မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အလွန် အရေးကြီးသော ချိန်းဆိုမှု

အလွန် အရေးကြီးသော ချိန်းဆိုမှု

အလွန် အရေးကြီးသော ချိန်းဆိုမှု

ကျွန်မမှာ သိပ်ကိုအရေးကြီးတဲ့ချိန်းဆိုမှုတစ်ခု ရှိနေတယ်။ စပိန်လူမျိုး ငယ်ရွယ်တဲ့မိခင်တစ်ယောက်အနေနဲ့ ကျွန်မ ဘာကြောင့် ဒီလိုချိန်းဆိုခဲ့ရသလဲဆိုတာ ရှင်းပြပါရစေ။

ကျွန်မတို့မိသားစုမှာ ငြိမ်သက်စည်းလုံးမှုဆိုတာ မရှိခဲ့ဘူး။ ကျွန်မရဲ့မောင်လေး လေးနှစ်အရွယ်မှာ မတော်တဆမှုတစ်ခုကြောင့် အဖြစ်ဆိုးနဲ့သေဆုံးသွားတဲ့အခါ ကျွန်မတို့မိသားစု အကြီးအကျယ် ပူဆွေးသောကရောက်ခဲ့ရတယ်။ ဒါ့အပြင် အဖေ့ရဲ့အကျင့်ဆိုးတွေကြောင့်လည်း အမေ့ခမျာ အိမ်ထောင်မှာ ပျော်ရွှင်မှုသိပ်မခံစားခဲ့ရဘူး။ ဒါပေမဲ့ ဒီအခက်အခဲတွေကြားထဲက ကျွန်မနဲ့အစ်ကို့ကို ကျင့်ဝတ်စံနှုန်းတွေ သွန်သင်ပေးခဲ့တယ်။

အချိန်တန်တော့ အစ်ကိုရော ကျွန်မပါ အိမ်ထောင်ကျသွားတယ်။ သိပ်မကြာပါဘူး၊ အမေ့မှာ ကင်ဆာရောဂါဖြစ်နေမှန်းသိလိုက်ရပြီး နောက်ဆုံးတော့ ကွယ်လွန်သွားရှာတယ်။ ဒါပေမဲ့ အမေမဆုံးခင် ကျွန်မတို့အတွက် အဖိုးတန်အမွေတစ်ခု ထားရစ်ခဲ့တယ်။

အမေ့အသိတစ်ယောက်က ကျမ်းစာမှာပါတဲ့ ရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက်အကြောင်း ပြောပြတဲ့အခါ ကျမ်းစာလေ့လာဖို့ အမေလက်ခံခဲ့တယ်။ အမေ့ရဲ့ဘဝနေဝင်ချိန်မှာ ကျမ်းစာမှာပါတဲ့ မျှော်လင့်ချက်သတင်းတရားက အမေ့ဘဝကို အဓိပ္ပာယ်ရှိစေပြီး ပျော်ရွှင်စေခဲ့တယ်။

ကျမ်းစာသတင်းတရားက အမေ့အတွက် အကျိုးပြုတာကိုမြင်ရတဲ့အခါ အစ်ကိုနဲ့ကျွန်မလည်း ကျမ်းစာစလေ့လာခဲ့ကြတယ်။ ကျွန်မရဲ့ဒုတိယသမီးချောလေး လူစီယာကိုမမွေးခင် တစ်လအလိုမှာ ယေဟောဝါသက်သေတစ်ယောက်အဖြစ် ကျွန်မနှစ်ခြင်းခံခဲ့တယ်။

နှစ်ခြင်းခံတဲ့နေ့က ကျွန်မအတွက် အရေးကြီးဆုံးနေ့ရက်ပါပဲ။ အကြောင်းရင်းတစ်ခုက ယေဟောဝါရဲ့အမှုတော်ကို ထာဝစဉ်ထမ်းဆောင်ဖို့ ကိုယ့်ကိုယ်ကိုအပ်နှံခဲ့တဲ့အတွက် အခု ကျွန်မကို ကိုယ်တော်ပိုင်ဆိုင်သွားပြီလေ။ အဲဒီအပြင် ချစ်ရတဲ့သားနဲ့သမီးကို ကျွန်မရဲ့ယုံကြည်ချက်အကြောင်း ဝေမျှနိုင်ပြီဖြစ်လို့ ပျော်ရွှင်ခဲ့ရတယ်။

ဒါပေမဲ့ မကြာခင်မှာပဲ အဲဒီပျော်ရွှင်မှု ပျက်စီးခဲ့ရတယ်။ လူစီယာ လေးနှစ်အရွယ်မှာ အကြီးအကျယ် ဗိုက်နာတဲ့ဝေဒနာခံစားလာရတယ်။ အကြိမ်ကြိမ်ဆေးစစ်ပြီးတဲ့နောက် အသည်းမှာ လိမ္မော်သီးအရွယ် အကျိတ်တစ်လုံးရှိနေတယ်လို့ ဓာတ်မှန်ပါရဂူက ရှင်းပြတယ်။ ဆရာဝန်ကလည်း သမီးလေးမှာ ကြီးထွားမြန်တဲ့ကင်ဆာအကျိတ်ရှိနေတယ်လို့ ရှင်းပြတယ်။ ဒါနဲ့ပဲ လူစီယာခမျာ ဆေးရုံမှာ ရက်ပေါင်းများစွာ ဆေးကုသခံရတာအပါအဝင် ကင်ဆာရောဂါကို ခုနစ်နှစ်ကြာ ခါးစည်းခံခဲ့ရတယ်။

ကိုယ်ကျိုးစွန့်စိတ်ဓာတ်

ဒီလိုခက်ခဲတဲ့နှစ်တွေမှာ လူစီယာက ကျွန်မကို ပွေ့ဖက်ထားလိုက်၊ အနမ်းတွေပေးလိုက်နဲ့ ကျွန်မစိတ်ဓာတ်မကျအောင် အားပေးလေ့ရှိတယ်။ ရောဂါဆိုးကို သူရင်ဆိုင်သွားပုံက ဆေးရုံဝန်ထမ်းတွေကိုတောင် စိတ်ထိမိစေခဲ့တယ်။ သူနာပြုတွေကိုကူညီပေးဖို့ သူအမြဲတက်ကြွနေတယ်၊ အနီးနားလူနာဆောင်မှာ ဆေးရုံတက်နေတဲ့ကလေးတွေအတွက် ဒိန်ချဉ်၊ ဖျော်ရည်နဲ့ တခြားပစ္စည်းတွေကို သူနာပြုတွေဝေငှတဲ့အခါ ကူညီပေးတယ်။ ဒါကြောင့် သူနာပြုတွေက သမီးကို “သူနာပြုအကူ” ဆိုပြီးတံဆိပ်တပ်ထားတဲ့ ကုတ်အင်္ကျီအဖြူကိုတောင် ပေးဝတ်ခဲ့တယ်။

ဆေးရုံဝန်ထမ်းတစ်ယောက်က “လူစီယာကြောင့် ကျွန်မ စိတ်ထိမိသွားတယ်။ ဒီကလေးမက တက်တက်ကြွကြွရှိတယ်၊ စိတ်ကူးဉာဏ်ကောင်းတယ်၊ ပန်းချီဆွဲတာလည်း ဝါသနာပါတယ်။ သွက်လက်ဖျတ်လတ်ပြီး ရင့်ကျက်တယ်” လို့ပြောပြတယ်။

လူစီယာက သမ္မာကျမ်းစာကနေ ခွန်အားနဲ့စိတ်တည်ငြိမ်မှု ရရှိခဲ့တယ်။ (ဟေဗြဲ ၄:၁၂) ကျမ်းစာကတိပြုတဲ့အတိုင်း ကမ္ဘာသစ်မှာ ‘သေဘေးမရှိဘူး၊ စိတ်မသာညည်းတွားတာ၊ အော်ဟစ်တာ၊ ပင်ပန်းတာတွေ မရှိ’ တော့ဘူးဆိုတာ သမီးလေးယုံကြည်စိတ်ချတယ်။ (ဗျာ. ၂၁:၄) ပြီးတော့ သူတစ်ပါးအကျိုးကိုစိတ်ဝင်စားပြီး အခွင့်အရေးရတိုင်း ကျမ်းစာသတင်းတရား ဝေမျှလေ့ရှိတယ်။ ပြန်သက်သာမယ့်အလားအလာမရှိပေမဲ့ ရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက်ကို သမီးလေး လုံးဝယုံကြည်ထားတဲ့အတွက် အေးဆေးတည်ငြိမ်ပြီး ပျော်ပျော်ရွှင်ရွှင်နေနိုင်တာဖြစ်တယ်။ (ဟေရှာ. ၂၅:၈) ကင်ဆာရောဂါနဲ့သေဆုံးသွားတဲ့အထိ အဲဒီသဘောထားမျိုး ဆက်ရှိနေခဲ့တယ်။

သိပ်ကိုအရေးကြီးတဲ့ချိန်းဆိုမှုတစ်ခု ချိန်းခဲ့တဲ့နေ့တစ်နေ့ပေါ့။ လူစီယာက မျက်လုံးမဖွင့်နိုင်ရှာဘူး။ သူ့ရဲ့လက်ကို သူ့အဖေနဲ့ကျွန်မ တစ်ဖက်စီဆုပ်ကိုင်ထားတယ်။ “ဘာမှစိတ်မပူနဲ့နော်၊ သမီးကို အမေပစ်မသွားပါဘူး။ အသက်ကို ဖြည်းဖြည်းလေးပဲ ရှူပါ။ သမီး ထမြောက်လာတဲ့အချိန်မှာ ရောဂါသက်သာသွားမှာပါ။ ထပ်ပြီးနာကျင်ခံစားရတော့မှာ မဟုတ်ဘူး။ ပြီးတော့ အဲဒီအချိန်မှာ သမီးရဲ့အနား အမေရှိနေမှာပါ” ဆိုပြီး လေသံတိုးတိုးလေးနဲ့ ကျွန်မပြောခဲ့တယ်။

အခု၊ အဲဒီချိန်းဆိုချက်အတိုင်း ဖြစ်နိုင်အောင် ကျွန်မကြိုးစားနေတယ်။ သမီးလေး ထမြောက်မယ့်အချိန်ကို စောင့်ဆိုင်းရတာ မလွယ်ဘူးဆိုတာ ကျွန်မသိပါတယ်။ ဒါပေမဲ့ ယေဟောဝါကို စိတ်ရှည်မှုအပြည့်နဲ့ကိုးစားမယ်၊ ကိုယ်တော့်အပေါ် သမာဓိစောင့်သိမယ်ဆိုရင် သမီးလေး နိုးထလာမယ့်အချိန်မှာ ကျွန်မရှိနေမယ်ဆိုတာကိုလည်း ကောင်းကောင်းသိထားတယ်။

လူစီယာထားရစ်ခဲ့သော အမွေအနှစ်

သတ္တိရှိတဲ့လူစီယာရဲ့ပုံသက်သေနဲ့ အသင်းတော်ရဲ့ကူညီမှုတွေကြောင့် ယုံကြည်ခြင်းမတူတဲ့ ကျွန်မရဲ့အမျိုးသား အတော့်ကိုစိတ်ထိမိသွားတယ်။ သူ့ရဲ့အတွေးအခေါ်တွေကို ပြန်ဆန်းစစ်ရမယ်ဆိုပြီး လူစီယာဆုံးသွားတဲ့နေ့က ကျွန်မကိုပြောခဲ့တယ်။ လအနည်းငယ်ကြာတော့ သူ့ကိုကျမ်းစာသင်ပေးဖို့ အသင်းတော်အကြီးအကဲတစ်ယောက်ဆီ တောင်းဆိုခဲ့တယ်။ မကြာပါဘူး၊ အစည်းအဝေးတွေအားလုံးကို စတက်လာတယ်။ အရင်တုန်းက သူ ဘယ်လိုမှမဖြတ်နိုင်တဲ့ဆေးလိပ်ကို ယေဟောဝါရဲ့အကူအညီနဲ့ ဖြတ်နိုင်ခဲ့ပါပြီ။

သမီးလေးကိုဆုံးရှုံးရတဲ့အတွက် ကျွန်မရဲ့ဝမ်းနည်းကြေကွဲမှုက လုံးဝလျော့ပါးသွားတာမဟုတ်ပေမဲ့ သမီးထားရစ်ခဲ့တဲ့အမွေအနှစ်အတွက် ယေဟောဝါကို ကျေးဇူးတင်လို့မဆုံးဘူး။ သိပ်ကောင်းမွန်တဲ့ ရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက်အကြောင်းပြောပြီး ကျွန်မနဲ့ကျွန်မခင်ပွန်း အပြန်အလှန်နှစ်သိမ့်အားပေးကြတယ်။ မျက်လုံးဝိုင်းဝိုင်းနဲ့ ပြုံးလိုက်ရင် ပါးချိုင့်လေးခွက်သွားတဲ့၊ တက်ကြွဖျတ်လတ်တဲ့သမီးလေး ထမြောက်လာမယ့်အချိန်ကိုတောင် စိတ်ကူးပုံဖော်ကြည့်ကြတယ်။

သမီးလေးရဲ့ ကြေကွဲစရာအဖြစ်ဆိုးကြောင့် အမျိုးသမီးတစ်ယောက်လည်း အတော့်ကိုစိတ်ထိမိသွားတယ်။ မိုးတွေရွာတဲ့ စနေနေ့တစ်မနက်မှာ ကျွန်မတို့အိမ်ကို သူရောက်လာတယ်။ သူ့သားက လူစီယာနဲ့တစ်ကျောင်းတည်းဖြစ်ပြီး ၁၁ နှစ်အရွယ်ရှိတဲ့ နောက်ထပ်သားတစ်ယောက်က ကင်ဆာရောဂါနဲ့ပဲ ဆုံးသွားခဲ့တာ။ လူစီယာရဲ့သတင်းကို သူကြားရတဲ့အခါ ကျွန်မတို့ဘယ်မှာနေတယ်ဆိုတာရှာပြီး အလည်လာခဲ့တယ်။ လူစီယာကိုဆုံးရှုံးလိုက်ရတဲ့အတွက် ကျွန်မ ဘယ်လိုများ စခန်းသွားနေသလဲဆိုတာ သိချင်လို့တဲ့။ ပြီးတော့ ဒီအခြေအနေမျိုး ကြုံနေရတဲ့မိခင်တွေကို နှစ်သိမ့်ဖို့ ကိုယ်ထူကိုယ်ထအဖွဲ့တစ်ခု တည်ထောင်ရအောင်ဆိုပြီး အကြံပေးတယ်။

လူတွေကမ်းလှမ်းတဲ့ကတိတွေထက်  အဆပေါင်းများစွာ သာလွန်ကောင်းမွန်တဲ့ ကျမ်းစာကတိပြုချက်တစ်ခုကြောင့် တကယ်ပဲ နှစ်သိမ့်မှုခံစားနေရတယ်ဆိုတဲ့အကြောင်း ကျွန်မရှင်းပြလိုက်တယ်။ ယောဟန် ၅:၂၈၊ ၂၉ မှာပါတဲ့ ယေရှုရဲ့စကားတွေကို ကျွန်မဖတ်ပြတဲ့အခါ သူ့မျက်လုံးတွေ တောက်ပလာတယ်။ ကျမ်းစာသင်အံမှုလက်ခံလိုက်ပြီး မကြာခင်မှာပဲ ‘ဘယ်သူမှကြံလို့မမီနိုင်တဲ့ ဘုရားသခင်ရဲ့ငြိမ်သက်ခြင်း’ ကို သူခံစားခဲ့ရတယ်။ (ဖိ. ၄:၇) ကျွန်မတို့အတူ ကျမ်းစာလေ့လာတဲ့အခါ ကမ္ဘာသစ်မှာ ကျွန်မတို့ရောက်ရှိနေပြီး ချစ်ရတဲ့ကလေးတွေ ရှင်ပြန်ထမြောက်လာတာကို ကြိုဆိုနေတယ်လို့ စိတ်ကူးပုံဖော်ကြည့်လေ့ရှိတယ်။

လူစီယာရဲ့အသက်တာ တိုတောင်းလှပေမဲ့ ထာဝစဉ်တည်မြဲတဲ့အမွေအနှစ်ကို ထားရစ်ခဲ့တယ်။ သမီးလေးရဲ့ယုံကြည်ချက်က ကျွန်မတို့မိသားစု ယေဟောဝါကို စည်းစည်းလုံးလုံးနဲ့ဝတ်ပြုနိုင်အောင် ကူညီပေးခဲ့တယ်၊ ဒါ့အပြင် ယုံကြည်ခြင်းခိုင်ခံ့နေဖို့ကြိုးစားမယ်ဆိုတဲ့ ကျွန်မရဲ့စိတ်ပိုင်းဖြတ်ချက်ကိုလည်း ပိုခိုင်မာစေတယ်။ ရှင်ပြန်ထမြောက်လာမယ့် ချစ်ရသူတွေကို ဆုံးရှုံးခဲ့ရတဲ့ ကျွန်မတို့အားလုံးမှာ သိပ်ကိုအရေးကြီးတဲ့ချိန်းဆိုမှုတစ်ခုရှိနေတာ အသေအချာပါပဲ။

[စာမျက်နှာ ၂၀ ပါပုံစာ]

လူစီယာရေးဆွဲခဲ့သော ပရဒိသုရုပ်ပုံ