မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင့်အသက်အရွယ်နုပျိုစဉ် ယေဟောဝါအမှုဆောင်ဖို့ ရွေးချယ်ပါလေ

သင့်အသက်အရွယ်နုပျိုစဉ် ယေဟောဝါအမှုဆောင်ဖို့ ရွေးချယ်ပါလေ

သင့်အသက်အရွယ်နုပျိုစဉ် ယေဟောဝါအမှုဆောင်ဖို့ ရွေးချယ်ပါလေ

“အထက်ကသင်၍ နှလုံးသွင်းမိသောအယူဝါဒ၌ တည်နေလော့။”—၂ တိ. ၃:၁၅

၁။ ယေဟောဝါသည် သက်သေခံလူငယ်လေးများ၏ အမှုတော်ဆောင်ခြင်းကို မည်သို့ရှုမြင်တော်မူသနည်း။

လူငယ်လူရွယ်လေးများ၏ ဘုရားသခင့်အမှုတော်ဆောင်ရွက်ခြင်းသည် ယေဟောဝါအဖို့ အလွန်အရေးပါကြောင်း ပရောဖက်ပြုချက်တွင် ကိုယ်တော်မှုတ်သွင်းတော်မူခဲ့သည်။ ဆာလံဆရာ ဤသို့စပ်ဆိုခဲ့၏– “တန်ခိုးတော်ပြသောနေ့ရက်ကာလ၌ ကိုယ်တော်၏လူတို့သည် သန့်ရှင်းသောတန်ဆာကိုဆင်လျက် ကြည်ညိုသောစေတနာစိတ်ရှိ၍ လူပျိုတော်တို့သည် နံနက်ဝမ်းထဲကထွက်သော ဆီးနှင်းကဲ့သို့ဖြစ်ကြပါလိမ့်မည်။” (ဆာ. ၁၁၀:၃) မှန်ပါသည်၊ ယေဟောဝါ၏အမှုတော်ကို တလိုတလားဆောင်လိုသည့် လူငယ်လေးများကို ကိုယ်တော် အလွန်တန်ဖိုးထားတော်မူသည်။

၂။ ယနေ့ လူငယ်များသည် မိမိတို့၏အနာဂတ်နှင့်ပတ်သက်၍ လောကမှအဘယ်သြဇာလွှမ်းမိုးမှုတို့ကို ရင်ဆိုင်ရသနည်း။

ခရစ်ယာန်အသင်းတော်ရှိ အသင်လူငယ်လေးများတို့ ယေဟောဝါထံ မိမိတို့ကိုယ်ကို အပ်နှံပြီးကြပြီလော။ များစွာသောသူတို့သည် မှန်သောဘုရားသခင်၏အမှုတော်ဆောင်ဖို့ ဆုံးဖြတ်ချက်ချရန် အခက်တွေ့ကြပေမည်။ စီးပွားရေးတွင်ဦးဆောင်နေသူများ၊ ပညာတတ်များနှင့် တစ်ခါတစ်ရံ မိသားစုဝင်များ၊ သူငယ်ချင်းများက လူငယ်လေးများအား ရုပ်ပစ္စည်းပန်းတိုင်များလိုက်စားရန် အားပေးကြသည်။ လူငယ်လေးများက ဝတ်ပြုရေးနှင့်ဆိုင်သော ပန်းတိုင်များလိုက်စားသည့်အခါ လောကက သူတို့ကို ပြောင်လှောင်လေ့ရှိသည်။ သို့သော် အမှန်တရားမှာ၊ မှန်သောဘုရားသခင်၏အမှုတော်ဆောင်ခြင်းသည် သင်လိုက်စားနိုင်သော အကောင်းဆုံးဘဝလမ်းစဉ်ဖြစ်သည်။ (ဆာ. ၂၇:၄) ယင်းနှင့်ပတ်သက်၍ ဤမေးခွန်းသုံးခုကို သုံးသပ်ကြည့်ပါ– သင်သည် ဘုရားသခင်၏အမှုတော်ကို အဘယ်ကြောင့်ဆောင်သင့်သနည်း။ အခြားသူများ ပြောဆိုပြုမူကြသည့်ကြားမှ ယေဟောဝါအား အပ်နှံထားသူတစ်ဦးအနေနှင့် သင်မည်သို့အောင်မြင်နိုင်သနည်း။ ဘုရားသခင့်အမှုတော်ဆောင်သောကြောင့် သင့်အဖို့ အဘယ်ထူးမြတ်သောအခွင့်အရေးများ ပွင့်လာနိုင်သနည်း။

ယေဟောဝါ၏အမှုတော်ဆောင်ခြင်းသည် လုပ်သင့်လုပ်ထိုက်ရာဖြစ်

၃။ ယေဟောဝါ၏ဖန်ဆင်းရာများသည် ကျွန်ုပ်တို့အပေါ် မည်သို့သက်ရောက်မှုရှိသင့်သနည်း။

စစ်မှန်ပြီးအသက်ရှင်တော်မူသော ဘုရားသခင်၏အမှုတော်ကို သင်အဘယ်ကြောင့်ဆောင်သင့်သနည်း။ အဓိကအကြောင်းရင်းကို ဗျာ. ၄:၁၁ [ကဘ] တွင် ဤသို့ဖော်ပြထား၏– ‘ကျွန်တော်မျိုးတို့၏ဘုရားသခင် ယေဟောဝါ၊ ကိုယ်တော်သည် အရာခပ်သိမ်းကိုဖန်ဆင်းတော်မူ၍ ကိုယ်တော်၏အလိုတော်ကြောင့် ၎င်းတို့သည် ဖန်ဆင်းခံရပြီး တည်ရှိကြသည့်အတွက် ကိုယ်တော်သည် ဂုဏ်တော်၊ တန်ခိုးတော်ကိုခံထိုက်တော်မူ၏။’ ယေဟောဝါသည် တည်ရှိနေသည့်အရာခပ်သိမ်းကို ဖန်ဆင်းတော်မူသော ကြီးမြတ်လှသည့်ဖန်ဆင်းရှင်ဖြစ်တော်မူသည်။ ကမ္ဘာမြေကြီးသည် အလွန်တရာလှပပါသည်! သစ်ပင်များ၊ ပန်းမန်များ၊ တိရစ္ဆာန်များ၊ သမုဒ္ဒရာများ၊ တောင်တန်းများ၊ ရေတံခွန်များ၊ အားလုံးကို ယေဟောဝါဖန်ဆင်းခဲ့သည်။ “မြေကြီးသည် ဘဏ္ဍာတော်နှင့်ကြွယ်ဝပါ၏” ဟု ဆာလံ ၁၀၄:၂၄ တွင်ဆိုထား၏။ ကမ္ဘာမြေကြီးနှင့် ယင်းတွင်ရှိသော ကောင်းမွန်ရာများကို ခံစားပျော်မွေ့နိုင်သော စိတ်နှင့်ကိုယ်ခန္ဓာကို ကျွန်ုပ်တို့အား မေတ္တာပါစွာ ယေဟောဝါပေးထားခြင်းကြောင့် အလွန်ကျေးဇူးတင်လေးမြတ်နိုင်ကြသည်။ အံ့ချီးဖွယ်ဖန်ဆင်းရာများကို လှိုက်လှိုက်လှဲလှဲကျေးဇူးတင်လေးမြတ်ခြင်းက ကိုယ်တော်၏အမှုတော်ကိုဆောင်လိုစိတ် ဖြစ်သင့်သည်မဟုတ်ပေလော။

၄၊ ၅။ ဘုရားသခင်၏ အဘယ်လုပ်ဆောင်မှုများက ယောရှုအား ယေဟောဝါနှင့် ရင်းနှီးစေခဲ့သနည်း။

ယေဟောဝါ၏အမှုတော်ဆောင်ရသည့် နောက်ထပ်အကြောင်းရင်းတစ်ခုကို ဣသရေလလူမျိုး၏ခေါင်းဆောင် ယောရှု၏စကားတွင် တွေ့ရသည်။ ယောရှုသည် သူ၏အသက်တာကုန်ဆုံးခါနီးတွင် ဘုရားသခင့်လူမျိုးကို ဤသို့ပြောခဲ့၏– ‘သင်တို့၏ဘုရားသခင် ယေဟောဝါသည် သင်တို့အဖို့မိန့်တော်မူသော ကောင်းကျိုးတစ်စုံတစ်ပါးမျှ မယုတ်မလျော့၊ အကုန်အစင်ပြည့်စုံကြောင်းကို သင်တို့သည် စိတ်နှလုံးထဲမှာသိကြ၏။’ ယင်းသို့ ယောရှုအဘယ်ကြောင့် ပြောနိုင်ခဲ့သနည်း။—ယောရှု ၂၃:၁၄

ကလေးငယ်တစ်ဦးအဖြစ် အီဂျစ်ပြည်တွင် ယောရှုကြီးပြင်းလာစဉ် ဣသရေလလူတို့အား ပြည်တော်တစ်ခုအပိုင်ပေးမည်ဟူသည့် ယေဟောဝါ၏ကတိတော်ကို သူသိရှိခဲ့ရသည်။ (က. ၁၂:၇; ၅၀:၂၄၊ ၂၅; ထွ. ၃:၈) ထို့နောက် ယေဟောဝါသည် အီဂျစ်ပြည်အပေါ် ကပ်ဘေးဆယ်ခုကျရောက်စေပြီး ဣသရေလလူမျိုးကိုလွှတ်ရန် ခေါင်းမာသောဖာရောကို ဖိအားပေးချိန်တွင် ထိုကတိတော်စတင်ပြည့်စုံလာသည်ကို ယောရှုမြင်တွေ့ခဲ့ရသည်။ ယောရှုသည် ပင်လယ်နီတွင်ကယ်နုတ်ခံရသူတို့ထဲတွင် ပါဝင်ခဲ့ပြီး ဖာရောနှင့်သူ၏စစ်တပ် ပင်လယ်ထဲနစ်မြုပ်ပျက်စီးသည်ကို မြင်တွေ့ခဲ့ရသည်။ သိနာတောကန္တာရဖြစ်သော “ကြောက်မက်ဖွယ်သောတောကြီးအလယ်” ခရီးရှည်နှင်စဉ်အတွင်း ယေဟောဝါသည် ဣသရေလလူမျိုးလိုအပ်သမျှ ထောက်မပေးခဲ့သည်ကို ယောရှုမြင်တွေ့ခဲ့ရသည်။ ရေငတ်၊ အစာငတ်ခြင်းကြောင့် သေဆုံးသူ တစ်ဦးတစ်ယောက်မျှမရှိခဲ့ပါ။ (တရား. ၈:၃-၅၊ ၁၄-၁၆; ယောရှု ၂၄:၅-၇) ဣသရေလလူမျိုးသည် ခွန်အားကြီးသောခါနာန်လူမျိုးကို တိုက်ခိုက်အနိုင်ယူပြီး ကတိထားရာပြည်တော်ကိုသိမ်းပိုက်ရန် အချိန်ရောက်သည့်အခါ မိမိနှင့် အခြားဣသရေလလူတို့ ကိုးကွယ်သောဘုရားသခင် မည်သို့အကူအညီပေးခဲ့သည်ကို ယောရှုမြင်တွေ့ခဲ့သည်။—ယောရှု ၁၀:၁၄၊ ၄၂

၆။ ဘုရားသခင်၏အလိုတော်ဆောင်လိုစိတ်ကို ပြုစုပျိုးထောင်ရာတွင် သင့်အား အဘယ်အရာက အထောက်အကူပြုမည်နည်း။

ယေဟောဝါသည် မိမိ၏ကတိတော်ကိုတည်စေခဲ့ကြောင်း ယောရှုသိရှိခဲ့သည်။ ထို့ကြောင့် ယောရှုက ‘ငါနှင့်ငါ့အိမ်သားဖြစ်လျှင် ယေဟောဝါကိုသာဝတ်ပြုမည်’ ဟုကြွေးကြော်ခဲ့၏။ (ယောရှု ၂၄:၁၅) သင်ကော မည်သို့နည်း။ မှန်သောဘုရားသခင်၏ ပြည့်စုံပြီးဖြစ်သောကတိတော်များ၊ ပြည့်စုံဦးမည့်ကတိတော်များကို သင်စဉ်းစားဆင်ခြင်သည့်အခါ သင့်စိတ်ဆန္ဒသည် ယောရှုကဲ့သို့ ကိုယ်တော့်အလိုတော်ဆောင်လိုစိတ် ဖြစ်ပေါ်ပါသလော။

၇။ ရေနှစ်ခြင်းသည် အဘယ်ကြောင့် အရေးကြီးသောခြေလှမ်းတစ်ခုဖြစ်သနည်း။

ယေဟောဝါ၏ဖန်ဆင်းခြင်းလက်ရာများကို စဉ်းစားဆင်ခြင်ခြင်း၊ အံ့သြဖွယ်ကောင်းပြီး အပြည့်အဝယုံကြည်စိတ်ချရသည့် ကိုယ်တော်၏ကတိတော်များကို ဆင်ခြင်သုံးသပ်ခြင်းက ယေဟောဝါထံအပ်နှံရန်သာမက ယင်းအပ်နှံမှုအထိမ်းအမှတ်ကို ရေနှစ်ခြင်းအားဖြင့်တင်ပြရန်လည်း လှုံ့ဆော်ခံရသင့်သည်။ နှစ်ခြင်းသည် ဘုရားသခင့်အမှုတော်ဆောင်လိုသူတို့အတွက် အရေးကြီးသောခြေလှမ်းတစ်ခုဖြစ်သည်။ ယင်းကို ကျွန်ုပ်တို့၏စံနမူနာရှင် ယေရှု အထင်အရှားပြခဲ့သည်။ ကိုယ်တော်သည် မေရှိယအနေနှင့် အမှုဆောင်ခြင်းမစတင်မီ နှစ်ခြင်းခံရန် နှစ်ခြင်းဆရာယောဟန်ထံ ကိုယ်တော်တိုင်သွားခဲ့သည်။ ယေရှု အဘယ်ကြောင့် ထိုသို့လုပ်ဆောင်ခဲ့သနည်း။ နောက်ပိုင်း ကိုယ်တော်ဤသို့မိန့်တော်မူခဲ့၏– “ငါသည် ကိုယ်အလိုသို့လိုက်ခြင်းငှာ ကောင်းကင်မှဆင်းသက်သည်မဟုတ်။ ငါ့ကိုစေလွှတ်တော်မူသော သူ၏အလိုတော်သို့လိုက်ခြင်းငှာ ဆင်းသက်၏။” (ယော. ၆:၃၈) ယေရှုသည် ခမည်းတော်၏အလိုတော်ကိုဆောင်ရန် မိမိကိုယ်ကိုအပ်နှံခြင်းအထိမ်းအမှတ်အနေနှင့် နှစ်ခြင်းခံခဲ့သည်။—မ. ၃:၁၃-၁၇

၈။ တိမောသေသည် ဘုရားသခင်အား ဝတ်ပြုကိုးကွယ်ရန် အဘယ်ကြောင့်ရွေးချယ်ခဲ့သနည်း၊ သင်သည် အဘယ်အရာပြုလုပ်ဖို့ လိုကောင်းလိုမည်နည်း။

ခရစ်ယာန်လူငယ်တစ်ဦးဖြစ်သော တိမောသေ၏အဖြစ်ကိုလည်း သုံးသပ်ကြည့်ပါ၊ နောက်ပိုင်းတွင် ယေဟောဝါသည် သူ့ကို တာဝန်များစွာနှင့် အခွင့်ထူးများစွာ ပေးခဲ့သည်။ တိမောသေသည် မှန်သောဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ရန် အဘယ်ကြောင့် ဆုံးဖြတ်ခဲ့သနည်း။ သူသည် “အထက်ကသင်၍ နှလုံးသွင်းမိသောအယူဝါဒ၌ တည်နေ” သောကြောင့်ဟု သမ္မာကျမ်းစာကဖော်ပြသည်။ (၂ တိ. ၃:၁၄-၁၅) သင်သည် ဘုရားသခင့်နှုတ်မြွက်စကားတော်ကို လေ့လာခဲ့ပြီး ယင်းသွန်သင်ချက်များမှန်ကန်သည်ဟု ယုံကြည်နှလုံးသွင်းသည်ဆိုလျှင် သင်သည် တိမောသေ၏အခြေအနေမျိုးတွင် ရှိနေပြီဖြစ်သည်။ ယခု သင်သည် ဆုံးဖြတ်ချက်တစ်ခုချဖို့လိုသည်။ သင်၏ဆန္ဒကို သင့်မိဘအား ပြောပြပါလေ။ သင်နှစ်ခြင်းခံရန် သူတို့သည် အသင်းတော်အကြီးအကဲများနှင့်အတူ သမ္မာကျမ်းစာတောင်းဆိုချက်များကို နားလည်သဘောပေါက်ဖို့ အကူအညီပေးနိုင်ပါသည်။—တမန်တော် ၈:၁၂ ကိုဖတ်ပါ။

၉။ သင်နှစ်ခြင်းခံသည့်အခါ အခြားသူတို့အပေါ် မည်သို့သက်ရောက်မှုရှိနိုင်သနည်း။

သင်နှစ်ခြင်းခံသည်ဆိုလျှင် ယင်းသည် မှန်သောဘုရားသခင်၏အမှုတော်ဆောင်ရန် အကောင်းဆုံးအစဖြစ်မည်။ ယင်းခြေလှမ်းကိုလှမ်းခြင်းဖြင့် ထာဝရအသက်ဆုရစေသော ရေရှည်ခရီးတစ်ခုကို သင်စတင်လျှောက်လှမ်းခြင်းဖြစ်ကာ ယခုအချိန်တွင်ပင် ဘုရားသခင့်အလိုတော်ဆောင်ခြင်းမှ ရွှင်လန်းမှုခံစားရမည်။ (ဟေဗြဲ ၁၂:၂၊ ၃) ထိုလမ်းပေါ်ရောက်နှင့်နေပြီးဖြစ်သော သင့်မိသားစုဝင်များနှင့် ခရစ်ယာန်အသင်းတော်ရှိ သင့်မိတ်ဆွေများကိုလည်း ရွှင်လန်းစေမည်။ ထို့ထက်အရေးအကြီးဆုံးကား သင်သည် ယေဟောဝါ၏စိတ်နှလုံးကို ရွှင်လန်းစေမည်။ (သု. ၂၃:၁၅ ကိုဖတ်ပါ။) ယေဟောဝါအားဝတ်ပြုကိုးကွယ်ရန် သင်၏ရွေးချယ်မှုကို အခြားသူတို့ သဘောပေါက်ကြမည်မဟုတ်ပါ၊ သို့ဖြစ်၍ သင်၏ဆုံးဖြတ်ချက်ကို သူတို့ မေးခွန်းထုတ်ကြပေမည်။ သူတို့သည် သင့်ကို ဆန့်ကျင်ပင်ဆန့်ကျင်ကြပေမည်။ သို့သော် သင်သည် ယင်းစိန်ခေါ်ချက်များကို အောင်မြင်စွာရင်ဆိုင်နိုင်ပါသည်။

အခြားသူတို့ သင့်အားမေးခွန်းထုတ်သည့်အခါ သို့မဟုတ် ဆန့်ကျင်သည့်အခါ

၁၀၊ ၁၁။ (က) ဘုရားသခင့်အလိုတော်ဆောင်ရန် သင့်ဆုံးဖြတ်ချက်နှင့်ပတ်သက်၍ လူတို့ အဘယ်မေးခွန်းများမေးနိုင်သနည်း။ (ခ) မှန်သောဝတ်ပြုရေးနှင့်ပတ်သက်၍ မေးခွန်းများကို ယေရှုအဖြေပေးခဲ့ပုံမှ သင်အဘယ်အရာသင်ယူနိုင်သနည်း။

၁၀ ယေဟောဝါ၏အမှုတော်ဆောင်ရန် သင်၏ဆုံးဖြတ်ချက်ကို ကျောင်းနေဖက်များ၊ အိမ်နီးချင်းများ၊ ဆွေမျိုးများက နားမလည်ဖြစ်ပေမည်။ ယင်းလမ်းစဉ်ကိုလိုက်လျှောက်ဖို့ သင်ရွေးချယ်ရသည့်အကြောင်းရင်းကို မေးကြပေမည်၊ သင့်ယုံကြည်ချက်ကို မေးခွန်းထုတ်ကြပေမည်။ သင်မည်သို့တုံ့ပြန်သင့်သနည်း။ သင်ရွေးချယ်ရသည့်အကြောင်းရင်းကို ရှင်းပြနိုင်ရန် သင့်စဉ်းစားတွေးခေါ်မှုနှင့် ခံစားချက်တို့ကို ဆန်းစစ်ဖို့လိုသည်။ သင့်ယုံကြည်ချက်အကြောင်း မေးခွန်းထုတ်သည်ကို ပြန်ဖြေသည့်အခါ ယေရှု၏ပုံသက်သေသည် သင်လိုက်လျှောက်နိုင်သည့် အကောင်းဆုံးပုံသက်သေဖြစ်သည်။

၁၁ ဂျူးဘာသာရေးခေါင်းဆောင်များက ရှင်ပြန်ထမြောက်ခြင်းနှင့်ပတ်သက်၍ ယေရှုအား မေးမြန်းကြသည့်အခါ သူတို့မသုံးသပ်ဖူးသော ကျမ်းချက်တစ်ချက်ကို အာရုံစိုက်စေရန် ကိုယ်တော်ညွှန်ပြခဲ့သည်။ (ထွ. ၃:၆; မ. ၂၂:၂၃၊ ၃၁-၃၃) ကျမ်းတတ်တစ်ဦးက အဘယ်ပညတ်သည် အကြီးမြတ်ဆုံးပညတ်ဖြစ်သနည်းဟု မေးသည့်အခါ သင့်လျော်သည့်ကျမ်းချက်များကို ယေရှုကိုးကားဖော်ပြခဲ့သည်။ ထိုလူသည် ယေရှု၏အဖြေကို နှစ်သက်သဘောကျခဲ့သည်။ (ဝတ်. ၁၉:၁၈; တရား. ၆:၅; မာ. ၁၂:၂၈-၃၄) သမ္မာကျမ်းစာကို ယေရှုအသုံးပြုပုံနှင့် ကိုယ်တော်၏ပြောဆိုပုံကြောင့် “လူအုပ်သည် ကိုယ်တော်ကြောင့် စိတ်ဝမ်းကွဲပြားကြ၏၊” သို့သော်လည်း ကိုယ်တော်အားဆန့်ကျင်သူတို့သည် ကိုယ်တော့်ကို ထိခိုက်အောင် မပြုနိုင်ခဲ့ကြပါ။ (ယော. ၇:၃၂-၄၆ကဘ) သင့်ယုံကြည်ခြင်းအကြောင်း မေးခွန်းထုတ်မှုကို သင်ဖြေကြားသည့်အခါ သမ္မာကျမ်းစာကို အသုံးပြုပါ၊ “နူးညံ့သိမ်မွေ့၊ ရိုသေလေးစားစွာ” ဖြေပါ။ (၁ ပေ. ၃:၁၅ကဘ) မေးခွန်း၏အဖြေကို သင်မသိပါက မသိကြောင်းဝန်ခံပြီး ပြန်၍သုတေသနပြုမည်ဟုပြောပါ။ ထို့နောက် ကင်းမျှော်စင်စာပေများအညွှန်း သို့မဟုတ် သင့်ဘာသာစကားဖြင့်ရနိုင်မည်ဆိုလျှင် ကင်းမျှော်စင်စာကြည့်တိုက်စီဒီရွမ်ကိုသုံးကာ အကြောင်းအရာကို ရှာဖွေပါ။ ကောင်းစွာပြင်ဆင်ထားခြင်းဖြင့် သင်သည် “အဘယ်သို့ပြန်ပြောရမည်ကို သိနိုင်မည်။”—ကော. ၄:၆

၁၂။ သင်သည် နှိပ်စက်ညှဉ်းပန်းခြင်းကြောင့် စိတ်ပျက်အားလျော့ခြင်း အဘယ်ကြောင့်မဖြစ်သင့်သနည်း။

၁၂ ဘုရားသခင်အမှုဆောင်ရန် သင်၏ဆုံးဖြတ်ချက်၊ သင့်ယုံကြည်ချက်များအကြောင်း မေးခွန်းများမေးခြင်းထက်မက သင်ကြုံရနိုင်သည်။ ဘုရားသခင့်ရန်သူဖြစ်သော စာတန်သည် ဤလောကကို ချုပ်ကိုင်ထားသည်။ (၁ ယောဟန် ၅:၁၉ ကိုဖတ်ပါ။) လူတိုင်းထံမှ ချီးမွမ်းစကား သို့မဟုတ် နှစ်သက်လက်ခံသည့်စကား မျှော်လင့်ဖို့မဖြစ်နိုင်ပါ၊ သင်သည် ဆန့်ကျင်မှုကို ကြုံရနိုင်သည်။ တချို့သောသူတို့က သင့်ကို “ကဲ့ရဲ့” ကြမည်ဖြစ်ကာ ဆက်၍ကဲ့ရဲ့သွားကြပေမည်။ (၁ ပေ. ၄:၄) သို့သော် သင်တစ်ဦးတည်းမဟုတ်သည်ကို သတိရပါ။ ယေရှုခရစ်ပင်လျှင် နှိပ်စက်ညှဉ်းပန်းမှုကို ခံခဲ့ရသည်။ တမန်တော်ပေတရုလည်း အလားတူခံခဲ့ရကြောင်း သူဤသို့ရေးခဲ့၏– “ချစ်သူတို့၊ သင်တို့ကိုစုံစမ်းစရာဖို့ ယခုခံရသောမီးစစ်ခြင်းအရာ [ဆင်းရဲဝေဒနာ] ကိုကား သင်တို့၌ အံ့သြဖွယ်သောအရာဖြစ်သည်ဟုထင်မှတ်၍ အံ့သြခြင်းမရှိကြနှင့်။ သင်တို့သည် ခရစ်တော်၏ဆင်းရဲကိုဆက်ဆံကြသည်ဖြစ်၍ . . . ဝမ်းမြောက်ကြလော့။”—၁ ပေ. ၄:၁၂၊ ၁၃

၁၃။ ခရစ်ယာန်များသည် ညှဉ်းပန်းနှိပ်စက်ခံရသည့်အခါ အဘယ်ကြောင့် ရွှင်လန်းနိုင်သနည်း။

၁၃ ခရစ်ယာန်တစ်ဦးအနေနှင့် နှိပ်စက်ညှဉ်းပန်းခြင်း သို့မဟုတ် ဆန့်ကျင်ခြင်းကို ခံရပ်ခြင်းက ရွှင်လန်းစရာအကြောင်းရင်းတစ်ခုဖြစ်သည်။ အဘယ်ကြောင့်နည်း။ လောက၏နှစ်သက်လက်ခံမှုကိုရရှိပါက သင်သည် ဘုရားသခင့်စံနှုန်းမဟုတ်ဘဲ စာတန့်စံနှုန်းများအတိုင်း အသက်ရှင်နေကြောင်း ဖော်ပြရာရောက်သောကြောင့်ဖြစ်သည်။ ယေရှုဤသို့သတိပေးခဲ့၏– “လူအပေါင်းတို့သည် သင်တို့ကိုချီးမွမ်းသောအခါတိုင်း သင်တို့၌ အမင်္ဂလာရှိ၏။ အကြောင်းမူကား သူတို့၏ဘိုးဘေးများသည် ပရောဖက်အတုအယောင်တို့ကို ထိုနည်းတူ ပြုခဲ့ကြပြီ။” (လု. ၆:၂၆ကဘ) နှိပ်စက်ညှဉ်းပန်းခြင်းက သင်သည် ယေဟောဝါ၏အမှုတော်ဆောင်သောကြောင့် စာတန်နှင့် သူ၏လောကသည် သင့်ကိုအမျက်ထွက်ကြောင်း သိစေသည်။ (မဿဲ ၅:၁၁၊ ၁၂ ကိုဖတ်ပါ။) “ခရစ်တော်၏နာမကြောင့် ကဲ့ရဲ့ခြင်းကိုခံရ” ခြင်းသည် ရွှင်လန်းစရာအကြောင်းရင်းတစ်ခုဖြစ်သည်။—၁ ပေ. ၄:၁၄

၁၄။ နှိပ်စက်ညှဉ်းပန်းမှုကြား ယေဟောဝါအပေါ် တည်ကြည်လျက်ရှိနေခြင်းက အဘယ်အကျိုးရလဒ်ကောင်းများ ဖြစ်မြောက်နိုင်သနည်း။

၁၄ ဆန့်ကျင်မှုကြား ယေဟောဝါအပေါ်တည်ကြည်လျက်ရှိသည့်အခါ အနည်းဆုံး အကျိုးရလဒ်လေးခုဖြစ်မြောက်သည်။ သင်သည် ဘုရားသခင်နှင့် ကိုယ်တော်၏သားတော်အကြောင်း သက်သေခံနေခြင်းဖြစ်သည်။ သင်၏တည်ကြည်စွာခံရပ်မှုက ခရစ်ယာန်ညီအစ်ကို၊ ညီအစ်မများကို အားပေးမှုဖြစ်စေသည်။ ယင်းကိုတွေ့ရှိသော ယေဟောဝါအကြောင်းမသိသူအချို့အဖို့ ကိုယ်တော်ကိုရှာရန် လှုံ့ဆော်ခံရနိုင်သည်။ (ဖိလိပ္ပိ ၁:၁၂-၁၄ ကိုဖတ်ပါ။) စုံစမ်းမှုများကိုခံရပ်နိုင်ရန် ယေဟောဝါခွန်အားပေးသည်ကို သင်ခံစားရပြီး ကိုယ်တော်ကိုချစ်သည့် သင်၏မေတ္တာ ပိုတိုးပွားလာသည်။

“အလွန်ကြီးစွာသောတံခါး” သည် သင့်အဖို့ဖွင့်လျက်ရှိ

၁၅။ တမန်တော်ပေါလုအဖို့ အဘယ် “အလွန်ကြီးစွာသောတံခါး” ပွင့်ခဲ့သနည်း။

၁၅ ဧဖက်ရှိ မိမိ၏ဓမ္မအမှုနှင့်ပတ်သက်၍ တမန်တော်ပေါလု ဤသို့ရေးခဲ့၏– “အလွန်ကြီးစွာသောတံခါးသည် အဆင်သင့်၍ ငါ့အားဖွင့်လျက်ရှိ၏။” (၁ ကော. ၁၆:၈၊ ၉) ယင်းတံခါးမှာ ထိုမြို့တွင် သတင်းကောင်းဟောပြောခြင်းနှင့် တပည့်ဖြစ်စေခြင်းတွင် များစွာလုပ်ဆောင်ရတော့မည်ကို ဆိုလိုခြင်းဖြစ်သည်။ ပေါလုသည် ထိုအခွင့်အရေးတံခါးသို့ဝင်ခြင်းဖြင့် များစွာသောသူတို့ကို ယေဟောဝါအကြောင်းသင်ယူပြီး ကိုယ်တော်အားဝတ်ပြုကိုးကွယ်လာစေရန် အကူအညီပေးခဲ့သည်။

၁၆။ ဘိသိက်ပေးခြင်းခံရသူအကြွင်းအကျန်သည် ၁၉၁၉ ခုနှစ်တွင် “ပွင့်လျက်ရှိသည့်တံခါး” သို့ မည်သို့ဝင်ခဲ့ကြသနည်း။

၁၆ ဂုဏ်တင်ချီးမြှင့်ခံရသော ယေရှုခရစ်သည် ၁၉၁၉ ခုနှစ်တွင် ဘိသိက်ပေးခြင်းခံရသူအကြွင်းအကျန်တို့ရှေ့၌ “ပွင့်လျက်ရှိသည့်တံခါး” ကိုထားပေးခဲ့သည်။ (ဗျာ. ၃:၈ကဘ) သူတို့သည် ထိုတံခါးမှဝင်ကာ ယခင်ကထက် ပို၍ဇွဲထက်သန်စွာ သတင်းကောင်းဟောပြောခြင်း၊ သမ္မာကျမ်းစာအမှန်တရားသွန်သင်ခြင်းကို စတင်လုပ်ဆောင်ခဲ့ကြသည်။ သူတို့၏ဓမ္မအမှုကြောင့် အဘယ်အကျိုးဖြစ်ထွန်းခဲ့သနည်း။ သတင်းကောင်းသည် ယခု မြေကြီးစွန်းတိုင်ရောက်ရှိနေပြီဖြစ်ပြီး ခုနစ်သန်းခန့်ရှိသောသူတို့သည် ဘုရားသခင့်ကမ္ဘာသစ်ထာဝရအသက်မျှော်လင့်ချက် ရှိနေကြပြီဖြစ်သည်။

၁၇။ “ဆောင်ရွက်စရာ လုပ်ငန်းတံခါးကြီး” အတွင်း သင်မည်သို့ဝင်နိုင်သနည်း။

၁၇ ယေဟောဝါကျေးကျွန်အားလုံးအတွက် “ဆောင်ရွက်စရာ လုပ်ငန်းတံခါးကြီး” [ကဘ] ကျယ်စွာပွင့်နေဆဲဖြစ်သည်။ ယင်းတံခါးမှဝင်ကြသူတို့သည် သတင်းကောင်းဟောပြောခြင်းလုပ်ငန်းတွင် ပို၍ပါဝင်ရသည်နှင့်အမျှ ရွှင်လန်းမှုနှင့် စိတ်ကျေနပ်မှုကို ခံစားကြရသည်။ ယေဟောဝါ၏ကျေးကျွန် အသင်လူငယ်မောင်မယ်တို့၊ အခြားသူများ “သတင်းကောင်းကိုယုံကြည်” ရန် အကူအညီပေးခြင်းဖြစ်သည့် အမွန်မြတ်ဆုံးသော အခွင့်အရေးကို သင်တို့မည်မျှတန်ဖိုးထားကြပါသနည်း။ (မာ. ၁:၁၄၊ ၁၅ကဘ) မှန်မှန်ရှေ့ဆောင် သို့မဟုတ် အရန်ရှေ့ဆောင်အဖြစ်အမှုဆောင်ရန် စဉ်းစားထားသလော။ ဘုရားသခင့်နိုင်ငံတော်ခန်းမဆောက်လုပ်ရေး၊ ဗေသလလုပ်ငန်းနှင့် ခရစ်ယာန်သာသနာပြုလုပ်ငန်းတို့သည် သင်တို့ထဲမှ များစွာသောသူတို့အဖို့ ပွင့်လျက်ရှိသည့် အခြားအခွင့်အရေးများဖြစ်ပါသည်။ စာတန်၏ဆိုးညစ်သောလောကအတွက် အချိန်ကုန်လုပြီဖြစ်သောကြောင့် ဘုရားသခင့်နိုင်ငံတော်လုပ်ငန်းနှင့်ဆိုင်သော ယင်းလုပ်ဆောင်မှုများတွင်ပါဝင်ဖို့ တစ်နေ့ပြီးတစ်နေ့ ပို၍အရေးတကြီးဖြစ်လာသည်။ အချိန်ရှိဆဲအချိန်တွင် “အလွန်ကြီးစွာသောတံခါး” အတွင်း သင်,ဝင်မည်လော။

‘ယေဟောဝါ ကောင်းမြတ်တော်မူကြောင်း မြည်းစမ်း၍သိမှတ်ကြလော့’

၁၈၊ ၁၉။ (က) ယေဟောဝါအမှုတော်ဆောင်လိုစိတ်သန်မာနေစေရန် ဒါဝိဒ်ကို အဘယ်အရာက ထောက်ကူခဲ့သနည်း။ (ခ) ယေဟောဝါအမှုတော်ဆောင်ခြင်းကို ဒါဝိဒ်တစ်ခါမျှ နောင်တမရခဲ့ကြောင်း အဘယ်အရာကတင်ပြသနည်း။

၁၈ မှုတ်သွင်းခံဆာလံဆရာက အခြားသူတို့အား ဤသို့ဖိတ်ခေါ်ခဲ့၏– ‘ယေဟောဝါသည် ကောင်းမြတ်တော်မူသည်အကြောင်းကို မြည်းစမ်း၍သိမှတ်ကြလော့။’ (ဆာ. ၃၄:၈) ရှေးဣသရေလဘုရင်ဒါဝိဒ် သိုးကျောင်းသားလေးဘဝက ယေဟောဝါသည် သူ့ကို သားရဲတိရစ္ဆာန်တို့၏ရန်မှ ကယ်တင်ခဲ့သည်။ ဂေါလျတ်နှင့်တိုက်ခိုက်ချိန်တွင် ဒါဝိဒ်ကို ဘုရားသခင်ထောက်မပေးခဲ့ပြီး အခြားစိတ်ဆင်းရဲစရာများစွာမှလည်း သူ့ကိုကယ်တင်ခဲ့သည်။ (၁ ရာ. ၁၇:၃၂-၅၁; ဆာ. ၁၈၊ ခေါင်းစီးစာတမ်း) ဘုရားသခင်၏ ကြီးမားသောချစ်ခင်ကြင်နာမှုကြောင့် ဒါဝိဒ်ဤသို့ရေးရန် လှုံ့ဆော်ခံခဲ့ရ၏– ‘အကျွန်ုပ်၏ဘုရားသခင်ယေဟောဝါ အကျွန်ုပ်တို့အဖို့ပြုတော်မူသော အံ့သြဖွယ်အမှုတို့နှင့် ကြံစည်တော်မူသောအကြံအစည်တို့သည် များလှပါ၏။ ရှေ့တော်၌ အစဉ်အတိုင်းလျှောက်၍မကုန်နိုင်ပါ။ အကျွန်ုပ်ထုတ်ဖော်ကြားပြောမည်ဟုဆိုသော် ရေတွက်၍မကုန်နိုင်အောင်များလှပါ၏။’—ဆာ. ၄၀:၅

၁၉ ယေဟောဝါအားချစ်သည့် ဒါဝိဒ်၏မေတ္တာနက်ရှိုင်းလာပြီး စိတ်နှလုံးအကြွင်းမဲ့ဖြင့် ကိုယ်တော်ကိုချီးမွမ်းလိုခဲ့သည်။ (ဆာလံ ၄၀:၈-၁၀ ကိုဖတ်ပါ။) နှစ်များကုန်လွန်လာသည့်တိုင် ဒါဝိဒ်သည် သူ၏အသက်တာကို မှန်သောဘုရားသခင်အား ဝတ်ပြုရာတွင်အသုံးပြုခဲ့သည့်အတွက် တစ်ခါမျှနောင်တမရခဲ့ပါ။ ဘုရားသခင်ကိုဝတ်ပြုကိုးကွယ်ခြင်း၌ မွေ့လျော်သည့်အသက်တာသည် သူ့အဖို့ အကြီးမားဆုံးသောဘဏ္ဍာ—တုနှိုင်းစရာမရှိသည့်ပျော်ရွှင်မှု၏ ရင်းမြစ်ဖြစ်ခဲ့သည်။ အသက်အရွယ်အိုမင်းချိန်တွင် ဒါဝိဒ်ဤသို့ပြောခဲ့၏– ‘အရှင်ယေဟောဝါ ကိုယ်တော်သည် အကျွန်ုပ်မျှော်လင့်ရာဖြစ်တော်မူ၏။ အကျွန်ုပ်ငယ်သောအရွယ်မှစ၍ အကျွန်ုပ်ကိုးစားရာဖြစ်တော်မူ၏။ တစ်ဖန်တုံ အိုဘုရားသခင် အကျွန်ုပ်အသက်ကြီး၍ ဆံပင်ဖြူသည်ကာလတိုင်အောင် . . . အကျွန်ုပ်ကို စွန့်ပစ်တော်မမူပါနှင့်။” (ဆာ. ၇၁:၅၊ ၁၈) ဒါဝိဒ်သည် ကာယခွန်အားဆုတ်ယုတ်ကျဆင်းနေသည့်တိုင် ယေဟောဝါအားယုံကြည်ကိုးစားမှု၊ ကိုယ်တော်နှင့်ရင်းနှီးကျွမ်းဝင်မှုတို့သည် ပို၍သန်မာလာခဲ့သည်။

၂၀။ ဘုရားသခင့်အမှုတော်ဆောင်ခြင်းသည် သင့်အသက်တာကိုအသုံးပြုရန် အကောင်းဆုံးဘဝလမ်းစဉ် အဘယ်ကြောင့်ဖြစ်သနည်း။

၂၀ ယောရှု၊ ဒါဝိဒ်နှင့် တိမောသေတို့၏အသက်တာက ယေဟောဝါ၏အမှုတော်ဆောင်ခြင်းသည် သင့်အသက်တာအတွက် အကောင်းဆုံးဘဝလမ်းစဉ်ဖြစ်ကြောင်း ထပ်ဆင့်အထောက်အထားဖြစ်သည်။ ရေရှည်အကျိုးမပြုသော ဤလောက၏ရုပ်ပစ္စည်းကြွယ်ဝမှုများကို ‘ယေဟောဝါကို စိတ်နှလုံးအကြွင်းမဲ့ အမှုတော်ဆောင်ခြင်း’ မှရရှိသော ရေရှည်အကျိုးကျေးဇူးများနှင့် မနှိုင်းယှဉ်နိုင်ပါ။ (ယောရှု ၂၂:၅) သင်သည် ဆုတောင်းခြင်းဖြင့် ယေဟောဝါထံအပ်နှံခြင်းမပြုရသေးလျှင် ‘ယေဟောဝါသက်သေတစ်ဦးဖြစ်မလာအောင် ငါ့ကို ဘာကဆီးတားနေတာလဲ’ ဟုသင့်ကိုယ်သင်မေးပါ။ သင်သည် နှစ်ခြင်းခံပြီးဖြစ်သည့် ယေဟောဝါအားဝတ်ပြုကိုးကွယ်သူတစ်ဦးဖြစ်လျှင် သင့်အသက်တာကို ပို၍ပျော်ရွှင်စေလိုသလော။ သို့ဖြစ်လျှင် သင်၏ဓမ္မအမှုကိုတိုးချဲ့ကာ တဖြည်းဖြည်းနှင့် တိုးတက်သွားပါ။ နောက်ဆောင်းပါးက တမန်တော်ပေါလု၏ပုံသက်သေကို လိုက်လျှောက်ခြင်းဖြင့် ဓမ္မအမှု၌တိုးတက်နိုင်ပုံတို့ကို တင်ပြသွားပါမည်။

သင်မည်သို့ဖြေဆိုမည်နည်း

• ဘုရားသခင့်အမှုတော်ဆောင်သင့်သည့် အကြောင်းရင်း နှစ်ခုကို ဖော်ပြပါ။

• ဘုရားသခင့်အမှုတော်ဆောင်ရန် ဆုံးဖြတ်ချက်ချဖို့ တိမောသေအား အဘယ်အရာက ထောက်ကူခဲ့သနည်း။

• ညှဉ်းပန်းနှိပ်စက်ခံရချိန်တွင် အဘယ်ကြောင့် ခံရပ်တည်ကြည်သင့်သနည်း။

• သင့်အတွက် အဘယ်လုပ်ငန်းတော်အခွင့်အရေးများ ပွင့်လျက်ရှိနိုင်သနည်း။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၁၈ ပါပုံစာ]

ယေဟောဝါ၏အမှုတော်ဆောင်ခြင်းသည် အကောင်းဆုံးဘဝလမ်းစဉ်ဖြစ်

[စာမျက်နှာ ၁၉ ပါပုံစာ]

သင့်ယုံကြည်ခြင်းနှင့်ပတ်သက်၍ မေးခွန်းထုတ်လာသည့်အခါ သင်ဖြေဆိုနိုင်ပါသလော