မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အိမ်ထောင်တွင် ရွှင်လန်းမှုခံစားရခြင်း

အိမ်ထောင်တွင် ရွှင်လန်းမှုခံစားရခြင်း

အိမ်ထောင်တွင် ရွှင်လန်းမှုခံစားရခြင်း

“ဉာဏ်ပညာအားဖြင့် အိမ်ကိုတည်ဆောက်၍ [“ပိုင်းခြားသိမြင်မှုအားဖြင့်၊” ကဘ] ခိုင်ခံ့မြဲမြံစေရ၏။” —သု. ၂၄:၃

၁။ ဘုရားသခင်သည် ပထမလူယောက်ျားနှင့်ပတ်သက်၍ ဉာဏ်ပညာကို မည်သို့ထင်ရှားပြခဲ့သနည်း။

ဉာဏ်ကြီးရှင်ကောင်းကင်ခမည်းတော်သည် ကျွန်ုပ်တို့အတွက် အဘယ်အရာအကောင်းဆုံးဖြစ်သည်ကို သိတော်မူ၏။ ဥပမာ၊ မိမိ၏ရည်ရွယ်ချက် ပြီးမြောက်အောင်မြင်နိုင်ရန် ဧဒင်ဥယျာဉ်တွင် “ယောက်ျားသည် တစ်ယောက်တည်းမနေကောင်း” ကြောင်း ကိုယ်တော်သိ၏။ ထိုရည်ရွယ်ချက်၏အဓိက,ကဏ္ဍမှာ အိမ်ထောင်သည်မောင်နှံတို့ သားသမီးများမွေးဖွားပြီး “မြေကြီးကိုပြည့်စေ” ရန်ဖြစ်သည်။—က. ၁:၂၈; ၂:၁၈

၂။ လူသားတို့၏အကျိုးအတွက် ယေဟောဝါ အဘယ်အရာစီစဉ်ခဲ့သနည်း။

“သူနှင့်တော်သောအထောက်အမကို သူ့ဖို့ငါလုပ်ဦးမည်ဟု” ယေဟောဝါမိန့်တော်မူ၏။ ထို့နောက် ပထမလူယောက်ျားကို ကြီးစွာသောအိပ်ခြင်းဖြင့် အိပ်စေ၍ သူ၏စုံလင်သောခန္ဓာကိုယ်မှ နံရိုးတစ်ချောင်းကို ထုတ်ပြီးလျှင် ထိုနံရိုးဖြင့် လူမိန်းမကို ဖန်ဆင်းတော်မူ၏။ ထိုစုံလင်သောမိန်းမဧဝကို အာဒံထံ ယေဟောဝါခေါ်ဆောင်လာသောအခါ အာဒံက “ယခုဤသူသည် ငါ့အရိုးထဲကအရိုး၊ ငါ့အသားထဲကအသားဖြစ်၏။ လူထဲကထုတ်သောကြောင့် သူ့ကို လူမိန်းမဟုခေါ်ဝေါ်အပ်သည်” ဟုဆိုလေ၏။ ဧဝသည် အာဒံအတွက် အမှန်ပင် အထောက်အမဖြစ်၏။ သူတို့တစ်ဦးစီတွင် ထူးခြားသောအရည်အသွေးများ ရှိမည်ဖြစ်သော်လည်း နှစ်ဦးစလုံးသည် စုံလင်ပြီး ဘုရားသခင်၏ပုံသဏ္ဌာန်တော်နှင့်အညီ ဖန်ဆင်းခံရသည်။ သို့ဖြင့် ဦးဆုံးမင်္ဂလာပွဲကို ယေဟောဝါ စီစဉ်ခဲ့လေသည်။ တစ်ဦးကိုတစ်ဦး အပြန်အလှန်ထောက်မပေးမည့် ယေဟောဝါ၏ထိုအစီအစဉ်ကို အာဒံနှင့်ဧဝတို့ လိုလိုလားလားလက်ခံခဲ့ကြသည်။—က. ၁:၂၇; ၂:၂၁-၂၃

၃။ အိမ်ထောင်မင်္ဂလာဆုလက်ဆောင်ကို လူများစွာ မည်သို့သဘောထားသနည်း၊ အဘယ်မေးခွန်းများ ပေါ်လာသနည်း။

သို့သော် ဝမ်းနည်းစရာမှာ ယနေ့ ကမ္ဘာပေါ်တွင် ပုန်ကန်သောစိတ်ဓာတ် ပျံ့နှံ့နေ၏။ ယင်းကြောင့်ဖြစ်ပေါ်လာသောပြဿနာများမှာ ဘုရားသခင်ထံမှအစပြုခြင်းမဟုတ်ပါ။ လူများစွာသည် ဘုရားသခင်ထံမှရသော အိမ်ထောင်မင်္ဂလာဆုလက်ဆောင်ကို မထီမဲ့မြင်ပြုကြ၏။ ယင်းသည် ခေတ်ကုန်သွားပြီဖြစ်ကာ စိတ်ဓာတ်ကျမှုနှင့် ရန်ပွဲများ၏ရင်းမြစ်သာဖြစ်သည်ဟုဆိုကြ၏။ အိမ်ထောင်သည်များစွာအတွက် ကွာရှင်းခြင်းမှာ အဆန်းမဟုတ်ပေ။ သားသမီးများသည် မေတ္တာပြမခံရဘဲ မိဘများ၏ကိုယ်ကျိုးအတွက် အသုံးချခံရသူများပင်ဖြစ်လာနိုင်သည်။ မိဘများစွာသည် ငြိမ်သက်စည်းလုံးမှုရှိရန်ပင် အလျှော့မပေးကြပေ။ (၂ တိ. ၃:၃) သို့ဆိုလျှင် ဤခဲယဉ်းကျပ်တည်းသောကာလတွင် အိမ်ထောင်၌ ပျော်ရွှင်မှုကို မည်သို့ဆက်ထိန်းထားနိုင်သနည်း။ အလျှော့ပေးလိုက်လျောခြင်း၊ လက်အောက်ခံခြင်းသည် အိမ်ထောင်ပြိုကွဲမှုကို တားဆီးရာတွင် အဘယ်အခန်းကဏ္ဍမှပါဝင်သနည်း။ အိမ်ထောင်တွင် ပျော်ရွှင်မှုကိုထိန်းထားနိုင်သော မျက်မှောက်ခေတ်ပုံသက်သေများမှ ကျွန်ုပ်တို့အဘယ်အရာသင်ယူနိုင်သနည်း။

ယေဟောဝါ၏ညွှန်ကြားချက်ကို လက်အောက်ခံခြင်း

၄။ (က) အိမ်ထောင်ပြုခြင်းနှင့်ပတ်သက်၍ ပေါလု မည်သို့ညွှန်ကြားခဲ့သနည်း။ (ခ) နာခံမှုရှိသောခရစ်ယာန်များသည် ပေါလု၏ညွှန်ကြားချက်ကို မည်သို့လိုက်လျှောက်ကြသနည်း။

တမန်တော်ပေါလုက မုဆိုးမများသည် နောက်အိမ်ထောင်ပြုရန် ရွေးချယ်မည်ဆိုပါက “သခင်ဘုရား၌သာ” ပြုသင့်သည်ဟု ညွှန်ကြားခဲ့၏။ (၁ ကော. ၇:၃၉) ယင်းသည် ဂျူးနောက်ခံရှိသောခရစ်ယာန်များအတွက် အသစ်အဆန်းမဟုတ်ပေ။ ဣသရေလလူမျိုးအတွက် ဘုရားသခင်၏ပညတ်တွင် ပတ်ဝန်းကျင်နိုင်ငံများမှ မည်သူနှင့်မျှ “စုံဖက်ခြင်းကိုမပြု” ရန် ရှင်းလင်းစွာညွှန်ကြားထားသည်။ ထိုပညတ်ကိုလျစ်လျူရှုပါက ဖြစ်ပေါ်လာမည့်အန္တရာယ်ကိုလည်း ယေဟောဝါ ဤသို့ထပ်ဆင့်ရှင်းပြခဲ့သည်– ‘သူတို့ [ဣသရေလမဟုတ်သူ] သည် သင်၏သားကို ငါ၌မဆည်းမကပ်စေဘဲ အခြားတစ်ပါးသောဘုရားသခင်အား ဝတ်ပြုစေခြင်းငှာ သွေးဆောင်ကြလိမ့်မည်။ ထိုအခါ အမျက်ထွက်၍ သင်တို့ကို ချက်ချင်းဖျက်ဆီးတော်မူလိမ့်မည်။’ (တရား. ၇:၃၊ ၄) ထိုကိစ္စနှင့်ပတ်သက်၍ မျက်မှောက်ခေတ်ကျေးကျွန်များထံမှလည်း ယေဟောဝါမည်သို့မျှော်လင့်သနည်း။ ဘုရားသခင်၏ကျေးကျွန်တစ်ဦးသည် အပ်နှံထားသော နှစ်ခြင်းခံပြီးသား ဝတ်ပြုသူချင်းတစ်ဦးကို အိမ်ထောင်ဖက်အဖြစ် ရွေးချယ်ခြင်းဖြင့် “သခင်ဘုရား၌သာ” ထိမ်းမြားသင့်ကြောင်း ထင်ရှားသည်။ အိမ်ထောင်ဖက်ရွေးချယ်ရာတွင် ယေဟောဝါ၏ညွှန်ကြားချက်ကို လက်အောက်ခံခြင်းက ပညာရှိလမ်းစဉ်ဖြစ်သည်။

၅။ ယေဟောဝါနှင့် အိမ်ထောင်သည်ခရစ်ယာန်များသည် အိမ်ထောင်ရေးကတိသစ္စာကို မည်သို့ရှုမြင်ကြသနည်း။

အိမ်ထောင်ရေးကတိသစ္စာသည် ဘုရားသခင့်အမြင်တွင် မြင့်မြတ်၏။ ဦးဆုံးအိမ်ထောင်မင်္ဂလာနှင့်ပတ်သက်၍ ဘုရားသခင့်သားတော် ယေရှုကိုယ်တိုင်က “ဘုရားသခင်ဖက်စပ်၍ ထမ်းပိုးတင်သောအရာကို လူမခွဲခွာစေနှင့်” ဟုမိန့်ဆို၏။ (မ. ၁၉:၆) ကတိသစ္စာများ၏အရေးကြီးမှုနှင့်ပတ်သက်၍ ဆာလံဆရာ ဤသို့သတိပေး၏– ‘ကျေးဇူးချီးမွမ်းခြင်းယဇ်ကို ဘုရားသခင်အားပူဇော်လော့။ သစ္စာကတိထားသည်အတိုင်း အမြင့်ဆုံးသောဘုရားသခင်၌ သစ္စာဝတ်ကိုဖြေလော့။’ (ဆာ. ၅၀:၁၄) အိမ်ထောင်သည်မောင်နှံသည် အလွန်ပျော်ရွှင်မည်ဖြစ်သော်လည်း မင်္ဂလာဆောင်သည့်နေ့တွင် အပြန်အလှန်ပြုခဲ့သော ကတိသစ္စာသည် အရေးကြီးပြီး တာဝန်များရရှိလာစေသည်။—တရား. ၂၃:၂၁

၆။ ယေဖသ၏ပုံသက်သေမှ ကျွန်ုပ်တို့ အဘယ်အရာသင်ယူနိုင်သနည်း။

ဘီစီ ၁၂ ရာစုတွင် ဣသရေလနိုင်ငံ၌ တရားသူကြီးအဖြစ် ထမ်းဆောင်ခဲ့သော ယေဖသ၏အဖြစ်ကို သုံးသပ်ကြည့်ပါ။ ယေဟောဝါကို သူဤသို့ ကတိသစ္စာပြုခဲ့၏– ‘အကယ်၍ ကိုယ်တော်သည် အမ္မုန်အမျိုးသားတို့ကို အကျွန်ုပ်လက်၌အပ်တော်မူလျှင် အကျွန်ုပ်သည် အမ္မုန်အမျိုးသားတို့ရှိရာမှ ငြိမ်ဝပ်စွာပြန်လာသောအခါ အကျွန်ုပ်ကို ခရီးဦးကြိုပြုအံ့သောငှာ အကျွန်ုပ်အိမ်တံခါးဝမှ ထွက်လာသောသူမည်သည်ကို ထာဝရဘုရားသခင်အား အမှန်ဆက်သ၍ မီးရှို့ရာယဇ်ပူဇော်ပါမည်။’ ယေဖသသည် မိဇပါမြို့ရှိအိမ်သို့ပြန်လာချိန်တွင် မိမိကိုခရီးဦးကြိုပြုသူမှာ မိမိ၏တစ်ဦးတည်းသောသမီးဖြစ်နေသောအခါ ကတိသစ္စာကို ဖောက်ဖျက်ခဲ့ပါသလော။ မဖောက်ဖျက်ခဲ့ပါ။ သူက ‘ထာဝရဘုရားသခင်အား ငါလျှောက်ထားပြီ။ နုတ်ရသောအခွင့်မရှိ’ ဟုဆိုလေ၏။ (သူကြီး. ၁၁:၃၀၊ ၃၁၊ ၃၅) ထိုကတိသစ္စာကိုတည်မည်ဆိုပါက မိမိအမည်ကိုဆက်ခံမည့်သူ ရှိတော့မည်မဟုတ်ပေ။ သို့တိုင် ယေဖသ ကတိတည်ခဲ့သည်။ ယေဖသ၏ကတိသစ္စာသည် အိမ်ထောင်ရေးကတိသစ္စာနှင့် မတူသော်လည်း သူ၏ကတိတည်ခြင်းက ခရစ်ယာန်လင်ယောက်ျားနှင့်ဇနီးများအတွက် ပုံသက်သေကောင်းပင်ဖြစ်သည်။

အဘယ်အရာက အောင်မြင်သောအိမ်ထောင်ဖြစ်စေသနည်း

၇။ ကြင်စဦးမောင်နှံများ အဘယ်ပြုပြင်ပြောင်းလဲမှုများပြုရန် လိုအပ်သနည်း။

အိမ်ထောင်သည်မောင်နှံများစွာသည် မိမိတို့ပိုးပန်းခဲ့သည့်အချိန်ကို အလွန်ကြည်နူးစွာပြန်စဉ်းစားတတ်ကြသည်။ မိမိတို့၏အိမ်ထောင်ဖက်လောင်းကို သိရှိလာရခြင်းက အလွန်ပျော်ရွှင်ဖွယ်ပင်! သူတို့နှစ်ဦး အတူရှိနေချိန်ပိုများလေ ပို၍ရင်းနှီးလာလေဖြစ်သည်။ သို့သော် ပိုးပန်းပြီး လက်ထပ်ခဲ့သည်ဖြစ်စေ၊ မိဘစီစဉ်ပေးမှုကြောင့် လက်ထပ်ခဲ့သည်ဖြစ်စေ နောက်ဆုံး ဇနီးမောင်နှံဖြစ်လာသောအခါ ပြုပြင်ပြောင်းလဲမှုများပြုရန် အလွန်လိုအပ်သည်။ ခင်ပွန်းတစ်ဦး ဤသို့ဝန်ခံ၏– “ကျွန်တော်တို့ အိမ်ထောင်ဦးတုန်းက အကြီးဆုံးပြဿနာကတော့ ကျွန်တော်တို့က လူလွတ်မဟုတ်တော့ဘူးဆိုတာကို လက်ခံဖို့ပဲ။ အချိန်တော်တော်ကြာတဲ့အထိ မိတ်ဆွေတွေ၊ မိသားစုဝင်တွေနဲ့ဆက်ဆံရေးကို နေရာမှန်မှာမထားတတ်ခဲ့ဘူး။” အိမ်ထောင်သက် ၃၀ ရှိပြီဖြစ်သော နောက်ခင်ပွန်းတစ်ဦးကလည်း အိမ်ထောင်ကျစအချိန်တွင် မျှတမှုရှိရန် “နှစ်ယောက်စာတွေး” ခဲ့ရကြောင်း အသိအမှတ်ပြုခဲ့သည်။ သူသည် ဖိတ်ခေါ်ချက်တစ်ခုကို လက်မခံမီ၊ တစ်ခုခုကို တာဝန်မယူမီ ဦးစွာ ဇနီးနှင့်ဆွေးနွေးပြီး နှစ်ဦးစလုံး၏အကျိုးကို ထည့်စဉ်းစားကာ ဆုံးဖြတ်သည်။ ထိုသို့သောအခြေအနေမျိုးတွင် အလျှော့ပေးတတ်ခြင်းက အကူအညီဖြစ်စေသည်။—သု. ၁၃:၁၀

၈၊ ၉။ (က) ကောင်းစွာပြောဆိုဆက်သွယ်ခြင်းသည် အဘယ်ကြောင့် အရေးကြီးသနည်း။ (ခ) အဘယ်ကဏ္ဍများတွင် ပြောင်းသာလဲသာရှိခြင်းက အကျိုးရှိသနည်း၊ အဘယ်ကြောင့်နည်း။

တစ်ခါတစ်ရံ အိမ်ထောင်ရေးသည် ယဉ်ကျေးမှုနောက်ခံမတူသောလူနှစ်ဦးကို ပေါင်းစည်းပေးသည်။ ထိုအချိန်မျိုးတွင် အထူးသဖြင့် ပွင့်လင်းစွာပြောဆိုဆက်သွယ်ဖို့ လိုအပ်သည်။ ပြောဆိုဆက်သွယ်ပုံချင်း ကွာခြားကြသောကြောင့် သင့်အိမ်ထောင်ဖက်သည် သူ့ဆွေမျိုးများနှင့် မည်သို့ပြောဆိုကြောင်း အကဲခတ်မှတ်သားခြင်းက သူ့ကိုပို၍နားလည်ပေးရန် ထောက်ကူနိုင်သည်။ တစ်ခါတစ်ရံ ပြောဆိုသည့်အရာမဟုတ်ဘဲ မည်သို့ပြောဆိုသည်ဟူသောအချက်က လူတစ်ဦး၏အတွင်းခံစားချက်ကို ဖော်ပြသည်။ မပြောဆိုသည့်အရာမှ များစွာသိရှိလာနိုင်သည်။ (သု. ၁၆:၂၄; ကော. ၄:၆) ပျော်ရွှင်မှုအတွက် အရေးပါသောအရာမှာ ပိုင်းခြားသိမြင်မှုဖြစ်သည်။ “ဉာဏ်ပညာအားဖြင့် အိမ်ကိုတည်ဆောက်၍ [“ပိုင်းခြားသိမြင်မှုအားဖြင့်၊” ကဘ] ခိုင်ခံ့မြဲမြံစေရ၏” ဟုကျမ်းစာကဖော်ပြသည်။—သု. ၂၄:၃

ဝါသနာပါရာများ၊ အပန်းဖြေမှုများ ရွေးချယ်ရာတွင် ပြောင်းသာလဲသာရှိခြင်းသည် အရေးကြီးကြောင်း လူများစွာတွေ့ရှိခဲ့၏။ သင့်အိမ်ထောင်ဖက်သည် အိမ်ထောင်မကျမီတွင် အားကစား သို့မဟုတ် အခြားအပန်းဖြေမှုတစ်မျိုးမျိုးကို လိုက်စားခဲ့ပေမည်။ ယခု အနည်းငယ်ပြုပြင်ပြောင်းလဲခြင်းက သင့်လျော်မည်လော။ (၁ တိ. ၄:၈) ဆွေမျိုးများနှင့် အချိန်အသုံးပြုခြင်းလည်း အလားတူပင်။ မောင်နှံစုံသည် ဝိညာဉ်ရေးရာများနှင့် အခြားလုပ်ဆောင်မှုများကို အတူတကွလုပ်ဆောင်နိုင်ရန် အချိန်လိုအပ်သည်။—မ. ၆:၃၃

၁၀။ အလျှော့ပေးတတ်သောသဘောထားက မိဘနှင့်အိမ်ထောင်သည် သားသမီးများကြား မည်သို့ဆက်ဆံရေးကောင်းမွန်စေမည်နည်း။

၁၀ အမျိုးသားတစ်ဦးသည် အိမ်ထောင်ပြုသောအခါ သူ၏မိဘကိုစွန့်ရသည်။ အမျိုးသမီးလည်း ထိုနည်းတူဖြစ်သည်ဟု ဆိုနိုင်ပါသည်။ (ကမ္ဘာဦး ၂:၂ ကိုဖတ်ပါ။) သို့တိုင် မိဘကို ရိုသေရန် ဘုရားသခင့်ညွှန်ကြားချက်မှာ အသက်အရွယ်ကန့်သတ်ချက်မရှိပါ။ ထို့ကြောင့် မောင်နှံစုံသည် အိမ်ထောင်ပြုပြီးသည့်တိုင် မိဘများ၊ ယောက္ခမများနှင့် အချိန်အနည်းငယ်အသုံးပြုကြပေမည်။ အိမ်ထောင်သက် ၂၅ နှစ်ရှိပြီဖြစ်သော ခင်ပွန်းတစ်ဦး ဤသို့မှတ်ချက်ချ၏– “တစ်ခါတလေ ကိုယ့်အိမ်ထောင်ဖက်၊ မိဘ၊ မောင်နှမ၊ ယောက္ခမတွေရဲ့ မတူညီတဲ့ဆန္ဒတွေ၊ လိုအပ်ရာတွေကို ဖြည့်ဆည်းပေးတဲ့နေရာမှာ မျှတမှုရှိဖို့ တော်တော်ခက်တယ်။ အဲဒီလိုအခြေအနေမျိုးမှာ အကောင်းဆုံး,ဆုံးဖြတ်နိုင်ဖို့ ကမ္ဘာဦး ၂:၂၄ က ကျွန်တော့်ကိုထောက်ကူပေးခဲ့တယ်။ ကိုယ့်ရဲ့မိသားစုဝင်တွေကို သစ္စာရှိရမယ်၊ သူတို့အတွက် တာဝန်ရှိတယ်ဆိုတာမှန်ပေမဲ့ ကိုယ့်အိမ်ထောင်ဖက်ကို ပိုဦးစားပေးရမယ်ဆိုတာကို ဒီအခန်းငယ်က နားလည်စေတယ်။” အလျှော့ပေးတတ်သော ခရစ်ယာန်မိဘများကလည်း ယခု မိမိတို့၏အိမ်ထောင်သည်သားသမီးများသည် သူတို့မိသားစုနှင့်သူတို့ဖြစ်နေကြောင်းကို လေးစားကြပါလိမ့်မည်။ ထိုမိသားစုကိုလမ်းညွှန်ရာတွင် အဓိကအားဖြင့် ခင်ပွန်းတွင်တာဝန်ရှိကြောင်းလည်း သူတို့အသိအမှတ်ပြုကြပါမည်။

၁၁၊ ၁၂။ မိသားစုသင်အံမှုနှင့် ဆုတောင်းခြင်းသည် အိမ်ထောင်သည်မောင်နှံများအတွက် အဘယ်ကြောင့်အရေးပါသနည်း။

၁၁ မိသားစုသင်အံမှု ပုံမှန်ကျင်းပရန် အလွန်အရေးကြီးသည်။ ခရစ်ယာန်အိမ်ထောင်များစွာ၏ တွေ့ကြုံမှုက ထိုအချက်ကို ထောက်ခံသည်။ ထိုသို့စတင်ကျင်းပပြီး ပုံမှန်ဆက်ပြုလုပ်သွားရန် ခက်ခဲနိုင်သည်။ အိမ်ထောင်ဦးစီးတစ်ဦး ဤသို့ဝန်ခံသည်– “တကယ်လို့ အချိန်တွေကို နောက်ပြန်ဆုတ်ပြီး ပြောင်းလဲလို့ရမယ်ဆိုရင် အိမ်ထောင်ကျစကတည်းက မိသားစုသင်အံမှုပုံမှန်ကျင်းပဖို့ သေချာစီစဉ်မိမယ်။ မိသားစုသင်အံမှုမှာ အတူတူတွေ့ရှိတဲ့ ကျမ်းစာအမှန်တရားကြောင့် ကျွန်တော့်ဇနီးရဲ့ပျော်ရွှင်မှုကိုတွေ့ရတာ တကယ့် မဟာဆုကျေးဇူးပါပဲ။”

၁၂ အတူတကွဆုတောင်းခြင်းသည် နောက်ထပ်အထောက်အကူတစ်ခုဖြစ်၏။ (ရော. ၁၂:၁၂) ခင်ပွန်းနှင့်ဇနီးသည် ယေဟောဝါအား စည်းလုံးစွာဝတ်ပြုသောအခါ ကိုယ်တော်နှင့် သူတို့၏ရင်းနှီးသောဆက်ဆံရေးက အိမ်ထောင်နှောင်ကြိုးကို ခိုင်မြဲစေသည်။ (ယာ. ၄:၈) ခရစ်ယာန်ခင်ပွန်းတစ်ဦး ဤသို့ဆို၏– “အမှားတွေအတွက် ချက်ချင်းတောင်းပန်ပြီး အဲဒါတွေကို အတူတူဆုတောင်းတဲ့အခါ ထည့်တောင်းတာက ဘယ်လောက်သေးငယ်တဲ့ကိစ္စပဲဖြစ်ပါစေ အဲဒီအတွက် တကယ်စိတ်မကောင်းဖြစ်တယ်ဆိုတာ ဖော်ပြရာရောက်တယ်။”—ဧ. ၆:၁၈

အိမ်ထောင်တွင် အလျှော့ပေးတတ်ပါ

၁၃။ ပေါလုသည် အိမ်ထောင်၏ အရင်းနှီးဆုံးဆက်ဆံရေးနှင့်ပတ်သက်၍ အဘယ်အကြံဉာဏ်ပေးခဲ့သနည်း။

၁၃ အိမ်ထောင်သည်ခရစ်ယာန်များသည် ယနေ့ လိင်ရူးထနေသောလောကတွင် ခေတ်စားနေသောအရာများကဲ့သို့ အိမ်ထောင်နှောင်ကြိုးကို ထိခိုက်စေမည့်အကျင့်များကို ရှောင်ဖို့လိုအပ်သည်။ ထိုကိစ္စနှင့်ပတ်သက်၍ ပေါလုဤသို့ဆို၏– “ယောက်ျားသည် ဆက်ဆံခြင်းဝတ်ကို မိမိမယားအားပြုစေလော့။ ထိုနည်းတူ မိန်းမသည်လည်း ဆက်ဆံခြင်းဝတ်ကို မိမိလင်အားပြုစေလော့။ မိန်းမသည် မိမိကိုယ်ကိုမပိုင်၊ လင်သည်ပိုင်၏။ ထိုနည်းတူ ယောက်ျားသည်လည်း မိမိကိုယ်ကိုမပိုင်၊ မယားသည်ပိုင်၏။” ထို့နောက် ဤသို့ရှင်းလင်းစွာညွှန်ကြားခဲ့သည်– “အချင်းချင်းခင်ပွန်းဝတ်ကို မပယ်မရှောင်ကြနှင့်။ ထိုသို့ဆိုသော် ဆုတောင်းခြင်းဝတ်ကိုပြုရသောအခွင့်ရှိစေခြင်းငှာ သဘောတူ၍ ခင်ပွန်းဝတ်ကို ခဏမျှမရှောင်ရဟုမဆိုလို။” အဘယ်ကြောင့်နည်း။ “ထိုသို့ရှောင်လျှင် ကိုယ်ကိုမချုပ်တည်းနိုင်သောအားဖြင့် စာတန်သည် အပြစ်သို့သွေးဆောင်ရသောအခွင့်မရှိစေခြင်းငှာ နောက်တစ်ဖန် အတူနေကြလော့။” (၁ ကော. ၇:၃-၅) ပေါလုသည် ဆုတောင်းခြင်းအကြောင်း ပြောဆိုရာတွင် ခရစ်ယာန်တစ်ဦး ဦးစားထားရမည့်အရာကို ဖော်ပြသည်။ သို့သော် အိမ်ထောင်သည်ခရစ်ယာန်များသည် မိမိအိမ်ထောင်ဖက်၏ ခန္ဓာပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာလိုအပ်ချက်များကိုလည်း အကင်းပါးစွာထည့်စဉ်းစားသင့်ကြောင်း သူရှင်းလင်းစွာဖော်ပြသည်။

၁၄။ ကျမ်းစာမူများသည် အိမ်ထောင်၏အရင်းနှီးဆုံးဆက်ဆံရေးနှင့် မည်သို့သက်ဆိုင်သနည်း။

၁၄ ဇနီးမောင်နှံတို့သည် တစ်ဦးနှင့်တစ်ဦး ပွင့်ပွင့်လင်းလင်းရှိဖို့လိုအပ်ပြီး အရင်းနှီးဆုံးဆက်ဆံရေးတွင် နူးညံ့ကြင်နာမှုမရှိခြင်းက ပြဿနာများဖြစ်စေကြောင်း သိနားလည်ရမည်။ (ဖိလိပ္ပိ ၂:၃၊ ၄ ကိုဖတ်ပါ; မဿဲ ၇:၁၂ နှင့်နှိုင်းယှဉ်ပါ။) ဘာသာရေးနောက်ခံမတူသော အိမ်ထောင်အချို့တွင် ယင်းသို့ပင်ဖြစ်ခဲ့သည်။ သဘောထားကွဲပြားမှုများရှိသည့်တိုင် ခရစ်ယာန်တစ်ဦးသည် ကောင်းမွန်သောအကျင့်အကြံ၊ ကြင်နာမှု၊ ပူးပေါင်းဆောင်ရွက်မှုတို့ဖြင့် ကိစ္စရပ်များကို တိုးတက်ကောင်းမွန်စေနိုင်သည်။ (၁ ပေတရု ၃:၁၊ ၂ ကိုဖတ်ပါ။) ယေဟောဝါနှင့် မိမိအိမ်ထောင်ဖက်ကို ချစ်မြတ်နိုးခြင်းအပြင် အလျှော့ပေးတတ်သောသဘောထားသည် အိမ်ထောင်ရေး၏ ထိုကဏ္ဍကို အထောက်အကူပြုပါလိမ့်မည်။

၁၅။ ပျော်ရွှင်သောအိမ်ထောင်တွင် ရိုသေလေးစားမှုသည် အဘယ်ကဏ္ဍမှပါဝင်သနည်း။

၁၅ ကြင်နာတတ်သောခင်ပွန်းသည် အခြားကဏ္ဍများတွင်လည်း သူ၏ဇနီးကို လေးစားစွာဆက်ဆံပါလိမ့်မည်။ ဥပမာ၊ သေးငယ်သောကိစ္စများတွင်ပင် ဇနီး၏ခံစားချက်ကို ထည့်တွက်ပေမည်။ “ဒီကိစ္စနဲ့ပတ်သက်လို့ ကျွန်တော် အခုထိသင်ယူနေတုန်းပဲ” ဟုအိမ်ထောင်သက် ၄၇ နှစ်ရှိသော ခင်ပွန်းတစ်ဦးဝန်ခံ၏။ ခရစ်ယာန်ဇနီးများလည်း ခင်ပွန်းကို အလွန်ရိုသေရန် မိန့်မှာခံရသည်။ (ဧ. ၅:၃၃) ခင်ပွန်း၏ မကောင်းကြောင်းနှင့် အားနည်းချက်များကို အခြားသူများရှေ့ပြောဆိုခြင်းသည် သူ့ကိုရိုသေရာမကျပါ။ “ပညာရှိသောမိန်းမသည် မိမိအိမ်ကိုတည်ဆောက်တတ်၏။ မိုက်သောမိန်းမမူကား ကိုယ်လက်နှင့်ဖြိုဖျက်တတ်၏” ဟု နယပုံပြင် ၁၄:၁ ကဆို၏။

စာတန်ကို အလျှော့မပေးနှင့်

၁၆။ ဇနီးမောင်နှံများသည် ဧဖက် ၄:၂၆၊ ၂၇ ကို အိမ်ထောင်တွင် မည်သို့ကျင့်သုံးနိုင်သနည်း။

၁၆ ‘အမျက်ထွက်ရာတွင် အပြစ်မရှိစေနှင့်။ အမျက်မပြေဘဲ နေမဝင်စေနှင့်။ စာတန်ကို အခွင့်မပေးကြနှင့်။’ (ဧ. ၄:၂၆၊ ၂၇) ထိုစကားများကို ကျင့်သုံးခြင်းက ပြဿနာကိုဖြေရှင်းရန် သို့မဟုတ် သဘောထားကွဲလွဲမှုများကို ရှောင်ရန် ကူညီပေးနိုင်သည်။ “မကျေနပ်ချက်တစ်ခုရှိနေရက်နဲ့ အဲဒါကို ကျွန်မခင်ပွန်းနဲ့မဆွေးနွေးဘဲနေတာမျိုး မရှိဖူးဘူး။ အဲဒီကိစ္စကိုဖြေရှင်းဖို့ အချိန်အများကြီးပေးရမယ်ဆိုရင်တောင် ကျွန်မတို့ဆွေးနွေးခဲ့တယ်” ဟုညီအစ်မတစ်ဦးပြောပြသည်။ သူနှင့်သူ့ခင်ပွန်းသည် အိမ်ထောင်ကျစကတည်းက ပြဿနာများကို မဖြေရှင်းဘဲ နေ့ရက်တစ်ရက်မကုန်သွားစေရန် စိတ်ပိုင်းဖြတ်ထားကြသည်။ “ဘာပြဿနာပဲဖြစ်ဖြစ် ခွင့်လွှတ်ပြီး မေ့လိုက်ဖို့နဲ့ နေ့ရက်တိုင်းကို အသစ်ကပြန်စဖို့ ဆုံးဖြတ်ထားကြတယ်” ဟုသူတို့ပြောပြ၏။ သို့ဖြင့် သူတို့သည် ‘စာတန်ကိုအခွင့်မပေး’ ခဲ့ကြပေ။

၁၇။ အိမ်ထောင်ဖက်များသည် ရှေ့သွားနောက်လိုက်မညီဟုထင်ရသည့်တိုင် အဘယ်အရာက ကူညီပေးနိုင်သနည်း။

၁၇ သို့သော် သင့်အိမ်ထောင်ဖက်ကို လက်မထပ်ခဲ့မိလျှင်ကောင်းသားဟု သင်ခံစားရလျှင်ကော အသို့နည်း။ အခြားသူများ၏အိမ်ထောင်သည် မေတ္တာဖြင့်ပျော်ရွှင်သာယာနေသကဲ့သို့ ယခု သင်တို့မဟုတ်တော့ကြောင်း သင်သတိပြုမိပေမည်။ သို့သော် အိမ်ထောင်နှောင်ကြိုးနှင့်ပတ်သက်သော ဖန်ဆင်းရှင်၏အမြင်ကို သင်အမှတ်ရခြင်းက အထောက်အကူပြုပါလိမ့်မည်။ ခရစ်ယာန်များကို ပေါလုဤသို့ဆုံးမ၏– “ခပ်သိမ်းသောသူတို့၌ မင်္ဂလာဆောင်ခြင်းအမှုနှင့် သစ္စာသံဝါသပြုခြင်းအမှုသည် အသရေရှိစေလော့။ မတရားသောမေထုန်ကိုပြုသောသူနှင့် သူ့မယားကိုပြစ်မှားသောသူကို ဘုရားသခင်စစ်ကြောစီရင်တော်မူလိမ့်မည်။” (ဟေဗြဲ ၁၃:၄) “သုံးလွန်းတင်သောကြိုးသည်လည်း အလွယ်တကူမပြတ်တတ်” ဟူသောစကားကိုလည်း လျှော့မတွက်သင့်ပေ။ (ဒေ. ၄:၁၂) ခင်ပွန်းနှင့်ဇနီးနှစ်ဦးစလုံးသည် ယေဟောဝါ၏နာမတော် သန့်ရှင်းမြင့်မြတ်ရေးကို အာရုံစိုက်ပါက တစ်ဦးနှင့်တစ်ဦးအပြင် ဘုရားသခင်နှင့်ပါ နှောင်ဖွဲ့နေပါလိမ့်မည်။ အောင်မြင်သောအိမ်ထောင်သည် အိမ်ထောင်ကိုအစပြုရှင် ယေဟောဝါ၏ဘုန်းတော်ကို ထင်ရှားစေကြောင်း အမှတ်ရလျက် ထိုသို့အောင်မြင်ရန် သူတို့ကြိုးစားသင့်သည်။—၁ ပေ. ၃:၁၁

၁၈။ အိမ်ထောင်ရေးနှင့်ပတ်သက်၍ အဘယ်အရာကို သင်ယုံကြည်စိတ်ချနိုင်သနည်း။

၁၈ ခရစ်ယာန်များသည် အိမ်ထောင်တွင် အမှန်တကယ် ရွှင်လန်းမှုခံစားရနိုင်ပါသည်။ ထိုသို့ခံစားနိုင်ရန် ကြိုးစားအားထုတ်ဖို့၊ အလျှော့ပေးလိုက်လျောခြင်းနှင့် လက်အောက်ခံခြင်းစသော ခရစ်ယာန်အရည်အသွေးများတင်ပြဖို့ လိုသည်။ ထိုသို့တင်ပြနိုင်ကြောင်း ယနေ့ ကမ္ဘာတစ်ဝန်းရှိ ယေဟောဝါသက်သေတို့၏အသင်းတော်များမှ မောင်နှံစုံများစွာ သက်သေပြနိုင်ကြပါသည်။

သင်မည်သို့ဖြေဆိုမည်နည်း

• အိမ်ထောင်တွင် ရွှင်လန်းမှုခံစားရခြင်းသည် အဘယ်ကြောင့် လက်တွေ့မကျသောအရာ မဟုတ်သနည်း။

• အဘယ်အရာက အောင်မြင်သောအိမ်ထောင်ဖြစ်စေနိုင်သနည်း။

• အဘယ်အရည်အသွေးများကို အိမ်ထောင်သည်များ မွေးမြူရန်လိုအပ်သနည်း။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၉ ပါပုံစာ]

မောင်နှံစုံများသည် ဖိတ်ခေါ်ချက်တစ်ခုကို လက်မခံမီ သို့မဟုတ် တစ်စုံတစ်ရာချိန်းဆိုမှုမပြုမီ ပညာရှိစွာပြောဆိုဆက်သွယ်ကြ

[စာမျက်နှာ ၁၀ ပါပုံစာ]

သဘောထားကွဲလွဲမှုဖြစ်သည့်နေ့တွင်ပင် ဖြေရှင်းဖို့ကြိုးစားပါ၊ ‘စာတန်ကိုအခွင့်မပေးကြနှင့်’