မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“ဘုရားသခင်ကိုကြောက်ရွံ့၍ သန့်ရှင်းခြင်း” ကို မီအောင်လိုက်ကြလော့

“ဘုရားသခင်ကိုကြောက်ရွံ့၍ သန့်ရှင်းခြင်း” ကို မီအောင်လိုက်ကြလော့

“ဘုရားသခင်ကိုကြောက်ရွံ့၍ သန့်ရှင်းခြင်း” ကို မီအောင်လိုက်ကြလော့

ယေဟောဝါဘုရားသခင်သည် အလွန့်အလွန်သန့်ရှင်းမြင့်မြတ်တော်မူကြောင်း သမ္မာကျမ်းစာက ဤသို့ဖော်ပြသည်– “ထာဝရအရှင်ဘုရားသခင်သည် သန့်ရှင်းတော်မူ၏။ သန့်ရှင်းတော်မူ၏။ သန့်ရှင်းတော်မူ၏။” (ဟေရှာ. ၆:၃; ဗျာ. ၄:၈) “သန့်ရှင်းခြင်း” အတွက် ဟေဗြဲနှင့် ဂရိစကားလုံးသည် ညစ်ညမ်းမှုမှ သီးခြားဖြစ်သည့် သန့်ရှင်းစင်ကြယ်ခြင်း သို့မဟုတ် ဘာသာရေးဘက်စင်ကြယ်ခြင်းအဓိပ္ပာယ်ကို ဆောင်သည်။ ဘုရားသခင်၏သန့်ရှင်းခြင်းသည် ကိုယ်တော်၏အကြွင်းမဲ့ကိုယ်ကျင့်တရားစုံလင်မှုကို ရည်ညွှန်းပြီး ယင်းကို မရှိမဖြစ်လိုအပ်သောအရာအဖြစ် ကိုယ်တော်ရှုမြင်တော်မူ၏။

သန့်ရှင်းတော်မူသောဘုရားသခင် ယေဟောဝါသည် ကိုယ်တော်အားဝတ်ပြုကိုးကွယ်သူတို့ကို ကာယရေးအပြင် ကိုယ်ကျင့်တရားနှင့် ဝိညာဉ်ရေးတို့တွင် သန့်ရှင်းကြရန် မျှော်လင့်မည်မဟုတ်ပေလော။ ယေဟောဝါသည် မိမိလူမျိုးကို သန့်ရှင်းစေလိုကြောင်း သမ္မာကျမ်းစာက ရှင်းရှင်းလင်းလင်းဖော်ပြသည်။ ၁ ပေတရု ၁:၁၆ တွင် ကျွန်ုပ်တို့ဤသို့ဖတ်ရသည်– “ငါသည်သန့်ရှင်းတော်မူသောကြောင့် သင်တို့သည်လည်း သန့်ရှင်းခြင်းရှိကြလော့။” မစုံလင်သောလူသားများသည် ယေဟောဝါ၏သန့်ရှင်းခြင်းကို အမှန်တကယ်တုပနိုင်သလော။ တုပနိုင်ပါသည်၊ သို့သော် အပြည့်အဝဆုံးသဘောနှင့်တော့ မဟုတ်ပါ။ ကျွန်ုပ်တို့သည် သန့်ရှင်းသည့်ဝိညာဉ်ရေးအခြေအနေတွင် ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ပြီး ကိုယ်တော်နှင့်ရင်းနှီးသောဆက်ဆံရေးရှိကြမည်ဆိုလျှင် ကျွန်ုပ်တို့ကို သန့်ရှင်းသည်ဟု ကိုယ်တော်ယူမှတ်ပါလိမ့်မည်။

သို့ဆိုလျှင် ကိုယ်ကျင့်တရားမသန့်ရှင်းသော ဤလောကတွင် သန့်ရှင်းခြင်းကို မည်သို့ထိန်းသိမ်းနိုင်သနည်း။ အဘယ်အကျင့်များကို ကျွန်ုပ်တို့ရှောင်ကြဉ်သင့်သနည်း။ အပြုအမူအပြောအဆိုတို့တွင် အဘယ်ပြောင်းလဲမှုများကို ကျွန်ုပ်တို့ပြုလုပ်ဖို့လိုသနည်း။ ဤကိစ္စနှင့်ပတ်သက်၍ ဘီစီ ၅၃၇ တွင် ဗာဗုလုန်မှ မိမိတို့နေရင်းပြည်သို့ပြန်လာခဲ့ကြသော ဂျူးများအား ဘုရားသခင်တောင်းဆိုသည့်အရာမှ ကျွန်ုပ်တို့သင်ယူနိုင်သည့်အရာကို လေ့လာကြည့်ကြစို့။

‘သန့်ရှင်းရာလမ်း ရှိလိမ့်မည်’

ဗာဗုလုန်တွင်ပြည်နှင်ဒဏ်ခံနေရသော မိမိလူမျိုးတော်သည် သူတို့၏နေရင်းပြည်ကို ပြန်လည်ထူထောင်မည်ဖြစ်ကြောင်း ယေဟောဝါကြိုဟောခဲ့သည်။ ပြန်လည်ထူထောင်ခြင်းပရောဖက်ပြုချက်တွင် ဤအာမခံချက်ပါဝင်သည်– “ထိုအရပ်၌ လမ်းမကြီးရှိလိမ့်မည်။ ထိုလမ်းကို သန့်ရှင်းရာလမ်းဟု သမုတ်ကြလိမ့်မည်။” (ဟေရှာ. ၃၅:၈က) ဤစကားက ယေဟောဝါသည် ဂျူးလူမျိုးတို့ နေရင်းပြည်သို့ပြန်ရန် လမ်းဖွင့်ပေးရုံသာမက သူတို့၏ခရီးစဉ်တစ်လျှောက်တွင် ကိုယ်တော်ကာကွယ်ပေးမည်ကိုလည်း စိတ်ချစေခဲ့ကြောင်း ဖော်ပြသည်။

ယေဟောဝါသည် မြေကြီးပေါ်ရှိ မျက်မှောက်ခေတ် မိမိကျေးကျွန်များအတွက် ကမ္ဘာ့အယူမှားဝတ်ပြုရေးအင်ပါယာဖြစ်သော မဟာဗာဗုလုန်မှ လွတ်မြောက်စေသည့် “သန့်ရှင်းရာလမ်း” ကို ဖွင့်ပေးတော်မူခဲ့သည်။ ဘိသိက်ပေးခံရသောခရစ်ယာန်များကို ၁၉၁၉ ခုနှစ်တွင် မှားယွင်းသောဝတ်ပြုရေးအနှောင်အဖွဲ့မှ လွတ်မြောက်စေခဲ့ပြီး သူတို့သည် သူတို့၏ဝတ်ပြုကိုးကွယ်မှုမှ မှားသောသွန်သင်ချက်ရှိသမျှကို တဖြည်းဖြည်းသန့်စင်ခဲ့ကြသည်။ ယနေ့ ယေဟောဝါကို ဝတ်ပြုကိုးကွယ်သူများအနေနှင့် ကျွန်ုပ်တို့သည် သန့်ရှင်းပြီး ငြိမ်သက်သောဝိညာဉ်ရေးဝန်းကျင်တွင် ပျော်မွေ့ကြသည်၊ ယင်းတွင် ယေဟောဝါကို ဝတ်ပြုကိုးကွယ်နိုင်ပြီး ကိုယ်တော်နှင့်လည်းကောင်း၊ လူလူချင်းနှင့်လည်းကောင်း ငြိမ်းချမ်းသောဆက်ဆံရေးရှိကြသည်။

ဘိသိက်ပေးခံရသောခရစ်ယာန်များဖြင့်ဖွဲ့စည်းထားသည့် “သိုးစုငယ်” အဖွဲ့ဝင်များနှင့် “အခြားသိုး” မှ တိုးများလာနေသော “လူအုပ်ကြီး” တို့သည် သန့်ရှင်းရာလမ်းတွင် လျှောက်လှမ်းရန် ရွေးချယ်ခဲ့ကြပြီး မိမိတို့နှင့်ပူးပေါင်းလာကြရန် အခြားသူများကို ဖိတ်ခေါ်နေကြသည်။ (လု. ၁၂:၃၂; ဗျာ. ၇:၉; ယော. ၁၀:၁၆) “သန့်ရှင်းရာလမ်း” သည် “အသက်ရှင်သော၊ သန့်ရှင်းသော၊ ဘုရားသခင်လက်ခံဖွယ်သော ယဇ်တည်းဟူသော မိမိတို့၏ခန္ဓာကိုယ်ကို ဆက်သ” လိုကြသူအားလုံးအတွက် ပွင့်လျက်ရှိသည်။—ရော. ၁၂:၁ကဘ။

“မစင်ကြယ်သောသူသည် ထိုလမ်းကိုမလျှောက်မသွားရ”

ဘီစီ ၅၃၇ တွင် ပြည်တော်ပြန်ဂျူးတို့သည် အရေးကြီးသောတောင်းဆိုချက်တစ်ခုကို ပြည့်မီရန်လိုသည်။ ထို “သန့်ရှင်းရာလမ်း” တွင်လျှောက်လှမ်းရန် အရည်အချင်းပြည့်မီသူတို့နှင့်ပတ်သက်၍ ဟေရှာယ ၃၅:၈ခ [သမ္မာ] တွင်ဤသို့ဖော်ပြသည်– “မစင်ကြယ်သောသူသည် ထိုလမ်းကိုမရှောက်မသွားရ။ မိုက်သောသူလည်း မလှည့်လည်ရ။” ယေရုရှလင်မြို့သို့ ဂျူးများပြန်လာသည့်ရည်ရွယ်ချက်မှာ စင်ကြယ်သောဝတ်ပြုရေးပြန်လည်တည်ထောင်ရန်ဖြစ်သောကြောင့် တစ်ကိုယ်ကောင်းစိတ်ရှိသူများ၊ မြင့်မြတ်သောအရာများကို လေးမြတ်စိတ်မရှိသူများ သို့မဟုတ် ဝိညာဉ်ရေးတွင် မသန့်ရှင်းသူများအတွက် နေရာရှိမည်မဟုတ်ချေ။ ပြည်တော်ပြန်များသည် ယေဟောဝါ၏မြင့်မားသောကျင့်ဝတ်စံနှုန်းများကို ထိန်းသိမ်းရန် လိုအပ်သည်။ ယနေ့ ဘုရားသခင့်မျက်နှာသာရလိုသူတို့သည် အလားတူတောင်းဆိုချက်ကို ပြည့်မီရန်လို၏။ သူတို့သည် “ဘုရားသခင်ကို ကြောက်ရွံ့၍ သန့်ရှင်းခြင်း” ကို မီအောင်လိုက်ကြရမည်။ (၂ ကော. ၇:၁) သို့ဆိုလျှင် အဘယ်မသန့်ရှင်းသောအကျင့်များကို ကျွန်ုပ်တို့ရှောင်ကြဉ်သင့်သနည်း။

“လူ့ဇာတိနှင့်ဆိုင်သော အကျင့်များသည် ထင်ရှားလျက်ရှိ၏။ ထိုအကျင့်များကား မတရားမေထုန်ပြုခြင်း၊ မသန့်ရှင်းခြင်း၊ အကျင့်ပျက်ခြင်း” တို့ဖြစ်သည်ဟု တမန်တော်ပေါလုရေးသားခဲ့သည်။ (ဂလ. ၅:၁၉ကဘ) မတရားမေထုန်ပြုခြင်းတွင် အိမ်ထောင်ရေးနှောင်ကြိုးပြင်ပတွင် လိင်အင်္ဂါများအသုံးပြုခြင်းပါဝင်သည့် လိင်မှုကိစ္စအားလုံးနှင့် သက်ဆိုင်သည်။ အကျင့်ပျက်ခြင်းတွင် “လိင်ပိုင်းတွင် စည်းကမ်းမရှိခြင်း၊ လိင်ပိုင်း ကိုယ်ကျင့်သိက္ခာမဲ့ခြင်း၊ အရှက်မရှိပြုမူခြင်း၊ ညစ်ညူးစွာကျင့်ခြင်း” တို့ပါဝင်သည်။ မတရားမေထုန်ပြုခြင်းနှင့် အကျင့်ပျက်ခြင်းတို့သည် ယေဟောဝါ၏သန့်ရှင်းခြင်းနှင့်ဆန့်ကျင်သည်မှာ ထင်ရှားသည်။ ထို့ကြောင့် ထိုသို့သောအရာများကို ဆက်ပြုကျင့်နေသူတို့သည် ခရစ်ယာန်အဖွဲ့အစည်းအဝင်ဖြစ်ခွင့်ရမည်မဟုတ်ချေ သို့မဟုတ် အဖွဲ့အစည်းမှ နှင်ထုတ်ခံရမည်ဖြစ်သည်။ “ညစ်ညူးသောအကျင့် အမျိုးမျိုးကို ငမ်းငမ်းတက်ကျင့်” သောအလွန်အကျွံညစ်ညမ်းမှုကို ပြုကျင့်သူတို့အတွက်လည်း အလားတူပင်ဖြစ်သည်။—ဧ. ၄:၁၉ကဘ။

“မသန့်ရှင်းခြင်း” ဟူသည့်အသုံးအနှုန်းတွင် အပြစ်အမျိုးမျိုး အကျုံးဝင်သည်။ ယင်းကို ဂရိစကားလုံးတွင် အပြုအမူ၊ အပြောအဆို၊ ဝိညာဉ်ရေးဆက်ဆံမှုများနှင့်ဆိုင်သော မစင်ကြယ်မှု သို့မဟုတ် မည်သည့်မသန့်ရှင်းမှုကိုမဆို ရည်ညွှန်းသည်။ ယင်းတွင် တရားရေးအရ အရေးယူရန် အကြောင်းခိုင်လုံမည်မဟုတ်သည့် မသန့်ရှင်းသောအကျင့်များ အတိုင်းအတာတစ်ခုအထိ ပါဝင်သည်။ * သို့သော် ထိုသို့သောမသန့်ရှင်းသည့်အကျင့်များပြုကျင့်သူတို့သည် သန့်ရှင်းခြင်းလမ်းစဉ်ကို မီအောင်လိုက်လျှောက်နေကြသလော။

ခရစ်ယာန်တစ်ဦးသည် ညစ်ညမ်းရုပ်ပုံကို လျှို့ဝှက်စွာစတင်ကြည့်လာသည် ဆိုပါစို့။ ညစ်ညူးသောတပ်မက်မှုများ တဖြည်းဖြည်းဖြစ်ပေါ်လာပြီး ယေဟောဝါရှေ့မှောက် သန့်ရှင်းစွာနေမည်ဟူသော သူ၏သန္နိဋ္ဌာန်ကို ပျက်ပြားစေခဲ့သည်။ သူ၏အပြုအမူသည် အလွန်အကျွံညစ်ညမ်းသည့်အဆင့်ထိ မရောက်သေးသော်လည်း သူသည် ‘စင်ကြယ်သောအရာ၊ အသရေရှိသောအရာ၊ မွန်မြတ်သောအရာ၊ ချီးမွမ်းဖွယ်သောအရာရှိသမျှ’ တို့ကို ဆက်၍မသုံးသပ်တော့ပါ။ (ဖိ. ၄:၈ကဘ) ညစ်ညမ်းရုပ်ပုံသည် မသန့်ရှင်းသောအရာဖြစ်ပြီး ဘုရားသခင်နှင့်လူတစ်ဦး၏ဆက်ဆံရေးကို အမှန်ပင်ပျက်စီးစေနိုင်သည်။ ကျွန်ုပ်တို့သည် မည်သည့်မသန့်ရှင်းမှုကိုမဆို စကားနှင့်ပင် မပြောသင့်ပါ။—ဧ. ၅:၃

နောက်ဥပမာတစ်ခုကို သုံးသပ်ကြည့်ပါ။ ခရစ်ယာန်တစ်ဦးသည် ညစ်ညမ်းရုပ်ပုံကိုကြည့်၍ဖြစ်စေ၊ ရုပ်ပုံမပါဘဲဖြစ်စေ မိမိကိုယ်ကို တမင်တကာလိင်စိတ်နှိုးဆွသော တစ်ကိုယ်တည်းရာဂစိတ်ဖြေသည့်အကျင့်ရှိသည် ဆိုပါစို့။ “တစ်ကိုယ်တည်းရာဂစိတ်ဖြေခြင်း” ဟူသောအသုံးအနှုန်း သမ္မာကျမ်းစာတွင်မရှိသော်လည်း ယင်းသည် စိတ်ပိုင်းနှင့်စိတ်လှုပ်ရှားမှုတွင် ညစ်ညမ်းသောအကျင့်ဖြစ်သည်မှာ သေချာသည်။ ဤသို့သောညစ်ညမ်းမှုမျိုးကို လူတစ်ဦး ဆက်၍ပြုကျင့်နေခြင်းက ယေဟောဝါနှင့်သူ၏ဆက်ဆံရေးကို အကြီးအကျယ်ထိခိုက်စေမည်ဖြစ်ပြီး ဘုရားသခင့်အမြင်တွင် မသန့်ရှင်းသူဖြစ်စေမည်မဟုတ်လော။ တမန်တော်ပေါလု၏ ဤတိုက်တွန်းစကားကို နှလုံးသွင်းကြပါစို့– “ကိုယ်ခန္ဓာ၏အညစ်အကြေး၊ စိတ်ဝိညာဉ်၏အညစ်အကြေးရှိသမျှတို့နှင့် ကိုယ်ကိုကိုယ်ကင်းစင်စေ” ပြီး “မတရားသောမေထုန်၌မှီဝဲခြင်း၊ ညစ်ညူးစွာကျင့်ခြင်း၊ ကိလေသာပူပန်ခြင်း၊ ဆိုးညစ်သောတပ်မက်ခြင်း၊ . . . လောဘလွန်ကျူးခြင်းတည်းဟူသော မြေကြီးပေါ်မှာရှိသော [ကျွန်ုပ်တို့၏] ကိုယ်အင်္ဂါတို့ကို သေစေကြလော့။”—၂ ကော. ၇:၁; ကော. ၃:၅

စာတန်အုပ်ချုပ်သောဤလောကသည် မသန့်ရှင်းသောအပြုအမူကို လက်သင့်ခံသည့်အပြင် ယင်းကို အားပေးအားမြှောက်ပင် ပြု၏။ မသန့်ရှင်းသောအပြုအမူတွင်ပါဝင်ဖို့ သွေးဆောင်မှုကို ခုခံခြင်းသည် အလွန်ပင်ခက်ခဲနိုင်သည်။ သို့သော် စစ်မှန်သောခရစ်ယာန်များမူ ‘လူမျိုးခြားတို့သည် မိုက်မဲသော စိတ်သဘောနှင့် လျှောက်လှမ်းသည့်နည်းတူ လျှောက်လှမ်း၍’ မရပါ။ (ဧ. ၄:၁၇ကဘ) မသန့်ရှင်းသောအပြုအမူကို လူကွယ်ရာတွင်ရော သို့မဟုတ် အများရှေ့မှောက်တွင်ပါ ကျွန်ုပ်တို့ရှောင်ကြဉ်မှသာလျှင် ယေဟောဝါသည် ကျွန်ုပ်တို့အား “သန့်ရှင်းရာလမ်း” ပေါ်ဆက်လျှောက်လှမ်းခွင့်ပြုမည်ဖြစ်သည်။

“ထိုလမ်း၌ခြင်္သေ့မရှိရ”

အချို့သူတို့သည် သန့်ရှင်းသောဘုရားသခင် ယေဟောဝါ၏မျက်နှာသာရရန် အပြုအမူအပြောအဆိုတို့တွင် ကြီးမားသောပြောင်းလဲမှုများပြုလုပ်ရန် လိုပေမည်။ ဟေရှာယ ၃၅:၉ တွင်ဤသို့ဖော်ပြသည်– “သန့်ရှင်းရာလမ်း” ဖြစ်သော “ထိုလမ်း၌ ခြင်္သေ့မရှိရ။ သားရဲတစ်ကောင်မျှ မတက်မလာရ။” ပုံဆောင်သဘောအရပြောရလျှင် လုပ်ရပ်နှင့်အပြောအဆိုတွင် ကြမ်းတမ်းပြီး ရန်လိုတတ်သူတို့ကို သားရဲများနှင့်နှိုင်းယှဉ်နိုင်သည်။ သူတို့သည် ဘုရားသခင့်ဖြောင့်မတ်သောကမ္ဘာသစ်တွင် လုံးဝနေရာရမည်မဟုတ်။ (ဟေရှာ. ၁၁:၆; ၆၅:၂၅) ထို့ကြောင့် ဘုရားသခင့်မျက်နှာသာရလိုသူတို့သည် ထိုသို့သော လူမဆန်သည့်ပင်ကိုစရိုက်များကို စွန့်လွှတ်ကာ သန့်ရှင်းသောလမ်းစဉ်ကို မီအောင်လိုက်လျှောက်ရန် မရှိမဖြစ်လိုအပ်သည်။

သမ္မာကျမ်းစာက ကျွန်ုပ်တို့ကို ဤသို့တိုက်တွန်းသည်– “ခပ်သိမ်းသောစိတ်တိုခြင်း၊ စိတ်ဆိုးခြင်း၊ အမျက်ထွက်ခြင်း၊ အော်ဟစ်ငေါက်ငေါ်ခြင်း၊ သူ့အသရေပျက်အောင်ပြောဆိုခြင်းတို့ကိုလည်းကောင်း၊ ခပ်သိမ်းသောမနာလိုခြင်းကိုလည်းကောင်း သင်တို့မှပယ်ရှားကြလော့။” (ဧ. ၄:၃၁) ကောလောသဲ ၃:၈ တွင် ဤသို့ဖတ်ရသည်– “ထိုအမှုအလုံးစုံတို့ကိုလည်းကောင်း၊ အမျက်ထွက်ခြင်း၊ စိတ်ဆိုးခြင်း၊ မနာလိုခြင်း၊ သူ့အသရေပျက်အောင်ပြောဆိုခြင်း၊ ညစ်ညူးသောစကားကိုသုံးခြင်းတို့ကိုလည်းကောင်း သင်တို့နှုတ်မှပယ်ရှင်းကြလော့။” ဤအခန်းငယ်နှစ်ခုတွင် အသုံးပြုသော “သူ့အသရေပျက်အောင်ပြောဆိုခြင်း” ဟူသည့်အသုံးအနှုန်းသည် အခြေခံအားဖြင့် နာကြည်းစေသော၊ ဂုဏ်ငယ်စေသော သို့မဟုတ် ကဲ့ရဲ့ရှုတ်ချသောအပြောအဆိုကို ရည်ညွှန်းသည်။

ယနေ့အချိန်တွင် နာကြည်းစေသော၊ ညစ်ညမ်းသောအပြောအဆို အလွန်များလာသည်၊ အိမ်တွင်း၌ပင် ရှိသည်။ အိမ်ထောင်သည်မောင်နှံတို့သည် အချင်းချင်းနှင့်သော်လည်းကောင်း၊ သားသမီးများနှင့်သော်လည်းကောင်း ထိခိုက်နာကြည်းစေသော၊ ကြမ်းတမ်းသော သို့မဟုတ် ကဲ့ရဲ့ရှုတ်ချသောစကားများဖြင့် ပြောဆိုကြသည်။ ဤသို့စော်ကားပြောဆိုခြင်းသည် ခရစ်ယာန်အိမ်များတွင် မရှိသင့်ပေ။—၁ ကော. ၅:၁၁

“ဘုရားသခင်ကိုကြောက်ရွံ့၍ သန့်ရှင်းခြင်း” ကို မီအောင်လိုက်ခြင်း—ကောင်းချီးဖြစ်!

သန့်ရှင်းတော်မူသောဘုရားသခင် ယေဟောဝါ၏အမှုဆောင်ခြင်းသည် အခွင့်ထူးတစ်ရပ်ပင်! (ယောရှု ၂၄:၁၉) ယေဟောဝါ ကျွန်ုပ်တို့ကိုခေါ်ဆောင်လာခဲ့သည့် ဝိညာဉ်ရေးပရဒိသုသည် အလွန်တန်ဖိုးရှိသည်။ ယေဟောဝါ၏အမြင်တွင် ကျွန်ုပ်တို့၏အပြုအမူကို သန့်ရှင်းအောင်ထိန်းသိမ်းထားခြင်းသည် အကောင်းဆုံးအသက်တာလမ်းစဉ်ဖြစ်သည်။

အလွန်နီးကပ်သောအနာဂတ်တွင် ဘုရားသခင့်ကတိတော်ဖြစ်သော မြေကြီးပရဒိသု အမှန်တကယ်ရောက်ရှိလာတော့မည်။ (ဟေရှာ. ၃၅:၁၊ ၂၊ ၅-၇) ယင်းကို လိုချင်တောင့်တသူတို့နှင့် ဘုရားသခင့်ရေးရာလမ်းစဉ်ကို ဆက်၍မီအောင်လိုက်သူတို့သည် ထိုတွင်နေထိုင်ခွင့်ရခြင်းဖြင့် ကောင်းချီးခံစားရမည်။ (ဟေရှာ. ၆၅:၁၇၊ ၂၁) သို့ဖြစ်သောကြောင့် သန့်ရှင်းသည့်ဝိညာဉ်ရေးအခြေအနေတွင် ဘုရားသခင်ကို ဆက်၍ဝတ်ပြုကိုးကွယ်ပြီး ကိုယ်တော်နှင့်ရင်းနှီးသောဆက်ဆံရေးကို ထိန်းသိမ်းထားကြစို့။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 12 ‘အာသာငမ်းငမ်းတက်ကျင့်သည့် ညစ်ညမ်းမှု’ နှင့် “မသန့်ရှင်းခြင်း” တို့၏ ကွဲပြားခြားနားချက်များနှင့်ပတ်သက်သော ဆွေးနွေးချက်ကို ကင်းမျှော်စင် ဇူလိုင် ၁၅၊ ၂၀၀၆၊ စာမျက်နှာ ၂၉-၃၁ တွင်ကြည့်ပါ။

[စာမျက်နှာ ၂၆ ပါပုံစာ]

“သန့်ရှင်းရာလမ်း” ပေါ်လျှောက်လှမ်းရန် ဂျူးလူမျိုးများ အဘယ်အရာတောင်းဆိုခံခဲ့ရသနည်း

[စာမျက်နှာ ၂၇ ပါပုံစာ]

ညစ်ညမ်းရုပ်ပုံက ဘုရားသခင်နှင့်လူတစ်ဦး၏ဆက်ဆံရေးကို ပျက်စီးစေ

[စာမျက်နှာ ၂၈ ပါပုံစာ]

“အော်ဟစ်ငေါက်ငေါ်ခြင်း၊ သူ့အသရေပျက်အောင်ပြောဆိုခြင်းတို့ကို သင်တို့မှပယ်ရှားကြလော့”