မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“ကနဦးမေတ္တာ” ကိုဆက်ရှိနေစေပါ

“ကနဦးမေတ္တာ” ကိုဆက်ရှိနေစေပါ

“ကနဦးမေတ္တာ” ကိုဆက်ရှိနေစေပါ

“ရှိရင်းစွဲကို ဆက်၍စွဲကိုင်ထားလော့။”—ဗျာ. ၃:၁၁၊ ကဘ။

၁၊ ၂။ ယေဟောဝါအကြောင်းသင်ယူသိရှိရာသည် အမှန်တရားဖြစ်ကြောင်း ယုံကြည်လက်ခံလာချိန်တွင် သင်မည်သို့ခံစားခဲ့ရသနည်း။

နာခံမှုရှိသောလူသားတို့အား ယေဟောဝါကမ်းလှမ်းထားသည့် ကောင်းမွန်လှသောမျှော်လင့်ချက်အကြောင်း သင် ဦးဆုံးကြားသိခဲ့ရချိန်ကို မှတ်မိပါသလော။ သင်သည် ယခင်က အခြားဝတ်ပြုရေးအဖွဲ့ဝင်ဖြစ်ခဲ့မည်ဆိုလျှင် သင့်အား ဘုရားသခင့်ရည်ရွယ်ချက်များကို သမ္မာကျမ်းစာဖြင့်ရှင်းပြခဲ့ချိန်တွင် သို့မဟုတ် တစ်ချိန်ကနားလည်ရခက်သောသွန်သင်ချက်များကို ရှင်းရှင်းလင်းလင်းနားလည်သဘောပေါက်ချိန်တွင် သင်မည်သို့ခံစားခဲ့ရသနည်း။ သင်သည် လှည့်စားခံခဲ့ရသည်ဟု သိကောင်းသိလာပေမည်။ သို့သော် ယခု သင်သည် အမှန်တရားကိုသိရှိလာသည့်အတွက် ရွှင်လန်းပေမည်။ အကယ်၍ သင်သည် ခရစ်ယာန်မိဘများ၏ပြုစုပျိုးထောင်ခြင်းကို ခံခဲ့ရသူဖြစ်ပါက ယေဟောဝါအကြောင်း သင်သိရှိရာသည် အမှန်တရားဖြစ်ကြောင်း ယုံကြည်လက်ခံလာပြီး ယင်းနှင့်အညီ အသက်ရှင်ရန်ဆုံးဖြတ်ခဲ့ချိန်တွင် မည်သို့ခံစားခဲ့ရသည်ကို မှတ်မိပါသလော။—ရော. ၁၂:၂

ဝိညာဉ်ရေးညီအစ်ကိုများစွာတို့က သူတို့ အလွန်ပျော်ရွှင်ခဲ့ကြကြောင်း၊ ယေဟောဝါနှင့်ရင်းနှီးလာကြောင်း၊ သူတို့ကို ကိုယ်တော်သွေးဆောင်တော်မူသည့်အတွက် ကျေးဇူးတင်ကြောင်း သင့်အားပြောပြပါလိမ့်မည်။ (ယော. ၆:၄၄) သူတို့၏ပျော်ရွှင်မှုက ခရစ်ယာန်လုပ်ဆောင်မှုတို့တွင်ပါဝင်ရန် လှုံ့ဆော်ခဲ့သည်။ သူတို့အလွန်ရွှင်လန်းသဖြင့် သူတို့ခံစားချက်ကို လူတိုင်းအားပြောပြလိုကြသည်။ သင်လည်း အလားတူတွေ့ကြုံခံစားခဲ့ရပါသလော။

၃။ ဧဖက်မြို့ရှိအသင်းတော်ထံ ယေရှုသတင်းပို့ချိန်တွင် သူတို့တွင် အဘယ်အခြေအနေရှိခဲ့သနည်း။

ပထမရာစု ဧဖက်မြို့ရှိခရစ်ယာန်အသင်းတော်အား မိန့်တော်မူချိန်တွင် ယေရှုက “ကနဦးမေတ္တာ” အကြောင်းပြောခဲ့သည်။ ဧဖက်မြို့သားတို့တွင် ကောင်းသောအရည်အသွေးများစွာရှိခဲ့သည်၊ သို့သော် ယခင်က ယေဟောဝါကိုချစ်မြတ်နိုးသော သူတို့၏မေတ္တာလျော့နည်းခဲ့သည်။ ထို့ကြောင့် သူတို့ကို ယေရှုဤသို့မိန့်တော်မူခဲ့၏– ‘သင်သည် မတရားသောသူတို့ကို လက်မခံနိုင်ကြောင်းကိုလည်းကောင်း၊ တမန်တော်မဟုတ်ဘဲ တမန်တော်ဖြစ်ယောင်ဆောင်သောသူတို့ကိုစစ်ဆေး၍ လှည့်ဖြားသောသူဖြစ်သည်ဟု သိကြောင်းကိုလည်းကောင်း၊ သည်းခံခြင်းနှင့်ပြည့်စုံ၍ ငါ၏နာမကြောင့်ဆင်းရဲခံ၍ အားမလျော့ကြောင်းကိုလည်းကောင်း ငါသိ၏။ သို့သော်လည်း သင်သည် ရှေ့ဦးစွာသောချစ်ခြင်းမေတ္တာ [“ကနဦးမေတ္တာ၊” ကဘ] လျော့ပြီဟု သင်၌အပြစ်တင်စရာရှိ၏။’—ဗျာ. ၂:၂-၄

၄။ ဧဖက်မြို့သားတို့ထံပေးပို့သော ယေရှု၏သတင်းစကားသည် ယနေ့နှင့်လည်း အဘယ်ကြောင့်သက်ဆိုင်သနည်း။

ဗျာ.ကျမ်းတွင်ပါသော ဧဖက်နှင့်အခြားအသင်းတော်များထံပေးပို့သည့် ယေရှု၏သွန်သင်ချက်သည် ဘိသိက်ပေးခံရသောခရစ်ယာန်များအလယ်တွင် ၁၉၁၄ ခုနှစ်မှ အချိန်အတော်အတန်တည်ရှိခဲ့သည့် အခြေအနေနှင့်လည်း သင့်လျော်ပါသည်။ (ဗျာ. ၁:၁၀) သို့တိုင် ဖြစ်နိုင်သည်ကား ယနေ့အချိန်တွင်ပင် ခရစ်ယာန်အချို့သည် ယေဟောဝါနှင့် ခရစ်ယာန်အမှန်တရားကိုချစ်မြတ်နိုးသည့် သူတို့၏ “ကနဦးမေတ္တာ” လျော့နည်းနေပေမည်။ ယင်းကိုစိတ်ထဲမှတ်လျက် သင့်ကိုယ်ပိုင်အတွေ့အကြုံများကို ပြန်လည်အမှတ်ရကာ တွေးတောခြင်းအားဖြင့် ဘုရားသခင်နှင့် အမှန်တရားကိုချစ်မြတ်နိုးသည့် သင်၏ကနဦးမေတ္တာနှင့်ဇွဲတို့ကို မည်သို့ထိန်းသိမ်း၊ လန်းဆန်းစေပြီး တိုးပွားစေနိုင်ပုံတို့ကို ဆန်းစစ်ကြည့်ကြစို့။

အမှန်တရားဖြစ်ကြောင်း သင့်အားယုံကြည်စိတ်ချ စေသည့်အရာမှာ အဘယ်နည်း

၅၊ ၆။ (က) ခရစ်ယာန်တစ်ဦးစီသည် မိမိကိုယ်တိုင် အဘယ်အရာကို ယုံကြည်စိတ်ချနေရမည်နည်း။ (ခ) ယေဟောဝါသက်သေများ အမှန်တရားသင်ပေးကြောင်း အဘယ်အရာက သင့်ကိုယုံကြည်စိတ်ချစေသနည်း။ (ဂ) လူတစ်ဦး၏ ကနဦးမေတ္တာလန်းဆန်းနေစေရန် အဘယ်အရာက အထောက်အကူပြုနိုင်သနည်း။

ယေဟောဝါထံ အပ်နှံထားသူတိုင်းသည် “ကောင်းမြတ်သောအရာ၊ နှစ်သက်ဖွယ်သောအရာ၊ စုံလင်သောအရာတည်းဟူသော ဘုရားသခင်အလိုတော်ရှိသောအရာ” ကို ဦးဆုံးကိုယ်တိုင် “သင်” ယူကြရသည်။ (ရော. ၁၂:၁၊ ၂) ယင်းတွင် သမ္မာကျမ်းစာအမှန်တရား သင်ယူခြင်းပါဝင်သည်။ ယေဟောဝါသက်သေများ အမှန်တရားသင်ပေးကြောင်း လူတစ်ဦးကိုယုံကြည်စိတ်ချစေသည့်အရာသည် အခြားသူတစ်ဦးကို ယုံကြည်စိတ်ချစေသည့်အရာနှင့် ကွာခြားနိုင်သည်။ အချို့သည် သမ္မာကျမ်းစာမှ ဘုရားသခင့်နာမတော်ကို ဖတ်လိုက်ရသည့်အခါ သို့မဟုတ် လူသေတို့၏အခြေအနေမှန်ကို သိလိုက်ရသည့်အခါ သူတို့၏သဘောထားပြောင်းလဲသွားသည်ကို ပြန်အမှတ်ရကြ၏။ (ယေ. ၃၃:၂; ဒေ. ၉:၅၊ ၁၀) အခြားသူတို့မှာမူ ယေဟောဝါလူမျိုးအလယ်တွင် တင်ပြသည့်မေတ္တာကို စွဲမှတ်ခဲ့ကြသည်။ (ယော. ၁၃:၃၄၊ ၃၅) အခြားသူတို့ကျပြန်လျှင် လောကနှင့်မစပ်ဆိုင်ဟူသည် အဘယ်အရာဆိုလိုကြောင်းကို စွဲမှတ်ခဲ့ကြသည်။ စစ်မှန်သောခရစ်ယာန်များသည် နိုင်ငံရေးအငြင်းပွားမှုများ သို့မဟုတ် မည်သည့်လူမျိုးရေးစစ်ပွဲများတွင်မျှ မပါဝင်သင့်ကြောင်း သူတို့မှတ်ချက်ချခဲ့ကြသည်။—ဟေရှာ. ၂:၄; ယော. ၆:၁၅; ၁၇:၁၄-၁၆

အထက်ပါအကြောင်းရင်းများနှင့် အခြားအချက်များက လူများစွာအား ဘုရားသခင်ကို ဦးဆုံးချစ်မြတ်နိုးလာရန် လှုံ့ဆော်ပေးခဲ့သည်။ အမှန်တရားဖြစ်ကြောင်း သင့်အား ယုံကြည်စိတ်ချစေသည့်အရာကို အချိန်ယူကာ ပြန်လည်စဉ်းစားပါ။ လူတစ်ဦးစီတွင် မတူညီသောဘဝအခြေအနေ၊ မတူညီသောစရိုက်များရှိကြသောကြောင့် သင် ယေဟောဝါကိုချစ်မြတ်နိုးပြီး ကိုယ်တော့်ကတိများကိုယုံကြည်ရသည့် အခြေခံအကြောင်းရင်းသည် အခြားသူတို့နှင့်ကွာခြားနိုင်ပါသည်။ ယင်းအကြောင်းများကို သင်ဦးဆုံးသင်ယူသိရှိခဲ့ချိန်ကကဲ့သို့ပင် ယနေ့အချိန်တွင်လည်း ထပ်တူအကြောင်းရင်းများသည် မှန်ကန်နေဆဲဖြစ်နိုင်သည်။ အမှန်တရားသည် မပြောင်းလဲပါ။ ထို့ကြောင့် ယင်းသဘောထားများ၊ ခံစားချက်များကို ပြန်ပြောင်းစဉ်းစားခြင်းသည် အမှန်တရားကိုချစ်မြတ်နိုးသည့် သင်၏ကနဦးမေတ္တာကို ပြန်လည်သစ်လွင်၊ လန်းဆန်းစေသည့်နည်းတစ်နည်း ဖြစ်နိုင်သည်။—ဆာလံ ၁၁၉:၁၅၁၊ ၁၅၂; ၁၄၃:၅ တို့ကို ဖတ်ပါ။

သင့် “ကနဦးမေတ္တာ” ကိုထပ်အားဖြည့်ပါ

၇။ အမှန်တရားကိုမြတ်နိုးသည့် ကျွန်ုပ်တို့၏ကနဦးမေတ္တာကို ထပ်အားဖြည့်ဖို့ အဘယ်ကြောင့်လိုသနည်း၊ ကျွန်ုပ်တို့ မည်သို့ပြုလုပ်နိုင်သနည်း။

ယေဟောဝါထံ သင်အပ်နှံခဲ့ချိန်မှစ၍ သင့်အသက်တာတွင် အတော်အတန်ပြောင်းလဲမှုပြုခဲ့ရပေမည်။ အမှန်တရားကိုမြတ်နိုးသည့် သင်၏ကနဦးမေတ္တာသည် အရေးကြီးခဲ့သည်၊ သို့သော် အချိန်ကုန်လွန်သွားသည်နှင့်အမျှ သင့်ယုံကြည်ခြင်းကို စမ်းသပ်သည့် အသစ်သောစိန်ခေါ်ချက်များကိုရင်ဆိုင်ရန် သင့်မေတ္တာကိုထပ်အားဖြည့်ဖို့ လိုအပ်ခဲ့သည်။ သို့သော် ယေဟောဝါသည် သင့်ကိုထောက်မကူညီခဲ့သည်။ (၁ ကော. ၁၀:၁၃) ထို့ကြောင့် နှစ်များတစ်လျှောက် သင့်အတွေ့အကြုံများသည် သင့်အတွက် အလွန်အဖိုးတန်သောအရာလည်းဖြစ်သည်။ ယင်းအတွေ့အကြုံများက ကနဦးရှိခဲ့သည့်မေတ္တာကို ပိုကြီးမားလာစေရန်အထောက်အကူပြုသည့်ပြင် ဘုရားသခင်အလိုတော်ရှိသော ကောင်းသောသူ၊ နှစ်သက်ဖွယ်သောသူဖြစ်ကြောင်း သက်သေပြနိုင်သည့် နောက်ထပ်နည်းလမ်းဖြစ်သည်။—ယောရှု ၂၃:၁၄; ဆာ. ၃၄:၈

၈။ ယေဟောဝါသည် မိမိကိုယ်တော်တိုင်နှင့်ပတ်သက်၍ မောရှေအား မည်သို့ဖော်ပြခဲ့သနည်း၊ ဣသရေလလူမျိုးသည် မည်သို့အားဖြင့် ဘုရားသခင်နှင့် ပို၍တရင်းတနှီးရှိလာခဲ့သနည်း။

ဥပမာ၊ ယေဟောဝါက ဣသရေလလူမျိုးအား အီဂျစ်ပြည်ကျွန်ဘဝမှကယ်နုတ်ရန် မိမိ၏ရည်ရွယ်ချက်ကိုဖော်ပြခဲ့ချိန်တွင် ဣသရေလလူမျိုးတို့၏အခြေအနေကို သုံးသပ်ကြည့်ပါ။ ဘုရားသခင်သည် မောရှေအား မိမိကိုယ်တော်တိုင်နှင့်ပတ်သက်၍ ဤသို့ဖော်ပြခဲ့၏– “ငါဖြစ်စေလိုရာကို ငါဖြစ်စေမည်။” (ထွ. ၃:၇၊ ၈၊ ၁၃၊ ၁၄ကဘ) ဆိုလိုသည်မှာ ယေဟောဝါသည် မိမိလူမျိုးလွတ်မြောက်ရန် လိုအပ်သလိုမိမိဖြစ်လာမည်ဖြစ်ကြောင်း ပြောနေခြင်းဖြစ်သည်။ ယင်းနောက်ဖြစ်ခဲ့သည့်အဖြစ်အပျက်များတွင်နှင့် အခြေအနေကတောင်းဆိုခဲ့ချိန်တွင် ယေဟောဝါသည် မိမိ၏ပင်ကိုအရည်အသွေး အသွင်အမျိုးမျိုးဖြစ်သော အတိုင်းအဆမဲ့တန်ခိုးရှင်၊ တရားသူကြီး၊ ခေါင်းဆောင်၊ ကယ်နုတ်ရှင်၊ စစ်သူရဲနှင့် ထောက်ပံ့ပေးရှင်အဖြစ် ထင်ရှားပြခဲ့သည်ကို ဣသရေလလူမျိုးမြင်တွေ့ခဲ့ရသည်။—ထွ. ၁၂:၁၂; ၁၃:၂၁; ၁၄:၂၄-၃၁; ၁၆:၄; နေ. ၉:၉-၁၅

၉၊ ၁၀။ ဘုရားသခင်အားသိကျွမ်းလာရန် အဘယ်အခြေအနေမျိုးက အထောက်အကူပြုနိုင်သနည်း၊ ယင်းအတွေ့အကြုံများကို ပြန်လည်အမှတ်ရခြင်းက အဘယ်ကြောင့်ကောင်းသနည်း။

သင့်အခြေအနေသည် ရှေးခေတ်ဣသရေလလူမျိုး၏ အခြေအနေနှင့် တူမည်မဟုတ်ပါ။ သို့သော်လည်း သင့်ကို ဘုရားသခင် ပုဂ္ဂိုလ်ရေးအရစိတ်ဝင်စားကြောင်း ယုံကြည်စိတ်ချစေသည့် တွေ့ကြုံမှုများရှိပေမည်၊ ယင်းသည် သင့်ယုံကြည်ခြင်းကို တိုးပွားစေသည်။ ယေဟောဝါသည် တစ်နည်းနည်းဖြင့် ထောက်ပံ့ပေးရှင်၊ နှစ်သိမ့်ပေးရှင် သို့မဟုတ် ဆရာသမားတစ်ဦးအဖြစ် လုပ်ဆောင်ပေးခဲ့ခြင်းဖြစ်နိုင်သည်။ (ဟေရှာယ ၃၀:၂၀ခ၊ ၂၁ ကိုဖတ်ပါ။) သို့မဟုတ် ဆုတောင်းချက်တစ်ခုအတွက် သိသာထင်ရှားသောအဖြေဟု သင်ခံစားခဲ့ရပေမည်။ အခက်အခဲတစ်ခုကို သင်ရင်ဆိုင်နေရပြီး ယင်းကို ခရစ်ယာန်ချင်းတစ်ဦးက ကူညီပေးခဲ့ခြင်း ဖြစ်နိုင်မည်။ သို့မဟုတ် ကိုယ်ပိုင်လေ့လာမှုမှ သင့်လျော်သောကျမ်းချက်များကို သင်သတိပြုမိခဲ့ခြင်း ဖြစ်ပေမည်။

၁၀ ယင်းတွေ့ကြုံမှုများကို အခြားသူတို့အား သင်ပြောပြလျှင် အချို့သည် စွဲမှတ်ချင်မှစွဲမှတ်ပေမည်။ အဖြစ်အပျက်များသည် အံ့ဖွယ်ရာများမဟုတ်သည်မှာ မှန်ပါသည်။ သို့သော် သင်သည် ယင်းတို့ကို အထူးအဓိပ္ပာယ်ရှိသည့်အရာအဖြစ် ရှုမြင်သည်။ မှန်ပါသည်၊ ယေဟောဝါသည် သင့်အတွက် လိုအပ်ခဲ့သည့်အတိုင်း ကိုယ်တော်ဖြစ်စေခဲ့သည်။ အမှန်တရားတွင် သင်ရှိနေခဲ့သည့်နှစ်များကို ပြန်သုံးသပ်ကြည့်ပါ။ သင့်အသက်တာတွင် ယေဟောဝါ၏ပုဂ္ဂိုလ်ရေးစောင့်ရှောက်မှုခံစားခဲ့ရချိန် တစ်ကြိမ်ထက်မကရှိခဲ့ကြောင်း သင်ပြန်အမှတ်ရပါသလော။ သို့ဖြစ်လျှင် ယင်းအဖြစ်အပျက်များနှင့် ယင်းတို့က သင်အားမည်သို့ခံစားစေခဲ့သည်ကို ပြန်လည်အမှတ်ရခြင်းက ထိုအချိန်က သင်ခံစားခဲ့ရသော ယေဟောဝါကိုချစ်သည့်မေတ္တာမျိုး သင့်နှလုံးတွင်ပြန်ခံစားရစေရန် လှုံ့ဆော်နိုင်သည်။ ယင်းအတွေ့အကြုံများကို တန်ဖိုးထားပါ။ ယင်းတို့ကို တွေးတောဆင်ခြင်ပါ။ ယင်းတို့က ယေဟောဝါသည် သင့်ကို ပုဂ္ဂိုလ်ရေးအရစိတ်ဝင်စားကြောင်းတင်ပြပြီး ယင်းယုံကြည်စိတ်ချမှုကို မည်သူမျှ သင့်ထံမှယူဆောင်မသွားနိုင်ချေ။

သင့်ကိုသင်ဆန်းစစ်ပါ

၁၁၊ ၁၂။ ခရစ်ယာန်တစ်ဦး အမှန်တရားကိုချစ်မြတ်နိုးမှု လျော့နည်းသွားပါက အဘယ်အရာကြောင့်ဖြစ်နိုင်သနည်း၊ ယေရှုအဘယ်သွန်သင်ချက်ပေးခဲ့သနည်း။

၁၁ ဘုရားသခင်နှင့်အမှန်တရားကို ယခင်ရှိသောမေတ္တာမျိုးဖြင့် ချစ်မြတ်နိုးစိတ်မရှိတော့ပါက ယင်းသည် ကိုယ်တော်ဘက်မှ တစ်စုံတစ်ရာပြောင်းလဲသွားခြင်းကြောင့် မဟုတ်ပါ။ ယေဟောဝါသည် ဘယ်တော့မျှမပြောင်းလဲပါ။ (မာလ. ၃:၆; ယာ. ၁:၁၇) ကိုယ်တော်သည် ယခင်ကကဲ့သို့ပင် ယနေ့လည်း သင့်အားစိတ်ဝင်စားပါသည်။ သို့ဖြစ်၍ တစ်ခုခုက ယေဟောဝါနှင့်သင့်ဆက်ဆံရေးကို ပြောင်းလဲသွားစေလျှင် ယင်းသည် အဘယ်အရာဖြစ်နိုင်သနည်း။ သင်သည် ပို၍စိတ်ဖိစီးမှုခံနေရ၊ ပို၍စိုးရိမ်ပူပန်နေရခြင်းကြောင့်လော။ ယခင်က သင်သည် ပို၍ထက်သန်စွာဆုတောင်းခဲ့၊ ပို၍ထက်သန်စွာလေ့လာမှုပြုခဲ့၊ ပို၍မကြာခဏတွေးတောဆင်ခြင်မှုပြုခဲ့ပေမည်။ ယခုထက် သင်သည် ဓမ္မအမှုတွင်ပို၍ဇွဲထက်သန်ခဲ့ပြီး အသင်းတော်အစည်းအဝေးများမှန်ခဲ့သူမဟုတ်လော။—၂ ကော. ၁၃:၅

၁၂ သင့်ကိုသင်ဆန်းစစ်ပြီးနောက် ယင်းအပြောင်းအလဲတစ်ခုကိုမျှ သတိမပြုမိဖြစ်ပေမည်၊ သို့သော် ထိုသို့ဖြစ်လျှင် ဘယ်အရာက သင့်ကို ဤသို့ပြောင်းသွားစေသနည်း။ သင့်မိသားစုကိုဖူလုံစွာထောက်ပံ့ရခြင်း၊ ကျန်းမာရေးအတွက်ဂရုစိုက်ခြင်း၊ သို့မဟုတ် အလားတူအရာများကဲ့သို့သော စိုးရိမ်ထိုက်သည့်ပူပန်မှုများက ယေဟောဝါနေ့နီးကြောင်း သင်၏အရေးတကြီးသဘောထားများကို လျော့နည်းသွားစေခြင်းလော။ မိမိတမန်တော်များကို ယေရှုဤသို့ပြောခဲ့သည်– “သင်တို့သည် ကိုယ်ကိုကိုယ်သတိပြုကြလော့။ သို့မဟုတ် အစားအသောက်လွန်ကြူးခြင်း၊ လောကီစိုးရိမ်ခြင်းအားဖြင့် စိတ်နှလုံးပင်ပန်းလျက်နေစဉ်တွင် ထိုနေ့ရက်သည် အမှတ်တမဲ့သင်တို့နှင့်တွေ့ကြုံလိမ့်မည်။ ထိုနေ့ရက်သည် ပိုက်ကွန်ကဲ့သို့ မြေတစ်ပြင်လုံး၌နေသောလူအပေါင်းတို့ကို အုပ်မိလိမ့်မည်။ ထိုကြောင့် သင်တို့သည် ဖြစ်လတ္တံ့သောအမှုအရာတို့နှင့်ကင်းလွတ်၍ လူသားထံသို့ရောက်ခြင်းကို ခံထိုက်သောသူဖြစ်သည်ဟု မှတ်တော်မူမည်အကြောင်း အစဉ်ဆုတောင်းလျက်စောင့်နေကြလော့။”—လု. ၂၁:၃၄-၃၆

၁၃။ ယာကုပ်သည် ဘုရားသခင့်နှုတ်မြွက်တော်ကို အဘယ်အရာနှင့်ခိုင်းနှိုင်းပြခဲ့သနည်း။

၁၃ မှုတ်သွင်းခံကျမ်းရေးသူယာကုပ်က ယုံကြည်သူချင်းများကို ဘုရားသခင့်နှုတ်မြွက်တော်အလင်းဖြင့် မိမိကိုယ်ကို ရိုးသားစွာဆန်းစစ်ရန် အားပေးခဲ့သည်။ ယာကုပ်ဤသို့ရေးခဲ့၏– ‘ကိုယ်ကိုကိုယ်လှည့်ဖြား၍ နှုတ်မြွက်တရားကို နာရုံမျှသာပြုသောသူမဟုတ်၊ တရားကိုကျင့်သောသူဖြစ်ကြလော့။ တရားကိုမကျင့်ဘဲ နာရုံမျှသာပြုသောသူမည်သည်ကား မှန်၌ မိမိပကတိမျက်နှာကိုကြည့်သောသူနှင့်တူ၏။ အကြောင်းမူကား၊ ကိုယ်ကိုကိုယ်ကြည့်ပြီးမှ အခြားသို့သွား၍ မိမိအဆင်းသဏ္ဌာန်ကို ချက်ချင်းမေ့လျော့တတ်၏။ လွှတ်ခြင်းနှင့်စပ်ဆိုင်၍ စုံလင်သောတရား၌စေ့စေ့ကြည့်ရှု၍ တည်ကြည်သောသူမူကား တရားနာ၍မေ့လျော့သောသူမဟုတ်၊ အကျင့်ကျင့်သောသူဖြစ်သဖြင့် မိမိကျင့်သောအကျင့်၌ မင်္ဂလာရှိသောသူဖြစ်၏။’—ယာ. ၁:၂၂-၂၅

၁၄၊ ၁၅။ (က) ဝိညာဉ်ရေးအခြေအနေတိုးတက်ရန် သင့်ကို သမ္မာကျမ်းစာက မည်သို့အထောက်အကူပြုနိုင်သနည်း။ (ခ) အဘယ်မေးခွန်းများကို သင်ဆင်ခြင်သုံးသပ်နိုင်သနည်း။

၁၄ လူတစ်ဦးသည် မိမိ၏အသွင်အပြင် ကြည့်ကောင်းကြောင်းသေချာစေရန် မှန်ကိုအသုံးပြုနိုင်သည်။ ဥပမာ၊ အမျိုးသားတစ်ဦးသည် မိမိလည်စည်းကြိုးရွဲ့နေသည်ကိုတွေ့ပါက ပြန်တည့်လိုက်နိုင်သည်။ အမျိုးသမီးတစ်ဦးသည် မိမိဆံပင်မသပ်မရပ်ဖြစ်နေသည်ကိုတွေ့ပါက ပြန်ပြုပြင်လိုက်နိုင်သည်။ အလားတူပင် ကျွန်ုပ်တို့သည် အဘယ်သို့သောသူဖြစ်သည်ကိုဆန်းစစ်ရန် သမ္မာကျမ်းစာက အထောက်အကူပြုသည်။ ကျွန်ုပ်တို့သည် မိမိတို့ကိုယ်ကို သမ္မာကျမ်းစာတွင်ဆိုထားသည့် ဖြစ်သင့်သောလူစားမျိုးနှင့် နှိုင်းယှဉ်သည့်အခါ သမ္မာကျမ်းစာကို မှန်အဖြစ်အသုံးပြုနေခြင်းဖြစ်သည်။ သို့သော် တွေ့ရသည့်အပြစ်အနာအဆာတစ်စုံတစ်ရာကို ပြုပြင်ခြင်းမရှိပါက မှန်ကြည့်ခြင်းသည် အဘယ်အကျိုးရှိလိမ့်မည်နည်း။ ကျွန်ုပ်တို့သည် “အကျင့်ကျင့်သောသူ” ဖြစ်လာခြင်းဖြင့် ဘုရားသခင်၏ “စုံလင်သောတရား” တွင်တွေ့ရသည့်အရာနှင့်အညီ ပြုမူမည်ဆိုလျှင် ပညာရှိရာရောက်သည်။ သို့ဖြစ်၍ ယေဟောဝါနှင့်အမှန်တရားကိုချစ်မြတ်နိုးသည့် မိမိတို့၏ကနဦးမေတ္တာလျော့နည်းလာကြောင်း သိရှိသူမည်သူမဆိုသည် ဤမေးခွန်းများကို ဆင်ခြင်သုံးသပ်ဖို့ကောင်းသည်– ‘ဘဝမှာ ဘယ်ဖိစီးမှုတွေကို ငါရင်ဆိုင်နေရသလဲ၊ အဲ့ဒါတွေကို ငါဘယ်လိုတုံ့ပြန်နေသလဲ။ အရင်တုန်းက ငါဘယ်လိုတုံ့ပြန်ခဲ့သလဲ။ တစ်ခုခုပြောင်းလဲသွားပြီလား။’ ဤသို့မိမိကိုယ်ကိုဆန်းစစ်ပြီး အားနည်းချက်တစ်စုံတစ်ရာတွေ့ပါက ယင်းတို့ကိုလျစ်လျူမရှုပါနှင့်။ ပြုပြင်ရန်လိုအပ်ပါက ချက်ချင်းလုပ်ဆောင်ပါ။—ဟေဗြဲ ၁၂:၁၂၊ ၁၃

၁၅ ထိုသို့တွေးတောဆင်ခြင်ခြင်းက ဝိညာဉ်ရေးတွင်တိုးတက်ဖို့ သင့်လျော်သည့်ပန်းတိုင်များချရန်လည်း အထောက်အကူပြုနိုင်သည်။ တမန်တော်ပေါလုက လုပ်ဖော်ဆောင်ဖက်တိမောသေအား ဓမ္မအမှုတွင်တိုးတက်ရန် မှုတ်သွင်းခံဆုံးမစကားဆိုခဲ့သည်။ ပေါလုသည် မိမိထက်ငယ်သူတိမောသေအား ဤသို့တိုက်တွန်းခဲ့၏– “ထိုအရာများကို ဆင်ခြင်သုံးသပ်လော့။ လူအပေါင်းတို့ရှေ့တွင် သင်၏တိုးတက်မှုကို ထင်ရှားစေရန် ထိုအရာများကို စွဲမှတ်လော့။” ကျွန်ုပ်တို့လည်း လုပ်ဆောင်နိုင်သည့် အဘယ်တိုးတက်မှုကိုမဆိုပြုလုပ်ရန် ဘုရားသခင်၏နှုတ်မြွက်တော်အလင်းတွင် ဆင်ခြင်သုံးသပ်သင့်သည်။—၁ တိ. ၄:၁၅ကဘ။

၁၆။ သမ္မာကျမ်းစာအလင်းဖြင့် မိမိကိုယ်ကိုဆန်းစစ်သည့်အခါ အဘယ်အန္တရာယ်ကို သတိထားရန်လိုသနည်း။

၁၆ သင်သည် မိမိကိုယ်ကို ရိုးသားစွာဆန်းစစ်လျှင် မိမိတွင်အားနည်းချက်အချို့ရှိကြောင်း တွေ့ရှိလာနိုင်သည်။ ယင်းက သင့်အား စိတ်ဓာတ်ကျစေနိုင်သော်လည်း ယင်းသို့ဖြစ်ခွင့်မပြုပါနှင့်။ အမှန်တကယ်တွင် မိမိကိုယ်ကိုဆန်းစစ်ခြင်း၏ရည်ရွယ်ချက်မှာ တိုးတက်နိုင်သည့်အရာကို သတိပြုမိရန်ဖြစ်သည်။ စာတန်သည် ခရစ်ယာန်တစ်ဦးအား မိမိ၏မစုံလင်မှုကြောင့် တန်ဖိုးမရှိဟုခံစားစေလိုသည်။ အမှန်မှာ ဘုရားသခင်၏အလိုတော်ကိုဆောင်ရန် လူတို့၏ကြိုးစားအားထုတ်မှုအားလုံးကို ကိုယ်တော်လွန်စွာမနှစ်မြို့ကြောင်း အခိုင်အမာပြောခဲ့သည်။ (ယောဘ ၁၅:၁၅၊ ၁၆; ၂၂:၃) ယင်းသည်မုသာဖြစ်ကြောင်း ယေရှု ခိုင်မာစွာချေပပြောဆိုခဲ့သည်၊ ဘုရားသခင်သည် ကျွန်ုပ်တို့တစ်ဦးစီကို တန်ဖိုးထားတော်မူသည်။ (မဿဲ ၁၀:၂၉-၃၁ ကိုဖတ်ပါ။) မိမိ၏မစုံလင်မှုကို သတိပြုမိခြင်းက ယေဟောဝါ၏အကူအညီဖြင့် တိုးတက်အောင်လုပ်ဆောင်မည်ဟု နှိမ့်ချစွာဆုံးဖြတ်စေသင့်သည်။ (၂ ကော. ၁၂:၇-၁၀) ဖျားနာမှု သို့မဟုတ် အသက်အရွယ်ကြီးရင့်မှုက သင်လုပ်ဆောင်နိုင်မှုကို အကန့်အသတ်ဖြစ်စေလျှင် သင့်လျော်သည့်ပန်းတိုင်များချပါ၊ သို့သော် လက်မလျော့လိုက်ပါနှင့် သို့မဟုတ် သင့်မေတ္တာလျော့နည်းသွားစေရန် ခွင့်မပြုပါနှင့်။

ကျေးဇူးတင်စရာများစွာရှိ

၁၇၊ ၁၈။ ကနဦးမေတ္တာကိုထပ်အားဖြည့်ခြင်းမှ အဘယ်အကျိုးကျေးဇူးများ ရရှိမည်နည်း။

၁၇ သင်၏ကနဦးမေတ္တာကို ဆက်၍အားဖြည့်သွားခြင်းမှ ကြီးမားသောအကျိုးကျေးဇူးများ ရရှိစေသည်။ ဘုရားသခင်နှင့်ဆိုင်သောသင်၏အသိပညာနှင့် ကိုယ်တော်၏မေတ္တာပါလမ်းညွှန်ပေးမှုအတွက် သင်၏ကျေးဇူးတင်လေးမြတ်မှုကို တိုးပွားစေနိုင်သည်။ (သု. ၂:၁-၉; ၃:၅၊ ၆ တို့ကိုဖတ်ပါ။) “[ယေဟောဝါ၏စီရင်တော်မူချက်များကို] စောင့်ခြင်းအကျိုးသည် ကြီးလှပါ၏” ဟုဆာလံဆရာပြောခဲ့သည်။ ‘ယေဟောဝါ၏သက်သေခံတော်မူချက်သည် ဟုတ်မှန်သည်ဖြစ်၍ မလိမ္မာသောသူတို့ကို လိမ္မာစေတတ်၏။’ ထို့ပြင် ‘ယေဟောဝါ၏တရားလမ်း၌မလွဲမတိမ်း လိုက်သွားသောသူတို့သည် မင်္ဂလာရှိကြ၏။’—ဆာ. ၁၉:၇၊ ၁၁; ၁၁၉:၁

၁၈ ကျေးဇူးတင်စရာ အကြောင်းကောင်းများစွာရှိကြောင်း သင်သဘောတူမည်မှာ သေချာသည်။ ကမ္ဘာပေါ်တွင် ဖြစ်ပျက်နေသည့်အရာ၏ နောက်ကွယ်ရှိအကြောင်းရင်းများကို သင်သဘောပေါက်နားလည်သည်။ ယနေ့ဘုရားသခင့်လူမျိုးတော်အဖို့ ကိုယ်တော်ပေးသနားသည့် ပြင်ဆင်ပေးချက်အားလုံးမှ သင်အကျိုးခံစားရသည်။ ယေဟောဝါသည် သင့်အား ကိုယ်တော်၏ကမ္ဘာချီအသင်းတော်တွင်းသို့ သွေးဆောင်ပြီး ကိုယ်တော်၏သက်သေတစ်ဦး ဖြစ်ခွင့်ပေးထားသည့်အတွက်ကြောင့်လည်း သင်ကျေးဇူးတင်မည်မှာသေချာသည်။ သင့်ကောင်းချီးများကို ရေတွက်ကြည့်ပါ။ ယင်းတို့ကိုသင်စာရင်းပြုစုမည်ဆိုလျှင် ရှည်လျားသောမှတ်တမ်းဖြစ်ပေလိမ့်မည်။ ကောင်းချီးများကို မကြာခဏ ပြန်လည်ရေတွက်ခြင်းက ဤဆုံးမစကားကိုကျင့်သုံးရန် သင့်အား အမှန်ပင် အထောက်အကူပြုပေလိမ့်မည်– “ရှိရင်းစွဲကို ဆက်၍စွဲကိုင်ထားလော့။”—ဗျာ. ၃:၁၁ကဘ။

၁၉။ ဝိညာဉ်ရေးတွင်ဆက်၍ကျန်းခံ့နေစေရန် ဘုရားသခင်နှင့်သင့်ဆက်ဆံရေးအကြောင်း တွေးတောဆင်ခြင်ခြင်းအပြင် အဘယ်အရာ အရေးပါသေးသနည်း။

၁၉ နှစ်များတစ်လျှောက် သင့်ယုံကြည်ခြင်းတိုးပွားလာပုံကို တွေးတောဆင်ခြင်ခြင်းသည် ရှိရင်းစွဲကိုစွဲကိုင်ထားရန် သင့်ကိုအထောက်အကူပြုနိုင်သည့် အရာတစ်ခုမျှသာဖြစ်သည်။ ဤဂျာနယ်သည် ဝိညာဉ်ရေးတွင်ဆက်၍ကျန်းခံ့နေစေသည့် အခြားအရေးပါသည့်အချက်များကို မကြာခဏသတိပြုစေခဲ့ပြီ။ ယင်းတို့တွင် ဆုတောင်းခြင်း၊ ခရစ်ယာန်အစည်းအဝေးများကို တက်ရောက်ပြီးပါဝင်ခြင်း၊ ဟောပြောခြင်းလုပ်ငန်း၌ ဇွဲနှင့်ပါဝင်ခြင်းတို့ ပါဝင်သည်။ ယင်းအချက်များသည် ကနဦးမေတ္တာကို ဆက်၍သစ်လွင်နေစေ၊ လန်းဆန်းနေစေပြီး ဆက်၍အားဖြည့်နေရန် သင့်အားအထောက်အကူပြုနိုင်သည်။—ဧ. ၅:၁၀; ၁ ပေ. ၃:၁၅; ယု. ၂၀၊ ၂၁

သင်မည်သို့ဖြေဆိုမည်နည်း

• ယေဟောဝါကိုချစ်မြတ်နိုးလာရသည့် အကြောင်းရင်းများသည် ယခုသင့်အတွက် အားပေးမှု၏ရင်းမြစ် မည်သို့ဖြစ်နိုင်သနည်း။

• နှစ်များတစ်လျှောက် သင်၏ကိုယ်ပိုင်အတွေ့အကြုံများကို ပြန်ပြောင်းစဉ်းစားခြင်းဖြင့် အဘယ်အရာကို သင်ယုံကြည်စိတ်ချနိုင်သနည်း။

• ဘုရားသခင်ကိုချစ်မြတ်နိုးသည့် သင့်မေတ္တာကို အဘယ်ကြောင့်ဆန်းစစ်သင့်သနည်း။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၂၃ ပါပုံစာ]

အမှန်တရားဖြစ်ကြောင်း သင့်အားဆွဲဆောင်ပြီး ယုံကြည်စိတ်ချစေခဲ့သည့်အရာမှာ အဘယ်နည်း

[စာမျက်နှာ ၂၅ ပါပုံစာ]

သင်ကိုယ်တိုင်ပြုပြင်ပြောင်းလဲရန်လိုသောအရာများကို တွေ့မြင်ပါသလော