မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“တန်ဖိုးမဲ့သောအရာများ” ကို ငြင်းပယ်လော့

“တန်ဖိုးမဲ့သောအရာများ” ကို ငြင်းပယ်လော့

“တန်ဖိုးမဲ့သောအရာများ” ကို ငြင်းပယ်လော့

“တန်ဖိုးမဲ့သောအရာများကို လိုက်စားသောသူမူကား ဉာဏ်ချို့တဲ့၏။”—သု. ၁၂:၁၁ကဘ။

၁။ ကျွန်ုပ်တို့ပိုင်ဆိုင်ထားသည့် အဖိုးထိုက်သောအရာအချို့ကား အဘယ်နည်း၊ ယင်းတို့ကိုအသုံးပြုနိုင်သည့် အကောင်းဆုံးနည်းမှာ အဘယ်နည်း။

ခရစ်ယာန်များအနေဖြင့် ကျွန်ုပ်တို့သည် အဖိုးထိုက်သောအရာတစ်မျိုးမျိုးကို ပိုင်ဆိုင်ထားကြ၏။ ယင်းတို့တွင် ကျန်းမာခြင်း၊ ခွန်အားရှိခြင်း၊ ဉာဏ်ရည်ကောင်းခြင်း သို့မဟုတ် ငွေကြေးချမ်းသာခြင်းတို့ ပါဝင်ပေမည်။ ကျွန်ုပ်တို့သည် ယေဟောဝါကိုချစ်သောကြောင့် ထိုအရာများကို ကိုယ်တော်၏လုပ်ငန်းတော်အတွက် ဝမ်းမြောက်ဝမ်းသာ ပေးဆက်ကြသည်၊ သို့ဖြင့် “သင်၏အဖိုးထိုက်သောအရာများ . . . ဖြင့် ယေဟောဝါအား ဂုဏ်တင်လော့” ဟူသော ကျမ်းစာတိုက်တွန်းချက်ကို လိုက်နာကြသည်။—သု. ၃:၉ကဘ။

၂။ တန်ဖိုးမဲ့သောအရာများနှင့်ပတ်သက်၍ သမ္မာကျမ်းစာ မည်သို့သတိပေးထားပြီး ထိုသတိပေးချက်သည် စာသားအရ မည်သို့သက်ဆိုင်မှုရှိသနည်း။

တစ်ဖက်တွင် သမ္မာကျမ်းစာသည် တန်ဖိုးမဲ့သောအရာများအကြောင်းကိုလည်း ဖော်ပြပြီး ယင်းတို့ကိုလိုက်စားခြင်းဖြင့် ကျွန်ုပ်တို့၏ပိုင်ဆိုင်ရာများကို မဖြုန်းတီးရန် သတိပေးထားသည်။ ယင်းနှင့်ပတ်သက်၍ နယပုံပြင် ၁၂:၁၁ မှ ဤစကားများကို သုံးသပ်ကြည့်ပါ– “မိမိလယ်ယာကိုလုပ်သောသူသည် ဝစွာစားရ၏။ [“တန်ဖိုးမဲ့သောအရာများကို လိုက်စားသောသူ၊” ကဘ] မူကား ဉာဏ်ချို့တဲ့၏။” ထိုပညာရှိစကားသည် စာသားအရ မည်သို့သက်ဆိုင်မှုရှိကြောင်း သိမြင်နိုင်ရန် မခက်ခဲပါ။ လူတစ်ဦးသည် မိသားစုကိုထောက်ပံ့ရန် အချိန်နှင့်ခွန်အားစိုက်ထုတ်ပြီး အလုပ်ကြိုးစားလျှင် ငွေကြေးဖူလုံကာ လုံခြုံမှုခံစားရပေမည်။ (၁ တိ. ၅:၈) သို့သော် သူသည် တန်ဖိုးမဲ့သောအရာများလိုက်စားခြင်းဖြင့် သူ၏ပိုင်ဆိုင်ရာများကို ဖြုန်းတီးခဲ့လျှင် “ဉာဏ်ချို့တဲ့” ကြောင်း၊ မျှတစွာချင့်ချိန်ပိုင်းဖြတ်မှုနှင့် ရည်ရွယ်ချက်ကောင်းမရှိကြောင်း ဖော်ပြရာရောက်သည်။ ထိုသို့သောသူသည် ဆင်းရဲချို့တဲ့သွားပေမည်။

၃။ တန်ဖိုးမဲ့သောအရာများနှင့်ပတ်သက်သည့် ကျမ်းစာသတိပေးချက်သည် ကျွန်ုပ်တို့၏ဝတ်ပြုရေးနှင့် မည်သို့သက်ဆိုင်မှုရှိသနည်း။

သို့သော် ကျွန်ုပ်တို့၏ဝတ်ပြုရေးတွင် ထိုပညာရှိမူကို ကျင့်သုံးလျှင်ကော။ ယေဟောဝါအား ဇွဲထက်သန်စွာ၊ သစ္စာရှိစွာဝတ်ပြုနေသော ခရစ်ယာန်တစ်ဦးသည် စစ်မှန်သောလုံခြုံမှုခံစားရကြောင်း ကျွန်ုပ်တို့တွေ့ရှိရသည်။ သူသည် ယခုအချိန်တွင် ဘုရားသခင့်ကောင်းချီးခံစားရမည်ကို ယုံကြည်စိတ်ချနိုင်ပြီး အနာဂတ်အတွက်လည်း သေချာသောမျှော်လင့်ချက် ရရှိထားသည်။ (မ. ၆:၃၃; ၁ တိ. ၄:၁၀) သို့သော် တန်ဖိုးမဲ့သောအရာများဖြင့် စိတ်ပျံ့လွင့်နေသည့် ခရစ်ယာန်တစ်ဦးသည် သူနှင့်ယေဟောဝါ၏ဆက်ဆံရေးအပြင် ထာဝရအသက်ရမည့်အလားအလာကိုပါ ထိခိုက်ပျက်စီးစေမည့် အန္တရာယ်ရှိ၏။ ယင်းကို ကျွန်ုပ်တို့ မည်သို့ရှောင်ကြဉ်နိုင်မည်နည်း။ ကျွန်ုပ်တို့၏အသက်တာရှိ “တန်ဖိုးမဲ့သော” အရာများကို ပိုင်းခြားသိမြင်ပြီး ယင်းတို့ကိုငြင်းပယ်ဖို့ စိတ်ပိုင်းဖြတ်ထားရမည်။—တိတု ၂:၁၃ ကိုဖတ်ပါ။

၄။ ယေဘုယျအားဖြင့် တန်ဖိုးမဲ့သောအရာများကား အဘယ်နည်း။

သို့ဆိုလျှင် တန်ဖိုးမဲ့သောအရာများကား အဘယ်နည်း။ ယေဘုယျအားဖြင့် ယင်းတို့သည် ယေဟောဝါအား တစ်သက်တာလုံး ဝတ်ပြုခြင်းမှ သွေဖည်သွားစေသောအရာမှန်သမျှဖြစ်နိုင်သည်။ ဥပမာ၊ ယင်းတို့တွင် အပန်းဖြေမှုပုံစံအမျိုးမျိုး ပါဝင်နိုင်သည်။ အမှန်မှာ အပန်းဖြေမှုဟူသည် သူ့နေရာနှင့်သူ အကျိုးရှိသည်။ သို့သော် ဝတ်ပြုရေးနှင့်ဆိုင်သော လုပ်ဆောင်မှုများကို လျစ်လျူရှု၍ “အပျော်အပါး” အတွက် အချိန်များစွာအကုန်ခံလျှင် အပန်းဖြေမှုသည် တန်ဖိုးမဲ့သောအရာဖြစ်လာနိုင်ပြီး ကျွန်ုပ်တို့နှင့်ဘုရားသခင်၏ဆက်ဆံရေးကို အကြီးအကျယ်ထိခိုက်စေနိုင်သည်။ (ဒေ. ၂:၂၄; ၄:၆) ခရစ်ယာန်တစ်ဦးသည် ယင်းကိုရှောင်ကြဉ်နိုင်ရန် မိမိ၏အဖိုးထိုက်သောအချိန်ကို မည်သို့အသုံးပြုနေကြောင်း ကောင်းစွာဂရုပြုခြင်းဖြင့် မျှတမှုရှိဖို့ ကြိုးစားသည်။ (ကောလောသဲ ၄:၅ ကိုဖတ်ပါ။) သို့သော် အပန်းဖြေမှုထက် ပို၍အန္တရာယ်များသည့် တန်ဖိုးမဲ့သောအရာများရှိပါသည်။ ယင်းတို့တွင် မှားယွင်းသောဘုရားသခင်များ ပါဝင်သည်။

တန်ဖိုးမဲ့သော ဘုရားသခင်များကို ငြင်းပယ်ပါ

၅။ သမ္မာကျမ်းစာတွင် “တန်ဖိုးမဲ့သော” ဟူသည့်စကားလုံးကို မည်သို့အသုံးပြုလေ့ရှိသနည်း။

မူရင်းဟေဗြဲကျမ်းစာတွင် “တန်ဖိုးမဲ့သော”  ဟူသည့်စကားလုံးပါသော ကျမ်းချက်အများစုသည် မှားယွင်းသောဘုရားသခင်များနှင့် သက်ဆိုင်နေသည်မှာ စိတ်ဝင်စားစရာပင်။ ဥပမာ၊ ဣသရေလလူမျိုးကို ယေဟောဝါဤသို့မိန့်ဆိုသည်– ‘သင်တို့သည် ကိုယ်အဖို့ထုလုပ်သော [“တန်ဖိုးမဲ့သော၊” ကဘ] ရုပ်ပုံကို မရှိစေရ။ သင်တို့ပြည်၌ ကိုးကွယ်စရာမှတ်တိုင်ကို မစိုက်ရ။ ထုသောကျောက်ကို ထောင်၍မထားရ။’ (ဝတ်. ၂၆:၁) ဘုရင်ဒါဝိဒ်လည်း ဤသို့ရေးခဲ့၏– ‘ထာဝရဘုရားသခင်သည် ကြီးမြတ်၍ အလွန်ချီးမွမ်းဖွယ်ဖြစ်တော်မူ၏။ ဘုရားသခင်တကာတို့ထက် ကြောက်ရွံ့ဖွယ်ဖြစ်တော်မူ၏။ တစ်ပါးအမျိုးသားတို့၏ နတ်ဘုရားရှိသမျှတို့သည် [“တန်ဖိုးမဲ့၊” ကဘ] ကြ၏။ ထာဝရဘုရားသခင်မူကား မိုးကောင်းကင်ကို ဖန်ဆင်းတော်မူ၏။’—၅ ရာ. ၁၆:၂၅၊ ၂၆

၆။ မှားယွင်းသောနတ်ဘုရားများသည် အဘယ်ကြောင့် တန်ဖိုးမဲ့ရသနည်း။

ဒါဝိဒ်ဖော်ပြသည့်အတိုင်း ယေဟောဝါကြီးမြတ်တော်မူကြောင်း အထောက်အထားများစွာ ကျွန်ုပ်တို့ဝန်းကျင်တွင်ရှိသည်။ (ဆာ. ၁၃၉:၁၄; ၁၄၈:၁-၁၀) ယေဟောဝါနှင့်ပဋိညာဉ်ဖွဲ့ရခြင်းသည် ဣသရေလလူမျိုးအတွက် အလွန်အခွင့်ထူးလှသည်တကား!​သို့သော် ဘုရားသခင်ထံမှ သူတို့လှည့်ထွက်ပြီး သွန်းလုပ်သောရုပ်ပုံများနှင့်အာရှရပင်များကို ဦးချခြင်းသည် မိုက်မဲလိုက်လေခြင်း! အရေးကြုံချိန်တွင် သူတို့၏မှားယွင်းသောနတ်ဘုရားများသည် အမှန်ပင် ​တန်ဖိုးမဲ့ကြောင်း၊ ၎င်းတို့အား ဝတ်ပြုသူများကိုမဆိုထားနှင့် ​ကိုယ့်ကိုယ်ကိုပင် ကယ်တင်နိုင်သောတန်ခိုးမရှိကြောင်း ထင်ရှားခဲ့သည်။​—​သူကြီး. ၁၀:၁၄၊ ၁၅; ဟေရှာ. ၄၆:၅-၇

၇၊ ၈။ “စည်းစိမ်” သည် အဘယ်နည်းဖြင့် ဘုရားသခင်သဖွယ်ဖြစ်လာနိုင်သနည်း။

ယနေ့ ဒေသများစွာတွင် လူတို့သည် လူ့လက်ဖြစ်ရုပ်ပုံများကို ဦးချနေဆဲဖြစ်ပြီး ယင်းတို့သည် ရှေးအချိန်ကကဲ့သို့ တန်ဖိုးမဲ့နေဆဲဖြစ်၏။ (၁ ယော. ၅:၂၁) သို့သော် သမ္မာကျမ်းစာက ရုပ်ပုံများအပြင် အခြားအရာများကိုလည်း ဘုရားသခင်များအဖြစ် ​ဖော်ပြထားသည်။ ဥပမာ၊ ယေရှု၏အောက်ပါစကားများကို သုံးသပ်ကြည့်ပါ– ‘အဘယ်သူမျှ သခင်နှစ်ဦးအစေကို မခံနိုင်။ သခင်တစ်ဦးကို ​မုန်း၍ တစ်ဦးကိုချစ်မည်။ သခင်တစ်ဦးကိုမှီခို၍ တစ်ဦးကိုမခန့်မညားပြုမည်။ သင်တို့သည် ဘုရားသခင်၏အစေကိုလည်းကောင်း၊ ​လောကစည်းစိမ်အစေကိုလည်းကောင်း မခံနိုင်ကြ။’​—မ. ၆:၂၄

“စည်းစိမ်” သည် အဘယ်နည်းဖြင့် ဘုရားသခင်သဖွယ်ဖြစ်လာနိုင်သနည်း။ ဥပမာ၊ ရှေးခေတ်ဣသရေလနိုင်ငံ၏ လယ်ကွင်းတစ်ခုရှိ ကျောက်တုံးတစ်တုံးကို သုံးသပ်ကြည့်ပါ။ ထိုကျောက်သည် အိမ် ​သို့ မဟုတ် မြို့ရိုးတည်ဆောက်ရာတွင် အသုံးဝင်နိုင်သည်။ သို့သော် “ကိုးကွယ်စရာမှတ်တိုင်” သို့မဟုတ် “ထုသောကျောက်” အဖြစ် တည်ထားကိုးကွယ်မည်ဆိုလျှင် ယင်းသည် ယေဟောဝါ၏လူမျိုးအတွက် ထိမိလဲစရာဖြစ်လာနိုင်သည်။ (ဝတ်. ၂၆:၁)

၉၊ ၁၀။ (က) ခရစ်ယာန်တစ်ဦးသည် ပညာရေးကို မည်သို့ရှုမြင်သနည်း။ (ခ) အဆင့်မြင့်ပညာရေး၏အန္တရာယ်တစ်ခုကား အဘယ်နည်း။

အသုံးဝင်သော်လည်း တန်ဖိုးမဲ့သောအရာဖြစ်လာနိုင်သည့် နောက်ထပ်နမူနာတစ်ခုမှာ လောကပညာရေးဖြစ်၏။ မိဘများသည် သားသမီးများ အသက်မွေးဝမ်းကျောင်းပြုနိုင်ရန် သူတို့ကို ပညာတတ်များဖြစ်စေလိုကြသည်။ သာ၍အရေးကြီးသည်မှာ ပညာတတ်ခရစ်ယာန်တစ်ဦးသည် ကျမ်းစာကို ပို၍ဖတ်ရှုနားလည်နိုင်၏၊ ပြဿနာများကို ပို၍ကျိုးကြောင်းဆင်ခြင်နိုင်ကာ မှန်ကန်စွာကောက်ချက်ချနိုင်၏၊ ကျမ်းစာအမှန်တရားများကို ပို၍ရှင်းလင်းထိရောက်သောနည်းဖြင့် သွန်သင်နိုင်၏။ ထို့ကြောင့် ပညာကောင်းကောင်းတတ်မြောက်နိုင်ရန် အချိန်ကုန်သော်လည်း အချိန်ကုန်ရကျိုးနပ်ပါသည်။

၁၀ ကောလိပ် သို့မဟုတ် တက္ကသိုလ်မှရရှိသော အဆင့်မြင့်ပညာရေးနှင့်ပတ်သက်၍ကော မည်သို့နည်း။ ယင်းကို အောင်မြင်မှုအတွက် မရှိမဖြစ်လိုအပ်ရာဟု လူအများရှုမြင်ကြသည်။ သို့တိုင် အဆင့်မြင့်ပညာရေးကို လိုက်စားသူများစွာ၏အတွေးအခေါ်သည် အဆုံးတွင် အန္တရာယ်ရှိသောလောကပညာဖြင့် ပြည့်လျက်ရှိသည်။ ထိုပညာရေးကိုလိုက်စားခြင်းက ယေဟောဝါ၏အမှုတော်တွင် အကောင်းဆုံးအသုံးပြုနိုင်သော အဖိုးတန်လှသည့်လူငယ့်ဘဝကို ဖြုန်းတီးရာရောက်သည်။ (ဒေ. ၁၂:၁) ထိုသို့သောပညာတတ်များစွာရှိသည့် ​နိုင်ငံများတွင် ဘုရားသခင်အားယုံကြည်သူ လျော့နည်းနေသည်မှာ အံ့ဩစရာမဟုတ်ပါ။ ခရစ်ယာန်တစ်ဦးသည် လုံခြုံမှုအတွက် ဤလောက၏ပညာရေးစနစ်များကို အားကိုးမည့်အစား ယေဟောဝါကိုသာ ယုံကြည်ကိုးစားသည်။​—သု. ၃:၅

သွေးသားဆန္ဒကို ဘုရားသခင်တစ်ပါး ဖြစ်လာရန် ခွင့်မပြုပါနှင့်

၁၁၊ ၁၂။ ‘သူတို့၏ဘုရားသခင်မူကား မိမိတို့ဝမ်းပေတည်း’ ဟုအချို့သူတို့ကို ပေါလု အဘယ်ကြောင့်ဆိုခဲ့သနည်း။

၁၁ တမန်တော်ပေါလုသည် ဖိလိပ္ပိမြို့သားများထံရေးသောစာတွင် ဘုရားသခင်ဖြစ်လာနိုင်သောအရာတစ်ခုအကြောင်း ထောက်ပြခဲ့သည်။ တစ်ချိန်က ဝတ်ပြုသူချင်းဖြစ်ခဲ့ဖူးသူအချို့အကြောင်း သူဤသို့ပြော၏– ‘အထက်အဖန်ဖန်ငါပြော၍ ယခုပင် မျက်ရည်ကျလျက်နှင့်ပြောသည်အတိုင်း ခရစ်တော်၏လက်ဝါးကပ်တိုင်ကို ရန်ဘက်ပြု၍ ကျင့်သောသူအများရှိကြ၏။ ထိုသူတို့သည် ပျက်စီးခြင်း၌လမ်းဆုံးတတ်ကြ၏။ သူတို့၏ဘုရားသခင်မူကား မိမိတို့ဝမ်းပေတည်း။ . . . လောကအရာတို့ကိုသာ စိတ်စွဲလမ်းခြင်းရှိကြ၏။’ (ဖိ. ၃:၁၈၊ ၁၉) လူတစ်ဦး၏ဝမ်းဗိုက်သည် သူ၏ဘုရားသခင် မည်သို့ဖြစ်လာနိုင်သနည်း။

၁၂ ပေါလု၏မိတ်ဆွေများဖြစ်သော ထိုသူတို့သည် ပေါလုနှင့်အတူ ယေဟောဝါ၏အမှုတော်ဆောင်ခြင်းထက် သွေးသားဆန္ဒ၏အလိုလိုက်ခြင်းကို ပိုဦးစားပေးခဲ့ကြောင်း ထင်ရှားသည်။ အချို့သည် အစားအသောက်ကို အရေးပေးပြီး စားကြူးသောက်ကြူးသည့်အထိ ဖြစ်ခဲ့ပေမည်။ (တရားဟောရာ ၂၁:၁၈-၂၁ နှင့်နှိုင်းယှဉ်ပါ; သု. ၂၃:၂၀၊ ၂၁) အချို့မူ သူတို့ခေတ်တွင်ရရှိနိုင်သော အခွင့်အရေးများကို အပြည့်အဝအသုံးချခြင်းဖြင့် ယေဟောဝါ၏အမှုတော်ဆောင်ခြင်းမှ သွေဖည်ခဲ့ကြပေမည်။ ဇိမ်ကျသောဘဝဟုခေါ်သည့်အရာကို လိုလားသောဆန္ဒကြောင့် ယေဟောဝါ၏အမှုတော်ကို တစ်သက်တာလုံးထမ်းဆောင်ရာတွင် ဇွဲလျော့နည်းသွားစေရန် ဘယ်တော့မျှအခွင့်မပေးပါနှင့်။—ကော. ၃:၂၃၊ ၂၄

၁၃။ (က) လိုဘကြီးခြင်းကား အဘယ်နည်း၊ ယင်းကို ပေါလုမည်သို့ဖော်ပြခဲ့သနည်း။ (ခ) လိုဘကြီးခြင်းကို ကျွန်ုပ်တို့ မည်သို့ရှောင်ရှားနိုင်သနည်း။

၁၃ မှားယွင်းသောဝတ်ပြုရေး၏ နောက်ကဏ္ဍတစ်ခုကိုလည်း ပေါလုဖော်ပြသည်။ သူဤသို့ရေးခဲ့၏– ‘မတရားသောမေထုန်၌မှီဝဲခြင်း၊ ညစ်ညူးစွာကျင့်ခြင်း၊ ကိလေသာပူပန်ခြင်း၊ ဆိုးညစ်သောတပ်မက်ခြင်း၊ ရုပ်ပုံကိုးကွယ်ခြင်းဖြစ်သော လိုဘကြီးခြင်းတည်းဟူသော မြေကြီးပေါ်မှာရှိသော သင်တို့၏ကိုယ်အင်္ဂါတို့ကို သေစေကြလော့။’ (ကော. ၃:၅) လိုဘကြီးခြင်းသည် ကိုယ်မပိုင်ဆိုင်ရာကို ရယူလိုသောဆန္ဒ ပြင်းပြခြင်းဖြစ်သည်။ ထိုအရာများသည် ရုပ်ပစ္စည်းများဖြစ်နိုင်သည်။ မှားယွင်းသောလိင်ဆန္ဒများပင် ပါဝင်နိုင်သည်။ (ထွ. ၂၀:၁၇) ထိုဆန္ဒများကို မှားယွင်းသောနတ်ဘုရားကိုးကွယ်မှုဖြစ်သော ရုပ်ပုံကိုးကွယ်မှုနှင့် တန်းတူထားခြင်းကြောင့် အလေးအနက် တွေးတောဆင်ခြင်သင့်သည်မဟုတ်လော။ ထိုမှားယွင်းသောဆန္ဒများကို ကြိုးစားထိန်းချုပ်ဖို့ မည်မျှအရေးကြီးကြောင်းပေါ်လွင်စေရန် ကွက်ကွက်ကွင်းကွင်းဖော်ပြချက်တစ်ခုကို ယေရှုမိန့်ဆိုခဲ့သည်။—မာကု ၉:၄၇၊ ၄၈ ကိုဖတ်ပါ; ၁ ယော. ၂:၁၆

တန်ဖိုးမဲ့သောစကားများကို သတိပြုရှောင်ရှားလော့

၁၄၊ ၁၅။ (က) ယေရမိခေတ်မှလူများစွာကို ထိမိလဲစေသည့် “တန်ဖိုးမဲ့သောအရာ” ကား အဘယ်နည်း။ (ခ) မောရှေ၏စကားများသည် အဘယ်ကြောင့် တန်ဖိုးရှိသနည်း။

၁၄ တန်ဖိုးမဲ့သောအရာများတွင် စကားများလည်း ပါဝင်နိုင်သည်။ ဥပမာ၊ ယေရမိကို ယေဟောဝါဤသို့ဆို၏– ‘ထိုပရောဖက်တို့သည် ငါ၏နာမကိုအမှီပြု၍ မုသာကိုဟောတတ်ကြ၏။ သူတို့ကို ငါမစေလွှတ်၊ မမှာထား၊ . . . သူတို့ဟောပြောချက်တို့သည် မျက်စိကိုလှည့်ခြင်း၊ နတ်ပူးခြင်း၊ [“တန်ဖိုးမဲ့ခြင်း၊ကဘ]၊ မိမိဉာဏ်အတိုင်း လှည့်စားခြင်းသက်သက်ဖြစ်ကြ၏။’ (ယေ. ၁၄:၁၄) မှားယွင်းသောပရောဖက်များသည် ယေဟောဝါ၏နာမကိုအမှီပြု၍ ဟောပြောသည်ဟုဆိုသော်လည်း သူတို့၏ကိုယ်ပိုင်အယူအဆများနှင့် ကိုယ်ပိုင်ဉာဏ်ပညာကိုသာ အားပေးအားမြှောက်ပြုခဲ့သည်။ ထို့ကြောင့် သူတို့၏စကားများသည် “တန်ဖိုးမဲ့” ပြီး စစ်မှန်သောဝတ်ပြုရေးကို အမှန်ပင်အန္တရာယ်ရှိစေသည်။ ထိုတန်ဖိုးမဲ့စကားများကို နားထောင်သူတို့သည် ဘီစီ ၆၀၇ ခုနှစ်တွင် ဗာဗုလုန်စစ်သားများ၏လက်ချက်ဖြင့် အချိန်မတန်ဘဲသေဆုံးခဲ့ရသည်။

၁၅ ဆန့်ကျင်ဘက်အနေဖြင့် မောရှေသည် ဣသရေလလူတို့ကို ဤသို့ဆို၏– ‘သင်တို့အား ယနေ့ ငါသက်သေခံသမျှသောစကားတို့ကို နှလုံးသွင်းကြလော့။ . . . [“ဤစကားများသည် တန်ဖိုးမဲ့သောစကားများမဟုတ်။” ကဘ] သင်တို့အသက်နှင့်ဆိုင်သောစကားဖြစ်၏။ ယော်ဒန်မြစ်ကိုကူး၍ ဝင်စားလတ္တံ့သောပြည်၌ ဤစကားတို့ကိုစောင့်ရှောက်လျှင် ကိုယ်အသက်တာရှည်ကြလိမ့်မည်။’ (တရား. ၃၂:၄၆၊ ၄၇) မောရှေ၏စကားများသည် ဘုရားသခင်၏နှုတ်တော်ထွက်စကားများဖြစ်၏။ ထို့ကြောင့် ယင်းတို့သည် တန်ဖိုးရှိပြီး ဣသရေလလူတို့၏ကောင်းကျိုးအတွက် အမှန်ပင်အရေးပါသည်။ ယင်းကို လိုက်နာသူများသည် အသက်တာရှည်၍ ကောင်းစားကြသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် တန်ဖိုးမဲ့သောစကားများကို ငြင်းပယ်ပြီး တန်ဖိုးရှိသောအမှန်တရားစကားများကို နားထောင်ကြပါစို့။

၁၆။ ဘုရားသခင့်နှုတ်မြွက်တော်နှင့် ကွဲလွဲဆန့်ကျင်နေသော သိပ္ပံပညာရှင်များ၏အဆိုအမိန့်များကို ကျွန်ုပ်တို့ မည်သို့ရှုမြင်ကြသနည်း။

၁၆ ယနေ့၊ တန်ဖိုးမဲ့သောစကားများကို ကြားနေရသလော။ ကြားနေရပါသည်။ ဥပမာ၊ ဆင့်ကဲသီအိုရီနှင့် သိပ္ပံဆိုင်ရာရှာဖွေတွေ့ရှိချက်များက ဘုရားသခင်ကို လုံးဝယုံကြည်ဖို့မလိုကြောင်း၊ အရာခပ်သိမ်းကို သဘာဝတရားက ရှင်းပြပေးနိုင်ကြောင်း သက်သေထူသည်ဟု သိပ္ပံပညာရှင်အချို့ ပြောဆိုကြသည်။ ထိုမောက်မာသောပြောဆိုချက်များကို ကျွန်ုပ်တို့အလေးထားသင့်သလော။ လုံးဝမထားသင့်ပေ။ လူ့ဉာဏ်ပညာသည် ဘုရားသခင့်ဉာဏ်ပညာနှင့် များစွာကွာခြား၏။ (၁ ကော. ၂:၆၊ ၇) လူတို့၏သွန်သင်ချက်နှင့် ဘုရားသခင့်မိန့်ဆိုချက်တို့ ကွဲလွဲဆန့်ကျင်နေသည့်အခါ လူတို့၏သွန်သင်ချက်သည် အမြဲမှားယွင်းကြောင်း ကျွန်ုပ်တို့သိရှိထားကြသည်။ (ရောမ ၃:၄ ကိုဖတ်ပါ။) အချို့နယ်ပယ်တွင် သိပ္ပံပညာတိုးတက်နေသော်လည်း ‘လောကပညာသည် ဘုရားသခင့်ရှေ့၌ မိုက်မဲခြင်းဖြစ်၏’ ဟူသော လူ့ဉာဏ်ပညာနှင့်ပတ်သက်သည့် ကျမ်းစာအဆိုမှာ မှန်ကန်နေဆဲပင်။ ဘုရားသခင်၏ အတိုင်းအဆမဲ့ဉာဏ်ပညာနှင့်နှိုင်းယှဉ်လျှင် လူ့ဉာဏ်ပညာသည် အချည်းနှီးသက်သက်ဖြစ်၏။—၁ ကော. ၃:၁၈-၂၀

၁၇။ ခရစ်ယာန်ဘောင်ခေါင်းဆောင်များနှင့် အယူဖောက်ပြန်သူများ၏စကားများကို မည်သို့ရှုမြင်သင့်သနည်း။

၁၇ တန်ဖိုးမဲ့သောစကားများကို ခရစ်ယာန်ဘောင်၏ ဘာသာရေးခေါင်းဆောင်များအလယ်တွင် တွေ့ရှိနိုင်သည်။ သူတို့သည် ဘုရားသခင့်နာမတော်ကိုအမှီပြု၍ ဟောပြောသည်ဟုဆိုသော်လည်း သူတို့၏သွန်သင်ချက်အများစုသည် ကျမ်းစာကို အခြေမခံပေ၊ သူတို့၏စကားများသည် လုံးဝတန်ဖိုးမဲ့၏။ အယူဖောက်ပြန်သူများသည်လည်း ခန့်အပ်ခံ ‘သစ္စာနှင့်သတိပညာရှိကျွန်’ ထက် ဉာဏ်ပညာမြင့်မားသည်ဟုဆိုကာ တန်ဖိုးမဲ့သောစကားများကို ပြောဆိုကြသည်။ (မ. ၂၄:၄၅-၄၇) သို့သော် အယူဖောက်ပြန်သူများသည် ကိုယ်ပိုင်ဉာဏ်ပညာဖြင့်ပြောဆိုပြီး သူတို့၏စကားများသည် တန်ဖိုးမဲ့ကာ၊ နားထောင်သူမှန်သမျှကို ထိမိလဲစေနိုင်သည်။ (လု. ၁၇:၁၊ ၂) သူတို့၏လှည့်စားမှုမခံရရန် ကျွန်ုပ်တို့ မည်သို့ရှောင်နိုင်မည်နည်း။

တန်ဖိုးမဲ့သောစကားများကို ငြင်းပယ်နိုင်ပုံ

၁၈။ ၁ ယောဟန် ၄:၁ ပါအကြံဉာဏ်ကို အဘယ်နည်းများဖြင့် လိုက်နာနိုင်သနည်း။

၁၈ ထိုကိစ္စနှင့်ပတ်သက်၍ သက်ကြီးတမန်တော်ယောဟန်သည် အကြံဉာဏ်ကောင်းတစ်ခု ပေးခဲ့သည်။ (၁ ယောဟန် ၄:၁ ကိုဖတ်ပါ။ *) ယောဟန်၏အကြံပေးချက်အတိုင်း ကျွန်ုပ်တို့သည် ဟောပြောခြင်းလုပ်ငန်းတွင် တွေ့ဆုံရသူတို့အား ၎င်းတို့သွန်သင်ခံရသည့်အရာကို ကျမ်းစာနှင့်နှိုင်းယှဉ်ကာ စစ်ဆေးရန် အမြဲအားပေးကြသည်။ ယင်းသည် ကျွန်ုပ်တို့အတွက်လည်း အလွန်ကောင်းသောစံနှုန်းဖြစ်၏။ အမှန်တရားကို အပြစ်ရှာဝေဖန်သော သို့မဟုတ် အသင်းတော်၊ အကြီးအကဲများနှင့် ညီအစ်ကိုတစ်ဦးဦးကို ရှုတ်ချသော ပြောဆိုချက်များကို ကျွန်ုပ်တို့ကြားရပါက ယင်းတို့ကိုမဆန်းစစ်ဘဲ လက်ခံမည်မဟုတ်ပေ။ ယင်းအစား ကျွန်ုပ်တို့ကိုယ်ကို ဤသို့မေးသင့်သည်– “ဒီသတင်းကိုဖြန့်တဲ့သူက ကျမ်းစာမှာပြောထားတာနဲ့အညီ ကျင့်ကြံနေရဲ့လား။ ဒီသတင်း ဒါမှမဟုတ် ဒီစွပ်စွဲချက်တွေက ယေဟောဝါရဲ့ရည်ရွယ်ချက်ကို ဖြစ်မြောက်စေသလား။ ဒါတွေက အသင်းတော်ရဲ့ငြိမ်သက်မှုကို တိုးပွားစေသလား။” ကျွန်ုပ်တို့ကြားရသောစကားများသည် ညီအစ်ကိုအသင်းအပင်းကို တည်ဆောက်မှုမဖြစ်စေဘဲ ပြိုကွဲစေပါက တန်ဖိုးမဲ့သောစကားများဖြစ်၏။—၂ ကော. ၁၃:၁၀၊ ၁၁

၁၉။ အကြီးအကဲများသည် မိမိတို့၏စကားများကို တန်ဖိုးမဲ့သောစကားမဖြစ်စေရန် မည်သို့လုပ်ဆောင်ကြသနည်း။

၁၉ အကြီးအကဲများလည်း တန်ဖိုးမဲ့သောစကားများနှင့်ပတ်သက်၍ အရေးကြီးသင်ခန်းစာတစ်ခု ရရှိသည်။ သူတို့သည် အကြံဉာဏ်ပေးရတော့မည်ဆိုလျှင် သူတို့၏အကန့်အသတ်ဖြစ်မှုများကို အမှတ်ရပြီး ကိုယ်ပိုင်အတွေ့အကြုံနှင့်အသိပညာကိုသာ အခြေခံ၍ သွန်သင်သည့်အထိ အတင့်မရဲကြပါ။ ကျမ်းစာမိန့်ဆိုရာကို သူတို့အမြဲရည်ညွှန်းသင့်သည်။ “ကျမ်းစာ၌ရေးထားသည်ထက် မလွန်ရ” ဟူသော တမန်တော်ပေါလု၏စကားက အလွန်ကောင်းသောမူတစ်ခုဖြစ်၏။ (၁ ကော. ၄:၆ကဘ) အကြီးအကဲများသည် သမ္မာကျမ်းစာတွင် ရေးထားသည်ထက် မကျော်လွန်ရပါ။ ထို့ပြင် သစ္စာနှင့်သတိပညာရှိကျွန်မှ ပြင်ဆင်ပေးသော စာပေများတွင်ပါရှိသည့် ကျမ်းစာအခြေပြုအကြံဉာဏ်ထက် မကျော်လွန်ကြပါ။

၂၀။ ကျွန်ုပ်တို့သည် တန်ဖိုးမဲ့သောအရာများကိုငြင်းပယ်နိုင်ရန် အဘယ်နည်းများဖြင့် အကူအညီရရှိထားကြသနည်း။

၂၀ တန်ဖိုးမဲ့သောအရာများသည် “ဘုရားသခင်များ၊” စကားများ သို့မဟုတ် အခြားအရာတစ်ခုခုပင်ဖြစ်ပါစေ အလွန်အန္တရာယ်ရှိသည်။ ထို့ကြောင့် ထိုအရာများကိုသိမြင်နိုင်ရန် ကူညီပေးဖို့ ယေဟောဝါထံ အမြဲဆုတောင်းပြီး ယင်းတို့ကိုငြင်းပယ်ရာတွင် ကိုယ်တော်၏လမ်းညွှန်မှုကို ရှာဖွေကြ၏။ ထိုသို့ပြုလျှင် ဆာလံဆရာနည်းတူ ဤသို့ပြောဆိုနိုင်ပါသည်– “[“တန်ဖိုးမဲ့သောအရာ၊” ကဘ] ကိုပမာဏမပြုစေခြင်းငှာ အကျွန်ုပ်မျက်စိကို အခြားသို့လွှဲတော်မူပါ။ လမ်းခရီးတော်၌ အကျွန်ုပ်ကို အသက်ရှင်စေတော်မူပါ။” (ဆာ. ၁၁၉:၃၇) ယေဟောဝါ၏လမ်းပြမှု ခံယူခြင်း၏တန်ဖိုးကို နောက်ဆောင်းပါးတွင် သုံးသပ်ပါမည်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 18 ၁ ယောဟန် ၄:၁ (ကဘ)– “တရားစကားတိုင်းကို မယုံကြနှင့်။ ဘုရားသခင်၏တရားစကား ဟုတ်မဟုတ် သိမြင်ခြင်းငှာ စစ်ဆေးကြလော့။ အကြောင်းမှာ ပရောဖက်အတုအယောင် များစွာတို့သည် လောကတွင် ပေါ်လာကြပြီ။”

သင်ရှင်းပြနိုင်သလော

• ယေဘုယျသဘောဖြင့် အဘယ် “တန်ဖိုးမဲ့သောအရာများ” ကို ကျွန်ုပ်တို့ငြင်းပယ်သင့်သနည်း။

• ငွေကို ဘုရားသခင်သဖွယ် ဖြစ်မလာစေရန် မည်သို့ရှောင်နိုင်သနည်း။

သွေးသားဆန္ဒများသည် အဘယ်နည်းဖြင့် ရုပ်ပုံကိုးကွယ်ခြင်း ဖြစ်လာနိုင်သနည်း။

• တန်ဖိုးမဲ့သောစကားများကို မည်သို့ငြင်းပယ်နိုင် မည်နည်း။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၃ ပါပုံစာ]

ဣသရေလလူတို့သည် တန်ဖိုးမဲ့သောအရာများကို မလိုက်စားဘဲ ‘မိမိတို့၏လယ်ယာကိုလုပ်ဆောင်’ ကြရန် တိုက်တွန်းခံရ

[စာမျက်နှာ ၅ ပါပုံစာ]

ရုပ်ပစ္စည်းများ ပိုင်ဆိုင်လိုသော ဆန္ဒကြောင့် ယေဟောဝါ၏ အမှုတော်တွင် ဇွဲလျော့နည်းသွား စေရန် ဘယ်တော့မျှအခွင့်မပေးပါနှင့်

[စာမျက်နှာ ၆ ပါပုံစာ]

အကြီးအကဲတို့၏စကားများသည် အလွန်တန်ဖိုးရှိနိုင်