မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ပေါလု၏ပုံသက်သေကိုလိုက်လျှောက်ပြီး ဝိညာဉ်ရေးတွင် တိုးတက်နေပါ

ပေါလု၏ပုံသက်သေကိုလိုက်လျှောက်ပြီး ဝိညာဉ်ရေးတွင် တိုးတက်နေပါ

ပေါလု၏ပုံသက်သေကိုလိုက်လျှောက်ပြီး ဝိညာဉ်ရေးတွင် တိုးတက်နေပါ

“ကောင်းစွာသောတိုက်လှန်ခြင်းကိုငါပြုပြီ။ ပြေးရသောလမ်းကို အဆုံးတိုင်အောင်ပြေးပြီ။ ယုံကြည်ခြင်းတရားကိုစောင့်ရှောက်ပြီ။”—၂ တိ. ၄:၇

၁၊ ၂။ တာရှုမြို့သားရှောလုသည် သူ၏အသက်တာတွင် အဘယ်ပြောင်းလဲမှုများ ပြုလုပ်ခဲ့သနည်း၊ အရေးကြီးသော အဘယ်အလုပ်ကို သူလုပ်ဆောင်ခဲ့သနည်း။

သူသည် ထက်မြက်ပြီး ပြတ်သားသူဖြစ်သည်။ သို့သော် ‘ကိုယ်ကာယ၏အလို၌ ကျင်လည်’ သူဖြစ်ခဲ့သည်။ (ဧ. ၂:၃) မိမိသည် “ကဲ့ရဲ့သောသူ၊ ညှဉ်းဆဲသောသူ၊ ကြမ်းကြုတ်သောသူ” ဖြစ်ခဲ့သည်ဟု နောက်ပိုင်း သူပြောခဲ့သည်။ (၁ တိ. ၁:၁၃) ထိုသူကား တာရှုမြို့သား ရှောလုဖြစ်သည်။

အချိန်တန်သော် ရှောလုသည် မိမိ၏အသက်တာကို လုံးလုံးလျားလျားပြောင်းလဲခဲ့သည်။ ယခင်ဘဝပုံစံကိုစွန့်လွှတ်ခဲ့ပြီး “ကိုယ့်အကျိုးကိုမရှာဘဲ လူအပေါင်း၏အကျိုးကိုရှာ” ရန် သူကြိုးစားခဲ့သည်။ (၁ ကော. ၁၀:၃၃ကဘ) သူသည် နူးညံ့သိမ်မွေ့လာပြီး ယခင်က သူရန်လိုမုန်းတီးခဲ့သူတို့ကို ချစ်ခင်ကြင်နာမှု တင်ပြခဲ့သည်။ (၁ သက်သာလောနိတ် ၂:၇၊ ၈ ကိုဖတ်ပါ။) ထို့ပြင် သူဤသို့ရေးခဲ့၏– ‘ငါသည် ဘုရားသခင်၏ မဟာကြင်နာမှုကြောင့် . . . အမှုတော်ဆောင် ဖြစ်လာ၏။ . . . သန့်ရှင်းသူအပေါင်းတို့တွင် အငယ်ဆုံးသောသူထက် သာ၍ငယ်သော ငါ့အား ထိုမဟာကြင်နာမှုကို ပေးတော်မူပြီ။ သို့ဖြင့် ခရစ်တော်၏အတိုင်းမသိ ကြွယ်ဝပြည့်စုံမှုအကြောင်း သတင်းကောင်းကို လူမျိုးခြားတို့အား ငါကြားပြောရ၏။’—ဧ. ၃:၇၊ ၈ကဘ။

၃။ ပေါလု၏စာများနှင့် သူ၏ဓမ္မအမှုအကြောင်းမှတ်တမ်းကို လေ့လာခြင်းက အဘယ်နည်းဖြင့် ကျွန်ုပ်တို့ကို အထောက်အကူပြုနိုင်သနည်း။

ပေါလုဟူ၍လည်းသိကြသော ရှောလုသည် အမှန်တရားနှင့်ဆိုင်သည့် သူ၏နားလည်သဘောပေါက်မှုကို ထူးခြားစွာတိုးတက်အောင်ပြုလုပ်ခဲ့သည်။ (တ. ၁၃:၉) ကျွန်ုပ်တို့သည် အမှန်တရားတွင် တိုးတက်ရန် သေချာသည့်နည်းလမ်းတစ်ခုမှာ ပေါလု၏စာများနှင့် သူ၏ဓမ္မအမှုအကြောင်းမှတ်တမ်းကို လေ့လာပြီး သူ၏ယုံကြည်ခြင်းပုံသက်သေကို တုပခြင်းဖြစ်သည်။ (၁ ကောရိန္သု ၁၁:၁; ဟေဗြဲ ၁၃:၇ တို့ကိုဖတ်ပါ။) ယင်းသို့ပြုခြင်းက ကိုယ်ပိုင်လေ့လာမှုအလေ့အကျင့်ကောင်းရှိရန်၊ လူတို့ကိုစစ်မှန်သည့်မေတ္တာနှင့်ချစ်ရန်၊ မိမိကိုယ်ကိုလျော်ကန်စွာရှုမြင်ရန် ကျွန်ုပ်တို့အား မည်သို့လှုံ့ဆော်မည်ကို ကြည့်ကြစို့။

ပေါလု၏ လေ့လာမှုပြုသည့်အလေ့အထ

၄၊ ၅။ ကိုယ်ပိုင်လေ့လာမှုက ပေါလုကို မည်သို့အကျိုးဖြစ်စေခဲ့သနည်း။

“ဂါမလျေလအမည်ရှိသောဆရာ၏ခြေရင်း၌ . . . မိစဉ်ဖဆက်ကျင့်သောတရားကို သေချာစွာသိနားလည်ခြင်းငှာ နည်းဥပဒေသကိုခံ” ယူခဲ့သူ ဖာရိရှဲတစ်ဦးအနေနှင့် ပေါလုသည် ကျမ်းစာအသိပညာတချို့ ရှိပြီးဖြစ်သည်။ (တ. ၂၂:၁-၃; ဖိ. ၃:၄-၆) နှစ်ခြင်းခံပြီးသည်နှင့် သူသည် “အာရပ်ပြည်သို့ချက်ချင်းသွား” ခဲ့သည်၊ ယင်းမှာ ဆီးရီးယားကန္တာရ သို့မဟုတ် တွေးတောဆင်ခြင်ရန် တိတ်တိတ်ဆိတ်ဆိတ်ရှိသည့် အာရေဗျကျွန်းဆွယ် တစ်နေရာရာဖြစ်နိုင်သည်။ (ဂလ. ၁:၁၇) ယေရှုသည် မေရှိယဖြစ်ကြောင်းသက်သေထူသည့် ကျမ်းချက်များကို ပေါလု ပြန်လည်တွေးတောဆင်ခြင်လိုခဲ့ပုံရသည်။ ထို့ပြင် ရှေ့တွင်သူလုပ်ဆောင်ရမည့် အလုပ်အတွက် ပြင်ဆင်လိုခဲ့သည်။ (တမန်တော် ၉:၁၅၊ ၁၆၊ ၂၀၊ ၂၂ ကိုဖတ်ပါ။) ပေါလုသည် ဝိညာဉ်ရေးရာများကို တွေးတောဆင်ခြင်ရန် အချိန်ယူခဲ့သည်။

ကိုယ်ပိုင်လေ့လာမှုမှ ပေါလုရရှိခဲ့သော ကျမ်းစာအသိပညာနှင့် ထိုးထွင်းသိမြင်မှုတို့က အမှန်တရားအကြောင်း ထိရောက်စွာ သွန်သင်နိုင်စေခဲ့သည်။ ဥပမာ၊ ပိသိဒိပြည် အန္တိအုတ်မြို့ရှိ တရားဇရပ်တွင် ယေရှုသည် မေရှိယဖြစ်ကြောင်းသက်သေပြရန် ဟေဗြဲကျမ်းစောင်များမှ အနည်းဆုံးငါးချက်ကို ပေါလုတိုက်ရိုက်ကိုးကားခဲ့သည်။ တိုက်ရိုက်မဟုတ်ဘဲ ကျမ်းချက်များစွာကိုလည်း ပေါလု အကြိမ်ကြိမ်ရည်ညွှန်းဖော်ပြခဲ့သည်။ သမ္မာကျမ်းစာနှင့်ပတ်သက်၍ ပေါလု၏အချေအတင်ပြောဆိုချက်သည် အလွန်ပင်ဆွဲဆောင်မှုဖြစ်စေခဲ့ရာ ပို၍သိရှိရန်အတွက် ‘ယုဒလူမှစ၍ ဘုရားသခင်ကိုကိုးကွယ်သော ဘာသာဝင်သူများတို့သည် ပေါလုနှင့်ဗာနဗနောက်သို့ လိုက်ကြသည်။’ (တ. ၁၃:၁၄-၄၄) နောက်ပိုင်းနှစ်များတွင် ပေါလုနေထိုင်ရာအိမ်ငယ်လေးသို့ ရောမနိုင်ငံသား ဂျူးလူမျိုးတစ်စု ရောက်လာချိန်တွင် သူသည် “ဘုရားသခင်၏နိုင်ငံတော်အကြောင်းကို သက်သေခံသဖြင့်လည်းကောင်း၊ ထိုသူတို့သည် ယေရှု၏အကြောင်းများကို ယုံကြည်စေခြင်းငှာ မောရှေ၏ပညတ္တိကျမ်းနှင့် အနာဂတ္တိကျမ်းတို့ကိုအမှီပြု၍ ဖြားယောင်းသွေးဆောင်သဖြင့်လည်းကောင်း” အကြောင်းအရာများကို ရှင်းပြခဲ့သည်။—တ. ၂၈:၁၇၊ ၂၂၊ ၂၃

၆။ စုံစမ်းနှောင့်ယှက်မှုများကြုံရချိန်တွင် ဝိညာဉ်ရေးတွင်ဆက်၍သန်မာနေရန် ပေါလုကို အဘယ်အရာက ထောက်ကူခဲ့သနည်း။

စုံစမ်းနှောင့်ယှက်မှုများကို ရင်ဆိုင်ရချိန်တွင် ပေါလုသည် ကျမ်းစာကို ဆက်၍စေ့စေ့ကြည့်ရှုခဲ့ပြီး မှုတ်သွင်းခံသတင်းစကားများမှ ခွန်အားယူခဲ့သည်။ (ဟေဗြဲ ၄:၁၂) ပေါလုအသတ်မခံရမီ ရောမ၌အကျဉ်းချခံရစဉ် တိမောသေအား “စာစောင် [“ကျမ်းစာလိပ်၊” ကဘ] နှင့် “သားရေစာ” ကိုယူလာဖို့ မှာခဲ့သည်။ (၂ တိ. ၄:၁၃) ထိုစာလိပ်တို့သည် ပေါလု လေးလေးနက်နက်လေ့လာမှုပြုရာတွင် အသုံးပြုခဲ့သည့် ဟေဗြဲကျမ်းစောင်အပိုင်းများဖြစ်နိုင်သည်။ သမ္မာကျမ်းစာကိုလေ့လာသည့် အလေ့အထရှိခြင်းအားဖြင့် ကျမ်းစာအသိပညာရယူခြင်းသည် ပေါလုအတွက် ဆက်၍တည်ကြည်မြဲမြံနိုင်ရန် မရှိမဖြစ်လိုအပ်ခဲ့သည်။

၇။ သမ္မာကျမ်းစာပုံမှန်လေ့လာခြင်းမှ သင်ရရှိနိုင်သည့် အကျိုးကျေးဇူးများကို ဖော်ပြပါ။

ရည်ရွယ်ချက်ရှိရှိတွေးတောဆင်ခြင်ကာ သမ္မာကျမ်းစာကိုမှန်မှန်လေ့လာခြင်းသည် ဝိညာဉ်ရေးတွင်တိုးတက်စေရန် အထောက်အကူပြုမည်။ (ဟေဗြဲ ၅:၁၂-၁၄) ဘုရားသခင့်နှုတ်မြွက်စကားတော်နှင့်ပတ်သက်၍ ဆာလံဆရာက ဤသို့စပ်ဆိုခဲ့၏– ‘နှုတ်တော်ထွက်တရားတော်သည် ရွှေငွေအထောင်အသောင်းထက်မက အကျွန်ုပ်၌သာ၍ကောင်းပါ၏။ ပညတ်တရားတော်သည် အကျွန်ုပ်၏ရန်သူတို့ထက် အကျွန်ုပ်ကို သာ၍ပညာရှိစေပါ၏။ ပညတ်တရားတော်သည် အကျွန်ုပ်၌အစဉ်တည်ပါ၏။ နှုတ်မြွက်တော်ကိုစောင့်လိုသောငှာ မကောင်းသောလမ်းရှိသမျှတို့ကို လွှဲရှောင်ပါ၏။’ (ဆာ. ၁၁၉:၇၂၊ ၉၈၊ ၁၀၁) သင်၌ ကိုယ်ပိုင်လေ့လာမှုအလေ့အထတစ်ခု ရှိပါသလော။ သမ္မာကျမ်းစာကို နေ့စဉ်ဖတ်ရှုခြင်း၊ ဖတ်ရှုရာကိုတွေးတောဆင်ခြင်ခြင်းဖြင့် ဘုရားသခင့်အမှုဆောင်လုပ်ငန်းဆိုင်ရာ အနာဂတ်တာဝန်များအတွက် သင်ပြင်ဆင်နေပါသလော။

လူများကိုချစ်ရန် ရှောလုသင်ယူခဲ့

၈။ ယုဒဘာသာဝင်မဟုတ်သူတို့ကို ရှောလု မည်သို့ဆက်ဆံခဲ့သနည်း။

ခရစ်ယာန်တစ်ဦးမဖြစ်လာမီက ရှောလုသည် မိမိ၏ဝတ်ပြုရေးတွင် စိတ်အားထက်သန်သူဖြစ်ခဲ့သည်၊ သို့သော် ယုဒဘာသာမဟုတ်သူများကို သူ,အရေးမထားခဲ့ပါ။ (တ. ၂၆:၄၊ ၅) သတေဖန်အား ဂျူးတချို့ကျောက်ခဲနှင့် ပေါက်သတ်သည်ကို သဘောတူကာ သူ,စောင့်ကြည့်နေခဲ့သည်။ သတေဖန်အသတ်ခံရခြင်းသည် သူခံထိုက်သည့်အပြစ်ဒဏ်အဖြစ် ရှုမြင်ခဲ့ပုံရသည်၊ သူမြင်တွေ့ခဲ့ရာက ခရစ်ယာန်များအား နှိပ်စက်ညှဉ်းပန်းရန် သူ့အားပို၍ရဲတင်းစေခဲ့သည်။ (တ. ၆:၈-၁၄; ၇:၅၄-၈:၁) မှုတ်သွင်းခံမှတ်တမ်း၌ ဤသို့ဆိုထား၏– “ရှောလုသည် အသင်းတော်ကိုဖျက်ဆီးလေ၏။ အိမ်များသို့ဝင်ပြီးလျှင် ယောက်ျားမိန်းမတို့ကိုဆွဲငင်၍ ထောင်ထဲ၌လှောင်ထားတတ်၏။” (တ. ၈:၃) သူသည် “တစ်ကျွန်းတစ်နိုင်ငံတိုင်အောင် သူတို့ကိုညှဉ်းဆဲနှိပ်စက်” ရန်သွားခဲ့သည်။—တ. ၂၆:၁၁

၉။ အဘယ်အတွေ့အကြုံက လူများနှင့် ရှောလုဆက်ဆံခဲ့ပုံနည်းလမ်းကို ပြန်လည်ဆန်းစစ်စေခဲ့သနည်း။

ရှောလုသည် ခရစ်တော်၏တပည့်များကို နှောင့်ယှက်ရန် ဒမာသက်မြို့သို့သွားသည့်လမ်းတွင် သခင်ယေရှုသည် သူ့ရှေ့တွင်ထင်ရှားခဲ့သည်။ ဘုရားသခင့်သားတော်၏ အံ့ဖွယ်တန်ခိုးနှင့်အလင်းထွန်းတောက်မှုကြောင့် ရှောလုမျက်စိကွယ်ခဲ့ပြီး အခြားသူတို့က တွဲခေါ်ပေးခဲ့ရသည်။ ယေဟောဝါသည် ရှောလုမျက်စိပြန်မြင်စေရန် အာနနိကိုအသုံးပြုခဲ့ချိန်တွင် လူတို့အပေါ်ထားသော ရှောလု၏သဘောထား လုံးလုံးပြောင်းလဲခဲ့သည်။ (တ. ၉:၁-၃၀) ခရစ်တော်၏နောက်လိုက်တစ်ဦးဖြစ်လာပြီးနောက် ယေရှုကဲ့သို့ပင် လူအားလုံးနှင့်ဆက်ဆံရန် သူကြိုးစားခဲ့သည်။ ဆိုလိုသည်မှာ အကြမ်းဖက်လုပ်ရပ်ကိုရပ်ပြီး “လူအပေါင်းတို့နှင့် အသင့်အတင့်နေ” ခြင်းဖြစ်သည်။—ရောမ ၁၂:၁၇-၂၁ ကိုဖတ်ပါ။

၁၀၊ ၁၁။ ပေါလုသည် လူတို့ကို စစ်မှန်သောမေတ္တာ မည်သို့ပြခဲ့သနည်း။

၁၀ ပေါလုသည် အခြားသူတို့နှင့်အသင့်အတင့်ရှိရုံဖြင့် မကျေနပ်ခဲ့ပါ။ သူတို့အပေါ် စစ်မှန်သောမေတ္တာပြလိုခဲ့သည်၊ ခရစ်ယာန်ဓမ္မအမှုလုပ်ငန်းက ယင်းသို့ပြနိုင်ခွင့် ရရှိစေခဲ့သည်။ သူ၏ခရစ်ယာန်သာသနာပြုပထမခရီးစဉ်တွင် သတင်းကောင်းကို အာရှမိုင်းနားတွင် ဟောပြောခဲ့သည်။ ရက်စက်ပြင်းထန်သည့် ဆန့်ကျင်မှုများကြားမှ ပေါလုနှင့် သူ၏အဖော်တို့သည် စိတ်နှိမ့်ချသူတို့ ခရစ်ယာန်များဖြစ်လာစေရန် အကူအညီပေးခြင်းတွင် အာရုံစိုက်ခဲ့ကြသည်။ လုတ္တရနှင့် ဣကောနိမြို့ရှိ ဆန့်ကျင်သူတို့သည် ပေါလုကိုသတ်ရန်ကြိုးစားခဲ့ကြသည့်တိုင် ထိုမြို့များသို့ ပြန်လည်ပတ်ခဲ့ကြသည်။—တ. ၁၃:၁-၃; ၁၄:၁-၇၊ ၁၉-၂၃

၁၁ နောက်ပိုင်း ပေါလုနှင့် သူ၏အုပ်စုသည် မာကေဒေါနိပြည် ဖိလိပ္ပိမြို့တွင် ဘုရားသခင်နှင့် ရင်းနှီးသောဆက်ဆံရေးရှိလိုသူတို့ကို ရှာဖွေခဲ့ကြသည်။ ဂျူးဘာသာသို့ပြောင်းဝင်သူတစ်ဦးဖြစ်သော လုဒိသည် သတင်းကောင်းကိုနားထောင်ခဲ့ပြီး ခရစ်ယာန်တစ်ဦးဖြစ်လာခဲ့သည်။ မြို့အာဏာပိုင်များက ပေါလုနှင့်သိလကို တုတ်နှင့်ရိုက်ပြီး ထောင်ချခဲ့ကြသည်။ သို့သော် ပေါလုသည် ထောင်မှူးကို ဟောပြောခဲ့သောကြောင့် သူနှင့်သူ့မိသားစုသည် ယေဟောဝါအားဝတ်ပြုကိုးကွယ်သူများအဖြစ် နှစ်ခြင်းခံခဲ့ကြသည်။—တ. ၁၆:၁၁-၃၄

၁၂။ ကြမ်းကြုတ်သူရှောလုအဖြစ်မှ ယေရှုခရစ်၏ မေတ္တာပြည့်ဝသောတမန်တော်ဖြစ်လာစေရန် အဘယ်အရာက လှုံ့ဆော်ခဲ့သနည်း။

၁၂ တစ်ချိန်က နှိပ်စက်ညှဉ်းပန်းသူ ရှောလုသည် သူညှဉ်းဆဲခဲ့သူတို့၏ယုံကြည်ခြင်းကို အဘယ်ကြောင့် သက်ဝင်ယုံကြည်ခဲ့သနည်း။ ကြမ်းကြုတ်သူအဖြစ်မှ အခြားသူများ ဘုရားသခင်၊ ခရစ်တော်နှင့်ပတ်သက်သော အမှန်တရားသင်ယူနိုင်ရန် မိမိအသက်ကိုပင် ပေးဖို့တလိုတလားရှိသော ကြင်နာပြီးမေတ္တာပြည့်ဝသည့် တမန်တော်ဖြစ်လာစေဖို့ အဘယ်အရာက လှုံ့ဆော်ခဲ့သနည်း။ ပေါလုကိုယ်တိုင် ဤသို့ရှင်းပြခဲ့၏– ‘မဟာကြင်နာမှုအားဖြင့် ငါ့ကို ရွေးကောက်တော်မူသော ဘုရားသခင် ရည်ရွယ်တော်မူသည်မှာ . . . သားတော်အကြောင်း ဖော်ပြစေရန်ဖြစ်၏။” (ဂလ. ၁:၁၅၊ ၁၆ကဘ) တိမောသေထံ ပေါလုဤသို့ရေးခဲ့၏– ‘ထာဝရအသက်အလို့ငှာ ယုံကြည်လတ္တံ့သောသူတို့ လိုက်စရာပုံသက်သေဖြစ်စေခြင်းငှာ အကြီးဆုံးသောအပြစ်ရှိသောငါ၌ ယေရှုခရစ်သည် ခပ်သိမ်းသောသည်းခံခြင်းကိုပြတော်မူမည်အကြောင်း ငါ့ကိုသနားတော်မူပြီ။’ (၁ တိ. ၁:၁၆) ယေဟောဝါသည် ပေါလုကိုခွင့်လွှတ်ခဲ့ပြီး ထိုကဲ့သို့သောမဟာကြင်နာမှုကို ခံစားခဲ့ရခြင်းကြောင့် တခြားသူတို့ကို သတင်းကောင်းဟောပြောခြင်းအားဖြင့် မေတ္တာပြရန် သူ့ကိုလှုံ့ဆော်ခဲ့သည်။

၁၃။ အခြားသူများကိုမေတ္တာပြရန် ကျွန်ုပ်တို့ကို အဘယ်အရာက လှုံ့ဆော်သင့်သနည်း၊ ကျွန်ုပ်တို့ မည်သို့တင်ပြနိုင်သနည်း။

၁၃ အလားတူပင် ယေဟောဝါသည် ကျွန်ုပ်တို့၏အပြစ်နှင့် အမှားများကို ခွင့်လွှတ်တော်မူသည်။ (ဆာ. ၁၀၃:၈-၁၄) ‘အိုယေဟောဝါဘုရားသခင် ကိုယ်တော်သည် အပြစ်များကိုမှတ်တော်မူလျှင် အဘယ်သူခံရပ်နိုင်ပါမည်နည်း’ ဟုဆာလံဆရာမေးခဲ့သည်။ (ဆာ. ၁၃၀:၃) ဘုရားသခင်၏သနားကြင်နာမှုသာမရှိပါက ကျွန်ုပ်တို့မည်သူမျှ ဘုရားသခင်၏ မြင့်မြတ်သောလုပ်ငန်းတော်တွင် ရွှင်လန်းမှုခံစားရမည်မဟုတ်သကဲ့သို့ အနာဂတ်တွင် ထာဝရအသက်ရရှိမည်ကိုလည်း မမျှော်လင့်နိုင်ပါ။ ဘုရားသခင်၏မဟာကြင်နာမှုသည် ကျွန်ုပ်တို့အားလုံးခံစားရသည်အထိ အလွန်ကြီးမြတ်တော်မူသည်။ ထို့ကြောင့် ပေါလုကဲ့သို့ပင် ကျွန်ုပ်တို့သည် အခြားသူများကိုဟောပြောခြင်း၊ အမှန်တရားအကြောင်းသွန်သင်ခြင်းနှင့် ယုံကြည်သူချင်းများကို ခွန်အားပေးခြင်းအားဖြင့် မေတ္တာတိုးချဲ့လိုစိတ်ရှိသင့်သည်။—တမန်တော် ၁၄:၂၁-၂၃ ကိုဖတ်ပါ။

၁၄။ ကျွန်ုပ်တို့၏ဓမ္မအမှုကို မည်သို့တိုးချဲ့နိုင်သနည်း။

၁၄ ပေါလုသည် သတင်းကောင်း၏ ဓမ္မအမှုဆောင်တစ်ဦးအနေနှင့် တိုးတက်လိုခဲ့ပြီး ယေရှု၏ပုံသက်သေက သူ၏နှလုံးကို ထိမိခဲ့သည်။ တုနှိုင်းမမီသောမေတ္တာကို ဘုရားသခင့်သားတော် လူတို့အားတင်ပြသည့်နည်းလမ်းများထဲမှ တစ်ခုမှာ ကိုယ်တော်၏လူထုဓမ္မအမှုလုပ်ငန်းအားဖြင့်ဖြစ်သည်။ ယေရှုဤသို့မိန့်တော်မူခဲ့၏– “စပါးရိတ်စရာ များစွာရှိ၏။ ရိတ်သောသူတို့သည် နည်းကြ၏။ ထို့ကြောင့် လုပ်ဆောင်သောသူတို့ကို စပါးရိတ်ခြင်းငှာ စေလွှတ်တော်မူမည်အကြောင်း စပါးရှင်ကိုဆုတောင်းကြလော့။” (မ. ၉:၃၅-၃၈) ပေါလုသည် ဇွဲထက်သန်သော လုပ်သားတစ်ဦးဖြစ်လာခြင်းဖြင့် လုပ်သားများစွာရှိလာရန် သူတောင်းဆိုခဲ့မည်ဖြစ်သည့် တောင်းဆိုချက်နှင့်အညီ ပြုမူခဲ့သည်။ သင်ကော အသို့နည်း။ သင်၏ဓမ္မအမှု အရည်အသွေးများကို တိုးတက်စေနိုင်သလော။ ရှေ့ဆောင်တစ်ဦးဖြစ်လာရန် သင့်အသက်တာကို စီစဉ်ခြင်းပင်ဖြစ်နိုင်သည့် ဘုရားသခင့်နိုင်ငံတော်ဟောပြောခြင်းလုပ်ငန်းတွင် အချိန်ပို၍အသုံးပြုနိုင်သလော။ အခြားသူများ “အသက်နှင့်ဆိုင်သော တရားတော်ကို ဆုပ်ကိုင်ထားကြ” ရန်ကူညီခြင်းအားဖြင့် စစ်မှန်သောမေတ္တာ တင်ပြကြပါစို့။—ဖိ. ၂:၁၆ကဘ။

ပေါလု၏ မိမိကိုယ်ကိုရှုမြင်ပုံ

၁၅။ ခရစ်ယာန်ချင်းများနှင့်နှိုင်းယှဉ်ကာ မိမိကိုယ်ကို ပေါလုမည်သို့ရှုမြင်ခဲ့သနည်း။

၁၅ ခရစ်ယာန်ဓမ္မအမှုဆောင်တစ်ဦးအနေနှင့်  ပေါလုသည် အခြားနည်းတစ်နည်းဖြင့် ကျွန်ုပ်တို့အတွက် ထူးခြားသည့်ပုံသက်သေ ချမှတ်ခဲ့သည်။ ပေါလုသည် ခရစ်ယာန်အသင်းတော်တွင် အခွင့်ထူးများစွာ ရရှိခဲ့သည့်တိုင် ယင်းကောင်းချီးများသည် မိမိရသင့်ရထိုက်ရာမဟုတ်ကြောင်း၊ မိမိအရည်အချင်းကြောင့် ရခြင်းမဟုတ်ကြောင်း သူကောင်းစွာသိခဲ့သည်။ သူခံစားခဲ့ရသည့် ကောင်းချီးများသည် ဘုရားသခင်၏ မဟာကြင်နာမှုဖော်ပြချက်ဖြစ်ကြောင်း သူသိခဲ့သည်။ အခြားခရစ်ယာန်များသည်လည်း သတင်းကောင်းကို ထိရောက်စွာဟောသော ဓမ္မအမှုဆောင်များဖြစ်ကြောင်း ပေါလုအသိအမှတ်ပြုခဲ့သည်။ ပေါလုသည် ဘုရားသခင့်လူမျိုးအလယ်တွင် တာဝန်များစွာရှိလင့်ကစား အစဉ်နှိမ့်ချခဲ့သည်။—၁ ကောရိန္သု ၁၅:၉-၁၁ ကိုဖတ်ပါ။

၁၆။ ပေါလုသည် အရေဖျားလှီးခြင်းကိစ္စတွင် နှိမ့်ချ၊ ကျိုးနွံစိတ်ကို မည်သို့တင်ပြခဲ့သနည်း။

၁၆ ရှုရိပြည်အန္တိအုတ်မြို့၌ ပြဿနာတစ်ခုပေါ်ခဲ့ချိန်က ပေါလုကိုင်တွယ်ခဲ့ပုံကို သုံးသပ်ကြည့်ပါ။ ထိုတွင်ရှိခရစ်ယာန်အသင်းတော်သည် အရေဖျားလှီးခြင်းကိစ္စနှင့်ပတ်သက်၍ သဘောထားကွဲလွဲနေကြသည်။ (တ. ၁၄:၂၆–၁၅:၂) အရေဖျားလှီးခြင်းကိုမခံသော တစ်ပါးအမျိုးသားတို့အား ဦးဆောင်ဟောပြောရန် ပေါလုကို တာဝန်ခန့်အပ်ခဲ့ခြင်းကြောင့် မိမိသည် ဂျူးမဟုတ်သူများနှင့်ဆက်ဆံရာတွင် အထူးကျွမ်းကျင်သူအဖြစ်၊ ယင်းအကြောင်းကြောင့် ပြဿနာဖြေရှင်းရန် အရည်အချင်းလုံးဝပြည့်မီသူအဖြစ် ထင်မှတ်ခဲ့ပေမည်။ (ဂလာတိ ၂:၈၊ ၉ ကိုဖတ်ပါ။) သို့သော် သူ၏ကြိုးစားအားထုတ်မှုဖြင့် ပြဿနာဖြေရှင်းနိုင်မည့်ပုံမရသည့်အခါ ထိုကိစ္စကိုဖြေရှင်းရန် ယေရုရှလင်မြို့ရှိ အုပ်ချုပ်ရေးအဖွဲ့ထံတင်ပြဖို့ အစီအစဉ်ကို နှိမ့်ချ၊ ကျိုးနွံစွာ လက်ခံခဲ့သည်။ ယင်းအဖွဲ့ဝင်များသည် ကိစ္စရပ်ကိုနားထောင်ပြီး ဆုံးဖြတ်ချက်တစ်ခုချသည့်အခါ ပေါလုသည် အနီးကပ်ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး သူ့ကို ယင်းသတင်းကြားပြောသူတစ်ဦးအဖြစ် တာဝန်ခန့်အပ်ခဲ့သည်။ (တ. ၁၅:၂၂-၃၁) သို့ဖြင့် ပေါလုသည် ကျေးကျွန်ချင်းတို့ကို “ဂုဏ်တင်ရာတွင် ဦးဆောင်” ခဲ့သည်။—ရော. ၁၂:၁၀ကဘ။

၁၇၊ ၁၈။ (က) ပေါလုနှင့် အသင်းတော်ရှိသူတို့စပ်ကြား အဘယ်ခံစားချက်ရှိခဲ့သနည်း။ (ခ) ဧဖက်မြို့မှအကြီးအကဲများနှင့် ပေါလု၏ခွဲခွာခြင်းအပြုအမူက သူနှင့်ပတ်သက်၍ အဘယ်အရာဖော်ပြသနည်း။

၁၇ နှိမ့်ချစိတ်ရှိသူပေါလုသည် အသင်းတော်ရှိညီအစ်ကို၊ ညီအစ်မများနှင့် သူစိမ်းဆန်ဆန်မနေခဲ့ပါ။ ယင်းအစား သူတို့နှင့် ခင်မင်ရင်းနှီးလာခဲ့သည်။ ရောမသို့ရေးသော သူ၏စာအဆုံးပိုင်းတွင် အယောက် ၂၀ ကျော်ကို နာမည်နှင့်တကွ နှုတ်ဆက်ခဲ့သည်။ ထိုသူတို့အများစုသည် ကျမ်းစာအခြားမည်သည့်နေရာတွင်မျှ ဖော်ပြခြင်းမခံရသူတို့ဖြစ်သည်၊ အနည်းငယ်သောသူတို့သာ အခွင့်ထူးရရှိခဲ့ကြသူတို့ဖြစ်သည်။ သို့သော် ထိုသူတို့သည် ယေဟောဝါအပေါ် တည်ကြည်သောကျေးကျွန်များဖြစ်ကြပြီး သူတို့ကို ပေါလုအလွန်ချစ်မြတ်နိုးခဲ့သည်။—ရော. ၁၆:၁-၁၆

၁၈ ပေါလု၏နှိမ့်ချစိတ်နှင့် ခင်မင်ရင်းနှီးမှုက အသင်းတော်ကို တည်ဆောက်မှုဖြစ်စေခဲ့သည်။ သူသည် ဧဖက်မှအကြီးအကဲများနှင့် နောက်ဆုံးအကြိမ်တွေ့ဆုံပြီးနောက် သူတို့သည် “ပေါလု၏လည်ပင်းကိုဖက်ယမ်းလျက် သူ့ကိုနမ်းကြ၏။ နောက်တစ်ဖန် သူ၏မျက်နှာကိုမမြင်ရဟူသောစကားကြောင့် သာ၍ကြေကွဲသောစိတ်နှင့် ပေါလုကိုသင်္ဘောသို့ ပို့လိုက်ကြ၏။” မာနကြီးမောက်မာပြီး သူစိမ်းဆန်ဆန်နေသူတစ်ဦးနှင့် ခွဲခွာခြင်းသည် ထိုသို့သောအပြုအမူမျိုး ဖြစ်ခဲ့မည်မဟုတ်ပါ။—တ. ၂၀:၃၇၊ ၃၈

၁၉။ ခရစ်ယာန်ချင်းများနှင့် ဆက်ဆံရာတွင် “နှိမ့်ချသောစိတ်” ကို မည်သို့တင်ပြနိုင်သနည်း။

၁၉ ဝိညာဉ်ရေးတွင်တိုးတက်လိုသော ခရစ်ယာန်အားလုံးသည် ပေါလုတင်ပြခဲ့သော နှိမ့်ချစိတ်ကို တင်ပြရမည်။ ခရစ်ယာန်ချင်းများအား သူဤသို့တိုက်တွန်းခဲ့၏– ‘ရန်တွေ့လိုသောစိတ်၊ အချည်းနှီးကျော်စောမှုကိုတပ်မက်သောစိတ်ရှိ၍ အဘယ်အမှုကိုမျှမပြုကြနှင့်။ သူတစ်ပါးသည် ကိုယ်ထက်သာ၍ကောင်းမြတ်သည်ဟု နှိမ့်ချသောစိတ်ရှိ၍ တစ်ယောက်ကိုတစ်ယောက်ထင်မှတ်ကြလော့။’ (ဖိ. ၂:၃) ယင်းဆုံးမစကားကို ကျွန်ုပ်တို့ မည်သို့လိုက်လျှောက်နိုင်သနည်း။ နည်းတစ်နည်းမှာ အသင်းတော်ရှိအကြီးအကဲများနှင့်အတူ ပူးပေါင်းဆောင်ရွက်ခြင်း၊ သူတို့၏ညွှန်ကြားချက်များကို လိုက်လျှောက်ခြင်း၊ သူတို့ချမှတ်သော တရားရေးဆုံးဖြတ်ချက်များကို လက်ခံခြင်းအားဖြင့်ဖြစ်သည်။ (ဟေဗြဲ ၁၃:၁၇ ကိုဖတ်ပါ။) နောက်တစ်နည်းမှာ ယုံကြည်ခြင်းတူသော ညီအစ်ကို၊ ညီအစ်မများအားလုံးကို အလွန်လေးစားခြင်းဖြစ်သည်။ ယေဟောဝါလူမျိုး၏အသင်းတော်များသည် များသောအားဖြင့် နိုင်ငံ၊ ယဉ်ကျေးမှု၊ အမျိုးအနွယ် ကွဲပြားခြားနားသောလူများနှင့် ဖွဲ့စည်းထားသည်။ သို့ဖြစ်၍ ပေါလုကဲ့သို့ပင် ကျွန်ုပ်တို့သည် အားလုံးကို မျက်နှာမလိုက်ဘဲ မေတ္တာဖြင့်ဆက်ဆံရန် သင်ယူသင့်သည်မဟုတ်လော။ (တ. ၁၇:၂၆; ရော. ၁၂:၁၀ က) “ခရစ်တော်သည် ဘုရားသခင်၏ဘုန်းတော်ကိုထင်ရှားစေလျက် သင်တို့ကို လက်ခံတော်မူသည်နည်းတူ သင်တို့သည် တစ်ယောက်ကိုတစ်ယောက်လက်ခံကြ” ရန် ကျွန်ုပ်တို့ကို အားပေးထားသည်။—ရော. ၁၅:၇

အသက်ပြေးပွဲတွင် “အားမလျော့ဘဲပြေးကြကုန်အံ့”

၂၀၊ ၂၁။ အသက်ပြေးလမ်းပေါ် အောင်မြင်စွာပြေးနိုင်ရန် အဘယ်အရာက အထောက်အကူပြုမည်နည်း။

၂၀ ခရစ်ယာန်တစ်ဦး၏အသက်တာကို တာဝေးအပြေးပြိုင်ပွဲတစ်ခုနှင့် နှိုင်းယှဉ်နိုင်သည်။ ပေါလုဤသို့ရေးသားခဲ့၏– “ပြေးရသောလမ်းကို အဆုံးတိုင်အောင်ပြေးပြီ။ ယုံကြည်ခြင်းတရားကို စောင့်ရှောက်ပြီ။ ယခုမှစ၍ ဓမ္မသရဖူသည် ငါ့အဖို့သိုထားလျက်ရှိ၏။ ထိုနေ့ရက်၌ တရားသဖြင့်စီရင်သောသူတည်းဟူသော သခင်ဘုရားသည် ထိုသရဖူကို ငါ၌အပ်ပေးတော်မူမည်။ ထိုမျှမက ပေါ်ထွန်းတော်မူခြင်းကို တောင့်တသောသူအပေါင်းတို့၌လည်း အပ်ပေးတော်မူမည်။”—၂ တိ. ၄:၇၊ ၈

၂၁ ပေါလု၏ပုံသက်သေကိုလိုက်လျှောက်ခြင်းက ထာဝရအသက်ရစေသော အသက်ပြေးလမ်းပေါ် အောင်မြင်စွာပြေးရန် ကျွန်ုပ်တို့ကို အထောက်အကူပြုမည်။ (ဟေဗြဲ ၁၂:၁) သို့ဖြစ်၍ အရေးအကြီးဆုံးကား ကျွန်ုပ်တို့သည် ကိုယ်ပိုင်လေ့လာမှု အလေ့အထကောင်းရှိရန်ကြိုးစားခြင်း၊ လူများကို နက်ရှိုင်းစွာချစ်မြတ်နိုးရန် ပြုစုပျိုးထောင်ခြင်း၊ စိတ်နှိမ့်ချမှုကိုထိန်းသိမ်းထားခြင်းအားဖြင့် ဝိညာဉ်ရေးတွင်ဆက်၍တိုးတက်နေကြပါစို့။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၂၃ ပါပုံစာ]

ပေါလုကဲ့သို့ သမ္မာကျမ်းစာမှ ခွန်အားယူပါ

[စာမျက်နှာ ၂၄ ပါပုံစာ]

အခြားသူများကို သတင်းကောင်းဝေငှခြင်းဖြင့် မေတ္တာပြပါ

[စာမျက်နှာ ၂၅ ပါပုံစာ]

ပေါလုအား သူ၏ညီအစ်ကိုများ ချစ်ခင်တွယ်တာရသည့် အကြောင်းရင်းကို သင်သိပါသလော

သင်မည်သို့ဖြေဆိုမည်နည်း

• ပေါလုသည် သမ္မာကျမ်းစာကို ကိုယ်ပိုင်မှန်မှန်လေ့လာခြင်းမှ မည်သို့အကျိုးဖြစ်ခဲ့သနည်း။

• လူများကိုနက်ရှိုင်းစွာချစ်ခြင်းသည် ခရစ်ယာန်စစ်များအတွက် အဘယ်ကြောင့်အရေးကြီးသနည်း။

• အခြားသူများကို မျက်နှာမလိုက်ဘဲဆက်ဆံရန် အဘယ်အရည်အသွေးများရှိခြင်းက အထောက်အကူပြုမည်နည်း။

• သင့်အသင်းတော်ရှိအကြီးအကဲများနှင့် ပူးပေါင်းလုပ်ဆောင်ရန် ပေါလု၏ပုံသက်သေက မည်သို့အထောက်အကူပြုနိုင်သနည်း။