မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စာရှုသူများထံမှ မေးခွန်းလွှာ

စာရှုသူများထံမှ မေးခွန်းလွှာ

စာရှုသူများထံမှ မေးခွန်းလွှာ

တမန်တော်ပေါလုက “ဣသရေလလူအပေါင်းတို့သည် ကယ်တင်ခြင်းသို့ရောက်ကြလိမ့်မည်” ဟုဖော်ပြခဲ့သည်။ (ရော. ၁၁:၂၆) တစ်ချိန်ချိန်တွင် ဂျူးလူမျိုးအားလုံး ခရစ်ယာန်ဘာသာတရားသို့ ပြောင်းဝင်လာလိမ့်မည်ဟု သူဆိုလိုခဲ့ခြင်းလော။

ထိုသို့ ပေါလုဆိုလိုနေခြင်းမဟုတ်ပါ။ အာဗြဟံမှဆင်းသက်လာသော ဇာတိလူမျိုးတစ်မျိုးအနေနှင့် ယေရှုကိုမေရှိယအဖြစ်လက်ခံရန် ငြင်းပယ်ခဲ့ကြသည်။ ယေရှုသေဆုံးပြီး နောက်ပိုင်းနှစ်များတွင် ဂျူးလူမျိုးတစ်မျိုးလုံး ခရစ်ယာန်ဘာသာသို့ ပြောင်းဝင်လာခြင်းရှိမည်မဟုတ်ကြောင်း ထင်ရှားလာခဲ့သည်။ သို့သော်ငြားလည်း “ဣသရေလလူအပေါင်းတို့သည် ကယ်တင်ခြင်းသို့ရောက်ကြလိမ့်မည်” ဟူသောပေါလု၏ဖော်ပြချက်သည် မှန်ခဲ့ပါသည်။ မည်သည့်နည်းဖြင့်နည်း။

ယေရှုက မိမိခေတ်ရှိ ဂျူးဘာသာရေးခေါင်းဆောင်များကို ဤသို့ပြောခဲ့သည်– “ဘုရားသခင်၏နိုင်ငံတော်ကို သင်တို့မှနုတ်၍ နိုင်ငံတော်၏အသီးကိုသီးအံ့သော လူမျိုးအားပေးရလတ္တံ့။” (မ. ၂၁:၄၃) ဣသရေလလူမျိုးတစ်မျိုးလုံးအနေနှင့် ယေရှုကိုငြင်းပယ်ခဲ့သောကြောင့် ယေဟောဝါသည် ဝိညာဉ်ရေးဆိုင်ရာလူမျိုးသစ်ဆီသို့ အာရုံလှည့်မည်ဖြစ်သည်။ ပေါလုက ထိုလူမျိုးကို “ဘုရားသခင်၏ဣသရေလအမျိုး” ဟုခေါ်ခဲ့သည်။—ဂလ. ၆:၁၆

ခရစ်ယာန်ဂရိကျမ်းစောင်များရှိ အခြားကျမ်းပိုဒ်များက ထို “ဘုရားသခင်၏ဣသရေလအမျိုး” သည် ဝိညာဉ်တော်ဖွားခရစ်ယာန် ၁၄၄,၀၀၀ နှင့်ဖွဲ့စည်းထားကြောင်း သက်သေထူသည်။ (ရော. ၈:၁၅-၁၇; ဗျာ. ၇:၄) ဗျာ. ၅:၉၊ ၁၀ အရ ထိုဝိညာဉ်တော်ဖွားခရစ်ယာန်များသည် “အသီးအသီးဘာသာစကားကိုပြောသော လူအမျိုးအနွယ်ခပ်သိမ်းတို့အထဲမှ” ထွက်လာကြောင်းတင်ပြထားသည့်အတွက် ထိုအုပ်စုတွင် ဂျူးမဟုတ်သူများပါဝင်မည်ဖြစ်ကြောင်း သေချာစေသည်။ ဝိညာဉ်ရေးဣသရေလအဖွဲ့ဝင်များကို “ရှင်ဘုရင်အရာ၌လည်းကောင်း၊ ယဇ်ပုရောဟိတ်အရာ၌လည်းကောင်း ခန့်ထား၍ မြေကြီးပေါ်မှာစိုးစံ” ရန် အထူးရွေးချယ်ခဲ့ခြင်းဖြစ်သည်။ ယေဟောဝါသည် ဣသရေလလူမျိုးကို ရွေးချယ်ထားသောလူမျိုးတစ်မျိုးအဖြစ် ငြင်းပယ်ခဲ့သော်လည်း တစ်ဦးစီအနေဖြင့် ကိုယ်တော့်မျက်နှာသာပြန်လည်ရနိုင်သည်။ တမန်တော်များနှင့် အခြားသောအစောပိုင်းခရစ်ယာန်များ၏အဖြစ်က ထိုသို့ပင်ဖြစ်ခဲ့သည်။ သို့သော် အခြားလူသားအားလုံးနည်းတူ ထိုဂျူးလူမျိုးတို့သည်လည်း ယေရှုခရစ်၏အသွေးတော်ဖြင့် ဝယ်ယူခံရဖို့တော့လိုအပ်သည်။—၁ တိ. ၂:၅၊ ၆; ဟေဗြဲ ၂:၉; ၁ ပေ. ၁:၁၇-၁၉

ပထမရာစုရှိ ဇာတိဂျူးလူမျိုးအများစုသည် ယေရှုနှင့်အတူတွဲဖက်အုပ်ချုပ်ရမည့် အခွင့်အရေး ဆုံးရှုံးခဲ့သည့်အဖြစ်က ဘုရားသခင့်ရည်ရွယ်ချက်ကို မပျက်စေခဲ့ချေ။ ဘုရားသခင့်ရည်ရွယ်ချက်ကို မရပ်တန့်စေနိုင်ပါ၊ အကြောင်းမှာ ယေဟောဝါသည် မိမိပရောဖက်အားဖြင့် ဤသို့မိန့်တော်မူခဲ့သည်– ‘ထိုအတူ ငါ၏နှုတ်မြွက်စကားသည် ဖြစ်လိမ့်မည်။ အကျိုးမရှိဘဲ ငါ့ထံသို့မပြန်ရ။ ငါ့အလိုကို ပြည့်စုံစေမည်။ ငါစေခိုင်းသောအမှု၌ အောင်လိမ့်မည်။’—ဟေရှာ. ၅၅:၁၁

ကောင်းကင်တွင် ကိုယ်တော့်သားတော်နှင့်တွဲဖက်၍အုပ်ချုပ်သူ ၁၄၄,၀၀၀ ကိုခန့်အပ်ထားခြင်းနှင့်ပတ်သက်သော ဘုရားသခင့်ရည်ရွယ်ချက်မှာလည်း အလားတူပင်ဖြစ်သည်။ ဘုရားသခင်သည် ၁၄၄,၀၀၀ အရေအတွက်အပြည့်အစုံကို ဝိညာဉ်တော်ဖြင့်ဖြစ်ဖွားစေမည်ဖြစ်ကြောင်း ကျမ်းစာကရှင်းလင်းစွာတင်ပြထားသည်။ တစ်ယောက်မျှ ကျန်ကြွင်းလိမ့်မည်မဟုတ်။—ဗျာ. ၁၄:၁-၅

ထို့ကြောင့် “ဣသရေလလူအပေါင်းတို့သည် ကယ်တင်ခြင်းသို့ရောက်ကြလိမ့်မည်”  ဟုပေါလု ရေးသားခဲ့ချိန်က ဂျူးလူမျိုးအားလုံး ခရစ်ယာန်ဘာသာသို့ပြောင်းဝင်လာမည်ကို ကြိုပြောနေခြင်းမဟုတ်ပါ။ ယင်းအစား ကောင်းကင်တွင် ဘုရားသခင်၏သားတော်ယေရှုခရစ်နှင့်အတူ ဝိညာဉ်ရေးဣသရေလ ၁၄၄,၀၀၀ တို့တွဲအုပ်စိုးရန်ဖြစ်သော ဘုရားသခင့်ရည်ရွယ်ချက်သည် ပြည့်စုံမည်ဖြစ်ကြောင်း ပေါလုဆိုလိုခဲ့ခြင်းဖြစ်သည်။ ဘုရားသခင့်သတ်မှတ်ချိန်တွင် အရေအတွက်အပြည့်အစုံဖြစ်သော “ဣသရေလလူအပေါင်း” သည် ကယ်တင်ခံရသည့်အခြေအနေတွင်ရှိမည်ဖြစ်ပြီး နောက်ဆုံးတွင် မေရှိယနိုင်ငံတော်တွင် ရှင်ဘုရင်များနှင့် ယဇ်ပုရောဟိတ်များအဖြစ် အုပ်စိုးကြမည်ဖြစ်သည်။—ဧ. ၂:၈

[စာမျက်နှာ ၂၈ ပါပုံ]

ဝိညာဉ်တော်ဖွားခရစ်ယာန် များသည် “အသီးအသီးဘာသာစကားကိုပြောသော လူအမျိုးအနွယ်ခပ်သိမ်းတို့အထဲမှ” ထွက်လာ