မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သီးခြားဖြစ်သော်လည်း မေ့လျော့မခံရ

သီးခြားဖြစ်သော်လည်း မေ့လျော့မခံရ

သီးခြားဖြစ်သော်လည်း မေ့လျော့မခံရ

ခရစ်ယာန်ချင်းများကို တမန်တော်ပေါလု ဤသို့တိုက်တွန်းခဲ့၏– “ငါတို့သည် အဆင်သင့်သည်အတိုင်း ယုံကြည်ခြင်း၏အိမ်သူအိမ်သားတို့၌ အထူးသဖြင့်ကျေးဇူးပြုလျက် ခပ်သိမ်းသောသူတို့အား ကျေးဇူးပြုကြကုန်အံ့။” (ဂလ. ၆:၁၀) ကျွန်ုပ်တို့သည် ထိုမှုတ်သွင်းခံလမ်းညွှန်ချက်ကို ယနေ့တိုင် လိုက်လျှောက်နေဆဲဖြစ်ပြီး ယုံကြည်သူချင်းများကို ကောင်းမှုပြုရန် နည်းလမ်းများ ရှာကြံကြသည်။ မေတ္တာပါပါဂရုစိုက်ထိုက်ပြီး လိုအပ်နေသူများမှာ ဘိုးဘွားရိပ်သာများတွင် နေထိုင်သော ခရစ်ယာန်အသင်းတော်မှ သက်ကြီးရွယ်အိုညီအစ်ကိုညီအစ်မများဖြစ်သည်။

အချို့ဒေသများတွင် သက်ကြီးရွယ်အိုမိဘများကို အိမ်တွင်သာ ပြုစုစောင့်ရှောက်သည့်ထုံးစံရှိသည်မှာ မှန်ပါသည်။ သို့သော် အခြားတိုင်းပြည်များတွင် သက်ကြီးရွယ်အိုများစွာသည် ဘိုးဘွားရိပ်သာများကိုသာ မှီခိုရလေ့ရှိသည်။ ထိုနေရာများတွင်နေထိုင်သော သက်ကြီးရွယ်အိုခရစ်ယာန်များကော အသို့နည်း။ အဘယ်စိန်ခေါ်ချက်များကို သူတို့ရင်ဆိုင်နေရသနည်း။ သူတို့တွင် မိသားစုဝင်များ၏ထောက်ပံ့မှုမရှိပါက အခြေအနေကို မည်သို့ရင်ဆိုင်ဖြေရှင်းနိုင်သနည်း။ ခရစ်ယာန်အသင်းတော်သည် သူတို့ကို မည်သို့ကူညီပေးနိုင်သနည်း။ သူတို့ထံ မှန်မှန်လည်ပတ်သောအခါ အဘယ်နည်းများဖြင့် ကျွန်ုပ်တို့အကျိုးကျေးဇူးရရှိနိုင်သနည်း။

ဘိုးဘွားရိပ်သာများတွင် ရင်ဆိုင်ရသော စိန်ခေါ်ချက်များ

သက်ကြီးရွယ်အိုခရစ်ယာန်များသည် ဘိုးဘွားရိပ်သာသို့ ပြောင်းရွှေ့သွားချိန်တွင် ယင်းသည် အခြားအသင်းတော်၏ရပ်ကွက်အတွင်း တည်ရှိနေကြောင်း သိလိုက်ရပေမည်။ ထို့ကြောင့် ထိုဒေသရှိသက်သေခံများသည် သူတို့ထံ မကြာခဏ လည်ပတ်ရန် စဉ်းစားမိကြမည်မဟုတ်ပေ။ ထို့ပြင် ဘိုးဘွားရိပ်သာတွင် ဘာသာရေးယုံကြည်ချက်အမျိုးမျိုးရှိသူများနှင့် နေထိုင်ရပေမည်။ ယင်းတို့က သက်ကြီးရွယ်အိုသက်သေခံများကို ခက်ခဲစေနိုင်သည်။

ဥပမာ၊ ဒေသအချို့၌ ဘိုးဘွားရိပ်သာများတွင် ဘာသာရေးအခမ်းအနားများ ပြုလုပ်လေ့ရှိသည်။ အရန်သူနာပြုတစ်ဦးက ဤသို့ဆို၏– “စကားကောင်းကောင်းမပြောနိုင်တဲ့ သက်ကြီးရွယ်အိုသက်သေခံတချို့ကို သူတို့ရဲ့ဆန္ဒကိုတောင်မမေးဘဲ ချာ့ခ်ျဝတ်ပြုဆုတောင်းပွဲတွေကို ဘီးတပ်ကုလားထိုင်နဲ့ ခေါ်သွားခဲ့တယ်။” ထို့ပြင် ဘိုးဘွားရိပ်သာများရှိ သူနာပြုများသည် သက်ကြီးရွယ်အိုများ၏ နေ့စဉ်လုပ်ရိုးလုပ်စဉ်များကို အပြောင်းအလဲဖြစ်စေရန် မွေးနေ့ပွဲများ၊ ခရစ္စမတ် သို့မဟုတ် အီစတာပွဲများ ကျင်းပလေ့ရှိသည်။ ထိုနေရာများရှိ သက်သေခံအချို့အား သူတို့၏ကိုယ်ကိုယ်ကိုယ်သိစိတ်က လက်မခံသည့်အစားအသောက်များကိုလည်း ကျွေးလေ့ရှိသည်။ (တ. ၁၅:၂၉) ကျွန်ုပ်တို့၏သက်ကြီးရွယ်အို ညီအစ်ကိုညီအစ်မများထံ မှန်မှန်လည်ပတ်ပါက ထိုသို့သောစိန်ခေါ်ချက်များကို ရင်ဆိုင်ဖြေရှင်းနိုင်ရန် သူတို့ကို ကူညီပေးနိုင်ပါလိမ့်မည်။

အသင်းတော်မှ ထောက်မမှု

အစောပိုင်းခရစ်ယာန်များသည် ထောက်ပံ့ပေးမည့် မိသားစုမရှိသော သက်ကြီးရွယ်အိုများနှင့်ပတ်သက်သည့် သူတို့၏တာဝန်ကို ကောင်းစွာသိရှိကြသည်။ (၁ တိ. ၅:၉) ထိုနည်းတူ ယနေ့ ကြီးကြပ်မှူးများသည်လည်း မိမိတို့ဒေသရှိ ဘိုးဘွားရိပ်သာများတွင်နေထိုင်သော သက်ကြီးရွယ်အိုများကို လျစ်လျူမရှုမိစေရန် ဂရုပြုကြသည်။ * အကြီးအကဲတစ်ဦးဖြစ်သော ရောဘတ် ဤသို့ဆို၏– “သက်ကြီးရွယ်အိုတွေရဲ့ နေထိုင်မှုအခြေအနေကိုကြည့်ပေးဖို့၊ သူတို့နဲ့အတူဆုတောင်းပေးဖို့ ခရစ်ယာန်ကြီးကြပ်မှူးတွေကိုယ်တိုင် သူတို့ဆီသွားလည်ပတ်တာက အရမ်းအကျိုးရှိတယ်။ သူတို့ရဲ့လိုအပ်ရာတွေကို အသင်းတော်က ကောင်းကောင်းကြည့်ရှုစောင့်ရှောက်ပေးနိုင်တယ်။” သက်ကြီးရွယ်အိုများထံလည်ပတ်ရန် ကျွန်ုပ်တို့အချိန်ဖယ်ထားပါက လိုအပ်နေသူများအား ဂရုစိုက်စောင့်ရှောက်ပေးခြင်းသည် ယေဟောဝါ၏အမြင်တွင် အလွန်အရေးကြီးသည်ကို ကျွန်ုပ်တို့သဘောပေါက်ကြောင်း ဖော်ပြရာကျသည်။—ယာ. ၁:၂၇

လိုအပ်ပါက အကြီးအကဲများသည် ဒေသခံဘိုးဘွားရိပ်သာများရှိ ညီအစ်ကိုညီအစ်မများကို လက်တွေ့ကျကျကူညီပေးရန် စိတ်အားထက်သန်စွာ စီစဉ်ပေးကြသည်။ “အသင်းတော်အစည်းအဝေးတွေ တက်နိုင်မယ်ဆိုရင် လာတက်ဖို့ သူတို့ကို အားပေးသင့်တယ်” ဟု ရောဘတ်ဆိုသည်။ သို့သော် အကြီးအကဲများသည် ဘုရားသခင့်နိုင်ငံတော်ခန်းမသို့ မသွားလာနိုင်တော့သူများအတွက် အခြားအစီအစဉ်များ ပြုလုပ်ပေးသင့်သည်။ အသက် ၈၅ နှစ်အရွယ်ရှိပြီး ရိုးဆက်ရောင်ရမ်းနာခံစားနေရသော ဇက်လီးန်သည် အစည်းအဝေးအစီအစဉ်များကို ဖုန်းဖြင့်နားထောင်သည်။ “အစည်းအဝေးကျင်းပနေတဲ့ တစ်ချိန်တည်းမှာ နားထောင်ရတာက ပိုအကျိုးရှိတယ်။ ဘာအတွက်ကြောင့်မှ အဲဒါကို လက်လွတ်မခံဘူး” ဟုသူပြောပြသည်။

သက်ကြီးရွယ်အိုခရစ်ယာန်တစ်ဦးသည် အစည်းအဝေးအစီအစဉ်များကို ဖုန်းဖြင့်နားမထောင်နိုင်ပါက အသံသွင်းပေးရန် အကြီးအကဲများ စီစဉ်နိုင်သည်။ ဘိုးဘွားရိပ်သာရှိ ညီအစ်ကိုညီအစ်မများအား အသံသွင်းခွေပို့ပေးသူသည် ထိုအခွင့်အရေးကိုသုံးကာ သူတို့ကိုအားပေးစကားပြောနိုင်သည်။ “သက်ကြီးရွယ်အိုညီအစ်ကို ညီအစ်မတွေကို ဒေသခံအသင်းတော်သားတွေနဲ့ပတ်သက်တဲ့ သတင်းတွေ ဝေမျှတဲ့အခါ ကျွန်တော်တို့ရဲ့ဝိညာဉ်ရေးမိသားစုဝင် ဖြစ်ဆဲပဲလို့ သူတို့ခံစားရတယ်” ဟုကြီးကြပ်မှူးတစ်ဦးပြောပြသည်။

အဆက်အသွယ်မပြတ်ပါစေနှင့်

ဘိုးဘွားရိပ်သာသို့ ပြောင်းရွှေ့ရခြင်းက သက်ကြီးရွယ်အိုများစွာအား စိတ်ဖိစီးမှုဖြစ်စေပြီး စိတ်ရှုပ်စေသည်ကို နားလည်နိုင်ပါသည်။ ထို့ကြောင့် အချို့မှာ အေးတိအေးစက်ဖြစ်လာပေမည်။ သို့သော် သူတို့ပြောင်းရွှေ့ပြီးပြီးချင်း သူတို့ထံလည်ပတ်ကာ ဆက်ကူညီအားပေးသွားမည်ဖြစ်ကြောင်း ပြောပြမည်ဆိုပါက စိတ်ငြိမ်သက်မှုပြန်လည်ရရှိလာပြီး ပျော်ရွှင်လာစေရန် များစွာကူညီပေးနိုင်ပါလိမ့်မည်။—သု. ၁၇:၂၂

သက်ကြီးရွယ်အိုညီအစ်ကိုညီအစ်မအချို့သည် မှတ်ဉာဏ်များပျောက်ဆုံးခြင်း၊ နားမကြားတော့ခြင်း သို့မဟုတ် ပြောဆိုဆက်သွယ်ရန် အခြားအခက်အခဲများရှိနေပါက သူတို့ထံလည်ပတ်ခြင်းသည် အကျိုးမရှိဟု အချို့ယူဆပေမည်။ သို့သော် သူတို့နှင့် ပြောဆိုဆက်သွယ်ရန် မည်မျှခက်ခဲပါစေ ဆက်လည်ပတ်နေရန် ကြိုးစားခြင်းက ယုံကြည်သူချင်းများကို “ချီးမြှောက်” ရာတွင် ဦးဆောင်နေသူများဖြစ်ကြောင်း ဖော်ပြရာကျသည်။ (ရော. ၁၂:၁၀) သက်ကြီးရွယ်အိုညီအစ်ကိုတစ်ဦး၏ မှတ်ဉာဏ်ပျောက်ဆုံးစပြုလာပါက အစောပိုင်းအဖြစ်အပျက်များအပါအဝင် သူ၏ကလေးဘဝအကြောင်းများကိုပင် ပြန်ပြောပြရန် အားပေးနိုင်သည် သို့မဟုတ် ကျမ်းစာအမှန်တရား မည်သို့ရလာကြောင်း ပြောပြစေနိုင်သည်။ သူတို့သည် မှန်ကန်သောစကားလုံးများ ရှာမရဖြစ်နေပါက အဘယ်အရာပြုလုပ်နိုင်သနည်း။ စိတ်ရှည်စွာ နားထောင်ပါ၊ သင့်လျော်မည်ဆိုပါက သူစဉ်းစားမရဖြစ်နေပုံရသောစကားလုံးကို အစဖော်ပေးပါ သို့မဟုတ် သူပြောချင်သည့်အရာကို အတိုချုပ်ပြောလိုက်ပြီး ဆက်ပြောရန် အားပေးပါ။ ရှုပ်ထွေးနေခြင်း၊ စကားထစ်ခြင်း၊ သူပြောသည့်အရာကို နားလည်ရခက်ခြင်းတို့ဖြစ်သည့်တိုင် သူ့လေသံကို ဂရုစိုက်နားထောင်ခြင်းဖြင့် ဆိုလိုသည့်အရာကို နားလည်ရန် ကြိုးစားနိုင်သည်။

နှုတ်ဖြင့် မပြောဆိုနိုင်တော့ပါက အခြားနည်းများကိုလည်း အသုံးပြုနိုင်သည်။ ရှေ့ဆောင်တစ်ဦးဖြစ်သူ လော်ရီးန်သည် စကားမပြောနိုင်တော့သော အသက် ၈၀ အရွယ် ညီအစ်မမာ့ဒ်လီးန်ထံ ပုံမှန်လည်ပတ်သည်။ သူနှင့်မည်သို့ဆက်သွယ်ကြောင်း လော်ရီးန် ဤသို့ပြောပြ၏– “ကျွန်မတို့အတူဆုတောင်းတဲ့အချိန်မှာ သူ့လက်ကို ကျွန်မကိုင်ထားတယ်။ အဲဒီအခါ သူကလည်း ဒီအချိန်လေးကို ကျေးဇူးတင်ပါတယ်ဆိုတာပြဖို့ ကျွန်မလက်ကို ပြန်ဆုပ်ကိုင်ပြီး မျက်စိမှိတ်ထားတယ်။” လက်ကိုင်ခြင်း သို့မဟုတ် လှိုက်လှဲစွာဖက်ခြင်းက သူတို့ကို အလွန်အားရှိစေနိုင်သည်။

သင့်လည်ပတ်ခြင်းက အရာရောက်

သက်ကြီးရွယ်အိုများထံ သင်မှန်မှန်လည်ပတ်ခြင်းက သူတို့ရရှိသောပြုစုစောင့်ရှောက်မှုကို အကျိုးသက်ရောက်စေနိုင်သည်။ ဘိုးဘွားရိပ်သာများသို့ အနှစ် ၂၀ ခန့်လည်ပတ်ခဲ့သူ ဒန်ယေးလ်က “သက်ကြီးရွယ်အိုတစ်ယောက်ဆီ ပုံမှန်လည်ပတ်တာကို ဘိုးဘွားရိပ်သာက ဝန်ထမ်းတွေ သတိထားမိရင် သူ့ကိုကောင်းကောင်းစောင့်ရှောက်ပေးကြတယ်” ဟုပြောပြ၏။ အထက်တွင်ဖော်ပြခဲ့သောရောဘတ်က “သူနာပြုဝန်ထမ်းတွေက ပုံမှန်လည်ပတ်တဲ့သူရဲ့စကားကို ပိုနားထောင်ကြပြီး တစ်ခါတလေမှလည်ပတ်တဲ့သူကို မလေးစားကြဘူး” ဟုပြောပြသည်။ သူနာပြုများသည် ဇွတ်တရွတ်နိုင်သူများနှင့်သာ ဆက်ဆံနေရသောကြောင့် ဧည့်သည်များထံမှ ကျေးဇူးတင်ကြောင်းဖော်ပြချက်များကို တန်ဖိုးထားကြသည်။ ထို့ပြင် ကျွန်ုပ်တို့သည် သူတို့နှင့် ရင်းနှီးသောဆက်ဆံရေးရှိပါက သူတို့စောင့်ရှောက်နေရသော သက်ကြီးရွယ်အိုသက်သေခံ၏စံနှုန်းများ၊ ယုံကြည်ချက်များကို ပို၍လေးစားလာပေမည်။

သေးငယ်သောတာဝန်များကို ကူညီပေးခြင်းဖြင့်လည်း ဝန်ထမ်းများနှင့် ရင်းနှီးသောဆက်ဆံရေးရှိလာနိုင်သည်။ ဒေသအချို့တွင် အရည်အချင်းရှိသောဝန်ထမ်း မလုံလောက်သောကြောင့် သက်ကြီးရွယ်အိုများမှာ ကောင်းစွာပြုစုစောင့်ရှောက်မခံရပေ။ သူနာပြုတစ်ဦးဖြစ်သော ရေဗက္က ဤသို့ဆို၏– “အစာစားချိန်ကတော့ အလုပ်အများဆုံးအချိန်ပဲ။ ဒါကြောင့် အဲဒီလိုအချိန်မျိုးမှာ လာလည်ပတ်ပြီး စားသောက်နိုင်ဖို့ကူညီပေးတာက အရမ်းကောင်းတယ်။” ကျွန်ုပ်တို့ မည်သို့ကူညီပေးနိုင်ကြောင်း ဝန်ထမ်းများကိုမေးရန် မတွန့်ဆုတ်သင့်ပေ။

ဘိုးဘွားရိပ်သာတစ်ခုသို့ ကျွန်ုပ်တို့မှန်မှန်လည်ပတ်မည်ဆိုပါက သက်ကြီးရွယ်အိုညီအစ်ကိုညီအစ်မများ၏ လိုအပ်ရာများကို သိလာပြီး ဝန်ထမ်းများ၏ခွင့်ပြုချက်ဖြင့် ယင်းတို့ကို အစပြုကူညီပေးနိုင်သည်။ ဥပမာ၊ သူ၏အခန်းကို ချစ်ရသူများ၏ဓာတ်ပုံများ သို့မဟုတ် ကလေးများဆွဲထားသောပန်းချီများဖြင့် အလှဆင်ပေးနိုင်သည်။ သူ၏အကျိုးကို စိတ်စွဲမှတ်လျက် နွေးထွေးသောညဝတ်အင်္ကျီ သို့မဟုတ် တစ်ကိုယ်ရေသုံးပစ္စည်းများ ယူသွားပေးနိုင်သည်။ ဘိုးဘွားရိပ်သာတွင် ဥယျာဉ်ရှိပါက လတ်ဆတ်သောလေ ရှူရှိုက်နိုင်ရန် သူ့ကို ထိုနေရာသို့ခေါ်သွားပေးနိုင်မည်လော။ အစောပိုင်းတွင်ဖော်ပြခဲ့သော လော်ရီးန် ဤသို့ဆို၏– “မာ့ဒ်လီးန်က ကျွန်မတစ်ပတ်တစ်ခါသွားလည်တဲ့အချိန်ကို မျှော်နေတတ်တယ်။ ကျွန်မကလေးတွေကိုပါ ခေါ်သွားတဲ့အခါ သူချက်ချင်းပြုံးလိုက်ပြီး မျက်လုံးတွေတောက်ပလာတယ်။” ထိုသို့သောအစပြုလုပ်ဆောင်မှုများက ဘိုးဘွားရိပ်သာတွင်နေရသူများကို အကြီးအကျယ်အကျိုးသက်ရောက်စေနိုင်သည်။—သု. ၃:၂၇

အပြန်အလှန်အကျိုးရရှိ

သက်ကြီးရွယ်အိုတစ်ဦးထံ ပုံမှန်လည်ပတ်ခြင်းဖြင့် ကျွန်ုပ်တို့၏ “မေတ္တာသည် မှန်သည်မမှန်သည်ကို” စမ်းသပ်နိုင်ပေမည်။ (၂ ကော. ၈:၈) အဘယ်နည်းဖြင့်နည်း။ မိတ်ဆွေတစ်ဦး တဖြည်းဖြည်း အားနည်းဆုတ်ယုတ်လာသည်ကို မြင်ရခြင်းက ကြေကွဲစရာဖြစ်နိုင်သည်။ လော်ရီးန် ဤသို့ဝန်ခံ၏– “ပထမတော့ မာ့ဒ်လီးန်ရဲ့ အားနည်းဆုတ်ယုတ်လာတဲ့အခြေအနေကြောင့် ဝမ်းနည်းလွန်းလို့ သူ့ဆီသွားလည်ပြီးတိုင်း ငိုခဲ့ရတယ်။ ဒါပေမဲ့ မခြားမလပ်ဆုတောင်းခြင်းက ကျွန်မတို့ရဲ့စိုးရိမ်ကြောက်ရွံ့မှုတွေကို အောင်မြင်ကျော်လွှားနိုင်ဖို့၊ ပိုအားရှိလာစေဖို့ ကူညီပေးနိုင်တယ်ဆိုတာ ကျွန်မသိလာတယ်။” ရောဘတ်သည် ပါကင်ဆန်ခေါ် နာဗ်ကြောရောဂါခံစားနေရသော လယ်ရီအမည်ရှိ ခရစ်ယာန်ညီအစ်ကိုတစ်ဦးထံ နှစ်ပေါင်းများစွာ လည်ပတ်ခဲ့သည်။ သူဤသို့ဆို၏– “လယ်ရီက ရောဂါနှိပ်စက်ခံရလွန်းလို့ သူ့စကားကို ကျွန်တော်နားမလည်နိုင်တော့ဘူး။ ဒါပေမဲ့ ကျွန်တော်တို့အတူဆုတောင်းတဲ့အခါ သူ့ရဲ့ယုံကြည်ခြင်းကို ကျွန်တော်ခံစားမိတယ်။”

သက်ကြီးရွယ်အိုယုံကြည်သူချင်းများထံ လည်ပတ်ခြင်းဖြင့် သူတို့ကိုကူညီပေးရုံသာမက ကျွန်ုပ်တို့ကိုယ်တိုင်လည်း အကျိုးကျေးဇူးရရှိသည်။ ဘာသာရေးယုံကြည်ချက်အမျိုးမျိုးရှိသူများကြားတွင် နေထိုင်ရငြား ယေဟောဝါနှင့်နီးကပ်နေလိုသည့် သူတို့၏စိတ်ပိုင်းဖြတ်ချက်က ယုံကြည်ခြင်းနှင့် ရဲစွမ်းသတ္တိရှိရန် ကျွန်ုပ်တို့ကိုသင်ပေးသည်။ အကြားနှင့်အမြင်အာရုံ ချို့ယွင်းလာသော်လည်း ဝိညာဉ်အစာရရှိလိုသည့် သူတို့၏စိတ်အားထက်သန်မှုက “လူသည် မုန့်အားဖြင့်သာ အသက်ကိုမွေးရမည်မဟုတ်။ ဘုရားသခင်မိန့်တော်မူသမျှအားဖြင့် အသက်ကိုမွေးရမည်” ဟူသောအချက်ကို ပေါ်လွင်စေသည်။ (မ. ၄:၄) သက်ကြီးရွယ်အိုများသည် ကလေးတစ်ဦး၏အပြုံး သို့မဟုတ် အတူတကွစားသောက်ခြင်းစသည့် အသေးအဖွဲကိစ္စများနှင့်ပင် ပျော်ရွှင်နေခြင်းက ကျွန်ုပ်တို့တွင်ရှိသောအရာဖြင့် ကျေနပ်ရောင့်ရဲရန် နှိုးဆော်ပေးသည်။ ဝိညာဉ်ရေးရာများကို သူတို့တန်ဖိုးထားခြင်းက မှန်ကန်သောဦးစားထားရာများ ချမှတ်ရန် ကျွန်ုပ်တို့ကို ကူညီပေးနိုင်သည်။

မှန်ပါသည်၊ သက်ကြီးရွယ်အိုများကို ထောက်မပေးခြင်းမှ အသင်းတော်တစ်ခုလုံး အကျိုးကျေးဇူးများရရှိကြသည်။ အဘယ်နည်းဖြင့်နည်း။ ရုပ်ပိုင်းအရ အားနည်းဆုတ်ယုတ်လာသူများသည် ညီအစ်ကိုချင်းချစ်ခင်စုံမက်မှုကို ပို၍အားထားလာရသောကြောင့် အသင်းတော်အနေဖြင့် ပို၍သနားကြင်နာမှုတင်ပြနိုင်ရန် အခွင့်အရေးရရှိသည်။ ထို့ကြောင့် ကျွန်ုပ်တို့အားလုံးသည် နှစ်ရှည်လများပင်ဖြစ်ပါစေ သက်ကြီးရွယ်အိုများအား ပြုစုစောင့်ရှောက်ခြင်းကို အချင်းချင်းဝေငှပေးကမ်းခြင်း၏ အစိတ်အပိုင်းအဖြစ် ရှုမြင်သင့်သည်။ (၁ ပေ. ၄:၁၀၊ ၁၁) အကြီးအကဲများသည် ထိုလုပ်ဆောင်မှုတွင် ဦးဆောင်ဦးရွက်ပြုပါက ခရစ်ယာန်လုပ်ဆောင်မှု၏ ထိုကဏ္ဍကို မည်သည့်အခါမျှ လျစ်လျူမရှုသင့်ကြောင်း အခြားအသင်းတော်သားများ သိမြင်လာရန် ကူညီပေးနိုင်ပါလိမ့်မည်။ (ယေဇ. ၃၄:၁၅၊ ၁၆) ကျွန်ုပ်တို့၏စိတ်လိုကိုယ်လျောက်နှင့် မေတ္တာပါစွာ ထောက်မပေးမှုဖြင့် သက်ကြီးရွယ်အိုခရစ်ယာန်ချင်းတို့ကို မမေ့လျော့ကြောင်း ယုံကြည်စိတ်ချစေနိုင်ပါသည်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 8 အသင်းတော်ရှိ ညီအစ်ကိုညီအစ်မတစ်ဦးဦးသည် အခြားဒေသရှိ ဘိုးဘွားရိပ်သာသို့ ပြောင်းရွှေ့သွားကြောင်း အသင်းတော်အတွင်းရေးမှူး သိသိချင်း ထိုဒေသရှိအကြီးအကဲများထံ ချက်ချင်းအကြောင်းကြားခြင်းက အကူအညီပေးရာ၊ မေတ္တာရှိရာကျပါလိမ့်မည်။

[စာမျက်နှာ ၂၈ ပါအဓိကအချက်]

“သက်ကြီးရွယ်အိုတစ်ယောက်ဆီ ပုံမှန်လည်ပတ်တာကို ဘိုးဘွား ရိပ်သာက ဝန်ထမ်းတွေ သတိထား မိရင် သူ့ကို ကောင်းကောင်း စောင့်ရှောက်ပေးကြတယ်”

[စာမျက်နှာ ၂၆ ပါပုံစာ]

ကျွန်ုပ်တို့၏ လှိုက်လှိုက်လှဲလှဲဆုတောင်းပေးမှုက သက်ကြီးရွယ်အိုသက်သေခံတစ်ဦးအား စိတ်ငြိမ်သက်မှုပြန်ရရှိစေနိုင်

[စာမျက်နှာ ၂၆ ပါပုံစာ]

ချစ်ခင်စုံမက်ကြောင်း ဖော်ပြချက်များက သက်ကြီးရွယ်အို ယုံကြည်သူချင်းများကို ခွန်အားရှိစေမည်