မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကောရိန္သုစာစောင်များမှ ပေါ်လွင်ချက်များ

ကောရိန္သုစာစောင်များမှ ပေါ်လွင်ချက်များ

ယေဟောဝါ၏နှုတ်မြွက်စကားတော်သည် အသက်ရှင်၏

ကောရိန္သုစာစောင်များမှ ပေါ်လွင်ချက်များ

တမန်တော်ပေါလုသည် ကောရိန္သုမြို့ရှိ အသင်းတော်၏ဝိညာဉ်ရေးကောင်းကျိုးနှင့်ပတ်သက်၍ အလွန်စိုးရိမ်မကင်းဖြစ်သည်။ ထိုတွင်ရှိသောညီအစ်ကိုများစပ်ကြား သဘောထားကွဲလွဲမှုများရှိကြောင်း သူကြားသိခဲ့ရသည်။ အကျင့်ယိုယွင်းမှုကို သည်းခံခဲ့ကြသည်။ အသင်းတော်သည်လည်း ကိစ္စရပ်တချို့နှင့်ပတ်သက်၍ ပေါလုကို စာရေးမေးမြန်းခဲ့သည်။ ထို့ကြောင့် ပေါလုသည် သူ၏တတိယခရစ်ယာန်သာသနာပြုခရီးစဉ်အတွင်း ဧဖက်မြို့၌ရှိနေစဉ် စီအီး ၅၅ ခန့်တွင် ကောရိန္သုမြို့သားများထံရေးသော သူ၏စာနှစ်စောင်ထဲမှ ပထမစာစောင်ကို ရေးလိုက်သည်။

ပထမစာစောင်ရေးပြီး လအနည်းငယ်ကြာမှ ရေးခဲ့ခြင်းဖြစ်နိုင်သည့်ဒုတိယစာစောင်သည် ပထမစာစောင်၏အဆက်ဖြစ်သည်။ ပထမရာစုကောရိန္သုမြို့ရှိ အသင်းတော်အတွင်းနှင့် အပြင်အခြေအနေများသည် ကျွန်ုပ်တို့အချိန်နှင့် နည်းလမ်းများစွာတွင် ဆင်တူသောကြောင့် ကောရိန္သုမြို့သားများထံရေးသော ပေါလု၏စာပါသတင်းစကားသည် ကျွန်ုပ်တို့အတွက် များစွာတန်ဖိုးရှိသည်။—ဟေဗြဲ ၄:၁၂

‘နိုးကြားနေကြလော့၊ ခိုင်ခံ့မြဲမြံကြလော့၊ ခွန်အားရှိကြလော့’

(၁ ကော. ၁:၁–၁၆:၂၄)

‘သင်တို့ရှိသမျှသည် တစ်စိတ်တစ်သဘောတည်း ပြောဆိုသင့်သည်’ ဟုပေါလုတိုက်တွန်းသည်။ (၁ ကော. ၁:၁၀ကဘ) “ယေရှုခရစ်တည်းဟူသော ချလျက်ရှိသောတိုက်မြစ်မှတစ်ပါး အခြားသောတိုက်မြစ်” မရှိပါ၊ ယင်းတိုက်မြစ်အပေါ်တွင် ခရစ်ယာန်အရည်အသွေးများတည်ဆောက်သည်။ (၁ ကော. ၃:၁၁-၁၃) အသင်းတော်ရှိ မတရားသောမေထုန်၌မှီဝဲသောသူတစ်ဦးနှင့်စပ်လျဉ်း၍ ပေါလုဤသို့ပြောသည်– “ထိုသို့ဆိုးညစ်သောသူကို သင်တို့အထဲမှနှင်ထုတ်ကြလော့။” (၁ ကော. ၅:၁၃) “ကိုယ်ခန္ဓာသည် မတရားသောမေထုန်အဖို့ဖြစ်သည်မဟုတ်။ သခင်ဘုရားအဖို့ဖြစ်၏” ဟုပြောသည်။—၁ ကော. ၆:၁၃

ပေါလုသည် “[သူတို့] ပေးလိုက်သောစာ၌ပါသောအရာ” ကိုတုံ့ပြန်ရာတွင် အိမ်ထောင်ပြုခြင်း၊ တစ်ကိုယ်ရေနေခြင်းနှင့်ပတ်သက်၍ လက်တွေ့ကျသွန်သင်ချက်ကိုပေးသည်။ (၁ ကော. ၇:၁) ခရစ်ယာန်ဦးစီးမှု၊ ခရစ်ယာန်အစည်းအဝေးများတွင် စည်းစနစ်ကျမှုနှင့် ရှင်ပြန်ထမြောက်ခြင်းသည် အမှန်တကယ်ဖြစ်ကြောင်းပြောဆိုပြီးနောက် ပေါလု ဤသို့တိုက်တွန်းသည်– “နိုးကြားလျက်နေကြလော့။ ယုံကြည်ခြင်း၌ ခိုင်ခံ့မြဲမြံကြလော့။ ယောက်ျားကဲ့သို့ ရဲစွမ်းသတ္တိ ရှိကြလော့။ ခွန်အားရှိကြလော့။”—၁ ကော. ၁၆:၁၃ကဘ။

ကျမ်းစာမေးခွန်းများ အဖြေ–

၁:၂၁—ယေဟောဝါသည် ထိုယုံကြည်သူများကို ကယ်နုတ်ရန် “မိုက်မဲခြင်း” ကို အမှန်ပင်အသုံးပြုတော်မူသလော။ ကိုယ်တော်အသုံးမပြုပါ။ သို့သော် ‘လောကသားတို့သည် မိမိတို့ပညာအားဖြင့် ဘုရားသခင်ကိုမသိဘဲနေကြ’ သောကြောင့် လူတို့ကိုကယ်နုတ်ရန် ကိုယ်တော်အသုံးပြုသောအရာသည် လောကအတွက် မိုက်မဲပုံပေါက်သည်။—ယော. ၁၇:၂၅

၅:၅—“ထို [ဆိုးညစ်သော] သူ၏ဝိညာဉ်သည် . . . ကယ်တင်ခြင်းသို့ရောက်မည်အကြောင်း သူ၏ကိုယ်ခန္ဓာပျက်စီးဖို့ရာ သူ့ကိုစာတန်လက်သို့အပ်နှံကြ” ဟူသည် အဘယ်အဓိပ္ပာယ်နည်း။ နောင်တမရဘဲ ကြီးလေးသောအပြစ် ပြုကျင့်နေသူတစ်ဦးကို အသင်းတော်မှနှင်ထုတ်သောအခါ သူသည် စာတန်၏ဆိုးသွမ်းသောလောကအဝင် ပြန်ဖြစ်သွားသည်။ (၁ ယော. ၅:၁၉) ထို့ကြောင့် သူ့ကို စာတန်လက်သို့ ပြန်အပ်သည်ဟု ဆိုနိုင်သည်။ ထိုသူအားထုတ်ပစ်ခြင်းသည် သူ၏မကောင်းသောသြဇာကို အသင်းတော်မှဖျက်ဆီး သို့မဟုတ် ဖယ်ရှားလိုက်ခြင်းဖြစ်ပြီး အသင်းတော်၏စိတ်ဝိညာဉ် သို့မဟုတ် စိုးမိုးသောသဘောထားကို ထိန်းသိမ်းရာရောက်သည်။—၂ တိ. ၄:၂၂

၇:၃၃၊ ၃၄ကဘ—အိမ်ထောင်သည်အမျိုးသား သို့မဟုတ် အမျိုးသမီးတစ်ဦး စိုးရိမ်ပူပန်သည့် “လောကအမှုအရာများ” ဟုဆိုရာတွင် အဘယ်အဓိပ္ပာယ်ရှိသနည်း။ အိမ်ထောင်သည်ခရစ်ယာန်များ စိုးရိမ်ပူပန်ဖို့လိုသည့် နေ့စဉ်အသက်တာနှင့်ဆက်နွှယ်သောကိစ္စရပ်များကို ပေါလုရည်ညွှန်းနေခြင်းဖြစ်သည်။ ယင်းတို့တွင် အစားအစာ၊ အဝတ်အစားနှင့် နေထိုင်ရေးတို့ပါဝင်သည်၊ သို့သော် ခရစ်ယာန်များရှောင်ရှားသည့် ဤလောက၏မကောင်းသောအမှုအရာများ မပါဝင်ပါ။—၁ ယော. ၂:၁၅-၁၇

၁၁:၂၆—ယေရှု၏သေခြင်းကို သတိရအောက်မေ့ရန် မည်သို့ “အခါခါ” နှင့်မည်သည့်အချိန် “တိုင်အောင်” ကျင်းပရသနည်း။ ယေရှု၏သေခြင်းကို မကြာခဏအခါခါကျင်းပရလိမ့်မည်ဟု ပေါလုပြောနေခြင်းမဟုတ်ပါ။ “အခါခါ” အတွက်အသုံးပြုသောဂရိစကားလုံး၏ အဓိပ္ပာယ်မှာ “အခါတိုင်း” သို့မဟုတ် “အကြိမ်တိုင်း” ကိုဆိုလိုသည်။ ထို့ကြောင့် အောက်မေ့ရာပွဲအထိမ်းအမှတ်ကို ဝိညာဉ်တော်ဖွားခရစ်ယာန်များ သုံးဆောင်သည့်အခါတိုင်းကို ပေါလုပြောဆိုနေခြင်းဖြစ်သည်၊ တစ်နှစ်တွင် တစ်ကြိမ် နိသန်လ ၁၄ ရက်တွင် သူတို့သည် ‘သခင်အသေခံတော်မူခြင်းကို [“ကြွေးကြော်နေ၊” ကဘ] ကြ၏။’ သူတို့သည် ယင်းကို “ကြွလာတော်မမူမီတိုင်အောင်” ရှင်ပြန်ထမြောက်ခြင်းအားဖြင့် ကောင်းကင်တွင် သူတို့ကို ကိုယ်တော်လက်ခံတော်မူချိန်အထိ ပြုကြသည်။—၁ သက်. ၄:၁၄-၁၇

၁၃:၁၃—မေတ္တာသည် ယုံကြည်ခြင်းနှင့် မျှော်လင့်ခြင်းထက် အဘယ်နည်းဖြင့် သာ၍မြတ်သနည်း။ “မျှော်လင့်သောအရာများ” တကယ်ဖြစ်လာပြီး ယင်းတို့ကို “စိတ်ချစွာစောင့်မျှော်ခြင်း” ပြီးမြောက်သွားသောအခါ ယုံကြည်ခြင်းနှင့် မျှော်လင့်ခြင်းတို့၏ကဏ္ဍများ အဆုံးတိုင်သွားသည်။ (ဟေဗြဲ ၁၁:၁ကဘ) မေတ္တာမူကား ထာဝစဉ်တည်တံ့သွားမည်ဖြစ်သောကြောင့် ယုံကြည်ခြင်းနှင့် မျှော်လင့်ခြင်းထက် သာ၍မြတ်သည်။

၁၅:၂၉—“သေလွန်သောသူတို့၏ကိုယ်စား [နှစ်ခြင်းခံ]” ခြင်းကား အဘယ်အဓိပ္ပာယ်ရှိသနည်း။ အသက်ရှင်သူတို့သည် နှစ်ခြင်းမခံဘဲ သေသွားသူတို့ကိုယ်စား နှစ်ခြင်းခံခြင်းအကြောင်း ပေါလုပြောနေခြင်းမဟုတ်။ ဤတွင် ပေါလုက ဝိညာဉ်တော်ဖွားခရစ်ယာန်များသည် သေဆုံးပြီး ဝိညာဉ်အသက်တာသို့ထမြောက်သွားသည်အထိ သမာဓိစောင့်သိမှုကို ဆက်ထိန်းသိမ်းထားရသော အသက်တာလမ်းစဉ်တွင် ကိုယ်ကိုကိုယ်နှစ်မြှုပ်ခြင်းကို ပြောနေခြင်းဖြစ်သည်။

ကျွန်ုပ်တို့အတွက် သင်ခန်းစာ–

၁:၂၆-၃၁; ၃:၃-၉; ၄:၇မိမိတို့ကိုယ်ကိုမဟုတ်ဘဲ ယေဟောဝါ၌နှိမ့်ချစွာဝါကြွားခြင်းသည် အသင်းတော်တွင် စည်းလုံးမှုတိုးပွားစေသည်။

၂:၃-၅ပေါလုသည် ဂရိအတွေးအခေါ်နှင့် ပညာရေးသင်ယူရာဗဟိုဖြစ်သော ကောရိန္သုမြို့တွင် သက်သေခံနေစဉ် မိမိအား နားထောင်သူများကို သွေးဆောင်နိုင်မည်၊ မနိုင်မည်နှင့်ပတ်သက်၍ စိုးရိမ်ခဲ့ပေမည်။ သို့သော် ဘုရားသခင်ပေးသော သူ၏ဓမ္မအမှုကို ဆက်ထမ်းဆောင်ရန် သူ့တွင်ရှိနိုင်သော မည်သည့်အားနည်းမှု သို့မဟုတ် ကြောက်ရွံ့မှုကိုမျှ အနှောင့်အယှက်ဖြစ်ခွင့်မပြုခဲ့ပါ။ အလားတူပင် ခက်ခဲသောအခြေအနေများက ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကြွေးကြော်ခြင်းမှ ကျွန်ုပ်တို့ကို တွန့်ဆုတ်သွားစေရန် ခွင့်မပြုသင့်ပါ။ ပေါလုပြုခဲ့သကဲ့သို့ပင် ကျွန်ုပ်တို့သည် အကူအညီအတွက် ယေဟောဝါကို ယုံကြည်စိတ်ချစွာမျှော်ကိုးနိုင်သည်။

၂:၁၆“ခရစ်တော်၏စိတ်” ရှိရန်မှာ ကိုယ်တော့်စဉ်းစားတွေးခေါ်ပုံကို သိရန်၊ ကိုယ်တော်စဉ်းစားတွေးခေါ်သကဲ့သို့ စဉ်းစားတွေးခေါ်ရန်၊ ကိုယ်တော်၏ဥပဓိရုပ်ကို ကောင်းစွာနားလည်သဘောပေါက်ရန်နှင့် ကိုယ်တော်၏ပုံသက်သေကို တုပရန်တို့ဖြစ်သည်။ (၁ ပေ. ၂:၂၁; ၄:၁) ယေရှု၏ဘဝအသက်တာနှင့် ဓမ္မအမှုကို ကျွန်ုပ်တို့ဂရုတစိုက်လေ့လာဖို့ အလွန်အရေးကြီးသည်!

၃:၁၀-၁၅; ၄:၁၇သွန်သင်ရာတွင်နှင့် တပည့်ဖြစ်စေရာတွင် ကျွန်ုပ်တို့၏စွမ်းရည်ကို ဆန်းစစ်ပြီး တိုးတက်စေသင့်သည်။ (မ. ၂၈:၁၉၊ ၂၀) ကျွန်ုပ်တို့သည် ကောင်းစွာမသွန်သင်ပါက ကျွန်ုပ်တို့၏သင်သားသည် ယုံကြည်ခြင်းစမ်းသပ်မှုများကို မခံရပ်နိုင်ဘဲရှိပေမည်၊ ကျွန်ုပ်တို့၏ကယ်တင်ခြင်းသည် “မီးနှင့်လွတ်သကဲ့သို့” ဖြစ်မည်ဖြစ်ပြီး ဆုံးရှုံးရသည့်နာကျင်မှုဒဏ်ကို ခံစားပေလိမ့်မည်။

၆:၁၈“မတရားသောမေထုန်ကို ကြဉ်ရှောင်” ခြင်းမှာ ပေါ်နီယာနှင့်ပတ်သက်သောအပြုအမူများကိုသာမဟုတ်ဘဲ ညစ်ညမ်းရုပ်ပုံ၊ ကိုယ်ကျင့်တရားမစင်ကြယ်ခြင်း၊ လိင်ဆိုင်ရာစိတ်ကူးစိတ်သန်းများ၊ ပရောပရည်လုပ်ခြင်း—မတရားမေထုန်သို့ ဦးတည်စေနိုင်သော မည်သည့်အရာကိုမဆို ရှောင်ကြဉ်ခြင်းလည်းဖြစ်သည်။—မ. ၅:၂၈; ယာ. ၃:၁၇

၇:၂၉အိမ်ထောင်သည်များသည် မိမိတို့၏ဘဝအသက်တာတွင် ဘုရားသခင့်နိုင်ငံတော်အကျိုးစီးပွားကို ဒုတိယနေရာတွင်ထားသည်အထိ တစ်ဦးကိုတစ်ဦး အရေးပေးလွန်းခြင်းမပြုရန် ဂရုစိုက်သင့်သည်။

၁၀:၈-၁၁ဣသရေလလူတို့သည် မောရှေနှင့်အာရုန်ကို ပြစ်တင်မြည်တမ်းကြသောအခါ ယေဟောဝါအလွန်စိတ်ထိခိုက်ခဲ့သည်။ ညည်းညူမြည်တမ်းသည့်အကျင့်ကို သတိနှင့်ရှောင်ခြင်းသည် ကျွန်ုပ်တို့အတွက် ပညာရှိရာရောက်သည်။

၁၆:၂ကြိုတင်စီစဉ်ထားပြီး စနစ်တကျပြုလုပ်သွားလျှင် ကမ္ဘာချီဟောပြောခြင်းလုပ်ငန်းတိုးတက်ဖို့အတွက် ကျွန်ုပ်တို့သည် အလှူငွေများကို မှန်မှန်ပေးသွားနိုင်မည်ဖြစ်သည်။

“ပြုပြင်ပြောင်းလဲလျက် နေကြလော့”

(၂ ကော. ၁:၁–၁၃:၁၄)

ပေါလုက ပြစ်တင်ဆုံးမခံခဲ့ရသော နောင်တရအမှားပြုသူတစ်ဦးကို “ကြင်နာစွာ ခွင့်လွှတ်၍ နှစ်သိမ့်အားပေး” သင့်ကြောင်း ကောရိန္သုမြို့သားများကို ပြောသည်။ ပေါလု၏ပထမစာစောင်က သူတို့ကိုဝမ်းနည်းစေခဲ့သော်လည်း “ဝမ်းနည်းခြင်းက . . . နောင်တရစေ” သောကြောင့် သူဝမ်းမြောက်သည်။—၂ ကော. ၂:၆၊ ၇ကဘ; ၇:၈၊ ၉ကဘ။

ကောရိန္သုမြို့သားများကို ပေါလုက “သင်တို့သည် အရာရာတွင် ကြွယ်ဝပြည့်စုံသကဲ့သို့ . . . ပေးကမ်းစွန့်ကြဲခြင်း၌လည်း ကြွယ်ဝပြည့်စုံကြ” ရန်တိုက်တွန်းသည်။ ဆန့်ကျင်သူများကို ဖြေကြားပြီးနောက် အားလုံးကို သူ ဤသို့နောက်ဆုံးအကြံပေးလိုက်သည်– “ဝမ်းမြောက်လျက် နေကြလော့။ ပြုပြင်ပြောင်းလဲလျက် နေကြလော့။ နှစ်သိမ့်ပေးခြင်းကို ခံယူလျက် နေကြလော့။ သဘောတူညီလျက် နေကြလော့။ သင့်မြတ်လျက် နေကြလော့။”—၂ ကော. ၈:၇; ၁၃:၁၁ကဘ။

ကျမ်းစာမေးခွန်းများ အဖြေ–

၂:၁၅၊ ၁၆—ကျွန်ုပ်တို့သည် မည်သို့ “ခရစ်တော်၏အမွှေးအကြိုင်ဖြစ်ကြ” သနည်း။ ယင်းသို့ဖြစ်ရသည့်အကြောင်းမှာ ကျွန်ုပ်တို့သည် သမ္မာကျမ်းစာမိန့်တော်မူရာကို လိုက်နာကြပြီး ယင်းသတင်းတရားကို ဟောပြောကြသောကြောင့်ဖြစ်သည်။ ထိုသို့သော “အမွှေးအကြိုင်” သည် မဖြောင့်မတ်သူများအတွက် ရွံရှာဖွယ်ဖြစ်နိုင်သော်လည်း ယေဟောဝါနှင့် စိတ်နှလုံးရိုးဖြောင့်သူများအတွက်မူ မွှေးကြိုင်သောရနံ့ဖြစ်သည်။

၅:၁၆ဝိညာဉ်တော်ဖွားခရစ်ယာန်များသည် “ဇာတိအမျိုးကိုထောက်၍ အဘယ်သူကိုမျှမသိမမှတ်” ဟုဆိုခြင်းမှာ အသို့နည်း။ သူတို့သည် ဇာတိသဘောဖြင့် လူတို့ကို မကြည့်မြင်ကြပါ၊ ဆိုလိုသည်မှာ ချမ်းသာကြွယ်ဝမှု၊ လူမျိုး၊ မျိုးနွယ်စု သို့မဟုတ် မျိုးရိုးဇာစ်မြစ်ကိုကြည့်ပြီး မျက်နှာလိုက်ခြင်းမရှိပါ။ သူတို့အတွက် အရေးကြီးသည့်အရာမှာ ယုံကြည်သူချင်းများနှင့် မိမိတို့၏ခရစ်ယာန်ဆက်ဆံရေးဖြစ်သည်။

၁၁:၁၊ ၁၆; ၁၂:၁၁—ပေါလုသည် ကောရိန္သုမြို့သားများအတွက် အကျိုးသင့်အကြောင်းသင့်မရှိသူဖြစ်ခဲ့သလော။ သူသည် ထိုသို့မဖြစ်ခဲ့ပါ။ သို့သော် မိမိ၏တမန်တော်အရာကို မဖြစ်မနေခုခံပြောဆိုခဲ့သောကြောင့် သူသည် အချို့သူတို့အတွက် ဝါကြွားသူနှင့် အကျိုးသင့်အကြောင်းသင့်မရှိသူဖြစ်ပုံပေါက်နိုင်သည်။

၁၂:၁-၄—“ပရဒိသုဘုံသို့ ချီဆောင်ခြင်းကိုခံရ” သူမှာ မည်သူနည်း။ ထိုသို့သောစိတ်အာရုံကိုတွေ့မြင်သော အခြားတစ်ဦးတစ်ယောက်ကိုမျှ သမ္မာကျမ်းစာတွင် ဖော်ပြမထားခြင်းနှင့် ပေါလုသည် မိမိ၏တမန်တော်အရာကို ခုခံပြောဆိုပြီးနောက် ယင်းစကားကို ဆက်ဖော်ပြခြင်းကြောင့် သူသည် ကိုယ်တိုင်အတွေ့အကြုံကို ပြန်ပြောနေခြင်းဖြစ်နိုင်သည်။ တမန်တော်မြင်တွေ့ခဲ့ရသည့် စိတ်အာရုံမှာ “အမှုကုန်ရသည်ကာလ” တွင်ခရစ်ယာန်အသင်းတော်မွေ့လျော်သည့် ဝိညာဉ်ရေးပရဒိသုဖြစ်နိုင်သည်။—ဒံ. ၁၂:၄

ကျွန်ုပ်တို့အတွက် သင်ခန်းစာ–

၃:၅ဤကျမ်းချက်ကို မူအရဆိုရလျှင် ယေဟောဝါသည် ကိုယ်တော်၏နှုတ်မြွက်စကားတော်၊ သန့်ရှင်းသောဝိညာဉ်တော်နှင့် ကိုယ်တော့်မြေကြီးဆိုင်ရာအဖွဲ့အစည်းအားဖြင့် ခရစ်ယာန်များကို ဓမ္မအမှုဆောင်နိုင်ရန် ကောင်းစွာအရည်အချင်းပြည့်မီစေသည် ဟူသောအချက်ဖြစ်သည်။ (ယော. ၁၆:၇; ၂ တိ. ၃:၁၆၊ ၁၇) ကျွန်ုပ်တို့သည် သမ္မာကျမ်းစာနှင့် ကျမ်းစာအခြေပြုစာပေများကို ဝီရိယရှိရှိလေ့လာသင့်သည်၊ သန့်ရှင်းသောဝိညာဉ်တော်အတွက် အားမလျှော့ဘဲဆုတောင်းသင့်သည်၊ ခရစ်ယာန်အစည်းအဝေးများကို မှန်မှန်တက်ရောက်၊ ပါဝင်သင့်သည်။—ဆာ. ၁:၁-၃; လု. ၁၁:၁၀-၁၃; ဟေဗြဲ ၁၀:၂၄၊ ၂၅

၄:၁၆ယေဟောဝါသည် ကျွန်ုပ်တို့၏ ‘အတွင်းလူကို တစ်နေ့ထက်တစ်နေ့’ အသစ်ပြုပြင်ပေးသောကြောင့် ယေဟောဝါ၏ပြင်ဆင်ပေးချက်များကို မှန်မှန်ခံယူသင့်သည်၊ ဝိညာဉ်ရေးအကြောင်းအရာများကို မစဉ်းစားဘဲ နေ့တစ်နေ့ကို မလွန်စေသင့်ပါ။

၄:၁၇၊ ၁၈ကဘ။ ‘ဆင်းရဲခြင်းသည် တစ်ခဏသာဖြစ်၍ မပြင်းထန်’ ကြောင်းသတိရခြင်းက ဆင်းရဲခက်ခဲသည့်ကာလအတွင်း ယေဟောဝါအပေါ် ဆက်၍တည်ကြည်ရန် ကျွန်ုပ်တို့ကို အထောက်အကူပြုနိုင်သည်။

၅:၁-၅ဝိညာဉ်တော်ဖွားခရစ်ယာန်များ၏ ကောင်းကင်အသက်တာမျှော်လင့်ချက်နှင့်ပတ်သက်၍ သူတို့၏စိတ်သဘောထားကို ပေါလုလှပစွာဖော်ပြထားသည်!

၁၀:၁၃ယေဘုယျစည်းမျဉ်းအရ ကျွန်ုပ်တို့သည် ပို၍လိုအပ်သောနေရာတွင် သွားရောက်အကူအညီပေးရန် တာဝန်ပေးအပ်မခံရပါက ကျွန်ုပ်တို့အသင်းတော်အား တာဝန်ပေးထားသည့်ရပ်ကွက်တွင်သာ လုပ်ဆောင်သင့်သည်။

၁၃:၅ကဘ။ ‘ကျွန်ုပ်တို့သည် ယုံကြည်ခြင်း၌ တည်မတည် ဆန်းစစ်’ ရာတွင် ကျွန်ုပ်တို့၏အမူအကျင့်သည် သမ္မာကျမ်းစာမှ သင်ယူသိရှိရာနှင့် ကိုက်ညီမှုရှိရန် သေချာစေခြင်းဖြစ်သည်။ ‘ကျွန်ုပ်တို့သည် မည်သို့သောသူဖြစ်ကြောင်း ကိုယ်ကိုစစ်ကြော’ ရာတွင် ကျွန်ုပ်တို့၏ “ပိုင်းခြား၍သိနိုင်သောဉာဏ်” ထက်မြက်မှုနှင့် ကျွန်ုပ်တို့၏ယုံကြည်ခြင်းအကျင့်များ မည်မျှရှိသည်တို့အပါအဝင် ကျွန်ုပ်တို့၏ဝိညာဉ်ရေးအဆင့်ကို အကဲဖြတ်ခြင်းဖြစ်သည်။ (ဟေဗြဲ ၅:၁၄; ယာ. ၁:၂၂-၂၅) ပေါလု၏ကောင်းသောအကြံပေးချက်ကို လိုက်လျှောက်ခြင်းဖြင့် ကျွန်ုပ်တို့သည် အမှန်တရားလမ်းတွင် ဆက်၍လျှောက်လှမ်းနိုင်သည်။

[စာမျက်နှာ ၂၆၊ ၂၇ ပါရုပ်ပုံ]

“သင်တို့သည် ထိုမုန့်ကိုစား၍ ထိုခွက်ကိုသောက်သောအခါခါ” ဟူသောစကား၏အဓိပ္ပာယ်မှာ အဘယ်နည်း။—၁ ကော. ၁၁:၂၆