မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အားနည်းသော်ငြား တန်ခိုးနှင့်ပြည့်စုံ

အားနည်းသော်ငြား တန်ခိုးနှင့်ပြည့်စုံ

အားနည်းသော်ငြား တန်ခိုးနှင့်ပြည့်စုံ

င့်အားနည်းချက်များက သင့်အား လွှမ်းမိုးသွားနိုင်သည်။ ယင်းတို့သည် မျှော့ကဲ့သို့ သင့်တွင် ကပ်နေပေမည်။ ထိုအားနည်းချက်များကို ဘယ်တော့မျှအောင်မြင်ကျော်လွှားနိုင်မည်မဟုတ်ဟု ထင်ပေမည်၊ သို့မဟုတ် မိမိကိုယ်ကို အခြားသူများနှင့် နှိုင်းယှဉ်ကာ သူတို့သည် မိမိထက် ပို၍ကောင်းမွန်ကြသည်ဟု ဆုံးဖြတ်ပြီး မထိုက်မတန်ဟူသော ခံစားချက်ရှိပေမည်။ တစ်ဖက်တွင်မူ သင့်ခွန်အားနှင့် ဘဝပျော်မွေ့မှုကို လျော့နည်းစေသည့် အားယုတ်စေသောရောဂါတစ်ခု ခံစားရပေမည်။ မည်သည့်အကြောင်းကြောင့်ပင်ဖြစ်ပါစေ ထွက်ပေါက်မရှိဟု ခံစားပေမည်။ ဘုရားသခင်ထံ ဤသို့ပြောခဲ့သူ ယောဘကဲ့သို့ ခံစားပေမည်– “ကိုယ်တော်သည် အကျွန်ုပ်ကိုသင်္ချိုင်းတွင်း၌ ဝှက်ထားတော်မူပါစေ။ အမျက်တော်မလွန်မီတိုင်အောင် ကွယ်ကာတော်မူပါစေ။ အကျွန်ုပ်ကိုအောက်မေ့စရာအချိန်ကို ချိန်းချက်တော်မူပါစေ။”—ယောဘ ၁၄:၁၃

ထိုသို့ မျှော်လင့်ချက်မဲ့သည့်အခြေအနေမှ မည်သို့လွတ်မြောက်နိုင်မည်နည်း။ အလွန်ခက်နိုင်သော်လည်း သင့်အခက်အခဲများကို တစ်ချိန်လုံးစဉ်းစားနေဖို့ မလိုပါ။ ဥပမာ၊ ယေဟောဝါက မိမိ၏သစ္စာရှိကျေးကျွန်ယောဘအား မေးခဲ့သည့်ဤမေးခွန်းကို သုံးသပ်ကြည့်နိုင်သည်– “မြေကြီးအမြစ်ကို ငါတည်သောအခါ သင်သည် အဘယ်မှာရှိသနည်း။ နားလည်လျှင်ဖော်ပြလော့။ မြေကြီးအတိုင်းအရှည်ပမာဏကို အဘယ်သူစီရင်သနည်း။ နားလည်လျှင်ပြောလော့။ မျဉ်းကြိုးကို အဘယ်သူတန်း၍ချသနည်း။” (ယောဘ ၃၈:၄၊ ၅) ထိုမေးခွန်းများ၏အဓိပ္ပာယ်ကို စဉ်းစားသောအခါ ကျွန်ုပ်တို့သည် ယေဟောဝါ၏သာလွန်မြင့်မားသောဉာဏ်ပညာနှင့် တန်ခိုးတော်ကို အသိအမှတ်ပြုရန် လှုံ့ဆော်ခံရပေမည်။ အကြောင်းကောင်းရှိ၍ လက်ရှိကမ္ဘာ့အခြေအနေ ဆက်ရှိနေရန် ကိုယ်တော်ခွင့်ပြုခဲ့သည်။

“ကိုယ်၌စူးသောဆူး”

တည်ကြည်သောကျေးကျွန်နောက်တစ်ဦးက သူ့အား တစ်ချိန်လုံးစိတ်အနှောင့်အယှက်ပေးသည့် “ကိုယ်၌စူးသောဆူး” ကိုဖယ်ရှားပေးပါရန် ယေဟောဝါထံ တောင်းဆိုခဲ့သည်။ တမန်တော်ပေါလုက ဤအခက်အခဲကို မိမိထံမှ ဖယ်ရှားပေးပါရန် သုံးကြိမ်တိုင် ဘုရားသခင်ထံ ဆုတောင်းခဲ့သည်။ မည်သည့်အခက်အခဲပင်ဖြစ်ပါစေ၊ စူးကဲ့သို့ပင် စိတ်အနှောင့်အယှက်ဖြစ်စေသည့် ယင်းအခက်အခဲက ယေဟောဝါအမှုတော်ထမ်းဆောင်ရာတွင် ပေါလုခံစားရသောပျော်ရွှင်မှုကို ပျောက်သွားစေနိုင်သည်။ ယင်းကို မပြတ်စူးရှနာကျင်စေသည့်အဖြစ်နှင့် ပေါလုနှိုင်းယှဉ်ခဲ့သည်။ ယေဟောဝါ ဤသို့ဖြေကြားခဲ့သည်– “ငါ့ကျေးဇူးသည် သင့်အဖို့လောက်ပေ၏။ ငါ့တန်ခိုးသည် အားနည်းခြင်းအဖြစ်၌ စုံလင်တတ်သည်။” ယေဟောဝါသည် ထိုကိုယ်၌စူးသောဆူးကို မဖယ်ရှားပေးခဲ့ပါ။ ပေါလုသည် ကြိုးစားရုန်းကန်ရန် လိုသည်၊ သို့သော် သူ ဤသို့ဆက်ပြောသည်– “ငါသည်အားနည်းသောအခါ တန်ခိုးနှင့်ပြည့်စုံလျက်ရှိ၏။” (၂ ကော. ၁၂:၇-၁၀) သူ အဘယ်အရာ ဆိုလိုသနည်း။

ပေါလု၏အခက်အခဲသည် အံ့ဖွယ်နည်းဖြင့် ပျောက်မသွားခဲ့ပါ။ သို့သော် ယင်းသည် ယေဟောဝါ၏လုပ်ငန်းတော်တွင် မှတ်သားလောက်သောအရာများ ပြီးမြောက်စေခြင်းမှ သူ့အား မတားဆီးခဲ့ပါ။ ပေါလုသည် ထောက်မမှုအတွက် ယေဟောဝါအပေါ် မှီခိုအားထားကာ ကိုယ်တော်၏အကူအညီကို အစဉ်တောင်းဆိုခဲ့သည်။ (ဖိ. ၄:၆၊ ၇) ပေါလု၏မြေကြီးအသက်တာကုန်ဆုံးခါနီးတွင် သူဤသို့ပြောနိုင်ခဲ့သည်– “ကောင်းစွာသောတိုက်လှန်ခြင်းကိုငါပြုပြီ။ ပြေးရသောလမ်းကို အဆုံးတိုင်အောင်ပြေးပြီ။ ယုံကြည်ခြင်းတရားကိုစောင့်ရှောက်ပြီ။”—၂ တိ. ၄:၇

ယေဟောဝါသည် မိမိအလိုတော်ပြီးမြောက်စေရာတွင် အားနည်းချက်များနှင့် အခက်အခဲများရှိသောလူသားတို့ကို အသုံးပြုတော်မူသည်၊ သို့ဖြစ်၍ ဂုဏ်တင်မှုကို ကိုယ်တော်အမှန်ရထိုက်တော်မူ၏။ သူတို့၏အခက်အခဲများကို ရင်ဆိုင်ဖြေရှင်းရန်နှင့် ကိုယ်တော့်အမှုတော်တွင် ပါဝင်ရခြင်းမှ ရွှင်လန်းမှုကို ဆက်ထိန်းသိမ်းနိုင်ရန် လမ်းညွှန်မှုနှင့် ဉာဏ်ပညာကို ကိုယ်တော်ပေးနိုင်သည်။ မှန်ပါသည်၊ အားနည်းချက်များရှိသော်ငြား ကြီးမားသောလုပ်ငန်းများ ဆောင်ရွက်ရန် မစုံလင်သောလူတို့ကို ကိုယ်တော်အသုံးပြုနိုင်သည်။

ကိုယ်၌စူးသောဆူးကို ဘုရားသခင် အဘယ်ကြောင့် မဖယ်ရှားပေးသည့်အကြောင်းကို ပေါလုဤသို့ဖော်ပြသည်– “ငါသည် ထောင်လွှားသောစိတ်မရှိစေခြင်းငှာ” ဖြစ်သည်။ (၂ ကော. ၁၂:၇) ပေါလု၏ “ဆူး” က သူ၏အကန့်အသတ်ဖြစ်မှုကို သတိရစေပြီး မိမိကိုယ်ကို နှိမ့်ချစွာ ဆက်၍ရှုမြင်ရန် အထောက်အကူပြုသည်။ ယင်းသည် ယေရှုသွန်သင်ခဲ့သည့် ဤအချက်နှင့် ညီညွတ်သည်– “အကြင်သူသည် မိမိကိုချီးမြှောက်အံ့၊ ထိုသူသည် နှိမ့်ချခြင်းသို့ရောက်လတ္တံ့။ အကြင်သူသည် မိမိကို နှိမ့်ချအံ့၊ ထိုသူသည် ချီးမြှောက်ခြင်းသို့ ရောက်လတ္တံ့။” (မ. ၂၃:၁၂) စုံစမ်းမှုများက ဘုရားသခင့်ကျေးကျွန်များအား နှိမ့်ချမှုရှိရန် သင်ပေးနိုင်ပြီး တည်ကြည်စွာခံရပ်နိုင်ရန်မှာ ယေဟောဝါအပေါ် မှီခိုရန်လိုကြောင်း အသိအမှတ်ပြုဖို့ အထောက်အကူပြုသည်။ ထို့ကြောင့် တမန်တော်ကဲ့သို့ပင် သူတို့သည်လည်း ‘ယေဟောဝါဘုရားသခင်၌သာ ဝါကြွား’ နိုင်ကြသည်။—၁ ကော. ၁:၃၁ကဘ။

ငုပ်လျှိုးနေသော အားနည်းချက်များ

အချို့သူတို့တွင် သူတို့သတိမထားမိသော သို့မဟုတ် အသိအမှတ်မပြုလိုသည့် အားနည်းချက်များရှိပေမည်။ ဥပမာ၊ လူတစ်ယောက်သည် ကိုယ့်ကိုယ်ကို ယုံကြည်စိတ်ချလွန်းပြီး ကိုယ့်ကိုယ်ကိုအားကိုးပေမည်။ (၁ ကော. ၁၀:၁၂) မစုံလင်သောလူသားတို့တွင် တွေ့ရတတ်သော နောက်အားနည်းချက်တစ်ခုမှာ ထင်ပေါ်ကျော်ကြားလိုစိတ်ဖြစ်သည်။

ဘုရင်ဒါဝိဒ်၏ဗိုလ်ချုပ်ဖြစ်ခဲ့သူ ယွာဘသည် သတ္တိရှိသူ၊ ပြတ်သားသူနှင့် ပြဿနာများကို ဖြေရှင်းနိုင်သူတစ်ဦးဖြစ်ခဲ့သည်။ သို့သော် ယွာဘသည် ရောင့်တက်ပြီး ရည်မှန်းချက်ကြီးကြောင်း ဖော်ပြသည့် ကြီးလေးသောအမှား ကျူးလွန်ခဲ့သူဖြစ်သည်။ သူသည် ဗိုလ်ချုပ်နှစ်ဦးကို ရက်စက်စွာ သတ်ဖြတ်ခဲ့သည်။ ဦးစွာ သူသည် အာဗနာကို သတ်၍ လက်စားချေခဲ့သည်။ နောက်တွင် ယွာဘသည် ဝမ်းကွဲတော်သူအာမသကို ကြိုဆိုဟန်ပြုကာနမ်းမည့်ဟန်ဖြင့် လက်ယာလက်နှင့် အာမသ၏မုတ်ဆိတ်ကိုကိုင်ပြီး မိမိ၏လက်ဝဲလက်ရှိဓားနှင့် သူ့ကို သတ်လေသည်။ (၂ ရာ. ၁၇:၂၅; ၂၀:၈-၁၀) ဗိုလ်ချုပ်အဖြစ်အာမသကို ယွာဘနေရာတွင် အစားထိုးခဲ့သဖြင့် ယွာဘသည် မိမိပြိုင်ဘက်ကို ဖယ်ရှားရန် ဤအခွင့်အရေးကို အသုံးပြုခဲ့သည်၊ ဗိုလ်ချုပ်အရာပြန်ရလိမ့်မည်ဟု မျှော်လင့်၍ ဖြစ်နိုင်သည်။ ယွာဘသည် တစ်ကိုယ်ကောင်းဆန်သောရည်မှန်းချက်အပါအဝင် မိမိ၏စိတ်ဆန္ဒများကို မထိန်းချုပ်ခဲ့ကြောင်း တွေ့နိုင်သည်။ သူသည် နောင်တရကြောင်း လုံးဝမပြဘဲ ရက်ရက်စက်စက်ပြုမူခဲ့သည်။ ဘုရင်ဒါဝိဒ်သည် မိမိသေဆုံးခါနီးတွင် သားတော်ရှောလမုန်အား ယွာဘ၏ဆိုးသွမ်းမှုကြောင့် သူ့ကိုသေဒဏ်ပေးရန် အသေအချာညွှန်ကြားခဲ့သည်။—၃ ရာ. ၂:၅၊ ၆၊ ၂၉-၃၅

ကျွန်ုပ်တို့သည် မှားယွင်းသောအလိုဆန္ဒများကို အရှုံးမပေးသင့်ချေ။ မိမိတို့၏အားနည်းချက်များကို ထိန်းချုပ်နိုင်သည်။ ဦးစွာ ကျွန်ုပ်တို့သည် ယင်းတို့ကို အသိအမှတ်ပြုရမည်။ ထို့နောက် ယင်းအားနည်းချက်များကို အောင်မြင်ကျော်လွှားရန် လုပ်ဆောင်နိုင်သည်။ ထိုအားနည်းချက်များကို အောင်မြင်ကျော်လွှားရန် ယေဟောဝါ၏အကူအညီကို တောင်းဆိုပြီး ကိုယ်တော်ထံ မှန်မှန်ဆုတောင်းနိုင်သည်၊ ကိုယ်တော့်နှုတ်မြွက်စကားတော်ကို အပတ်တကုတ်လေ့လာပြီး ထိုစိတ်ဆန္ဒမှုများကို ထိန်းချုပ်ရန်နည်းလမ်းများကို ရှာဖွေပါ။ (ဟေဗြဲ ၄:၁၂) ကျွန်ုပ်တို့၏အားနည်းချက်များကို အောင်မြင်ကျော်လွှားရန် ဆက်ကြိုးစားဖို့လိုပေသည်၊ ထိုသို့ကြိုးစားနေစဉ် စိတ်ဓာတ်မကျသင့်ချေ။ ကျွန်ုပ်တို့မစုံလင်သမျှ ကာလပတ်လုံး ဆက်၍တိုက်လှန်နေရပေမည်။ ပေါလုသည် သူ့အဖြစ်တွင် ဤသို့ဝန်ခံ၍ ရေးသားသည်– ‘ငါသည် ကျင့်ချင်သောအကျင့်ကိုမကျင့်၊ ရွံရှာသောအကျင့်ကိုကျင့်၏။’ သို့သော် သင်သတိပြုမိသည့်အတိုင်း ပေါလုသည် မိမိ၏လုပ်ရပ်များကို လုံးဝမထိန်းချုပ်နိုင်သည့်အလား လက်လျှော့အရှုံးမပေးခဲ့ပါ။ ယင်းအစား ယေရှုခရစ်မှတစ်ဆင့် ဘုရားသခင့်အကူအညီကို မှီခိုအားထားပြီး မိမိအားနည်းချက်များကို ဆက်၍တိုက်လှန်သည်။ (ရော. ၇:၁၅-၂၅) အခြားတစ်နေရာတွင် ပေါလုဤသို့ပြောခဲ့သည်– “သူတစ်ပါးကိုဆုံးမပြီးမှ ကိုယ်တိုင်ရှုံးသောသူမဖြစ်ရမည်အကြောင်း ကိုယ်ကိုထိုး၍နှိပ်စက်လေ့ရှိ၏။”—၁ ကော. ၉:၂၇

လူသားများသည် မိမိတို့နှင့်ပတ်သက်လာလျှင် ဆင်ခြေပေးတတ်ကြသည်။ ကျွန်ုပ်တို့သည် ယေဟောဝါ၏အမြင်ကို ပြုစုပျိုးထောင်ပြီး ခရစ်ယာန်များကို ပေါလုတိုက်တွန်းသည့် ဤအချက်အတိုင်း ပြုလုပ်ခြင်းဖြင့် ယင်းဆင်ခြေပေးတတ်သည့်အကျင့်ကို တိုက်ထုတ်နိုင်သည်– “ဆိုးညစ်သောအမှုကို စက်ဆုပ်ရွံရှာကြလော့။ ကောင်းမွန်သောအမှု၌ မှီဝဲဆည်းကပ်ကြလော့။”  (ရော. ၁၂:၉) ကျွန်ုပ်တို့၏အားနည်းချက်များကို အောင်မြင်ကျော်လွှားဖို့ ကြိုးစားရာတွင် ရိုးသားမှု၊ ဇွဲထက်သန်မှုနှင့် မိမိကိုယ်ကိုဆုံးမပဲ့ပြင်မှုတို့ လိုအပ်သည်။ ဒါဝိဒ်သည် ယေဟောဝါကို ဤသို့တောင်းဆိုခဲ့သည်– ‘အကျွန်ုပ်နှလုံးကျောက်ကပ်ကိုဆေးကြောတော်မူပါ။’ (ဆာ. ၂၆:၂) ဘုရားသခင်သည် ကျွန်ုပ်တို့၏ အနက်ရှိုင်းဆုံးသောစိတ်ဆန္ဒများကို ကောင်းစွာအကဲဖြတ်နိုင်ပြီး ကျွန်ုပ်တို့အကူအညီလိုအပ်ချိန်တွင် အကူအညီပေးနိုင်သည်ကို ဒါဝိဒ်သိခဲ့သည်။ ယေဟောဝါ၏နှုတ်မြွက်စကားတော်နှင့် သန့်ရှင်းသောဝိညာဉ်တော်မှတစ်ဆင့် ကိုယ်တော်ပေးသည့် ညွှန်ကြားချက်ကို ကျွန်ုပ်တို့လိုက်လျှောက်ပါက ကျွန်ုပ်တို့၏အားနည်းချက်များကို အနိုင်ယူနိုင်သည့်အထိ တိုးတက်လာပေမည်။

အချို့သူတို့သည် မိမိတို့ကိုယ်တိုင် မဖြေရှင်းနိုင်သည့်ပြဿနာများနှင့် လုံးပန်းနေရသည်ဟု ခံစားရပေမည်။ အသင်းတော်အကြီးအကဲများသည် မေတ္တာပါသောအကူအညီနှင့် အားပေးမှု အမှန်ပေးနိုင်သည်။ (ဟေရှာ. ၃၂:၁၊ ၂) သို့သော် အကျိုးသင့်အကြောင်းသင့်ရှိရှိမျှော်လင့်ခြင်းသည် ပညာရှိရာရောက်သည်။ အချို့ပြဿနာများသည် ဤအစီအစဉ်စနစ်တွင် အပြည့်အဝဖြေရှင်းနည်းမရှိပါ။ သို့သော် များစွာသောသူတို့သည် ကိုင်တွယ်ဖြေရှင်းရန် သင်ယူခဲ့ကြပြီး ယင်းက ကျေနပ်မှုရှိသောအသက်တာကို ဖြစ်စေနိုင်သည်။

ယေဟောဝါ၏ထောက်မမှု အာမခံချက်

ဤခက်ခဲသောအချိန်တွင် မည်သည့်ပြဿနာကိုမဆိုရင်ဆိုင်ရပါစေ ယေဟောဝါသည် ကျွန်ုပ်တို့အား လမ်းညွှန်ပြီး ထောက်မပေးမည်ဖြစ်ကြောင်း ယုံကြည်စိတ်ချနိုင်သည်။ သမ္မာကျမ်းစာ ဤသို့အားပေးသည်– “ထို့ကြောင့် ကာလအချိန်တန်လျှင် ဘုရားသခင်သည် သင်တို့ကိုချီးမြှောက်တော်မူမည်အကြောင်း တန်ခိုးကြီးသောလက်တော်အောက်၌ ကိုယ်ကိုကိုယ်နှိမ့်ချကြလော့။ သင်တို့ကို သတိနှင့်ကြည့်ရှုတော်မူသောကြောင့် သင်တို့၌စိုးရိမ်ခြင်းအမှုရှိသမျှတို့ကို ကိုယ်တော်၌အပ်နှံကြလော့။”—၁ ပေ. ၅:၆၊ ၇

ဗေသလတွင် နှစ်ပေါင်းများစွာအမှုဆောင်နေသော ကက်သီသည် သူ့ခင်ပွန်း အယ်လ်ဇိုင်းမားရောဂါ ခံစားရကြောင်း သိသွားပြီး ရှေ့တွင်ရင်ဆိုင်ရမည့်အခက်အခဲများကို ခံနိုင်မည်ဟု မထင်ခဲ့ပါ။ ဉာဏ်ပညာနှင့် စိတ်ပိုင်းဆိုင်ရာခွန်အားအတွက် ယေဟောဝါထံ နေ့စဉ်အသနားခံဆုတောင်းဖို့ လိုအပ်လာခဲ့သည်။ ခင်ပွန်း၏အခြေအနေမှာ တဖြည်းဖြည်းဆိုးရွားလာသောကြောင့် မေတ္တာရှိညီအစ်ကိုများသည် ရောဂါကိုင်တွယ်ဖြေရှင်းနည်းကို ကြိုးစားသင်ယူကြကာ ဂရုစိုက်စောင့်ရှောက်ကြသောညီအစ်မများက စိတ်ပိုင်းဆိုင်ရာထောက်မမှုပေးခဲ့ကြသည်။ ယေဟောဝါပေးသော ခွန်အားဖြစ်စေသည့်ထောက်မမှုတွင် ဤခရစ်ယာန်များသည် တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ကက်သီသည် သူ့ခင်ပွန်းသေဆုံးသည့်အထိ ၁၁ နှစ်ခန့်မျှ သူ့ကို ကြည့်ရှုစောင့်ရှောက်နိုင်ခဲ့သည်။ သူဤသို့ပြောသည်– “ယေဟောဝါရဲ့ကူညီမစမှုအားလုံးအတွက် ကိုယ်တော့်ကို စိတ်နှလုံးအကြွင်းမဲ့ကျေးဇူးတင်ပါတယ်၊ ကိုယ်တော့်အကူအညီက ကျွန်မကို ဆက်ပြီး ခံရပ်နိုင်စေခဲ့တယ်။ အရမ်းပင်ပန်းနွမ်းနယ်နေပြီး အဲ့ဒီလောက်ကြာတဲ့ကာလတစ်လျှောက် ဆက်ပြီးလုပ်ဆောင်နေနိုင်မယ်ဆိုတာ ကျွန်မ မသိခဲ့ဘူး။”

ငုပ်လျှိုးနေသည့်အားနည်းချက်များကို အောင်မြင်ကျော်လွှားရန် အကူအညီ

လူတို့သည် မထိုက်တန်ဟုခံစားရသောအခါ မိမိတို့၏အခက်အခဲအတွက် အကူအညီတောင်းခံသည်ကို ယေဟောဝါနားညောင်းလိမ့်မည်မဟုတ်ဟု ယူဆကြပေမည်။ သို့ဖြစ်လျှင် ဗာသရှေဘနှင့် ကြီးလေးသောအပြစ်ပြုမိသည့်အတွက် နောင်တရချိန်တွင် ဒါဝိဒ်ပြောခဲ့ရာကို ပြန်လည်တွေးတောရန် အထူးသင့်လျော်ပါသည်၊ ဒါဝိဒ်ပြောသည်မှာ– “အိုဘုရားသခင် ကိုယ်တော်သည် ကျိုးပဲ့ကြေမွသောနှလုံးကို ငြင်းပယ်တော်မမူတတ်ပါ။” (ဆာ. ၅၁:၁၇) ဒါဝိဒ်သည် စိတ်ရင်းမှန်ဖြင့်နောင်တယူခဲ့ပြီး ဘုရားသခင်ထံ ချဉ်းကပ်နိုင်ကာ ကိုယ်တော်၏သနားကြင်နာမှုခံရမည်ကို ယုံကြည်စိတ်ချခဲ့သည်။ ယေရှုသည် ယေဟောဝါ၏ဂရုစိုက်စောင့်ရှောက်တတ်သည့်သဘောကို တင်ပြသည်။ သတင်းကောင်းကျမ်းစောင်ရေးသူ မဿဲက ဟေရှာယ၏စကားများကို ယေရှုနှင့်ဆက်စပ်၍ ဤသို့ဖော်ပြခဲ့သည်– “နင်းနယ်လျက်ရှိသောကျူပင်ကိုမချိုး မီးခိုးများသော မီးစာကိုမသတ်။” (မ. ၁၂:၂၀; ဟေရှာ. ၄၂:၃) ယေရှုမြေကြီးပေါ်ရှိစဉ် ကိုယ်တော်သည် နိမ့်ကျသူတို့နှင့် ဖိနှိပ်ခံရသူတို့အပေါ် သနားကြင်နာမှု တင်ပြခဲ့သည်။ ဆီမီးခွက်မှ ငြိမ်းတော့မည့်မီးစာနှင့်တူသော လူတစ်ဦး၏နောက်ဆုံးဘဝမီးညွန့်ကို ငြိမ်းသတ်သကဲ့သို့ ကိုယ်တော်မလုပ်ခဲ့ပါ။ ယင်းအစား ကိုယ်တော်သည် ဆင်းရဲဝေဒနာခံစားနေရသူတို့ကို ဘဝမီးညွန့်ပြန်လည်တောက်လောင်လာရန် ကြင်ကြင်နာနာကူညီခဲ့သည်။ ယင်းက ကမ္ဘာပေါ်ရှိစဉ် မည်သို့သောပုဂ္ဂိုလ်ဖြစ်ခဲ့ကြောင်း တင်ပြသည်။ ယေရှုသည် ထိုသို့ပင်ဖြစ်နေဆဲရှိပြီး သင့်အားနည်းချက်များကို စာနာပေးနိုင်သည်ကို သင်ယုံကြည်သည်မဟုတ်လော။ ဟေဗြဲ ၄:၁၅ [ကဘ] က ကိုယ်တော်သည် ‘ငါတို့၏အားနည်းချက်များကို စာနာ’ နိုင်သူဖြစ်ကြောင်း ဖော်ပြသည်ကို သတိပြုပါ။

“ကိုယ်၌စူးသောဆူး” နှင့်ပတ်သက်၍ ပေါလုရေးသောအခါ ခရစ်တော်၏တန်ခိုးသည် မိမိအပေါ်အုပ်မိုးသော “တဲကဲ့သို့” ဖြစ်ကြောင်း သိရှိခဲ့သည်။ (၂ ကော. ၁၂:၇-၉ကဘ) တဲထဲရှိသူတစ်ဦးသည် ရာသီဥတုဒဏ်မှ ကာကွယ်မှုရသကဲ့သို့ သူသည် ခရစ်တော်မှတစ်ဆင့် ဘုရားသခင့်ကာကွယ်မှု ခံစားခဲ့ရသည်။ ပေါလုကဲ့သို့ ကျွန်ုပ်တို့၏အားနည်းချက်များ သို့မဟုတ် ပြဿနာများကို လက်လျှော့အရှုံးမပေးရပါ။ ဝိညာဉ်ရေးတွင် ဆက်၍ရှင်သန်နေရန် ယေဟောဝါ၏မြေကြီးဆိုင်ရာအသင်းတော်မှတစ်ဆင့် ကိုယ်တော်ပေးသမျှ အစီအစဉ်အားလုံးကို ကျွန်ုပ်တို့အသုံးပြုနိုင်သည်။ ကျွန်ုပ်တို့လုပ်နိုင်သည့်အရာမှန်သမျှကို နှိမ့်ချစွာလုပ်ဆောင်ပြီး ကျွန်ုပ်တို့၏ခြေလှမ်းများကို ယေဟောဝါလမ်းညွှန်လိမ့်မည်ဖြစ်ကြောင်း ယုံကြည်မှုအပြည့်ဖြင့် ကိုယ်တော်ကို မျှော်ကိုးနိုင်သည်။ ကျွန်ုပ်တို့၏အားနည်းချက်များတွင် ဘုရားသခင့်တန်ခိုးတော်ကူညီမှု တွေ့ကြုံခံစားရခြင်းက ကျွန်ုပ်တို့လည်း ပေါလုကဲ့သို့ ပြောနိုင်ပါလိမ့်မည်– “ငါသည်အားနည်းသောအခါ တန်ခိုးနှင့်ပြည့်စုံလျက်ရှိ၏။”—၂ ကော. ၁၂:၁၀

[စာမျက်နှာ ၃ ပါပုံ]

ပေါလုသည် မိမိဓမ္မအမှုပြီးမြောက်ရန် လမ်းညွှန်ပေးဖို့ ယေဟောဝါထံ မပြတ်ဆုတောင်းခဲ့သည်

[စာမျက်နှာ ၅ ပါပုံ]

ဘုရင်ဒါဝိဒ်သည် ယွာဘကို ဗိုလ်ချုပ်ခန့်အပ်ခဲ့

[စာမျက်နှာ ၅ ပါပုံ]

ယွာဘသည် ပြိုင်ဘက်တစ်ဦးဖြစ်သော အာမသအား ဖယ်ရှားသုတ်သင်ခဲ့

[စာမျက်နှာ ၆ ပါပုံ]

ကျွန်ုပ်တို့၏အခက်အခဲများကို ကိုင်တွယ်ဖြေရှင်းရာတွင် အထောက်အကူဖြစ်စေနိုင်သည့် ကျမ်းဆိုင်ရာလမ်းညွှန်ချက်ကို အကြီးအကဲများသည် မေတ္တာပါစွာပေး