မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ရောမမြို့သားများထံရေးသောစာမှ ပေါ်လွင်ချက်များ

ရောမမြို့သားများထံရေးသောစာမှ ပေါ်လွင်ချက်များ

ယေဟောဝါ၏နှုတ်မြွက်စကားတော်သည် အသက်ရှင်၏

ရောမမြို့သားများထံရေးသောစာမှ ပေါ်လွင်ချက်များ

တမန်တော်ပေါလုသည် သူ၏တတိယခရစ်ယာန်သာသနာပြုခရီးစဉ်အတွင်းဖြစ်သော အေဒီ ၅၆ ခန့်တွင် ကောရိန္သုမြို့သို့ ရောက်လာသည်။ ရောမရှိ ဂျူးခရစ်ယာန်များနှင့် တစ်ပါးအမျိုးသားခရစ်ယာန်တို့စပ်ကြား သဘောထားကွဲလွဲနေသည်ကို သိလိုက်ရသည်။ သူတို့အားလုံးကို ခရစ်တော်တွင် တစည်းတလုံးဖြစ်စေလိုသောကြောင့် ပေါလုသည် သူတို့၏ကွဲလွဲနေသောသဘောထားများကို ညီညွတ်စေရန် ကူညီလိုသဖြင့် သူတို့ထံစာရေးလိုက်ခြင်းဖြစ်သည်။

ရောမမြို့သားများထံရေးသော ထိုစာတွင် လူတို့သည် မည်သို့ဖြောင့်မတ်ရာသို့ရောက်ကြောင်းနှင့် ထိုသူတစ်ဦးစီသည် မည်သို့အသက်ရှင်နေထိုင်သင့်ပုံတို့ကို ပေါလုရှင်းပြသည်။ ဤစာက ဘုရားသခင်၊ ကိုယ်တော့်နှုတ်မြွက်စကားတော်နှင့်ပတ်သက်၍ ကျွန်ုပ်တို့၏အသိပညာကို တိုးပွားစေပြီး ဘုရားသခင့်မဟာကရုဏာကို အလေးပေးဖော်ပြကာ ကျွန်ုပ်တို့၏ကယ်တင်ခြင်းအတွက် ခရစ်တော်၏အခန်းကဏ္ဍကို ဂုဏ်တင်သည်။—ဟေဗြဲ ၄:၁၂

ဖြောင့်မတ်ရာသို့ရောက်ကြ—မည်သို့အားဖြင့်နည်း

(ရော. ၁:၁–၁၁:၃၆)

‘လူအပေါင်းတို့သည် အပြစ်ပြု၍ ဘုရားသခင့်ရှေ့တော်၌ အသရေပျက်ကြပြီ။ ယေရှုခရစ်ရွေးနုတ်တော်မူသောအားဖြင့် အဖိုးကိုမပေးဘဲ ဘုရားသခင်၏ကျေးဇူးတော်ကြောင့် ဖြောင့်မတ်ရာသို့ရောက်ရကြ၏’ ဟုပေါလုရေးပြီး ဤသို့လည်းပြောသေးသည်– “လူမည်သည်ကား ပညတ်တရား၏အကျင့်မရှိဘဲ ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ရောက်တတ်သည်။” (ရော. ၃:၂၃၊ ၂၄၊ ၂၈) “ဖြောင့်မတ်သောအမှုတစ်ခု” ကိုယုံကြည်ခြင်းအားဖြင့် ဘိသိက်ပေးခံရသောခရစ်ယာန်များနှင့် “အခြားသိုး” မှ ‘လူအုပ်ကြီး’ အဝင်များသည် “ဖြောင့်မတ်ရာသို့ရောက်” နိုင်ကြသည်—ဘိသိက်ပေးခံရသောခရစ်ယာန်များသည် ခရစ်တော်နှင့်အတူ ပူးတွဲအမွေခံများအဖြစ် ကောင်းကင်တွင် အသက်ရမည်ဖြစ်ပြီး လူအုပ်ကြီးမှာမူ ‘ကြီးစွာသောဆင်းရဲခြင်း’ ကိုကပ်ကျော်ရန် မျှော်လင့်ချက်နှင့်အတူ ဘုရားသခင့်မိတ်ဆွေများဖြစ်ခွင့်ရကြသည်။—ရော. ၅:၁၈ကဘ; ဗျာ. ၇:၉၊ ၁၄; ယော. ၁၀:၁၆; ယာ. ၂:၂၁-၂၄; မ. ၂၅:၄၆

ပေါလု ဤသို့မေးသည်– ‘ငါတို့သည် ပညတ်တရားလက်၌မရှိ၊ ကျေးဇူးတရားလက်၌ရှိသောကြောင့် အပြစ်ပြုရမည်လော။’ သူ ဤသို့ဖြေသည်– “ထိုသို့မပြုရ။” “သေခြင်းနှင့်ယှဉ်သောအပြစ်တရားဖြစ်စေ၊ ဖြောင့်မတ်ရာသို့ရောက်ခြင်းနှင့်ယှဉ်သော နားထောင်ခြင်းတရားဖြစ်စေ သင်တို့၏သခင်ဖြစ်သည်” ဟုပေါလုရှင်းပြသည်။ (ရော. ၆:၁၅၊ ၁၆) သူ ဤသို့ပြော၏– “သင်တို့သည် . . . ဝိညာဉ်တော်အားဖြင့် ကိုယ်ကာယ၏အကျင့်တို့ကိုသေစေလျှင် အသက်ရှင်ကြလိမ့်မည်။”—ရော. ၈:၁၃

ကျမ်းစာမေးခွန်းများ အဖြေ–

၁:၂၄-၃၂ကဘ—ဤတွင်ဖော်ပြသောအကျင့်ယိုယွင်းမှုသည် ဂျူးများ သို့မဟုတ် တစ်ပါးအမျိုးသားများကို ရည်ညွှန်းခဲ့ခြင်းလော။ ဤဖော်ပြချက်က လူမျိုးနှစ်မျိုးအနက် တစ်မျိုးကို ရည်ညွှန်းခြင်းဖြစ်နိုင်သော်လည်း ပေါလုသည် အထူးသဖြင့် အယူဖောက်ပြန်သော ရှေးဣသရေလလူတို့ကို ရည်ညွှန်းနေခြင်းဖြစ်သည်။ သူတို့သည် ဘုရားသခင့်ဖြောင့်မတ်သောစီရင်တော်မူချက်ကို သိထားကြသော်လည်း “ထိုသူတို့သည် ဘုရားသခင်ကို တိကျမှန်ကန်စွာ သိကျွမ်းလိုစိတ် မရှိ။” ထို့ကြောင့် သူတို့သည် ရှုတ်ချပြစ်တင်ခံထိုက်သူများဖြစ်သည်။

၃:၂၄၊ ၂၅ကဘ—“ခရစ်တော်ယေရှု၏ ရွေးနုတ်ဖိုး” သည် ရွေးနုတ်ဖိုးမပေးမီ “အတိတ်မှအပြစ်များကို” မည်သို့ဖုံးအုပ်နိုင်သည်။ ညှဉ်းဆဲရာသစ်တိုင်ပေါ် ယေရှုအသတ်ခံရသောအခါ ကမ္ဘာဦး ၃:၁၅ တွင်မှတ်တမ်းတင်ထားသည့် ဦးဆုံးမေရှိယဆိုင်ရာ ပရောဖက်ပြုချက်သည် စီအီး ၃၃ တွင် ပြည့်စုံခဲ့သည်။ (ဂလ. ၃:၁၃၊ ၁၆) သို့သော် ထိုပရောဖက်ပြုချက်ကို ယေဟောဝါမိန့်တော်မူခဲ့ချိန်တွင် ရွေးနုတ်ဖိုးပေးဆက်ခဲ့ပြီးသည့်အလား ကိုယ်တော်ရှုမြင်နိုင်သည်၊ အကြောင်းမှာ ဘုရားသခင့်ရည်ရွယ်တော်မူချက်များ မပြည့်စုံရန် အဘယ်အရာကမျှ မတားဆီးနိုင်သောကြောင့်ဖြစ်သည်။ ထို့ကြောင့် အနာဂတ်တွင် ယေရှုခရစ်ပေးဆက်မည့် ရွေးနုတ်ဖိုးပူဇော်ရာယဇ်ကို အခြေခံ၍ ထိုကတိတော်အပေါ် ယုံကြည်ခြင်းတင်ပြသော အာဒံ့သားစဉ်မြေးဆက်များ၏အပြစ်များကို ယေဟောဝါခွင့်လွှတ်နိုင်သည်။ ရွေးနုတ်ဖိုးက ခရစ်ယာန်ခေတ်မတိုင်မီက လူတို့ကို ရှင်ပြန်ထမြောက်စေရန်လည်း ဖြစ်နိုင်သည်။—တ. ၂၄:၁၅

၆:၃-၅ကဘ—ခရစ်တော်ယေရှု၌ နှစ်ခြင်းခံခြင်းနှင့် ကိုယ်တော်၏သေခြင်း၌ နှစ်ခြင်းခံခြင်းကား အဘယ်အဓိပ္ပာယ်ရှိသနည်း။ ယေဟောဝါသည် ခရစ်တော်၏နောက်လိုက်များကို သန့်ရှင်းသောဝိညာဉ်တော်နှင့် ဘိသိက်ပေးလိုက်သောအခါ သူတို့သည် ယေရှုနှင့်အတူ ပူးပေါင်းကြပြီး ခရစ်တော်၏ကိုယ်ဖြစ်သော အသင်းတော်သားများဖြစ်လာကြသည်၊ ခရစ်တော်သည် အသင်းတော်၏ဦးခေါင်းဖြစ်သည်။ (၁ ကော. ၁၂:၁၂၊ ၁၃၊ ၂၇; ကော. ၁:၁၈) ယင်းသည် သူတို့အတွက် ခရစ်တော်ယေရှု၌ နှစ်ခြင်းခံခြင်းဖြစ်သည်။ ဘိသိက်ပေးခံရသောခရစ်ယာန်များသည် “[ခရစ်တော်၏] သေခြင်း၌ နှစ်ခြင်းခံ” သည်ဆိုရာ၌လည်း သူတို့သည် ကိုယ်ကျိုးစွန့်အသက်တာဖြင့် အသက်ရှင်ပြီး မြေကြီးပေါ် ထာဝစဉ်အသက်ရှင်ရန် မည်သည့်မျှော်လင့်ချက်ကိုမဆို စွန့်လွှတ်ခြင်းကို ဆိုလိုသည်။ ထို့ကြောင့် သူတို့၏သေခြင်းတွင် ရွေးနုတ်ဖိုးတန်ဖိုးမပါသော်လည်း သူတို့၏သေခြင်းသည် ယေရှု၏သေခြင်းကဲ့သို့ပင် ပူဇော်ရာယဇ်တစ်ခုဖြစ်သည်။ ခရစ်တော်၏သေခြင်း၌ခံသော ဤနှစ်ခြင်းသည် သူတို့သေဆုံးပြီး ကောင်းကင်သို့ ထမြောက်ချိန်တွင် ပြီးပြည့်စုံသွားသည်။

၇:၈-၁၁—“အပြစ်တရားသည် ပညတ်တရားအားဖြင့်” မည်သို့ “အခွင့်ရ” သနည်း။ အပြစ်ဆိုသည်မှာ အဘယ်အရာဖြစ်သည်ကို လူတို့နားလည်သဘောပေါက်ရန် ပညတ်တရားက အထောက်အကူပြုခဲ့ပြီး သူတို့သည် အပြစ်သားများဖြစ်ကြောင်း ပို၍သိမြင်စေသည်။ ထို့ကြောင့် အပြစ်သားများအနေဖြင့် သူတို့ကျူးလွန်ခဲ့သည့်လုပ်ရပ်များစွာကို သိလာကြပြီး မိမိတို့သည် အပြစ်သားများဖြစ်ကြောင်းသိသူ ပိုများလာကြသည်။ ဤနည်းဖြင့် အပြစ်တရားသည် ပညတ်တရားအားဖြင့် အခွင့်ရသည်ဟု ဆိုနိုင်သည်။

ကျွန်ုပ်တို့အတွက် သင်ခန်းစာ–

၁:၁၄၊ ၁၅သတင်းကောင်းကို စိတ်အားထက်သန်စွာကြေညာရန် ကျွန်ုပ်တို့တွင် အကြောင်းရင်းများစွာရှိသည်။ ယင်းတို့ထဲမှ တစ်ခုမှာ ကျွန်ုပ်တို့သည် ယေရှုအသွေးတော်ဖြင့် ဝယ်ထားသောလူတို့တွင် ကြွေးတင်သူများဖြစ်ကြပြီး သူတို့ကို ဘုရားသခင်နှင့်ဆက်ဆံရေးကောင်းရှိရန် ကူညီပေးဖို့မှာ ကျွန်ုပ်တို့၏တာဝန်ဖြစ်သည်။

၁:၁၈-၂၀ကဘ။ ဘုရားသခင်ကို ရိုသေမှုမရှိသော၊ မဖြောင့်မတ်သောသူတို့သည် “ဆင်ခြေမပေးနိုင်” ကြပါ၊ အကြောင်းမှာ ဘုရားသခင်၏မျက်မြင်မရသောဂုဏ်ရည်တော်များသည် ဖန်ဆင်းရာများတွင် အထင်အရှားတွေ့မြင်ရသောကြောင့်ဖြစ်သည်။

၂:၂၈; ၃:၁၊ ၂; ၇:၆၊ ၇။ ပေါလုသည် ဂျူးလူမျိုးတို့ကို ထိခိုက်ပုံရစေသောစကားများပြောဆိုပြီးနောက် သူပြောခဲ့သည့်စကားများကို ပျော့ပျောင်းသွားစေသောမှတ်ချက်များပြောဆိုသည်။ အငြင်းပွားဖွယ်ဖြစ်စေနိုင်သည့် အကြောင်းအရာများကို လိမ္မာပါးနပ်စွာ၊ ကျွမ်းကျင်စွာကိုင်တွယ်ဖြေရှင်းနိုင်ပုံနှင့်ပတ်သက်၍ ကျွန်ုပ်တို့အတွက် ပုံသက်သေချမှတ်ပေးသည်။

၃:၄လူ့စကားသည် ဘုရားသခင့်နှုတ်မြွက်စကားတော်ပါ ကိုယ်တော့်နှုတ်တော်ထွက်နှင့် ဆန့်ကျင်သောအခါ ကျွန်ုပ်တို့သည် သမ္မာကျမ်းစာ၏သတင်းစကားကို ယုံကြည်စိတ်ချပြီး ဘုရားသခင့်အလိုတော်နှင့်အညီ ပြုမူခြင်းဖြင့် ‘ဘုရားသခင်၏ဖြောင့်မှန်မှုကိုတည်စေ’ ကြသည်။ ဘုရားသခင့်နိုင်ငံတော်ဟောပြောခြင်းနှင့် တပည့်ဖြစ်စေခြင်းလုပ်ငန်းတွင် တက်ကြွစွာပါဝင်ခြင်းဖြင့် ဘုရားသခင်ဖြောင့်မှန်ကြောင်း အခြားသူများတွေ့မြင်ရန် ကျွန်ုပ်တို့ကူညီနိုင်သည်။

၄:၉-၁၂အာဗြဟံသည် အသက် ၉၉ နှစ်အရွယ်တွင် အရေဖျားလှီးခြင်းခံခဲ့ရာ ထိုအချိန်မတိုင်မီအတော်ကြာကပင် သူ၏ယုံကြည်ခြင်းကို ဖြောင့်မတ်ခြင်းကဲ့သို့မှတ်တော်မူခြင်းခံခဲ့ရသည်။ (က. ၁၂:၄; ၁၅:၆; ၁၆:၃; ၁၇:၁၊ ၉၊ ၁၀) အာဗြဟံ အရေဖျားလှီးခြင်းမခံမီကပင် သူ၏ယုံကြည်ခြင်းကို ဖြောင့်မတ်ခြင်းအဖြစ် မှတ်တော်မူခြင်းအားဖြင့် အဘယ်အရာက ကိုယ်တော့်ရှေ့မှောက်တွင် ဖြောင့်မတ်သောအနေအထားရရှိစေနိုင်သည်ကို ဘုရားသခင် ထိရောက်စွာဖော်ပြခဲ့သည်။

၄:၁၈မျှော်လင့်ခြင်းသည် ယုံကြည်ခြင်းနှင့်တပေါင်းတစည်းတည်းဖြစ်နေသော အရေးပါသည့်အစိတ်အပိုင်းဖြစ်သည်။ ကျွန်ုပ်တို့ယုံကြည်ခြင်းသည် မျှော်လင့်ခြင်းအပေါ် အခြေပြုသည်။—ဟေဗြဲ ၁၁:၁

၅:၁၈၊ ၁၉ယေရှုသည် အာဒံနှင့် မည်သို့ဆင်တူသည်ကို အကျိုးသင့်အကြောင်းသင့်ရှိရှိတင်ပြခြင်းဖြင့် လူတစ်ဦးသည် “မိမိအသက်ကိုစွန့်၍ လူများကိုရွေး” နိုင်ပုံကို လိုရင်းတိုရှင်း ပေါလုရှင်းပြသည်။ (မ. ၂၀:၂၈) ကျိုးကြောင်းညီညွတ်စွာဆင်ခြင်ခြင်းနှင့် အတိုချုံးခြင်းသည် တုပအပ်သော ကောင်းမွန်သည့်သွန်သင်ခြင်းနည်းပညာများဖြစ်သည်။—၁ ကော. ၄:၁၇

၇:၂၃ကျွန်ုပ်တို့၏ခြေ၊ လက်နှင့် လျှာကဲ့သို့သော ကိုယ်အင်္ဂါအစိတ်အပိုင်းများသည် ‘အပြစ်တရားလက်သို့ အပ်နှံ’ နိုင်သောကြောင့် ယင်းတို့ကို အလွဲမသုံးမိရန် သတိပြုသင့်သည်။

၈:၂၆၊ ၂၇အဘယ်အရာ ဆုတောင်းရမည်ကို မသိသည်အထိ အလွန်စိတ်ရှုပ်ထွေးသည့်အခြေအနေများ ကျွန်ုပ်တို့ရင်ဆိုင်ရသည့်အခါ “ဝိညာဉ်တော်သည် စောင့်မတော်မူ၏။” ‘ဆုတောင်းသံကို နားထောင်တော်မူသော’ ယေဟောဝါသည် ကိုယ်တော့်နှုတ်မြွက်စကားတော်တွင် မှတ်တမ်းတင်ထားသော သင့်လျော်သည့်ဆုတောင်းချက်များကို ကျွန်ုပ်တို့ထံမှလာသောဆုတောင်းချက်များသဖွယ် လက်ခံတော်မူသည်။—ဆာ. ၆၅:၂

၈:၃၈၊ ၃၉ဆင်းရဲခက်ခဲမှုများ၊ ဆိုးသွမ်းသောဝိညာဉ်သတ္တဝါများနှင့် လူ့အစိုးရများသည် ကျွန်ုပ်တို့ကို ယေဟောဝါမချစ်တော့ရန်မပြုနိုင်သကဲ့သို့ ယင်းတို့ကြောင့် ကိုယ်တော်ကို ကျွန်ုပ်တို့မချစ်တော့ရန်လည်း မဖြစ်စေသင့်ပါ။

၉:၂၂-၂၈; ၁၁:၁၊ ၅၊ ၁၇-၂၆ဣသရေလလူမျိုးပြည်တော်ပြန်ခြင်းနှင့်ပတ်သက်သော ပရောဖက်ပြုချက်များစွာသည် “ယုဒအမျိုးသားတို့အထဲမှသာမဟုတ်၊ တစ်ပါးအမျိုးသားတို့အထဲမှ . . . ခေါ်တော်မူသော” ဘိသိက်ပေးခံရသောခရစ်ယာန်အသင်းတော်အားဖြင့် ပြည့်စုံခဲ့သည်။

၁၀:၁၀၊ ၁၃၊ ၁၄ဘုရားသခင်နှင့် လူလူချင်းကိုချစ်သည့်မေတ္တာနှင့်အတူ ယေဟောဝါနှင့် ကိုယ်တော့်ကတိတော်များအပေါ် ခိုင်ခံ့မြဲမြံသောယုံကြည်ခြင်းက ခရစ်ယာန်ဓမ္မအမှုတွင် စိတ်အားထက်သန်စွာပါဝင်ရန် ကျွန်ုပ်တို့ကို လှုံ့ဆော်ပေးနိုင်သည်။

၁၁:၁၆-၂၄၊ ၃၃ကဘ။ “ဘုရားသခင်၏ကြင်နာတော်မူခြင်း၊ ပြင်းထန်တော်မူခြင်း” တို့သည် လှပတင့်တယ်စွာ မျှတ၍နေလေသည်။ မှန်ပါသည်၊ “ဘုရားသခင်သည် မူလအမြစ်ဖြစ်၍ အမှုတော်သည် စုံလင်ပေ၏။ စီရင်တော်မူသမျှတို့သည် တရားနှင့်ညီသည်။”—တရား. ၃၂:၄

ဖြောင့်မတ်ရာသို့ရောက်သည်နှင့်အညီ အသက်ရှင်နေထိုင်ခြင်း

(ရော. ၁၂:၁–၁၆:၂၇)

“ထို့ကြောင့် ညီအစ်ကိုတို့၊ ဘုရားသခင်၏သနားစာနာမှုကိုထောက်၍ ငါတိုက်တွန်းနှိုးဆော်ပါ၏။ အသက်ရှင်သော၊ သန့်ရှင်းသော၊ ဘုရားသခင်လက်ခံဖွယ်သော ယဇ်တည်းဟူသော မိမိတို့၏ခန္ဓာကိုယ်ကို ဆက်သကြလော့” ဟုပေါလုပြောသည်။ (ရော. ၁၂:၁ကဘ) “ထို့ကြောင့်” သို့မဟုတ် ခရစ်ယာန်များသည် သူတို့၏ယုံကြည်ခြင်းကြောင့် ဖြောင့်မတ်ရာသို့ရောက်သည်ဟူသောအချက်ကြောင့် ပေါလုဆက်ပြောဆိုသည့်အရာက မိမိတို့ကိုယ်ကို၊ အခြားသူများနှင့် အစိုးရအာဏာပိုင်များအပေါ် သူတို့၏စိတ်သဘောထားကို အကျိုးသက်ရောက်စေသင့်သည်။

‘သင်တို့သည် ကိုယ်ကိုထင်သင့်သည်အတိုင်းထက်လွန်၍မထင်ရမည်အကြောင်း သင်တို့တွင်ရှိသမျှသောသူတို့ကို မှာထား၏’ ဟုပေါလုရေးသားသည်။ “မေတ္တာစိတ်သည် လျှို့ဝှက်ခြင်းနှင့်ကင်းစေလော့” ဟူ၍တိုက်တွန်းသည်။ (ရော. ၁၂:၃၊ ၉) “အစိုးရသောမင်းအာဏာစက်၏အုပ်စိုးခြင်းကို လူတိုင်းဝန်ခံစေ။” (ရော. ၁၃:၁) ကိုယ်ကိုကိုယ်သိသောစိတ်နှင့်ပတ်သက်သော ကိစ္စများတွင် ခရစ်ယာန်များကို သူဤသို့အားပေးသည်– “အချင်းချင်းမစစ်ကြောမစီရင်ဘဲနေကြကုန်အံ့။”—ရော. ၁၄:၁၃

ကျမ်းစာမေးခွန်းများ အဖြေ–

၁၂:၂၀—ကျွန်ုပ်တို့သည် မည်သို့အားဖြင့် ရန်သူ၏ခေါင်းပေါ်၌ “မီးခဲကိုပုံထား” သနည်း။ ကျမ်းစာခေတ်တွင် သတ္တုကိုမီးဖိုထဲထည့်ကာ မီးခဲများကို သတ္တု၏အောက်တွင်သာမက သတ္တု၏အပေါ်တွင်လည်းပုံရသည်။ အပေါ်တွင်ပုံထားသောမီးခဲသည် အပူကိုတိုးစေပြီး သတ္တုကို အရည်ပျော်စေကာ သတ္တုရှိအညစ်အကြေးများ ကွာသွားစေသည်။ အလားတူပင် ကျွန်ုပ်တို့သည် ရန်သူ၏မာကျောသည့်စိတ်ကို အရည်ပျော်စေပြီး ကောင်းသောအရည်အသွေးများ တင်ပြလာရန် သူ့အား ကြင်နာစွာဆက်ဆံခြင်းအားဖြင့် သူ၏ဦးခေါင်းပေါ်၌ မီးခဲကိုပုံထားကြသည်။

၁၂:၂၁ကဘ—ကျွန်ုပ်တို့သည် မည်သို့ “အကောင်းအားဖြင့် အဆိုးကို ဆက်၍အနိုင်ယူ” ကြသနည်း။ ယင်းကို ကျွန်ုပ်တို့ပြုလုပ်သည့်နည်းတစ်နည်းမှာ ယေဟောဝါစိတ်ကျေနပ်သည်အထိ ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းဟောပြောခြင်းတည်းဟူသော ဘုရားသခင်ပေးထားသည့်လုပ်ငန်းလုပ်ဆောင်ရန် ရဲဝံ့စွာစိတ်ပိုင်းဖြတ်ထားခြင်းဖြစ်သည်။—မာ. ၁၃:၁၀

၁၃:၁—အစိုးရသောမင်းအာဏာစက်တို့သည် အဘယ်နည်းဖြင့် “ဘုရားသခင်ခန့်ထားတော်မူရာဖြစ်” သနည်း။ လောကအစိုးရအာဏာပိုင်များသည် “ဘုရားသခင်ခန့်ထားတော်မူရာဖြစ်” သည်ဟုဆိုခြင်းမှာ ကိုယ်တော်ခွင့်ပြုထားသောကြောင့် သူတို့အုပ်ချုပ်ရခြင်းဖြစ်ပြီး အချို့သောအခြေအနေများတွင် သူတို့၏အုပ်စိုးမှုကို ဘုရားသခင်ကြိုတင်မြင်တော်မူခဲ့သည်ဟု ဆိုလိုသည်။ အုပ်စိုးရှင်များစွာအကြောင်း သမ္မာကျမ်းစာကြိုဟောထားသည့်အချက်က ယင်းကို အထင်အရှားသက်သေထူသည်။

ကျွန်ုပ်တို့အတွက် သင်ခန်းစာ–

၁၂:၁၇၊ ၁၉ကဘ။ အဆိုးကိုလက်တုံ့ပြန်ခြင်းသည် ယေဟောဝါသာလုပ်ပိုင်ခွင့်ရှိသည့်အရာကို ကျွန်ုပ်တို့ရယူလိုက်ခြင်းဖြစ်သည်။ “အဆိုးကို အဆိုးနှင့် တုံ့ပြန်” ခြင်းသည် ကျွန်ုပ်တို့အတွက် ရောင့်တက်ခြင်းဖြစ်ပါလိမ့်မည်။

၁၄:၁၄၊ ၁၅ကဘ။ ကျွန်ုပ်တို့ပေးသော အစားအသောက်ကြောင့် ကျွန်ုပ်တို့ညီအစ်ကိုအား ဝမ်းမနည်းစေသင့် သို့မဟုတ် ထိမိမလဲစေသင့်ပါ။

၁၄:၁၇ဘုရားသခင်နှင့် ကောင်းသောဆက်ဆံရေးရှိခြင်းသည် လူတစ်ဦး စားသောက်သည့်အရာ သို့မဟုတ် သူရှောင်ကြဉ်သည့်အစားအသောက်အပေါ် အဓိကမူတည်သည်မဟုတ်။ ယင်းအစား ၎င်းဆက်ဆံရေးကောင်းရှိခြင်းမှာ ဖြောင့်မတ်ခြင်း၊ ငြိမ်သက်ခြင်း၊ ဝမ်းမြောက်ခြင်းတို့နှင့် ပတ်သက်ဆက်နွှယ်သည်။

၁၅:၇ကျွန်ုပ်တို့သည် အသင်းတော်သို့လာသည့် စိတ်ရင်းမှန်ဖြင့်  အမှန်တရားရှာဖွေသူအားလုံးကို မျက်နှာမလိုက်ဘဲ ကြိုဆိုသင့်ပြီး ကျွန်ုပ်တို့ တွေ့ဆုံသူအားလုံးကို ဘုရားသခင့်နိုင်ငံတော်သတင်းစကား ပြောပြသင့်သည်။

[စာမျက်နှာ ၃၁ ပါပုံ]

ရွေးနုတ်ဖိုးမပေးမီက ကျူးလွန်ခဲ့သောအပြစ်များကို ယင်းက ဖြေလွှတ်နိုင်သလော