မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဤဆုံးခန်းကာလတွင် ထိမ်းမြားခြင်းနှင့် မိဘဖြစ်ခြင်း

ဤဆုံးခန်းကာလတွင် ထိမ်းမြားခြင်းနှင့် မိဘဖြစ်ခြင်း

ဤဆုံးခန်းကာလတွင် ထိမ်းမြားခြင်းနှင့် မိဘဖြစ်ခြင်း

“ကျန်ကြွင်းသောကာလသည် ကျဉ်းကျပ်သည်။”—၁ ကော. ၇:၂၉

၁။ (က) အဘယ် လက်ရှိအပြောင်းအလဲများသည် ကိုင်တွယ်ဖြေရှင်းရန် “ခဲယဉ်းသော” အရာများတွင် ပါဝင်သနည်း။ (ခ) မိသားစုစံနှုန်းများပြောင်းလဲနေခြင်းကို ကျွန်ုပ်တို့ အဘယ်ကြောင့် အရေးထားကြသနည်း။

စ်၊ ငလျင်၊ ငတ်မွတ်ဘေးနှင့် ရောဂါဘယတို့သည် “အမှုကုန်ရသောကာလ” ကိုမှတ်သားဖော်ပြမည်ဖြစ်ကြောင်း ဘုရားသခင့်နှုတ်မြွက်တော်သမ္မာကျမ်းစာက ကြိုဟောခဲ့သည်။ (ဒံ. ၈:၁၇၊ ၁၉; လု. ၂၁:၁၀၊ ၁၁) လူ့သမိုင်း၏ ထိုခက်ခဲသောကာလ၌ လူ့အသိုင်းအဝိုင်းတွင် အပြောင်းအလဲကြီးများဖြစ်မည်ကိုလည်း ကျမ်းစာက ကြိုတင်သတိပေးခဲ့သည်။ မိသားစုဘဝ၏ မငြိမ်မသက်ဖြစ်မှုများသည် ဤ ‘နောက်ဆုံးကာလ’ တွင် ကိုယ်တွယ်ဖြေရှင်းရန် “ခဲယဉ်းသော” အရာတစ်ခုဖြစ်ပေမည်။ (၂ တိ. ၃:၁-၄) ထိုအပြောင်းအလဲများကို ကျွန်ုပ်တို့ အဘယ်ကြောင့် အရေးထားကြသနည်း။ အကြောင်းမှာ ယင်းတို့သည် အလွန်ပျံ့နှံ့နေပြီး အလွန်အစွမ်းထက်သည်ဖြစ်ရာ ထိမ်းမြားခြင်းနှင့်မိဘဖြစ်ခြင်းတို့အပေါ် ခရစ်ယာန်များ၏ရှုမြင်ပုံကို ဩဇာညောင်းနိုင်သောကြောင့်ဖြစ်၏။ အဘယ်နည်းဖြင့်နည်း။

၂။ ထိမ်းမြားခြင်းနှင့်  ကွာရှင်းခြင်းအပေါ်  လူအများစု၏ရှုမြင်ပုံကား မည်သို့နည်း။

ယနေ့ခေတ်တွင် ကွာရှင်းခြင်းသည် လွယ်ကူပြီး အနှံ့အပြားဖြစ်လာသောကြောင့် နိုင်ငံများစွာ၌ ကွာရှင်းမှုနှုန်း မြင့်တက်လျက်ရှိသည်။ သို့ရာတွင် ထိမ်းမြားခြင်း၊ ကွာရှင်းခြင်းနှင့်ပတ်သက်၍ ယေဟောဝါဘုရားသခင်၏ရှုမြင်ပုံသည်  ကျွန်ုပ်တို့ဝန်းကျင်ရှိ လူအများစုလက်ခံထားသော ရှုမြင်ပုံနှင့် လုံးဝကွာခြားကြောင်း စိတ်စွဲမှတ်ထားသင့်သည်။ သို့ဆိုလျှင် ယေဟောဝါ၏ရှုမြင်ပုံကား အဘယ်နည်း။

၃။ ယေဟောဝါနှင့်ယေရှုခရစ်သည် အိမ်ထောင်မင်္ဂလာကို မည်သို့ရှုမြင်သနည်း။

မောင်နှံစုံများသည် အိမ်ထောင်ကတိသစ္စာကို  စောင့်ထိန်းရန်  ယေဟောဝါဘုရားသခင်မျှော်လင့်သည်။ ပထမလူယောက်ျားနှင့်မိန်းမကို ထိမ်းမြားပေးချိန်တွင် “ယောက်ျားသည် . . . ကိုယ်ခင်ပွန်း၌မှီဝဲသဖြင့် ထိုသူတို့သည် တစ်သားတစ်ကိုယ်တည်းဖြစ်ရလိမ့်မည်” ဟုယေဟောဝါမိန့်ဆိုခဲ့သည်။ ယေရှုခရစ်သည် နောက်ပိုင်းတွင် ထိုမိန့်ဆိုချက်ကို ထပ်မံပြောဆိုပြီးနောက် “ဘုရားသခင်ဖက်စပ်၍ ထမ်းပိုးတင်သောအရာကို လူမခွဲခွာစေနှင့်” ဟုဆက်ပြောခဲ့၏။ “မှားယွင်းခြင်းအကြောင်းမှတစ်ပါး အခြားသောအကြောင်းဖြင့် မိမိမယားနှင့်ကွာ၍ အခြားသောမိန်းမနှင့်စုံဖက်သောသူသည် မိမိမယားကိုပြစ်မှား၏” ဟုလည်း ထပ်မိန့်ဆိုခဲ့သည်။ (က. ၂:၂၄; မ. ၁၉:၃-၆၊) ထို့ကြောင့် ယေဟောဝါနှင့်ယေရှုသည် အိမ်ထောင်မင်္ဂလာကို အိမ်ထောင်ဖက်တစ်ဦး မကွယ်လွန်မီကာလပတ်လုံး ရာသက်ပန်နှောင်ကြိုးအဖြစ် ရှုမြင်တော်မူသည်။ (၁ ကော. ၇:၃၉) အိမ်ထောင်မင်္ဂလာသည် မြင့်မြတ်သောအစီအစဉ်ဖြစ်သောကြောင့် ကွာရှင်းခြင်းကို ပေါ့ပေါ့တန်တန်သဘောမထားရပါ။ အမှန်မှာ ကျမ်းစာဆိုင်ရာ အခြေခံအကြောင်းရင်းများမရှိဘဲ ကွာရှင်းသည်ကို ယေဟောဝါရွံမုန်းကြောင်း ကျမ်းစာတွင်ဖော်ပြ၏။ *မာလခိ ၂:၁၃-၁၆; ၃:၆ ကိုဖတ်ပါ။

ထိမ်းမြားခြင်းသည် ကြီးလေးသောတာဝန်ဖြစ်

၄။ ခရစ်ယာန်လူငယ်အချို့သည် အဆောတလျင် အိမ်ထောင်ပြုမိသည့်အတွက် အဘယ်ကြောင့် နောင်တရကြသနည်း။

ကျွန်ုပ်တို့သည် လိင်ရူးထနေသော တရားမဲ့လောကတွင် အသက်ရှင်နေကြ၏။ လိင်ဆန္ဒနှိုးဆွပေးသောအရာများသည် လှိုင်းလုံးများပမာ ကျွန်ုပ်တို့ထံ နေ့စဉ် ဦးတည်ရိုက်ခတ်နေသည်။ ထိုအရာများသည် ကျွန်ုပ်တို့ကို၊ အထူးသဖြင့် အသင်းတော်ရှိ အဖိုးတန်သောလူငယ်များကို ထိခိုက်နိုင်ကြောင်း လျစ်လျူရှု၍မရနိုင်ပေ။ ကြိုးစားတိုက်လှန်သည့်တိုင် လိင်ဆန္ဒကိုနှိုးဆွပေးနိုင်သော ထိုအကျိုးမပြုသည့်သြဇာကို ခရစ်ယာန်လူငယ်များ မည်သို့တုံ့ပြန်သင့်သနည်း။ အချို့က ငယ်ငယ်ရွယ်ရွယ်နှင့်အိမ်ထောင်ပြုခြင်းဖြင့် ယင်းကိုဖြေရှင်းရန် ကြိုးစားကြ၏။ ထိုနည်းဖြင့် လိင်အကျင့်ယိုယွင်းမှုကို ရှောင်နိုင်မည်ဟု သူတို့ယူဆသည်။ သို့သော် မကြာမီ သူတို့နောင်တရကြသည်။ အဘယ်ကြောင့်နည်း။ အိမ်ထောင်ပြုခြင်း၏ ထူးခြားဆန်းသစ်မှုများ ရိုးသွားသည်နှင့် သူတို့နှစ်ဦးသည် အသေးအဖွဲကိစ္စများတွင်ပင် အကြိုက်ချင်းမတူကြောင်း သိရှိလာကြသည်။ ထိုမောင်နှံစုံများသည် ကြီးလေးသောပြဿနာနှင့် ရင်ဆိုင်ရလေသည်။

၅။ အိမ်ထောင်ကတိသစ္စာကို စောင့်ထိန်းရန် မောင်နှံစုံများကို အဘယ်အရာက ကူညီပေးမည်နည်း။ (အောက်ခြေမှတ်ချက်ကိုလည်းရှု။)

ခရစ်ယာန်ချင်းတစ်ဦးပင်ဖြစ်ပါစေ၊ သင်မျှော်လင့်ထားရာနှင့် လုံးဝကွာခြားသူတစ်ဦးကို အိမ်ထောင်ပြုမိသည်ဆိုလျှင် အမှန်ပင် ခက်ခဲနိုင်သည်။ (၁ ကော. ၇:၂၈) သို့သော် မည်သည့်အခက်အခဲပင်ရှိပါစေ ကျမ်းစာနှင့်မညီသော ကွာရှင်းခြင်းသည် အိမ်ထောင်ရေးပြဿနာဖြေရှင်းနည်း မဟုတ်ကြောင်း ခရစ်ယာန်စစ်များ သိထားကြသည်။ ထို့ကြောင့် အိမ်ထောင်ကတိသစ္စာကို စောင့်ထိန်းလိုသည့်အတွက် အိမ်ထောင်သာယာရန် ကြိုးစားနေသူတို့သည် ခရစ်ယာန်အသင်းတော်၏ လေးစားမှုနှင့် မေတ္တာပါပါကူညီမှုကို ရထိုက်ပါသည်။ *

၆။ အိမ်ထောင်ပြုခြင်းနှင့်ပတ်သက်၍ ခရစ်ယာန်လူငယ်များ မည်သို့ရှုမြင်သင့်သနည်း။

သင်သည် အိမ်ထောင်မပြုရသေးသော လူငယ်တစ်ဦးလော။ သို့ဆိုလျှင် အိမ်ထောင်ပြုခြင်းကို သင် မည်သို့ရှုမြင်သင့်သနည်း။ သင်သည် ဆန့်ကျင်ဘက်လိင်ရှင် ခရစ်ယာန်တစ်ဦးကို မချစ်ကြိုက်မီ ကာယပိုင်း၊ စိတ်ပိုင်း၊ ဝိညာဉ်ရေးပိုင်းအရ အဆင်သင့်ဖြစ်သည့်အထိ စောင့်ဆိုင်းမည်ဆိုလျှင် ကြေကွဲစရာများစွာကို  ရှောင်နိုင်မည်ဖြစ်၏။ ကျမ်းစာတွင်  အိမ်ထောင်ပြုရမည့်အရွယ်ကို မသတ်မှတ်ထားပါ။ *  သို့သော် လိင်ဆန္ဒပြင်းထန်သောအရွယ်ကို သင် ကျော်လွန်သည့်အထိ စောင့်ဆိုင်းသင့်ကြောင်း  ဖော်ပြထားပါသည်။ (၁ ကော. ၇:၃၆) အဘယ်ကြောင့်နည်း။ ပြင်းထန်သောလိင်ဆန္ဒက ကောင်းစွာချင့်ချိန်နိုင်စွမ်းကို ပျက်ယွင်းစေပြီး နောက်ပိုင်းတွင် စိတ်ထိခိုက်စရာဖြစ်စေမည့် ဆုံးဖြတ်ချက်အမှားများ ချမိစေနိုင်သောကြောင့်ဖြစ်၏။ သမ္မာကျမ်းစာပါ အိမ်ထောင်နှင့်ပတ်သက်သော ယေဟောဝါ၏ပညာရှိအကြံဉာဏ်သည် သင့်ကို အကျိုးပြုပြီး ပျော်ရွှင်စေသည်ကို အမှတ်ရပါ။—ဟေရှာယ ၄၈:၁၇၊ ၁၈ ကိုဖတ်ပါ။

မိဘဖြစ်ခြင်းသည် ကြီးလေးသောတာဝန်ဖြစ်

၇။ ငယ်ရွယ်သောမောင်နှံစုံအချို့ အဘယ်အရာကို ကြုံတွေ့ရသနည်း၊ ယင်းသည် အိမ်ထောင်ရေးကို အဘယ်ကြောင့် တင်းမာစေနိုင်သနည်း။

ငယ်ငယ်ရွယ်ရွယ်နှင့်အိမ်ထောင်ပြုသော မောင်နှံစုံအချို့သည် သူတို့ကိုယ်တိုင် မြီးကောင်ပေါက်အရွယ်မလွန်မီ မိဘများဖြစ်လာကြ၏။ တစ်ဦးအကြောင်းတစ်ဦး ကောင်းစွာမသိကျွမ်းမီ ကလေးရလာပြီး ထိုကလေးကို ၂၄ နာရီ ကြည့်ရှုပြုစုဖို့လိုသည်။ သဘာဝအားဖြင့် မိခင်သည် မွေးကင်းစကလေးကို အလွန်ဂရုစိုက်သောအခါ ငယ်ရွယ်သောဖခင်သည် သဝန်တိုမိပေမည်။ ထို့ပြင် အိပ်ရေးပျက်သောညများက စိတ်ဖိစီးမှုကိုဖြစ်ပေါ်စေပြီး ထိုဇနီးမောင်နှံ၏ဆက်ဆံရေးကို တင်းမာစေနိုင်သည်။ သူတို့သည် လွတ်လပ်မှုများစွာ ဆုံးရှုံးသွားကြောင်း ရုတ်တရက် သိရှိလာ၏။ ယခင်ကဲ့သို့ သွားလိုရာမသွားနိုင်တော့၊ လုပ်လိုရာမလုပ်ဆောင်နိုင်တော့ပေ။ ထိုအခြေအနေအပြောင်းအလဲကို သူတို့ မည်သို့ရှုမြင်သင့်သနည်း။

၈။ မိဘဖြစ်ခြင်းကို မည်သို့ရှုမြင်သင့်သနည်း၊ အဘယ်ကြောင့်နည်း။

ထိမ်းမြားခြင်းကို ကြီးလေးသောတာဝန်တစ်ရပ်အဖြစ် ရှုမြင်သင့်သကဲ့သို့ မိဘဖြစ်ခြင်းကိုလည်း ဘုရားသခင်ပေးအပ်ထားသော တာဝန်နှင့်အခွင့်ထူးအဖြစ် ရှုမြင်သင့်သည်။ ခရစ်ယာန်မောင်နှံတစ်စုံသည် ကလေးရရှိလာသောကြောင့် မည်သည့်ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ရပါစေ ယင်းတို့ကို တာဝန်သိသိဖြင့် အတတ်နိုင်ဆုံး ကြိုးစားလုပ်ဆောင်သင့်သည်။ ယေဟောဝါသည် လူတို့ကို ကလေးမွေးဖွားနိုင်စွမ်း ပေးထားသောကြောင့် မိဘများသည် မွေးကင်းစကလေးကို ‘ထာဝရဘုရားသခင်ပေးသနားတော်မူသော အမွေဥစ္စာ’ အဖြစ် ရှုမြင်ဖို့လိုသည်။ (ဆာ. ၁၂၇:၃) ခရစ်ယာန်မိခင်နှင့်ဖခင်သည် ‘သခင်ဘုရား၏အလိုတော်နှင့်ညီသော’ မိဘအဖြစ် မိမိတို့တာဝန်များကို ကြိုးစားထမ်းဆောင်ကြပေလိမ့်မည်။—ဧ. ၆:၁

၉။ (က) ကလေးတစ်ဦးကို ပြုစုပျိုးထောင်ခြင်းတွင် အဘယ်အရာပါဝင်သနည်း။ (ခ) ဇနီး၏ ဝိညာဉ်ရေးသန်စွမ်းနေစေရန် ခင်ပွန်းအနေဖြင့် အဘယ်အရာပြုလုပ်နိုင်သနည်း။

ကလေးတစ်ဦးကို ပြုစုပျိုးထောင်ခြင်းတွင် နှစ်များစွာ ကိုယ်ကျိုးစွန့်ရခြင်းပါဝင်သည်။ ယင်းသည် အချိန်နှင့်ခွန်အား အကြီးအကျယ်မြှုပ်နှံရ၏။ ဇနီးဖြစ်သူသည် ကလေးမွေးပြီးနောက် နှစ်အတန်ကြာအထိ အစည်းအဝေးများတွင် အာရုံမစိုက်နိုင်ဖြစ်ပြီး ကိုယ်ပိုင်လေ့လာမှုနှင့်တွေးတောဆင်ခြင်မှု ပြုလုပ်ရန် အခွင့်အလမ်းနည်းပါးနိုင်ကြောင်း ခရစ်ယာန်လင်ယောက်ျားတစ်ဦး သဘောပေါက်ထားဖို့လိုသည်။ ယင်းက ဇနီး၏ဝိညာဉ်ရေးကို အားနည်းစေနိုင်သည်။ ထို့ကြောင့် မိဘတာဝန်ကိုကျေပွန်စေရာတွင် ခင်ပွန်းဖြစ်သူသည် ကလေးကိုကြည့်ရှုပြုစုရန် အတတ်နိုင်ဆုံး ကူညီလုပ်ဆောင်ဖို့လိုသည်။ သူသည် အစည်းအဝေးများတွင် ဇနီးဖြစ်သူအာရုံမစိုက်မိရာများကို ဖြည့်ဆည်းပေးရန် အိမ်ရောက်လျှင် အဓိကအချက်များကို ပြန်သုံးသပ်ပေးဖို့ ကြိုးစားနိုင်သည်။ ထို့ပြင် ဟောပြောခြင်းလုပ်ငန်းတွင် ဇနီးဖြစ်သူ အဓိပ္ပာယ်ရှိရှိပါဝင်နိုင်ရန် ကလေးကို တစ်လှည့်ထိန်းပေးနိုင်သည်။—ဖိလိပ္ပိ ၂:၃၊ ၄ ကိုဖတ်ပါ။

၁၀၊ ၁၁။ (က) ကလေးများကို ‘ယေဟောဝါ၏စိတ်သဘောတော်အတိုင်း’ မည်သို့မွေးမြူသင့်သနည်း။ (ခ) ခရစ်ယာန်မိဘများစွာကို အဘယ်ကြောင့် ချီးမွမ်းထိုက်သနည်း။

၁၀ မိဘတာဝန်ကိုကျေပွန်စေရာတွင် ကလေး၏ စားဝတ်နေရေးနှင့် ကျန်းမာရေးကို ဂရုစိုက်ပေးရုံထက်မက ပါဝင်သည်။ အထူးသဖြင့် အန္တရာယ်ရှိသော ဤဆုံးခန်းကာလတွင် ကလေးများသည် လိုက်နာရမည့်ကျင့်ဝတ်မူများကို ငယ်စဉ်ကပင် သင်ယူဖို့လိုသည်။ ကလေးများကို “ယေဟောဝါ၏ ဆုံးမပဲ့ပြင်ခြင်းနှင့် စိတ်သဘောတော်အတိုင်း မွေးမြူ” သင့်သည်။ (ဧ. ၆:၄ကဘ) ထို “စိတ်သဘောတော်” အတိုင်းမွေးမြူခြင်းတွင် နို့စို့အရွယ်မှစ၍ ခက်ခဲသောနှစ်များဖြစ်သည့် မြီးကောင်ပေါက်အရွယ်တစ်လျှောက်လုံး ယေဟောဝါ၏အတွေးအခေါ်ကို ကလေးစိတ်ထဲ သွတ်သွင်းပေးခြင်း ပါဝင်သည်။—၂ တိ. ၃:၁၄၊ ၁၅

၁၁ ယေရှုသည် ‘လူမျိုးတကာကို တပည့်ဖြစ်စေ’ သင့်ကြောင်း မိမိနောက်လိုက်များအား မိန့်ဆိုသောအခါ မိဘများသည် မိမိတို့၏ကလေးများကို တပည့်များဖြစ်လာစေရန် ကူညီပေးသင့်ကြောင်းလည်း ဆိုလိုသည်။ (မ. ၂၈:၁၉၊ ၂၀) ဤလောက၏ဖိအားများကို လူငယ်တို့ရင်ဆိုင်နေရသောကြောင့် ထိုသို့ပြုရန် ခက်ခဲသည်။ ထို့ကြောင့် ကလေးများကို အပ်နှံထားသောခရစ်ယာန်များဖြစ်လာရန် ပြုစုပျိုးထောင်ရာတွင် အောင်မြင်သောမိဘများသည် အသင်းတော်ရှိသူအားလုံး၏ ချီးမွမ်းမှုကို အမှန်ရထိုက်ပါသည်။ တာဝန်ကျေပွန်သော မိဘများအဖြစ် သူတို့၏ယုံကြည်ခြင်း၊ သစ္စာရှိခြင်းဖြင့် လောက၏သြဇာကို “အောင်” ခဲ့ကြပြီ။—၁ ယော. ၅:၄

မွန်မြတ်သောရည်ရွယ်ချက်အတွက် တစ်ကိုယ်ရေနေခြင်း သို့မဟုတ် သားသမီးမယူခြင်း

၁၂။ ခရစ်ယာန်အချို့သည် အချိန်အတန်ကြာ တစ်ကိုယ်ရေနေရန် အဘယ်ကြောင့်ဆုံးဖြတ်ကြသနည်း။

၁၂ “ကျန်ကြွင်းသောကာလသည် ကျဉ်းကျပ်” ပြီး “ဤလောက၏အဆင်းသဏ္ဌာန်သည် ရွေ့သွားကွယ်ပျောက်” နေသည့်အတွက် တစ်ကိုယ်ရေဘဝ၏အကျိုးကျေးဇူးများကို သုံးသပ်ရန် ကျမ်းစာတိုက်တွန်းထား၏။ (၁ ကော. ၇:၂၉-၃၁) ထို့ကြောင့် ခရစ်ယာန်အချို့သည် တစ်သက်လုံး တစ်ကိုယ်ရေနေရန် သို့မဟုတ် အိမ်ထောင်မပြုဘဲ နှစ်အတော်ကြာ တစ်ကိုယ်ရေနေရန် ဆုံးဖြတ်ခဲ့ကြ၏။ ချီးမွမ်းစရာမှာ သူတို့သည် တစ်ကိုယ်ရေဘဝ၏လွတ်လပ်မှုကို ကိုယ်ကျိုးအတွက် အသုံးမချကြပါ။ လူများစွာသည် “စိတ်ရှုပ်ထွေးခြင်းမရှိဘဲ” ယေဟောဝါ၏အမှုတော်ဆောင်နိုင်ရန် တစ်ကိုယ်ရေဘဝကို ရွေးချယ်ကြသည်။ (၁ ကောရိန္သု ၇:၃၂-၃၅ ကိုဖတ်ပါ။) တစ်ကိုယ်ရေခရစ်ယာန်အချို့သည် ရှေ့ဆောင်များ သို့မဟုတ် ဗေသလအိမ်သားများအဖြစ် အမှုဆောင်ကြသည်။ အချို့က ဓမ္မအမှုသင်တန်းကျောင်း တက်ရောက်ရန် အရည်အချင်းပြည့်မီခြင်းဖြင့် ယေဟောဝါ၏အဖွဲ့အစည်းတွင် အသုံးတော်ခံရန် ကြိုးစားကြသည်။ အမှန်မှာ တစ်ကိုယ်ရေဘဝဖြင့် နှစ်အတန်ကြာ အချိန်ပြည့်အမှုဆောင်ပြီးနောက် အိမ်ထောင်ပြုရန် ရွေးချယ်ခဲ့သူတို့သည် ထိုနှစ်များအတွင်း သူတို့သင်ယူခဲ့သည့် အဖိုးတန်သင်ခန်းစာများက သူတို့အိမ်ထောင်ကို အကျိုးပြုဆဲဖြစ်သည်ဟု ခံစားရ၏။

၁၃။ ခရစ်ယာန်မောင်နှံစုံအချို့သည် သားသမီးမယူရန် အဘယ်ကြောင့် ဆုံးဖြတ်ကြသနည်း။

၁၃ ကမ္ဘာ့ဒေသအချို့တွင် မိသားစုအတွင်း နောက်ထပ်အပြောင်းအလဲတစ်ခုမှာ မောင်နှံစုံများစွာသည် ကလေးမယူရန် ဆုံးဖြတ်ထားခြင်းဖြစ်၏။ အချို့က စီးပွားရေးအခြေအနေကြောင့်၊ အချို့မှာ ဝင်ငွေကောင်းသောလောကအလုပ်ကို လွတ်လပ်စွာလုပ်ဆောင်လိုသောကြောင့် ထိုသို့ဆုံးဖြတ်ကြသည်။ ခရစ်ယာန်များအလယ်တွင်လည်း သားသမီးမယူသော မောင်နှံစုံများစွာရှိပါသည်။ သို့သော် သူတို့သားသမီးမယူသည့်အကြောင်းရင်းမှာ ယေဟောဝါ၏အမှုတော်ကို ပို၍ထမ်းဆောင်လိုသောကြောင့်ဖြစ်၏။ ယင်းက ထိုမောင်နှံစုံများသည် အိမ်ထောင်သည်ဘဝ၏ပျော်ရွှင်မှုကို ဆုံးရှုံးသည်ဟု မဆိုလိုပါ။ မည်သို့ပင်ဖြစ်စေ၊ သူတို့သည် အိမ်ထောင်ပြုခြင်းမှရသော ကောင်းချီးအချို့ထက် ဘုရားသခင့်နိုင်ငံတော်အကျိုးစီးပွားကို ရှေးဦးထားလိုကြသည်။ (၁ ကော. ၇:၃-၅) ထိုမောင်နှံစုံအချို့သည် တိုက်နယ်လုပ်ငန်း၊ ခရိုင်လုပ်ငန်း သို့မဟုတ် ဗေသလလုပ်ငန်းတို့တွင် ယေဟောဝါနှင့်ညီအစ်ကိုများအတွက် အမှုဆောင်နေကြသည်။ အချို့မူ ရှေ့ဆောင်များ၊ ခရစ်ယာန်သာသနာပြုများအဖြစ် အမှုဆောင်နေကြသည်။ ယေဟောဝါသည် သူတို့၏လုပ်ဆောင်မှုနှင့် မိမိနာမတော်ကိုထောက်၍ပြသော သူတို့၏မေတ္တာကို မေ့လျော့တော်မမူပေ။—ဟေဗြဲ ၆:၁၀

“လောကညှဉ်းဆဲခြင်း”

၁၄၊ ၁၅။ အဘယ် “လောကညှဉ်းဆဲခြင်း” ကို ခရစ်ယာန်မိဘများ ကြုံရနိုင်သနည်း။

၁၄ ခရစ်ယာန်မောင်နှံစုံများသည် “လောကညှဉ်းဆဲခြင်း” ခံရကြမည်ဟု တမန်တော်ပေါလု ပြောဆိုခဲ့သည်။ (၁ ကော. ၇:၂၈) ယင်းတွင် ဇနီးမောင်နှံ၊ သားသမီး၊ သက်ကြီးရွယ်အိုမိဘများ၏ ကျန်းမာရေးပြဿနာတို့ ပါဝင်ပေမည်။ ထို့ပြင် သားသမီးပြုစုပျိုးထောင်ခြင်းနှင့် ဆက်စပ်နေသည့် အခက်အခဲများ၊ စိတ်ကြေကွဲစရာများပါဝင်သည်။ အစပိုင်းတွင်ဖော်ပြခဲ့သည့်အတိုင်း ‘နောက်ဆုံးကာလ’ သည် ကိုင်တွယ်ဖြေရှင်းရန် “ခဲယဉ်းသောကာလ” ဖြစ်လိမ့်မည်ဟု ကျမ်းစာကြိုပြောထားသည်။ ကိုင်တွယ်ဖြေရှင်းရန် ခဲယဉ်းသောအရာများတွင် “မိဘစကားကိုနားမထောင်သော” သားသမီးများလည်း ပါဝင်ပေမည်။—၂ တိ. ၃:၁-၃

၁၅ သားသမီးပြုစုပျိုးထောင်ခြင်းသည် ခရစ်ယာန်မိဘများအတွက် ကြီးမားသောစိန်ခေါ်ချက်တစ်ခုဖြစ်၏။ ကျွန်ုပ်တို့သည် ဤ “ခဲယဉ်းသောကာလ” ၏ဆိုးကျိုးများမှ မလွတ်ကင်းကြပါ။ ထို့ကြောင့် ခရစ်ယာန်မိဘများသည် သားသမီးတို့အပေါ် ကျရောက်နိုင်သော လောက၏သေစေနိုင်သည့်သြဇာကို အဆက်မပြတ် ကြိုးစားတွန်းလှန်ရကြ၏။ (ဧ. ၂:၁-၃) ထိုတိုက်ပွဲတွင် အမြဲအနိုင်မရနိုင်ပါ။ ခရစ်ယာန်မိသားစုတွင် သား သို့မဟုတ် သမီးတစ်ဦးသည် ယေဟောဝါကိုမဝတ်ပြုတော့သည့်အခါ အမှန်တရားတွင် သူတို့ကိုပြုစုပျိုးထောင်ခဲ့သော မိဘများအတွက် “ညှဉ်းဆဲခြင်း” ဖြစ်သည်။—သု. ၁၇:၂၅

‘ကြီးစွာသောဆင်းရဲခြင်းသည် ဖြစ်လိမ့်မည်’

၁၆။ အဘယ် “ဆင်းရဲခြင်း” အကြောင်း ယေရှုပရောဖက်ပြုခဲ့သနည်း။

၁၆ သို့သော် အခြားဆင်းရဲဒုက္ခတစ်မျိုးသည် ထိမ်းမြားခြင်း၊ သားသမီးမွေးမြူခြင်းနှင့်စပ်လျဉ်း၍ ကြုံရသော “ညှဉ်းဆဲခြင်း” ထက် များစွာသာလွန်ပါလိမ့်မည်။ ကိုယ်တော်ရောက်ရှိခြင်းနှင့် ဤအစီအစဉ်စနစ်နိဂုံးအကြောင်း ပရောဖက်ပြုချက်တွင် ယေရှုဤသို့မိန့်ဆို၏– ‘ကမ္ဘာဦးမှစ၍မဖြစ်စဖူး၊ နောက်၌လည်းမဖြစ်လတ္တံ့သော ကြီးစွာသောဆင်းရဲခြင်းသည် ထိုကာလ၌ဖြစ်လိမ့်မည်။’ (မ. ၂၄:၃၊ ၂၁) လူအုပ်ကြီးသည် ‘ကြီးစွာသောဆင်းရဲခြင်း’ ကိုကပ်ကျော်မည်ဟု နောက်ပိုင်းတွင် ကိုယ်တော်မိန့်ဆိုခဲ့၏။ သို့သော် စာတန့်စနစ်သည် ယေဟောဝါ၏ ငြိမ်သက်အေးဆေးသောသက်သေခံများကို နောက်ဆုံးအထိ အစွမ်းကုန်တိုက်ခိုက်ပါလိမ့်မည်။ ထို့ကြောင့် လူကြီး၊ ကလေးအပါအဝင် ကျွန်ုပ်တို့အားလုံးအတွက် ခက်ခဲသောအချိန်ဖြစ်မည်မှာ သေချာသည်။

၁၇။ (က) ကျွန်ုပ်တို့သည် အနာဂတ်ကို အဘယ်ကြောင့် ယုံကြည်စိတ်ချမှုဖြင့် ရင်ဆိုင်နိုင်သနည်း။ (ခ) ထိမ်းမြားခြင်း၊ မိဘဖြစ်ခြင်းနှင့်ပတ်သက်သည့် ကျွန်ုပ်တို့၏တွေးခေါ်ပုံကို အဘယ်အရာက ဩဇာသက်ရောက်သင့်သနည်း။

၁၇ မည်သို့ပင်ဖြစ်စေ၊ ကျွန်ုပ်တို့သည် အနာဂတ်ကို အလွန်အမင်းမကြောက်ရွံ့သင့်ပါ။ ယေဟောဝါအပေါ်သစ္စာရှိသော မိဘများသည် မိမိတို့၏ကလေးများနှင့်အတူ ကာကွယ်ခံရမည်ကို မျှော်လင့်နိုင်ပါသည်။ (ဟေရှာယ ၂၆:၂၀၊ ၂၁ ကိုဖတ်ပါ; ဇေ. ၂:၂၊ ၃; ၁ ကော. ၇:၁၄) ခဲယဉ်းသောကာလတွင် ကျွန်ုပ်တို့အသက်ရှင်နေသည်ဟူသော အသိစိတ်က ဤဆုံးခန်းကာလတွင် ထိမ်းမြားခြင်း၊ မိဘဖြစ်ခြင်းနှင့်ပတ်သက်သည့် ကျွန်ုပ်တို့၏တွေးခေါ်ပုံအပေါ် ဩဇာသက်ရောက်ပါစေ။ (၂ ပေ. ၃:၁၀-၁၃) ဤနည်းဖြင့် ကျွန်ုပ်တို့သည် တစ်ကိုယ်ရေဖြစ်စေ၊ အိမ်ထောင်သည်ဖြစ်စေ၊ သားသမီးရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ယေဟောဝါနှင့် ခရစ်ယာန်အသင်းတော်ကို ချီးမွမ်းဂုဏ်တင်နိုင်ပါလိမ့်မည်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 3 ယေဟောဝါ၏နေ့ကို စိတ်စွဲမှတ်လျက် အသက်ရှင်လော့ စာအုပ်၊ စာမျက်နှာ ၁၂၅ ပါ “မယားကိုစွန့်ခြင်းအမှုကို ငါမုန်းသည်” ဟူသောခေါင်းစဉ်ငယ်ကိုရှု [အင်္ဂလိပ်]။

^ အပိုဒ်၊ 5 အိမ်ထောင်ရေးပြဿနာ ရင်ဆိုင်နေရသူများသည် ၂၀၀၃၊ စက်တင်ဘာ ၁၅ ရက်ထုတ်ကင်းမျှော်စင်နှင့် ၂၀၀၂၊ ဇန်နဝါရီ ၈ ရက်ထုတ်နိုးလော့! တွင် တွေ့ရသော အိမ်ထောင်ရေးနှင့်ပတ်သက်သည့်ဆောင်းပါးများကို ပြန်ဆန်းစစ်ခြင်းဖြင့် ခွန်အားရရှိပါလိမ့်မည်။

^ အပိုဒ်၊ 6 လူငယ်များအမေး—တာသွားသည့်အဖြေ စာအုပ်မှ “ငါလက်ထပ်ဖို့ အသင့်ရှိပြီလား” အခန်း ၃၀ ကိုရှု။

ပြန်လည်သုံးသပ်ချက်

• ခရစ်ယာန်လူငယ်များသည် အဘယ်ကြောင့် အဆောတလျင် အိမ်ထောင်မပြုသင့်သနည်း။

• ကလေးတစ်ဦးကို ပြုစုပျိုးထောင်ခြင်းတွင် အဘယ်အရာ ပါဝင်သနည်း။

• ခရစ်ယာန်များစွာသည် အဘယ်ကြောင့် တစ်ကိုယ်ရေဘဝကို ရွေးချယ်ကြသနည်း၊ အိမ်ထောင်ပြုလျှင်ပင် အဘယ်ကြောင့် သားသမီးမယူကြသနည်း။

• အဘယ် “ညှဉ်းဆဲခြင်း” ကို ခရစ်ယာန်မိဘများ ကြုံရနိုင်သနည်း။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၁၇ ပါပုံစာ]

ခရစ်ယာန်လူငယ်များသည် အဆောတလျင် အိမ်ထောင်မပြုဘဲ စောင့်ဆိုင်းခြင်းက အဘယ်ကြောင့် ပညာရှိရာရောက်သနည်း

[စာမျက်နှာ ၁၈ ပါပုံစာ]

ဝတ်ပြုရေးနှင့်ဆိုင်သော လုပ်ဆောင်မှုများတွင် ဇနီးဖြစ်သူ အဓိပ္ပာယ်ရှိရှိ ပါဝင်နိုင်ရန် လင်ယောက်ျားတစ်ဦး များစွာကူညီပေးနိုင်

[စာမျက်နှာ ၁၉ ပါပုံစာ]

ခရစ်ယာန်မောင်နှံစုံအချို့သည် အဘယ်ကြောင့် သားသမီးမယူရန် ဆုံးဖြတ်ကြသနည်း