မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်မှတ်မိသလော

သင်မှတ်မိသလော

သင်မှတ်မိသလော

မကြာသေးမီက ထုတ်ဝေခဲ့သော ကင်းမျှော်စင်စာစောင်များကို ဖတ်ရှုရ၍ တန်ဖိုးထားလေးမြတ်ခဲ့ပါသလော။ သို့ဖြစ်လျှင် အောက်ပါမေးခွန်းများကို သင်ဖြေဆိုနိုင်၊ မဖြေဆိုနိုင် စမ်းကြည့်ပါ–

• မာဂုပညာရှိတို့သည် အဘယ်အချိန်တွင် ယေရှုထံသွားရောက်လည်ပတ်ခဲ့ကြသနည်း။

ကျမ်းစာတစ်စောင်က ဤသို့ဆို၏– “မာဂုပညာရှိတို့သည် နွားစားခွက်ထဲရှိယေရှုထံ သိုးထိန်းများကဲ့သို့ သူငယ်ဖွားမြင်သည့်ညတွင် မလည်ပတ်ခဲ့ကြပါ။ သူတို့သည် လအတန်ကြာပြီးနောက်မှ လာခဲ့ကြခြင်းဖြစ်သည်။” ထိုအချိန်တွင် ယေရှုသည် ‘သူငယ်’ အရွယ်ရှိနေပြီး အိမ်တွင် ရောက်ရှိနေပြီဖြစ်သည်။ (မ. ၂:၇-၁၁) ယေရှုဖွားမြင်သောညတွင် ရွှေနှင့်အဖိုးတန်လက်ဆောင်များကို မာရိရရှိခဲ့မည်ဆိုလျှင် ရက်ပေါင်း ၄၀ ကြာသည့်နောက် ဝတ်ပြုရာအိမ်တော်၌ ငှက်နှစ်ကောင်ကိုသာ ဆက်သပါမည်လော။—၁/၁၊ စာမျက်နှာ ၃၁။

• လူများစွာသည် သူတို့၏အသက်တာကို မည်သို့ကြွယ်ဝပြည့်စုံစေနိုင်သနည်း။

‘ငါ့ရဲ့အခြေအနေကို ပြုပြင်ပြောင်းလဲပြီး ဘဝပုံစံကို ရိုးရှင်းစေနိုင်မလား’ ဟုတစ်ဦးတစ်ယောက် မေးပေမည်။ အေမီ ထိုသို့ပြုလုပ်ခဲ့သည်။ သူသည် ငွေကြေးပြည့်စုံသော်လည်း မပျော်ရွှင်ပေ။ လောကအလုပ်နောက် တကောက်ကောက်လိုက်သည့်အတွက် ယုံကြည်ခြင်းမှလွဲလုနီးပါးဖြစ်ခဲ့ကြောင်း သူသိရှိလာသည်။ ထို့ကြောင့် ဘုရားသခင့်နိုင်ငံတော်အကျိုးစီးပွားကို ရှေးဦးထားရန် ဆုံးဖြတ်ပြီး အတန်ကြာ ရှေ့ဆောင်လုပ်နိုင်ခဲ့သည်။ ‘အခု လောကအလုပ်မှာမရခဲ့တဲ့ ကျေနပ်မှုကို ခံစားနေရတယ်’ ဟုအေမီဆိုသည်။—၁/၁၅၊ စာမျက်နှာ ၁၉။

• အဘယ်အရာက မိခင်အချို့ကို တာဝန်ကျေပွန်စေနိုင်သနည်း။

မိခင်များစွာသည် အိမ်ပြင်ထွက်အလုပ်လုပ်ကြသည်။ အချို့က မိသားစု၏အခြေခံလိုအပ်ရာကို ရရှိရန်၊ အချို့မှာ ငွေကြေးလွတ်လွတ်လပ်လပ်သုံးစွဲနိုင်ရန် သို့မဟုတ် ဇိမ်ခံပစ္စည်းများအတွက် အကုန်အကျခံရန် အလုပ်လုပ်ခြင်းဖြစ်သည်။ အခြားသူတို့မှာမူ အလုပ်တွင် ပျော်မွေ့ကြ၍ဖြစ်သည်။ ခရစ်ယာန်မိခင်တို့၏ကဏ္ဍသည် အိမ်တွင်၊ အထူးသဖြင့် ကလေးနို့စို့အရွယ်တွင် အရေးပါသည်။ ထို့ကြောင့် မိခင်အချို့သည် မိသားစုကို ပို၍ကြည့်ရှုပြုစုနိုင်ရန် အလုပ်ချိန်လျှော့ချခြင်း သို့မဟုတ် အလုပ်ထွက်ခြင်းဖြင့် အလွန်တာဝန်ကျေပွန်ကြောင်း ခံစားရကြသည်။—၂/၁၊ စာမျက်နှာ ၂၈-၃၁။

မဿဲ ၂၄:၃၄ [ကဘ] တွင် မှတ်တမ်းတင်ထားသော ယေရှု၏စကားမှ “လူမျိုးဆက်” သည် အဘယ်အရာကို ဆိုလိုသနည်း။

ယေရှုသည် မိမိခေတ်မှ ဆိုးညစ်သူများကို သို့မဟုတ် သူတို့အကြောင်းကို ပြောဆိုချိန်တွင် “လူမျိုးဆက်” ဟူသောစကားလုံးကို အပျက်သဘောဖြင့် အသုံးပြုလေ့ရှိသည်။ သို့သော် သန့်ရှင်းသောဝိညာဉ်တော်ဖြင့် မကြာမီ ခန့်အပ်ခံရမည့် တပည့်များနှင့်ပြောဆိုချိန်တွင် ထိုသို့အသုံးမပြုခဲ့ပါ။ ထိုတပည့်များသည် မဿဲ ၂၄:၃၂၊ ၃၃ မှ ဖော်ပြချက်ကို ကောင်းစွာကောက်ချက်ချနိုင်ပေမည်။ ထို့ကြောင့် ယေရှု၏စကားများသည် ပထမရာစုတွင်ကော ယနေ့အချိန်တွင်ပါ ဝိညာဉ်တော်ဖွားနောက်လိုက်များကို ရည်ညွှန်းနေသည်ဟု ဆိုနိုင်ပါသည်။—၂/၁၅၊ စာမျက်နှာ ၂၃-၄။

ဂလာတိ ၃:၂၄ တွင် ဖော်ပြထားသည့်အတိုင်း ပညတ်တရားသည် မည်သို့အထိန်းဖြစ်သနည်း။

ရှေးခေတ်တွင် အထိန်းဟူသည် ယုံကြည်စိတ်ချရသော ကျွန်တစ်ဦးဖြစ်ပြီး ကလေးလုံခြုံမှုရှိရန်နှင့် ကလေးအတွက် ဖခင်၏အလိုအတိုင်း လုပ်ဆောင်ပေးသူဖြစ်သည်။ အလားတူ၊ ပညတ်တရားသည် ဝတ်ပြုရေးမတူသူတို့နှင့် ထိမ်းမြားခြင်းစသော ယိုယွင်းဖောက်ပြန်သည့်သြဇာလွှမ်းမိုးမှုများမှ ဂျူးတို့ကို ကာကွယ်ပေးခဲ့သည်။ သို့သော် ကလေးတစ်ဦး၏အထိန်းနည်းတူ ပညတ်တရားသည် ခရစ်တော်ရောက်ရှိချိန်အထိ ခေတ္တသာ ထိန်းကျောင်းပေးသည်။—၃/၁၊ စာမျက်နှာ ၁၈-၂၁။

ယာကုပ် ၃:၁၇ အရ အဘယ်အရည်အသွေးများကို ကျွန်ုပ်တို့ တင်ပြသင့်သနည်း။

စင်ကြယ်နိုင်ရန် ဆိုးညစ်သောအရာများကို ချက်ချင်းငြင်းပယ်ရမည်။ (က. ၃၉:၇-၉) ထို့ပြင် အသင့်အတင့်နေသင့်ပြီး ရန်စခြင်းနှင့် ငြိမ်သက်မှုကိုပြိုကွဲစေသည့် အပြုအမူတို့ကို ရှောင်ရမည်။ ထို့ကြောင့် ကျွန်ုပ်တို့ယောက်တိုင်း ကိုယ့်ကိုယ်ကို ဤသို့မေးသင့်သည်– ‘ကျွန်ုပ်ကို ငြိမ်သက်စေသူအဖြစ် လူသိများသလော သို့မဟုတ် ငြိမ်သက်မှုဖြိုခွဲသူအဖြစ်လော။ ကျွန်ုပ်သည် အခြားသူများနှင့် မကြာခဏ သဘာထားကွဲလွဲကာ အလွယ်တကူ စိတ်ဆိုးနာကြည်းသလော သို့မဟုတ် သူတို့ကို စိတ်ဆိုးနာကြည်းစေသလော။ ကျွန်ုပ်သည် ခွင့်လွှတ်ရန် အသင့်ရှိပြီး ကျွန်ုပ်၏ကိုယ်ပိုင်စံနှုန်းများအတိုင်း လိုက်ရန် သူတစ်ပါးကို အတင်းအကျပ်မပြုသူဖြစ်သလော။’—၃/၁၅၊ စာမျက်နှာ ၂၄-၅။

• ယေရှုသည် မျက်မမြင်သူကို အဘယ်ကြောင့် တဖြည်းဖြည်းချင်း ကုသပေးခဲ့သနည်း။ (မာ. ၈:၂၂-၂၆)

ကျမ်းစာတွင် တိကျစွာအဖြေမပေးထားပါ။ သို့သော် ထိုကိစ္စတွင် မျက်မမြင်သူကို တဖြည်းဖြည်းကုသပေးခြင်းဖြင့် ထိုသူ၏အမြင်အာရုံကို ကျင့်သားရစေရန် ယေရှုအချိန်ပေးခြင်း ဖြစ်နိုင်သည်။ ယင်းက မျက်မမြင်သူကို ယေရှု မေတ္တာပါပါဂရုစိုက်ကြောင်း ဖော်ပြခြင်းဖြစ်ပေမည်။—၄/၁၊ စာမျက်နှာ ၃၀။