” ဟုတမန်တော်ပေါလု တိုက်တွန်းခဲ့သည်။ * (ဖိ. ၄:၅) ယေရှုခရစ်သည် ခရစ်ယာန်အသင်းတော်၏ အရှင်သခင်နှင့် ဦးခေါင်းဖြစ်၏။ (ဧ. ၅:၂၃) ထို့ကြောင့် ကျွန်ုပ်တို့တစ်ဦးစီသည် အကျိုးသင့်အကြောင်းသင့်ရှိခြင်း၊ ခရစ်တော်၏လမ်းညွှန်မှုကို လက်အောက်ခံခြင်း၊ အခြားသူတို့နှင့်ဆက်ဆံရာတွင် အလျှော့ပေးလိုက်လျောတတ်ခြင်းဖြင့် ဖြည်းညင်းသောသဘောတင်ပြရန် အရေးကြီးလှသည်တကား။

၃၊ ၄။ (က) အလျှော့ပေးလိုက်လျောခြင်း၊ လက်အောက်ခံခြင်းဖြင့် ရရှိသော အကျိုးကျေးဇူးများကို ဥပမာပေးပါ။ (ခ) အဘယ်အကြောင်း သုံးသပ်ကြမည်နည်း။

ဖြည်းညင်းသောသဘောတွင် အလျှော့ပေးလိုက်လျောခြင်း၊ လက်အောက်ခံခြင်းပါဝင်၏။ ယင်းတို့ကို မျှတစွာတင်ပြမည်ဆိုလျှင် အကျိုးကျေးဇူးများရရှိစေသည်။ ဥပမာ၊ ဗြိတိန်နိုင်ငံတွင် သံသယဖြစ်ဖွယ် အကြမ်းဖက်သမားများ၏ အကြံအစည်ကို သိရှိပြီးနောက် ခရီးသည်အများစုသည် ယခင်က လေယာဉ်ပေါ်သို့ တရားဝင်ယူဆောင်သွားခွင့်ရှိသော ပစ္စည်းများနှင့်ပတ်သက်သည့် စည်းကမ်းချက်များကို နာခံရန်အသင့်ရှိကြောင်း တွေ့ရ၏။ ကျွန်ုပ်တို့ ကားမောင်းသည့်အခါ၌လည်း ယာဉ်ကြောအဝိုင်းကဲ့သို့သောနေရာများတွင် လူတိုင်းအန္တရာယ်ကင်းစေရန်၊ ယာဉ်လမ်းကြောင်း ချောမောစေရန် အခြားယာဉ်မောင်းများကို အလျှော့ပေးဖို့လိုအပ်သည်။

ကျွန်ုပ်တို့အများစုအတွက် အလျှော့ပေးလိုက်လျောရန်၊ လက်အောက်ခံရန် မလွယ်ကူပေ။ သို့သော် ကျွန်ုပ်တို့ကို အကူအညီဖြစ်စေရန် ထိုသို့ပြုရသည့် အကြောင်းရင်း၊ အာဏာရှိသူများအပေါ် ကျွန်ုပ်တို့၏သဘောထား၊ အဘယ်အတိုင်းအတာအထိ အလျှော့ပေး၊ လက်အောက်ခံသင့်ကြောင်းဟူသည့် ကဏ္ဍသုံးရပ်ကို သုံးသပ်ကြပါစို့။

အလျှော့ပေး၊ လက်အောက်ခံရသည့် အကြောင်းရင်း

၅။ မောရှေပညတ်အရ ကျွန်တစ်ဦးကို သူ့သခင်၏လက်အောက်တွင် ဆက်နေဖို့ရွေးချယ်ရန် အဘယ်အရာက လှုံ့ဆော်ပေးနိုင်သနည်း။

ခရစ်ယာန်ခေတ်မတိုင်မီမှ သာဓကတစ်ခုသည် အလျှော့ပေးလိုက်လျောခြင်း၊ လက်အောက်ခံခြင်းနှင့်ပတ်သက်သော အကြောင်းရင်းမှန်ကို အာရုံစိုက်စေသည်။ မောရှေပညတ်အရ ကျွန်ခံသည့်ခုနစ်နှစ်မြောက် သို့မဟုတ် ယုဘိလနှစ်တွင် မည်သည့်နှစ်က အရင်ရောက်ပါစေ ဟေဗြဲလူမျိုးကျွန်တစ်ဦးကို လွတ်မြောက်ခွင့်ပေးရသည်။ သို့သော် ကျွန်တစ်ဦးသည် မိမိဆန္ဒအရ ဆက်၍ကျွန်ခံရန် ရွေးချယ်နိုင်သည်။ (ထွက်မြောက်ရာ ၂၁:၅၊ ၆ ကိုဖတ်ပါ။) ထိုသို့ပြုလုပ်ရန် ကျွန်တစ်ဦးကို အဘယ်အရာက လှုံ့ဆော်ပေးနိုင်သနည်း။ ထောက်ထားစာနာမှုရှိသောသခင်၏ အာဏာအောက် ဆက်၍ကျွန်ခံရန် မေတ္တာကလှုံ့ဆော်ပေးသည်။

၆။ လက်အောက်ခံခြင်းနှင့် အလျှော့ပေးလိုက်လျောခြင်းတွင် မေတ္တာသည် မည်သို့ပါဝင်ပတ်သက်သနည်း။

အလားတူ၊ ယေဟောဝါကိုချစ်သည့်မေတ္တာက ကျွန်ုပ်တို့၏အသက်တာကို ကိုယ်တော့်ထံအပ်နှံပြီး ယင်းနှင့်အညီအသက်ရှင်ရန် လှုံ့ဆော်ပေးသည်။ (ရော. ၁၄:၇၊ ၈) “ပညတ်တော်တို့ကိုစောင့်ခြင်းအရာသည် ဘုရားသခင်ကိုချစ်ရာရောက်၏။ ပညတ်တော်တို့ကို စောင့်ခဲသည်မဟုတ်” ဟုတမန်တော်ယောဟန် ရေးခဲ့သည်။ (၁ ယော. ၅:၃) ထိုမေတ္တာသည် ကိုယ့်အကျိုးကိုမရှာတတ်ပေ။ (၁ ကော. ၁၃:၄၊ ၅) လူသားချင်းကိုချစ်သောမေတ္တာက အခြားသူများနှင့်ဆက်ဆံရာတွင် အလျှော့ပေးလိုက်လျောရန်နှင့် သူတို့အကျိုးကိုဦးစားပေးရန် လှုံ့ဆော်ပေးသည်။ တစ်ကိုယ်ကောင်းဆန်မည့်အစား အခြားသူတို့၏အကျိုးကို ကျွန်ုပ်တို့ထည့်စဉ်းစားသည်။—ဖိ. ၂:၂၊ ၃

၇။ အလျှော့ပေးလိုက်လျောခြင်းက ကျွန်ုပ်တို့၏ခရစ်ယာန်ဓမ္မအမှုတွင် အဘယ်ကဏ္ဍမှပါဝင်သနည်း။

ကျွန်ုပ်တို့၏အပြောအဆိုနှင့် အပြုအမူသည် အခြားသူများကို ထိမိမလဲစေသင့်ပေ။ (ဧ. ၄:၂၉) နောက်ခံနှင့်ယဉ်ကျေးမှုအမျိုးမျိုးရှိသူတို့ ယေဟောဝါအားအမှုဆောင်ခြင်းတွင် တိုးတက်နေသည်ကို ဆီးတားသည့် အရာမှန်သမျှကို ကျွန်ုပ်တို့မပြုမိရန် မေတ္တာက လှုံ့ဆော်ပေးပါလိမ့်မည်။ ယင်းသို့ပြုနိုင်ရန် အလျှော့ပေးလိုက်လျောတတ်ဖို့လို၏။ ဥပမာ၊ မိတ်ကပ်ခြယ်သခြင်း သို့မဟုတ် နိုင်လွန်ခြေအိတ်ရှည်များဝတ်ခြင်းက အကျင့်မကောင်းဟု အခြားသူများကိုထင်စေပြီး ထိမိလဲစေမည့်ဒေသများတွင် ခရစ်ယာန်သာသနာပြုညီအစ်မများသည် မရမနေ ယင်းသို့ပြုလုပ်မည်မဟုတ်ပေ။—၁ ကော. ၁၀:၃၁-၃၃

၈။ ဘုရားသခင်ကိုချစ်သောမေတ္တာက “အငယ်ဆုံးသောသူ” ကဲ့သို့ကျင့်ကြံပြုမူရန် မည်သို့ကူညီပေးနိုင်သနည်း။

ယေဟောဝါကိုချစ်သောမေတ္တာက မာနမကြီးရန် ကူညီပေးသည်။ မည်သူအကြီးမြတ်ဆုံးဖြစ်ကြောင်း တပည့်များငြင်းခုံပြီးနောက် ယေရှုသည် ကလေးတစ်ဦးကို သူတို့အလယ်တွင်ရပ်စေ၏။ ထို့နောက် ဤသို့မိန့်ဆိုသည်– “အကြင်သူသည် ငါ့မျက်နှာကိုထောက်၍ ဤသူငယ်ကိုလက်ခံ၏၊ ထိုသူသည် ငါ့ကိုပင်လက်ခံ၏။ ငါ့ကိုလက်ခံသောသူသည်လည်း ငါ့ကိုစေလွှတ်တော်မူသောသူကိုပင် လက်ခံ၏။ သင်တို့တွင် အငယ်ဆုံးသောသူသည် သာ၍ကြီးမြတ်သောသူဖြစ်လိမ့်မည်။” (လု. ၉:၄၈; မာ. ၉:၃၆) “အငယ်ဆုံးသောသူ” ကဲ့သို့ကျင့်ကြံပြုမူရန် ကျွန်ုပ်တို့အတွက် အလွန်ခက်ခဲပေမည်။ အမွေရထားသောမစုံလင်မှုနှင့် မာနကြီးတတ်သောသဘောထားက ထင်ပေါ်ကျော်ကြားမှုနောက်လိုက်ရန် လှုံ့ဆော်ပေးနိုင်သော်လည်း နှိမ့်ချခြင်းမူကား အလျှော့ပေးလိုက်လျောတတ်ရန် ကူညီပေးပါလိမ့်မည်။—ရော. ၁၂:၁၀

၉။ လက်အောက်ခံသောသဘောတင်ပြနိုင်ရန် အဘယ်အရာကို ကျွန်ုပ်တို့အသိအမှတ်ပြုရမည်နည်း။

လက်အောက်ခံသောသဘောတင်ပြနိုင်ရန် ဘုရားသခင်ခန့်အပ်ထားသူများ၏ အခွင့်အာဏာကို အသိအမှတ်ပြုရမည်။ ခရစ်ယာန်စစ်အားလုံးသည် ဦးစီးမှုဆိုင်ရာအရေးကြီးသည့်မူကို အသိအမှတ်ပြုကြသည်။ ယင်းနှင့်ပတ်သက်၍ တမန်တော်ပေါလုသည် ကောရိန္သုအသင်းတော်ကို ဤသို့ပွင့်လင်းစွာဆို၏– “ယောက်ျား၏ခေါင်းကား ခရစ်တော်ဖြစ်သည်ကိုလည်းကောင်း၊ မိန်းမ၏ခေါင်းကား ယောက်ျားဖြစ်သည်ကိုလည်းကောင်း၊ ခရစ်တော်၏ခေါင်းကား ဘုရားသခင်ဖြစ်တော်မူသည်ကိုလည်းကောင်း သင်တို့သိမှတ်စေခြင်းငှာ ငါအလိုရှိ၏။”—၁ ကော. ၁၁:၃

၁၀။ ယေဟောဝါ၏အခွင့်အာဏာကို လက်အောက်ခံခြင်းက အဘယ်အရာကိုဖော်ပြသနည်း။

၁၀ ဘုရားသခင့်အခွင့်အာဏာကို  လက်အောက်ခံခြင်းက ကိုယ်တော့်ကို ကျွန်ုပ်တို့၏မေတ္တာရှင်ခမည်းတော်အဖြစ် ယုံကြည်ကိုးစားကြောင်း ဖော်ပြရာရောက်သည်။ ကိုယ်တော်သည် ဖြစ်ပျက်ရာမှန်သမျှကို သိရှိတော်မူပြီး ယင်းနှင့်အညီ ဆုချနိုင်သည်။ အခြားသူများသည် ကျွန်ုပ်တို့ကို မလေးမစားဆက်ဆံသည့်အခါ သို့မဟုတ် ကျွန်ုပ်တို့ကို စိတ်ဆိုးသည့်အခါ ထိုအချက်ကို စိတ်စွဲမှတ်ထားခြင်းက အထောက်အကူပြုသည်။ “သင်တို့သည် တတ်နိုင်သမျှအတိုင်း လူအပေါင်းတို့နှင့် အသင့်အတင့်နေကြလော့” ဟုပေါလုရေးခဲ့သည်။ ဤသို့ထပ်ဆင့်ညွှန်ကြားခြင်းဖြင့် ထိုအကြံဉာဏ်ကို သူအလေးပေးခဲ့သည်– ‘ချစ်သူတို့၊ သူတစ်ပါးသည် သင်တို့ကိုပြစ်မှားလျှင် ကိုယ်တိုင်အပြစ်ပြန်၍မတုံ့ကြနှင့်။ အမျက်တော်ကို အခွင့်ပေးကြလော့။ ကျမ်းစာလာသည်ကား “ငါသည် အပြစ်တရားကိုစီရင်ပိုင်၏။ အပြစ်နှင့်အလျောက် ငါဆပ်ပေးမည်ဟု ထာဝရဘုရားသခင် မိန့်တော်မူ၏။”’—ရော. ၁၂:၁၈၊ ၁၉

၁၁။ ခရစ်တော်၏ဦးဆောင်မှုကို လက်အောက်ခံကြောင်း ကျွန်ုပ်တို့မည်သို့တင်ပြနိုင်သနည်း။

၁၁ အသင်းတော်အတွင်း ဘုရားသခင်ခန့်အပ်ထားသူတို့၏ အခွင့်အာဏာကိုလည်း ကျွန်ုပ်တို့လက်အောက်ခံရမည်။ ဗျာ. အခန်းကြီး ၁ တွင် ခရစ်တော်ယေရှုအား အသင်းတော်၏ “ကြယ်” များကို လက်ယာလက်တွင် ကိုင်ဆောင်ထားသူအဖြစ် ပုံဖော်ထားသည်။ (ဗျာ. ၁:၁၆၊ ၂၀) ယေဘုယျအားဖြင့် ထို “ကြယ်” များသည် အသင်းတော်များရှိ အကြီးအကဲအဖွဲ့များ သို့မဟုတ် ကြီးကြပ်မှူးများကို ပုံဆောင်သည်။ ထိုခန့်အပ်ခံကြီးကြပ်မှူးများသည် ခရစ်တော်၏လမ်းညွှန်မှုကို လက်အောက်ခံကြသည်။ အခြားသူများကို ကြင်နာစွာဆက်ဆံသည့် ကိုယ်တော့်ပုံသက်သေကို တုပကြသည်။ အသင်းတော်သားအားလုံးသည် အချိန်တန်ဝိညာဉ်အစာ ပြင်ဆင်ပေးရန် ‘သစ္စာနှင့်သတိပညာရှိကျွန်’ ကိုခန့်အပ်ထားသည့် ယေရှု၏အစီအစဉ်ကို လက်အောက်ခံကြသည်။ (မ. ၂၄:၄၅-၄၇) ယနေ့ ဤဆောင်းပါးကို လေ့လာပြီး လက်တွေ့ကျင့်သုံးရန် တလိုတလားရှိခြင်းက ကျွန်ုပ်တို့တစ်ဦးစီသည် ခရစ်တော်၏ဦးဆောင်မှုကို လက်အောက်ခံကြောင်း တင်ပြနေသည်။ ယင်းက ငြိမ်သက်စည်းလုံးမှုကို တိုးပွားစေသည်။—ရော. ၁၄:၁၃၊ ၁၉

အဘယ်အတိုင်းအတာအထိနည်း

၁၂။ အလျှော့ပေးလိုက်လျောခြင်း၊ လက်အောက်ခံခြင်းတွင် အဘယ်ကြောင့် ကန့်သတ်ချက်ရှိသနည်း။

၁၂ သို့သော် အလျှော့ပေးလိုက်လျောခြင်း၊ လက်အောက်ခံခြင်းက ကျွန်ုပ်တို့၏ယုံကြည်ခြင်း သို့မဟုတ် ကျမ်းစာမူများကို လျစ်လျူရှုရမည်ဟု မဆိုလိုပေ။ ယေရှုနာမကိုအမှီပြု၍ မသွန်သင်ရန် ဘာသာရေးခေါင်းဆောင်များ အမိန့်ပေးသောအခါ အစောပိုင်းခရစ်ယာန်များ မည်သို့ရပ်တည်ခဲ့ကြသနည်း။ ပေတရုနှင့် အခြားတမန်တော်များက “လူ၏စကားထက် ဘုရားသခင်၏စကားတော်ကို နားထောင်သင့်ပါ၏” ဟုရဲရင့်စွာပြန်ပြောခဲ့ကြသည်။ (တ. ၄:၁၈-၂၀; ၅:၂၈၊ ၂၉) ထို့ကြောင့် ယနေ့လည်း အာဏာပိုင်များက သတင်းကောင်းဟောပြောခြင်းကို ရပ်တန့်ရန် တွန်းအားပေးဖို့ကြိုးစားသောအခါ ကျွန်ုပ်တို့မရပ်တန့်ကြပါ။ သို့သော် အခြေအနေကို လိမ္မာပါးနပ်စွာ ကိုင်တွယ်ရန် ကျွန်ုပ်တို့၏နည်းစနစ်များကို ပြုပြင်ပြောင်းလဲနိုင်ပါသည်။ တစ်အိမ်မှတစ်အိမ်ဟောပြောခြင်းကို ပိတ်ပင်ထားပါက အိမ်ရှင်များနှင့် ဆက်သွယ်ရန် အခြားနည်းလမ်းများရှာကြံနိုင်ပြီး ဘုရားသခင်ပေးသောအမိန့်ကို ဆက်၍နာခံကြသည်။ အလားတူ၊ “မင်းအာဏာစက်” တို့သည် အစည်းအဝေးများကျင်းပခြင်းကို ပိတ်ပင်ပါက အုပ်စုငယ်များဖြင့် သတိပညာရှိစွာ စည်းဝေးကြသည်။—ရော. ၁၃:၁; ဟေဗြဲ ၁၀:၂၄၊ ၂၅

၁၃။ အာဏာရှိသူများကို လက်အောက်ခံခြင်းနှင့်ပတ်သက်၍ ယေရှုမည်သို့မိန့်ဆိုသနည်း။

၁၃ ယေရှုသည် မိမိ၏တောင်ပေါ်တရားတော်တွင် အာဏာရှိသူများကို လက်အောက်ခံခြင်းနှင့်ပတ်သက်၍ ဤသို့ဆို၏– “သင့်အင်္ကျီကိုယူလို၍ တရားတွေ့သောသူအား သင့်ဝတ်လုံကိုလည်းယူစေခြင်းငှာ အခွင့်ပေးဦးလော့။ [“အာဏာရှိသူတစ်ဦးသည်၊” ကဘ] သင့်ကိုအနိုင်ပြု၍ ခရီးတစ်တိုင်သွားစေ၏၊ ထိုသူနှင့်တကွ နှစ်တိုင်သွားဦးလော့။” (မ. ၅:၄၀၊ ၄၁) * အခြားသူများကို ထောက်ထားစာနာပြီး ကူညီပေးလိုစိတ်ပြင်းပြခြင်းကလည်း ခရီးမိုင်အပိုသွားရန် လှုံ့ဆော်ပေးပါသည်။—၁ ကော. ၁၃:၅; တိ. ၃:၁၊ ၂

၁၄။ အယူဖောက်ပြန်မှုကို အဘယ်ကြောင့် အလျှော့ပေးလိုက်လျောခြင်း မပြုသင့်သနည်း။

၁၄ သို့သော် အယူဖောက်ပြန်သူများကို ဘယ်သောအခါမျှ အလျှော့ပေးလိုက်လျောခြင်းမပြုသင့်ပေ။ ထိုကိစ္စနှင့်ပတ်သက်၍ ကျွန်ုပ်တို့ခိုင်မာပြတ်သားမှုရှိခြင်းက အမှန်တရား၏သန့်စင်မှုနှင့် အသင်းတော်၏စည်းလုံးမှုကို ထိန်းသိမ်းထားစေနိုင်သည်။ “ညီအစ်ကို၏အယောင်ကိုဆောင်သောသူတို့” နှင့်ပတ်သက်၍ ပေါလုဤသို့ရေး၏– “မှန်သောဧဝံဂေလိတရားသည် သင်တို့၌တည်နေမည်အကြောင်း ငါတို့သည် ထိုသူတို့စီရင်ခြင်းကို ခဏမျှဝန်မခံကြ။” (ဂလ. ၂:၄၊ ၅) အယူဖောက်ပြန်မှုပေါ်ပေါက်လာသည့် ဖြစ်တောင့်ဖြစ်ခဲအခြေအနေတွင် အပ်နှံထားသောခရစ်ယာန်များသည် အမှန်တရားဘက်တွင် ခိုင်မာစွာရပ်တည်ကြပါလိမ့်မည်။

ကြီးကြပ်မှူးများသည် ဖြည်းညင်းသောသဘောရှိရန် လိုအပ်

၁၅။ ခရစ်ယာန်ကြီးကြပ်မှူးများသည် အတူတကွစည်းဝေးစဉ် မည်သည့်နည်းဖြင့် အလျှော့ပေးလိုက်လျောနိုင်သနည်း။

၁၅ ကြီးကြပ်မှူးများအဖြစ် အမှုဆောင်ရန် ခန့်အပ်ခံရသူတို့ ပြည့်မီရမည့်အရည်အချင်းတစ်ခုမှာ ဖြည်းညင်းသောသဘောရှိခြင်း၊ တစ်နည်းအားဖြင့် အလျှော့ပေးလိုက်လျောရန်၊ လက်အောက်ခံရန် လိုလိုလားလားရှိခြင်းဖြစ်သည်။ “ထို့ကြောင့် သင်းအုပ်သည် . . . စိတ်ဖြည်းညင်းသောသူ . . . ဖြစ်ရမည်” ဟုပေါလုရေးသားခဲ့သည်။ (၁ တိ. ၃:၂၊ ၃) အထူးသဖြင့် သူတို့သည် အသင်းတော်ကိစ္စများဆွေးနွေးရန် စည်းဝေးကြချိန်တွင်ဖြစ်သည်။ အကြီးအကဲယောက်တိုင်း တစ်စုံတစ်ရာမှတ်ချက်ပေးဖို့ မလိုအပ်သော်လည်း ဆုံးဖြတ်ချက်မချမီ တစ်ဦးစီသည် မိမိသဘောထားကို ပွင့်ပွင့်လင်းလင်းပြောဆိုနိုင်သည်။ ဆွေးနွေးနေစဉ် အကြီးအကဲတစ်ဦးသည် သက်ဆိုင်သောကျမ်းစာမူများအကြောင်း အခြားသူတို့ ပြောဆိုသည်ကိုကြားရသောအခါ ထိုကိစ္စနှင့်ပတ်သက်၍ သူ၏သဘောထားပြောင်းလဲသွားပေမည်။ ထိုအခါ ရင့်ကျက်သောအကြီးအကဲတစ်ဦးသည် အခြားသူများ၏သဘောထားကို ကန့်ကွက်ပြီး မိမိ၏သဘောထားကိုသာ မရမကစွဲကိုင်ထားမည့်အစား အလျှော့ပေးလိုက်လျောသည်။ ဆွေးနွေးမှုအစပြုချိန်တွင် သဘောထားအမျိုးမျိုးရှိမည်ဖြစ်သော်လည်း ဆုတောင်းသုံးသပ်ခြင်းဖြင့် ကျိုးနွံမှုရှိပြီး အလျှော့ပေးလိုက်လျောတတ်သော အကြီးအကဲများအတွင်း သဘောတညီတညွတ်တည်းရှိပါလိမ့်မည်။—ဧဖက် ၄:၁-၃ ကိုဖတ်ပါ; ၁ ကော. ၁:၁၀

၁၆။ ခရစ်ယာန်ကြီးကြပ်မှူးတစ်ဦးသည် အဘယ်သဘောထားမျိုး တင်ပြသင့်သနည်း။

၁၆ ခရစ်ယာန်အကြီးအကဲတစ်ဦးသည် မိမိ၏ပြုမူလုပ်ဆောင်ပုံအားလုံးတွင် သီအိုကရက်တစ်အစီအစဉ်ကို လက်အောက်ခံရန်ကြိုးစားသင့်သည်။ သိုးထိန်းခြင်းလုပ်ငန်းတွင်ပင် ထိုသဘောထားမျိုး တင်ပြခြင်းဖြင့် အခြားသူများကို ထောက်ထားစာနာမှုရှိပြီး နူးညံ့ညင်သာစွာဆက်ဆံနိုင်ပါလိမ့်မည်။ “သင်တို့နှင့်အတူရှိသော ဘုရားသခင်၏သိုးတော်စုကိုထိန်းခြင်းအမှုမှာ အနိုင်ထိန်းရသောကြောင့်မဟုတ်၊ မစင်ကြယ်သောစီးပွားကို တပ်မက်သောကြောင့်မဟုတ်ဘဲ အလိုလိုစေတနာစိတ်ရှိ၍ ကြည့်ရှုအုပ်ထိန်းကြလော့” ဟုပေတရုရေးခဲ့သည်။—၁ ပေ. ၅:၂

၁၇။ အသင်းတော်သားအားလုံးသည် အခြားသူများနှင့်ဆက်ဆံရာတွင် အလျှော့ပေး၊ လက်အောက်ခံတတ်သောသဘော မည်သို့တင်ပြနိုင်သနည်း။

၁၇ အသင်းတော်သားအားလုံးလည်း အလျှော့ပေး၊ လက်အောက်ခံတတ်သောသဘော တင်ပြနိုင်ကြပါသည်။ အသင်းတော်ရှိ သက်ကြီးရွယ်အိုများသည် ငယ်ရွယ်သူများ၏ တန်ဖိုးရှိသောကူညီထောက်မမှုကို ကျေးဇူးတင်လေးမြတ်ပြီး သူတို့ကို သိက္ခာရှိစွာဆက်ဆံကြသည်။ အပြန်အလှန်အားဖြင့် လူငယ်များကလည်း ယေဟောဝါ၏အမှုတော်ကို နှစ်ပေါင်းများစွာထမ်းဆောင်ခဲ့သော သက်ကြီးရွယ်အိုများကို လေးစားကြပါသည်။ (၁ တိ. ၅:၁၊ ၂) ခရစ်ယာန်အကြီးအကဲများသည် တာဝန်အချို့ကို လွှဲအပ်နိုင်မည့်၊ ဘုရားသခင့်သိုးတော်စုကို ဂရုစိုက်စောင့်ရှောက်တတ်ရန် လေ့ကျင့်ပေးနိုင်မည့် အရည်အချင်းရှိအမျိုးသားများကို ရှာဖွေနေသည်။ (၂ တိ. ၂:၁၊ ၂) ခရစ်ယာန်ယောက်တိုင်းသည် ပေါလု၏ဤမှုတ်သွင်းခံအကြံဉာဏ်ကို တန်ဖိုးထားသင့်ပေသည်– “သင်တို့ကိုအုပ်သောသူတို့၏စကားကို နားထောင်၍ နှိမ့်ချ [“လက်အောက်ခံ၊” ကဘ] လျက်နေကြလော့။ သူတို့သည် ကိုယ်တိုင်စစ်ကြောခြင်းကိုခံရသောသူကဲ့သို့ သင်တို့စိတ်ဝိညာဉ်၏အကျိုးအလို့ငှာ စောင့်နေကြ၏။ သင်တို့အကျိုးကိုမဖြစ်စေတတ်သော ဝမ်းနည်းခြင်းမရှိ၊ ဝမ်းမြောက်ခြင်းရှိ၍ သူတို့သည် စစ်ကြောခြင်းကိုခံရမည်အကြောင်း သတိပြုလျက်နေကြလော့။”—ဟေဗြဲ ၁၃:၁၇

မိသားစုဝင်များ ဖြည်းညင်းသောသဘောတင်ပြခြင်း

၁၈။ အလျှော့ပေး၊ လက်အောက်ခံတတ်သောသဘောသည် မိသားစုတွင် အဘယ်ကြောင့် သင့်လျော်သနည်း။

၁၈ မိသားစုဝင်များလည်း အလျှော့ပေးလိုက်လျောခြင်း၊ လက်အောက်ခံခြင်းဖြင့် ဖြည်းညင်းသောသဘော တင်ပြတတ်ဖို့ အရေးကြီးသည်။ (ကောလောသဲ ၃:၁၈-၂၁ ကိုဖတ်ပါ။) ခရစ်ယာန်မိသားစုဝင်များ၏ ကဏ္ဍအသီးသီးကို ကျမ်းစာတွင်ဖော်ပြထားသည်။ ယောက်ျားသည် ဇနီး၏ဦးခေါင်းဖြစ်သကဲ့သို့ သားသမီးများကို လမ်းညွှန်ပေးရာတွင်လည်း အဓိကတာဝန်ရှိသူဖြစ်သည်။ ဇနီးသည် ခင်ပွန်း၏အခွင့်အာဏာကို အသိအမှတ်ပြုသင့်ပြီး သားသမီးများသည် သခင်ဘုရားနှစ်သက်သောလမ်းစဉ်ဖြစ်သည့် နာခံမှုရှိရန် ကြိုးစားသင့်သည်။ မိသားစုဝင်ယောက်တိုင်းသည် သင့်လျော်ပြီး မျှတစွာ အလျှော့ပေးလိုက်လျောခြင်း၊ လက်အောက်ခံခြင်းဖြင့် အိမ်ထောင်၏ငြိမ်သက်စည်းလုံးမှုကို တိုးများစေနိုင်သည်။ သမ္မာကျမ်းစာတွင် ထိုအချက်ကိုထောက်ပြနိုင်သော ပုံသက်သေများ ပါရှိသည်။

၁၉၊ ၂၀။ (က) အလျှော့ပေးလိုက်လျောခြင်းနှင့်ပတ်သက်၍ ဧလိနှင့် ယေဟောဝါ၏ခြားနားချက်ကို ဖော်ပြပါ။ (ခ) ထိုပုံသက်သေများမှ မိဘများ အဘယ်သင်ခန်းစာများရရှိနိုင်သနည်း။

၁၉ ရှမွေလ ကလေးဘဝတွင် ဣသရေလနိုင်ငံ၌ ဧလိသည် ယဇ်ပုရောဟိတ်မင်းအဖြစ် အမှုဆောင်နေ၏။ သို့သော် ဧလိ၏သားများဖြစ်သော ဟောဖနိနှင့်ဖိနဟတ်တို့သည် ‘ထာဝရဘုရားသခင်ကိုမသိ၊ ယုတ်မာသောသူများဖြစ်ကြ၏။’ ပရိသတ်စည်းဝေးရာတဲတော်တံခါးနားမှာ အမှုဆောင်သော မိန်းမများနှင့် မတရားမေထုန်ပြုခြင်းအပါအဝင် သူတို့၏သတင်းဆိုးများကို ဧလိကြားရသည်။ သူမည်သို့တုံ့ပြန်ခဲ့သနည်း။ ဧလိက သူတို့သည် ယေဟောဝါကိုပြစ်မှားလျှင် သူတို့အတွက် တောင်းပန်ပေးမည့်သူရှိမည်မဟုတ်ဟု ပြောခဲ့သည်။ သို့သော် သူတို့ကိုပြုပြင်တည့်မတ်ပြီး ကြပ်မတ်စွာဆုံးမခြင်းမရှိခဲ့ပါ။ ထို့ကြောင့် ဧလိ၏သားတို့သည် အပြစ်များဆက်ကျူးလွန်ခဲ့ကြသည်။ နောက်ဆုံး၊ သူတို့သေထိုက်ကြောင်း ယေဟောဝါကိုယ်တိုင် ဖြောင့်မတ်စွာဆုံးဖြတ်ခဲ့သည်။ သူတို့သေဆုံးကြောင်း ဧလိကြားသော် သူလည်း သေလေ၏။ ဝမ်းနည်းဖွယ်ကောင်းလိုက်လေခြင်း! ဧလိအနေဖြင့် သူတို့၏ဆိုးသွမ်းသောအပြုအမူများကို မသင့်လျော်စွာ အလျှော့ပေးလိုက်လျောထားခြင်း၊ တစ်နည်းအားဖြင့် ဆက်လုပ်ရန် ခွင့်ပြုထားခြင်းက မှားယွင်းကြောင်း ရှင်းနေပါသည်။—၁ ရာ. ၂:၁၂-၁၇၊ ၂၂-၂၅၊ ၃၄၊ ၃၅; ၄:၁၇၊ ၁၈

၂၀ ယင်းနှင့်ဆန့်ကျင်လျက် ကောင်းကင်သားများနှင့် ဘုရားသခင်ဆက်ဆံပုံကို သုံးသပ်ကြည့်ပါ။ ပရောဖက်မိက္ခာသည် ယေဟောဝါနှင့်ကောင်းကင်တမန်များ စည်းဝေးခြင်းနှင့်ပတ်သက်သည့် စွဲမှတ်ဖွယ်အဆင်းအာရုံတစ်ခု မြင်တွေ့ခဲ့ရသည်။ ယေဟောဝါက ဆိုးသွမ်းသောအာဟပ်မင်း ကျဆုံးစေရန် မည်သည့်ကောင်းကင်တမန် သွေးဆောင်နိုင်မည်နည်းဟု မေးခဲ့သည်။ သူတို့၏အကြံပြုချက်အမျိုးမျိုးကို ယေဟောဝါနားထောင်သည်။ ကောင်းကင်တမန်တစ်ပါးက မိမိပြုလုပ်မည်ဟု ပြောသောအခါ မည်သို့ပြုလုပ်မည်နည်းဟု ယေဟောဝါမေးသည်။ သူ၏အဖြေကို ကျေနပ်သွားသဖြင့် ထိုတာဝန်ကိုထမ်းဆောင်ရန် သူ့ကို ယေဟောဝါမိန့်မှာခဲ့သည်။ (၃ ရာ. ၂၂:၁၉-၂၃) မိသားစုဝင်များသည် ထိုမှတ်တမ်းမှ အလျှော့ပေးလိုက်လျောခြင်း၊ လက်အောက်ခံခြင်းနှင့်ပတ်သက်၍ သင်ခန်းစာများ သင်ယူနိုင်သည်မဟုတ်လော။ ခရစ်ယာန်ခင်ပွန်းနှင့်ဖခင်တစ်ဦးသည် ဇနီးနှင့်သားသမီးများ၏ အမြင်နှင့်အကြံဉာဏ်များကို ကောင်းစွာထည့်သွင်းစဉ်းစားသည်။ အလားတူ၊ ဇနီးနှင့်သားသမီးများသည်လည်း မိမိ၏အမြင်နှင့်ကြိုက်နှစ်သက်ရာကို ပြောပြီးနောက် ဆုံးဖြတ်ချက်ချရန် ကျမ်းပေးအခွင့်အာဏာရရှိထားသူ၏ လမ်းညွှန်မှုကို လက်အောက်ခံဖို့ လိုအပ်ပေမည်။

၂၁။ နောက်ဆောင်းပါးတွင် အဘယ်အကြောင်း သုံးသပ်မည်နည်း။

၂၁ အလျှော့ပေးလိုက်လျောခြင်း၊ လက်အောက်ခံခြင်းဖြင့် ဖြည်းညင်းသောသဘောတင်ပြနိုင်ရန်  ယေဟောဝါ၏  မေတ္တာပါပြီးဉာဏ်ပညာရှိ သတိပေးချက်များအတွက် ကျွန်ုပ်တို့အလွန်ကျေးဇူးတင်လေးမြတ်ကြပါသည်။ (ဆာ. ၁၁၉:၉၉) ယင်းတို့ကို မျှတစွာတင်ပြခြင်းက အိမ်ထောင်တွင် ရွှင်လန်းမှုခံစားနိုင်ရန် မည်သို့အထောက်အကူပြုကြောင်း နောက်ဆောင်းပါးတွင် သုံးသပ်ကြမည်။

[အောက်ခြေမှတ်ချက်များ]

^ အပိုဒ်၊ 2 တမန်တော်ပေါလု အသုံးပြုခဲ့သောစကားလုံးကို ယုဒသန်ကျမ်းတွင် အများအားဖြင့် “ဖြည်းညင်းသောသဘော” ဟုပြန်ဆိုထားသည်။ သို့သော် ထိုစကားလုံးနှင့်ပတ်သက်၍ အကိုးအကားစာအုပ်တစ်အုပ်က ဤသို့ဆိုသည်– “ဖြည်းညင်းသောသဘောတွင် တစ်ဦးတစ်ယောက်၏ကိုယ်ပိုင်အခွင့်အရေးများကို လိုက်လျောရန် လိုလိုလားလားရှိခြင်း၊ ထောက်ထားစာနာမှုတင်ပြခြင်း၊ နူးညံ့သိမ်မွေ့ခြင်းတို့ပါဝင်သည်။” ထို့ကြောင့် ထိုစကားလုံးသည် လက်အောက်ခံခြင်း၊ အလျှော့ပေးလိုက်လျောတတ်ခြင်း၊ အကျိုးသင့်အကြောင်းသင့်ရှိခြင်း၊ ဘုရားသခင့်ပညတ်ကို လိုက်နာစေရန် အတင်းအကျပ်မပြုခြင်း သို့မဟုတ် အခြားသူ၏အခွင့်အရေးများကို မရမနေ မတောင်းဆိုခြင်းဟူသောအဓိပ္ပာယ်ရှိသည်။

^ အပိုဒ်၊ 13 ၂၀၀၅၊ ဖေဖော်ဝါရီ ၁၅ ရက်ထုတ် ကင်းမျှော်စင် စာမျက်နှာ ၂၃-၂၆ ပါ ‘သင့်ကို အနိုင်အထက်ပြုစေခိုင်းလျှင်’ ဆောင်းပါးကိုရှု။

သင်မည်သို့ဖြေဆိုမည်နည်း

• အလျှော့ပေးလိုက်လျောခြင်း၊ လက်အောက်ခံခြင်းဖြင့် ဖြည်းညင်းသောသဘောတင်ပြမည်ဆိုလျှင် အဘယ်အကျိုးကျေးဇူးများရရှိနိုင်သနည်း။

• ကြီးကြပ်မှူးများသည် အလျှော့ပေး၊ လက်အောက်ခံတတ်သောသဘောထားကို မည်သို့တင်ပြနိုင်သနည်း။

• အလျှော့ပေး၊ လက်အောက်ခံတတ်သောသဘောထားသည် မိသားစုဘဝတွင် အဘယ်ကြောင့်အရေးကြီးသနည်း။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၄ ပါပုံစာ]

အကြီးအကဲများသည် အခြားသူများကို ကြင်နာစွာဆက်ဆံသည့် ခရစ်တော်၏ပုံသက်သေကို တုပကြ

[စာမျက်နှာ ၆ ပါပုံစာ]

အသင်းတော်အကြီးအကဲများ စည်းဝေးကြသောအခါ ဆုတောင်းသုံးသပ်ခြင်းနှင့် အလျှော့ပေးလိုက်လျော ခြင်းက စည်းလုံးမှုတိုးပွားစေ