မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင့်နိုင်ငံတော်အားဖြင့် ကယ်နုတ်ခံရချိန် နီးပြီ!

ဘုရားသခင့်နိုင်ငံတော်အားဖြင့် ကယ်နုတ်ခံရချိန် နီးပြီ!

ဘုရားသခင့်နိုင်ငံတော်အားဖြင့် ကယ်နုတ်ခံရချိန် နီးပြီ!

‘ဘုရားသခင့်နိုင်ငံတော် တည်ထောင်ပါစေသော။ အလိုတော်သည် ကောင်းကင်ဘုံ၌ပြည့်စုံသကဲ့သို့ မြေကြီးပေါ်မှာပြည့်စုံပါစေသော။’—မ. ၆:၁၀

၁။ ယေရှု၏အဓိကသွန်သင်ချက်မှာ အဘယ်နည်း။

ယေရှုခရစ်၏ တောင်ပေါ်တရားတော်တွင် ကိုယ်တော်၏အဓိကသွန်သင်ချက်ကို အကျဉ်းချုပ်ဖော်ပြသည့် စံပြဆုတောင်းချက်တစ်ခုလည်း ပါရှိသည်။ နောက်တော်လိုက်များ ဘုရားသခင်ထံ ဤသို့ဆုတောင်းရန် ကိုယ်တော်သွန်သင်ခဲ့၏– ‘ဘုရားသခင့်နိုင်ငံတော် တည်ထောင်ပါစေသော။ အလိုတော်သည် ကောင်းကင်ဘုံ၌ပြည့်စုံသကဲ့သို့ မြေကြီးပေါ်မှာပြည့်စုံပါစေသော။’ (မ. ၆:၉-၁၃) ယေရှုသည် ‘မြို့ရွာအစဉ်အတိုင်းလှည့်လည်၍ ဘုရားသခင်၏နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို ဟောတော်မူ၏။’ (လု. ၈:၁) ခရစ်တော်က မိမိနောက်လိုက်များအား “ဘုရားသခင်၏နိုင်ငံတော်နှင့် ဖြောင့်မတ်ခြင်းတရားတော်ကို ရှေ့ဦးစွာရှာကြလော့” ဟုတိုက်တွန်းခဲ့သည်။ (မ. ၆:၃၃) ဤဆောင်းပါးကို လေ့လာစဉ် အကြောင်းအရာကို သင့်ဓမ္မအမှုတွင် အသုံးပြုနိုင်သည့်နည်းများ ရှာဖွေပါ။ ဥပမာ၊ ဤမေးခွန်းများ သင်မည်သို့ဖြေဆိုမည်ကို သုံးသပ်ကြည့်ပါ– ဘုရားသခင့်နိုင်ငံတော်သတင်းသည် မည်မျှအရေးကြီးသနည်း။ လူသားတို့သည် အဘယ်အရာမှကယ်နုတ်ခံရဖို့ လိုအပ်သနည်း။ ဘုရားသခင့်နိုင်ငံတော်သည် ကယ်နုတ်ခြင်းအမှုကို မည်သို့လုပ်ဆောင်မည်နည်း။

၂။ ဘုရားသခင့်နိုင်ငံတော်သတင်းသည် မည်မျှအရေးကြီးသနည်း။

ယေရှု ဤသို့ကြိုဟောခဲ့၏– ‘လူမျိုးအပေါင်းတို့အားသက်သေဖြစ်မည်အကြောင်း ဘုရားသခင့်နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို လောကနိုင်ငံအရပ်ရပ်ရှိသမျှတို့၌ ဟောရလိမ့်မည်။ သို့ပြီးမှ အဆုံးသည်ဖြစ်လတ္တံ့။’ (မ. ၂၄:၁၄) ဘုရားသခင့်နိုင်ငံတော်နှင့်ပတ်သက်သော သတင်းကောင်းသည် အရေးအကြီးဆုံးဖြစ်သည်။ အကြောင်းမှာ ယင်းသည် ကမ္ဘာပေါ်တွင် အရေးအကြီးဆုံးသတင်းဖြစ်သောကြောင့်ပင်! ကမ္ဘာတစ်ဝန်း ယေဟောဝါသက်သေများ၏အသင်းတော် ၁၀၀,၀၀၀ ကျော်ရှိ ခုနစ်သန်းခန့်သော ဘုရားသခင့်ကျေးကျွန်တို့သည် ဘုရားသခင့်နိုင်ငံတော်တည်ထောင်ပြီဖြစ်ကြောင်း အခြားသူတို့ကိုပြောပြခြင်းဖြစ်သည့် အကြီးမားအကျယ်ပြန့်ဆုံးဟောပြောခြင်းလုပ်ငန်းတွင် ပါဝင်နေကြသည်။ ဘုရားသခင့်နိုင်ငံတော်တည်ထောင်ပြီဟူသည် သတင်းကောင်းဖြစ်သည်၊ အကြောင်းမှာ ဘုရားသခင်သည် မြေကြီးပေါ်ရှိအရေးကိစ္စများကို အပြည့်အဝထိန်းချုပ်ရန် အစိုးရတစ်ခုကို ကောင်းကင်တွင်တည်ထောင်ပြီဟူသည့် အဓိပ္ပာယ်ဖြစ်သည်။ ဘုရားသခင့်နိုင်ငံတော်အောက်တွင် ယေဟောဝါ၏အလိုတော်သည် ကောင်းကင်တွင်ပြည့်စုံသကဲ့သို့ မြေကြီးပေါ်တွင် ပြည့်စုံလာမည်။

၃၊ ၄။ မြေကြီးပေါ်တွင် ဘုရားသခင့်အလိုတော် ပြည့်စုံသည့်အခါ မည်သို့ရှိမည်နည်း။

မြေကြီးပေါ်တွင် ဘုရားသခင့်အလိုတော်ပြည့်စုံသည့်အခါ လူသားတို့တွင် အဘယ်အရာဖြစ်မည်နည်း။ ယေဟောဝါသည် “သူတို့၏မျက်စိ၌မျက်ရည်ရှိသမျှတို့ကို သုတ်တော်မူမည်။ နောက်တစ်ဖန် သေဘေးမရှိရ။ စိတ်မသာညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းလည်းမရှိရ။” (ဗျာ. ၂၁:၄) လူတို့သည် အမွေခံရသောအပြစ်နှင့် မစုံလင်မှုကြောင့် ဖျားနာ သို့မဟုတ် သေဆုံးကြတော့မည်မဟုတ်။ ဘုရားသခင့်မှတ်ဉာဏ်တွင်ရှိသော သေလွန်သူတို့သည် ထာဝစဉ်အသက်ရှင်ခွင့်ရရှိကြမည်၊ သမ္မာကျမ်းစာတွင် ဤသို့ကတိပြုထား၏– “ဖြောင့်မတ်သောသူ၊ မဖြောင့်မတ်သောသူရှိသမျှတို့သည် သေခြင်းမှထမြောက်ကြလိမ့်မည်။” (တ. ၂၄:၁၅) စစ်မှု၊ ဖျားနာမှု သို့မဟုတ် မွတ်သိပ်မှုရှိတော့မည်မဟုတ်၊ မြေကြီးသည် ပရဒိသုအဖြစ် ပြောင်းလဲသွားမည်။ ယခုအချိန်တွင် အန္တရာယ်ပြုသောတိရစ္ဆာန်များပင်လျှင် အချင်းချင်းသော်လည်းကောင်း၊ လူများကိုသော်လည်းကောင်း အန္တရာယ်ပြုတော့မည်မဟုတ်ပါ။—ဆာ. ၄၆:၉; ၇၂:၁၆; ဟေရှာ. ၁၁:၆-၉; ၃၃:၂၄; လု. ၂၃:၄၃

ဘုရားသခင့်နိုင်ငံတော်အုပ်ချုပ်မှုအောက်ခံစားရမည့် ထူးမြတ်လှသောထိုကောင်းချီးများအပြင် ထိုအချိန်တွင်ရရှိမည့် အသက်တာအကြောင်းကို နှစ်သိမ့်မှုဖြစ်စေသောစကားများဖြင့် သမ္မာကျမ်းစာ၌ ဤသို့ဆိုထားသည်မှာ အံ့အားသင့်စရာမဟုတ်ပါ– “စိတ်နှိမ့်ချသောသူတို့မူကား ပြည်တော်ကိုအမွေခံ၍ များပြားသောငြိမ်သက်ခြင်း၌ မွေ့လျော်ကြလိမ့်မည်။” သို့သော် ပြဿနာဖြစ်ပေါ်စေသူများကော အသို့နည်း။ သမ္မာကျမ်းစာ၌ ဤသို့ကြိုပြောထား၏– “ခဏကြာပြီးမှ မတရားသောသူသည်မရှိရ။ သူ၏နေရာကို စေ့စေ့ရှာ၍မတွေ့ရ။” သို့သော် ‘ယေဟောဝါကိုမျှော်လင့်သောသူတို့မူကား ပြည်တော်ကိုအမွေခံရကြလိမ့်မည်။’—ဆာ. ၃၇:၉-၁၁

၅။ လက်ရှိအစီအစဉ်စနစ်သည် မည်သို့ဖြစ်ပျက်မည်နည်း။

ယင်းတို့အားလုံးဖြစ်လာရန်မှာ လက်ရှိအစီအစဉ်စနစ်နှင့် ယင်း၏ ဆိုင်ပြိုင်တိုက်ခိုက်နေကြသော အုပ်ချုပ်ရေးများ၊ ဝတ်ပြုရေးများ၊ စီးပွားရေးစနစ်များကို ဖယ်ရှားရမည်ဖြစ်သည်။ ကောင်းကင်အစိုးရသည် ယင်းသို့ အတိအကျလုပ်ဆောင်တော်မူမည်။ ပရောဖက်ဒံယေလက မှုတ်သွင်းခံရကာ ဤသို့ကြိုပြောခဲ့၏– “ပျက်စီးခြင်းသို့မရောက်နိုင်သောနိုင်ငံတစ်ခုကို ထို [ယခုတည်ရှိနေသော] မင်းကြီးများလက်ထက်၌ ကောင်းကင်ဘုံရှင်ဘုရားသခင်သည် [ကောင်းကင်၌] တည်ထောင်စေတော်မူမည်။ ထိုနိုင်ငံသည် အခြားသောလူမျိုးလက်သို့မရောက်ရဘဲ အထက်ဆိုခဲ့ပြီးသော [လက်ရှိ] နိုင်ငံရှိသမျှတို့ကို ချိုးဖဲ့ဖျက်ဆီး၍ အစဉ်အမြဲတည်လိမ့်မည်။” (ဒံ. ၂:၄၅) ယင်းနောက် ဘုရားသခင့်နိုင်ငံတော်—ကောင်းကင်အစိုးရအသစ်—သည် မြေကြီးလူ့ဘောင်သစ်ကို အုပ်စိုးမည်။ “ဖြောင့်မတ်ခြင်းတရားတည်နေရာ မိုးကောင်းကင်သစ်နှင့်မြေကြီးသစ်” ဖြစ်လာပါလိမ့်မည်။—၂ ပေ. ၃:၁၃

ကယ်နုတ်ခံရဖို့ ယခု သာ၍လိုအပ်

၆။ ဆိုးသွမ်းသောဤလောက၏ ဆိုးညစ်မှုများအကြောင်း သမ္မာကျမ်းစာ မည်သို့ဖော်ပြသနည်း။

စာတန်၊ အာဒံနှင့်ဧဝတို့သည် အမှားနှင့်အမှန်ကို မိမိတို့ဘာသာဆုံးဖြတ်လိုခြင်းဖြင့် ဘုရားသခင်ကိုပုန်ကန်သည့်အချိန်မှစ၍ လူ့မိသားစုသည် ဆုတ်ယုတ်ယိုယွင်းသောလမ်းစဉ်အတွင်း ကျဆင်းခဲ့သည်။ ယင်းနောက် နှစ်ပေါင်း ၁,၆၀၀ ကျော်ကြာပြီးနောက်ဖြစ်သော ကမ္ဘာချီရေလွှမ်းမိုးဘေးမဖြစ်မီတွင် “မြေကြီးပေါ်မှာလူအပြစ်ကြီး၍ သူ၏စိတ်နှလုံးအကြံအစည်ရှိသမျှတို့သည် အစဉ်မပြတ်ဆိုးညစ်ခြင်းသက်သက်ရှိ” ခဲ့သည်။ (က. ၆:၅) ယင်းနောက်ပိုင်း နှစ်ပေါင်း ၁,၃၀၀ ခန့်ကြာပြီးနောက် အခြေအနေပိုဆိုးလာသည်ကို ရှောလမုန်မြင်တွေ့ခဲ့ပြီး ဤသို့ရေးခဲ့၏– ‘သေလွန်ပြီးသောလူသေသည် အသက်ရှင်သေးသောလူရှင်ထက် သာ၍မင်္ဂလာရှိသည်ဟု ငါဆိုရ၏။ သို့ရာတွင် တစ်ခါမျှမဖြစ်သေးသောသူ၊ နေအောက်မှာပြုသောဒုစရိုက်ကို မမြင်သေးသောသူသည် ထိုနှစ်ဦးထက်သာ၍မင်္ဂလာရှိ၏။’ (ဒေ. ၄:၂၊ ၃) ယင်းနောက် နှစ်ပေါင်း ၃,၀၀၀ ခန့်အကြာဖြစ်သော ကျွန်ုပ်တို့ခေတ်တွင် ဆိုးသွမ်းမှုသည် ပို၍ပို၍တိုးများနေဆဲဖြစ်သည်။

၇။ ယခုအချိန်သည် ဘုရားသခင်၏ကယ်နုတ်ခြင်းကို အဘယ်ကြောင့်သာ၍လိုအပ်သနည်း။

ဆိုးသွမ်းမှုတည်ရှိသည်မှာ ကာလကြာရှည်ပြီဖြစ်သော်လည်း ယခုအချိန်သည် အခြားမည်သည့်အချိန်ထက်မဆို ဘုရားသခင့်နိုင်ငံတော်အားဖြင့် ကယ်နုတ်ခံရရန် သာ၍လိုအပ်သည်။ လွန်ခဲ့သော အနှစ် ၁၀၀ ကအခြေအနေသည် ယခင်ရှိခဲ့သောအခြေအနေထက် ပို၍ဆိုးပြီး ယင်းအခြေအနေသည် ပိုပို၍ဆိုးယုတ်ယိုယွင်းလျက်ရှိသည်။ ဥပမာ၊ ကမ္ဘာ့စောင့်ကြည့်ရေးအဖွဲ့က ဤသို့အစီရင်ခံ၏– “[၂၀] ရာစုအတွင်း စစ်ကြောင့်ထိခိုက်ခဲ့သူ အရေအတွက်မှာ အေဒီပထမရာစုမှ ၁၈၉၉ ခုနှစ်အတွင်းဖြစ်ခဲ့သော စစ်ပွဲများကြောင့် ထိခိုက်ခဲ့သူအားလုံးထက် သုံးဆပိုများသည်။” ၁၉၁၄ ခုနှစ်မှစ၍ စစ်ပွဲများကြောင့် အသက်ပေါင်း သန်း ၁၀၀ ကျော်သေဆုံးခဲ့သည်။ စွယ်စုံကျမ်းတစ်ခုက ဒုတိယကမ္ဘာစစ်တွင် လူပေါင်း သန်း ၆၀ အထိသေဆုံးခဲ့သည်ဟု ခန့်မှန်းသည်။ ယခု အချို့နိုင်ငံများသည် နျူကလီးယားလက်နက်များ ပိုင်ဆိုင်ကြပြီး လူတို့တွင် ကမ္ဘာ့လူဦးရေအတော်များများကို သုတ်သင်ပစ်နိုင်စွမ်းရှိနေပြီဖြစ်သည်။ သိပ္ပံပညာနှင့် ဆေးပညာတို့တွင် တိုးတက်မှုများရှိသည့်တိုင် နှစ်စဉ်နှစ်တိုင်း ငတ်မွတ်ဘေးသည် ကလေးငါးသန်းခန့်၏အသက်ကို ခြွေယူနေဆဲဖြစ်သည်။—သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာမှာ အဘယ်နည်း စာအုပ် အခန်း ၉ ကိုရှု။

၈။ နှစ်ထောင်ချီကြာတည်ရှိခဲ့သော လူ့အုပ်ချုပ်ရေးသည် အဘယ်အရာကို အသေအချာသက်သေထူခဲ့ပြီနည်း။

လူ့ကြိုးစားအားထုတ်မှုများသည် ဆိုးသွမ်းမှုကိုပျောက်ကွယ်သွားအောင် မလုပ်ဆောင်နိုင်ပါ။ ဤလောက၏နိုင်ငံရေး၊ စီးပွားရေးနှင့် ဝတ်ပြုရေးအဖွဲ့အစည်းများသည် လူသားတို့၏အခြေခံလိုအပ်ရာဖြစ်သော ငြိမ်သက်မှု၊ သာတူညီမျှမှုနှင့် ကျန်းမာရေးတို့ကို တစ်ခါမျှမဖြည့်ဆည်းပေးခဲ့ချေ။ ၎င်းတို့သည် လူသားများယခုကြုံတွေ့နေရသည့် ကြီးမားသည့်ပြဿနာများကို ဖြေရှင်းနိုင်ဖို့နေနေသာသာ သာ၍ဆိုးစေခဲ့ကြသည်။ နှစ်ထောင်ချီကြာတည်ရှိခဲ့သော လူ့အုပ်ချုပ်ရေးသည် ဤစကားများမှန်ကန်ကြောင်းကို အသေအချာသက်သေထူခဲ့ပြီ– “လူသည် မိမိသွားရာလမ်းကိုအစိုးမရ။ သွားစဉ်အခါ မိမိခြေရာတို့ကို မစီရင်တတ်။” (ယေ. ၁၀:၂၃) မှန်ပါသည်၊ “အကျိုးပျက်အောင် တစ်ယောက်ကိုတစ်ယောက် အုပ်စိုး” ခဲ့ကြသည်။ (ဒေ. ၈:၉) ထို့ပြင် “ဤလောကတစ်နိုင်ငံလုံးသည် ယခုတိုင်အောင် တညီတညွတ်တည်းညည်းတွား၍ ဆင်းရဲခြင်းဝေဒနာကိုခံရသည်။”—ရော. ၈:၂၂

၉။ “နောက်ဆုံးသောနေ့ရက်များ” တွင် အဘယ်အခြေအနေများတွေ့မြင်ရမည်ဟု ခရစ်ယာန်များမျှော်လင့်ကြသနည်း။

ကျွန်ုပ်တို့ခေတ်နှင့်ပတ်သက်၍ သမ္မာကျမ်းစာ၌ ဤသို့ကြိုပြောထား၏– “နောက်ဆုံးသောနေ့ရက်များတွင် ခက်ခဲကျပ်တည်းသောကာလ ရောက်လာမည်။” [ကဘ] လူ့အုပ်ချုပ်ရေးအောက်ရှိ နောက်ဆုံးသောကာလအခြေအနေများကို ဖော်ပြပြီးနောက် ဤသို့ပရောဖက်ပြုဖော်ပြထား၏– “ဆိုးညစ်သောသူ၊ လှည့်ဖြားသောသူတို့မူကား၊ သူတစ်ပါးကိုလည်းကောင်း၊ ကိုယ်ကိုလည်းကောင်းလှည့်ဖြား၍ ဆိုးညစ်ခြင်း၌ တရွေ့ရွေ့တိုးပွားကြလိမ့်မည်။” (၂ တိမောသေ ၃:၁-၅၊ ၁၃ ကိုဖတ်ပါ။) ခရစ်ယာန်များ ထိုသို့မျှော်လင့်ရသည့်အကြောင်းမှာ ‘လောကသားအပေါင်းတို့သည် စာတန်၏လက်၌ရှိကြ’ သောကြောင့်ဖြစ်သည်။ (၁ ယော. ၅:၁၉) သို့သော် မကြာမီ ဘုရားသခင်သည် မိမိအားချစ်မြတ်နိုးသူတို့ကို ကယ်နုတ်တော့မည်ဖြစ်၍ သတင်းကောင်းဖြစ်သည်။ ထိုသူတို့သည် ဆိုးသွမ်းမှုနွံထဲနစ်သည်ထက်နစ်နေသည့် ဤလောကထဲမှ ကယ်နုတ်ခံရမည်ဖြစ်သည်။

ကယ်နုတ်ခံရရန် ယုံကြည်စိတ်ချရသည့် တစ်ခုတည်းသောရင်းမြစ်

၁၀။ ယေဟောဝါသည် ယုံကြည်စိတ်ချရသော ကယ်နုတ်တော်မူမည့် တစ်ခုတည်းသောရင်းမြစ် အဘယ်ကြောင့် ဖြစ်သနည်း။

၁၀ သတင်းကောင်းကို သင်ဟောပြောစဉ် ယေဟောဝါသည် ယုံကြည်စိတ်ချရသော ကယ်နုတ်တော်မူမည့် တစ်ခုတည်းသောရင်းမြစ်ဖြစ်ကြောင်း ထောက်ပြပါ။ ကိုယ်တော်တစ်ပါးတည်းသာ မိမိ၏ကျေးကျွန်များကို ဆိုးသွမ်းသောအခြေအနေမှ ကယ်နုတ်ရန်တန်ခိုးရှိပြီး ကယ်နုတ်ရန်အလိုရှိသည်။ (တ. ၄:၂၄၊ ၃၁; ဗျာ. ၄:၁၁) ယေဟောဝါသည် မိမိလူမျိုးကို အစဉ်ကယ်နုတ်မည်ဖြစ်ပြီး ကိုယ်တော်၏ရည်ရွယ်တော်မူချက်များ အစဉ်ပြည့်စုံစေမည်ဖြစ်ကြောင်း ကျွန်ုပ်တို့ ယုံကြည်စိတ်ချနိုင်သည်၊ အကြောင်းမှာ “ငါကြံစည်သည်အတိုင်းဖြစ်၍ ငါစီရင်ချက်လည်း တည်ရလိမ့်မည်” ဟုကိုယ်တော်ကျိန်ဆိုခဲ့၍ဖြစ်သည်။ ကိုယ်တော်မြွက်ဆိုချက်သည် “အကျိုးမရှိဘဲ [ကိုယ်တော့်] ထံသို့ မပြန်ရ။”—ဟေရှာယ ၁၄:၂၄၊ ၂၅; ၅၅:၁၀၊ ၁၁ တို့ကိုဖတ်ပါ။

၁၁၊ ၁၂။ ဘုရားသခင်သည် မိမိ၏ကျေးကျွန်များကို အဘယ်အာမခံချက် ပေးထားသနည်း။

၁၁ ယေဟောဝါသည် လူဆိုးတို့ကို သုတ်သင်စီရင်ချိန်တွင် မိမိ၏ကျေးကျွန်များကို ကယ်နုတ်မည်ဖြစ်ကြောင်း အာမခံထားသည်။ ကြီးလေးသောအပြစ်ကျူးလွန်သူများအား ရဲရင့်စွာသတိပေးရန် ပရောဖက်ယေရမိကို ဘုရားသခင် စေလွှတ်ခဲ့ချိန်က “မကြောက်နှင့်” ဟု မိန့်တော်မူခဲ့သည်။ အဘယ်ကြောင့်နည်း။ “သင့်ကိုကယ်နုတ်ခြင်းငှာ သင်နှင့်အတူငါရှိ” သောကြောင့်ဖြစ်သည်။ (ယေ. ၁:၈) အလားတူပင် ယေဟောဝါသည် ဆိုးသွမ်းသောသောဒုံနှင့် ဂေါမောရမြို့ကို ဖျက်ဆီးခါနီးတွင် ထိုဒေသမှလုံခြုံစွာထွက်သွားစေရန် လောတနှင့် သူ့မိသားစုကိုစောင့်ကြပ်ဖို့ ကောင်းကင်တမန်နှစ်ပါးကို စေလွှတ်ခဲ့သည်။ ထို့နောက် ‘ယေဟောဝါသည် . . . သောဒုံမြို့နှင့်ဂေါမောရမြို့အပေါ်သို့ ကန့်နှင့်မီးမိုးကို ရွာစေတော်မူ၏။’—က. ၁၉:၁၅၊ ၂၄၊ ၂၅

၁၂ ကမ္ဘာချီအတိုင်းအတာဖြစ်သည့်တိုင် ယေဟောဝါ၏အလိုတော်ဆောင်သူတို့ကို ကိုယ်တော်ကယ်နုတ်နိုင်တော်မူ၏။ ရေလွှမ်းမိုးခြင်းအားဖြင့် ရှေးခေတ်ဆိုးသွမ်းသောလောကကို ကိုယ်တော်ဖျက်ဆီးခဲ့ချိန်က ကိုယ်တော်သည် “ဖြောင့်မတ်ခြင်းတရားကိုဟောသောနောဧနှင့် လူခုနစ်ယောက်တို့ကို စောင့်မတော်” မူခဲ့၏။ (၂ ပေ. ၂:၅) ယေဟောဝါသည် လက်ရှိဆိုးသွမ်းသောလောကကို ဖျက်ဆီးချိန်တွင် ဖြောင့်မတ်သူတို့ကို ကိုယ်တော် တစ်ဖန်ကယ်နုတ်တော်မူမည်။ သို့ဖြစ်၍ ကိုယ်တော့်နှုတ်မြွက်တော်တွင် ဤသို့ဆို၏– ‘စိတ်နှိမ့်ချသောပြည်သူပြည်သားအပေါင်းတို့ ယေဟောဝါကို ရှာကြလော့။ ဖြောင့်မတ်ခြင်းနှင့် စိတ်နှိမ့်ချခြင်းကိုလည်းရှာကြလော့။ ယေဟောဝါအမျက်ထွက်တော်မူသောနေ့၌ သင်တို့သည် ပုန်းရှောင်ရာကို တွေ့ကောင်းတွေ့ကြလိမ့်မည်။’ (ဇေ. ၂:၃) ယင်းသို့ ကမ္ဘာချီဖျက်ဆီးခြင်းကြောင့် ‘ဖြောင့်မတ်သောသူတို့သည် ပြည်တော်၌နေ၍ လူဆိုးတို့မူကား ပြည်တော်မှပယ်ရှင်းခြင်းကို ခံရကြလိမ့်မည်။’—သု. ၂:၂၁၊ ၂၂

၁၃။ သေဆုံးသွားပြီဖြစ်သော ယေဟောဝါ၏ကျေးကျွန်များသည် မည်သို့ကယ်နုတ်ခံရကြမည်နည်း။

၁၃ သို့သော် ဘုရားသခင့်ကျေးကျွန်များစွာသည် ဖျားနာမှု၊ ညှဉ်းပန်းနှိပ်စက်မှုနှင့် အခြားသောအကြောင်းများကြောင့် သေဆုံးသွားခဲ့ကြသည်။ (မ. ၂၄:၉) သို့ဖြစ်၍ ထိုသူတို့သည် မည်သို့ကယ်နုတ်ခံရကြမည်နည်း။ အစပိုင်းတွင်သိရှိခဲ့ပြီးဖြစ်သည်အတိုင်း “ဖြောင့်မတ်သောသူ . . . တို့သည် သေခြင်းမှထမြောက်ကြလိမ့်မည်။” (တ. ၂၄:၁၅) မိမိကျေးကျွန်များကို ယေဟောဝါကယ်နုတ်သည်ကို မည်သည့်အရာကမျှ မတားဆီးနိုင်ကြောင်းသိရခြင်းက အလွန်နှစ်သိမ့်မှုဖြစ်စေသည်။

ဖြောင့်မတ်သောအုပ်စိုးမှု

၁၄။ ဘုရားသခင့်နိုင်ငံတော်သည် ဖြောင့်မတ်သောအုပ်စိုးမှုတစ်ခုဖြစ်ကြောင်း ကျွန်ုပ်တို့ အဘယ်ကြောင့် ယုံကြည်စိတ်ချကြသနည်း။

၁၄ သင်ဓမ္မအမှုဆောင်သည့်အခါ ယေဟောဝါ၏ကောင်းကင်နိုင်ငံတော်သည် ဖြောင့်မတ်သောအုပ်စိုးမှုတစ်ခုဖြစ်ကြောင်း ရှင်းပြနိုင်သည်။ ယင်းသည် တရားမျှတခြင်း၊ ဖြောင့်မတ်ခြင်း၊ မေတ္တာကဲ့သို့သော ဘုရားသခင်၏ ကောင်းမြတ်လှသော အရည်အသွေးများကို ထင်ဟပ်ပြမည်ဖြစ်သောကြောင့်တည်း။ (တရား. ၃၂:၄; ၁ ယော. ၄:၈) ဘုရားသခင်သည် ကိုယ်တော်၏နိုင်ငံတော်ကို မြေကြီးကိုအုပ်ချုပ်ရန် အရည်အချင်းအပြည့်ဝဆုံးသူဖြစ်သော ယေရှုခရစ်လက်ထဲအပ်ထားသည်။ ယေဟောဝါသည် ဘိသိက်ပေးခံရသူ ခရစ်ယာန် ၁၄၄,၀၀၀ ကိုမြေကြီးမှရွေးချယ်ပြီး ကောင်းကင်အသက်တာသို့ ထမြောက်စေကာ ခရစ်တော်၏တွဲဖက်အမွေခံများအဖြစ် မြေကြီးနှင့်ဆိုင်သော အရေးကိစ္စများကို စီမံခန့်ခွဲရန်လည်း ရည်ရွယ်ထားတော်မူသည်။—ဗျာ. ၁၄:၁-၅

၁၅။ ဘုရားသခင့်နိုင်ငံတော်အုပ်စိုးမှုနှင့် လူသားအုပ်စိုးမှု၏ခြားနားချက်ကို ဖော်ပြပါ။

၁၅ ယေရှုနှင့် ၁၄၄,၀၀၀ တို့၏အုပ်စိုးမှုသည် မစုံလင်သောလူသားတို့၏အုပ်စိုးမှုနှင့် အလွန်ကွာခြားမည်။ ဤအစီအစဉ်စနစ်၏ အုပ်စိုးရှင်များသည် ရက်စက်ကြမ်းကြုတ်လေ့ရှိကြပြီး မိမိတို့၏လက်အောက်ခံများကို သန်းနှင့်ချီအသက်ဆုံးရှုံးစေသည့် စစ်ပွဲများအတွင်း ပို့ဆောင်ခဲ့ကြသည်။ သမ္မာကျမ်းစာက “မကယ်တင်နိုင်သော” လူသားကို မကိုးစားဖို့ ကျွန်ုပ်တို့ကို ဆုံးမထားသည်မှာ အံ့အားသင့်စရာမဟုတ်ပါ။ (ဆာ. ၁၄၆:၃) သို့သော် ခရစ်တော်သည် ကိုယ်တော်၏မေတ္တာအရည်အသွေးနှင့်အညီ အုပ်စိုးမည်ဖြစ်သည်။ “ဝန်လေး၍ပင်ပန်းသောသူအပေါင်းတို့၊ ငါ့ထံသို့လာကြလော့။ ငါသည်ချမ်းသာပေးမည်။ ငါ့ထမ်းပိုးကိုတင်၍ထမ်းကြလော့။ ငါ့ထံ၌နည်းခံကြလော့။ ငါသည် နူးညံ့သိမ်မွေ့နှိမ့်ချသော စိတ်သဘောရှိ၏။ သင်တို့စိတ်နှလုံးသည် သက်သာခြင်းကိုရလိမ့်မည်။ အကြောင်းမူကား၊ ငါ့ထမ်းပိုးသည် ထမ်းလွယ်၏။ ငါ့ဝန်လည်းပေါ့၏” ဟုယေရှုမိန့်တော်မူခဲ့သည်။—မ. ၁၁:၂၈-၃၀

နောက်ဆုံးသောနေ့ရက်များ မကြာမီ ကုန်ဆုံးတော့မည်!

၁၆။ နောက်ဆုံးသောနေ့ရက်များ မည်သို့အဆုံးသတ်မည်နည်း။

၁၆ ၁၉၁၄ ခုနှစ်မှစ၍ ဤလောကသည် နောက်ဆုံးသောနေ့ရက်များ သို့မဟုတ် ‘ဤလောကစနစ်၏နိဂုံးပိုင်း’ တွင်ရောက်ရှိနေပြီဖြစ်သည်။ (မ. ၂၄:၃) မကြာမီ ‘ကြီးစွာသောဆင်းရဲခြင်းဘေး’ ဟုယေရှုခေါ်ဆိုခဲ့သည့်အရာ ဖြစ်ပျက်လာတော့မည်။ (မဿဲ ၂၄:၂၁ ကိုဖတ်ပါ။) ခိုင်းနှိုင်းပြစရာရှိမည်မဟုတ်သော ဆင်းရဲခြင်းဘေးသည် စာတန့်လောကတစ်ခုလုံးကို အဆုံးတိုင်စေမည်။ သို့သော် ကြီးစွာသောဆင်းရဲခြင်းဘေး မည်သို့စတင်မည်နည်း။ မည်သို့ပြီးဆုံးမည်နည်း။

၁၇။ ကြီးစွာသောဆင်းရဲခြင်းဘေးစတင်ခြင်းနှင့်ပတ်သက်၍ သမ္မာကျမ်းစာ၌ အဘယ်အရာဖော်ပြထားသနည်း။

၁၇ ကြီးစွာသောဆင်းရဲခြင်းဘေးသည် ရုတ်တရက်ဖြစ်လာမည်။ မှန်ပါသည်၊ “ငြိမ်ဝပ်ခြင်းရှိ၏၊ ဘေးအန္တရာယ်နှင့်ကင်းလွတ်၏ဟုဆိုစဉ်တွင်” ‘ယေဟောဝါ၏နေ့’ ရုတ်တရက်ဖြစ်လာမည်။ (၁ သက်သာလောနိတ် ၅:၂၊ ၃ ကိုဖတ်ပါ။) တိုင်းနိုင်ငံများက မိမိတို့၏ကြီးလေးသောပြဿနာတချို့ ဖြေရှင်းပြီးလုပြီဟု ထင်မှတ်ချိန်တွင် ကြိုဟောထားသောဆင်းရဲခြင်းဘေး စတင်လာမည်။ ကမ္ဘာ့အယူမှားဘာသာရေးအင်ပါယာဖြစ်သော ‘မဟာဗာဗုလုန်’ ရုတ်တရက်ပျက်စီးခြင်းသည် ဤလောကကို အံ့အားသင့်စေမည်။ မဟာဗာဗုလုန်အား သုတ်သင်စီရင်သည့်အခါ ရှင်ဘုရင်များနှင့် အခြားသူတို့သည် အံ့အားသင့်ကြမည်။—ဗျာ. ၁၇:၁-၆၊ ၁၈; ၁၈:၉၊ ၁၀၊ ၁၅၊ ၁၆၊ ၁၉

၁၈။ ယေဟောဝါသည် မိမိလူမျိုးအား စာတန်တိုက်ခိုက်လာမှုကို မည်သို့တုံ့ပြန်မည်နည်း။

၁၈ အရေးကြီးသည့် ထိုအချိန်တွင် ‘နေ၊ လ၊ ကြယ်နက္ခတ်တို့၌ နိမိတ်’ နှင့် “လူသား၏နိမိတ်လက္ခဏာသည် ကောင်းကင်၌ထင်ရှား” မည်။ သို့ဖြစ်၍ ကျွန်ုပ်တို့သည် ‘ကျွန်ုပ်တို့ကိုရွေးနုတ်သောအချိန်ကာလ ရောက်လုနီးသည်ကိုထောက်သဖြင့် မျှော်ကြည့်၍ခေါင်းကိုကြွ’ နိုင်ကြမည်။ (လု. ၂၁:၂၅-၂၈; မ. ၂၄:၂၉၊ ၃၀) စာတန် သို့မဟုတ် ဂေါဂသည် မိမိ၏အင်အားစုကို ဘုရားသခင့်လူမျိုးဘက်သို့ ဦးလှည့်မည်ဖြစ်သည်။ သို့သော် ယေဟောဝါ၏ကျေးကျွန်များအား စာတန်တိုက်ခိုက်ခြင်းနှင့်ပတ်သက်၍ ကိုယ်တော်ဤသို့ဆိုထား၏– “သင်တို့ကိုထိသောသူသည် မျက်ဆန်တော်ကိုထိသောသူဖြစ်၏။” (ဇာ. ၂:၈) သို့ဖြစ်၍ ဘုရားသခင့်ကျေးကျွန်များအား ဖျက်ဆီးရန် စာတန်၏ကြိုးစားမှုသည် အောင်မြင်မည်မဟုတ်ပါ။ အဘယ်ကြောင့်နည်း။ စကြဝဠာပိုင်သအုပ်စိုးရှင် ယေဟောဝါသည် မိမိကျေးကျွန်များကိုကယ်နုတ်ရန် ချက်ချင်းအရေးယူဆောင်ရွက်မည်ဖြစ်သောကြောင့်ပင်။—ယေဇ. ၃၈:၉၊ ၁၈

၁၉။ ဘုရားသခင့် လက်မရွံ့အာဏာသားတို့သည် စာတန့်စနစ်ကို ဖျက်ဆီးမည်ဖြစ်ကြောင်း ကျွန်ုပ်တို့ အဘယ်ကြောင့် ယုံကြည်စိတ်ချနိုင်သနည်း။

၁၉ တိုင်းနိုင်ငံများကို ဘုရားသခင်အရေးယူဆောင်ရွက်သည့်အခါ ‘ကိုယ်တော်သည် ယေဟောဝါဖြစ်ကြောင်း သူတို့သိရကြလိမ့်မည်။’ (ယေဇ. ၃၆:၂၃) ကိုယ်တော်သည် မြေကြီးပေါ်ကျန်ကြွင်းနေသေးသည့် စာတန့်အစီအစဉ်စနစ်ကိုဖျက်ဆီးရန် ကိုယ်တော်၏ လက်မရွံ့အာဏာသားများ—ခရစ်တော်ယေရှုဦးစီးမှုအောက်ရှိ မြောက်မြားလှသော ကောင်းကင်တမန်များ—ကိုစေလွှတ်တော်မူမည်။ (ဗျာ. ၁၉:၁၁-၁၉) တစ်ခါက ကောင်းကင်တမန်တစ်ပါးသည် တစ်ညတည်းတွင် ဘုရားသခင်၏ရန်သူ “လူတစ်သိန်းရှစ်သောင်းငါးထောင်တို့ကို ဒဏ်ခတ်” ခဲ့ကြောင်းအမှတ်ရမည်ဆိုလျှင် ကြီးစွာသောဆင်းရဲခြင်းဘေးသည် အာမဂေဒုန်၌အထွတ်အထိပ်ရောက်နေစဉ် ကောင်းကင်ဗိုလ်ခြေတို့သည် မြေကြီးပေါ်ရှိ စာတန်၏အစီအစဉ်အစအနရှိသမျှကို အလွယ်တကူဖျက်ဆီးမည်ဖြစ်ကြောင်း ကျွန်ုပ်တို့ ယုံကြည်စိတ်ချနိုင်ပါသည်။ (၄ ရာ. ၁၉:၃၅; ဗျာ. ၁၆:၁၄၊ ၁၆) စာတန်နှင့် သူ၏နတ်ဆိုးများသည် တွင်းနက်ကြီးထဲတွင် အနှစ်တစ်ထောင် ချုပ်နှောင်ခံရမည်။ နောက်ဆုံးတွင် သူတို့ကိုဖျက်ဆီးမည်။—ဗျာ. ၂၀:၁-၃

၂၀။ ဘုရားသခင့်နိုင်ငံတော်အားဖြင့် ယေဟောဝါသည် အဘယ်အရာကို ပြီးမြောက်စေမည်နည်း။

၂၀ သို့ဖြင့် မြေကြီးသည် ဆိုးသွမ်းမှုမရှိ သန့်စင်သွားမည်ဖြစ်ပြီး ဖြောင့်မတ်သောလူသားများသည် ဤကမ္ဘာပေါ်တွင် ထာဝစဉ်နေထိုင်သွားမည်။ ယေဟောဝါသည် ကြီးမြတ်သောကယ်နုတ်ရှင်ဖြစ်ကြောင်း သက်သေထူမည်။ (ဆာ. ၁၄၅:၂၀) ဘုရားသခင့်နိုင်ငံတော်အားဖြင့် ကိုယ်တော်၏ပိုင်သအုပ်စိုးမှု သံသယကင်းရှင်းမည်ဖြစ်ပြီး ကိုယ်တော်၏သန့်ရှင်းသောနာမတော် သန့်ရှင်းမြင့်မြတ်ခြင်းရှိမည်ဖြစ်ကာ မြေကြီးနှင့်ပတ်သက်၍ ကောင်းမြတ်လှသော ကိုယ်တော်၏ရည်ရွယ်တော်မူချက် ပြည့်စုံမည်။ သင်သည် ဓမ္မအမှုတွင် သတင်းကောင်းကိုကြွေးကြော်ပြီး “ထာဝရအသက်ကို တလိုတလားရှိသူ” တို့အား ရောက်ရှိလာတော့မည့် ဘုရားသခင့်နိုင်ငံတော်အားဖြင့် ကယ်နုတ်ခံရမည်အကြောင်းသိစေဖို့ အကူအညီပေးနေစဉ် ကြီးစွာသောရွှင်လန်းမှုကို ခံစားရပါစေ။—တ. ၁၃:၄၈ကဘ။

သင်မှတ်မိသလော

• ယေရှုသည် ဘုရားသခင့်နိုင်ငံတော်၏အရေးကြီးမှုကို မည်သို့ပေါ်လွင်စေခဲ့သနည်း။

• ယခုအချိန်သည် အခြားမည်သည့်အချိန်ထက်မဆို ကယ်နုတ်ခံရရန် အဘယ်ကြောင့်ပိုလိုအပ်သနည်း။

• ကြီးစွာသောဆင်းရဲခြင်းဘေးအတွင်း အဘယ်အဖြစ်အပျက်များကို ကျွန်ုပ်တို့ မျှော်လင့်နိုင်သနည်း။

• ယေဟောဝါသည် ကြီးမြတ်သောကယ်နုတ်ရှင်ဖြစ်ကြောင်း မည်သို့သက်သေထူသနည်း။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၁၂၊ ၁၃ ပါပုံစာ]

ကျွန်ုပ်တို့ခေတ်တွင် အကြီးမားအကျယ်ပြန့်ဆုံးသော ဟောပြောခြင်းလုပ်ငန်းရှိမည်ဖြစ်ကြောင်း ဘုရားသခင့် နှုတ်မြွက်စကားတော်၌ ကြိုဟောထား

[စာမျက်နှာ ၁၅ ပါပုံစာ]

ယေဟောဝါသည် နောဧနှင့်သူ့မိသားစုကို ကယ်နုတ်ခဲ့သကဲ့သို့ ကျွန်ုပ်တို့ကိုလည်း ကယ်နုတ်နိုင်

[စာမျက်နှာ ၁၆ ပါပုံစာ]

ယေဟောဝါသည် “မျက်ရည်ရှိသမျှတို့ကို သုတ်တော်မူမည်။ နောက်တစ်ဖန် သေဘေးမရှိရ။”—ဗျာ. ၂၁:၄