ကျွန်မတို့မစိုးရိမ်ဘူး —ကျွန်မတို့ဘက်မှာ ယေဟောဝါရှိတယ်
ကျွန်မတို့မစိုးရိမ်ဘူး —ကျွန်မတို့ဘက်မှာ ယေဟောဝါရှိတယ်
အီဂျီတီယာ ပီထရီဒို ပြောပြသည်
၁၉၇၂ ခုနှစ်မှာ စိုက်ပရပ်စ်တစ်ကျွန်းလုံးမှာရှိတဲ့သက်သေခံတွေဟာ နေသန် အိပ်ခ်ျ. နောရ်ရဲ့အထူးဟောပြောပွဲကို နားထောင်ဖို့ နီကိုစီယာမြို့မှာ စုဝေးခဲ့ကြတယ်၊ သူဟာ ယေဟောဝါသက်သေတွေရဲ့လုပ်ငန်းကို နှစ်ပေါင်းများစွာဦးဆောင်ခဲ့သူဖြစ်တယ်။ သူ ကျွန်မကို ချက်ချင်းမှတ်မိတယ်၊ ကိုယ့်ကိုယ်ကို မိတ်မဆက်ခင်မှာတောင် သူဒီလိုမေးတယ်– “အီဂျစ်နိုင်ငံက သတင်းတွေ ရသေးလား။” အီဂျစ်နိုင်ငံမှာရှိတဲ့ ကျွန်မရဲ့ဇာတိမြို့ အလက်ဇန္ဒြီးယားမှာ အစောပိုင်းအနှစ် ၂၀ တုန်းက ညီအစ်ကို နောရ်ကို ကျွန်မတွေ့ခဲ့တာဖြစ်တယ်။
ကျွန်မဟာ ၁၉၁၄၊ ဇန်နဝါရီ ၂၃ မှာ အလက်ဇန္ဒြီးယားမြို့မှာ မွေးဖွားခဲ့ပြီး သားသမီးလေးယောက်ထဲက အကြီးဆုံးဖြစ်တယ်။ ပင်လယ်နဲ့သိပ်မဝေးလှတဲ့နေရာမှာ ကျွန်မတို့ကြီးပြင်းလာခဲ့ကြတယ်။ အဲဒီအချိန်က အလက်ဇန္ဒြီးယားမြို့ဟာ လူမျိုးပေါင်းစုံနေထိုင်တဲ့ လှပတဲ့မြို့ဖြစ်ပြီး မြို့ရဲ့အဆောက်အအုံပုံစံနဲ့ သမိုင်းကြောင်းနောက်ခံကြောင့် ကျော်ကြားခဲ့တယ်။ ဥရောပသားတွေဟာ အာရပ်လူတွေနဲ့ရောနှောနေကြတဲ့အတွက် ကလေးတွေဖြစ်တဲ့ကျွန်မတို့ဟာ မိသားစုဘာသာစကားဖြစ်တဲ့ ဂရိအပြင် အာရပ်၊ အင်္ဂလိပ်၊ ပြင်သစ်နဲ့ အီတလီဘာသာစကားတွေကိုလည်း ပြောတတ်အောင် သင်ယူခဲ့ကြတယ်။
ကျောင်းကနေ ဘွဲ့ယူပြီးတဲ့နောက် ပြင်သစ်ဖက်ရှင်လုပ်ငန်းတစ်ခုမှာ အလုပ်ဝင်လုပ်တယ်၊ အဲဒီမှာ အထက်တန်းလွှာအသိုင်းအဝိုင်းက အမျိုးသမီးတွေအတွက် ကြော့ရှင်းသပ်ရပ်တဲ့ပွဲတက်ဝတ်စုံတွေကို ဂရုတစိုက်ပုံစံဆွဲပြီး ချုပ်ပေးရတယ်၊ အဲဒါ ကျွန်မအရမ်းနှစ်သက်တယ်။ ကျွန်မဟာ ဘာသာတရားအလွန်ကိုင်းရှိုင်းသူလည်း ဖြစ်ပါတယ်၊ ကျမ်းစာဖတ်တာ သိပ်နားမလည်ပေမဲ့ ဖတ်ရတာကိုနှစ်သက်တယ်။
၁၉၃၅ ခုနှစ်လောက်မှာ စိုက်ပရပ်စ်ကျွန်းသားဖြစ်တဲ့ ငယ်ရွယ်ရည်မွန်တဲ့လူငယ်တစ်ဦးနဲ့ ကျွန်မတွေ့ဆုံခဲ့တယ်။ သီအိုဒိုတိုစ် ပီထရီဒီစ်ဟာ ကျွမ်းကျင်တဲ့နပန်းသမားတစ်ယောက်ဖြစ်တယ်၊ ဒါပေမဲ့ ကိတ်မုန့်လုပ်တဲ့အတတ်ပညာကိုလည်း သင်ယူခဲ့ပြီး လူသိများတဲ့ အစာသွတ်မုန့်ဖုတ်တဲ့ဆိုင်တစ်ဆိုင်မှာ အလုပ်လုပ်ခဲ့တယ်။ သီအိုဒိုတိုစ်က ကျစ်လျစ်သေးသွယ်တဲ့ အနက်ရောင်ဆံရှင်မလေးကျွန်မကို ချစ်ကြိုက်ခဲ့ပါတယ်။ ကျွန်မနေတဲ့အိမ်ပြတင်းပေါက်အောက်ကနေပြီး ဂရိမေတ္တာတေးသီချင်းတွေနဲ့ သီကျူးပြလေ့ရှိတယ်။ ၁၉၄၀၊ ဇွန် ၃၀ မှာ ကျွန်မတို့လက်ထပ်ကြတယ်။ အဲဒီနေ့ရက်တွေဟာ ပျော်ရွှင်စရာနေ့ရက်လေးတွေပေါ့။ ကျွန်မအမေနေတဲ့အခန်းတွဲအောက်က အခန်းမှာပဲ ကျွန်မတို့နေထိုင်ခဲ့တယ်။ ၁၉၄၁ ခုနှစ်မှာ ကျွန်မတို့ရဲ့သားဦးဂျွန် မွေးဖွားခဲ့တယ်။
သမ္မာကျမ်းစာအမှန်တရား သင်ယူခြင်း
အချိန်အတန်ကြာတဲ့အခါ သီအိုဒိုတိုစ်ဟာ ကျွန်မတို့ရဲ့ဝတ်ပြုရေးမှာ ကျေနပ်ရောင့်ရဲမှုမရှိတော့ဘူး၊ ကျမ်းစာနဲ့ပတ်သက်တဲ့ မေးခွန်းတွေမေးနေတော့တာပဲ။ ကျွန်မ,မသိဘဲ ယေဟောဝါသက်သေတွေနဲ့ သူကျမ်းစာလေ့လာခဲ့တယ်။ တစ်နေ့တော့၊ အိမ်မှာ ကလေးနဲ့ကျွန်မရှိနေတုန်း အိမ်တံခါးကို အမျိုးသမီးတစ်ယောက်လာခေါက်ပြီး ကျမ်းစာသတင်းတရားပါတဲ့ကတ်တစ်ခု ကျွန်မကိုပေးခဲ့တယ်။ ယဉ်ကျေးတဲ့အနေနဲ့ အဲဒီကတ်ကို ဖတ်ကြည့်တယ်။ အဲဒီနောက် ကျွန်မကို ကျမ်းစာ,စာပေတချို့ပေးတယ်။ အဲဒီစာအုပ်တွေဟာ သီအိုဒိုတိုစ် အိမ်ကိုယူလာတဲ့စာအုပ်တွေနဲ့အတူတူဖြစ်နေပါလား!
“ကျွန်မမှာ အဲဒီစာအုပ်တွေရှိတယ်” လို့ကျွန်မပြောတယ်။ “ကျေးဇူးပြုပြီး အိမ်ထဲဝင်ပါ။” အိမ်ထဲရောက်တာနဲ့တစ်ပြိုင်နက် အဲဒီ
သက်သေခံ အယ်လနီ နီကိုလာအိုကို ကျွန်မ မေးခွန်းတွေ တရစပ်မေးတော့တာပဲ။ ကျမ်းစာကိုသုံးပြီး ကျွန်မကို စိတ်ရှည်ရှည်နဲ့ဖြေတယ်။ အဲဒါကို ကျွန်မကြိုက်သွားတယ်။ ချက်ချင်းဆိုသလို ကျမ်းစာသတင်းတရားကို ကျွန်မနားလည်လာတယ်။ ကျွန်မတို့စကားစမြည်ပြောတာခဏရပ်နေခိုက် ကျွန်မခင်ပွန်းရဲ့ဓာတ်ပုံကို အယ်လနီ မှတ်မိသွားတယ်။ “အဲဒီလူကြီးမင်းကို ကျွန်မသိတယ်” လို့သူပြောတယ်။ သီအိုဒိုတိုစ်လုပ်နေတဲ့အရာကို သိလိုက်ရတော့ ကျွန်မအံ့သြသွားတယ်။ သီအိုဟာ ကျွန်မ,မပါပဲ—ကျွန်မကို အသိတောင်မပေးဘဲ ခရစ်ယာန်အစည်းအဝေးတွေကို သွားနေပါလား! အဲဒီနေ့မှာ သီအိုဒိုတိုစ် အိမ်ပြန်လာတဲ့အခါ သူ့ကို ကျွန်မက “ပြီးခဲ့တဲ့တနင်္ဂနွေနေ့မှာ ရှင်သွားခဲ့တဲ့နေရာကို ဒီတစ်ပတ် ရှင်နဲ့အတူ ကျွန်မလိုက်မယ်” လို့ပြောလိုက်တယ်။ကျွန်မပထမဆုံးသွားခဲ့တဲ့အစည်းအဝေးမှာ လူဆယ်ယောက်လောက်ရှိတဲ့အုပ်စုဟာ သမ္မာကျမ်းစာထဲက မိက္ခာကျမ်းကို ဆွေးနွေးနေကြတယ်။ ဆွေးနွေးတဲ့အရာအားလုံးကို ကျွန်မ စိတ်ထက်ထက်သန်သန်နဲ့ သင်ယူလေ့လာခဲ့တယ်။ အဲဒီအချိန်ကစပြီး ဂျော့ဂ်ျနဲ့ ကက်တာရီးနီး ပက်ထာကီးတို့ဟာ ကျွန်မတို့နဲ့ကျမ်းစာလေ့လာဖို့ သောကြာနေ့ညနေတိုင်း ကျွန်မတို့ဆီလာခဲ့ကြတယ်။ ကျွန်မအဖေနဲ့ မောင်နှမအများစုက သက်သေခံတွေနဲ့ ကျွန်မတို့ကျမ်းစာလေ့လာနေတာကို ဆန့်ကျင်ခဲ့ကြတယ်၊ ဒါပေမဲ့ ကျွန်မရဲ့ညီမကတော့ သက်သေခံဖြစ်မလာခဲ့ပေမဲ့ သဘောထားကြီးခဲ့တယ်။ ဒါပေမဲ့ အမေကတော့ ကျမ်းစာအမှန်တရားကို လက်ခံခဲ့တယ်။ ၁၉၄၂ ခုနှစ်မှာ အမေ၊ သီအိုဒိုတိုစ်နဲ့ ကျွန်မတို့ အလက်ဇန္ဒြီးယားမြို့မှာရှိတဲ့ ပင်လယ်ပြင်မှာ ယေဟောဝါထံ အပ်နှံတဲ့အထိမ်းအမှတ်အနေနဲ့ နှစ်ခြင်းခံခဲ့ကြတယ်။
ကျွန်မတို့ရဲ့အသက်တာ နှောင့်ယှက်ခံခဲ့ရ
၁၉၃၉ ခုနှစ်မှာ ဒုတိယကမ္ဘာစစ်စပြီး မကြာခင်မှာပဲ စစ်ရှိန်မြှင့်လာခဲ့တယ်။ ၁၉၄၀ ပြည့်လွန်နှစ်များအစောပိုင်းမှာ ဂျာမန်စစ်ဗိုလ်ချုပ် အယ်ဗင်း ရိုမဲလ်နဲ့ သူ့ရဲ့တင့်ကားတပ်ဟာ အဲယ်လ် အလာမိန်းအနီးမှာရှိခဲ့ကြပြီး အလက်ဇန္ဒြီးယားမြို့မှာတော့ ဗြိတိသျှစစ်ဘက်အမှုထမ်းတွေ အပြည့်ရှိခဲ့ကြတယ်။ ကုန်ခြောက်အစားအစာတွေကို ကျွန်မတို့ အများကြီးစုဆောင်းခဲ့ကြတယ်။ ပြီးတော့ စူးအက်ပင်လယ်ကွေ့ထိပ်မှာရှိတဲ့ တောဖစ်ခ်ဆိပ်ကမ်းမြို့မှာ သီအိုဒိုတိုစ်အလုပ်ရှင်ရဲ့ မုန့်ဆိုင်သစ်ကို တာဝန်ယူကြည့်ရှုဖို့ သီအိုဒိုတိုစ် တောင်းဆိုခံရတယ်။ ဒါကြောင့် ကျွန်မတို့ အဲဒီနေရာကို ပြောင်းရွှေ့ခဲ့ကြတယ်။ ဂရိစကားပြောသက်သေခံဇနီးမောင်နှံက ကျွန်မတို့ကို ရှာခဲ့တယ်။ ကျွန်မတို့ရဲ့လိပ်စာကို သူတို့မသိပေမဲ့ ကျွန်မတို့ကိုမတွေ့မချင်း တစ်အိမ်တက်တစ်အိမ်ဆင်းဟောခဲ့ကြတယ်။
တောဖစ်ခ်ဆိပ်ကမ်းမြို့မှာ ကျွန်မတို့နေတုန်းက စတာဗ်ရိုစ်နဲ့ ယူးလာ ကီပရာအိုနဲ့ သူတို့ကလေးတွေဖြစ်တဲ့ တိုတိုစ်၊ ရီအိုရီယာတို့ကို ကျွန်မတို့ကျမ်းစာသင်ပေးကြပြီး သူတို့ဟာ ကျွန်မတို့ရဲ့အရင်းနှီးဆုံးမိတ်ဆွေတွေဖြစ်လာခဲ့ကြတယ်။ ကျမ်းစာလေ့လာတာကို စတာဗ်ရိုစ်အရမ်းနှစ်သက်တဲ့အတွက် ကျွန်မတို့အိမ်ပြန်ဖို့ နောက်ဆုံးရထားကို မမီအောင် အိမ်မှာရှိတဲ့နာရီအားလုံးကို တစ်နာရီနောက်ကျအောင် လုပ်ထားတယ်၊ ဒါကြောင့် အဲဒီမှာ ကျွန်မတို့ဆက်ပြီးနေခဲ့ရတယ်။ ကျွန်မတို့ရဲ့ဆွေးနွေးမှုတွေဟာ ညဉ့်နက်တဲ့အထိ ကြာသွားခဲ့တယ်။
တောဖစ်ခ်ဆိပ်ကမ်းမြို့မှာ ၁၈ လကြာ ကျွန်မတို့နေထိုင်ခဲ့ကြတယ်၊ အဲဒီနောက် ကျွန်မအမေဖျားတဲ့အတွက် အလက်ဇန္ဒြီးယားမြို့ကို ပြန်ခဲ့ကြတယ်။ အမေဟာ သူသေဆုံးတဲ့ ၁၉၄၇ ခုနှစ်အထိ ယေဟောဝါအပေါ် တည်ကြည်ခဲ့တယ်။ ရင့်ကျက်တဲ့မိတ်ဆွေတွေနဲ့ တည်ဆောက်မှုဖြစ်စေတဲ့ပေါင်းသင်းမှုကနေတစ်ဆင့် ကျွန်မတို့ကို ယေဟောဝါအားပေးခဲ့တာကို ပြန်ခံစားခဲ့ရပါတယ်။ ခရစ်ယာန်သာသနာပြုတွေ သူတို့ရဲ့တိုင်းတစ်ပါးတာဝန်တွေထမ်းဆောင်ဖို့အသွား အလက်ဇန္ဒြီးယားမြို့မှာ သူတို့ရဲ့သင်္ဘော ခေတ္တဆိုက်ကပ်တဲ့အခါ သူတို့ကို ကျွန်မတို့ဧည့်ဝတ်ပြုနိုင်ခဲ့ကြတယ်။
ရွှင်လန်းမှုနှင့် အခက်အခဲများ
၁၉၅၂ ခုနှစ်မှာ ကျွန်မတို့ရဲ့ဒုတိယသားဂျိမ်း မွေးဖွားခဲ့တယ်။ မိဘတွေအနေနဲ့ ကျွန်မတို့ရဲ့ကလေးတွေကို ဝိညာဉ်ရေးအကျိုးဖြစ်ထွန်းတဲ့ဝန်းကျင်မှာ ကြီးပြင်းလာစေဖို့ အရေးကြီးတယ်ဆိုတာကို ကျွန်မတို့သိထားတယ်၊ ဒါကြောင့် ကျွန်မတို့ရဲ့အိမ်မှာ ပုံမှန်ကျမ်းစာလေ့လာမှုအစီအစဉ်တွေလုပ်ဖို့ ခွင့်ပြုခဲ့ပြီး အချိန်ပြည့်ဓမ္မအမှုဆောင်တွေကို ဧည့်ခံလေ့ရှိတယ်။ ဒါကြောင့်လည်း ကျွန်မတို့ရဲ့သားကြီးဂျွန်ဟာ ကျမ်းစာအမှန်တရားကို ချစ်တဲ့စိတ်ရှိလာခဲ့တယ်၊ သူဆယ်ကျော်သက်အရွယ်မှာပဲ ရှေ့ဆောင်စလုပ်ခဲ့တယ်။ တစ်ချိန်တည်းမှာ သူ့ရဲ့လောကပညာရေးပြီးဖို့ ညကျောင်းတက်ခဲ့တယ်။
အဲဒီနောက်သိပ်မကြာဘူး သီအိုဒိုတိုစ်ဟာ နှလုံးအခြေအနေအတော်ဆိုးနေတာကို သိလိုက်ရတယ်၊ သူလုပ်နေတဲ့လောကအလုပ်ကို ဆက်မလုပ်ဖို့ အကြံပေးခဲ့ကြတယ်။ ကျွန်မတို့ရဲ့သားဂျိမ်းက လေးနှစ်ပဲရှိသေးတယ်။ ကျွန်မတို့ဘာလုပ်ရတော့မလဲ။ ယေဟောဝါက ဒီလိုကတိပေးခဲ့တယ်မဟုတ်လား– “မစိုးရိမ်နှင့်။ ငါသည် သင့်ဘက်မှာရှိ၏။” (ဟေရှာ. ၄၁:၁၀) ၁၉၅၆ ခုနှစ်မှာ စူးအက်တူးမြောင်းအနီးမှာရှိတဲ့ အီစ်မာလီယာမြို့မှာ ရှေ့ဆောင်တွေအဖြစ် တာဝန်ထမ်းဆောင်ဖို့ ဖိတ်ခေါ်ခံရတော့ ကျွန်မတို့ဘယ်လောက်အံ့သြပြီး ရွှင်လန်းခဲ့ကြတယ်ဆိုတာကို မြင်ယောင်ကြည့်ပါ! နောက်ပိုင်းနှစ်တွေဟာ အီဂျစ်ပြည်မှာ ကသောင်းကနင်းနိုင်တဲ့နှစ်တွေဖြစ်လာခဲ့ပြီး ကျွန်မတို့ရဲ့ ခရစ်ယာန်ညီအစ်ကိုတွေဟာ အားပေးမှုလိုအပ်ခဲ့ကြတယ်။
၁၉၆၀ ပြည့်နှစ်မှာ အဝတ်သေတ္တာတစ်လုံးနဲ့ အီဂျစ်ပြည်ကနေ ကျွန်မတို့ထွက်သွားဖို့ လိုလာတယ်။ ကျွန်မခင်ပွန်းရဲ့ဇာတိဖြစ်တဲ့ စိုက်ပရပ်စ်ကျွန်းကို ပြောင်းရွှေ့ခဲ့ကြတယ်။ အဲဒီအချိန်မှာ သီအိုဒိုတိုစ်ဟာ အရမ်းနေမကောင်းဖြစ်ပြီး အလုပ်မလုပ်နိုင်တော့ဘူး။ ဒါပေမဲ့ ကြင်နာမှုရှိတဲ့ခရစ်ယာန်ညီအစ်ကိုတစ်ဦးနဲ့ သူ့ဇနီးက သူတို့အိမ်မှာနေဖို့ ကျွန်မတို့ကို ပြောခဲ့တယ်။ ဝမ်းနည်းစရာကတော့ နှစ်နှစ်အကြာမှာ ကျွန်မခင်ပွန်းသေဆုံးသွားပြီး ငယ်ရွယ်သေးတဲ့ဂျိမ်းနဲ့ကျွန်မပဲ ကျန်ရစ်ခဲ့တယ်။ စိုက်ပရပ်စ်ကျွန်းကို လာတဲ့ဂျွန်လည်း အိမ်ထောင်ကျပြီး တာဝန်ယူကြည့်ရှုရမယ့် သူ့မိသားစုနဲ့သူဖြစ်နေပြီလေ။
ခက်ခဲသောအချိန်အတွင်း ဂရုစိုက်ခံရ
စတာဗ်ရိုစ်နဲ့ ဒိုရာကိုင်းရစ်တို့က သူတို့အိမ်မှာ သူတို့နဲ့အတူနေဖို့ ကျွန်မတို့ကိုကမ်းလှမ်းခဲ့တယ်။ ယေဟောဝါဟာ ကျွန်မတို့ရဲ့လိုအပ်ရာတွေကို နောက်တစ်ကြိမ်ဂရုစိုက်ပေးတဲ့အတွက် ဒူးထောက်ပြီး ကိုယ်တော့်ကို ကျေးဇူးတင်ချီးမွမ်းခဲ့တယ်။ (ဆာ. ၁၄၅:၁၆) စတာဗ်ရိုစ်နဲ့ ဒိုရာတို့က သူတို့အိမ်ကိုရောင်းပြီး မြေညီထပ်မှာ ဘုရားသခင့်နိုင်ငံတော်ခန်းမပါတဲ့ အိမ်သစ်တစ်လုံးဆောက်ဖို့ ဆုံးဖြတ်တဲ့အခါ ဂျိမ်းနဲ့ကျွန်မအတွက် အခန်းငယ်နှစ်ခုကိုလည်း မေတ္တာပါပါဆောက်ပေးခဲ့ကြတယ်။
နောက်ဆုံးမှာတော့ ဂျိမ်းအိမ်ထောင်ပြုပြီး သူနဲ့သူ့ဇနီးဟာ သူတို့ရဲ့သားသမီးလေးယောက်ထဲက ဦးဆုံးကလေးမွေးဖွားတဲ့အထိ ရှေ့ဆောင်တွေအဖြစ် အမှုဆောင်ခဲ့ကြတယ်။ ညီအစ်ကို နောရ်ရဲ့ အမှတ်တရဖြစ်လောက်တဲ့ လည်ပတ်မှုပြီးလို့ နှစ်နှစ်အကြာဖြစ်တဲ့ ၁၉၇၄ ခုနှစ်မှာ စိုက်ပရပ်စ်ကျွန်းမှာ နိုင်ငံရေးကသောင်းကနင်းဖြစ် * သက်သေခံတွေအပါအဝင် လူများစွာဟာ မိမိတို့နေအိမ်ကနေ အပြီးအပိုင် ထွက်ပြေးခဲ့ကြပြီး အခြားတစ်နေရာရာမှာ ရွှေ့ပြောင်းခဲ့ကြတယ်။ အဲဒီထဲမှာ ကျွန်မရဲ့သားဂျွန်လည်းပါတယ်။ သူဟာ သူ့ဇနီး၊ ကလေးသုံးယောက်နဲ့ ကနေဒါနိုင်ငံကို ပြောင်းရွှေ့သွားတယ်။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ စိုက်ပရပ်စ်ကျွန်းမှာ ဘုရားသခင့်နိုင်ငံတော်ကြေညာသူအရေအတွက် တိုးများလာတာကိုတွေ့ရလို့ ကျွန်မတို့ပျော်ရွှင်ခဲ့ကြတယ်။
ခဲ့တယ်။ကျွန်မအငြိမ်းစားယူလိုက်တော့ ဓမ္မအမှုမှာ ပိုပြီးအပြည့်အဝပါဝင်နိုင်ခဲ့တယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့နှစ်အနည်းငယ်မှာ အနည်းငယ်လေဖြတ်သွားပြီး ကျွန်မရဲ့သားဂျိမ်းမိသားစုနဲ့အတူ သွားနေခဲ့ရတယ်။ နောက်ပိုင်း ကျွန်မရဲ့ကျန်းမာရေးပိုဆိုးလာတဲ့အတွက် ရက်သတ္တပတ်အတော်ကြာ ဆေးရုံမှာနေခဲ့ရတယ်၊ နောက်တော့ သူနာပြုဂေဟာတစ်ခုမှာ ပြောင်းရွှေ့ခဲ့ရတယ်။ ကျွန်မ ဝေဒနာအမြဲခံစားနေရပေမဲ့ သူနာပြုတွေ၊ လူနာတွေနဲ့ လာလည်ပတ်သူတွေကို သက်သေခံခဲ့တယ်။ ဒါ့အပြင် ကျွန်မတစ်ယောက်တည်း နာရီအတော်ကြာလေ့လာမှုလုပ်တယ်၊ ခရစ်ယာန်ညီအစ်ကို၊ ညီအစ်မတွေရဲ့မေတ္တာပါအကူအညီနဲ့ အနီးအနားမှာကျင်းပတဲ့ အသင်းတော်စာအုပ်ကြီးသင်တန်းကို တက်ရောက်နိုင်ခဲ့တယ်။
အသက်ကြီးပိုင်းနှစ်များတွင်ရရှိသော နှစ်သိမ့်မှု
သီအိုဒိုတိုစ်နဲ့ကျွန်မ ကူညီခွင့်ရခဲ့တဲ့သူတွေဆီကသတင်းကို ကျွန်မကြားတဲ့အခါ နှစ်သိမ့်မှုရပါတယ်။ သူတို့ရဲ့သားသမီးတွေနဲ့ မြေးတွေဟာ အချိန်ပြည့်ဓမ္မအမှုမှာ ပါဝင်ကြတယ်၊ တချို့ဟာ ဩစတြေးလျ၊ ကနေဒါ၊ အင်္ဂလန်၊ ဂရိနဲ့ ဆွစ်ဇလန်နိုင်ငံတွေမှာ အမှုဆောင်နေကြတယ်။ အခုချိန်မှာ ကျွန်မရဲ့သားဂျွန်နဲ့သူ့ဇနီးဟာ သူတို့ရဲ့သားလေးနဲ့အတူ ကနေဒါမှာ နေထိုင်ကြတယ်။ သူတို့ရဲ့သမီးကြီးနဲ့သူ့ခင်ပွန်းဟာ ရှေ့ဆောင်တွေဖြစ်ကြတယ်။ သူတို့ရဲ့သမီးအငယ်ဆုံးလင်ဒါနဲ့သူ့ခင်ပွန်းဂျော့ရှဝါ စနပ်တို့ဟာ ၁၂၄ ကြိမ်မြောက် ဂိလဒ်သင်တန်းကျောင်းတက်ဖို့ ဖိတ်ခေါ်ခံခဲ့ကြတယ်။
ကျွန်မရဲ့သားဂျိမ်းနဲ့သူ့ဇနီးတို့ဟာ အခု ဂျာမနီမှာနေထိုင်ကြတယ်။ သူတို့ရဲ့သားနှစ်ယောက်ဟာ ဗေသလမှာ အမှုဆောင်နေကြတယ်—တစ်ယောက်က ဂရိနိုင်ငံ၊ အေသင်မြို့မှာဖြစ်ပြီး နောက်တစ်ယောက်က ဂျာမနီနိုင်ငံ၊ စယ်လ်တာစ်မြို့မှာဖြစ်တယ်။ သူတို့ရဲ့သားအငယ်ဆုံး၊ သူတို့ရဲ့သမီးနဲ့သူ့ခင်ပွန်းတို့လည်း ဂျာမနီနိုင်ငံမှာ ရှေ့ဆောင်တွေအဖြစ် အမှုဆောင်နေကြတယ်။
အမေနဲ့ ကျွန်မရဲ့ချစ်လှစွာသောသီအိုဒိုတိုစ်တို့ ရှင်ပြန်ထမြောက်လာတဲ့အခါမှာ သူတို့ကို ပြောပြစရာအများကြီးရှိပါလိမ့်မယ်! သူတို့ရဲ့မိသားစုကို ကောင်းမွန်တဲ့အမွေအနှစ်နဲ့ ထားရစ်ခဲ့ကြတယ်ဆိုတာကိုတွေ့ရင် သူတို့စိတ်လှုပ်ရှားကြပါလိမ့်မယ်။ *
[အောက်ခြေမှတ်ချက်များ]
^ အပိုဒ်၊ 21 နိုးလော့! ၁၉၇၄၊ အောက်တိုဘာ ၂၂၊ စာမျက်နှာ ၁၂-၁၅ [လိပ်] ကိုကြည့်ပါ။
^ အပိုဒ်၊ 26 ဤဆောင်းပါးကိုပြင်ဆင်နေစဉ် အသက် ၉၃ အရွယ်ရှိ ညီအစ်မ ပီထရီဒိုကွယ်လွန်သွားခဲ့ပါသည်။
[စာမျက်နှာ ၂၄ ပါအဓိကအချက်]
ရင့်ကျက်တဲ့မိတ်ဆွေတွေနဲ့ တည်ဆောက်မှုဖြစ်စေတဲ့ ပေါင်းသင်းမှုကနေတစ်ဆင့် ကျွန်မတို့ကို ယေဟောဝါအားပေးခဲ့ တာကို ပြန်ခံစားခဲ့ရပါတယ်
[စာမျက်နှာ ၂၄ ပါမြေပုံ]
(မြေပုံကိုအပြည့်အစုံသိရှိရန် စာစောင်တွင်ကြည့်ပါ)
စိုက်ပရပ်စ်
နီကိုစီယာ
မြေထဲပင်လယ်
အီဂျစ်
ကိုင်ရို
အယ်လ်အလာမိန်း
အလက်ဇန္ဒြီးယား
အီစ်မာလီယာ
စူးအက်
တောဖစ်ခ်ဆိပ်ကမ်း
စူးအက်တူးမြောင်း
[Credit Line]
Based on NASA/Visible Earth imagery
[စာမျက်နှာ ၂၃ ပါရုပ်ပုံ]
၁၉၃၈ ခုနှစ်တွင် သီအိုဒိုတိုစ်နှင့်အတူ
[စာမျက်နှာ ၂၅ ပါရုပ်ပုံ]
ကျွန်မရဲ့သားဂျွန်နဲ့ သူ့ဇနီး
[စာမျက်နှာ ၂၅ ပါရုပ်ပုံ]
ကျွန်မရဲ့သားဂျိမ်းနဲ့ သူ့ဇနီး