မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အဘယ်အရာများမှ ကျွန်ုပ်တို့ ထွက်ပြေးရ

အဘယ်အရာများမှ ကျွန်ုပ်တို့ ထွက်ပြေးရ

အဘယ်အရာများမှ ကျွန်ုပ်တို့ ထွက်ပြေးရ

“အချင်းမြွေဆိုးအမျိုးတို့၊ ရောက်လုသောဘေးဒဏ်မှ ပြေးသွားစိမ့်သောငှာ အဘယ်သူသည် သင်တို့ကို သတိပေးဘိသနည်း။”—မ. ၃:၇

၁။ ထွက်ပြေးခြင်းဆိုင်ရာ ကျမ်းစာဥပမာတချို့မှာ အဘယ်နည်း။

“ထွက်ပြေး” ဟူသည့်စကားလုံးကို ကြားရသည့်အခါ အဘယ်အရာစိတ်ထဲပေါ်လာသနည်း။ အကျင့်ယိုယွင်းရန် ပေါတိဖာ၏မိန်းမသွေးဆောင်မှုမှ ငယ်ရွယ်ချောမောသည့်ယောသပ် ထွက်ပြေးသည်ကို အချို့သူတို့ မြင်ယောင်ကြပေမည်။ (က. ၃၉:၇-၁၂) အခြားသူများကမူ စီအီး ၆၆ တွင် ယေရုရှလင်မြို့မှ ထွက်ပြေးကြသည့် ခရစ်ယာန်များကို မြင်ယောင်ကြပေမည်၊ ထိုသူတို့သည် ယေရှု၏ဤသတိပေးချက်ကို လိုက်နာခဲ့ကြခြင်းဖြစ်၏– “ယေရုရှလင်မြို့ကို ဗိုလ်ခြေများဝန်းရံလျက်ရှိသည်ကို သင်တို့မြင်သောအခါ . . . ယုဒပြည်၌ရှိသောသူတို့သည် တောင်ပေါ်သို့ပြေးကြစေ။ မြို့ထဲ၌ရှိသောသူတို့သည် မြို့ပြင်သို့ထွက်ကြစေ။”—လု. ၂၁:၂၀၊ ၂၁

၂၊ ၃။ (က) ဂျူးဘာသာရေးခေါင်းဆောင်များအား နှစ်ခြင်းဆရာယောဟန် အပြစ်တင်ခြင်း၏ အဓိပ္ပာယ်အမှန်မှာ အဘယ်နည်း။ (ခ) ယောဟန်ပြောခဲ့သည့် သတိပေးချက်ကို ယေရှုမည်သို့အားဖြည့်ခဲ့သနည်း။

အထက်တွင်ဖော်ပြခဲ့သည့် ဥပမာတို့မှာ ပကတိထွက်ပြေးခဲ့ကြခြင်းဖြစ်သည်။ ယနေ့၊ ကမ္ဘာတစ်ဝန်း နိုင်ငံတိုင်းနီးပါးတွင်ရှိသည့် စစ်မှန်သောခရစ်ယာန်များသည် ပုံဆောင်သဘောအရထွက်ပြေးရန် အရေးတကြီးလိုအပ်နေသည်။ ထိုသဘောမျိုးဖြင့် နှစ်ခြင်းဆရာယောဟန်သည် “ပြေး” ဟူသည့်စကားလုံးကို အသုံးပြုခဲ့သည်။ ယောဟန်ကိုတွေ့ရန်လာကြသူတို့ထဲတွင် မိမိတို့သည် နောင်တယူဖို့မလိုဟု ယူမှတ်ကြသော မိမိကိုယ်ကိုဖြောင့်မတ်သည်ဟုထင်သည့် ဂျူးဘာသာရေးခေါင်းဆောင်များ ပါရှိသည်။ သူတို့သည် နောင်တယူခြင်းအထိမ်းအမှတ်အနေနှင့် နှစ်ခြင်းခံနေကြသော သာမန်လူတို့ကို အထင်သေးကြသည်။ အယောင်ဆောင်များဖြစ်သော ထိုခေါင်းဆောင်များကို ယောဟန်သည် မကြောက်မရွံ့ ဤသို့ဖော်ထုတ်ခဲ့၏– “အချင်းမြွေဆိုးအမျိုးတို့၊ ရောက်လုသောဘေးဒဏ်မှ ပြေးသွားစိမ့်သောငှာ အဘယ်သူသည် သင်တို့ကို သတိပေးဘိသနည်း။ နောင်တရခြင်းနှင့် ထိုက်တန်သောအကျင့်ကို ကျင့်ကြလော့။”—မ. ၃:၇၊ ၈

ပကတိထွက်ပြေးရန် ယောဟန်ပြောနေခြင်းမဟုတ်ပါ။ ရောက်ရှိလာတော့မည့်  တရားစီရင်ခြင်း၊ ရောက်လုသောအမျက်တော်ဘေးဒဏ်အကြောင်း  သူသတိပေးနေခြင်းဖြစ်ပြီး  ဂျူးဘာသာရေးခေါင်းဆောင်များသည် ထိုဘေးဒဏ်မှလွတ်မြောက်လိုလျှင် နောင်တရခြင်းနှင့် ထိုက်တန်သောအကျင့်ကို ကျင့်ရန်လိုကြောင်း သူသတိပေးခဲ့သည်။ နောက်ပိုင်း ယေရှုက ဂျူးဘာသာရေးခေါင်ဆောင်များ၏ လူ့အသက်သတ်လိုသောသဘောထားကြောင့် သူတို့၏အဘအစစ်အမှန်မှာ စာတန်ဖြစ်ကြောင်း မကြောက်မရွံ့ ကြေညာခဲ့သည်။ (ယော. ၈:၄၄) ယောဟန်၏အစောပိုင်းသတိပေးချက်ကို အားဖြည့်သည့်အနေနှင့် ယေရှုက သူတို့အား “မြွေဆိုးအမျိုးတို့” ဟုခေါ်ခဲ့ပြီး “သင်တို့သည် ဂေဟင်နာအပြစ်ဒဏ်စီရင်ခြင်းမှ မည်သို့လွတ်နိုင်ကြမည်နည်း” ဟုမေးခဲ့သည်။ (မ. ၂၃:၃၃ကဘ) “ဂေဟင်နာ” ဟုဆိုရာတွင် ယေရှုအဘယ်အရာကို ဆိုလိုခဲ့ခြင်းနည်း။

၄။ “ဂေဟင်နာ” ဟုဆိုရာတွင် ယေရှုအဘယ်အရာကို ဆိုလိုခဲ့ခြင်းနည်း။

ဂေဟင်နာသည် ယေရုရှလင်မြို့ရိုးအပြင်ရှိ ချိုင့်ဝှမ်းတစ်ခုဖြစ်ပြီး အမှိုက်များနှင့် တိရစ္ဆာန်အသေကောင်များကို မီးရှို့သည့်နေရာဖြစ်သည်။ ယေရှုက ဂေဟင်နာကို ထာဝရသေခြင်း၏ အထိမ်းအမှတ်အဖြစ် အသုံးပြုခဲ့သည်။ (စာမျက်နှာ ၂၇ ကိုကြည့်ပါ။) ဂေဟင်နာမှလွတ်မြောက်ခြင်းနှင့်ပတ်သက်သည့် ကိုယ်တော်၏မေးခွန်းက ထိုဂျူးဘာသာရေးခေါင်းဆောင်များသည် အတန်းအစားလိုက်အနေနှင့် ထာဝရဖျက်ဆီးခံထိုက်ကြောင်း ဖော်ပြသည်။—မ. ၅:၂၂၊ ၂၉

၅။ ယောဟန်နှင့်ယေရှု၏ သတိပေးချက်အတိုင်း ဖြစ်လာကြောင်း သမိုင်းက မည်သို့သက်သေထူသနည်း။

ဂျူးခေါင်းဆောင်များသည် ယေရှုနှင့် ကိုယ်တော့်နောက်လိုက်များကို နှိပ်စက်ညှဉ်းပန်းခြင်းအားဖြင့် သူတို့၏အပြစ်ကို ထပ်ဆင့်ခဲ့ကြသည်။ နောက်ပိုင်း ယောဟန်နှင့်ယေရှု သတိပေးခဲ့သကဲ့သို့ ဘုရားသခင်၏အမျက်တော်ဘေးဒဏ် ရောက်ရှိလာခဲ့သည်။ ဤအဖြစ်အပျက်တွင် “ရောက်လုသောဘေးဒဏ်” မှာ အထူးသဖြင့် ယေရုရှလင်နှင့် ယုဒပြည်အပေါ်၌သာ ကျရောက်ခဲ့ခြင်းကြောင့် ပကတိအတိုင်း ထွက်ပြေးနိုင်ခဲ့ကြသည်။ စီအီး ၇၀ တွင် ရောမစစ်တပ်က ယေရုရှလင်မြို့နှင့် ယင်း၏ဝတ်ပြုရာအိမ်တော်ကို ဖျက်ဆီးချိန်တွင် အမျက်တော်ဘေးဒဏ်ကျရောက်ခဲ့သည်။ ထို ‘ဆင်းရဲခြင်းဘေး’ သည် ယေရုရှလင်မြို့ကြုံခဲ့ဖူးသော ဘေးအားလုံးထက် ပို၍ကြီးမားသည်။ လူများစွာ အသတ်ခံရသည် သို့မဟုတ် သုံ့ပန်းအဖြစ် ခေါ်ဆောင်ခံခဲ့ရသည်။ ယင်းက အမည်ခံခရစ်ယာန်များနှင့် အခြားဝတ်ပြုရေးမှသူများအဖို့ ကြီးစွာသောဖျက်ဆီးခြင်းဘေးတစ်ခုရှိကြောင်း ဖော်ပြသည်။—မ. ၂၄:၂၁

အနာဂတ်အမျက်တော်ဘေးဒဏ်မှ ထွက်ပြေးဖို့လို

၆။ အစောပိုင်းခရစ်ယာန်အသင်းတော်တွင် အဘယ်အရာ စတင်ပေါ်ပေါက်လာခဲ့သနည်း။

အစောပိုင်းခရစ်ယာန်များထဲမှ အချို့သူတို့သည် အယူဖောက်ပြန်ခဲ့ကြပြီး လူတို့သည် သူတို့နောက် လိုက်ခဲ့ကြသည်။ (တ. ၂၀:၂၉၊ ၃၀) ယေရှု၏တမန်တော်များ အသက်ရှင်စဉ်က ယင်းအယူဖောက်ပြန်မှုကို “ဆီးတား” ခဲ့ကြသည်၊ သို့သော် သူတို့သေဆုံးပြီးနောက် အယူမှားခရစ်ယာန်ဂိုဏ်းဂဏများစွာ ပေါ်လာခဲ့သည်။ ယနေ့၊ ခရစ်ယာန်ဘောင်နယ်ပယ်တွင် ကွဲပြားသည့်ခရစ်ယာန်ဘာသာ ရာနှင့်ချီရှိသည်။ ခရစ်ယာန်ဘောင်ဓမ္မဆရာများ ပေါ်လာမည်ဟု သမ္မာကျမ်းစာတွင် ကြိုဟောထားပြီး သူတို့ကို အုပ်စုလိုက်အနေနှင့် “မတရားမှုပြုသူ” နှင့် “ပျက်စီးခြင်း၏သား” ဟုခေါ်ဆိုထားကာ “သခင်ယေရှုသည် . . . မိမိ၏ရောက်ရှိခြင်းကို ထင်ရှားပြခြင်းအားဖြင့် . . . ထိုသူကို သုတ်သင်ဖယ်ရှားတော်မူလိမ့်မည်။”—၂ သက်. ၂:၃၊ ၆-၈ကဘ။

၇။ ခရစ်ယာန်ဘောင်ဓမ္မဆရာများသည် “မတရားမှုပြုသူ” ဟူသည့်ဖော်ပြချက်နှင့် အဘယ်ကြောင့်သင့်လျော်သနည်း။

ခရစ်ယာန်ဘောင်ဓမ္မဆရာများသည် သမ္မာကျမ်းစာနှင့်ဆန့်ကျင်သည့် သွန်သင်ချက်များ၊ ပွဲနေ့များနှင့် အမူအကျင့်များကို အားပေးအားမြှောက်ပြုကြခြင်းဖြင့် သန်းနှင့်ချီသောသူတို့ကို လမ်းလွဲစေရာတွင် တရားမဲ့ပြုမူကြသည်။ ယေရှုအပြစ်တင်ခဲ့သည့် ဂျူးဘာသာရေးခေါင်းဆောင်များကဲ့သို့ပင် “ပျက်စီးခြင်း၏သား” အဝင်ဖြစ်သော မျက်မှောက်ခေတ်ဝတ်ပြုရေးသမားများသည် ရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက်မရှိသည့် ပျက်စီးခြင်းနှင့်ရင်ဆိုင်ကြရမည်။ (၂ သက်. ၁:၆-၁၀) သို့သော် ခရစ်ယာန်ဘောင်ဓမ္မဆရာများနှင့် အခြားမှားယွင်းသောဝတ်ပြုရေးပုံစံတို့မှ ဦးဆောင်သူတို့ကြောင့် လမ်းလွဲနေကြသူတို့သည် အဘယ်အရာနှင့် ရင်ဆိုင်ရမည်နည်း။ ယင်းမေးခွန်းအဖြေရရန် ဘီစီ ၆၀၇ တွင် ယေရုရှလင်မြို့ဖျက်ဆီးခံရပြီးနောက်ပိုင်း ဖြစ်ပျက်သည့်အဖြစ်အပျက်များကို သုံးသပ်ကြည့်ကြစို့။

‘ဗာဗုလုန်ထဲက ထွက်ပြေးလော့’

၈၊ ၉။ (က) ဗာဗုလုန်တွင် သုံ့ပန်းဖြစ်နေသောဂျူးတို့အတွက် ယေရမိသည် အဘယ်ပရောဖက်ပြုချက်ကို ပေးခဲ့သနည်း။ (ခ) မေဒိနှင့်ပေရသိတို့ ဗာဗုလုန်ကိုအနိုင်ရပြီးနောက် အဘယ်ထွက်ပြေးခြင်းမျိုး ဖြစ်လာခဲ့သနည်း။

ယေရုရှလင်မြို့ပျက်စီးမည်အကြောင်းကို ပရောဖက်ယေရမိကြိုဟောခဲ့ပြီး ယင်းသည် ဘီစီ ၆၀၇ တွင်ဖြစ်ပျက်ခဲ့သည်။ ဘုရားသခင့်လူမျိုးသည် သုံ့ပန်းအဖြစ် ခေါ်ဆောင်သွားခြင်းခံရမည်ဖြစ်သည်၊ သို့သော် “အနှစ်ခုနစ်ဆယ်” ပြည့်ပြီးနောက် ပြည်တော်သို့တစ်ဖန်ပြန်ရမည်ဟု သူကြိုဟောခဲ့၏။ (ယေ. ၂၉:၄၊ ၁၀) ဗာဗုလုန်တွင် သုံ့ပန်းဖြစ်နေသော ဂျူးလူမျိုးတို့အတွက် ယေရမိသည် အရေးကြီးသောအချက်ကို ထုတ်ဆင့်ခဲ့သည်။ သူတို့သည် ဗာဗုလုန်တွင်ကျင့်သုံးသော မှားယွင်းသည့်ဝတ်ပြုရေးနှင့် မရောနှောရန်ဖြစ်သည်။ သို့ဖြင့် သူတို့သည် အချိန်တန်သည့်အခါ ယေရုရှလင်မြို့သို့ပြန်ကာ စင်ကြယ်သောဝတ်ပြုရေးပြန်လည်တည်ထောင်ရန် အသင့်ရှိနေကြမည်ဖြစ်သည်။ ဘီစီ ၅၃၉ ခုနှစ်၊ မေဒိ-ပေရသိတို့က ဗာဗုလုန်ကိုအနိုင်ရပြီး မကြာမီအချိန်တွင် ယင်းသို့ဖြစ်ပျက်ခဲ့သည်။ ပေရသိရှင်ဘုရင် ကုရု ၂ သည် ဂျူးလူမျိုးများအား ပြည်တော်ပြန်ကာ ယေရုရှလင်မြို့၌ ယေဟောဝါ၏ဝတ်ပြုရာအိမ်တော် ပြန်တည်ဆောက်ရန် အမိန့်ထုတ်ဆင့်ခဲ့သည်။—ဧဇ. ၁:၁-၄

သောင်းနှင့်ချီသောဂျူးများသည် ဤအခွင့်အရေးကို အမိအရယူခဲ့ကြပြီး ပြည်တော်ပြန်ခဲ့ကြသည်။ (ဧဇ. ၂:၆၄-၆၇) ယင်းသို့ပြုခြင်းဖြင့် သူတို့သည် ယေရမိ၏ပရောဖက်ပြုချက်ကို ပြည့်စုံစေခဲ့ကြသည်၊ သူတို့၏အဖြစ်တွင် ထွက်ပြေးခြင်းမှာ အခြားနေရာတစ်ခုသို့ ထွက်သွားသည့်သဘောမျိုးဖြင့်ဖြစ်သည်။ (ယေရမိ ၅၁:၆၊ ၄၅၊ ၅၀ ကိုဖတ်ပါ။) ယေရုရှလင်နှင့်ယုဒပြည်သို့ ခရီးရှည်နှင်ကာပြန်ရန်မှာ တချို့သောဂျူးများအတွက် အခြေအနေက ခွင့်မပြုခဲ့ပါ။ အိုမင်းနေပြီဖြစ်သည့် ပရောဖက်ဒံယေလကဲ့သို့သော ဗာဗုလုန်တွင်ကျန်ရစ်သူတို့သည် ယေရုရှလင်မြို့တွင်ဗဟိုပြုသည့် စင်ကြယ်သောဝတ်ပြုရေးကို နှလုံးအကြွင်းမဲ့ထောက်ခံပြီး ဗာဗုလုန်လူမျိုးတို့၏ မှားယွင်းသောဝတ်ပြုရေးနှင့် ဆက်၍သီးခြားနေခြင်းအားဖြင့် သူတို့သည် ဘုရားသခင့်ကောင်းချီးကို ခံစားနိုင်ကြသည်။

၁၀။ ‘မဟာဗာဗုလုန်’ သည် အဘယ် “ရွံရှာဖွယ်သောအရာတို့” အတွက် တာဝန်မကင်းသနည်း။

၁၀ ယနေ့ သန်းထောင်ချီသောသူတို့သည် ရှေးဗာဗုလုန်မှမြစ်ဖျားခံသည့် မှားယွင်းသောဝတ်ပြုရေးပုံစံအမျိုးမျိုးတွင် ပါဝင်ပတ်သက်လျက်ရှိကြသည်။ (က. ၁၁:၆-၉) ယင်းဝတ်ပြုရေးများကို အုပ်စုတစ်စုအနေနှင့် “ဗာဗုလုန်မြို့ကြီး၊ ပြည့်တန်ဆာတို့၏အမိ၊ မြေ၌စက်ဆုပ်ရွံရှာဖွယ်သောအရာတို့၏အမိ” ဟုဖော်ပြသည်။ (ဗျာ. ၁၇:၅) မှားယွင်းသောဝတ်ပြုရေးသည် သမိုင်းတစ်လျှောက် ဤလောက၏နိုင်ငံရေးအုပ်စိုးရှင်များကို ထောက်မကူညီခဲ့သည်။ မှားယွင်းသောဝတ်ပြုရေး၏ “ရွံရှာဖွယ်သောအရာတို့” ထဲတွင် သန်းရာနှင့်ချီသောသူတို့ကို “မြေကြီးပေါ်မှာကွပ်မျက်” ခံရစေသည့် စစ်ပွဲများဖြစ်ခြင်းတွင် တာဝန်မကင်းခြင်းပါဝင်သည်။ (ဗျာ. ၁၈:၂၄) အခြား “ရွံရှာဖွယ်သောအရာတို့” တွင် ကလေးများအပေါ် လိင်မှုဖောက်ပြန်ကျူးလွန်ခြင်းနှင့် ဓမ္မဆရာများပါဝင်ကျူးလွန်သည့်၊ ချာ့ခ်ျအာဏာပိုင်များ သည်းခံခွင့်ပြုထားသည့် လိင်အကျင့်ယိုယွင်းသောအခြားပုံစံများပါဝင်သည်။ မကြာမီ ယေဟောဝါဘုရားသခင်သည် ဤကမ္ဘာပေါ်မှ မှားယွင်းသည့်ဝတ်ပြုရေးကို သုတ်သင်ရှင်းလင်းပစ်မည်ဟုဆိုခြင်းသည် အံ့အားသင့်စရာမဟုတ်ပါ။—ဗျာ. ၁၈:၈

၁၁။ မဟာဗာဗုလုန်ကို မဖျက်ဆီးမီ စစ်မှန်သောခရစ်ယာန်များတွင် အဘယ်တာဝန်ရှိသနည်း။

၁၁ ယင်းအကြောင်းကိုသိထားကြသော ခရစ်ယာန်စစ်တို့သည် မဟာဗာဗုလုန်တွင်ရှိနေသူတို့အား သတိပေးရန် တာဝန်ရှိသည်။ သူတို့သတိပေးသည့်နည်းတစ်နည်းမှာ ဝိညာဉ်ရေးနှင့်ဆိုင်သော “အချိန်တန်အစာ” ကို ပြင်ဆင်ရန် ယေရှုခန့်အပ်ထားသည့် ‘တည်ကြည်ပြီး သတိပညာရှိသောကျွန်’ ထုတ်ဝေသည့် ကျမ်းစာနှင့် ကျမ်းစာစာပေများကို ဝေငှခြင်းအားဖြင့်ဖြစ်သည်။ (မ. ၂၄:၄၅) တစ်ဦးဦးက သမ္မာကျမ်းစာသတင်းစကားကို စိတ်ဝင်စားကြောင်းတင်ပြပါက ကျမ်းစာသင်အံမှုအားဖြင့် အကူအညီပေးရန် အစီအစဉ်များပြုလုပ်ကြသည်။ ထိုသူတို့သည် အချိန်မနှောင်းမီ ‘ဗာဗုလုန်ထဲကထွက်ပြေး’ ရန်လိုကြောင်း သိမြင်လာစေရန် မျှော်လင့်ချက်ဖြင့်ဖြစ်သည်။—ဗျာ. ၁၈:၄

ရုပ်ပုံကိုးကွယ်ခြင်းမှ ထွက်ပြေးကြလော့

၁၂။ ရုပ်ပုံတို့ကို ကြည်ညိုလေးမြတ်ကိုးကွယ်ခြင်းကို ဘုရားသခင် မည်သို့ ရှုမြင်တော်မူသနည်း။

၁၂ မဟာဗာဗုလုန်တွင် ကျင့်သုံးနေကျ ရွံရှာဖွယ်ရာ ​နောက်​တစ်ခုမှာ ရုပ်ပုံများကို ကြည်ညိုလေးမြတ်ကိုးကွယ်ခြင်းဖြစ်သည်။ ​ဘုရားသခင်က ယင်းတို့ကို “စက်ဆုပ်ရွံရှာဖွယ်သော” အရာဟု ​ခေါ်ဆိုခဲ့သည်။ (တရား. ၂၉:၁၇) ဘုရားသခင်၏နှစ်သက်လက်ခံမှုကို ရလိုသူအားလုံးသည် ဘုရားသခင်၏ ဤမိန့်ဆိုချက်နှင့်အညီ ရုပ်ပုံ​ကိုးကွယ်ခြင်းကို ရှောင်ရမည်– ‘ငါသည် ယေဟောဝါဖြစ်၏။ ထို​နာမသည် ငါ့နာမဖြစ်၏။ ငါ့ဘုန်းကို အခြားသောသူအား​လည်းကောင်း၊ ငါ့အသရေကို ရုပ်ပုံတို့အားလည်းကောင်း ငါမပေး။’​—ဟေရှာ. ၄၂:၈

၁၃။ ကျွန်ုပ်တို့သည် အဘယ် ပိုမိုသိမ်မွေ့သည့်ရုပ်ပုံကိုးကွယ်ခြင်းပုံစံများမှ ​ထွက်ပြေးဖို့လိုသနည်း။

၁၃ ဘုရားသခင့်နှုတ်မြွက်တရားတော်၌ ပိုမိုသိမ်မွေ့သည့် ရုပ်ပုံ​ကိုးကွယ်ခြင်းပုံစံများကိုလည်း ဖော်ပြထားသည်။ ဥပမာ၊ တပ်မက်ခြင်းကို ‘ရုပ်ပုံကိုးကွယ်ခြင်း’ ဖြစ်သည်ဟုဆိုထားသည်။ (ကော. ၃:​၅ကဘ) တပ်မက်ခြင်းမှာ အခြားသူတစ်ဦးပိုင်ဆိုင်ရာများကဲ့သို့သော ​မိမိရပိုင်ခွင့်မရှိသည့်အရာကို လိုချင်ခြင်းဖြစ်သည်။ (ထွ. ၂၀:၁၇) စာတန်ဖြစ်လာသော ကောင်းကင်တမန်တစ်ပါးသည် အမြင့်ဆုံးသောအရှင်နှင့်တူလိုပြီး ဝတ်ပြုကိုးကွယ်မှုခံလိုသည့် တပ်မက်စိတ်ဖြစ်ပေါ်လာခဲ့သည်။ (လု. ၄:​၅-၇) ယင်းကြောင့် သူသည် ​ယေဟောဝါကို ​ဆန့်ကျင်ပုန်ကန်ပြီး ဘုရားသခင်တားမြစ်ထားသောအရာကို ​တပ်မက်လိုချင်လာစိတ်ရှိအောင် ဧဝကို သွေးဆောင်ဖြားယောင်းခဲ့သည်။ အာဒံသည်လည်း မေတ္တာရှင်ကောင်းကင်ခမည်းတော်ကို ​နာခံခြင်းထက် မိမိဇနီး၏အဖော်အဖက်ဖြစ်မှုကို ပို၍အလေးပေးသည့်အထိ မိမိ၏တစ်ကိုယ်ကောင်းဆန်သည့်စိတ်ဆန္ဒကို ခွင့်ပြုခြင်းဖြင့် ရုပ်ပုံ​ကိုးကွယ်သည့်အပြစ်သို့ ကျဆင်းခဲ့သည်။ ယင်းနှင့်ဆန့်ကျင်ကာ ဘုရားသခင်၏အမျက်တော်ဘေးဒဏ်မှ ထွက်ပြေးလိုသူအားလုံးသည် ဘုရားသခင်အား အကြွင်းမဲ့ဆည်းကပ်ကိုးကွယ်ရမည်ဖြစ်ကာ ထိုကဲ့သို့သော မည်သည့်တပ်မက်စိတ်ကိုမဆို တွန်းလှန်ရမည်။

“မတရားမေထုန်” မှထွက်ပြေးကြလော့

၁၄-၁၆။ (က) ယောသပ်သည် အဘယ်ကြောင့် ကိုယ်ကျင့်တရားဆိုင်ရာ ပုံသက်သေကောင်း ဖြစ်သနည်း။ (ခ) ကျွန်ုပ်တို့တွင် မသန့်ရှင်းသောလိင်ဆိုင်ရာသွေးသားဆန္ဒများရှိပါက အဘယ်အရာ ပြုလုပ်သင့်သနည်း။ (ဂ) မတရားမေထုန်မှထွက်ပြေးရာတွင် ကျွန်ုပ်တို့ မည်သို့အောင်မြင်နိုင်သနည်း။

၁၄ ၁ ကောရိန္သု ၆:၁၈ ကိုဖတ်ပါ။ ပေါတိဖာ၏မယားက ယောသပ်အား သွေးဆောင်ဖြားယောင်းရန် ကြိုးစားချိန်တွင် ယောသပ်သည် သူ့ထံမှ ပကတိထွက်ပြေးခဲ့သည်။ တစ်ကိုယ်ရေသမားအတွက်ရော အိမ်ထောင်သည်ခရစ်ယာန်များအဖို့ပါ အလွန်ကောင်းသောပုံသက်သေပင်! ယောသပ်၏ကိုယ်ကိုကိုယ်သိသောစိတ်ကို ကိုယ်ကျင့်တရားနှင့်ပတ်သက်၍ အစောပိုင်းဘုရားသခင်၏ရှုမြင်ပုံများဖြင့် ပုံသွင်းခဲ့သည်မှာ ရှင်းနေပါသည်။ ကျွန်ုပ်တို့သည် “မတရားမေထုန်ကို ကြဉ်ရှောင်” သို့မဟုတ် ထွက်ပြေးကြလော့ ဟူသောအမိန့်ကိုနာခံလိုပါက ကျွန်ုပ်တို့၏အိမ်ထောင်ဖက်မဟုတ်သော အခြားသူတစ်ဦးဦးအပေါ် လိင်ဆိုင်ရာစိတ်ဆန္ဒနှိုးကြွစေနိုင်သည့်အရာများကို ရှောင်ရမည်ဖြစ်သည်။ ကျွန်ုပ်တို့ကို ဤသို့ဆိုထား၏– “မတရားမေထုန်ပြုခြင်း၊ မသန့်ရှင်းခြင်း၊ ကာမစိတ်ပြင်းပြခြင်း၊ မကောင်းသောတောင့်တခြင်း၊ ရုပ်ပုံကိုးကွယ်ခြင်းဖြစ်သော တပ်မက်ခြင်းနှင့်ဆိုင်သည့် . . . သင်တို့၏ကိုယ်အင်္ဂါများကို သေစေကြလော့။ ထိုအရာများကြောင့် ဘုရားသခင်၏အမျက်တော် သင့်ရောက်လိမ့်မည်။”—ကော. ၃:၅၊ ၆ကဘ။

၁၅ “ဘုရားသခင်၏အမျက်တော် သင့်ရောက်လိမ့်မည်” ဟူသည့်အချက်ကို သတိပြုပါ။ လောကရှိလူများစွာသည် မတော်လျော်သောလိင်ဆိုင်ရာသွေးသားဆန္ဒများကိုဖြစ်ပေါ်စေကြပြီး ယင်းတို့ကို လုပ်ဆောင်ကြသည်။ ထို့ကြောင့် ကျွန်ုပ်တို့ခရစ်ယာန်များသည် မသန့်ရှင်းသောလိင်ဆိုင်ရာသွေးသားဆန္ဒများက ကျွန်ုပ်တို့ကိုမထိန်းချုပ်စေရန် ဘုရားသခင်၏အကူအညီနှင့် သန့်ရှင်းသောဝိညာဉ်တော်ရရန် ဆုတောင်းဖို့လိုသည်။ ထို့ပြင် သမ္မာကျမ်းစာလေ့လာခြင်း၊ ခရစ်ယာန်အစည်းအဝေးများတက်ခြင်း၊ အိမ်နီးချင်းများကို သတင်းကောင်းဝေငှခြင်းတို့သည် “ဝိညာဉ်ပကတိအတိုင်းကျင့်” နေရန် ကျွန်ုပ်တို့ကိုအထောက်အကူပြုမည်။ သို့ဖြင့် ကျွန်ုပ်တို့သည် “ဇာတိပကတိ၏အလိုသို့မလိုက်ဘဲ နေကြလိမ့်မည်။”—ဂလ. ၅:၁၆

၁၆ ကျွန်ုပ်တို့သည် ညစ်ညမ်းရုပ်ပုံများကို ကြည့်သူဖြစ်မည်ဆိုလျှင် “ဝိညာဉ်ပကတိအတိုင်းကျင့်” ခြင်းမဟုတ်သည်မှာ သေချာနေသည်။ အလားတူပင် ခရစ်ယာန်တိုင်းသည် လိင်စိတ်ကိုနှိုးကြွစေသည့်အရာများကို ဖတ်ခြင်း၊ ကြည့်ခြင်း သို့မဟုတ် နားထောင်ခြင်းတို့မပြုရန် သတိပြုဖို့လိုသည်။ အလားတူပင် ဘုရားသခင်၏ “သန့်ရှင်းသူတို့” သည် ယင်းအကြောင်းများကို အပျော်သဘောဖြင့် ဟာသလုပ်ပြောခြင်း သို့မဟုတ် ဆွေးနွေးပြောဆိုခြင်းတို့သည်လည်း မှားသည်။ (ဧ. ၅:၃၊ ၄) သို့ဖြင့် ကျွန်ုပ်တို့သည် ရောက်လာတော့မည့် မေတ္တာရှင်ခမည်းတော်၏အမျက်တော်မှ အမှန်ပင်လွတ်မြောက်လိုကြောင်း၊ ဖြောင့်မတ်သောကမ္ဘာသစ်တွင် နေထိုင်လိုကြောင်း တင်ပြကြသည်။

“ငွေကိုတပ်မက်ခြင်း” မှထွက်ပြေးကြလော့

၁၇၊ ၁၈။ ကျွန်ုပ်တို့သည် “ငွေကိုတပ်မက်ခြင်း” မှ အဘယ်ကြောင့်ထွက်ပြေးရမည်နည်း။

၁၇ တိမောသေထံရေးသော ပေါလု၏ ပထမစာစောင်တွင် ကျေးကျွန်များဖြစ်ကြသော ခရစ်ယာန်တို့လိုက်လျှောက်သင့်သည့်မူများကို အလေးပေးဖော်ပြခဲ့သည်၊ အချို့သောကျွန်တို့သည် သူတို့၏ပိုင်ရှင်မှာ ခရစ်ယာန်များပင်ဖြစ်သောကြောင့် ရုပ်ပစ္စည်းအကျိုးအမြတ်ကို မျှော်လင့်ခဲ့ကြပုံရသည်။ အခြားသူတို့မှာမူ ဘုရားသခင်နှင့်ဆိုင်သောအရာကို မိမိတို့၏ကိုယ်ကျိုးအတွက် အသုံးပြုရန် ကြိုးစားခဲ့ကြပေမည်။ ‘ဘုရားသခင်ဝတ်၌မွေ့လျော်ခြင်းသည် အကျိုးစီးပွားဖြစ်သည်ဟု စိတ်ထင်’ ကြသူတို့ကို ပေါလုသတိပေးခဲ့သည်။ ပြဿနာ၏အရင်းခံမှာ “ငွေကိုတပ်မက်ခြင်း” ဖြစ်ပေမည်၊ ယင်းက ချမ်းသာသူ၊ ဆင်းရဲသူ မည်သူမဆိုအပေါ် ဆိုးကျိုးသက်ရောက်နိုင်သည်။—၁ တိ. ၆:၁၊ ၂၊ ၅၊ ၉၊ ၁၀

၁၈ “ငွေကိုတပ်မက်ခြင်း” ကြောင့် သို့မဟုတ် ငွေဖြင့်ဝယ်နိုင်သည့် မရှိမဖြစ်မဟုတ်သောအရာများကို တပ်မက်ခြင်းကြောင့် ဘုရားသခင်နှင့်ဆက်ဆံရေးပျက်ပြားသွားကြသည့် ကျမ်းစာပုံနမူနာများကို စဉ်းစားတွေးတောပါလေ။ (ယောရှု ၇:၁၁၊ ၂၁; ၄ ရာ. ၅:၂၀၊ ၂၅-၂၇) ပေါလုက တိမောသေအား ဤသို့တိုက်တွန်းခဲ့၏– ‘အိုဘုရားသခင်၏လူ၊ သင်သည် ထိုအပြစ်များကိုကြဉ်ရှောင်လော့။ ဖြောင့်မတ်စွာကျင့်ခြင်း၊ ဘုရားသခင်ဝတ်၌မွေ့လျော်ခြင်း၊ ယုံကြည်ခြင်း၊ ချစ်ခြင်း၊ သည်းခံခြင်း၊ နူးညံ့သိမ်မွေ့ခြင်းတို့ကို မီအောင်လိုက်ကြလော့။’ (၁ တိ. ၆:၁၁) ရောက်လုသောအမျက်တော်နေ့တွင် လွတ်မြောက်လိုသူအားလုံးသည် ထိုအကြံပေးချက်ကိုလိုက်လျှောက်ရန် အလွန်အရေးကြီးသည်။

‘လူပျိုတို့၏တပ်မက်ခြင်းစိတ်မှ’ ထွက်ပြေးလော့

၁၉။ လူငယ်အားလုံးသည် အဘယ်အရာလိုအပ်သနည်း။

၁၉ သု. ၂၂:၁၅ ကိုဖတ်ပါ။ သူငယ်၏စိတ်နှလုံးထဲတွင်ရှိသော မိုက်သောသဘောသည် သူငယ်အား အလွယ်တကူ လမ်းလွဲသွားစေနိုင်သည်။ ယင်းကို ဆီးတားနိုင်သည့်အရာမှာ သမ္မာကျမ်းစာပေါ်အခြေပြုသော ဆုံးမခြင်းဖြစ်သည်။ ခရစ်ယာန်လူငယ်များစွာ၏ မိဘတို့သည် ယုံကြည်ခြင်းတူသူများမဟုတ်သောကြောင့် ထိုလူငယ်တို့သည် သမ္မာကျမ်းစာပါမူများကို ရှာဖွေကာ ကျင့်သုံးကြသည်။ အခြားသူများမှာမူ အသင်းတော်ရှိ ဝိညာဉ်ရေးရင့်ကျက်သူတို့၏ ပညာရှိအကြံဉာဏ်မှ အကျိုးရရှိကြသည်။ သမ္မာကျမ်းစာအခြေပြုဆုံးမစကားကို မည်သူပင်ပေးပါစေ ယင်းကိုနာခံခြင်းသည် ယခုရော အနာဂတ်တွင်ပါ ပျော်ရွှင်စေနိုင်သည်။—ဟေဗြဲ ၁၂:၈-၁၁

၂၀။ လူငယ်များသည် မှားယွင်းသောစိတ်ဆန္ဒများမှ ထွက်ပြေးရန် မည်သို့အကူအညီရှာတွေ့နိုင်သနည်း။

၂၀ ၂ တိမောသေ ၂:၂၀-၂၂ ကိုဖတ်ပါ။ အကျိုးဖြစ်စေသောဆုံးမမှုမခံရသည့် လူငယ်များ၏နှလုံးသည် အပြိုင်အဆိုင်စိတ်ဓာတ်၊ တပ်မက်စိတ်၊ မတရားမေထုန်၊ ငွေကိုတပ်မက်ခြင်း၊ အပျော်အပါးစသည့် မိုက်မဲသောအရာများကိုလိုက်စားသူတစ်ဦး ဖြစ်လာစေသည်။ ယင်းတို့မှာ ‘လူပျိုတို့၏တပ်မက်ခြင်းစိတ်’ သရုပ်သကန်ဖြစ်ပြီး သမ္မာကျမ်းစာက ယင်းမှထွက်ပြေးရန် တိုက်တွန်းထားသည်။ အကျိုးယုတ်စေသောသြဇာလွှမ်းမိုးမှုများသည် မည်သည့်နေရာမှပင်လာပါစေ သတိဝီရိယရှိသောလူငယ်တစ်ဦးသည် ယင်းမှထွက်ပြေးဖို့လိုသည်။ အထူးသဖြင့် အထောက်အကူပြုသည့်အရာမှာ “စင်ကြယ်သောနှလုံးဖြင့် သခင်ကို ခေါ်သောသူတို့နှင့်အတူ” [ကဘ] ဘုရားသခင်နှင့်စပ်ဆိုင်သော အရည်အသွေးများကို မီအောင်လိုက်စေသည့် ဘုရားသခင့်အကြံပေးချက်ဖြစ်သည်။

၂၁။ ယေရှုခရစ်သည် သိုးကဲ့သို့သောမိမိနောက်လိုက်များနှင့်ပတ်သက်၍ ကောင်းမြတ်လှသည့်အဘယ်ကတိပြုတော်မူခဲ့သနည်း။

၂၁ ကျွန်ုပ်တို့သည် လူငယ်ဖြစ်စေ၊ လူကြီးဖြစ်စေ ကျွန်ုပ်တို့အား လမ်းလွဲစေရန်ကြိုးစားနေသူတို့၏စကားကို နားမထောင်ဘဲငြင်းဆိုခြင်းက “သူစိမ်းနောက်သို့မလိုက်ဘဲ ထွက်ပြေးကြ” သည့် ယေရှု၏သိုးကဲ့သို့သောနောက်လိုက်များအဝင်ဖြစ်လိုကြောင်း တင်ပြရာရောက်သည်။ (ယော. ၁၀:၅ကဘ) သို့ရာတွင် ဘုရားသခင့်အမျက်တော်နေ့မှ လွတ်မြောက်ရန်မှာ ထိခိုက်နစ်နာမှုဖြစ်စေသည့်အရာများမှ ထွက်ပြေးရုံထက်မက ပိုလိုအပ်သည်။ အပြုသဘောဆောင်သော အရည်အသွေးများကို မီအောင်လိုက်ရမည်ဖြစ်သည်။ ယင်းတို့ထဲမှခုနစ်ခုကို နောက်ဆောင်းပါးတွင် သုံးသပ်ကြပါမည်။ ယင်းတို့ကိုထပ်ဆင့်သုံးသပ်ရန် ကျွန်ုပ်တို့တွင် အကြောင်းကောင်းရှိသည်၊ အကြောင်းမှာ ယေရှုက ကောင်းမြတ်လှသည့် ဤကတိကို ပေးထား၍ဖြစ်၏– “[ငါ့သိုးတို့ကို] ထာဝရအသက်ကိုလည်း ငါပေး၏။ ထိုသိုးတို့သည် ပျက်စီးခြင်းနှင့် အစဉ်မပြတ်ကင်းလွတ်ကြလိမ့်မည်။ အဘယ်သူမျှထိုသိုးတို့ကို ငါ့လက်မှမနုတ်မယူရာ။”—ယော. ၁၀:၂၈

သင်မည်သို့ဖြေဆိုမည်နည်း

• ယေရှုသည် ဂျူးဘာသာရေးခေါင်းဆောင်များကို အဘယ်သတိပေးချက်ပေးခဲ့သနည်း။

• ယနေ့ သန်းနှင့်ချီသောသူတို့သည် အဘယ်အန္တရာယ်အခြေအနေနှင့် ရင်ဆိုင်ကြရသနည်း။

• အဘယ် ပိုမိုသိမ်မွေ့သည့်ရုပ်ပုံကိုးကွယ်ခြင်းပုံစံများမှ ကျွန်ုပ်တို့ထွက်ပြေးရမည်နည်း။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၈၊ ၉ ပါပုံစာ]

“ထွက်ပြေး” ဟူသည့်စကားလုံးကို သင်ကြားရသောအခါ အဘယ်အရာစိတ်ထဲပေါ်လာသနည်း