အင်ဒီးစ်တောင်တန်းပေါ်တွင် သတင်းကောင်းဖြန့်ဝေခြင်း
အင်ဒီးစ်တောင်တန်းပေါ်တွင် သတင်းကောင်းဖြန့်ဝေခြင်း
ညစ်ပေနေတဲ့ကြမ်းပြင်မှာ ကျွန်တော်တို့ ၁၈ ယောက် ရှိနေကြတယ်။ ခရီးဆောင်အိပ်ရာထဲမှာ ခိုက်ခိုက်တုန်အောင်ချမ်းနေရင်း သွပ်မိုးပေါ် သဲသဲမဲမဲရွာချနေတဲ့မိုးသံကို နားစွင့်နေမိတယ်။ ဒီလောက်စုတ်ချာနေတဲ့ တဲအိမ်လေးကိုကြည့်ရင် ဒီနေရာကို ကျွန်တော်တို့ ဦးဆုံးရောက်လာတာများလားလို့တောင် ထင်ရတယ်။
ဒီနေရာကို ကျွန်တော်တို့ ၁၈ ယောက် ဘာကြောင့်ရောက်လာကြသလဲ။ အကြောင်းရင်းကတော့ “မြေကြီးစွန်းတိုင်အောင်” သတင်းကောင်းဟောပြောပါဆိုတဲ့ ယေရှုရဲ့မိန့်မှာချက်ကို လိုက်နာချင်တဲ့အတွက်ဖြစ်တယ်။ (တ. ၁:၈; မ. ၂၄:၁၄) ဘိုလီးဗီးယားနိုင်ငံ၊ အင်ဒီးစ်တောင်တန်းက ဝေးခေါင်တဲ့ဒေသကို ကျွန်တော်တို့ သွားရောက်ဟောပြောမယ့်ခရီးစဉ်ဖြစ်တယ်။
ခရီးစဉ်အခက်အခဲ
ဦးဆုံးကြုံရတဲ့အခက်အခဲကတော့ အဲဒီကိုရောက်နိုင်ဖို့ပဲ။ ဒီလိုဝေးခေါင်တဲ့ဒေသတွေကိုသွားတဲ့ လူထုသယ်ယူပို့ဆောင်ရေးခရီးစဉ်က အချိန်အတိအကျမရှိဘူးဆိုတာ ကျွန်တော်တို့သိခဲ့ရတယ်။ ကျွန်တော်တို့စီးမယ့် ဘတ်စကားရောက်လာတော့ ထင်တာထက်ပိုသေးနေတဲ့အတွက် တချို့က ထိုင်ခုံမရကြဘူး။ ဒါပေမဲ့ ကျွန်တော်တို့အားလုံး လိုရာခရီးကို ရောက်ခဲ့ပါတယ်။
ကျွန်တော်တို့ပန်းတိုင်ကတော့ ဘိုလီးဗီးယားနိုင်ငံမှာရှိတဲ့ အင်ဒီးစ်တောင်တန်းပေါ်က ရွာတွေမှာ သွားရောက်ဟောပြောဖို့ပဲ။ ဘတ်စကားခရီးစဉ်ဆုံးတဲ့အခါ ကျွန်တော်တို့အုပ်စု ရိက္ခာပစ္စည်းတွေကိုသယ်ပိုးပြီး မတ်စောက်တဲ့တောင်ပေါ်လမ်းတွေမှာ တစ်ယောက်စီ သတိထားလျှောက်ရတယ်။
ရွာတွေက သေးတယ်လို့ထင်ရပေမဲ့ အိမ်ခြေအရမ်းကျဲတော့ ရွာတိုင်းကိုသွားနိုင်ဖို့ အချိန်တော်တော်ကြာတယ်။ ကျွန်တော်တို့ ဘယ်လောက်ပဲ ဝေးဝေးလျှောက်ခဲ့ပြီးပါစေ နောက်တစ်အိမ်ရောက်ဖို့ အဝေးကြီးလိုနေသေးပုံရတယ်။ လယ်ကွင်းတွေတစ်လျှောက် ကွေ့ကောက်တဲ့လူသွားလမ်းတွေမှာ ကျွန်တော်တို့ မျက်စိလည်လမ်းပျောက်လေ့ရှိတယ်။
“ဘာကြောင့် ဒီထက်စောစော မလာကြတာလဲ”
အမျိုးသမီးတစ်ယောက်က ကျွန်တော်တို့ ဒီလောက်ဝေးဝေးလျှောက်ခဲ့ရတာကို စိတ်စွဲမှတ်သွားပြီး ကျွန်တော်တို့ နေ့လည်စာချက်နိုင်ဖို့ သူ့ရဲ့မီးဖိုဆောင်နဲ့ထင်းတွေကို သုံးခွင့်ပေးတယ်။ အမျိုးသားတစ်ယောက်က လူသေတွေရဲ့အခြေအနေနဲ့ပတ်သက်တဲ့ ကျမ်းစာသွန်သင်ချက်ကိုသိရတဲ့အခါ “ဘာကြောင့် ဒီထက်စောစော မလာကြတာလဲ” လို့မေးခဲ့တယ်။ သူ သိပ်စိတ်ဝင်စားတဲ့အတွက် သူ့ရွာကနေ ကျွန်တော်တို့ထွက်ခွာတဲ့အခါ လိုက်လာပြီး လမ်းတစ်လျှောက် မေးခွန်းတွေမေးခဲ့တယ်။ ယေဟောဝါသက်သေတွေအကြောင်း မကြားဖူးတဲ့ နောက်အမျိုးသားတစ်ယောက်က ကျွန်တော်တို့စာပေတွေကို အရမ်းစိတ်ဝင်စားတယ်။ ကျွန်တော်တို့ရောက်လာတဲ့အတွက် သိပ်ကျေးဇူးတင်ပြီး ညမှာတည်းခိုနိုင်ဖို့ တဲအိမ်သော့ကိုပေးတယ်။
တစ်ညမှာတော့ အတော့်ကိုမှောင်နေတာနဲ့ ကျွန်တော်တို့လည်း ပုရွက်ဆိတ်မည်းတွေ အုံဖွဲ့နေတဲ့နေရာမှန်းမသိဘဲ စခန်းချတဲထိုးမိတယ်။ ပုရွက်ဆိတ်တွေက စိတ်ဆိုးဆိုးနဲ့ ချက်ချင်းကိုက်တော့တာပဲ။ ကျွန်တော်တို့လည်း အရမ်းပင်ပန်းနေတော့ နေရာမရွှေ့ချင်တော့ဘူး။ မကြာပါဘူး၊ ပုရွက်ဆိတ်တွေက ကျွန်တော်တို့ကို သိပ်အရေးမစိုက်တော့တဲ့အတွက် ကျေးဇူးတင်မိတယ်။
မြေကြီးပေါ်အိပ်ရလို့ အစပိုင်းမှာ ခါးနာတာ၊ ကျောအောင့်တာဖြစ်ပေမဲ့ ကြာတော့ ကျင့်သားရသွားတယ်။
နံနက်ခင်းမှာ လှပတဲ့သဘာဝလျှိုမြောင်တွေပေါ် တိမ်တိုက်တွေ တရွေ့ရွေ့သွားနေတာ၊ ဆီးနှင်းဖုံးနေတဲ့တောင်ထိပ်တွေရဲ့ ခမ်းနားလှပတာတွေကို မြင်ရတဲ့အခါ နာကျင်ကိုက်ခဲတာအားလုံး မေ့ပျောက်သွားတယ်။ စမ်းရေစီးသံနဲ့ ငှက်တေးသံကလွဲလို့ ဆိတ်ငြိမ်လှပါတယ်။စမ်းချောင်းမှာ ရေချိုးပြီးတဲ့နောက် ကျမ်းချက်တစ်ချက်ကို အတူတကွသုံးသပ်ကြတယ်၊ မနက်စာစားပြီးတာနဲ့ နောက်ရွာတစ်ရွာကို ဖြည်းဖြည်းချင်း ဆက်တက်ခဲ့ကြတယ်။ တောင်တက်လာရကျိုးနပ်ပါတယ်။ အဒေါ်ကြီးတစ်ယောက်နဲ့ ကျွန်တော်တို့တွေ့ဆုံခဲ့ပြီး ဘုရားသခင်ရဲ့နာမတော်က ယေဟောဝါဖြစ်တယ်ဆိုတာ ကျမ်းစာမှာဖော်ပြထားမှန်း သူသိရတဲ့အခါ မျက်ရည်ကျပြီး သိပ်ကိုစိတ်လှုပ်ရှားခဲ့တယ်။ အခု ဘုရားသခင်ရဲ့နာမတော်ကိုသုံးပြီး သူဆုတောင်းနိုင်ပြီ။
ဦးလေးကြီးတစ်ယောက်ကတော့ သူ့ကို ဘုရားသခင်အမှတ်ရတယ်လို့ပြောပြီး ကျွန်တော်တို့ကို ကောင်းကင်တမန်စေလွှတ်လိုက်တာပဲလို့ သီချင်းစဆိုတော့တယ်။ တော်တော်ဖျားနေလို့ အိမ်ပြင်မထွက်နိုင်တဲ့ နောက်အမျိုးသားတစ်ယောက်ကတော့ ရွာသားတစ်ယောက်မှ သူ့ဆီကို မလာကြဘူးလို့ပြောတယ်။ ကျွန်တော်တို့ လာပါဇ်မြို့ကနေ လာခဲ့ရတာကို သူအံ့ဩသွားတယ်။ တခြားဘာသာတွေက ဘုရားကျောင်းခေါင်းလောင်းထိုးပြီး လူခေါ်တဲ့အချိန်မှာ ယေဟောဝါသက်သေတွေကတော့ လူတွေအိမ်ကို သွားရောက်ဟောပြောတဲ့အတွက် အရမ်းအထင်ကြီးလေးစားတယ်ဆိုပြီး နောက်အမျိုးသားတစ်ယောက်က ပြောတယ်။
အဲဒီဒေသမှာ တစ်အိမ်မှလျှပ်စစ်မီးမရှိတော့ လူတွေလည်း မှောင်တာနဲ့အိပ်ရာဝင်ပြီး ရောင်နီလင်းတာနဲ့အိပ်ရာထနေကြပြီ။ ဒါကြောင့် လူတွေကို အိမ်မှာတွေ့နိုင်ဖို့ မနက် ၆ နာရီမှာ စဟောရတယ်။ ဒီလိုမှမဟုတ်ရင် လူအများစုက လယ်ယာတွေမှာ အလုပ်ဆင်းနေကြပြီ။ နောက်ပိုင်းတော့ လယ်မှာ အလုပ်ဆင်းနေသူတချို့လည်း လယ်ထွန်နေတာကို ခဏရပ်ပြီး ကျွန်တော်တို့ဟောပြောတဲ့ ကျမ်းစာသတင်းတရားကို ကောင်းကောင်းနားထောင်ကြတယ်။ အိမ်မှာတွေ့တဲ့လူအများစုက ကျွန်တော်တို့ထိုင်ဖို့ သိုးသားရေတွေကိုခင်းပေးပြီး မိသားစုလိုက် လာနားထောင်ကြတယ်။ လယ်သမားတချို့က ကျွန်တော်တို့ဝေငှတဲ့ ကျမ်းစာစာပေတွေအတွက် ကျေးဇူးတင်တဲ့အနေနဲ့ ပြောင်းဖူးအိတ်ကြီးတွေ ပေးကမ်းကြတယ်။
“ငါ့ကို မင်းတို့မေ့မသွားဘူးနော်”
လူတွေ ကျမ်းစာအသိပညာဆက်တိုးတက်နေဖို့ သူတို့ဆီ တစ်ကြိမ်ထက်မက ပြန်သွားရမယ်ဆိုတာ သိပ်မှန်တယ်။ နောက်ထပ်ပြန်လာပြီး သွန်သင်ပေးပါလို့ လူအများစုက တောင်းဆိုကြတယ်။ ဒါကြောင့် ဘိုလီးဗီးယားနိုင်ငံမှာရှိတဲ့ အဲဒီဒေသကို ကျွန်တော်တို့ အကြိမ်ကြိမ်ပြန်သွားခဲ့ကြတယ်။
နောက်ပိုင်းခရီးစဉ်တစ်ခုမှာ အဒေါ်ကြီးတစ်ယောက်က ကျွန်တော်တို့ပြန်လာတဲ့အတွက် ဝမ်းသာအားရနဲ့ “မင်းတို့က ငါ့သားသမီးတွေလိုပဲ။ ငါ့ကို မင်းတို့မေ့မသွားဘူးနော်” ဆိုပြီးပြောခဲ့တယ်။ အမျိုးသားတစ်ယောက်က ကျွန်တော်တို့ရဲ့လုပ်ဆောင်မှုကို ကျေးဇူးတင်တယ်လို့ပြောပြီး နောက်တစ်ခါပြန်လာရင် သူ့အိမ်မှာတည်းဖို့ ဖိတ်ခေါ်တယ်။ အရင်တစ်ခေါက် ကျွန်တော်တို့လာလည်ပတ်တုန်းက တွေ့ဆုံခဲ့တဲ့ အမျိုးသမီးတစ်ယောက်က မြို့ကိုပြောင်းရွှေ့သွားပြီး အခု သတင်းကောင်းဟောပြောနေမှန်းသိရတာက ကျွန်တော်တို့ကြိုးစားမှုအတွက် အကြီးမားဆုံးကောင်းချီးဖြစ်မှာပါ။
ပထမခရီးစဉ်ရဲ့ နောက်ဆုံးနေ့တုန်းက ခရီးဆောင်မီးဖိုမှာ ရေနံဆီလည်းကုန်၊ ရိက္ခာလည်းပြတ်သလောက်ဖြစ်နေပြီ။ ဒါနဲ့ ထင်းတွေလိုက်ရှာပြီး မီးမွှေးတယ်၊ နောက်ဆုံးလက်ကျန်ရိက္ခာကို ချက်စားပြီး အပြန်ခရီး ဆက်လျှောက်ခဲ့ကြတယ်။ ဘတ်စကားစီးနိုင်မယ့်မြို့ကိုရောက်ဖို့ မိုင်ပေါင်းများစွာ လမ်းလျှောက်ရတယ်။ ညမှောင်ချိန်မှာ မြို့ကိုရောက်ခဲ့တယ်။
အပြန်ခရီးစဉ်
အပြန်ခရီးမှာ ကားပျက်သွားတယ်။ ဒါနဲ့ လူတွေပြွတ်သိပ်နေတဲ့ ထရပ်ကားတစ်စီးနောက်မှာ စီးခဲ့ရတယ်။ အဲဒါကြောင့်လည်း ခရီးသည်တွေကို ဟောပြောခွင့်ရခဲ့တယ်၊ သူတို့က ကျွန်တော်တို့ ဘာကြောင့် ဒီမှာရောက်နေတယ်ဆိုတာ သိချင်နေကြတာ။ သူတို့က အရှက်အကြောက်ကြီးပေမဲ့ လှိုက်လှဲဖော်ရွေကြပါတယ်။
ထရပ်ကားနောက်မှာ ကိုးနာရီလောက် စီးနင်းလိုက်ပါလာပြီးတဲ့နောက် မိုးရေစိုရွှဲပြီး ခိုက်ခိုက်တုန်အောင်ချမ်းနေတဲ့ ကျွန်တော်တို့တစ်တွေ အိမ်ပြန်ရောက်ခဲ့ကြပြီ။ ကျွန်တော်တို့ရဲ့ခရီးစဉ်က အကျိုးမမဲ့ခဲ့ပါဘူး။ လမ်းခရီးမှာ မြို့ပေါ်မှာနေတဲ့ အမျိုးသမီးတစ်ယောက်နဲ့ ကျမ်းစာသင်အံဖို့ စီစဉ်နိုင်ခဲ့တယ်။
ဒီလိုဝေးခေါင်တဲ့ဒေသက လူတွေကို သတင်းကောင်းဟောပြောရတာ တကယ့်အခွင့်ထူးပါပဲ။ ကျေးရွာလေးရွာနဲ့ ရွာငယ်လေးတွေအများကြီးမှာ ဟောပြောခဲ့ရတယ်။ ‘ငြိမ်သက်ခြင်း၏ဝမ်းမြောက်စရာသတင်းကို ကြားပြောသောသူ၊ ကယ်တင်ခြင်းကောင်းကျိုးချမ်းသာ၏ ဝမ်းမြောက်စရာသတင်းကို ကြားပြောသောသူ၏ ခြေတို့သည် တောင်ပေါ်မှာ အလွန်တင့်တယ်လှစွတကား’ ဆိုတဲ့ကျမ်းစကားကို ကျွန်တော်တို့ တွေးတောနေမိတယ်။—ဟေရှာ. ၅၂:၇; ရော. ၁၀:၁၅။
[စာမျက်နှာ ၁၇ ပါပုံစာ]
သတင်းကောင်းဝေမျှရန် အသင့်ဖြစ်နေ