မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အရာရာတိုင်းတွင် ဘုရားသခင့်လမ်းပြမှုကို ရှာဖွေလော့

အရာရာတိုင်းတွင် ဘုရားသခင့်လမ်းပြမှုကို ရှာဖွေလော့

အရာရာတိုင်းတွင် ဘုရားသခင့်လမ်းပြမှုကို ရှာဖွေလော့

‘ထိုဘုရားသခင်သည် ကာလအစဉ်အမြဲ ငါတို့၏ဘုရားသခင်ဖြစ်တော်မူ၏။ သေသည်ကာလတိုင်အောင် ငါတို့ကို [“လမ်းပြ၊” ကဘ] တော်မူလတ္တံ့သတည်း။’—ဆာ. ၄၈:၁၄

၁၊ ၂။ ကျွန်ုပ်တို့၏ဉာဏ်ပညာကို ကိုးစားမည့်အစား ယေဟောဝါ၏လမ်းပြမှုကို အဘယ်ကြောင့် လိုက်နာသင့်သနည်း၊ အဘယ်မေးခွန်းများ ပေါ်ပေါက်လာသနည်း။

ကျွန်ုပ်တို့သည် တန်ဖိုးမဲ့သော သို့မဟုတ် အန္တရာယ်ရှိသောအရာများကို အမှန်တန်ဖိုးရှိရာအဖြစ် အလွယ်တကူ ယူဆမိနိုင်သည်။ (သု. ၁၂:၁၁) ခရစ်ယာန်တစ်ဦးနှင့်မအပ်စပ်သောအရာကို ကျွန်ုပ်တို့ အမှန်တကယ်လုပ်ဆောင်လိုမည်ဆိုလျှင် ကျွန်ုပ်တို့၏စိတ်နှလုံးသည် ယင်းကိုလုပ်ဆောင်ရန် ကျေနပ်လက်ခံလောက်သော အကြောင်းပြချက်များ ပေးလိမ့်မည်။ (ယေ. ၁၇:၅၊) ထို့ကြောင့် “အလင်းတော်နှင့်သစ္စာတော်ကို စေလွှတ်တော်မူပါ။ သူတို့သည် လမ်းပြ . . . ပါစေသော” ဟူ၍ ယေဟောဝါထံ ဆာလံဆရာဆုတောင်းသောအခါ ပညာရှိကြောင်း တင်ပြခဲ့သည်။ (ဆာ. ၄၃:၃) သူသည် အကန့်အသတ်ရှိသော ကိုယ်ပိုင်ဉာဏ်ပညာကို မကိုးစားဘဲ ယေဟောဝါကိုကိုးစားပြီး အကောင်းဆုံးလမ်းပြမှုအတွက် ကိုယ်တော်ကို မျှော်ကိုးနိုင်ခဲ့သည်။ ဆာလံဆရာကဲ့သို့ပင် ကျွန်ုပ်တို့လည်း လမ်းညွှန်မှုအတွက် ဘုရားသခင်ကို မျှော်ကိုးသင့်ပါသည်။

ကျွန်ုပ်တို့သည် အခြားအရာများထက် ယေဟောဝါ၏လမ်းပြမှုကိုသာ အဘယ်ကြောင့် ယုံကြည်ကိုးစားသင့်သနည်း။ အဘယ်အချိန်တွင် ယင်းကိုရှာဖွေသင့်သနည်း။ ယင်းမှအကျိုးကျေးဇူးရနိုင်ရန် အဘယ်သဘောထားများကို ပြုစုပျိုးထောင်သင့်သနည်း၊ ယနေ့ ကျွန်ုပ်တို့ကို ယေဟောဝါ မည်သို့လမ်းပြနေသနည်း။ ထိုအရေးကြီးမေးခွန်းများကို ဤဆောင်းပါးတွင် သုံးသပ်ပါမည်။

ယေဟောဝါ၏လမ်းပြမှုကို အဘယ်ကြောင့် ယုံကြည်ကိုးစားရ

၃-၅။ ယေဟောဝါ၏လမ်းညွှန်မှုကို အဘယ်ကြောင့် လုံးဝယုံကြည်ကိုးစားနိုင်သနည်း။

ယေဟောဝါသည် ကျွန်ုပ်တို့၏ကောင်းကင်ခမည်းတော် ဖြစ်တော်မူ၏။ (၁ ကော. ၈:၆) ကိုယ်တော်သည် ကျွန်ုပ်တို့တစ်ဦးစီကို စေ့စေ့စပ်စပ်သိရှိတော်မူပြီး စိတ်နှလုံးကိုလည်း သိမြင်နိုင်သည်။ (၁ ရာ. ၁၆:၇; သု. ၂၁:၂) ဘုရားသခင်ကို ဘုရင်ဒါဝိဒ် ဤသို့ဆိုသည်– ‘အကျွန်ုပ်ထိုင်ခြင်း၊ ထခြင်းအရာတို့ကို သိတော်မူ၏။ အကျွန်ုပ်အကြံအစည်တို့ကို အဝေးကပင် နားလည်တော်မူ၏။ အကျွန်ုပ်သည် စကားတစ်ခွန်းကိုမျှ မမြွက်သော်လည်း အိုထာဝရဘုရားသခင်၊ ကိုယ်တော်သည် အကြွင်းမဲ့သိတော်မူ၏။’ (ဆာ. ၁၃၉:၂၊) ယေဟောဝါသည် ကျွန်ုပ်တို့အကြောင်း ကောင်းစွာသိထားသည်ဖြစ်ရာ ကျွန်ုပ်တို့အတွက် အကောင်းဆုံးအရာကို ကိုယ်တော်သိတော်မူကြောင်း သံသယမဖြစ်သင့်ပေ။ ထို့ပြင် ယေဟောဝါသည် ဉာဏ်ပညာအရှိဆုံးပုဂ္ဂိုလ် ဖြစ်တော်မူ၏။ ကိုယ်တော်သည် အရာခပ်သိမ်းကို မြင်တော်မူ၍ မည်သည့်လူသားထက်မဆို အတွင်းကျကျကြည့်ကာ ဖြစ်လာမည့်ရလဒ်ကိုလည်း အစကတည်းကသိတော်မူသည်။ (ဟေရှာ. ၄၆:၉-၁၁; ရော. ၁၁:၃၃) ကိုယ်တော် “တစ်ဆူတည်းသာလျှင် ပညာနှင့်ပြည့်စုံတော်မူ” ၏။—ရော. ၁၆:၂၇

ထို့ပြင် ယေဟောဝါသည် ကျွန်ုပ်တို့ကိုချစ်မြတ်နိုးပြီး ကျွန်ုပ်တို့၏အကောင်းဆုံးအကျိုးကို အစဉ်လိုလားတော်မူသည်။ (ယော. ၃:၁၆; ၁ ယော. ၄:၈) မေတ္တာရှင်ဘုရားသခင်အနေဖြင့် ကိုယ်တော်သည် ကျွန်ုပ်တို့အပေါ် ရက်ရောတော်မူသည်။ “ကောင်းမြတ်စုံလင်သော ဆုကျေးဇူးရှိသမျှတို့သည် အလင်းတို့၏အဘထံတော်က သက်ရောက်သည်ဖြစ်၍ အထက်အရပ်မှလာကြ၏” ဟု တပည့်ဖြစ်သူယာကုပ်ရေးခဲ့၏။ (ယာ. ၁:၁၇) ဘုရားသခင်၏လမ်းပြမှုကို ခံယူသူများသည် ကိုယ်တော်၏ရက်ရောမှုမှ အကျိုးများစွာခံစားရသည်။

ယေဟောဝါသည် အတိုင်းအဆမဲ့တန်ခိုးရှင်လည်းဖြစ်တော်မူ၏။ ယင်းနှင့်စပ်လျဉ်း၍ ဆာလံဆရာ ဤသို့ဆိုသည်– ‘အမြင့်ဆုံးသောဘုရားသခင်၏ ကွယ်ကာရာဌာနတော်၌ နေသောသူသည် အတိုင်းအဆမဲ့တန်ခိုးရှင်၏အရိပ်ကို ခိုရလိမ့်မည်။ “ထာဝရဘုရားသခင်သည် ငါခိုလှုံရာ၊ ငါ၏ရဲတိုက်၊ ငါကိုးစားသောဘုရားသခင် ဖြစ်တော်မူသည်” ဟုငါပြောဆို၏။’ (ဆာ. ၉၁:၁၊ ၂) ကျွန်ုပ်တို့သည် ယေဟောဝါ၏လမ်းပြမှုအတိုင်း လုပ်ဆောင်သည့်အခါ မရှုံးနိမ့်နိုင်သောဘုရားသခင်ဖြစ်သည့် ကိုယ်တော်ထံ ခိုလှုံနေခြင်းဖြစ်၏။ ထို့ကြောင့် ဆန့်ကျင်မှုရင်ဆိုင်ရလျှင်ပင် ကျွန်ုပ်တို့ကို ယေဟောဝါထောက်မတော်မူသည်။ ကိုယ်တော်သည် ကျွန်ုပ်တို့ကို မည်သည့်အခါမျှ စိတ်ပျက်စေမည်မဟုတ်ပေ။ (သု. ၃:၁၉-၂၆ ကိုဖတ်ပါ; ဆာ. ၇၁:၄၊ ၅) မှန်ပါသည်၊ ယေဟောဝါသည် ကျွန်ုပ်တို့အတွက် အကောင်းဆုံးအရာကိုသိတော်မူ၏၊ ကျွန်ုပ်တို့အတွက် အကောင်းဆုံးအရာကို လိုလားတော်မူ၏၊ ကျွန်ုပ်တို့အတွက် အကောင်းဆုံးအရာကိုပေးနိုင်သည့် တန်ခိုးရှိတော်မူ၏။ ထို့ကြောင့် ကိုယ်တော်၏လမ်းညွှန်မှုကို ငြင်းပယ်ခြင်းသည် မိုက်မဲလိုက်လေခြင်း! သို့ဆိုလျှင် အဘယ်အချိန်တွင် ထိုလမ်းပြမှု လိုအပ်သနည်း။

အဘယ်အချိန်တွင် လမ်းပြမှုလိုအပ်သနည်း

၆၊ ၇။ အဘယ်အချိန်တွင် ယေဟောဝါ၏လမ်းပြမှု လိုအပ်သနည်း။

ကျွန်ုပ်တို့သည် ငယ်စဉ်မှအိုမင်းချိန်အထိ ဘဝတစ်လျှောက်လုံးတွင် ဘုရားသခင်၏လမ်းပြမှုလိုအပ်သည်မှာ အမှန်ပင်။ ‘ထိုဘုရားသခင်သည် ကာလအစဉ်အမြဲ ငါတို့၏ဘုရားသခင်ဖြစ်တော်မူ၏။ သေသည်ကာလတိုင်အောင် ငါတို့ကို [“လမ်းပြ၊” ကဘ] တော်မူလတ္တံ့သတည်း’ ဟုဆာလံဆရာဆိုခဲ့သည်။ (ဆာ. ၄၈:၁၄) ဆာလံဆရာကဲ့သို့ပင် ပညာရှိသောခရစ်ယာန်များသည် ဘုရားသခင်၏လမ်းပြမှုကို အမြဲရှာဖွေကြ၏။

အထူးသဖြင့် အရေးတကြီး အကူအညီလိုအပ်သည်ဟု ကျွန်ုပ်တို့ခံစားရသောအချိန်များလည်းရှိပါသည်။ တစ်ခါတစ်ရံ၊ ကျွန်ုပ်တို့သည် “ဘေးရောက်” နေပြီး နှိပ်စက်ညှဉ်းပန်းမှု၊ အသည်းအသန်ဖျားနာမှု၊ ရုတ်တရက်အလုပ်လက်မဲ့ဖြစ်မှုတို့ကို ရင်ဆိုင်ရပေမည်။ (ဆာ. ၆၉:၁၆၊ ၁၇) ထိုအချိန်မျိုးတွင် ခံနိုင်ရည်ရှိရန်နှင့် ပညာရှိဆုံးဖြတ်ချက်များချနိုင်ရန် ခွန်အားပေးမည်ဟုယုံကြည်စိတ်ချလျက် ယေဟောဝါကို အားကိုးသည့်အခါ နှစ်သိမ့်မှုခံစားရသည်။ (ဆာလံ ၁၀၂:၁၇ ကိုဖတ်ပါ။) သို့ရာတွင် အခြားအချိန်များတွင်လည်း ကိုယ်တော့်အကူအညီ လိုအပ်ပါသည်။ ဥပမာ၊ အိမ်နီးချင်းများကို သတင်းကောင်းဟောပြောရာတွင် ကျွန်ုပ်တို့၏သက်သေခံချက်ကို ထိရောက်စေလိုလျှင် ယေဟောဝါ၏လမ်းပြမှု လိုအပ်သည်။ အပန်းဖြေမှု၊ ဝတ်စားဆင်ယင်မှု၊ အပေါင်းအသင်း၊ အလုပ်အကိုင်၊ ပညာရေးနှင့် အခြားကိစ္စများတွင် ဆုံးဖြတ်ချက်များချသည့်အခါ ယေဟောဝါ၏လမ်းပြမှုကို ခံယူမှသာ ပညာရှိစွာလုပ်ဆောင်နိုင်ကြသည်။ အမှန်မှာ ကျွန်ုပ်တို့သည် ဘဝကဏ္ဍတိုင်းတွင် လမ်းပြမှုလိုအပ်သည်။

ဘုရားသခင့်လမ်းပြမှုကို မရှာဖွေခြင်း၏ အန္တရာယ်များ

၈။ တားမြစ်ထားသောအသီးကို ဧဝစားခြင်းက အဘယ်အရာများကိုဖော်ပြနေသနည်း။

သို့သော် ကျွန်ုပ်တို့သည် ယေဟောဝါ၏လမ်းပြမှုကို ခံယူရန် လိုလိုလားလားရှိရမည်ဖြစ်ကြောင်း အမှတ်ရပါ။ ဘုရားသခင့်လမ်းပြမှုကို ကျွန်ုပ်တို့မခံယူလိုလျှင် ကိုယ်တော် အတင်းအကျပ်တွန်းအားပေးမည်မဟုတ်ပါ။ ယေဟောဝါ၏လမ်းပြမှုကို မခံယူခဲ့သော ပထမလူသားမှာ ဧဝဖြစ်ပြီး သူ၏ဖြစ်ရပ်က မှားယွင်းသောဆုံးဖြတ်ချက်တစ်ခုသည် မည်မျှတိုင်ဆိုးရွားနိုင်ကြောင်း ဖော်ပြနေသည်။ ထို့ပြင် သူ၏လုပ်ရပ်က အဘယ်အရာကို ဆိုလိုကြောင်း သုံးသပ်ကြည့်ပါ။ ဧဝသည် “ကောင်းမကောင်းကိုသိ၍ ဘုရားသခင်ကဲ့သို့” ဖြစ်လိုသောကြောင့် တားမြစ်ထားသောအသီးကို စားခဲ့သည်။ (က. ၃:၅) သို့ဖြင့် သူသည် ဘုရားသခင်နေရာကို ယူလိုက်ပြီး အကောင်းအဆိုးနှင့်ပတ်သက်၍ ကိုယ်တော်၏လမ်းပြမှုကို ခံယူမည့်အစား မိမိဘာသာဆုံးဖြတ်ခဲ့သည်။ ဤနည်းဖြင့် ယေဟောဝါ၏အကြွင်းမဲ့ပိုင်သအုပ်စိုးမှုကို သူငြင်းပယ်ခဲ့သည်။ သူ၏ဘဝကို သူသာစိုးမိုးလိုခဲ့သည်။ သူ့ခင်ပွန်းအာဒံလည်း ထိုပုန်ကန်သောလမ်းစဉ်ကိုလိုက်ခဲ့သည်။—ရော. ၅:၁၂

၉။ ကျွန်ုပ်တို့သည် ယေဟောဝါ၏လမ်းပြမှုကို ငြင်းပယ်ပါက အဘယ်အရာကို ဖော်ပြရာရောက်သနည်း၊ ယင်းသည် အဘယ်ကြောင့် အလွန်ပင် ပညာမဲ့သနည်း။

ယနေ့၊ ကျွန်ုပ်တို့လည်း ယေဟောဝါ၏လမ်းပြမှုကို မခံယူပါက ကိုယ်တော်၏အကြွင်းမဲ့ပိုင်သအုပ်စိုးမှုကို ငြင်းပယ်ရာရောက်သည်။ ဥပမာ၊ ညစ်ညမ်းသောရုပ်ပုံများကိုကြည့်ရှုသော အကျင့်ရှိနေသူတစ်ဦးကို တွေးကြည့်ပါ။ သူသည် ခရစ်ယာန်အသင်းတော်နှင့် ပူးပေါင်းသူဖြစ်လျှင် ထိုကိစ္စနှင့်ပတ်သက်၍ ယေဟောဝါ၏လမ်းညွှန်ချက်ကို ကောင်းစွာသိသည်။ ညစ်ညမ်းသည့်အရာများကို ရာဂစိတ်ဖြင့် စူးစိုက်ကြည့်ဖို့မဆိုထားနှင့် စကားဖြင့်ပင် မပြောဆိုသင့်ပေ။ (ဧ. ၅:၃) သူသည် ယေဟောဝါ၏လမ်းညွှန်မှုကို ငြင်းပယ်ခြင်းဖြင့် ကိုယ်တော့်အကြွင်းမဲ့ပိုင်သအုပ်စိုးမှုနှင့် ဦးဆောင်မှုကို ငြင်းပယ်ရာရောက်သည်။ (၁ ကော. ၁၁:၃) ယင်းသည် အလွန်ပင် ပညာမဲ့ရာရောက်၏၊ အကြောင်းမှာ ယေရမိပြောဆိုသည့်အတိုင်း “လူသည် . . . သွားစဉ်အခါ မိမိခြေရာတို့ကို မစီရင်တတ်” သောကြောင့်ဖြစ်၏။—ယေ. ၁၀:၂၃

၁၀။ ကျွန်ုပ်တို့၏လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ကို အဘယ်ကြောင့် တာဝန်သိသိဖြင့် အသုံးပြုသင့်သနည်း။

၁၀ အချို့က ယေဟောဝါသည် ကျွန်ုပ်တို့ကို လွတ်လပ်စွာရွေးချယ်ပိုင်ခွင့် ပေးထားသောကြောင့် လွတ်လပ်စွာလုပ်ဆောင်သည်ကို ကိုယ်တော် အပြစ်မတင်သင့်ဟုယူဆကာ ယေရမိ၏စကားကို ကန့်ကွက်ကြပေမည်။ သို့သော် လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်သည် ဆုကျေးဇူးတစ်ခုဖြစ်သည့်အပြင် တာဝန်တစ်ရပ်လည်း ဖြစ်ကြောင်း မမေ့ပါနှင့်။ ကျွန်ုပ်တို့ပြောဆိုပြုမူရာများအတွက် ဘုရားသခင်ထံ စာရင်းရှင်းကြရမည်။ (ရော. ၁၄:၁၀) “စိတ်နှလုံးအပြည့်ရှိသည်အတိုင်း နှုတ်မြွက်တတ်၏” ဟုယေရှုမိန့်ဆိုခဲ့သည်။ ထို့ပြင် “မကောင်းသောကြံစည်ခြင်း၊ လူ့အသက်ကိုသတ်ခြင်း၊ သူ့မယားကိုပြစ်မှားခြင်း၊ မိန်းမလွတ်နှင့်မှားယွင်းခြင်း၊ သူ့ဥစ္စာကိုခိုးခြင်း၊ မမှန်သောသက်သေကိုခံခြင်း၊ သူ့အသရေကိုဖျက်ခြင်းအရာတို့သည် နှလုံးထဲကထွက်လာ” သည်ဟုလည်း မိန့်ဆိုခဲ့သည်။ (မ. ၁၂:၃၄; ၁၅:၁၉) ထို့ကြောင့် ကျွန်ုပ်တို့၏အပြောအဆိုနှင့် အပြုအမူတို့သည် ကျွန်ုပ်တို့၏နှလုံးအခြေအနေကို ဖော်ပြသည်။ ယင်းတို့က ကျွန်ုပ်တို့သည် အမှန်ပင် အဘယ်လူစားမျိုးဖြစ်ကြောင်း ဖော်ပြနေသည်။ ယင်းကြောင့် ပညာရှိသောခရစ်ယာန်တစ်ဦးသည် ကိစ္စရပ်တိုင်းတွင် ယေဟောဝါ၏လမ်းညွှန်မှုကို ရှာဖွေရခြင်းဖြစ်၏။ ဤနည်းဖြင့် ယေဟောဝါသည် ထိုသူအား “သဘောဖြောင့်သောသူ” အဖြစ်ယူမှတ်ကာ “ကျေးဇူးပြု” မည်ဖြစ်၏။—ဆာ. ၁၂၅:၄

၁၁။ ဣသရေလလူမျိုး၏သမိုင်းမှ ကျွန်ုပ်တို့ အဘယ်အရာသင်ယူနိုင်သနည်း။

၁၁ ဣသရေလလူမျိုး၏သမိုင်းကို ပြန်အမှတ်ရပါ။ သူတို့သည် ပညာရှိစွာရွေးချယ်ပြီး ယေဟောဝါ၏မိန့်မှာချက်များကို နာခံသောအခါ ကိုယ်တော်ကာကွယ်စောင့်ရှောက်ပေးခဲ့သည်။ (ယောရှု ၂၄:၁၅၊ ၂၁၊ ၃၁) သို့သော် သူတို့သည် လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ကို မကြာခဏအလွဲသုံးစားလုပ်ခဲ့သည်။ ယေရမိခေတ်တွင် သူတို့ကို ယေဟောဝါဤသို့မိန့်ဆို၏– “သူတို့သည် နားမထောင်၊ နားကိုမလှည့်ဘဲ ဆိုးညစ်သောနှလုံးခိုင်မာသည်နှင့်အညီ ကျင့်ကြံပြုမူ၍ မျက်နှာမပြု၊ ကျောခိုင်းလျက်နေကြ၏။” (ယေ. ၇:၂၄-၂၆) ဝမ်းနည်းစရာပါတကား! ကျွန်ုပ်တို့လည်း ခေါင်းမာခြင်း သို့မဟုတ် စိတ်အလိုလိုက်ခြင်းကြောင့် ယေဟောဝါ၏လမ်းညွှန်ချက်ကို ငြင်းပယ်ပြီး ကိုယ်ပိုင်အကြံဉာဏ်များအတိုင်း လုပ်ဆောင်ခြင်းဖြင့် “မျက်နှာမပြု၊ ကျောခိုင်းလျက်နေ” သည့်အထိ မဖြစ်ပါစေနှင့်။

ဘုရားသခင်၏အကြံဉာဏ်ကိုလိုက်နာရန် အဘယ်အရာလိုအပ်

၁၂၊ ၁၃။ (က) အဘယ်အရည်အသွေးက ယေဟောဝါ၏လမ်းပြမှုကိုခံယူရန် လှုံ့ဆော်ပေးသနည်း။ (ခ) ယုံကြည်ခြင်းသည် အဘယ်ကြောင့် မရှိမဖြစ်လိုအပ်သနည်း။

၁၂ ယေဟောဝါအား ချစ်သောမေတ္တာက ကိုယ်တော်၏လမ်းပြမှုကိုခံယူရန် လှုံ့ဆော်ပေးသည်။ (၁ ယော. ၅:၃) သို့သော် ‘မျက်မှောက်မမြင်ဘဲ ယုံကြည်ခြင်းရှိသည်အတိုင်း ငါတို့သည် ကျင့်ဆောင်ပြုမူသည်’ ဟုပေါလုဆိုသောအခါ ကျွန်ုပ်တို့လိုအပ်နေသည့်အရာကို သူထောက်ပြခဲ့သည်။ (၂ ကော. ၅:၆၊ ၇) ယုံကြည်ခြင်းသည် အဘယ်ကြောင့် အရေးကြီးသနည်း။ ယေဟောဝါသည် ကျွန်ုပ်တို့အား “တရားလမ်းထဲ၌” ပို့ဆောင်ပေးသော်လည်း ထိုလမ်းတို့သည် ဤလောက၏ချမ်းသာကြွယ်ဝမှု သို့မဟုတ် ရာထူးအဆင့်အတန်းဆီသို့ ဦးတည်နေခြင်းမဟုတ်ပါ။ (ဆာ. ၂၃:၃) ထို့ကြောင့် ကျွန်ုပ်တို့၏ယုံကြည်ခြင်းမျက်စိသည် ယေဟောဝါ၏အမှုတော်ဆောင်ခြင်းမှ ရရှိသော ဝိညာဉ်ရေးကောင်းချီးများကို အာရုံစိုက်ဖို့လိုသည်။ (၂ ကောရိန္သု ၄:၁၇၊ ၁၈ ကိုဖတ်ပါ။) ထို့ပြင် ယုံကြည်ခြင်းက အခြေခံလိုအပ်ရာရှိသမျှနှင့် ရောင့်ရဲတတ်ရန် ကူညီပေးသည်။—၁ တိ. ၆:၈

၁၃ စစ်မှန်သောဝတ်ပြုရေးတွင် ကိုယ်ကျိုးစွန့်ခြင်းပါဝင်ကြောင်း ယေရှုဖော်ပြခဲ့သည်၊ ထိုသို့ပြုနိုင်ရန် ယုံကြည်ခြင်းရှိဖို့လိုအပ်သည်။ (လု. ၉:၂၃၊ ၂၄) သစ္စာရှိသူအချို့သည် ဆင်းရဲမှု၊ ဖိနှိပ်မှု၊ ဘက်လိုက်မှုနှင့် ပြင်းထန်သောနှိပ်စက်ညှဉ်းပန်းမှုဒဏ်ကိုပင် ခံရပ်ခြင်းဖြင့် အလွန်ကိုယ်ကျိုးစွန့်ခဲ့သည်။ (၂ ကော. ၁၁:၂၃-၂၇; ဗျာ. ၃:၈-၁၀) ခိုင်ခံ့သောယုံကြည်ခြင်းရှိသောကြောင့်သာ ယင်းတို့ကို သူတို့ ပျော်ရွှင်စွာရင်ဆိုင်နိုင်ခဲ့ခြင်းဖြစ်၏။ (ယာ. ၁:၂၊ ၃) ခိုင်ခံ့သောယုံကြည်ခြင်းက ယေဟောဝါ၏လမ်းပြမှုသည် အမြဲပင်အကောင်းဆုံးဖြစ်ကြောင်း အပြည့်အဝယုံကြည်စိတ်ချစေသည်။ ထိုလမ်းပြမှုသည် အမြဲပင် ကျွန်ုပ်တို့၏အကောင်းဆုံးအကျိုးအတွက်ဖြစ်သည်။ သစ္စာရှိရှိခံရပ်သွားသူတို့ ရရှိသောကောင်းချီးသည် သူတို့ခဏခံရသောဆင်းရဲခြင်းထက် များစွာသာလွန်ကြောင်း ကျွန်ုပ်တို့စိတ်ချယုံကြည်ကြ၏။—ဟေဗြဲ ၁၁:၆

၁၄။ ဟာဂရသည် အဘယ်ကြောင့် နှိမ့်ချမှု တင်ပြခဲ့ရမည်နည်း။

၁၄ ယေဟောဝါ၏လမ်းပြမှုကို ခံယူရာတွင် နှိမ့်ချမှု၏အခန်းကဏ္ဍကိုလည်း သုံးသပ်ကြည့်ပါ။ စာရာ၏ကျွန်မဖြစ်သူ ဟာဂရ၏ပုံသက်သေက ယင်းကိုဖော်ပြသည်။ စာရာသည် ကလေးမရနိုင်သောကြောင့် ဟာဂရကို အာဗြဟံထံပေးအပ်ခဲ့သည်။ ဟာဂရသည် ကိုယ်ဝန်ရှိလာသောအခါ မြုံနေသောသခင်မကို မထီမဲ့မြင်ပြုလေသည်။ ထို့ကြောင့် စာရာသည် သူ့ကို “ညှဉ်းဆဲ” သဖြင့် သူလည်း သခင်မထံမှ ထွက်ပြေးလေ၏။ ယေဟောဝါ၏ကောင်းကင်တမန်က ဟာဂရနှင့်တွေ့ဆုံပြီး “သင်၏သခင်မထံသို့ပြန်၍ သူ၏အုပ်စိုးခြင်းကိုခံလော့” ဟုပြောဆိုသည်။ (က. ၁၆:၂၊ ၆၊ ၈၊ ၉) ဟာဂရသည် အခြားလမ်းညွှန်ချက်တစ်ခုကို ပိုလုပ်ဆောင်လိုခဲ့ပေမည်။ ကောင်းကင်တမန်၏လမ်းညွှန်ချက်အတိုင်း လုပ်ဆောင်နိုင်ရန် သူ၏မာနကို ချိုးနှိမ်ရမည်။ မည်သို့ပင်ဖြစ်စေ၊ ဟာဂရသည် ကောင်းကင်တမန်ပြောသည့်အတိုင်း နှိမ့်ချစွာလုပ်ဆောင်ခဲ့ရာ သားဖြစ်သူဣရှမေလကို အာဗြဟံ၏တဲစခန်းတွင် ဘေးကင်းလုံခြုံစွာဖွားမြင်ခဲ့သည်။

၁၅။ ယနေ့ ယေဟောဝါ၏လမ်းပြမှုကို ခံယူရာတွင် နှိမ့်ချမှုတင်ပြဖို့လိုအပ်သည့် အခြေအနေအချို့ကို ဖော်ပြပါ။

၁၅ ထို့ကြောင့် ယေဟောဝါ၏လမ်းညွှန်မှုကိုခံယူခြင်းတွင် နှိမ့်ချမှုရှိဖို့လည်း လိုအပ်သည်။ အချို့က မိမိတို့ကြိုက်သော အပန်းဖြေမှုပုံစံတစ်ခုကို ယေဟောဝါမနှစ်သက်ကြောင်း လက်ခံရပေမည်။ ခရစ်ယာန်တစ်ဦးသည် တစ်စုံတစ်ဦးကို စိတ်ဆိုးအောင်လုပ်မိနိုင်ပြီး ပြန်တောင်းပန်ဖို့ လိုပေမည်။ သို့မဟုတ် အမှားတစ်ခုကျူးလွန်ခဲ့ပြီး ယင်းကို ဝန်ခံဖို့လိုပေမည်။ ကြီးလေးသောအမှားတစ်ခု ကျူးလွန်မိလျှင်ကော။ သူသည် နှိမ့်ချမှုရှိဖို့လိုပြီး အကြီးအကဲများထံ အပြစ်ဝန်ခံဖို့လိုသည်။ သူသည် နှင်ထုတ်ခြင်းပင် ခံရနိုင်သည်။ အသင်းတော်တွင် ပြန်လက်ခံနိုင်ရန် နှိမ့်ချစွာနောင်တယူပြီး ပြန်လှည့်လာရမည်။ ထိုအခြေအနေများနှင့် အလားတူအခြေအနေများတွင် “မိမိမာနသည် မိမိကိုနှိမ့်ချလိမ့်မည်။ စိတ်နှိမ့်ချသောသူမူကား ဂုဏ်အသရေကို ရလိမ့်မည်” ဟူသော နယပုံပြင် ၂၉:၂၃ မှစကားများက နှစ်သိမ့်မှုဖြစ်စေသည်။

ကျွန်ုပ်တို့ကို ယေဟောဝါ မည်သို့လမ်းပြ

၁၆၊ ၁၇။ ဘုရားသခင်၏လမ်းပြမှုရင်းမြစ်ဖြစ်သော သမ္မာကျမ်းစာမှ အကျိုးအပြည့်အဝခံစားရရန် ကျွန်ုပ်တို့ မည်သို့လုပ်ဆောင်နိုင်သနည်း။

၁၆ ဘုရားသခင့်လမ်းပြမှု၏အဓိကရင်းမြစ်မှာ ကိုယ်တော့်နှုတ်မြွက်တော် သမ္မာကျမ်းစာဖြစ်၏။ (၂ တိမောသေ ၃:၁၆၊ ၁၇ ကိုဖတ်ပါ။) ယင်းမှ အကျိုးများစွာရနိုင်ရန် ကျွန်ုပ်တို့သည် ခက်ခဲသောအခြေအနေတစ်ခုကြုံရမှသာ သမ္မာကျမ်းစာပါ အကူအညီဖြစ်စေသောစကားများကို ရှာဖွေသည့်အကျင့်ကို ရှောင်ရမည်။ ယင်းအစား ကျမ်းစာကို နေ့စဉ်ဖတ်ရှုသည့်အကျင့်ရှိအောင် ကြိုးစားရပေမည်။ (ဆာ. ၁:၁-၃) ဤနည်းဖြင့် သမ္မာကျမ်းစာနှင့် အကျွမ်းတဝင်ရှိလာနိုင်သည်။ ကျွန်ုပ်တို့၏အတွေးအခေါ်သည် ဘုရားသခင့်အတွေးအခေါ်နှင့် ကိုက်ညီလာပြီး မမျှော်လင့်သောအခက်အခဲများကိုပင် ရင်ဆိုင်နိုင်ရန် အသင့်ဖြစ်နေလိမ့်မည်။

၁၇ ထို့ပြင် ကျမ်းစာတွင်ဖတ်ရှုခဲ့ရာကို တွေးတောဆင်ခြင်ရန်၊ ယင်းနှင့်ပတ်သက်၍ ဆုတောင်းရန် အရေးကြီးသည်။ ကျမ်းချက်များကို တွေးတောဆင်ခြင်သည့်အခါ သတ်သတ်မှတ်မှတ်အခြေအနေများတွင် ယင်းကို မည်သို့ကျင့်သုံးနိုင်ကြောင်း သုံးသပ်ကြသည်။ (၁ တိ. ၄:၁၅) ကျွန်ုပ်တို့သည် ကြီးလေးသောပြဿနာများ ရင်ဆိုင်ရသည့်အခါ ယေဟောဝါထံဆုတောင်းပြီး လိုအပ်သောလမ်းညွှန်မှုရှာတွေ့ရန် တောင်းဆိုကြသည်။ ယေဟောဝါ၏ဝိညာဉ်တော်သည် ကျမ်းစာနှင့်ကျမ်းစာ,စာပေများတွင် ကျွန်ုပ်တို့ဖတ်ရှုခဲ့ရသော အကူအညီဖြစ်စေသည့်ကျမ်းစာမူများကို ပြန်အမှတ်ရရန် ကူညီလိမ့်မည်။—ဆာလံ ၂၅:၄၊ ၅ ကိုဖတ်ပါ။

၁၈။ ယေဟောဝါသည် ကျွန်ုပ်တို့ကိုလမ်းပြရာတွင် ခရစ်ယာန်ညီအစ်ကိုအသင်းအပင်းကို အဘယ်နည်းများဖြင့် အသုံးပြုတော်မူသနည်း။

၁၈ ယေဟောဝါ၏လမ်းပြမှုကို ရှာဖွေရာတွင် နောက်ထပ်အဖိုးတန်သည့်အရာမှာ ကျွန်ုပ်တို့၏ခရစ်ယာန်ညီအစ်ကိုအသင်းအပင်းဖြစ်သည်။ ထိုညီအစ်ကိုအသင်းအပင်း၏ အဓိကအပိုင်းမှာ ‘သစ္စာနှင့်သတိပညာရှိကျွန်’ နှင့် ယင်းကိုကိုယ်စားပြုသော အုပ်ချုပ်ရေးအဖွဲ့ဖြစ်၏၊ ယင်းသည် ပုံနှိပ်စာပေများ၊ အစည်းအဝေးနှင့်စည်းဝေးပွဲအစီအစဉ်များ ပြင်ဆင်ပေးခြင်းဖြင့် ဝိညာဉ်ရေးအစာကို မပြတ်ကျွေးမွေးနေသည်။ (တမန်တော် ၁၅:၆၊ ၂၂-၃၁ နှင့်နှိုင်းယှဉ်ပါ; မ. ၂၄:၄၅-၄၇) ထို့ပြင် ခရစ်ယာန်ညီအစ်ကိုအသင်းအပင်းတွင် ရင့်ကျက်သူများ၊ အထူးသဖြင့် ပုဂ္ဂိုလ်ရေးအကူအညီနှင့် ကျမ်းစာအကြံဉာဏ်ပေးရန် အရည်အချင်းပြည့်မီသော အကြီးအကဲများ ရှိကြသည်။ (ဟေရှာ. ၃၂:၁) ခရစ်ယာန်မိသားစုအတွင်းရှိ လူငယ်များသည်လည်း နောက်ထပ်အဖိုးတန်သောအရာတစ်ခု ပိုင်ဆိုင်ထား၏။ ဘုရားသခင်သည် မိမိလမ်းညွှန်မှုကို လူငယ်များအားဖော်ပြပေးရန် မိဘများကို အခွင့်အာဏာအပ်နှင်းထားသည်။ ထို့ကြောင့် လူငယ်များအနေဖြင့် မိဘများထံမှ ထိုလမ်းညွှန်မှုကို ရှာဖွေသင့်သည်။—ဧ. ၆:၁-၃

၁၉။ ယေဟောဝါ၏လမ်းပြမှုကို ကျွန်ုပ်တို့ အစဉ်ရှာဖွေသောကြောင့် အဘယ်ကောင်းချီးများ ခံစားနေရသနည်း။

၁၉ မှန်ပါသည်၊ ယေဟောဝါသည် နည်းအမျိုးမျိုးဖြင့်လမ်းပြနေပြီး ကျွန်ုပ်တို့လည်း ယင်းတို့မှ အကျိုးအပြည့်အဝရယူသင့်သည်။ ဣသရေလလူတို့ သစ္စာရှိချိန်အကြောင်း ဘုရင်ဒါဝိဒ် ဤသို့ပြောဆိုခဲ့သည်– “အကျွန်ုပ်ဘိုးဘေးတို့သည် ကိုယ်တော်ကို ကိုးစားကြပါ၏။ ကိုးစားကြသည်တွင် ကိုယ်တော်သည် ကယ်တင်တော်မူ၏။ သူတို့သည် ကိုယ်တော်ကိုအော်ဟစ်၍ ကယ်တင်ခြင်းသို့ရောက်ကြပါ၏။ ကိုယ်တော်ကိုကိုးစား၍ ရှက်ကြောက်ခြင်းနှင့်ကင်းလွတ်ကြပါ၏။” (ဆာ. ၂၂:၃-၅) ကျွန်ုပ်တို့လည်း ယေဟောဝါ၏လမ်းပြမှုကို ယုံကြည်စိတ်ချစွာခံယူလျှင် “ရှက်ကြောက်ခြင်းနှင့်ကင်းလွတ်” ပါလိမ့်မည်။ ကျွန်ုပ်တို့၏မျှော်လင့်ချက်ကြောင့် စိတ်ပျက်ရလိမ့်မည်မဟုတ်ပါ။ ကျွန်ုပ်တို့သည် ကိုယ်ပိုင်ဉာဏ်ပညာကို အားကိုးမည့်အစား ‘ကိုယ်အမှုအရာကို ထာဝရဘုရားသခင်၌အပ်’ ထားလျှင် ယခုပင် ကြွယ်ဝစွာကောင်းချီးခံစားရပါလိမ့်မည်။ (ဆာ. ၃၇:၅) ထိုလမ်းစဉ်တွင် စွဲမြဲစွာလျှောက်လှမ်းနေလျှင် ထိုကောင်းချီးများကို ထာဝစဉ်ခံစားရပေလိမ့်မည်။ ထို့ကြောင့် ဘုရင်ဒါဝိဒ် ဤသို့ရေးခဲ့သည်– ‘ထာဝရဘုရားသခင်သည် တရားကိုနှစ်သက်တော်မူ၏။ မိမိသန့်ရှင်းသူတို့ကိုလည်း စွန့်တော်မမူ။ သူတို့သည် စောင့်မတော်မူခြင်းကို အစဉ်အမြဲခံရကြလိမ့်မည်။ . . . ဖြောင့်မတ်သောသူတို့သည် ပြည်တော်ကိုအမွေခံ၍ အစဉ်အမြဲနေရကြလိမ့်မည်။’—ဆာ. ၃၇:၂၈၊ ၂၉

သင်ရှင်းပြနိုင်သလော

• ကျွန်ုပ်တို့သည် ယေဟောဝါ၏လမ်းပြမှုကို အဘယ်ကြောင့် ယုံကြည်ကိုးစားကြသနည်း။

• ယေဟောဝါ၏လမ်းပြမှုကိုငြင်းပယ်ခြင်းက အဘယ်အရာကို ဖော်ပြရာရောက်သနည်း။

• ခရစ်ယာန်တစ်ဦး နှိမ့်ချမှုတင်ပြဖို့လိုသည့် အခြေအနေ အချို့ကား အဘယ်နည်း။

• ယေဟောဝါသည် ယနေ့ ကျွန်ုပ်တို့ကို မည်သို့လမ်းပြနေသနည်း။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၈ ပါပုံစာ]

သင့်ဘဝကဏ္ဍတိုင်းတွင် ယေဟောဝါ၏လမ်းပြမှုကို မျှော်ကိုးပါသလော

[စာမျက်နှာ ၉ ပါပုံစာ]

ဧဝသည် ယေဟောဝါ၏ အကြွင်းမဲ့ပိုင်သအုပ်စိုးမှုကို ငြင်းပယ်ခဲ့

[စာမျက်နှာ ၁၀ ပါပုံစာ]

ဟာဂရသည် ကောင်းကင်တမန်၏လမ်းညွှန်ချက်ကို လိုက်နာရန် အဘယ်အရည်အသွေးရှိဖို့ လိုသနည်း