မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အဘယ်အရာက ဘဝကို တန်ဖိုးရှိစေသနည်း

အဘယ်အရာက ဘဝကို တန်ဖိုးရှိစေသနည်း

အဘယ်အရာက ဘဝကို တန်ဖိုးရှိစေသနည်း

“ဘုရားသခင်ကိုကြောက်ရွံ့၍ ပညတ်တော်တို့ကို စောင့်ရှောက်လော့။”—ဒေ. ၁၂:၁၃

၁၊ ၂။ ဒေ.ကျမ်းကို သုံးသပ်ခြင်းမှ မည်သို့အကျိုးကျေးဇူးရရှိနိုင်သနည်း။

ရာအားလုံးပြည့်စုံပုံရသော လူတစ်ဦးကို မြင်ယောင်ကြည့်ပါ။ သူသည် အထင်ကရနိုင်ငံရေးခေါင်းဆောင်ဖြစ်ပြီး ကမ္ဘာပေါ်တွင် အချမ်းသာဆုံးဖြစ်ကာ သူ၏မျိုးရိုးစဉ်ဆက်တွင်လည်း ပညာအရှိဆုံးပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ သို့သော် ဤမျှ ပြီးမြောက်အောင်မြင်မှုများရှိသည့်တိုင် ‘ဘယ်အရာက ဘဝကိုတကယ်တန်ဖိုးရှိစေတာလဲ’ဟု သူမေးနေဆဲဖြစ်သည်။

လွန်ခဲ့သောနှစ်ပေါင်း သုံးထောင်ခန့်တွင် ထိုသို့သောသူ အမှန်တကယ်ရှိခဲ့သည်။ သူ၏အမည်မှာ ရှောလမုန်ဖြစ်ပြီး ကျေနပ်ရောင့်ရဲမှုရှာပုံတော်နှင့်ပတ်သက်သော သူ၏စကားများကို ဒေ.ကျမ်းတွင် တွေ့ရှိရသည်။ (ဒေ. ၁:၁၃) ရှောလမုန်၏အတွေ့အကြုံမှ ကျွန်ုပ်တို့ များစွာသင်ယူနိုင်သည်။ မှန်ပါသည်၊ ဒေ.ကျမ်းတွင်တွေ့ရသော ဉာဏ်ပညာသည် ကျွန်ုပ်တို့၏အသက်တာကို အမှန်တကယ်အဓိပ္ပာယ်ရှိစေမည့်ပန်းတိုင်များ ချမှတ်ရန် ကူညီပေးနိုင်၏။

“လေကိုကျက်စားသောအမှု”

၃။ လူ့အသက်တာနှင့်ပတ်သက်သော အဘယ်အလေးအနက်စဉ်းစားစရာအဖြစ်မှန်ကို ကျွန်ုပ်တို့အားလုံး ရင်ဆိုင်ရမည်နည်း။

ဘုရားသခင်သည် ကမ္ဘာပေါ်တွင် လှပသောအရာများကို အလျှံပယ်ဖန်ဆင်းခဲ့ကြောင်း၊ ယင်းတို့မှာ ကျွန်ုပ်တို့အစဉ်မွေ့လျော်၍ မကုန်ခမ်းနိုင်သည့် စိတ်ဝင်စားဖွယ်နှင့်အံ့ဖွယ်ရာများဖြစ်ကြောင်း ရှောလမုန်ဖော်ပြခဲ့သည်။ သို့သော် ကျွန်ုပ်တို့၏အသက်တာမှာ တိုတောင်းလွန်းသောကြောင့် ဘုရားသခင့်ဖန်ဆင်းခြင်းလက်ရာများကို စတင်စူးစမ်းရန်ပင် အလွန်ခက်ခဲနိုင်သည်။ (ဒေ. ၃:၁၁; ၈:၁၇) ကျမ်းစာတွင်ဆိုထားသည့်အတိုင်း ကျွန်ုပ်တို့၏နေ့ရက်ကာလမှာ အလွန်တိုတောင်းပြီး အလျင်အမြန်ကုန်ဆုံးသွားသည်။ (ယောဘ ၁၄:၁၊ ၂; ဒေ. ၆:၁၂) ထိုအလေးအနက်စဉ်းစားစရာအဖြစ်မှန်က ကျွန်ုပ်တို့၏အသက်တာကို ပညာရှိစွာအသုံးပြုရန် လှုံ့ဆော်ပေးသင့်သည်။ ယင်းသို့ပြုရန် မလွယ်ကူပေ။ အကြောင်းမှာ စာတန့်လောကသည် ကျွန်ုပ်တို့ လမ်းမှားလိုက်ရန် ဩဇာလွှမ်းမိုးနိုင်သောကြောင့်ဖြစ်သည်။

၄။ (က) ‘အချည်းနှီး’ ဟူသောစကားသည် အဘယ်အရာကို ဆိုလိုသနည်း။ (ခ) ဘဝ၏ အဘယ်လိုက်စားမှုများအကြောင်း သုံးသပ်ကြမည်နည်း။

ကျွန်ုပ်တို့အသက်တာအား ဖြုန်းတီးခြင်း၏အန္တရာယ်ကို အလေးပေးဖော်ပြရန် ရှောလမုန်သည် ဒေ.ကျမ်းတွင် “အနတ္တ” သို့မဟုတ် ‘အချည်းနှီး’ ဟူသောစကားကို အကြိမ် ၃၀ ခန့် အသုံးပြုခဲ့သည်။ ‘အချည်းနှီး’ ဟုပြန်ဆိုသော ဟေဗြဲစကားလုံးသည် ဗလာနတ္ထိဖြစ်သော၊ အကျိုးမရှိသော၊ အဓိပ္ပာယ်မရှိသော၊ အခြေအမြစ်မရှိသော၊ တည်မြဲသည့်တန်ဖိုးမရှိသောအရာကို ဆိုလို၏။ (ဒေ. ၁:၂၊ ၃) တစ်ခါတစ်ရံ ရှောလမုန်သည် ‘အချည်းနှီး’ ဟူသောစကားလုံးကို “လေကိုကျက်စားသောအမှု” နှင့်အဓိပ္ပာယ်တူစကားလုံးအဖြစ် တွဲသုံးသည်။ (ဒေ. ၁:၁၄; ၂:၁၁) လေကိုလိုက်ဖမ်းရန် မည်သို့ပင်ကြိုးစားပါစေ အကျိုးမရှိသည်မှာ ရှင်းပါသည်။ ထိုသို့ပြုလုပ်ရန် ကြိုးစားသူတိုင်းသည် နောက်ဆုံးတွင် အဘယ်အရာမျှဖမ်းဆုပ်မိမည်မဟုတ်ပေ။ ပညာမဲ့သောပန်းတိုင်များကို လိုက်စားခြင်းကလည်း ထိုသို့ပင်စိတ်ပျက်ဖွယ်ဖြစ်ပါလိမ့်မည်။ ဤလက်ရှိအစီအစဉ်စနစ်တွင် ကျွန်ုပ်တို့အသက်တာသည် အလွန်တိုတောင်းသောကြောင့် ဗလာသက်သက်ဖြစ်စေမည့် ကြိုးပမ်းမှုများတွင် မဖြုန်းတီးသင့်ပေ။ ထို့ကြောင့် ထိုအမှားမျိုးမပြုမိစေရန် ဘဝ၏သာမန်လိုက်စားမှုများနှင့်ပတ်သက်၍ ရှောလမုန်ပေးခဲ့သောနမူနာအချို့ကို သုံးသပ်ကြပါစို့။ ဦးစွာ၊ အပျော်အပါးနှင့် စည်းစိမ်ဥစ္စာလိုက်စားခြင်းအကြောင်း သုံးသပ်ကြပါမည်။ ထို့နောက် ဘုရားသခင်နှစ်သက်သောအလုပ်၏ တန်ဖိုးကို သုံးသပ်ကြပါမည်။

အပျော်အပါးလိုက်စားခြင်းသည် ကျွန်ုပ်တို့ကို ပျော်ရွှင်စေမည်လော

၅။ ရှောလမုန်သည် ကျေနပ်ရောင့်ရဲမှုကို အဘယ်နေရာများတွင် ရှာဖွေခဲ့သနည်း။

ယနေ့ လူများစွာနည်းတူ ရှောလမုန်သည်လည်း အပျော်အပါးလိုက်စားခြင်းဖြင့် ကျေနပ်ရောင့်ရဲမှုရရှိရန် ကြိုးစားခဲ့သည်။ “ငါ့စိတ်ရွှင်လန်းစရာ တစ်စုံတစ်ခုကိုမျှမပယ်” ဟုသူဆို၏။ (ဒေ. ၂:၁၀) အပျော်အပါးကို အဘယ်နေရာတွင် သူရှာခဲ့သနည်း။ ဒေ. အခန်းကြီး ၂ အရ ဥယျာဉ်ခြံများပြုစုခြင်း၊ နန်းတော်များကို ဒီဇိုင်းဆွဲခြင်း၊ တေးဂီတနားထောင်ခြင်း၊ စားကောင်းသောက်ဖွယ်များ စားသောက်ခြင်းစသည့်အရာများကို ပျော်မွေ့ခဲ့သည်။ ထို့ပြင် “စပျစ်ရည်အလိုသို့လိုက်” ခဲ့ပြီး တစ်ချိန်တည်းတွင် ချုပ်တည်းမှုရှိခဲ့သည်။

၆။ (က) ဘဝတွင် ကောင်းသောအရာအချို့ကို ပျော်မွေ့ခံစားခြင်းသည် အဘယ်ကြောင့် မမှားသနည်း။ (ခ) အပန်းဖြေခြင်းကိစ္စတွင် အဘယ်မျှတမှုရှိဖို့လိုသနည်း။

မိတ်ဆွေများနှင့်အတူပျော်ပါးခြင်းကို ကျမ်းစာကပြစ်တင်ရှုတ်ချပါသလော။ လုံးဝမရှုတ်ချပါ။ ဥပမာ၊ ရှောလမုန်က ပင်ပန်းသောတစ်နေ့တာ၏အဆုံးတွင် ငြိမ်းချမ်းသောဝန်းကျင်၌ စားသောက်ရခြင်းသည် ဘုရားသခင်ထံမှဆုကျေးဇူးဖြစ်ကြောင်း ဖော်ပြ၏။ (ဒေ. ၂:၂၄; ၃:၁၂၊ ၁၃ ကိုဖတ်ပါ။) ထို့ပြင် စဉ်းစားချင့်ချိန်မှုရှိရှိ ‘ပျော်မွေ့ပြီး ကိုယ်အလိုရှိရာလမ်းသို့လိုက်’ ရန် လူငယ်များကို ယေဟောဝါကိုယ်တိုင် ဖိတ်ခေါ်ထားသည်။ (ဒေ. ၁၁:၉) ကျွန်ုပ်တို့သည် အနားယူရန်နှင့် အကျိုးရှိသောအပန်းဖြေမှုပြုရန် လိုအပ်သည်။ (မာကု ၆:၃၁ နှင့်နှိုင်းယှဉ်ပါ။) သို့သော် အပန်းဖြေခြင်းသည် ကျွန်ုပ်တို့အသက်တာ၏ အဓိကပန်းတိုင် မဖြစ်သင့်ပေ။ ယင်းအစား အပန်းဖြေခြင်းသည် စားသောက်ပွဲတစ်ခုမှ အဓိကဟင်းပွဲများနှင့်မတူဘဲ အချိုပွဲနှင့်သာတူသင့်သည်။ သင်သည် အချိုပွဲကိုမည်မျှပင်ကြိုက်ပါစေ ယင်းတို့ကိုသာစားပါက မကြာမီ အီသွားမည်ဖြစ်သည့်အပြင် အာဟာရလည်း သိပ်မဖြစ်စေကြောင်း သဘောတူပေမည်။ ထိုနည်းတူ အပျော်အပါးကိုသာအဓိကထားသော အသက်တာသည် “လေကိုကျက်စားသောအမှု” ဖြစ်ကြောင်း ရှောလမုန်တွေ့ရှိခဲ့သည်။—ဒေ. ၂:၁၀၊ ၁၁

၇။ ကျွန်ုပ်တို့၏အပန်းဖြေမှုကို အဘယ်ကြောင့် ပညာသတိရှိစွာ ရွေးချယ်သင့်သနည်း။

ထို့ပြင် အပန်းဖြေမှုအားလုံးသည် အကျိုးပြုသည်မဟုတ်ပေ။ အများစုသည် ဝိညာဉ်ရေးအတွက်သာမက ကိုယ်ကျင့်တရားအတွက်ပါ အလွန်အန္တရာယ်ရှိသည်။ မူးယစ်ဆေးသုံးစွဲခြင်း၊ အရက်အလွန်အကျွံသောက်ခြင်း၊ လောင်းကစားခြင်းတို့ဖြင့် ‘ပျော်ပါးလို၍’ ဒုက္ခတွင်းထဲ လူသန်းပေါင်းမည်မျှ သက်ဆင်းခဲ့ပြီနည်း။ ထို့ကြောင့် ကျွန်ုပ်တို့၏နှလုံး သို့မဟုတ် မျက်စိကို အန္တရာယ်ရှိသောအရာဘက်သို့ တိမ်းညွတ်စေမည်ဆိုပါက ယင်းတို့၏ဆိုးကျိုးများကို ခံစားရမည်ဟု ယေဟောဝါ ကြင်နာစွာသတိပေးထားသည်။—ဂလ. ၆:၇

၈။ ကျွန်ုပ်တို့၏ဘဝလမ်းစဉ်ကို ပြန်ပြောင်းသုံးသပ်ခြင်းက အဘယ်ကြောင့် ပညာရှိသနည်း။

ထို့ပြင် မျှတမှုမဲ့စွာ အပျော်အပါးလိုက်စားခြင်းသည် သာ၍အရေးကြီးသောအရာများမှ အာရုံလွဲသွားစေပါလိမ့်မည်။ အသက်သည် အလျင်အမြန်ကုန်ဆုံးကြောင်း၊ ကျွန်ုပ်တို့၏တိုတောင်းသောအသက်တာသည် အစဉ်ကျန်းမာရေးကောင်းပြီး ပြဿနာများဖြင့်ကင်းနေမည်ဟူသည့် အာမခံချက်မရှိကြောင်း သတိရပါ။ ထို့ကြောင့် ရှောလမုန်သတိပြုမိသကဲ့သို့ ကျွန်ုပ်တို့သည် “ပွဲခံရာအိမ်သို့သွားခြင်းထက်” အထူးသဖြင့် သစ္စာရှိခရစ်ယာန်ညီအစ်ကို ညီအစ်မတစ်ဦး၏ ဈာပနအခမ်းအနားတက်ရောက်ခြင်းဖြင့် အကျိုးကျေးဇူးများစွာရရှိနိုင်ပေမည်။ (ဒေ. ၇:၂၊ ကိုဖတ်ပါ။) အဘယ်ကြောင့်နည်း။ ဈာပနဟောပြောချက်ကို နားထောင်ပြီး သေဆုံးသွားပြီဖြစ်သော သစ္စာရှိသူ၏ဘဝလမ်းစဉ်ကို ပြန်ပြောင်းတွေးတောစဉ် ကျွန်ုပ်တို့၏ဘဝလမ်းစဉ်ကိုလည်း ပြန်ဆန်းစစ်ရန် လှုံ့ဆော်ခံရပေမည်။ ရလဒ်အနေဖြင့် ကျန်ကြွင်းသောအသက်တာကို ပညာရှိစွာအသုံးပြုရန် ကျွန်ုပ်တို့၏ပန်းတိုင်များကို ပြုပြင်ချိန်ညှိဖို့ လိုအပ်သည်ဟု ယူမှတ်လာပေမည်။—ဒေ. ၁၂:၁

ရုပ်ပစ္စည်းပိုင်ဆိုင်မှုများက ကျွန်ုပ်တို့ကို ကျေနပ်ရောင့်ရဲစေမည်လော

၉။ ချမ်းသာကြွယ်ဝခြင်းနှင့်ပတ်သက်၍ အဘယ်အရာကို ရှောလမုန် တွေ့ရှိခဲ့သနည်း။

ဒေ.ကျမ်းကို ရှောလမုန်ရေးသားစဉ် သူသည် ကမ္ဘာပေါ်တွင် အချမ်းသာဆုံးပုဂ္ဂိုလ်တစ်ဦးဖြစ်၏။ (၆ ရာ. ၉:၂၂) သူလိုချင်ရာအားလုံးကိုရနိုင်သော ဥစ္စာဓနရှိသည်။ “ငါ့မျက်စိတပ်မက်လိုချင်သောအရာ တစ်စုံတစ်ခုကိုမျှ ငါမငြင်း” ဟုသူရေးခဲ့၏။ (ဒေ. ၂:၁၀) သို့တိုင် ရုပ်ပစ္စည်းပိုင်ဆိုင်ခြင်းက ကျေနပ်ရောင့်ရဲမှုမပေးနိုင်ကြောင်း သူတွေ့ရှိခဲ့သည်။ “ငွေကိုတပ်မက်သောသူသည် ငွေနှင့်အလိုဆန္ဒမပြေနိုင်။ စည်းစိမ်ကိုတပ်မက်သောသူသည် စည်းစိမ်တိုးပွားသော်လည်း မရောင့်ရဲနိုင်” ဟုသူကောက်ချက်ချခဲ့သည်။—ဒေ. ၅:၁၀

၁၀။ အဘယ်အရာက စစ်မှန်သောကျေနပ်ရောင့်ရဲမှုနှင့် စည်းစိမ်ချမ်းသာကို ရရှိစေသနည်း။

၁၀ စည်းစိမ်ဥစ္စာ၏တန်ဖိုးသည်  ခဏသာတည်မြဲသော်လည်း အလွန်ဆွဲဆောင်အားကောင်းဆဲဖြစ်သည်။  အမေရိကန်ပြည်ထောင်စု၌ မကြာသေးမီကပြုလုပ်ခဲ့သော လေ့လာမှုတစ်ခုတွင် တက္ကသိုလ်ပထမနှစ်ကျောင်းသားအားလုံး၏ ၇၅ ရာခိုင်နှုန်းသည် သူတို့ဘဝတွင် အဓိကပန်းတိုင်မှာ “ငွေကြေးအလွန်ချမ်းသာရန်” ဖြစ်သည်ဟု ဆိုခဲ့ကြသည်။ သူတို့၏ပန်းတိုင်ကို ရောက်ရှိသည့်တိုင် သူတို့အမှန်တကယ် ပျော်ရွှင်ကြပါမည်လော။ လုံးဝပင်။ အမှန်မှာ ရုပ်ဝါဒလိုက်စားခြင်းကို အလွန်အရေးပေးခြင်းက ပျော်ရွှင်မှုနှင့်ကျေနပ်ရောင့်ရဲမှုကို အတားအဆီးဖြစ်စေသည်ဟု သုတေသီများက ဆို၏။ လွန်ခဲ့သောနှစ်ပေါင်းများစွာတွင် ရှောလမုန်လည်း ထိုသို့ပင်မှတ်ချက်ချခဲ့သည်။ ‘ရွှေငွေကိုလည်းကောင်း၊ ရှင်ဘုရင်နှင့်ဆိုင်သောဘဏ္ဍာ. . .ကိုလည်းကောင်း ငါဆည်းပူး၏။ . . . ထိုအခါ . . . ငါကြည့်ရှု၍ အလုံးစုံတို့သည် အချည်းနှီးအမှု၊ လေကိုကျက်စားသောအမှုဖြစ်ကြ၏’ ဟုသူရေးခဲ့သည်။ * (ဒေ. ၂:၈၊ ၁၁) ယင်းနှင့်ဆန့်ကျင်လျက် ကျွန်ုပ်တို့၏အသက်တာတွင် ယေဟောဝါ၏အမှုတော်ကို စိတ်နှလုံးအကြွင်းမဲ့ထမ်းဆောင်ပြီး ကိုယ်တော်၏ကောင်းချီးများ ခံစားရပါက စစ်မှန်သောစည်းစိမ်ချမ်းသာကို ရရှိပါလိမ့်မည်။—သု. ၁၀:၂၂ ကိုဖတ်ပါ။

အဘယ်အလုပ်မျိုးက စစ်မှန်သော ကျေနပ်ရောင့်ရဲမှု ရရှိစေသနည်း

၁၁။ အလုပ်၏တန်ဖိုးအကြောင်း ကျမ်းစာက အဘယ်အရာဖော်ပြသနည်း။

၁၁ “ငါ့ခမည်းတော်သည် ယခုတိုင်အောင်အလုပ်လုပ်တော်မူသည်ဖြစ်၍ ငါသည်လည်းလုပ်၏” ဟုယေရှုမိန့်ဆိုသည်။ (ယော. ၅:၁၇) ယေဟောဝါနှင့်ယေရှုသည် အလုပ်မှကျေနပ်ရောင့်ရဲမှုခံစားရမည်မှာ သေချာသည်။ ဖန်ဆင်းခြင်းလုပ်ငန်းတွင် ယေဟောဝါ၏ကျေနပ်ရောင့်ရဲမှုနှင့်ပတ်သက်၍ ကျမ်းစာဤသို့ဆို၏– “ဘုရားသခင်သည် မိမိဖန်ဆင်းသမျှသောအရာတို့ကိုကြည့်ရှုလျှင် အလွန်ကောင်းသည်ကိုမြင်တော်မူ . . . ၏။” (က. ၁:၃၁) ကောင်းကင်တမန်များသည် ဘုရားသခင်ပြုလုပ်ရာအားလုံးကို မြင်သောအခါ “ဝမ်းမြောက်သဖြင့် ကြွေးကြော်ကြ” ၏။ (ယောဘ ၃၈:၄-၇) ထိုနည်းတူ ရှောလမုန်သည်လည်း ရည်ရွယ်ချက်ရှိသောအလုပ်၏တန်ဖိုးကို နားလည်သဘောပေါက်ခဲ့သည်။—ဒေ. ၃:၁၃

၁၂၊ ၁၃။ (က) အလုပ်ကြိုးစားခြင်းမှရရှိသည့် ကျေနပ်ရောင့်ရဲမှုနှင့်ပတ်သက်၍ လူနှစ်ဦး မည်သို့ဆိုသနည်း။ (ခ) တစ်ခါတစ်ရံ လောကအလုပ်သည် အဘယ်ကြောင့် စိတ်ပျက်ဖွယ်ဖြစ်နိုင်သနည်း။

၁၂ လူများစွာသည် အလုပ်ကို ကြိုးစားလုပ်ဆောင်ခြင်း၏တန်ဖိုးကို နားလည်ကြ၏။ ဥပမာ၊ အောင်မြင်သောပန်းချီဆရာဟိုဆာက “ကိုယ့်စိတ်ကူးထဲမှာရှိတဲ့အတိုင်း ပန်းချီကားတစ်ချပ်ရေးဆွဲနိုင်တဲ့အခါ တောင်အမြင့်ကြီးတစ်ခုကို တက်နိုင်သလိုပဲ ခံစားရတယ်” ဟုဆိုသည်။ စီးပွားရေးသမားတစ်ဦးဖြစ်သူ မီဂဲလ် * ကလည်း  ဤသို့ဆို၏– “အလုပ်က ကျေနပ်ရောင့်ရဲမှုပေးနိုင်တယ်။ ဘာကြောင့်လဲဆိုတော့ အလုပ်ရှိတဲ့အတွက် သင့်မိသားစုကို ထောက်ပံ့နိုင်တဲ့အပြင် အောင်မြင်တဲ့ခံစားချက်မျိုးလည်း ရရှိနိုင်လို့ပဲ။”

၁၃ တစ်ဖက်တွင်မူ အလုပ်များစွာသည် ငြီးငွေ့ဖွယ်ဖြစ်ပြီး တီထွင်ကြံဆနိုင်ဖို့ အခွင့်အလမ်းနည်းပါးသည်။ တစ်ခါတစ်ရံ အလုပ်ခွင်ကိုယ်နှိုက်က စိတ်ပျက်ဖွယ်ဖြစ်ပြီး မမျှတစွာဆက်ဆံခံရသည့်နေရာပင်ဖြစ်နိုင်သည်။ ထို့ပြင် ရှောလမုန်ဖော်ပြသကဲ့သို့ လူပျင်းသည် အခွင့်အာဏာရှိသူတို့နှင့်ရင်းနှီးမှုကို အသုံးချပြီး လုံ့လရှိသောလုပ်သား၏ အကျိုးအမြတ်ကို ရရှိပေမည်။ (ဒေ. ၂:၂၁) အခြားအချက်များကလည်း စိတ်ဓာတ်ကျစေနိုင်သည်။ အလွန်အကျိုးအမြတ်ရှိသော စီးပွားရေးအခွင့်အလမ်းအဖြစ် အစပြုသောလုပ်ငန်းပင် တိုင်းပြည်၏စီးပွားရေးကျဆင်းသွားခြင်း သို့မဟုတ် ကြိုတင်မမြင်နိုင်သော အဖြစ်အပျက်များကြောင့် အရှုံးဖြင့် ဇာတ်သိမ်းရပေမည်။ (ဒေ. ၉:၁၁ ကိုဖတ်ပါ။) အောင်မြင်ဖို့ ကြိုးစားရုန်းကန်သူသည် “လေကိုရအံ့သောငှာ ကြိုးစားအားထုတ်” နေခြင်းဖြစ်ကြောင်း သဘောပေါက်သွား၍ အမျက်ထွက်ကာ စိတ်ပျက်ရလေ့ရှိသည်။—ဒေ. ၅:၁၆

၁၄။ အဘယ်အလုပ်က စစ်မှန်သောကျေနပ်ရောင့်ရဲမှုကို အစဉ်ခံစားရစေသနည်း။

၁၄ မည်သည့်အခါမျှ စိတ်မပျက်စေမည့် အလုပ်မျိုး ရှိပါသလော။ အစောပိုင်းတွင် ဖော်ပြခဲ့သော ပန်းချီဆရာဟိုဆာ ဤသို့ဆို၏– “နှစ်တွေကုန်လွန်လာတာနဲ့အမျှ ပန်းချီကားတွေ ပျောက်ဆုံးတာတို့၊ ပျက်စီးတာတို့ ဖြစ်နိုင်တယ်။ ဝိညာဉ်ရေးရာအလုပ်တွေကျတော့ အဲဒီလိုမဖြစ်ဘူး။ ယေဟောဝါကိုနာခံပြီး သတင်းကောင်းဟောပြောခြင်းလုပ်ငန်းမှာ ပါဝင်ခြင်းအားဖြင့် ကိုယ်တော့်ကိုကြောက်ရွံ့တဲ့ခရစ်ယာန်တွေ ဖြစ်လာဖို့ လူတွေကို ကျွန်တော်ကူညီပေးခဲ့တယ်။ အဲဒါက တည်မြဲပြီး တန်ဖိုးဖြတ်လို့မရဘူး။” (၁ ကော. ၃:၉-၁၁) အလားတူ မီဂဲလ်ကလည်း သတင်းကောင်းဟောပြောခြင်းလုပ်ငန်းသည် လောကအလုပ်ထက် ပို၍ကျေနပ်ရောင့်ရဲစေသည်ဟု ပြောပြသည်။ “ကျမ်းစာအမှန်တရားအကြောင်း တစ်ယောက်ယောက်ကို ဝေမျှပြီး အဲဒါက သူ့စိတ်နှလုံးကိုထိမိတယ်ဆိုတာ သိလိုက်ရတဲ့အခါ ခံစားရတဲ့ရွှင်လန်းမှုကို ဘာနဲ့မှအစားထိုးလို့မရနိုင်ဘူး” ဟုသူပြောသည်။

‘သင်၏အစာကိုပစ်ချလော့’

၁၅။ အဘယ်အရာက ဘဝကို အမှန်တကယ် တန်ဖိုးရှိစေသနည်း။

၁၅ နိဂုံးချုပ်အနေဖြင့် အဘယ်အရာက ဘဝကို အမှန်တကယ်တန်ဖိုးရှိစေသနည်း။ ကျွန်ုပ်တို့သည် ဤအစီအစဉ်စနစ်တွင်ရရှိသော တိုတောင်းလှသည့်အချိန်ကို ကောင်းမှုပြုရန်နှင့် ယေဟောဝါ၏စိတ်ရွှင်လန်းစေရန် အသုံးပြုပါက စစ်မှန်သောကျေနပ်ပျော်ရွှင်မှု ခံစားကြရမည်။ ကျွန်ုပ်တို့သည် ဘုရားသခင်နှင့် ရင်းနှီးသောဆက်ဆံရေးကို ပြုစုပျိုးထောင်နိုင်သည်၊ ကျွန်ုပ်တို့၏သားသမီးများအား ကျမ်းစာစံနှုန်းများကို သင်ပေးနိုင်သည်၊ အခြားသူများ ယေဟောဝါကိုသိလာအောင် ကူညီပေးနိုင်သည်၊ ညီအစ်ကိုညီအစ်မများနှင့် တည်မြဲသောဆက်ဆံရေး ရရှိနိုင်ကြသည်။ (ဂလ. ၆:၁၀) ထိုကြိုးစားအားထုတ်မှုအားလုံးသည် တည်မြဲသောတန်ဖိုးရှိပြီး ကောင်းချီးများရရှိစေသည်။ ကောင်းမှုပြုခြင်း၏တန်ဖိုးကိုဖော်ပြရန် ရှောလမုန်သည် အလွန်စိတ်ဝင်စားဖွယ်နှိုင်းယှဉ်ချက်တစ်ခုကို အသုံးပြုခဲ့သည်။ “သင်၏အစာကို ရေပေါ်မှာပစ်ချလော့။ ကာလကြာမြင့်မှ တစ်ဖန်တွေ့လေဦးမည်” ဟုသူဆို၏။ (ဒေ. ၁၁:၁) ယေရှုကလည်း တပည့်များကို ဤသို့တိုက်တွန်းခဲ့၏– “သူတစ်ပါးအား ပေးကြလော့။ ပေးလျှင် သူတစ်ပါးသည် သင်တို့အား ပေးကြလိမ့်မည်။” (လု. ၆:၃၈) ထို့ပြင် အခြားသူများကို ကောင်းမှုပြုသူများအား ဆုချမည်ဟု ယေဟောဝါကိုယ်တိုင် ကတိပေးထားသည်။—ဟေဗြဲ ၆:၁၀ ကိုဖတ်ပါ; သု. ၁၉:၁၇

၁၆။ ကျွန်ုပ်တို့၏ဘဝလမ်းစဉ်အတွက် ကြိုတင်အစီအစဉ်ဆွဲရန် အဘယ်အချိန်သည် အကောင်းဆုံးဖြစ်သနည်း။

၁၆ ကျွန်ုပ်တို့၏အသက်တာကို မည်သို့အသုံးပြုမည်နှင့်ပတ်သက်၍ ငယ်ရွယ်စဉ်ကပင် ပညာရှိစွာဆုံးဖြတ်ရန် ကျမ်းစာက တိုက်တွန်းသည်။ ထိုသို့ပြုခြင်းဖြင့် နောက်ပိုင်းနှစ်များတွင် စိတ်ပျက်စရာများကို ရှောင်နိုင်မည်ဖြစ်သည်။ (ဒေ. ၁၂:၁) လောက၏ဆွဲဆောင်မှုများနောက် လိုက်ခြင်းဖြင့် ဘဝ၏အကောင်းဆုံးနှစ်များကို ဖြုန်းတီးပစ်ပြီးနောက်မှ ယင်းသို့ပြုလုပ်ခြင်းသည် လေကိုလိုက်ဖမ်းသကဲ့သို့ အချည်းနှီးသာဖြစ်ကြောင်း သိလာမည်ဆိုလျှင် ဝမ်းနည်းဖွယ်ကောင်းလိုက်မည်ဖြစ်ခြင်း။

၁၇။ အကောင်းဆုံးဘဝလမ်းစဉ်ကို ရွေးချယ်ရန် အဘယ်အရာက ကူညီပေးမည်နည်း။

၁၇ ယေဟောဝါသည် မေတ္တာရှိသောဖခင်ကဲ့သို့ သင့်အား ဘဝကိုပျော်မွေ့စေလိုသည်၊ ကောင်းမှုပြုစေလိုကာ မလိုအပ်သော ပူဆွေးသောကများနှင့် ကင်းဝေးစေလိုသည်။ (ဒေ. ၁၁:၉၊ ၁၀) ထိုသို့ပြုရန် အဘယ်အရာက သင့်ကို ကူညီပေးမည်နည်း။ ဝိညာဉ်ရေးပန်းတိုင်များ ချမှတ်ပြီး ထိုပန်းတိုင်များသို့ရောက်ရန် ကြိုးစားအားထုတ်ပါ။ လွန်ခဲ့သောအနှစ် ၂၀ နီးပါးတွင် ကာ့ဗ်ယာသည် ရွေးချယ်မှုတစ်ခုပြုခဲ့ရ၏။ တစ်ဖက်တွင် ချမ်းသာကြွယ်ဝစေမည့် ဆရာဝန်အလုပ်ဖြစ်ပြီး တစ်ဖက်တွင် အချိန်ပြည့်ဓမ္မအမှုဖြစ်သည်။ “ဆရာဝန်အလုပ်က ကျေနပ်ရောင့်ရဲမှုပေးနိုင်ရင်တောင် လူတွေအမှန်တရားသိလာအောင် ကူညီပေးတဲ့အခါ ခံစားရတဲ့ရွှင်လန်းမှုနဲ့တော့ မယှဉ်နိုင်ဘူး။ အချိန်ပြည့်လုပ်ငန်းက ဘဝကို အပြည့်အဝပျော်မွေ့စေတယ်။ ဒါကိုစောစောမလုပ်ဆောင်ခဲ့လို့ပဲ နောင်တရမိတယ်” ဟု သူဆိုသည်။

၁၈။ ယေရှု၏မြေကြီးအသက်တာသည် အဘယ်ကြောင့် ဤမျှတန်ဖိုးရှိခဲ့သနည်း။

၁၈ သို့ဆိုလျှင် ကျွန်ုပ်တို့ပိုင်ဆိုင်ရန်ကြိုးစားသင့်သည့် တန်ဖိုးအရှိဆုံးအရာကား အဘယ်နည်း။ “ကောင်းသောအသရေသည် နံ့သာဆီထက်သာ၍ကောင်း၏။ သေရသောနေ့သည်လည်း ဖွားမြင်သောနေ့ထက် သာ၍ကောင်း၏” ဟုကျမ်းစာကဆို၏။ (ဒေ. ၇:၁) ယင်းသို့ဖြစ်ကြောင်း ယေရှု၏ဘဝက ကောင်းစွာဖော်ပြသည်။ ကိုယ်တော်သည် ယေဟောဝါရှေ့တွင် အလွန်ပင် နာမည်ကောင်းရရှိခဲ့သည်မှာ သေချာသည်။ ယေရှုသည် သစ္စာရှိစွာသေဆုံးသွားခြင်းဖြင့် ခမည်းတော်၏စကြဝဠာအကြွင်းမဲ့ပိုင်သအုပ်စိုးမှုကို သံသယကင်းရှင်းစေပြီး ကျွန်ုပ်တို့ ကယ်တင်ခြင်းရရှိစေရန် ရွေးနုတ်ဖိုးပူဇော်ရာယဇ်ကိုလည်း ဆက်သနိုင်ခဲ့သည်။ (မ. ၂၀:၂၈) ယေရှုသည် တိုတောင်းလှသော မြေကြီးအသက်တာအတွင်း အမှန်တကယ် တန်ဖိုးရှိသောအသက်တာနှင့်ပတ်သက်၍ အကောင်းဆုံးပုံသက်သေချမှတ်ခဲ့သည်။ ယင်းကို ကျွန်ုပ်တို့ကြိုးစားလိုက်လျှောက်သင့်၏။—၁ ကော. ၁၁:၁; ၁ ပေ. ၂:၂၁

၁၉။ အဘယ်ပညာရှိဆုံးမစကားကို ရှောလမုန်ပေးခဲ့သနည်း။

၁၉ ကျွန်ုပ်တို့လည်း ဘုရားသခင်ရှေ့ နာမည်ကောင်းရရှိနိုင်ပါသည်။ ယေဟောဝါရှေ့ နာမည်ကောင်းရရှိခြင်းသည် ချမ်းသာကြွယ်ဝခြင်းထက် အဆပေါင်းများစွာ တန်ဖိုးရှိပါသည်။ (မဿဲ ၆:၁၉-၂၁ ကိုဖတ်ပါ။) ယေဟောဝါရှေ့တွင် ကောင်းမြတ်သောအရာများကို နေ့စဉ်ပြုလုပ်ရန် နည်းလမ်းရှာနိုင်ပြီး ယင်းက ကျွန်ုပ်တို့၏အသက်တာကို ကြွယ်ဝစေပါလိမ့်မည်။ ဥပမာ၊ အခြားသူများကို သတင်းကောင်းဝေမျှနိုင်သည်၊ အိမ်ထောင်နှင့်မိသားစုကို ခိုင်ခံ့စေနိုင်သည်၊ ကိုယ်ပိုင်လေ့လာမှုပြုလုပ်ခြင်းနှင့် အစည်းအဝေးများ တက်ရောက်ခြင်းဖြင့် ဝိညာဉ်ရေးကို သန်စွမ်းစေနိုင်သည်။ (ဒေ. ၁၁:၆; ဟေဗြဲ ၁၃:၁၆) ထို့ကြောင့် အမှန်တကယ်တန်ဖိုးရှိသောအသက်တာကို သင် ပျော်မွေ့လိုပါသလော။ သို့ဆိုလျှင် “ဘုရားသခင်ကိုကြောက်ရွံ့၍ ပညတ်တော်တို့ကို စောင့်ရှောက်လော့။ ဤရွေ့ကား လူနှင့်ဆိုင်သော အမှုအရာအလုံးစုံတို့ကို ချုပ်ခြာသတည်း” ဟူသောရှောလမုန်၏ဆုံးမစကားကို လိုက်လျှောက်နေပါလေ။—ဒေ. ၁၂:၁၃

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 10 ရှောလမုန်သည် အခြေခံအားဖြင့် နှစ်စဉ် အခွန်ငွေအဖြစ် ရွှေ ၆၆၆ ပိဿာ (အလေးချိန်ပေါင် ၅၀,၀၀၀ ကျော်) ရရှိသည်။—၆ ရာ. ၉:၁၃

^ အပိုဒ်၊ 12 နာမည်ပြောင်းထားသည်။

သင်မည်သို့ဖြေဆိုမည်နည်း

• ကျွန်ုပ်တို့၏ဘဝပန်းတိုင်များအကြောင်း အလေးအနက်စဉ်းစားရန် အဘယ်အရာက လှုံ့ဆော်ပေးသင့်သနည်း။

• အပျော်အပါးနှင့် စည်းစိမ်ဥစ္စာလိုက်စားခြင်းကို မည်သို့ရှုမြင်သင့်သနည်း။

• အဘယ်အလုပ်မျိုးသည် တည်မြဲသောကျေနပ်ရောင့်ရဲမှု ရရှိစေမည်နည်း။

• အဘယ်တန်ဖိုးရှိသောအရာကို ပိုင်ဆိုင်ရန် ကျွန်ုပ်တို့ကြိုးစားသင့်သနည်း။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၂၃ ပါပုံစာ]

အပန်းဖြေမှုသည် ကျွန်ုပ်တို့အသက်တာတွင် မည်သည့်နေရာ၌ ရှိသင့်သနည်း

[စာမျက်နှာ ၂၄ ပါပုံစာ]

အဘယ်အရာက ဟောပြောခြင်းလုပ်ငန်းကို အလွန်ကျေနပ်ပျော်ရွှင်စရာဖြစ်စေသနည်း