မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခြားသူများကို ကျွန်ုပ်တို့ မည်သို့ဆက်ဆံသင့်သနည်း

အခြားသူများကို ကျွန်ုပ်တို့ မည်သို့ဆက်ဆံသင့်သနည်း

အခြားသူများကို ကျွန်ုပ်တို့ မည်သို့ဆက်ဆံသင့်သနည်း

“သင်တို့သည် ကိုယ်၌သူတစ်ပါးပြုစေလိုသည်အတိုင်း သူတစ်ပါး၌ပြုကြလော့။”—လု. ၆:၃၁

၁၊ ၂။ (က) တောင်ပေါ်တရားတော်မှာ အဘယ်နည်း။ (ခ) ဤဆောင်းပါးနှင့် နောက်ဆောင်းပါးတွင် အဘယ်အကြောင်းအရာကို သုံးသပ်ကြမည်နည်း။

ယေရှုခရစ်သည် အမှန်ပင် ကြီးမြတ်သောဆရာဖြစ်တော်မူသည်။ ကိုယ်တော့်ကိုရန်ရှာသော ဂျူးဘာသာရေးခေါင်းဆောင်တို့က ကိုယ်တော်အားဖမ်းရန် လူတို့ကိုစေလွှတ်လိုက်သည့်အခါ မင်းလုလင်တို့သည် လက်ဗလာဖြင့်ပြန်လာကာ “ထိုသူဟောပြောသကဲ့သို့ အဘယ်သူမျှမဟောစဖူးပါ” ဟုဆိုကြသည်။ (ယော. ၇:၃၂၊ ၄၅၊ ၄၆) ယေရှု၏ဟောပြောချက်များထဲမှ အလွန်ကောင်းမွန်သောဟောပြောချက်တစ်ခုမှာ တောင်ပေါ်တွင်ဟောခဲ့သော တရားတော်ဖြစ်သည်။ ယင်းကို မဿဲ၏သတင်းကောင်းကျမ်းစောင် အခန်းကြီး ၅ မှ ၇ တွင် မှတ်တမ်းတင်ထားပြီး ယင်းနှင့်ဆင်တူသည့်အချက်ကို လုကာ ၆:၂၀-၄၉ တွင်ဖော်ပြထားသည်။ *

ယင်းတရားတော်ပါ လူသိအများဆုံးအချက်မှာ ရွှေပညတ်ဟုခေါ်လေ့ရှိသည့်အချက် ဖြစ်ပေသည်။ အခြားသူတို့ကို ကျွန်ုပ်တို့မည်သို့ဆက်ဆံပုံနှင့် ပတ်သက်သည်။ “သင်တို့သည် ကိုယ်၌သူတစ်ပါးပြုစေလိုသည်အတိုင်း သူတစ်ပါး၌ပြုကြလော့” ဟုယေရှုမိန့်တော်မူခဲ့သည်။ (လု. ၆:၃၁) လူများအတွက် ကောင်းမှုများစွာကို ကိုယ်တော်ပြုတော်မူခဲ့သည်။ ဖျားနာသူတို့ကို ယေရှုကုသပေးခဲ့ပြီး လူသေကိုပင် ရှင်ပြန်ထမြောက်ပေးခဲ့သည်။ သို့သော် လူတို့သည် ကိုယ်တော်သွန်သင်ပေးသည့် သတင်းကောင်းကို လက်ခံသည့်အခါ အထူးသဖြင့် ကောင်းချီးခံစားခဲ့ရသည်။ (လုကာ ၇:၂၀-၂၂ ကိုဖတ်ပါ။) ယေဟောဝါသက်သေများအနေနှင့် ကျွန်ုပ်တို့သည် အလားတူ ဘုရားသခင့်နိုင်ငံတော်သတင်း ဟောပြောခြင်းလုပ်ငန်း၌ ပါဝင်ရသည်ကို မွေ့လျော်ကြသည်။ (မ. ၂၄:၁၄; ၂၈:၁၉၊ ၂၀) ဤဆောင်းပါးနှင့်နောက်ဆောင်းပါးတွင် ဤလုပ်ငန်းနှင့်ပတ်သက်သော ယေရှု၏မိန့်တော်မူချက်များအပြင် အခြားသူတို့ကို ကျွန်ုပ်တို့ မည်သို့ဆက်ဆံသင့်ပုံနှင့်ပတ်သက်သည့် တောင်ပေါ်တရားတော်ပါ အခြားအချက်များကို သုံးသပ်ကြပါမည်။

စိတ်နူးညံ့သိမ်မွေ့သူဖြစ်ပါ

၃။ စိတ်နူးညံ့သိမ်မွေ့မှုကို မည်သို့အဓိပ္ပာယ်ဖွင့်မည်နည်း။

ယေရှု ဤသို့မိန့်တော်မူခဲ့၏– “စိတ်နူးညံ့သိမ်မွေ့သောသူတို့သည် မင်္ဂလာရှိ၏။ အကြောင်းမူကား ထိုသူတို့သည် ပြည်တော်ကို အမွေခံရကြလတ္တံ့။” (မ. ၅:၅) သမ္မာကျမ်းစာတွင် စိတ်နူးညံ့သိမ်မွေ့မှုနှင့် ပျော့ညံ့မှုသည် မည်သို့မျှမပတ်သက်ပါ။ စိတ်နူးညံ့သိမ်မွေ့မှုမှာ ဘုရားသခင့်တောင်းဆိုချက်များကို ကျွန်ုပ်တို့တုံ့ပြန်လုပ်ဆောင်ရာတွင် သိမ်မွေ့ညင်သာမှုဖြစ်သည်။ ယင်းအရည်အသွေးသည် လူသားချင်းနှင့် ကျွန်ုပ်တို့ဆက်ဆံရာတွင် ပေါ်လွင်ထင်ရှားသည်။ ဥပမာ၊ ကျွန်ုပ်တို့သည် “အဘယ်သူကိုမျှ ရန်တုံ့မမူကြ” ပါ။—ရော. ၁၂:၁၇-၁၉

၄။ စိတ်နူးညံ့သိမ်မွေ့သူတို့သည် အဘယ်ကြောင့် ပျော်ရွှင်ကြသနည်း။

စိတ်နူးညံ့သိမ်မွေ့သူတို့သည် “ပြည်တော်ကို အမွေခံရကြ” မည်ဖြစ်သောကြောင့် ပျော်ရွှင်ကြသည်။ “နူးညံ့သိမ်မွေ့နှိမ့်ချသော စိတ်သဘောရှိ” သူယေရှုသည် “အလုံးစုံတို့၏အမွေခံသခင်အရာ၌ ခန့်ထားတော်မူ” ခြင်းခံရပြီး မြေကြီးကို အဓိကအမွေခံထိုက်သူဖြစ်သည်။ (မ. ၁၁:၂၉; ဟေဗြဲ ၁:၂; ဆာ. ၂:၈) “လူသား” ဖြစ်သော မေရှိယသည် ဘုရားသခင်၏ကောင်းကင်နိုင်ငံတော်ကို အုပ်ချုပ်သူများနှင့် ပူးပေါင်းမည်ဟု ကြိုဟောထားသည်။ (ဒံ. ၇:၁၃၊ ၁၄၊ ၂၁၊ ၂၂၊ ၂၇) ‘ခရစ်တော်နှင့်ဆက်ဆံသောအမွေခံ’ များအနေနှင့် စိတ်နူးညံ့သိမ်မွေ့သော ဘိသိက်ပေးခြင်းခံရသူ ၁၄၄,၀၀၀ သည် ယေရှု၏မြေကြီးအမွေကို အတူဆက်ခံကြမည်။ (ရော. ၈:၁၆၊ ၁၇; ဗျာ. ၁၄:၁) အခြားစိတ်နူးညံ့သိမ်မွေ့သူများသည် ဘုရားသခင့်နိုင်ငံတော်အုပ်ချုပ်မှုအောက် မြေကြီးပေါ်တွင် ထာဝရအသက်ခံစားကြရမည်။—ဆာ. ၃၇:၁၁

၅။ ခရစ်တော်ကဲ့သို့သော နူးညံ့သိမ်မွေ့မှုရှိခြင်းက ကျွန်ုပ်တို့ကို အဘယ်အကျိုးသက်ရောက်မှုရှိသနည်း။

ကျွန်ုပ်တို့သည် ရုန့်ရင်းကြမ်းတမ်းသူများဖြစ်မည်ဆိုလျှင် အခြားသူများသည် ကျွန်ုပ်တို့နှင့် ပေါင်းသင်းလိုကြမည်မဟုတ်ဘဲ ကျွန်ုပ်တို့ကို ရှောင်ကြပေမည်။ သို့သော် ခရစ်တော်ကဲ့သို့သော နူးညံ့သိမ်မွေ့မှုရှိခြင်းက ကျွန်ုပ်တို့ကို နှစ်သက်ဖွယ်ကောင်းသော၊ တည်ဆောက်မှုဖြစ်စေသော အသင်းသားများဖြစ်စေသည်။ နူးညံ့သိမ်မွေ့ခြင်းသည် ဘုရားသခင်၏ တက်ကြွလှုပ်ရှားသောစွမ်းအား၏ အသီးအပွင့်ဖြစ်ပြီး ကျွန်ုပ်တို့သည် ‘ဝိညာဉ်ပကတိကြောင့် အသက်ရှင်ပြီး ဝိညာဉ်ပကတိအတိုင်းကျင့်ကြ’ မည်ဆိုလျှင် ကျွန်ုပ်တို့တွင် ယင်းအရည်အသွေးရှိမည်။ (ဂလာတိ ၅:၂၂-၂၅ ကိုဖတ်ပါ။) ကျွန်ုပ်တို့သည် ယေဟောဝါ၏သန့်ရှင်းသောဝိညာဉ်တော် ဦးဆောင်မှုကိုလက်ခံသော စိတ်နူးညံ့သိမ်မွေ့သူတို့ထဲတွင် အမှန်ပါဝင်လိုကြသည်။

သနားကြင်နာတတ်သောသူတို့ အလွန်ပျော်ရွှင်ကြ

၆။ “သနားကြင်နာတတ်သူ” တွင် အဘယ်အရည်အသွေးကောင်းများရှိသနည်း။

တောင်ပေါ်တရားတော်တွင် ယေရှု ဤသို့လည်း မိန့်တော်မူခဲ့၏– “သနားကြင်နာတတ်သူတို့သည် ပျော်ရွှင်ကြ၏။ အကြောင်းမူကား ထိုသူတို့သည် သနားကြင်နာခြင်း ခံရကြလိမ့်မည်။” (မ. ၅:၇ကဘ) “သနားကြင်နာတတ်သူ” သည် အခွင့်မသာသူတို့အတွက် နူးညံ့စွာစာနာထောက်ထားစိတ်၊ ထောက်ထားကြင်နာစိတ်နှင့် သနားခြင်းစိတ်ပင်ရှိသည်။ ယေရှုသည် ဆင်းရဲဝေဒနာခံစားနေသူတို့ကို အံ့ဖွယ်တန်ခိုးဖြင့် သက်သာစေခဲ့ခြင်းမှာ “သနားခြင်းစိတ်တော်ရှိ၍၊” “သနားစိတ်ရှိ၍” ဖြစ်သည်။ (မ. ၁၄:၁၄; ၂၀:၃၄) ထို့ကြောင့် သနားစိတ်နှင့် ထောက်ထားစာနာစိတ်တို့က သနားကြင်နာတတ်သူဖြစ်ရန် ကျွန်ုပ်တို့ကို လှုံ့ဆော်ပေးသင့်သည်။—ယာ. ၂:၁၃

၇။ သနားခြင်းစိတ်က ယေရှုအား အဘယ်အရာပြုစေခဲ့သနည်း။

ယေရှုအနားယူရန်သွားနေစဉ် လူအုပ်နှင့်တွေ့သည့်အခါ “ထိုသူတို့သည် ထိန်းသူမရှိ၊ ပစ်ထားသောသိုးကဲ့သို့ဖြစ်ကြသည်ကို သနားခြင်းစိတ်” ရှိတော်မူခဲ့သည်။ သို့ဖြစ်၍ ‘များစွာဆုံးမသွန်သင်တော်မူ၏။’ (မာ. ၆:၃၄) အလားတူပင် ကျွန်ုပ်တို့လည်း ဘုရားသခင့်နိုင်ငံတော်သတင်းစကားကို အခြားသူများအား ဝေမျှသည့်အခါနှင့် ဘုရားသခင်၏ သနားကြင်နာမှုအကြောင်း ထိုသူတို့ကိုပြောပြသည့်အခါ ရွှင်လန်းမှုကို ခံစားကြရသည်။

၈။ သနားကြင်နာတတ်သူတို့သည် အဘယ်ကြောင့် ပျော်ရွှင်ကြသနည်း။

သနားကြင်နာတတ်သူတို့သည် “သနားကြင်နာခြင်း ခံရကြလိမ့်မည်” ဖြစ်သောကြောင့် ပျော်ရွှင်ကြသည်။ ကျွန်ုပ်တို့သည် အခြားသူတို့ကို သနားကြင်နာစွာဆက်ဆံပါက သူတို့လည်း အလားတူပင် တုံ့ပြန်တတ်ကြသည်။ (လု. ၆:၃၈) ထို့ပြင် ယေရှု ဤသို့မိန့်တော်မူခဲ့၏– “သင်တို့သည် သူတစ်ပါးတို့၏အပြစ်ကိုလွှတ်လျှင် ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘသည် သင်တို့၏အပြစ်ကိုလွှတ်တော်မူမည်။” (မ. ၆:၁၄) သနားကြင်နာတတ်သူတို့သာလျှင် အပြစ်ခွင့်လွှတ်မှုနှင့် ဘုရားသခင့်မျက်နှာမှရရှိသည့် ပျော်ရွှင်မှုအကြောင်းကို သိရှိကြသည်။

‘ရန်ငြိမ်းစေတတ်သောသူတို့’ ပျော်ရွှင်ရသည့်အကြောင်းရင်း

၉။ ကျွန်ုပ်တို့သည် ရန်ငြိမ်းစေတတ်သောသူများဖြစ်မည်ဆိုလျှင် မည်သို့ပြုမူကြမည်နည်း။

ပျော်ရွှင်ရသည့် နောက်ထပ်အကြောင်းရင်းတစ်ခုကို ယေရှု ဤသို့မိန့်တော်မူ၏– ‘ခိုက်ရန်ပြုခြင်းကို ငြိမ်းစေတတ်သောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား ထိုသူတို့သည် ဘုရားသခင်၏သားဟု ခေါ်ဝေါ်ခြင်းကို ခံရကြလတ္တံ့။’ (မ. ၅:၉) ကျွန်ုပ်တို့သည် ရန်ငြိမ်းစေတတ်သောသူများဖြစ်မည်ဆိုလျှင် အသရေဖျက်သောစကားကဲ့သို့သော “မိတ်ဆွေတို့ကိုကွဲပြားစေ” နိုင်သည့်ကိစ္စတစ်ခုခုတွင် ပါဝင်ပတ်သက်ကြမည်မဟုတ်ပါ။ (သု. ၁၆:၂၈) ကျွန်ုပ်တို့၏အပြောအဆို၊ အပြုအမူအားဖြင့် ခရစ်ယာန်အသင်းတော်အတွင်းအပြင်ရှိသူတို့နှင့် အသင့်အတင့်ရှိရန် ကြိုးစားကြမည်။ (ဟေဗြဲ ၁၂:၁၄) အထူးသဖြင့် ကျွန်ုပ်တို့သည် ယေဟောဝါဘုရားသခင်နှင့်အသင့်အတင့်ရှိရန် အတတ်နိုင်ဆုံးကြိုးစားကြမည်။—၁ ပေတရု ၃:၁၀-၁၂ ကိုဖတ်ပါ။

၁၀။ ‘ရန်ငြိမ်းစေတတ်သူတို့’ သည် အဘယ်ကြောင့် ပျော်ရွှင်ကြသနည်း။

၁၀ ‘ရန်ငြိမ်းစေတတ်သောသူတို့သည်’ ‘ဘုရားသခင်၏သားဟု ခေါ်ဝေါ်ခြင်းခံရကြ’ သောကြောင့် ပျော်ရွှင်ကြသည်ဟု ယေရှုမိန့်တော်မူခဲ့သည်။ ယေရှုကို မေရှိယအဖြစ် ယုံကြည်ကြောင်းတင်ပြခြင်းကြောင့် ဘိသိက်ပေးခြင်းခံရသောခရစ်ယာန်များသည် “ဘုရားသခင်၏သားဖြစ်ရသောအခွင့်ကို” ရရှိကြသည်။ (ယော. ၁:၁၂; ၁ ပေ. ၂:၂၄) ယေရှု၏ ရန်ငြိမ်းစေတတ်သောသူ “အခြားသိုး” များကောအသို့နည်း။ ယေရှုသည် ကိုယ်တော်၏တွဲဖက်ကောင်းကင်အမွေခံများနှင့်အတူ အနှစ်တစ်ထောင်အုပ်ချုပ်ချိန်အတွင်း အခြားသိုးတို့၏ “ထာဝရအဘ” ဖြစ်မည်။ (ယော. ၁၀:၁၄၊ ၁၆; ဟေရှာ. ၉:၆; ဗျာ. ၂၀:၆) ကိုယ်တော်၏အနှစ်တစ်ထောင်အုပ်ချုပ်ချိန် ပြီးဆုံးသည့်အခါ ထိုရန်ငြိမ်းစေတတ်သောသူတို့သည် အပြည့်ဝဆုံးသဘောဖြင့် ဘုရားသခင်၏ မြေကြီးဆိုင်ရာသားသမီးများ ဖြစ်လာကြမည်။—၁ ကော. ၁၅:၂၇၊ ၂၈

၁၁။ ကျွန်ုပ်တို့သည် “အထက်မှသက်ရောက်သောပညာ” ၏လမ်းညွှန်မှုအောက်တွင်ရှိပါက အခြားသူတို့ကို မည်သို့ဆက်ခံကြမည်နည်း။

၁၁ ကျွန်ုပ်တို့သည် “ငြိမ်သက်ခြင်း၏အရှင် ဘုရားသခင်” ယေဟောဝါနှင့် ရင်းနှီးသောဆက်ဆံရေးတွင် ပျော်မွေ့ရန် ငြိမ်သက်ခြင်းအပါအဝင် ကိုယ်တော်၏အရည်အသွေးများကို တုပရမည်။ (ဖိ. ၄:၉) ကျွန်ုပ်တို့သည် “အထက်မှသက်ရောက်သောပညာ” ၏လမ်းညွှန်မှုအောက်တွင်ရှိနေလျှင် အခြားသူများကို အသင့်အတင့်ရှိစေသောနည်းဖြင့် ဆက်ဆံကြမည်။ (ယာ. ၃:၁၇) မှန်ပါသည်၊ ကျွန်ုပ်တို့သည် ပျော်ရွှင်သော ရန်ငြိမ်းစေတတ်သူများဖြစ်ကြမည်။

“သင်တို့၏အလင်းကို လင်းစေကြလော့”

၁၂။ (က) အမှန်တရားနှင့်ဆိုင်သောအလင်းနှင့်ပတ်သက်၍ ယေရှု မည်သို့မိန့်တော်မူခဲ့သနည်း။ (ခ) ကျွန်ုပ်တို့၏အလင်းကို မည်သို့ထွန်းလင်းနိုင်ကြသနည်း။

၁၂ ဘုရားသခင်ထံမှ အမှန်တရားနှင့်ဆိုင်သောအလင်းကို အခြားသူတို့ရရှိစေရန် ကျွန်ုပ်တို့အကူအညီပေးရာတွင် တတ်နိုင်သမျှအကောင်းဆုံးနည်းဖြင့် သူတို့ကို ကျွန်ုပ်တို့ဆက်ဆံကြသည်။ (ဆာ. ၄၃:၃) ယေရှုက တပည့်များသည် “လောက၏အလင်း” ဖြစ်ကြသည်ဟုမိန့်တော်မူပြီး မိမိတို့၏ “ကောင်းသောအကျင့်” သို့မဟုတ် အခြားသူတို့အပေါ် အမူအကျင့်ကောင်းတင်ပြခြင်းဖြင့် မိမိတို့၏အလင်းကို လူတို့မြင်စေရန်ထွန်းလင်းဖို့ တိုက်တွန်းခဲ့သည်။ ဤသည်မှာ “သူတစ်ပါးရှေ့၌” သို့မဟုတ် လူသားတို့၏အကျိုးအတွက် အမှန်တရားနှင့်ဆိုင်သော သတင်းကောင်းဟောပြောခြင်းကို ရည်ညွှန်းခြင်းဖြစ်သည်။ (မဿဲ ၅:၁၄-၁၆ ကိုဖတ်ပါ။) ယနေ့ ကျွန်ုပ်တို့သည် လူသားချင်းအပေါ် ကောင်းမှုပြုခြင်းဖြင့်နှင့်၊ “လူမျိုးအပေါင်းတို့အား” “မြေတစ်ပြင်လုံးတွင်” သတင်းကောင်းဟောပြောသည့် လုပ်ငန်းတွင်ပါဝင်ခြင်းဖြင့် ကျွန်ုပ်တို့၏အလင်းကို ထွန်းလင်းကြသည်။ (မ. ၂၆:၁၃; မာ. ၁၃:၁၀) ကျွန်ုပ်တို့ပျော်မွေ့ခံစားကြရသည့် အခွင့်ထူးဖြစ်သည်။

၁၃။ ကျွန်ုပ်တို့ကို အဘယ်အရာကြောင့် သတိပြုမိကြသနည်း။

၁၃ “တောင်ထိပ်၌တည်သောမြို့ကို မကွယ်နိုင်” ဟု ယေရှုမိန့်တော်မူခဲ့သည်။ တောင်ထိပ်ပေါ်တွင်တည်ထားသော မည်သည့်မြို့ကိုမဆို အလွယ်တကူမြင်နိုင်သည်။ အလားတူပင် ကျွန်ုပ်တို့သည် ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူများအနေဖြင့် ကျွန်ုပ်တို့၏ မွန်မြတ်သောလုပ်ဆောင်မှုများကြောင့်နှင့် အစွန်းမရောက်ခြင်း၊ စင်ကြယ်ခြင်းကဲ့သို့သော အရည်အသွေးများကြောင့် ကျွန်ုပ်တို့ကို သတိပြုမိလာကြသည်။—တိ. ၂:၁-၁၄

၁၄။ (က) ပထမရာစုဆီမီးခွက်မှာ မည်သို့ရှိသနည်း။ (ခ) ကျွန်ုပ်တို့သည် အမှန်တရားနှင့်ဆိုင်သော အလင်းကို “တောင်းဇလား” အောက် မဖုံးထားခြင်းဟူသည် အဘယ်အရာကို ဆိုလိုသနည်း။

၁၄ ဆီမီးထွန်းပြီး ယင်းကို တောင်းဇလားအောက်၌ ဖုံးထားလေ့မရှိ၊ အိမ်သူအိမ်သားအပေါင်း အလင်းကိုမြင်နိုင်ရန် ဆီမီးခုံပေါ်မှာ တင်ထားလေ့ရှိကြောင်း ယေရှုမိန့်တော်မူခဲ့သည်။ ပထမရာစုတွင် အများအားဖြင့် ဆီမီးခွက်ကို မြေစေးဖြင့်ပြုလုပ်ပြီး မီးစာမီးတောက်စေရန် ဆီ (အများအားဖြင့် သံလွင်ဆီ) ထည့်သည်။ သစ်သား သို့မဟုတ် သတ္တုဆီမီးခုံပေါ်တွင် တင်ထားလေ့ရှိပြီး “အိမ်သူအိမ်သားအပေါင်းတို့သည် အလင်းကို” မြင်ရကြသည်။ လူတို့သည် မီးထွန်းကာ မီးခွက်ကို တောင်းဇလား—၉ လီတာခန့်ဝင်ဆံ့သောတောင်း—အောက်တွင် ထားမည်မဟုတ်ပါ။ ယေရှုက ကိုယ်တော်၏တပည့်များသည် မိမိတို့၏အလင်းကို ပုံဆောင်တောင်းဇလားအောက်တွင် ဖုံးမထားစေလိုပါ။ ထို့ကြောင့် ကျွန်ုပ်တို့သည် ဆန့်ကျင်မှု သို့မဟုတ် နှိပ်စက်ညှဉ်းပန်းမှုကြောင့် အမှန်တရားနှင့်ဆိုင်သော အလင်းကိုဖုံးထားရန် သို့မဟုတ် မိမိ၌သာသိမ်းထားရန် ဘယ်တော့မျှခွင့်မပြုခြင်းဖြင့် ကျွန်ုပ်တို့၏အလင်းကို ထွန်းလင်းကြရမည်။

၁၅။ ကျွန်ုပ်တို့၏ “ကောင်းသောအကျင့်” က အချို့သူတို့အပေါ် မည်သို့အကျိုးသက်ရောက်မှုရှိသနည်း။

၁၅ ယေရှုသည် ဆီမီးခွက်အကြောင်း မိန့်တော်မူပြီးနောက် တပည့်များအား ဤသို့မိန့်တော်မူ၏– “ထိုနည်းတူ၊ သူတစ်ပါးတို့သည် သင်တို့၏ကောင်းသောအကျင့်ကိုမြင်၍ ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘ၏ဂုဏ်တော်ကို ချီးမွမ်းစေခြင်းငှာ၊ သူတစ်ပါးရှေ့၌ သင်တို့၏အလင်းကို လင်းစေကြလော့။” ကျွန်ုပ်တို့၏ “ကောင်းသောအကျင့်” ကြောင့် အချို့သူတို့သည် ဘုရားသခင်၏ ကျေးကျွန်များဖြစ်လာခြင်းဖြင့် ကိုယ်တော်၏ “ဂုဏ်တော်ကိုချီးမွမ်း” ကြသည်။ ဤသည်မှာ ကျွန်ုပ်တို့သည် ‘လောကတွင် အလင်းဆောင်သူများအဖြစ် ထွန်းလင်းလျက်’ နေဖို့လိုသည့် အကြောင်းရင်းတစ်ရပ်ဖြစ်သည်။—ဖိ. ၂:၁၅ကဘ။

၁၆။ ကျွန်ုပ်တို့သည် “လောက၏အလင်း” အနေနှင့် အဘယ်အရာလိုအပ်သနည်း။

၁၆ “လောက၏အလင်း” အနေနှင့် ကျွန်ုပ်တို့သည် ဘုရားသခင့်နိုင်ငံတော်သတင်းဟောပြောခြင်းနှင့် တပည့်ဖြစ်စေခြင်းလုပ်ငန်းတို့တွင် ပါဝင်ဖို့လိုသည်။ သို့သော် အခြားအရာများလည်း လိုအပ်သည်။ တမန်တော်ပေါလု ဤသို့ရေးခဲ့၏– “အလင်း၏သားသမီးများအဖြစ် လျှောက်လှမ်းနေကြလော့။ အကြောင်းမူကား အလင်း၏အကျိုးကျေးဇူးသည် ကောင်းမြတ်ခြင်းအမျိုးမျိုး၊ ဖြောင့်မတ်ခြင်း၊ အမှန်တရားတို့ဖြစ်၏။” (ဧ. ၅:၈၊ ၉ကဘ) ကျွန်ုပ်တို့သည် ဘုရားသခင်၏ မြင့်မားသောစံနှုန်းများနှင့်အညီ အမြဲကျင့်ကြံပြုမူဖို့လိုသည်။ မှန်ပါသည်၊ ကျွန်ုပ်တို့သည် တမန်တော်ပေတရု၏ ဤဆုံးမစကားကိုလိုက်နာရမည်– ‘ပြင်ပလူတို့သည် သင်တို့ကိုကဲ့ရဲ့ပြစ်တင်ကြသည်အမှုမှာ ဘုရားသခင်ကြည့်ရှုစီရင်တော်မူသောနေ့ရက်၌ သင်တို့၏ကောင်းသောအကျင့်ကို သူတို့သည်ထောက်ရှု၍ ဘုရားသခင်ကိုချီးမွမ်းမည်အကြောင်း သူတို့ရှေ့၌ တင့်တယ်လျောက်ပတ်စွာကျင့်နေကြလော့။’ (၁ ပေ. ၂:၁၂) ကျွန်ုပ်တို့နှင့် ယုံကြည်သူချင်းတစ်ဦးစပ်ကြားတွင် ပြဿနာတစ်ခုရှိပါက အဘယ်အရာပြုလုပ်သင့်သနည်း။

‘ညီအစ်ကိုနှင့် သင့်တင့်အောင်ပြုလော့’

၁၇-၁၉။ (က) မဿဲ ၅:၂၃၊ ၂၄ တွင်ဖော်ပြထားသည့် ‘ပူဇော်ရာယဇ်’ မှာအဘယ်နည်း။ (ခ) ညီအစ်ကိုနှင့် ပြန်လည်သင့်တင့်အောင်ပြုလုပ်ခြင်းသည် မည်မျှအရေးကြီးသနည်း၊ ယင်းကို ယေရှုမည်သို့ဖော်ပြခဲ့သနည်း။

၁၇ ယေရှု၏တောင်ပေါ်တရားတော်တွင် ကိုယ်တော်က တပည့်များအား ညီအစ်ကိုတစ်ဦးအပေါ် ဒေါသအမျက်မပြေခြင်းနှင့် မထီမဲ့မြင်ပြုခြင်းအကြောင်း သတိပေးခဲ့သည်။ ယင်းအစား ထိခိုက်နစ်နာသောညီအစ်ကိုနှင့် ပြန်လည်သင့်တင့်ရန် မြန်မြန်ဆန်ဆန်ပြုလုပ်ရမည်ဖြစ်သည်။ (မဿဲ ၅:၂၁-၂၅ ကိုဖတ်ပါ။) ယေရှု၏ဆုံးမစကားကို သတိပြုကြည့်ပါ။ သင်သည် ယဇ်ပလ္လင်တွင်ပူဇော်ရန် ပူဇော်ရာယဇ်ကို ယူဆောင်လာခဲ့ရာ သင့်ညီအစ်ကိုဖြစ်သူသည် သင့်အား မကျေမနပ်ဖြစ်နေသည်ကို သတိရလျှင် သင်အဘယ်အရာပြုလုပ်မည်နည်း။ သင်၏ပူဇော်ရာယဇ်ကို ယဇ်ပလ္လင်ရှေ့တွင်ထားပြီး သင့်ညီအစ်ကိုနှင့် သင့်တင့်အောင်လုပ်ဖို့သွားရမည်။ ထိုသို့ပြုပြီးမှ ယဇ်ပလ္လင်သို့ပြန်လာကာ သင်၏ပူဇော်ရာယဇ်ကို ပူဇော်နိုင်သည်။

၁၈ ‘ပူဇော်ရာယဇ်’ မှာ များသောအားဖြင့် ယေဟောဝါ၏ဝတ်ပြုရာအိမ်တော်တွင် လူတစ်ဦးဆက်သနိုင်သည့် ပူဇော်စရာများဖြစ်သည်။ တိရစ္ဆာန်ပူဇော်ရာယဇ်သည် မောရှေပညတ်အောက်တွင်ရှိသော ဣသရေလလူမျိုး၏ ဝတ်ပြုရေးအစိတ်အပိုင်းအဖြစ် ဘုရားသခင်ပညတ်ထားသောကြောင့် အလွန်အရေးကြီးသည်။ သို့သော် သင့်ညီအစ်ကိုသည် သင့်ကိုမကျေမနပ်ဖြစ်နေကြောင်း သင်သတိရလျှင် ယင်းကိုဖြေရှင်းခြင်းသည် သင်ပူဇော်မည့်ပူဇော်ရာယဇ်ထက် ပို၍အရေးကြီးသည့်လုပ်ရပ်ဖြစ်သည်။ ‘ယဇ်ပလ္လင်ရှေ့မှာ ပူဇော်ရာယဇ်ကိုထား၍ သွားလော့’ ဟုယေရှုမိန့်တော်မူခဲ့သည်။ ‘ညီအစ်ကိုနှင့်သင့်တင့်ပြီးမှ ပြန်၍ပူဇော်ရာယဇ်ကို တင်လော့။’ ပညတ်တရားတွင် တောင်းဆိုထားသော တာဝန်တစ်ခုကိုမလုပ်ဆောင်မီ ညီအစ်ကိုနှင့် ပြန်လည်သင့်တင့်အောင်ပြုလုပ်ခြင်းသည် အရေးကြီးသည်။

၁၉ ယေရှုက မိမိ၏မိန့်တော်မူချက်ကို အထူးပူဇော်ရာယဇ်များ၊ သတ်သတ်မှတ်မှတ်အပြစ်များနှင့် မကန့်သတ်ခဲ့ပါ။ ထို့ကြောင့် လူတစ်ဦးက သူ၏ညီအစ်ကိုသည် သူ့အားမကျေမနပ်ဖြစ်နေသည်ကို သတိရလျှင် မည်သည့်ပူဇော်ရာယဇ်မဆိုကို ခေတ္တထားခဲ့ရမည်ဖြစ်သည်။ ပူဇော်သည့်ယဇ်မှာ တိရစ္ဆာန်အရှင်ကောင်ဖြစ်ပါက ဝတ်ပြုရာအိမ်တော်ရှိ ယဇ်ပုရောဟိတ်ရင်ပြင်တွင် မီးရှို့ရာယဇ်ပူဇော်ရန်အတွက် ယင်းကို “ယဇ်ပလ္လင်ရှေ့မှာ” ထားခဲ့ရမည်ဖြစ်သည်။ ပြဿနာဖြေရှင်းပြီးနောက်မှ ပြစ်မှားသူသည် ပြန်လာကာ ယဇ်ပူဇော်ခြင်းကိုပြုလုပ်လိမ့်မည်။

၂၀။ ကျွန်ုပ်တို့သည် ညီအစ်ကိုတစ်ဦးနှင့်စပ်လျဉ်း၍ အမျက်ဒေါသထွက်နေလျှင် ကိစ္စရပ်များကို အဘယ်ကြောင့် မြန်မြန်ဖြေရှင်းသင့်သနည်း။

၂၀ ဘုရားသခင့်ရှုထောင့်မှကြည့်လျှင် ကျွန်ုပ်တို့ညီအစ်ကိုများနှင့် ကျွန်ုပ်တို့၏ဆက်ဆံရေးသည် စစ်မှန်သောဝတ်ပြုရေးတွင် အရေးကြီးသောကဏ္ဍတစ်ခုဖြစ်သည်။ ယဇ်ပူဇော်သူတို့သည် မိမိတို့ညီအစ်ကိုချင်းများကို သင့်လျော်စွာမဆက်ဆံပါက သူတို့၏တိရစ္ဆာန်ယဇ်ပူဇော်မှုများသည် ယေဟောဝါအဖို့ အဓိပ္ပာယ်မဲ့ဖြစ်သည်။ (မိ. ၆:၆-၈) ထို့ကြောင့် ယေရှုက မိမိ၏တပည့်များအား “သူ၏စိတ်ကိုပြေစေခြင်းငှာ အလျင်အမြန်ပြုလော့” ဟုတိုက်တွန်းခဲ့သည်။ (မ. ၅:၂၅) အလားတူပင် ပေါလုဤသို့ရေးခဲ့၏– ‘အမျက်ထွက်ရာတွင် အပြစ်မရှိစေနှင့်။ အမျက်မပြေဘဲ နေမဝင်စေနှင့်။ စာတန်ကိုအခွင့်မပေးကြနှင့်။’ (ဧ. ၄:၂၆၊ ၂၇) ကျွန်ုပ်တို့သည် တရားသည့်အမျက်ဒေါသထွက်လျှင် ကိစ္စရပ်ကိုအလျင်အမြန်ဖြေရှင်းသင့်သည်၊ သို့ဖြစ်လျှင် စာတန်အခွင့်ကောင်းယူနိုင်သည့် အခြေအနေမျိုးတွင် ရှိနေမည်မဟုတ်ပါ။—လု. ၁၇:၃၊ ၄

အခြားသူတို့ကို ရိုသေလေးစားစွာ အစဉ်ဆက်ဆံပါ

၂၁၊ ၂၂။ (က) ကျွန်ုပ်တို့ဆွေးနွေးခဲ့ပြီးသည့် ယေရှု၏ဆုံးမစကားကို ကျွန်ုပ်တို့ မည်သို့ကျင့်သုံးနိုင်သနည်း။ (ခ) နောက်ဆောင်းပါးတွင် အဘယ်အရာကို သုံးသပ်ကြမည်နည်း။

၂၁ တောင်ပေါ်တရားတော်တွင် ယေရှုမိန့်တော်မူခဲ့သောအချက်အချို့ကို ပြန်သုံးသပ်ခြင်းက ကျွန်ုပ်တို့သည် အခြားသူတို့ကို ကြင်နာစွာ၊ ရိုသေလေးစားစွာဆက်ဆံရန် အထောက်အကူဖြစ်သင့်သည်။ ကျွန်ုပ်တို့အားလုံးသည် မစုံလင်ကြသော်လည်း ယေရှုနှင့် ကောင်းကင်ခမည်းတော်သည် ကျွန်ုပ်တို့လုပ်နိုင်သည်ထက်ပို၍လုပ်ဆောင်ရန် ကျွန်ုပ်တို့ထံမှ မမျှော်လင့်သောကြောင့် ယေရှု၏ဆုံးမစကားကို ကျွန်ုပ်တို့ကျင့်သုံးနိုင်သည်။ ဆုတောင်းခြင်း၊ စိတ်ရင်းမှန်ဖြင့်ကြိုးစားခြင်း၊ ယေဟောဝါဘုရားသခင်၏အကူအညီတို့ဖြင့် ကျွန်ုပ်တို့သည် စိတ်နူးညံ့သိမ်မွေ့သောသူ၊ သနားကြင်နာတတ်သောသူနှင့် ရန်ကိုငြိမ်းစေတတ်သောသူများ ဖြစ်နိုင်ကြပါသည်။ ယေဟောဝါ၏ဂုဏ်အသရေတော်ကိုထင်ရှားစေသော အမှန်တရားနှင့်ဆိုင်သည့်အလင်းကို ကျွန်ုပ်တို့ထွန်းလင်းနိုင်ကြသည်။ ထို့ပြင် လိုအပ်လာပါက ကျွန်ုပ်တို့၏ညီအစ်ကိုနှင့် ပြန်လည်သင့်တင့်အောင် ပြုလုပ်နိုင်ကြသည်။

၂၂ ယေဟောဝါနှစ်သက်လက်ခံသောဝတ်ပြုရေးတွင် လူသားချင်းကို သင့်လျော်စွာဆက်ဆံခြင်းပါဝင်သည်။ (မာ. ၁၂:၃၁) အခြားသူတို့အား ဆက်၍ကောင်းမှုပြုရာတွင် ကျွန်ုပ်တို့ကိုအထောက်အကူဖြစ်စေသော တောင်ပေါ်တရားတော်ပါ အခြားအချက်များကို နောက်ဆောင်းပါးတွင် ကျွန်ုပ်တို့သုံးသပ်ကြပါမည်။ သို့သော် ယေရှု၏ အထူးကောင်းမွန်သောဟောပြောချက်မှ အစပိုင်းအချက်များကို ဆင်ခြင်သုံးသပ်ပြီးနောက် ‘ကျွန်ုပ်သည် အခြားသူတို့ကို မည်သို့ကောင်းစွာဆက်ဆံသနည်း’ ဟုမိမိကိုယ်ကို မေးနိုင်ပါသည်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 1 သင်ကိုယ်ပိုင်လေ့လာသည့်အခါ ဤဆောင်းပါးနှင့်နောက်ဆောင်းပါးကို မသုံးသပ်မီ ယင်းကျမ်းချက်တို့ကိုဖတ်ခြင်းသည် အလွန်အကျိုးပြုကြောင်း တွေ့ရပေမည်။

သင်မည်သို့ဖြေဆိုမည်နည်း

• စိတ်နူးညံ့သိမ်မွေ့ရမည်ဟူသည် အဘယ်အရာကိုဆိုလိုသနည်း။

• “သနားကြင်နာတတ်သောသူ” သည် အဘယ်ကြောင့် ပျော်ရွှင်သနည်း။

• ကျွန်ုပ်တို့၏အလင်းကို မည်သို့ထွန်းလင်းနိုင်သနည်း။

• ‘ညီအစ်ကိုနှင့် ပြန်လည်သင့်တင့်’ ရန် အဘယ်ကြောင့် အလျင်အမြန်ပြုလုပ်သင့်သနည်း။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၄ ပါပုံစာ]

ဘုရားသခင့်နိုင်ငံတော်သတင်းကို ကြွေးကြော်ခြင်းသည် ကျွန်ုပ်တို့၏ အလင်းကိုထွန်းလင်းသည့် အရေးကြီးသောနည်းတစ်နည်းဖြစ်

[စာမျက်နှာ ၅ ပါပုံစာ]

ခရစ်ယာန်များသည် ဘုရားသခင့်မြင့်မားသောစံနှုန်းများ ကျင့်သုံးရာတွင် ပုံသက်သေဖြစ်ရမည်

[စာမျက်နှာ ၆ ပါပုံစာ]

သင့်ညီအစ်ကိုနှင့် ပြန်လည်သင့်တင့်ရန် အတတ်နိုင်ဆုံးလုပ်ဆောင်ပါ