မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေဟောဝါ၏အခွင့်အာဏာကို လက်ခံပါ

ယေဟောဝါ၏အခွင့်အာဏာကို လက်ခံပါ

ယေဟောဝါ၏အခွင့်အာဏာကို လက်ခံပါ

“ပညတ်တော်တို့ကိုစောင့်ခြင်းအရာသည် ဘုရားသခင်ကိုချစ်ရာရောက်၏။ ပညတ်တော်တို့ကို စောင့်ခဲသည်မဟုတ်။”—၁ ယော. ၅:၃

၁၊ ၂။ (က) အခွင့်အာဏာလက်အောက်ခံခြင်းကို ယနေ့ လူများစွာ အဘယ်ကြောင့် မနှစ်မြို့ကြသနည်း။ (ခ) အခြားသူ၏သြဇာအာဏာကို လက်အောက်မခံလိုသူတို့သည် အမှန်ပင် လွတ်လပ်ကြပါသလော။ ရှင်းပြပါ။

နေ့ လူများစွာသည် အခြားသူတစ်ဦး၏လက်အောက်တွင်နေရခြင်းကို မနှစ်သက်ကြပါ။ “ငါဘာလုပ်ရမယ်ဆိုတာကို ဘယ်သူမှ လာပြောစရာမလိုဘူး” ဟူသည့်စကားသည် အခြားသူ၏သြဇာအာဏာကို လက်အောက်မခံလိုသူတို့၏ သဘောထားဖြစ်သည်။ သို့သော် ထိုသူတို့သည် အမှန်ပင် လွတ်လပ်ကြပါသလော။ မလွတ်လပ်ကြပါ။ ထိုသူတို့ထဲမှ အများစုမှာ “ဤအစီအစဉ်စနစ်၏ပုံသွင်းခြင်း” ခံနေကြသော အခြားသူများစွာတို့၏ စံနှုန်းများကို လိုက်လျှောက်နေကြခြင်းဖြစ်သည်။ (ရော. ၁၂:၂ကဘ) သူတို့သည် လွတ်လပ်ကြမည့်အစား ခရစ်ယာန်တမန်တော်ပေတရု အသုံးပြုသည့်စကားအရ “ပုပ်ပျက်ခြင်း၏ကျွန်” များဖြစ်ကြသည်။ (၂ ပေ. ၂:၁၉) သူတို့သည် “ဤလောကစနစ်လမ်းစဉ်အတိုင်း လိုက်လျှောက်၍ ငါတို့၏ဝန်းကျင်ရှိ လေနှင့်တူသော စိတ်ဓာတ်ကို အစိုးရသူ” စာတန်၏ “အလိုသို့ လိုက်ခဲ့ကြ၏။”—ဧ. ၂:၂ကဘ။

စာရေးဆရာတစ်ဦး ဤသို့ကြွားလုံးထုတ်ခဲ့၏– “ကျွန်ုပ်၏မိဘဖြစ်စေ၊ ခရစ်ယာန်ဘုန်းတော်ကြီးဖြစ်စေ၊ ဓမ္မဆရာဖြစ်စေ၊ ဂုရုကြီးဖြစ်စေ၊ သမ္မာကျမ်းစာဖြစ်ပါစေ အဘယ်အရာသည် ကျွန်ုပ်အတွက်မှန်သည်ဟု ဆုံးဖြတ်ပေးရန် ကျွန်ုပ်ခွင့်မပြုပါ။” တချို့သောသူတို့သည် မိမိတို့၏အခွင့်အာဏာကို တလွဲအသုံးပြုနိုင်ပြီး ကျွန်ုပ်တို့၏နာခံမှုကို မရထိုက်သည်မှာ မှန်ပါသည်။ သို့သော် ယင်းက ကျွန်ုပ်တို့လိုအပ်သော အဘယ်လမ်းညွှန်မှုကိုမဆိုငြင်းဆိုရန် အကြောင်းပြချက်လော။ သတင်းစာခေါင်းစီးများကို ခေတ္တမျှလှန်လှောကြည့်သည့်အခါ အလွန်မနှစ်မြို့ဖွယ် အဖြေတစ်ခုရရှိသည်။ လူသားတို့သည် လမ်းညွှန်ချက်အလွန်လိုအပ်နေချိန်တွင် လူအများစုသည် ယင်းလမ်းညွှန်ချက်ကိုလက်ခံလိုစိတ် လျော့နည်းနေကြသည်မှာ ဝမ်းနည်းစရာပင်။

အခွင့်အာဏာအပေါ် ကျွန်ုပ်တို့၏အမြင်

၃။ ပထမရာစုခရစ်ယာန်များသည် လူ့အခွင့်အာဏာကို မစဉ်းစားမဆင်ခြင် လက်အောက်ခံခြင်းမဟုတ်ကြောင်း မည်သို့တင်ပြခဲ့သနည်း။

ခရစ်ယာန်များအနေနှင့် ကျွန်ုပ်တို့သည် လောကနှင့် သီးခြားရပ်တည်ကြသည်။ ယင်းက ကျွန်ုပ်တို့အားပြောလှာသည့်အရာမှန်သမျှကို မစဉ်းစားမဆင်ခြင်ဘဲ လုပ်ဆောင်ကြသည်ဟု မဆိုလိုပါ။ တစ်ခါတစ်ရံ ကျွန်ုပ်တို့သည် အခွင့်အာဏာရှိအနေအထားတွင်ရှိသော တချို့သောသူတို့၏အလိုကို လက်အောက်ခံဖို့ ငြင်းဆိုရမည်။ ပထမရာစုခရစ်ယာန်များလည်း အလားတူပင်ပြုခဲ့သည်။ ဥပမာ၊ ယဇ်ပုရောဟိတ်မင်းနှင့် ဆဲန်ဟီဒရင်အဖွဲ့ဝင်ဖြစ်ကြသော အခြားအခွင့်အာဏာရှိသူတို့က တမန်တော်များအား မဟောပြောရန်ပိတ်ပင်သည့်အခါ သူတို့သည် ကြောက်ကြောက်နှင့်လက်အောက်ခံခြင်း မပြုခဲ့ပါ။ သူတို့သည် တော်မှန်သောအမူအကျင့်ကိုစွန့်ပစ်ကာ လူ့အခွင့်အာဏာကိုလိုက်နာခြင်းမျိုး မပြုလုပ်ခဲ့ကြပါ။—တမန်တော် ၅:၂၇-၂၉ ကိုဖတ်ပါ။

၄။ ဘုရားသခင့်လူမျိုးထဲမှ များစွာသောသူတို့သည် လူကြိုက်မများသည့်လမ်းစဉ်ကို လိုက်လျှောက်ခဲ့ကြကြောင်း ဟေဗြဲကျမ်းမှ အဘယ်ပုံနမူနာများက ဖော်ပြသနည်း။

ခရစ်ယာန်ခေတ်မတိုင်မီက ဘုရားသခင့်ကျေးကျွန်အမြောက်အမြားသည်လည်း အလားတူပင် ပြုမူခဲ့ကြသည်။ ဥပမာ၊ မောရှေသည် “ဘုရင်၏အမျက်” တော်ခံရသည့်ကြားမှပင် “ဖာရောဘုရင့်သမီး၏သားတော်ဟု အခေါ်ခံရခြင်းကို . . . ငြင်းပယ်၍ . . . ဘုရားသခင်၏လူတို့နှင့်အတူ ညှဉ်းဆဲခံရန် ရွေးချယ်” ခဲ့သည်။ (ဟေဗြဲ ၁၁:၂၄-၂၇ကဘ) ယောသပ်သည် မိမိအားပြန်ကလဲ့စားချေနိုင်စွမ်း၊ အန္တရာယ်ပြုနိုင်စွမ်းရှိသော ပေါတိဖာဇနီး၏ လိင်ဆိုင်ရာသွေးဆောင်မှုကို ခုခံတွန်းလှန်ခဲ့သည်။ (က. ၃၉:၇-၉) ဒံယေလသည် မိမိ၏အနေအထားနှင့် ဗာဗုလုန်မိန်းမစိုးအုပ်များ လက်ခံဖို့လွယ်ကူသည့် ကိစ္စမဟုတ်သည့်တိုင် ‘ပွဲတော်မှကြွင်းသောအစာကိုမစားဘဲ ညစ်ညူးခြင်းကိုရှောင်မည်ဟု’ စိတ်ပိုင်းဖြတ်ခဲ့သည်။ (ဒံ. ၁:၈-၁၄) သမိုင်းမှယင်းပုံနမူနာများက ဘုရားသခင့်လူမျိုးသည် အကျိုးဆက်မည်သို့ပင်ရှိပါစေ မှန်ကန်ရာဘက် မြဲမြံစွာရပ်တည်ခဲ့ကြကြောင်း ဖော်ပြသည်။ သူတို့သည် လူတို့၏မျက်နှာသာရလိုရုံဖြင့် လူတို့အလိုလိုက်ခဲ့ခြင်း မရှိခဲ့ပါ။ ကျွန်ုပ်တို့လည်း ထိုသို့ပင်ဖြစ်သင့်သည်။

၅။ အခွင့်အာဏာအပေါ် ကျွန်ုပ်တို့၏ရှုမြင်ပုံသည် လောကနှင့် မည်သို့ကွာခြားသနည်း။

ကျွန်ုပ်တို့၏ ရဲစွမ်းသတ္တိရှိရှိရပ်တည်မှုသည် ခေါင်းမာခြင်းနှင့်မတူပါ၊ နိုင်ငံရေးစနစ်တစ်ခုကိုမကြိုက်၍ ပုန်ကန်ခြင်းမျိုးနှင့်လည်း မတူပါ။ ယင်းအစား ကျွန်ုပ်တို့သည် ယေဟောဝါ၏အခွင့်အာဏာကို မည်သည့်လူသားအခွင့်အာဏာထက်မဆို နာခံရန် စိတ်ပိုင်းဖြတ်ထားခြင်းဖြစ်သည်။ လူ့ပညတ်ဥပဒေသည် ဘုရားသခင့်ပညတ်ဥပဒေနှင့် ဆန့်ကျင်သည့်အခါ အဘယ်အရာလုပ်ဆောင်မည်ကိုဆုံးဖြတ်ဖို့ ကျွန်ုပ်တို့အဖို့မခက်ခဲပါ။ ပထမရာစုတမန်တော်များကဲ့သို့ ကျွန်ုပ်တို့သည် လူထက် ဘုရားသခင်၏ အုပ်စိုးမှုကို နာခံကြသည်။

၆။ ယေဟောဝါ၏ပညတ်တို့ကိုနာခံခြင်းသည် အဘယ့်ကြောင့် အမြဲတမ်းအကောင်းဆုံး ဖြစ်ရသနည်း။

ဘုရားသခင့်အခွင့်အာဏာကိုလက်ခံရန် အဘယ်အရာက အထောက်အကူပြုသနည်း။ နယပုံပြင် ၃:၅၊ ၆ ပါ ဤဖော်ပြချက်ကို ကျွန်ုပ်တို့ သဘောတူကြ၏– ‘ယေဟောဝါကို စိတ်နှလုံးအကြွင်းမဲ့ကိုးစားလော့။ ကိုယ်ဉာဏ်ကိုအမှီမပြုနှင့်။ သွားလေရာရာ၌ ထာဝရဘုရားသခင်ကို မျက်မှောက်ပြုလော့။ သို့ပြုလျှင် သင်၏လမ်းခရီးတို့ကို ပဲ့ပြင်တော်မူမည်။’ ကျွန်ုပ်တို့ထံမှ ဘုရားသခင်တောင်းဆိုရာမှန်သမျှသည် အပြီးသတ်တွင် ကျွန်ုပ်တို့အကျိုးအတွက်ဖြစ်ကြောင်း ယုံကြည်ကြသည်။ (တရားဟောရာ ၁၀:၁၂၊ ၁၃ ကိုဖတ်ပါ။) မှန်ပါသည်၊ ယေဟောဝါက ဣသရေလလူတို့အား မိမိကိုယ်တော်တိုင်နှင့်ပတ်သက်၍ ‘ငါသည် သင်၏အကျိုးနှင့်ယှဉ်သောအရာကိုသွန်သင်၍ သင်သွားအပ်သောလမ်းဖြင့်ပို့ဆောင်သော သင်၏ဘုရားသခင်ဖြစ်၏’ ဟု ဖော်ပြခဲ့သည်။ ထို့နောက် ဤသို့ဆက်ဆို၏– “သင်သည် ငါ၏ပညတ်တို့ကို စောင့်ရှောက်ပါစေသော။ သို့ပြုလျှင် သင်၏ချမ်းသာသည် မြစ်ကဲ့သို့လည်းကောင်း၊ သင်၏ဖြောင့်မတ်ခြင်းပါရမီသည် သမုဒ္ဒရာလှိုင်းတံပိုးကဲ့သို့လည်းကောင်း ဖြစ်ရလိမ့်မည်။” (ဟေရှာ. ၄၈:၁၇၊ ၁၈) ယင်းမိန့်တော်မူချက်ကို ကျွန်ုပ်တို့ ယုံကြည်ကြသည်။ ဘုရားသခင့်ပညတ်တို့ကိုနာခံခြင်းသည် ကျွန်ုပ်တို့အတွက်အကောင်းဆုံးအကျိုးကျေးဇူး အစဉ်ဖြစ်ကြောင်း ကျွန်ုပ်တို့ ယုံကြည်စိတ်ချကြသည်။

၇။ ဘုရားသခင့်နှုတ်မြွက်တော်တွင်ဖော်ပြထားသော ပညတ်တစ်ခုကို အပြည့်အဝနားလည်သဘောမပေါက်လျှင် ကျွန်ုပ်တို့ အဘယ်အရာ ပြုလုပ်သင့်သနည်း။

ကိုယ်တော့်နှုတ်မြွက်တော်တွင်ဖော်ပြထားသည့် အချို့သောတောင်းဆိုချက်များ၏အကြောင်းရင်းကို အပြည့်အဝနားလည်သဘောမပေါက်သည့်တိုင် ကျွန်ုပ်တို့သည် ယေဟောဝါ၏အခွင့်အာဏာကိုလက်ခံပြီး ကိုယ်တော့်ကိုနာခံကြသည်။ ယင်းသည် အဆင်အခြင်မဲ့ယုံလွယ်လွန်းခြင်းမဟုတ်ပါ၊ ယုံကြည်စိတ်ချခြင်းဖြစ်သည်။ ကျွန်ုပ်တို့အတွက် အဘယ်အရာကောင်းသည်နှင့်ပတ်သက်၍ ယေဟောဝါသိတော်မူသည်ကို နှလုံးအကြွင်းမဲ့ယုံကြည်ကိုးစားကြောင်း တင်ပြရာရောက်သည်။ ကျွန်ုပ်တို့၏နာခံမှုသည် ကျွန်ုပ်တို့၏မေတ္တာကို တင်ပြခြင်းလည်းဖြစ်ကြောင်း တမန်တော်ယောဟန် ဤသို့ရေးခဲ့၏– “ပညတ်တော်တို့ကိုစောင့်ခြင်းအရာသည် ဘုရားသခင်ကိုချစ်ရာရောက်၏။” (၁ ယော. ၅:၃) သို့သော် နာခံမှုနှင့်ပတ်သက်၍ ကျွန်ုပ်တို့လျစ်လျူမရှုသင့်သော အခြားအသွင်အပြင်ရှိပါသည်။

သိနားလည်နိုင်စွမ်းကို လေ့ကျင့်ပေးခြင်း

၈။ ကျွန်ုပ်တို့၏ ‘သိနားလည်နိုင်စွမ်းကို လေ့ကျင့်’ ခြင်းသည် ယေဟောဝါ၏အခွင့်အာဏာကို လက်ခံခြင်းနှင့် မည်သို့ဆက်နွှယ်သနည်း။

ကျွန်ုပ်တို့၏ “သိနားလည်နိုင်စွမ်းကို အသုံးပြုခြင်းဖြင့် အမှားအမှန်ကို ပိုင်းခြားသိမြင်နိုင်ရန် လေ့ကျင့်” သင့်သည်ဟု သမ္မာကျမ်းစာကဆိုသည်။ (ဟေဗြဲ ၅:၁၄ကဘ) ထို့ကြောင့် ကျွန်ုပ်တို့၏ပန်းတိုင်မှာ ဘုရားသခင့်ပညတ်များကို စက်ယန္တရားဆန်ဆန်နာခံရန် မဟုတ်ပါ။ ယင်းအစား ယေဟောဝါ၏စံနှုန်းများပေါ်အခြေခံကာ “အမှားအမှန်ကို ပိုင်းခြားသိမြင်” နိုင်ရန် ကျွန်ုပ်တို့အလိုရှိကြသည်။ ယေဟောဝါ၏နည်းလမ်းများတွင်ပါရှိသော ဉာဏ်ပညာကို ကျွန်ုပ်တို့တွေ့မြင်လိုကြသည်၊ “ကိုယ်တော်၏တရားသည်လည်း အကျွန်ုပ်နှလုံးထဲမှာရှိပါ၏” ဟုဆိုခဲ့သော ဆာလံဆရာကဲ့သို့ ပြောနိုင်ရန်ဖြစ်သည်။—ဆာ. ၄၀:၈

၉။ ကျွန်ုပ်တို့၏ကိုယ်ကိုကိုယ်သိသောစိတ်ကို ယေဟောဝါ၏စံနှုန်းများနှင့် မည်သို့ကိုက်ညီစေနိုင်သနည်း၊ ယင်းသို့ပြုရန် အဘယ်ကြောင့်အရေးကြီးသနည်း။

ဆာလံဆရာကဲ့သို့ ဘုရားသခင့်တရားတော်ကို တန်ဖိုးထားလေးမြတ်ရန် သမ္မာကျမ်းစာမှ ကျွန်ုပ်တို့ဖတ်ရှုရာကို တွေးတောဆင်ခြင်ဖို့လိုအပ်သည်။ ဥပမာ၊ ကျွန်ုပ်တို့သည် ယေဟောဝါ၏တောင်းဆိုချက် တစ်စုံတစ်ရာကို သိရှိလာသည့်အခါ ဤသို့မေးနိုင်သည်– ‘ဒီပညတ် ဒါမှမဟုတ် ဒီမူဟာ ဘာကြောင့် ပညာရှိတာလဲ။ ဒါကိုနာခံခြင်းဟာ ဘာကြောင့် ငါ့အတွက်အကောင်းဆုံးအကျိုးဖြစ်တာလဲ။ ဒီကိစ္စမှာ ဘုရားသခင်ရဲ့ဆုံးမစကားကို လျစ်လျူရှုသူတွေ ဘာဆိုးကျိုးတွေနဲ့ ကြုံကြရသလဲ။’ သို့ဖြင့် ကျွန်ုပ်တို့၏ကိုယ်ကိုကိုယ်သိသောစိတ်သည် ဤကိစ္စတွင် ယေဟောဝါ၏နည်းလမ်းများနှင့်အညီဖြစ်လာသည့်အခါ ကျွန်ုပ်တို့သည် ကိုယ်တော့်အလိုတော်နှင့်ညီသော ဆုံးဖြတ်ချက်များကို ပို၍ချနိုင်ကြသည်။ ကျွန်ုပ်တို့သည် ‘ယေဟောဝါ၏အလိုတော်ရှိရာကို ပိုင်းခြား၍သိသောသူဖြစ်’ နိုင်ကြပြီး နာခံမှုရှိသောလမ်းစဉ်ဖြင့် လျှောက်လှမ်းနိုင်ကြသည်။ (ဧ. ၅:၁၇) ယင်းသည် အမြဲတမ်းတော့ မလွယ်ကူပါ။

ဘုရားသခင်၏အခွင့်အာဏာကို ယုတ်လျော့စေရန် စာတန်ကြိုးစား

၁၀။ ဘုရားသခင်၏အခွင့်အာဏာကို ယုတ်လျော့စေရန် စာတန်ကြိုးစားသည့် ကဏ္ဍတစ်ခုမှာ အဘယ်နည်း။

၁၀ စာတန်သည် ဘုရားသခင်၏အခွင့်အာဏာကို ယုတ်လျော့စေရန် ကြိုးစားလာခဲ့သည်မှာ ကြာပြီဖြစ်သည်။ သူ၏လွတ်လပ်လိုစိတ်ကို နည်းများစွာတွင် အထင်အရှားတွေ့ရသည်။ ဥပမာ၊ ဘုရားသခင်ချမှတ်သောအိမ်ထောင်အစီအစဉ်ကို လေးမြတ်မှုမရှိ ဖြစ်လာကြပြီ။ အချို့သူတို့သည် လက်မထပ်ဘဲအတူနေကြပြီး အခြားသူတို့မှာမူ မိမိတို့၏အိမ်ထောင်ဖက်နှင့် အဆက်ဖြတ်ရန် ကြံစည်ကြသည်။ ယင်းသို့ပြုမူကြသူတို့သည် နာမည်ကျော်ရုပ်ရှင်မင်းသမီး၏ ဤစကားကို သဘောတူကြပေမည်– “အမျိုးသားတွေအတွက်ရော၊ အမျိုးသမီးတွေအတွက်ပါ တစ်လင်တစ်မယားစနစ်ဆိုတာ မဖြစ်နိုင်ဘူး။” သူဤသို့ထပ်ဆို၏– “ကိုယ့်ရဲ့အိမ်ထောင်ဖက်အပေါ် သစ္စာရှိတဲ့သူ၊ သစ္စာရှိချင်တဲ့သူ တစ်ယောက်ကိုမှ ကျွန်မမသိဘူး။” နာမည်ကြီးရုပ်ရှင်မင်းသားတစ်ဦးက မိမိအိမ်ထောင်ပြိုကွဲမှုအကြောင်းပြောချိန်တွင် အလားတူဖော်ပြခဲ့၏– “ကျွန်တော့်ရဲ့ ကျန်တဲ့အသက်တာမှာ အဖော်တစ်ဦးတစ်ယောက်နဲ့ပဲ ကုန်လွန်သွားမသွားဆိုတာ အသေအချာမပြောနိုင်ဘူး။” ကျွန်ုပ်တို့သည် မိမိကိုယ်ကို ဤသို့မေးသင့်သည်– ‘အိမ်ထောင်ရေးကိစ္စမှာ ယေဟောဝါရဲ့အခွင့်အာဏာကို ငါလက်ခံသလား၊ ဒါမှမဟုတ် ငါ့ရဲ့စဉ်းစားတွေးခေါ်ပုံမှာ လောကရဲ့လျော့ရဲတဲ့သဘောထား ရှိနေသလား။’

၁၁၊ ၁၂။ (က) ယေဟောဝါ၏အခွင့်အာဏာကိုလက်ခံရန် လူငယ်များအတွက် အဘယ်ကြောင့် ခက်ခဲနိုင်သနည်း။ (ခ) ယေဟောဝါ၏ပညတ်နှင့် မူများကို မနာခံခြင်းသည် မိုက်မဲရာရောက်ကြောင်း ဖော်ပြသည့် တွေ့ကြုံမှုတစ်ခု ပြောပြပါ။

၁၁ ယေဟောဝါ၏အဖွဲ့အစည်းတွင် သင်သည် လူငယ်တစ်ဦးဖြစ်သလော။ သို့ဖြစ်လျှင် ယေဟောဝါ၏အခွင့်အာဏာကို ယုတ်လျော့စေရန် စာတန်ကြိုးစားရာတွင် သင်သည် အထူးပစ်မှတ်တစ်ခုဖြစ်နိုင်သည်။ “လူငယ်များတွင် ဖြစ်ပေါ်တတ်သည့်အလိုဆန္ဒများ” အပြင် သင့်ရွယ်တူချင်းများ၏ ဖိအားပေးမှုကြောင့် ဘုရားသခင်၏ပညတ်တို့သည် ဝန်ထုပ်ဖြစ်သည်ဟု သင်ခံစားရပေမည်။ (၂ တိ. ၂:၂၂ကဘ) ထိုသို့ဖြစ်ခွင့်မပြုပါနှင့်။ ဘုရားသခင့်စံနှုန်းများတွင်ပါရှိသော ဉာဏ်ပညာကိုတွေ့မြင်ရန် ကြိုးစားပါ။ ဥပမာ၊ သမ္မာကျမ်းစာက သင့်အား ‘မတရားသောမေထုန်ကို ကြဉ်ရှောင်လော့’ ဟုဆိုသည်။ (၁ ကော. ၆:၁၈) ဤတွင်တစ်ဖန် မိမိကိုယ်ကို ဤမေးခွန်းများမေးပါ– ‘ဒီပညတ်ဟာ ဘာကြောင့်ပညာရှိတာလဲ။ ဒီကိစ္စမှာ နာခံခြင်းက ငါ့ကိုဘယ်လိုအကျိုးဖြစ်စေမလဲ။’ ဘုရားသခင့်ဆုံးမစကားကို လျစ်လျူရှုကာ ယင်းအမှားကျူးလွန်မှုကြောင့် ဆိုးကျိုးခံစားကြရသည့် တစ်စုံတစ်ဦးကို သင်သိပေမည်။ ယခု သူတို့ အမှန်ပင်ပျော်ရွှင်နေကြပါသလော။ ယေဟောဝါအဖွဲ့အစည်းနှင့်ပူးပေါင်းကာ ပျော်မွေ့နေသူတစ်ဦးထက် ပို၍ကောင်းသောအသက်တာကို သူတို့ပိုင်ဆိုင်ကြပါသလော။ ကျန်သောဘုရားသခင်ကျေးကျွန်များ မခံစားရသည့် တစ်စုံတစ်ရာသောပျော်ရွှင်မှုလျှို့ဝှက်ချက်တို့ကို သူတို့အမှန်ပင် တွေ့ရှိကြပါသလော။—ဟေရှာယ ၆၅:၁၄ ကိုဖတ်ပါ။

၁၂ မကြာသေးမီက ရှာရွန်အမည်ရှိသော ခရစ်ယာန်တစ်ဦး ပြောခဲ့သည့်စကားကို သုံးသပ်ကြည့်ပါ– “ယေဟောဝါရဲ့ပညတ်ကို မနာခံခဲ့တဲ့အတွက် အသက်အန္တရာယ်ရှိတဲ့ အေအိုင်ဒီအက်စ်ရောဂါကို ကျွန်မရခဲ့တယ်။ ယေဟောဝါအမှုတော်ဆောင်ခဲ့တဲ့ ပျော်စရာနှစ်တွေကို မကြာခဏ ပြန်ပြန်အောက်မေ့မိတယ်။” ယေဟောဝါ၏ပညတ်များကို မနာခံခြင်းသည် မိုက်မဲခြင်းဖြစ်ကြောင်း၊ ယင်းတို့သည် အလွန်အကျိုးဖြစ်စေသောအရာဖြစ်သည်ဟု သဘောထားသင့်ကြောင်း သူအသိအမှတ်ပြုခဲ့သည်။ ယေဟောဝါ၏ပညတ်တို့သည် ကျွန်ုပ်တို့ကိုယ်နှိုက်ကို ကာကွယ်ပေးပါသည်။ အထက်ပါစကားများကိုရေးသားပြီး ခုနစ်ပတ်အကြာတွင် ရှာရွန်ကွယ်လွန်ခဲ့သည်။ သူ၏ဝမ်းနည်းဖွယ်အတွေ့အကြုံက ဤအစီအစဉ်စနစ်ဆိုးအဝင်ဖြစ်လာကြရန် စာတန်ကမ်းလှမ်းသည့်အရာထဲတွင် ကောင်းကျိုးဖြစ်စေသည့်အရာ တစ်ခုမျှမပါကြောင်း ဖော်ပြသည်။ “မုသာ၏အဘ” အနေနှင့် စာတန်သည် ကတိများစွာပေးမည်ဖြစ်သော်လည်း ဧဝအဖြစ်တွင်ကဲ့သို့ပင် ကတိတည်မည်မဟုတ်ပါ။ (ယော. ၈:၄၄) အမှန်မှာ၊ ယေဟောဝါ၏အခွင့်အာဏာကို လက်ခံခြင်းသည် အမြဲအကောင်းဆုံးဖြစ်သည်။

လွတ်လပ်လိုစိတ်ကို တွန်းလှန်ပါ

၁၃။ လွတ်လပ်လိုစိတ်ကို တွန်းလှန်ရာတွင် ကျွန်ုပ်တို့သတိပြုရန်လိုသည့် ကဏ္ဍတစ်ခုမှာ အဘယ်နည်း။

၁၃ ယေဟောဝါ၏အခွင့်အာဏာကို လက်ခံရာတွင် ကျွန်ုပ်တို့သည် လွတ်လပ်လိုစိတ်ကို တွန်းလှန်ဖို့လိုသည်။ ထောင်လွှားသည့်သဘောထားက ကျွန်ုပ်တို့သည် တစ်ဦးတစ်ယောက်ထံမှ လမ်းညွှန်ချက်မလိုဟု ယူမှတ်စေနိုင်သည်။ ဥပမာ၊ ဘုရားသခင့်လူမျိုးကိုဦးဆောင်နေသူတို့ပေးသည့် ဆုံးမစကားကို ကျွန်ုပ်တို့လက်မခံလိုဖြစ်ပေမည်။ တည်ကြည်ပြီးသတိပညာရှိကျွန်အားဖြင့် အချိန်တန်ဝိညာဉ်အစာပြင်ဆင်ပေးရန် ဘုရားသခင်စီစဉ်ထားသည်။ (မ. ၂၄:၄၅-၄၇) ယင်းသည် ယနေ့ မိမိ၏လူများကို ယေဟောဝါကြည့်ရှုစောင့်ရှောက်သည့် နည်းလမ်းဖြစ်ကြောင်း ကျွန်ုပ်တို့ နှိမ့်ချစွာအသိအမှတ်ပြုသင့်သည်။ တည်ကြည်သောတမန်တော်များကဲ့သို့ ဖြစ်ပါလေ။ တချို့သောတပည့်များထိမိလဲသွားကြချိန်တွင် ယေရှုက တမန်တော်များအား “သင်တို့သည်လည်း ထွက်သွားခြင်းငှာအလိုရှိကြသလော” ဟုမေးခဲ့၏။ ပေတရုက “အကျွန်ုပ်တို့သည် အဘယ်သူထံသို့သွားရပါမည်နည်း။ ထာဝရအသက်နှင့်ယှဉ်သောစကားသည် ကိုယ်တော်၌တည်ပါ၏” ဟုပြန်ဖြေခဲ့သည်။—ယော. ၆:၆၆-၆၈

၁၄၊ ၁၅။ ကျွန်ုပ်တို့သည် သမ္မာကျမ်းစာဆုံးမစကားကို အဘယ်ကြောင့် နှိမ့်ချစွာလိုက်နာသင့်သနည်း။

၁၄ ယေဟောဝါ၏အခွင့်အာဏာကို လက်ခံခြင်းတွင် ကိုယ်တော့်နှုတ်မြွက်တော်ကိုအခြေပြုသော ဆုံးမစကားကို တုံ့ပြန်ခြင်းပါဝင်သည်။ ဥပမာ၊ တည်ကြည်ပြီး သတိပညာရှိကျွန်အတန်းအစားက ကျွန်ုပ်တို့အား “နိုးကြားလျက် သတိရှိနေ” ကြရန်ဆုံးမထားသည်။ (၁ သက်. ၅:၆ကဘ) ယင်းဆုံးမစကားသည် ဤနောက်ဆုံးသောနေ့ရက်များအတွင်း အလွန်သင့်လျော်သည်၊ အကြောင်းမှာ များစွာသောသူတို့သည် “ကိုယ်ကိုကိုယ်ချစ်သောသူ၊ ငွေကိုတပ်မက်သောသူ” များဖြစ်ကြ၍ဖြစ်သည်။ (၂ တိ. ၃:၁၊ ၂) ပျံ့နှံ့နေသောထိုသဘောထားများသည် ကျွန်ုပ်တို့အပေါ် သက်ရောက်မှုရှိနိုင်ပါသလော။ ရှိနိုင်ပါသည်။ ဝိညာဉ်ရေးမပါသောပန်းတိုင်များက ကျွန်ုပ်တို့ကို ဝိညာဉ်ရေးတွင် အိပ်ပျော်သွားစေနိုင်သည်၊ သို့မဟုတ် ရုပ်ပစ္စည်းလိုက်စားသည့်သဘောထား ရှိလာစေနိုင်သည်။ (လု. ၁၂:၁၆-၂၁) ထို့ကြောင့် သမ္မာကျမ်းစာ၏ဆုံးမစကားကိုလက်ခံပြီး စာတန့်လောကတွင်ပျံ့နှံ့နေသည့် ကိုယ်ကျိုးရှာဘဝပုံစံကို ရှောင်ခြင်းသည် အလွန်ပင်ပညာရှိရာရောက်သည်။—၁ ယော. ၂:၁၆

၁၅ တည်ကြည်ပြီး သတိပညာရှိကျွန်အတန်းအစားမှရရှိသည့် ဝိညာဉ်အစာကို ခန့်အပ်ခံအကြီးအကဲများအားဖြင့် ဒေသခံအသင်းတော်များသို့ ဝေငှပေးသည်။ သမ္မာကျမ်းစာက ကျွန်ုပ်တို့ကို ဤသို့သတိပေး၏– “သင်တို့ကိုအုပ်သောသူတို့၏စကားကို နားထောင်၍ နှိမ့်ချလျက်နေကြလော့။ သူတို့သည် ကိုယ်တိုင်စစ်ကြောခြင်းကိုခံရသောသူကဲ့သို့ သင်တို့စိတ်ဝိညာဉ်၏အကျိုးအလို့ငှာ စောင့်နေကြ၏။ သင်တို့အကျိုးကိုမဖြစ်စေတတ်သော ဝမ်းနည်းခြင်းမရှိ၊ ဝမ်းမြောက်ခြင်းရှိ၍ သူတို့သည် စစ်ကြောခြင်းကိုခံရမည်အကြောင်း သတိပြုလျက်နေကြလော့။” (ဟေဗြဲ ၁၃:၁၇) ယင်းက အသင်းတော်အကြီးအကဲများသည် အမှားကင်းသူများဟု ဆိုလိုခြင်းလော။ မဟုတ်ပါ။ သူတို့၏မစုံလင်မှုကို လူတစ်ဦးမြင်နိုင်သည်ထက် ဘုရားသခင်သည် ပို၍ရှင်းလင်းစွာတွေ့မြင်တော်မူသည်။ သို့တိုင် ကျွန်ုပ်တို့လက်အောက်ခံရန် ကိုယ်တော်မျှော်လင့်တော်မူသည်။ အကြီးအကဲများသည် မစုံလင်သူများဖြစ်ကြသည့်တိုင် ကျွန်ုပ်တို့သည် သူတို့နှင့်အတူ ပူးပေါင်းဆောင်ရွက်ခြင်းက ယေဟောဝါ၏အခွင့်အာဏာကို လက်ခံကြောင်း တင်ပြရာရောက်သည်။

နှိမ့်ချခြင်း၏ အရေးပါမှု

၁၆။ ယေရှုကို ခရစ်ယာန်အသင်းတော်၏ ဦးခေါင်းအဖြစ် ရိုသေလေးမြတ်ကြောင်း ကျွန်ုပ်တို့ မည်သို့တင်ပြနိုင်သနည်း။

၁၆ ယေရှုသည် အမှန်ပင်အသင်းတော်၏ဦးခေါင်းဖြစ်ကြောင်း ကျွန်ုပ်တို့ အစဉ်သတိရရမည်။ (ကော. ၁:၁၈) ယင်းသည် ခန့်အပ်ခံအကြီးအကဲများကို “အလွန်ချစ်ခင်လေးမြတ်” ခြင်းဖြင့် သူတို့၏ညွှန်ကြားချက်ကို နှိမ့်ချစွာလိုက်နာရသည့် အကြောင်းရင်းတစ်ခုဖြစ်သည်။ (၁ သက်. ၅:၁၂၊ ၁၃) အသင်းတော်အကြီးအကဲများသည်လည်း အသင်းတော်တွင် မိမိတို့၏ထင်မြင်ယူဆချက်ကိုမဟုတ်ဘဲ ဘုရားသခင့်သတင်းစကားကိုတင်ဆက်ခြင်းဖြစ်ရန် သတိပြုခြင်းအားဖြင့် နှိမ့်ချကျိုးနွံကြောင်း တင်ပြနိုင်ကြသည်။ အချို့သောကိုယ်ပိုင်အယူအဆများကို တင်ပြရာတွင် သူတို့သည် “ကျမ်းစာ၌ရေးထားသည်ထက် မလွန်ရ” ကြပါ။—၁ ကော. ၄:၆ကဘ။

၁၇။ ရည်မှန်းချက်ကြီးသည့်သဘောထားသည် အဘယ်ကြောင့် အန္တရာယ်ရှိသနည်း။

၁၇ အသင်းတော်ရှိသူအားလုံးသည် မိမိကျော်ဇောထင်ရှားရေးကို ရှာကြံခြင်းမပြုရန် သတိပြုဖို့လိုသည်။ (သု. ၂၅:၂၇) တမန်တော်ယောဟန်နှင့်ဆုံတွေ့ခဲ့သော တပည့်တစ်ဦးအတွက် ယင်းသည် ထောင်ချောက်တစ်ခုဖြစ်ခဲ့ကြောင်း ထင်ရှားသည်။ ယောဟန်ဤသို့ရေးခဲ့၏– “အကဲအမှူးလုပ်ချင်သော ဒယောတရပ်သည် ငါတို့အားအခွင့်မပေး။ ထိုကြောင့် ငါလာသောအခါ သူသည် မိမိပြုသောအမှုကို မိမိသတိရစေခြင်းငှာ ငါပြုမည်။ ထိုသူသည် ငြူစူသောစကားနှင့် ငါတို့ကိုကဲ့ရဲ့သည်။” (၃ ယော. ၉၊ ၁၀) ယနေ့ကျွန်ုပ်တို့အတွက်ပင် သင်ခန်းစာတစ်ခုရှိပါသည်။ ကျွန်ုပ်တို့ကိုယ်နှိုက်တွင် တွေ့ရနိုင်သည့် ရည်မှန်းချက်ကြီးသည့် မည်သည့်ဆန္ဒကိုမဆို ဖယ်ရှားပစ်ရန် အကြောင်းကောင်းတစ်ရပ်ရှိသည်။ သမ္မာကျမ်းစာက ဤသို့ဆို၏– “မာနသည် ပျက်စီးခြင်းအရင်၊ ထောင်လွှားသောသဘောသည် ရှုတ်ချခြင်းအရင်၌ နေရာကျတတ်၏။” ဘုရားသခင့်အခွင့်အာဏာကိုလက်ခံသူတို့သည် ရောင့်တက်ခြင်းထောင်ချောက်ကို ရှောင်ရမည်ဖြစ်သည်၊ ထိုသို့မရှောင်ပါက အရှက်ကွဲမည်ဖြစ်သည်။—သု. ၁၁:၂; ၁၆:၁၈

၁၈။ ယေဟောဝါ၏အခွင့်အာဏာကိုလက်ခံရန် အဘယ်အရာက အထောက်အကူပြုမည်နည်း။

၁၈ လွတ်လပ်လိုသောလောကစိတ်ဓာတ်ကိုတွန်းလှန်ပြီး ယေဟောဝါ၏အခွင့်အာဏာလက်ခံခြင်းကို သင်၏ရည်မှန်းချက်ဖြစ်စေပါ။ ယေဟောဝါအမှုဆောင်ရာတွင် သင်ရရှိထားသည့် ကြီးမြတ်သောအခွင့်ထူးကို တန်ဖိုးထားလေးမြတ်စိတ်ဖြင့် မကြာခဏပြန်လည်တွေးတောဆင်ခြင်ပါ။ သင်သည် ဘုရားသခင့်လူမျိုးအလယ်တွင်ရှိသည် ဟူသည့်အချက်က ကိုယ်တော်သည် သန့်ရှင်းသောဝိညာဉ်တော်ဖြင့် သင့်ကို သွေးဆောင်ထားကြောင်း ထင်ရှားသည်။ (ယော. ၆:၄၄) ဘုရားသခင်နှင့် သင်၏ဆက်ဆံရေးကို ဘယ်တော့မျှ ပေါ့ပေါ့တန်တန် သဘောမထားပါနှင့်။ သင်သည် လွတ်လပ်လိုသည့်စိတ်ကိုငြင်းပယ်ပြီး ယေဟောဝါ၏အခွင့်အာဏာကိုလက်ခံကြောင်း သင်၏ဘဝအသက်တာကဏ္ဍရပ်အားလုံးဖြင့် တင်ပြရန်ကြိုးစားပါ။

သင်မှတ်မိသလော

• ယေဟောဝါ၏အခွင့်အာဏာကိုလက်ခံခြင်းတွင် အဘယ်အရာပါဝင်သနည်း။

• သိနားလည်နိုင်စွမ်းကို လေ့ကျင့်ပေးခြင်းသည် ယေဟောဝါ၏အခွင့်အာဏာကို လက်ခံခြင်းနှင့် မည်သို့ဆက်နွှယ်သနည်း။

• စာတန်သည် အဘယ်ကဏ္ဍများတွင် ဘုရားသခင်၏အခွင့်အာဏာကို ယုတ်လျော့စေရန် ကြိုးစားသနည်း။

• ယေဟောဝါ၏အခွင့်အာဏာကိုလက်ခံခြင်းတွင် နှိမ့်ချမှုသည် အဘယ်ကြောင့် အရေးပါသနည်း။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၁၈ ပါပုံစာ]

“လူ၏စကားထက် ဘုရားသခင်၏စကားတော်ကို နားထောင်သင့်ပါ၏”

[စာမျက်နှာ ၂၀ ပါပုံစာ]

ဘုရားသခင့်စံနှုန်းများကိုလိုက်လျှောက်ခြင်းသည် အစဉ်ပညာရှိသည်