မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လူငယ်တို့၊ ယခုပင် သင့်ကိုဖန်ဆင်းတော်မူသောအရှင်ကို အောက်မေ့လော့

လူငယ်တို့၊ ယခုပင် သင့်ကိုဖန်ဆင်းတော်မူသောအရှင်ကို အောက်မေ့လော့

လူငယ်တို့၊ ယခုပင် သင့်ကိုဖန်ဆင်းတော်မူသောအရှင်ကို အောက်မေ့လော့

“ယခုအသက်ပျိုစဉ်အခါပင် သင့်ကိုဖန်ဆင်းတော်မူသောအရှင်ကို အောက်မေ့လော့။”—ဒေ. ၁၂:၁

၁။ ယေဟောဝါသည် မိမိအားဝတ်ပြုသော လူငယ်များကို ယုံကြည်စိတ်ချကြောင်း မည်သို့ဖော်ပြသနည်း။

ယေဟောဝါသည် ခရစ်ယာန်လူငယ်များကို အဖိုးထိုက်သောအရာ၊ ဆီးနှင်းများအလား လန်းဆန်းမှုပေးသောအရာအဖြစ် ရှုမြင်တော်မူသည်။ ကိုယ်တော့်သားတော် “တန်ခိုးတော်ပြသောနေ့ရက်ကာလ၌” လူငယ်မောင်မယ်များသည် ခရစ်တော်၏အမှုတော်တွင် “ကြည်ညိုသောစေတနာစိတ်ရှိ၍” မိမိတို့ကိုယ်ကိုပေးဆက်ကြမည်ဟု ကိုယ်တော် ကြိုတင်မိန့်ဆိုခဲ့သည်။ (ဆာ. ၁၁၀:၃) ထိုပရောဖက်ပြုချက်သည် ဘုရားသခင်ကိုရိုသေလေးစားခြင်းမရှိသော၊ ကိုယ့်ကိုယ်ကိုချစ်သော၊ ငွေကိုတပ်မက်သော၊ နာခံမှုကင်းမဲ့သောလူအများစု အသက်ရှင်သည့်ခေတ်တွင် ပြည့်စုံရန်ဖြစ်၏။ သို့သော်၊ ယေဟောဝါအားဝတ်ပြုသော လူငယ်များမူ ထိုသို့ဖြစ်မည်မဟုတ်ကြောင်း ကိုယ်တော်သိတော်မူသည်။ ကိုယ်တော်သည် အသင်လူငယ်မောင်မယ်များကို ယုံကြည်စိတ်ချလှသည်တကား!

၂။ ယေဟောဝါအား အောက်မေ့ခြင်းတွင် အဘယ်အရာပါဝင်သနည်း။

လူငယ်များသည် ဘုရားသခင်အား မိမိတို့၏ဖန်ဆင်းရှင်အဖြစ်  အောက်မေ့နေသည်ကို  ကိုယ်တော်မြင်တွေ့ရသောအခါ မည်မျှပျော်ရွှင်မည်ကို  မြင်ယောင်ကြည့်ပါ။ (ဒေ. ၁၂:၁) ယေဟောဝါအား အောက်မေ့ခြင်းတွင် ကိုယ်တော်ကိုသတိရနေရုံထက်မက ပါဝင်သည်။ ယင်းသည် ကိုယ်တော်နှစ်သက်ရာကို လုပ်ဆောင်ခြင်း၊ နေ့စဉ်အသက်တာတွင် ကိုယ်တော့်ပညတ်နှင့်မူများ၏ လမ်းပြမှုခံယူခြင်းကို ဆိုလိုသည်။ ထို့ပြင် ကျွန်ုပ်တို့၏အကောင်းဆုံးအကျိုးကို ယေဟောဝါလိုလားကြောင်း သိရှိလျက် ကိုယ်တော်အား ကိုးစားခြင်းကို ဆိုလိုသည်။ (ဆာ. ၃၇:၃; ဟေရှာ. ၄၈:၁၇၊ ၁၈) သင့်ကိုဖန်ဆင်းတော်မူသော ဘုရားသခင်နှင့်ပတ်သက်၍ သင်ထိုသို့ခံစားရသလော။

‘ထာဝရဘုရားသခင်ကို စိတ်နှလုံးအကြွင်းမဲ့ကိုးစားလော့’

၃၊ ၄။ ယေရှုသည် ယေဟောဝါကိုကိုးစားကြောင်း မည်သို့တင်ပြခဲ့သနည်း၊ ယနေ့ ယေဟောဝါကိုကိုးစားရန် အဘယ်ကြောင့်အရေးကြီးသနည်း။

ဘုရားသခင်ကိုကိုးစားခဲ့သော အကောင်းဆုံးစံနမူနာရှင်တစ်ဦးမှာ ယေရှုခရစ်ဖြစ်သည်။ ကိုယ်တော်သည် နယပုံပြင် ၃:၅၊ ၆ တွင်ပါသော ဤစကားများနှင့်အညီ အသက်ရှင်ခဲ့သည်– ‘ထာဝရဘုရားသခင်ကို စိတ်နှလုံးအကြွင်းမဲ့ကိုးစားလော့။ ကိုယ့်ဉာဏ်ကို အမှီမပြုနှင့်။ သွားလေရာရာ၌ ထာဝရဘုရားသခင်ကို မျက်မှောက်ပြုလော့။ သို့ပြုလျှင် သင်၏လမ်းခရီးတို့ကို ပဲ့ပြင်တော်မူမည်။’ ယေရှု နှစ်ခြင်းခံပြီးနောက် မကြာမီတွင် စာတန်သည် ချဉ်းကပ်၍ လောက၏တန်ခိုးနှင့်ဂုဏ်အသရေကို လက်ခံရန် သွေးဆောင်ခဲ့သည်။ (လု. ၄:၃-၁၃) သို့သော် ယေရှု လှည့်စားမခံခဲ့ပေ။ ‘စိတ်နှိမ့်ချခြင်း၊ ထာဝရဘုရားသခင်ကို ကြောက်ရွံ့ခြင်းကျေးဇူးကြောင့်’ စစ်မှန်သော “စည်းစိမ်၊ ဂုဏ်အသရေ၊ အသက်ကိုရတတ်” ကြောင်း ကိုယ်တော်သိသည်။—သု. ၂၂:၄

ယနေ့လောကတွင် လိုဘကြီးခြင်းနှင့်အတ္တစိတ်တို့ ကြီးစိုးနေသည်။ ထိုသို့သောဝန်းကျင်တွင် ယေရှု၏ပုံသက်သေကို လိုက်လျှောက်ခြင်းက ပညာရှိရာရောက်သည်။ စာတန်သည် ယေဟောဝါ၏ကျေးကျွန်များကို  အသက်သို့ပို့ဆောင်သော လမ်းကျဉ်းပေါ်မှဆွဲချရန် အစွမ်းကုန်ကြိုးစားမည်ဖြစ်ကြောင်းကိုလည်း အမှတ်ရပါ။ ပျက်စီးခြင်းသို့ပို့ဆောင်သော လမ်းကျယ်ပေါ်တွင် လူခပ်သိမ်းရောက်ရှိနေသည်ကို သူမြင်တွေ့လိုသည်။ သူ၏လှည့်စားမှုကို မခံပါနှင့်။ ယင်းအစား သင့်ကိုဖန်ဆင်းတော်မူသောအရှင်အား အောက်မေ့ရန် စိတ်ဆုံးဖြတ်ထားပါ။ ကိုယ်တော်ကိုအကြွင်းမဲ့ကိုးစားပါ၊ သေချာပြီးနီးကပ်လျက်ရှိသော “မှန်သောအသက်ကို” စွဲမြဲစွာကိုင်ထားပါ။—၁ တိ. ၆:၁၉

လူငယ်တို့၊ ပညာရှိလော့!

၅။ ဤလောက၏အနာဂတ်နှင့်ပတ်သက်၍ သင်မည်သို့ခံစားရသနည်း။

ဖန်ဆင်းရှင်ကိုအောက်မေ့သော လူငယ်များသည် သူတို့၏ရွယ်တူများထက် သာ၍ပညာရှိ၏။ (ဆာလံ ၁၁၉:၉၉၊ ၁၀၀ ကိုဖတ်ပါ။) သူတို့သည် ဘုရားသခင့်နည်းတူရှုမြင်သောကြောင့် ဤလောက မကြာမီကွယ်ပျောက်တော့မည်ဖြစ်ကြောင်း ကောင်းစွာသိရှိကြသည်။ အသင်လူငယ်များ၏ အချိန်တိုဘဝလေးတွင်ပင် ကြောက်ရွံ့မှု၊ စိုးရိမ်ပူပန်မှုများ တိုးများနေကြောင်း သင်တို့ အမှန်တွေ့မြင်နေရသည်။ သင်သည် ကျောင်းတက်နေပါက ညစ်ညမ်းခြင်း၊ ကမ္ဘာချီပူနွေးခြင်း၊ သစ်တောပြုန်းတီးခြင်းနှင့် အလားတူပြဿနာများအကြောင်း ကြားဖူးပေမည်။ လူအများစုမှာ ယင်းတို့ကြောင့် စိုးရိမ်ကြောင့်ကြနေသည်၊ သို့သော် ယင်းတို့သည် စာတန့်လောကကုန်ဆုံးခြင်းကိုဖော်ပြသော လက္ခဏာတစ်ခုဖြစ်ကြောင်း ယေဟောဝါသက်သေများသာ ကောင်းစွာသဘောပေါက်ကြသည်။—ဗျာ. ၁၁:၁၈

၆။ လူငယ်အချို့သည် မည်သို့လှည့်စားခံခဲ့ရသနည်း။

ဝမ်းနည်းစရာမှာ ဘုရားသခင့်ကျေးကျွန်လူငယ်အချို့သည် ဇွဲလျော့နည်းသွားပြီး လောက၏ကျန်ရှိသောအချိန်မှာ အလွန်တိုတောင်းလှကြောင်း မျက်ခြည်ပြတ်သွားကြသည်။ (၂ ပေ. ၃:၃၊ ၄) လူငယ်အချို့မူ ကြီးလေးသောအပြစ်ပြုရန် မကောင်းသောအပေါင်းအသင်းနှင့် ညစ်ညမ်းသောရုပ်ပုံများမှတစ်ဆင့် သွေးဆောင်ခံခဲ့ရ၏။ (သု. ၁၃:၂၀) အဆုံးအလွန်နီးကပ်လာချိန်တွင်မှ ဘုရားသခင့်မျက်နှာသာ ဆုံးရှုံးရခြင်းသည် အလွန်ဝမ်းနည်းဖွယ်ပါတကား! ထို့ကြောင့် ဘီစီ ၁၄၇၃ တွင် ကတိထားရာပြည်သို့ဝင်ခါနီး မောဘလွင်ပြင်တွင်စခန်းချစဉ် ဣသရေလလူတို့ ကြုံတွေ့ခဲ့ရာမှ သင်ယူပါ။ ထိုတွင် အဘယ်အရာဖြစ်ပျက်ခဲ့သနည်း။

ပန်းတိုင်ရောက်လုနီးချိန်တွင် ကျဆုံးခဲ့

၇၊ ၈။ (က) မောဘလွင်ပြင်တွင် အဘယ်နည်းလမ်းကို စာတန်အသုံးပြုခဲ့သနည်း။ (ခ) ယနေ့ အဘယ်နည်းလမ်းကို စာတန်အသုံးပြုနေသနည်း။

ထိုအချိန်တွင် စာတန်သည် ဣသရေလလူတို့ကို ကတိထားရာပြည်၌ အမွေမခံစေလိုကြောင်း ရှင်းနေပါသည်။ ပရောဖက်ဗာလမ်၏ကျိန်ဆိုမှု မအောင်မြင်သောအခါ ပို၍ပါးနပ်သောနည်းကို စာတန်အသုံးပြုပြီး ယေဟောဝါ၏ကောင်းချီးနှင့် သူတို့မထိုက်တန်စေရန် ကြိုးစားခဲ့သည်။ သူတို့ကိုသွေးဆောင်ရန် မောဘအမျိုးသမီးများကိုအသုံးပြုခဲ့ပြီး ဤတစ်ကြိမ်တွင် စာတန် အတော်အတန်အောင်မြင်ခဲ့သည်။ လူတို့သည် မောဘအမျိုးသမီးတို့နှင့် အကျင့်ယိုယွင်းကာ ဗာလနတ်ဘုရားကို ဦးချခဲ့ကြသည်။ သူတို့၏အဖိုးထိုက်အမွေဖြစ်သော ကတိထားရာပြည်သို့ ဝင်ခါနီးဆဲဆဲတွင် ဣသရေလလူ ၂၄,၀၀၀ ခန့် အသက်ဆုံးရှုံးခဲ့ရသည်။ အလွန်ကြေကွဲစရာပါတကား!—တော. ၂၅:၁-၃၊

ယနေ့၊ ပို၍ကောင်းမွန်သော ကတိထားရာပြည်ဖြစ်သည့် စနစ်သစ်နှင့် ကျွန်ုပ်တို့ အလွန်နီးကပ်လျက်ရှိသည်။ စာတန်သည် ဘုရားသခင့်လူမျိုးကို ဖောက်ပြန်ယိုယွင်းစေရန် လိင်အကျင့်ယိုယွင်းမှုကို ထပ်မံအသုံးပြုနေသည်။ လောက၏ကျင့်ဝတ်စံနှုန်းများသည် အလွန်နိမ့်ကျနေပြီး မတရားမေထုန်ပြုခြင်းကို သာမန်ကိစ္စ၊ လိင်တူဆက်ဆံခြင်းကို ကိုယ်ပိုင်ရွေးချယ်မှုတစ်ရပ်အဖြစ်သာ ရှုမြင်ကြသည်။ “လိင်တူဆက်ဆံတာ၊ လက်မထပ်ဘဲလိင်ဆက်ဆံတာက ဘုရားသခင့်အမြင်မှာ မှားယွင်းတယ်ဆိုတာကို အိမ်နဲ့ဘုရားသခင့်နိုင်ငံတော်ခန်းမမှာပဲ ကျွန်မတို့ရဲ့ကလေးတွေ သင်ယူကြရတယ်” ဟုခရစ်ယာန်ညီအစ်မတစ်ဦး ဆိုသည်။

၉။ လူငယ်တို့သည် အပွင့်လန်းဆုံးအရွယ်တွင် အဘယ်အရာဖြစ်ပေါ်နိုင်ပြီး ယင်းကို မည်သို့ကိုင်တွယ်ဖြေရှင်းနိုင်သနည်း။

လိင်ဆက်ဆံခြင်းသည် အသက်နှင့်မျိုးဆက်ပွားခြင်းဆိုင်ရာ မြင့်မြတ်သောဆုလက်ဆောင်ဖြစ်ကြောင်း  ဖန်ဆင်းရှင်ကိုအောက်မေ့သောလူငယ်များ သိထားကြသည်။ ထို့ကြောင့် လိင်ဆက်ဆံခြင်းသည် ဘုရားသခင့်လမ်းညွှန်မှုအောက် အိမ်ထောင်အစီအစဉ်အတွင်း၌သာ ရှိသင့်ကြောင်း သူတို့သိကြသည်။ (ဟေဗြဲ ၁၃:၄) သို့သော် လူငယ်တို့သည် အပွင့်လန်းဆုံးအရွယ်၊ လိင်ဆန္ဒပြင်းထန်ပြီး ဆုံးဖြတ်ချက်မှားယွင်းနိုင်သောအရွယ်တွင် အကျင့်စင်ကြယ်စွာနေထိုင်ရန် ခက်ခဲနိုင်သည်။ (၁ ကော. ၇:၃၆) သင့်စိတ်ထဲ မလျောက်ပတ်သောအတွေးအခေါ် ဝင်လာလျှင် မည်သို့ပြုနိုင်သနည်း။ အကျိုးပြုသောအရာများကိုသာ အာရုံစိုက်နိုင်ရန် ကူညီပေးဖို့ ယေဟောဝါထံ စိတ်ထက်သန်စွာဆုတောင်းပါ။ ယေဟောဝါသည် မိမိထံ စိတ်ရင်းမှန်ဖြင့်ဆုတောင်းသူများကို အစဉ်နားညောင်းတော်မူသည်။ (လုကာ ၁၁:၉-၁၃ ကိုဖတ်ပါ။) တည်ဆောက်မှုဖြစ်စေသောအရာများကို ပြောဆိုခြင်းသည်လည်း အကူအညီဖြစ်စေနိုင်သည်။

သင့်ပန်းတိုင်များကို ပညာရှိစွာရွေးချယ်ပါ!

၁၀။ အဘယ်အပျက်သဘောထားကို ကျွန်ုပ်တို့ ရှောင်ဖို့လိုသနည်း၊ ကိုယ့်ကိုကိုယ် အဘယ်မေးခွန်းများ မေးနိုင်သနည်း။

၁၀ လောကရှိ လူငယ်များစွာသည် ချုပ်တည်းမှုမရှိဘဲ အပျော်အပါးလိုက်စားရသည့် အကြောင်းရင်းတစ်ခုမှာ ဘုရားသခင့်လမ်းပြမှု သို့မဟုတ် အနာဂတ်အတွက် စိတ်ချရသောမျှော်လင့်ချက် မရှိသောကြောင့်ဖြစ်၏။ (သု. ၂၉:၁၈) သူတို့သည် “ဝမ်းမြောက်ရွှင်လန်းခြင်းအမှု၊ . . . အမဲသားစားခြင်း၊ စပျစ်ရည်သောက်ခြင်းအမှုကိုပြုလျက်” နေသော ဟေရှာယခေတ်ရှိ တရားမဲ့ဣသရေလလူတို့နှင့် တူကြသည်။ (ဟေရှာ. ၂၂:၁၃) ထိုသူတို့ကို အားကျမည့်အစား သစ္စာရှိသူများအတွက် ယေဟောဝါချထားပေးသည့် အဖိုးထိုက်မျှော်လင့်ချက်ကို အလေးအနက်စဉ်းစားသင့်သည်။ သင်သည် ဘုရားသခင်၏ကျေးကျွန်လူငယ်တစ်ဦးဖြစ်လျှင် ကမ္ဘာသစ်ကို စိတ်ထက်သန်စွာစောင့်မျှော်နေသလော။ သင့်ရှေ့၌ ဘုရားသခင်ချထားပေးသော “မျှော်လင့်” ခြင်းကို စောင့်မျှော်နေစဉ် သမ္မာသတိရှိရန် အစွမ်းကုန်ကြိုးစားနေသလော။ (တိ. ၂:၁၂၊ ၁၃) သင့်အဖြေက သင်ချမှတ်သောပန်းတိုင်နှင့် ဦးစားထားရာများအပေါ် အကျိုးသက်ရောက်မှုရှိပါလိမ့်မည်။

၁၁။ ကျောင်းတက်နေဆဲ ခရစ်ယာန်လူငယ်များသည် အဘယ်ကြောင့် ပညာကိုကြိုးစားဆည်းပူးသင့်သနည်း။

၁၁ လောကသည် လူငယ်တို့၏အစွမ်းအစများကို လောကပန်းတိုင်များအတွက် အသုံးပြုရန် လိုလားသည်။ ကျောင်းတက်နေဆဲ လူငယ်တို့သည် အခြေခံပညာကောင်းကောင်းတတ်ရန် ကြိုးစားဆည်းပူးသင့်သည်မှာ မှန်ပါသည်။ သို့သော် သင့်ပန်းတိုင်မှာ သင့်တော်သောအလုပ်အကိုင်ရရန်သာ မဖြစ်သင့်ဘဲ အသင်းတော်တွင် အသုံးဝင်သူတစ်ဦးဖြစ်ရန်၊ ထိရောက်သော သတင်းကောင်းကြေညာသူတစ်ဦးဖြစ်ရန် ဖြစ်သင့်သည်။ ထိုသို့ဖြစ်နိုင်ရန် သင်သည် ကောင်းစွာဆက်သွယ်ပြောဆိုတတ်သူ၊ ယုတ္တိရှိရှိတွေးခေါ်တတ်သူ၊ တည်ငြိမ်စွာကျိုးကြောင်းဆင်ခြင်တတ်သူ၊ အခြားသူများကို ရိုသေလေးစားသူ ဖြစ်ဖို့လိုသည်။ မည်သို့ပင်ဖြစ်စေ ကျမ်းစာကိုလေ့လာပြီး ကျမ်းစာမူများကို ဘဝတွင်လက်တွေ့ကျင့်သုံးရန် ကြိုးစားသော လူငယ်များသည် အကောင်းဆုံးပညာရေးရရှိထားကာ အောင်မြင်၍ ထာဝစဉ်တည်တံ့သော အနာဂတ်အတွက် အုတ်မြစ်ကောင်းချထားကြသည်။—ဆာလံ ၁:၁-၃ ကိုဖတ်ပါ။ *

၁၂။ ခရစ်ယာန်မိသားစုများသည် အဘယ်ပုံသက်သေကို လိုက်လျှောက်သင့်သနည်း။

၁၂ ဣသရေလနိုင်ငံတွင် ကလေးများကို မိဘများပေးသော ပညာရေးသည် အရေးကြီးဆုံးဖြစ်၏။ ထိုပညာရေးသည် ဘဝကဏ္ဍတိုင်း၊ အထူးသဖြင့် ဝိညာဉ်ရေးရာများတွင် အကျိုးသက်ရောက်သည်။ (တရား. ၆:၆၊ ၇) ထို့ကြောင့် မိဘများ၊ ဘုရားသခင်ကိုကြောက်ရွံ့သော သက်ကြီးရွယ်အိုများ၏ စကားကိုနားထောင်သော ဣသရေလလူငယ်များသည် အသိပညာရရှိသည့်အပြင် ဉာဏ်ပညာ၊ ပိုင်းခြားသိမြင်မှု၊ သိနားလည်မှုနှင့် စဉ်းစားဆင်ခြင်နိုင်စွမ်းတို့ကိုပါ ရရှိကြသည်။ ယင်းတို့သည် ဘုရားသခင်ပေးသော ပညာရေးမှရရှိသော ရှားပါးသည့်အရည်အသွေးများဖြစ်ကြ၏။ (သု. ၁:၂-၄; ၂:၁-၅၊ ၁၁-၁၅) ယနေ့ ခရစ်ယာန်မိသားစုများသည် ပညာရေးကို အလားတူအာရုံစိုက်သင့်သည်။

သင့်ကိုချစ်သောသူတို့၏စကားကို နားထောင်လော့

၁၃။ လူငယ်အချို့သည် အဘယ်အကြံဉာဏ်များ ရရှိကြသနည်း၊ သူတို့ အဘယ်ကြောင့် သတိထားသင့်သနည်း။

၁၃ လောကတွင် အောင်မြင်မှုရရှိနိုင်ပုံကိုသာ အကြံပြုလေ့ရှိသော ကျောင်းဆရာ/ဆရာမများအပါအဝင် လူမျိုးစုံထံမှ အကြံဉာဏ်ကို လူငယ်များရရှိကြသည်။ ယင်းအကြံဉာဏ်အားလုံးကို ဘုရားသခင့်နှုတ်မြွက်တော်၊ သစ္စာနှင့်သတိပညာရှိကျွန်မှ ပြင်ဆင်ပေးသော စာပေများ၏အကူအညီဖြင့် ကျေးဇူးပြု၍ ဆုတောင်းသုံးသပ်ကြပါ။ လူငယ်များ၊ အတွေ့အကြုံမရှိသူများသည် စာတန်၏ အဓိကပစ်မှတ်ဖြစ်ကြောင်း ကျမ်းစာလေ့လာရာမှ သင် သိရှိထားသည်။ ဥပမာ၊ ဧဒင်ဥယျာဉ်တွင် အတွေ့အကြုံနုသောဧဝသည် မိမိအားချစ်ကြောင်း လုံးဝမတင်ပြသည့် သူစိမ်းဖြစ်သူ စာတန်၏စကားကို နားထောင်ခဲ့သည်။ သူသည် မိမိကိုချစ်ကြောင်း နည်းမျိုးစုံဖြင့်တင်ပြခဲ့သော ယေဟောဝါ၏စကားကို နားထောင်ခဲ့လျှင် ရရှိမည့်ရလဒ်သည် မည်မျှကွာခြားလိုက်မည်ဖြစ်ခြင်း။—က. ၃:၁-၆

၁၄။ ယေဟောဝါနှင့် ယုံကြည်သူမိဘများ၏စကားကို အဘယ်ကြောင့် နားထောင်သင့်သနည်း။

၁၄ သင့်ကိုဖန်ဆင်းတော်မူသောအရှင်သည် သင့်ကိုချစ်မြတ်နိုးပြီး ထိုမေတ္တာမှာ ဖြူစင်သန့်ရှင်းလှ၏။ သင့်ကို ယခုအချိန်တွင်သာမဟုတ်ဘဲ ထာဝစဉ်ပျော်ရွှင်စေလိုသည်။ ထို့ကြောင့် ကိုယ်တော်သည် ဂရုစိုက်တတ်သောမိဘတစ်ဦး၏ ကြင်နာမှုမျိုးဖြင့် သင်အပါအဝင်၊ မိမိအားဝတ်ပြုသူအားလုံးကို “ဤမည်သောလမ်းသည် မှန်၏။ ဤလမ်း၌သွားလော့” ဟုမိန့်ဆိုသည်။ (ဟေရှာ. ၃၀:၂၁) သင်၌ ယေဟောဝါကိုချစ်သောမိဘများရှိပါက ယင်းသည် ထပ်ဆင့်ကောင်းချီးတစ်ရပ်ဖြစ်၏။ ဦးစားထားရာများနှင့် ပန်းတိုင်များချမှတ်ရာတွင် သူတို့၏အကြံပေးချက်များကို လေးစားစွာ နားထောင်ပါ။ (သု. ၁:၈၊ ၉) သူတို့သည် သင့်ကို လောကရှိ စည်းစိမ်နှင့်ဂုဏ်အသရေထက် များစွာအဖိုးထိုက်သော အသက်ကို ရစေလိုသည်။—မ. ၁၆:၂၆

၁၅၊ ၁၆။ (က) အဘယ်အရာအတွက် ယေဟောဝါကို ယုံကြည်စိတ်ချနိုင်သနည်း။ (ခ) ဗာရုတ်၏ဖြစ်ရပ်မှ ကျွန်ုပ်တို့ အဘယ်အရေးကြီးသင်ခန်းစာ ရရှိသနည်း။

၁၅ ဖန်ဆင်းရှင်ကို အောက်မေ့သူများသည် သူတို့၏ဘဝကို ရိုးရှင်းစေပြီး ယေဟောဝါသည် သူတို့ကို “မစွန့်၊” “အလျှင်းပစ်၍မထား” ကြောင်း စိတ်ချကြသည်။ (ဟေဗြဲ ၁၃:၅ ကိုဖတ်ပါ။) ဤအကျိုးပြုသောသဘောထားသည် လောက၏အတွေးအခေါ်နှင့် ကွာခြားသောကြောင့် ကျွန်ုပ်တို့ကို လောက၏အတွေးအခေါ် မလွှမ်းမိုးစေရန် ဂရုစိုက်ရမည်။ (ဧ. ၂:၂) ယင်းနှင့်စပ်လျဉ်း၍ ယေရမိ၏အတွင်းရေးမှူး ဗာရုတ်၏ပုံသက်သေကို သုံးသပ်ကြည့်ပါ၊ သူသည် ဘီစီ ၆၀၇ ၌ ယေရုရှလင်မြို့မပျက်စီးမီ ခက်ခဲသောအခြေအနေတွင် အသက်ရှင်ခဲ့သူဖြစ်၏။

၁၆ ဗာရုတ်သည် ရုပ်ပစ္စည်းကြွယ်ဝသည့်အသက်တာဖြင့် ဇိမ်ကျကျနေထိုင်လိုခြင်းဖြစ်ပေမည်။ ယင်းကို ယေဟောဝါသတိပြုမိပြီး “ကြီးစွာသောအရာတို့ကို” ကိုယ်အဖို့မရှာရန် ကြင်နာစွာသတိပေးခဲ့သည်။ ဗာရုတ်သည် နှိမ့်ချ၍ပညာရှိကြောင်း တင်ပြခဲ့သည်။ အကြောင်းမှာ သူသည် ယေဟောဝါ၏စကားကိုနာခံကာ ယေရုရှလင်ပျက်စီးခြင်းဘေးမှ လွတ်မြောက်ခဲ့သောကြောင့်ဖြစ်၏။ (ယေ. ၄၅:၂-၅) သို့ရာတွင် “ကြီးစွာသောအရာတို့ကို” ရှာဖွေပြီး ယေဟောဝါအား ဘေးချိတ်ထားသော ဗာရုတ်၏တစ်ခေတ်တည်းသားများမူ ဗာဗုလုန်လူမျိုး၏လက်ချက်ဖြင့် သူတို့ပိုင်ဆိုင်ရာအားလုံး ဆုံးရှုံးခဲ့ရသည်။ ထို့ပြင် လူများစွာသည် အသက်လည်း ဆုံးရှုံးခဲ့ကြ၏။ (၆ ရာ. ၃၆:၁၅-၁၈) ဗာရုတ်၏ဖြစ်ရပ်က ဘုရားသခင်နှင့်ကောင်းသောဆက်ဆံရေးရှိခြင်းသည် လောကရှိ စည်းစိမ်၊ ထင်ပေါ်ကျော်ကြားမှုတို့ထက် သာ၍အရေးကြီးကြောင်း သိမြင်စေသည်။

အကောင်းဆုံးပုံသက်သေများကို ဂရုပြုလော့

၁၇။ ယေရှု၊ ပေါလုနှင့် တိမောသေတို့သည် ယနေ့ ယေဟောဝါ၏ကျေးကျွန်များအတွက် အဘယ်ကြောင့် ပုံသက်သေကောင်းများဖြစ်ကြသနည်း။

၁၇ အသက်လမ်းတွင် ကျွန်ုပ်တို့ကိုကူညီရန် သမ္မာကျမ်းစာတွင် ပုံသက်သေကောင်းများစွာ ပါရှိသည်။ ဥပမာ၊ ယေရှုသည် အသက်ရှင်ခဲ့သမျှတွင် ပင်ကိုစွမ်းရည် အထက်မြက်ဆုံးပုဂ္ဂိုလ်ဖြစ်သော်လည်း လူတို့အား ထာဝစဉ်ကူညီပေးနိုင်သော “ဘုရားသခင်၏နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရား” ကိုသာ အာရုံစိုက်ခဲ့သည်။ (လု. ၄:၄၃) တမန်တော်ပေါလုသည် ယေဟောဝါအား အကောင်းဆုံးပေးဆက်နိုင်ရန် ဝင်ငွေကောင်းသောအလုပ်ကိုစွန့်ပြီး မိမိအချိန်နှင့်ခွန်အားကို သတင်းကောင်းဟောပြောခြင်းတွင် အသုံးပြုခဲ့သည်။ ‘ယုံကြည်ခြင်းအားဖြင့် သားစစ်ဖြစ်သော’ တိမောသေသည် ပေါလု၏ပုံသက်သေကောင်းကို တုပခဲ့သည်။ (၁ တိ. ၁:၂) ယေရှု၊ ပေါလုနှင့် တိမောသေတို့သည် သူတို့၏ဘဝလမ်းစဉ်အတွက် နောင်တရခဲ့ကြသလော။ ဝေးလေစွ! အမှန်မှာ၊ ပေါလုသည် ဘုရားသခင့်အမှုဆောင်ရသည့်အခွင့်ထူးနှင့် နှိုင်းယှဉ်လျှင် လောက၏ကမ်းလှမ်းရာများကို “မစင်ကဲ့သို့” သူယူမှတ်ကြောင်း ပြောခဲ့သည်။—ဖိ. ၃:၈-၁၁

၁၈။ ညီအစ်ကိုငယ်တစ်ဦးသည် အဘယ်အပြောင်းအလဲကြီးများ လုပ်ဆောင်ခဲ့ပြီး အဘယ်ကြောင့် နောင်တမရခဲ့သနည်း။

၁၈ ယနေ့ ခရစ်ယာန်လူငယ်များစွာသည် ယေရှု၊ ပေါလုနှင့် တိမောသေတို့၏ယုံကြည်ခြင်းကို တုပနေကြသည်။ ဥပမာ၊ ဝင်ငွေကောင်းသောအလုပ် ပိုင်ဆိုင်ထားသော ညီအစ်ကိုငယ်တစ်ဦး ဤသို့ရေးခဲ့သည်– “ကျမ်းစာမူတွေနဲ့အညီ ကျွန်တော်နေထိုင်တဲ့အတွက် မကြာခင် ရာထူးတိုးခဲ့တယ်။ ငွေများများရပေမဲ့ လေကိုကျက်စားတဲ့အမှုလို့ ခံစားခဲ့ရတယ်။ ဒါနဲ့ ကုမ္ပဏီတာဝန်ခံအဖွဲ့ဆီသွားပြီး အချိန်ပြည့်ဓမ္မအမှုမှာ ပါဝင်ချင်တဲ့အကြောင်း ပြောပြတော့ သူတို့က ကျွန်တော်အလုပ်ဆက်လုပ်မယ်ထင်ပြီး ငွေအများကြီးတိုးပေးမယ်လို့ ချက်ချင်းကမ်းလှမ်းတယ်။ ဒါပေမဲ့ ကျွန်တော် ဆုံးဖြတ်ပြီးပြီ။ ဝင်ငွေကောင်းတဲ့အလုပ်ကိုစွန့်ပြီး အချိန်ပြည့်ဓမ္မအမှုမှာ ကျွန်တော် ဘာကြောင့် ပါဝင်တယ်ဆိုတာ လူတွေ နားမလည်နိုင်ကြဘူး။ ကျွန်တော့်အဖြေကတော့ ဘုရားသခင်ကို အပ်နှံထားချက်နဲ့အညီ တကယ်အသက်ရှင်ချင်လို့ပါပဲ။ အခု ကျွန်တော့်အသက်တာကို ဘုရားသခင့်အမှုဆောင်ခြင်းမှာ အာရုံစိုက်နိုင်ပြီဖြစ်လို့ ငွေနဲ့ဂုဏ်က ပေးနိုင်တာထက် ပျော်ရွှင်မှုနဲ့ကျေနပ်ရောင့်ရဲမှုကို ခံစားနေရတယ်။”

၁၉။ လူငယ်များကို အဘယ်ပညာရှိရွေးချယ်မှုပြုရန် တိုက်တွန်းထားသနည်း။

၁၉ ကမ္ဘာတစ်ဝန်းရှိ လူငယ်ထောင်ပေါင်းများစွာလည်း အလားတူ ပညာရှိရှိရွေးချယ်ခဲ့ကြ၏။ ထို့ကြောင့် လူငယ်တို့၊ သင့်အနာဂတ်အကြောင်း တွေးတောသည့်အခါ ယေဟောဝါ၏နေ့ကြီးကို စိတ်စွဲမှတ်လျက်နေပါ။ (၂ ပေ. ၃:၁၁၊ ၁၂) ဤလောကတွင် အောင်မြင်ကြီးပွားနေသူများကို အားမကျပါနှင့်။ ယင်းအစား သင့်ကို အမှန်တကယ်ချစ်မြတ်နိုးသူများ၏စကားကို နားထောင်ပါ။ “ကောင်းကင်ဘုံ၌ဘဏ္ဍာကို” ဆည်းပူးခြင်းသည် စိတ်ချရဆုံးရင်းနှီးမြှုပ်နှံမှုဖြစ်ပြီး ထာဝရအကျိုးကျေးဇူးများရရှိစေသည့် တစ်ခုတည်းသောအရာဖြစ်သည်။ (၁ ယောဟန် ၂:၁၅-၁၇ ကိုဖတ်ပါ; မ. ၆:၁၉၊ ၂၀) မှန်ပါသည်၊ သင့်ကိုဖန်ဆင်းတော်မူသောအရှင်ကို အောက်မေ့ပါ။ သို့ဆိုလျှင် ယေဟောဝါသည် သင့်ကို ကောင်းချီးပေးပါလိမ့်မည်။

သင်မှတ်မိသလော

• ဘုရားသခင်ကို ယုံကြည်ကိုးစားကြောင်း ကျွန်ုပ်တို့ မည်သို့တင်ပြမည်နည်း။

• အကောင်းတကာ့အကောင်းဆုံး ပညာရေးကား အဘယ်နည်း။

• ဗာရုတ်ထံမှ အဘယ်သင်ခန်းစာများ သင်ယူနိုင်သနည်း။

• မည်သူတို့သည် ပုံသက်သေကောင်းသူများဖြစ်သနည်း၊ အဘယ်ကြောင့်နည်း။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 11 အဆင့်မြင့်ပညာရေးနှင့် အလုပ်အကိုင်နှင့်ပတ်သက်၍ ၂၀၀၅၊ အောက်တိုဘာ ၁ ရက်ထုတ် ကင်းမျှော်စင် စာမျက်နှာ ၂၆-၃၁ ကိုရှု။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၁၃ ပါပုံစာ]

ယေဟောဝါသည် အကောင်းတကာ့အကောင်းဆုံးပညာရေးကို ပြင်ဆင်ပေးထား

[စာမျက်နှာ ၁၅ ပါပုံစာ]

ဗာရုတ်သည် ယေဟောဝါ၏စကားကိုနာခံပြီး ယေရုရှလင်မြို့ပျက်စီးခြင်းဘေးမှ လွတ်မြောက်ခဲ့၊ ထိုပုံသက်သေမှ သင် အဘယ်အရာသင်ယူနိုင်သနည်း