မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

တစ်အိမ်မှတစ်အိမ်ဓမ္မအမှုလုပ်ငန်း—ယနေ့အချိန်တွင် အဘယ်ကြောင့်အရေးကြီးသနည်း

တစ်အိမ်မှတစ်အိမ်ဓမ္မအမှုလုပ်ငန်း—ယနေ့အချိန်တွင် အဘယ်ကြောင့်အရေးကြီးသနည်း

တစ်အိမ်မှတစ်အိမ်ဓမ္မအမှုလုပ်ငန်း—ယနေ့အချိန်တွင် အဘယ်ကြောင့်အရေးကြီးသနည်း

‘ဝတ်ပြုရာအိမ်တော်၌လည်းကောင်း၊ တစ်အိမ်မှတစ်အိမ်သို့လည်းကောင်း ယေရှုသည်ခရစ်တော်ဖြစ်သည်ဟူသော သတင်းကောင်းကို နေ့စဉ်မပြတ် သွန်သင်ဟောပြောလျက်နေကြ၏။’—တ. ၅:၄၂၊ ကဘ။

၁၊ ၂။ (က) ယေဟောဝါသက်သေများကိုသိကြသည့် ဟောပြောခြင်းနည်းလမ်းမှာ အဘယ်နည်း။ (ခ) ဤဆောင်းပါးတွင် အဘယ်အရာကို သုံးသပ်ကြမည်နည်း။

ယင်းသို့သောမြင်ကွင်းကို ကမ္ဘာ့နိုင်ငံတိုင်းနီးပါးတွင် တွေ့မြင်ရသည်။ သပ်ရပ်စွာဝတ်ဆင်ထားသူနှစ်ဦးသည် အိမ်တစ်အိမ်သို့သွားကာ သမ္မာကျမ်းစာမှ ဘုရားသခင့်နိုင်ငံတော်အကြောင်း သတင်းအကျဉ်းကို အိမ်ရှင်အားဝေမျှရန် ကြိုးစားသည်။ အိမ်ရှင်သည် သတင်းစကားကို စိတ်ဝင်စားကြောင်းပြလျှင် သူတို့သည် သမ္မာကျမ်းစာအခြေပြုစာပေဝေငှပြီး အခမဲ့အိမ်တွင်းကျမ်းစာသင်အံမှု ကမ်းလှမ်းမည်ဖြစ်သည်။ ထို့နောက် နောက်အိမ်တစ်အိမ်သို့ ဆက်သွားကြသည်။ သင်သည် ဤလုပ်ငန်း၌ပါဝင်နေသူဖြစ်လျှင် လူများသည် အများအားဖြင့် သင်စ,စကားမပြောမီကပင် သင့်ကို ယေဟောဝါသက်သေတစ်ဦးအဖြစ် သိကြကြောင်း သင်တွေ့ရှိရပေမည်။ မှန်ပါသည်၊ တစ်အိမ်မှတစ်အိမ်ဓမ္မအမှုသည် ကျွန်ုပ်တို့၏ အမှတ်လက္ခဏာဖြစ်လာခဲ့ပြီ။

ကျွန်ုပ်တို့သည် ဟောပြောရန်နှင့် တပည့်ဖြစ်စေရန်ဟူသော ယေရှုပေးအပ်ထားသည့်တာဝန်ကို ဆောင်ရွက်ရာတွင် နည်းအမျိုးမျိုးကို အသုံးပြုကြသည်။ (မ. ၂၈:၁၉၊ ၂၀) ကျွန်ုပ်တို့သည် ဈေးတွင်၊ လမ်းထောင့်များတွင်နှင့် အခြားလူစည်ကားရာနေရာများတွင် သက်သေခံကြသည်။ (တ. ၁၇:၁၇ကဘ) ကျွန်ုပ်တို့သည် များစွာသောသူတို့ကို တယ်လီဖုန်းနှင့် စာတို့ဖြင့် ဆက်သွယ်ကြသည်။ ကျွန်ုပ်တို့၏နေ့စဉ်လုပ်ဆောင်မှုများပြုလုပ်စဉ် ဆုံတွေ့ရသူတို့ကို သမ္မာကျမ်းစာအမှန်တရား ဝေမျှကြသည်။ ကျွန်ုပ်တို့၌တရားဝင်ဝက်ဘ်ဆိုက်တစ်ခုရှိပြီး သမ္မာကျမ်းစာအခြေပြုသတင်းများကို ဘာသာစကား ၃၀၀ ကျော်ဖြင့် ပြင်ဆင်ထားသည်။ * ယင်းနည်းလမ်းအားလုံးက ရလဒ်ကောင်းများဖြစ်စေပါသည်။ သို့တိုင် ဒေသအများစုတွင် သတင်းကောင်းပျံ့နှံ့စေသည့် အဓိကကျသောနည်းမှာ တစ်အိမ်မှတစ်အိမ် ဟောပြောခြင်းဖြစ်သည်။ ဤဟောပြောခြင်းနည်းလမ်းအတွက် အခြေခံကားအဘယ်နည်း။ ယင်းနည်းကို မျက်မှောက်ခေတ်အချိန်တွင် ဘုရားသခင့်လူမျိုး ဤမျှကျယ်ကျယ်ပြန့်ပြန့်အသုံးပြုစေရန် မည်သို့ဖြစ်လာခဲ့သနည်း။ ယင်းသည် ယနေ့အချိန်တွင် အဘယ်ကြောင့် အရေးပါသနည်း။

တမန်တော်တို့အသုံးပြုခဲ့သည့်နည်းလမ်း

၃။ ယေရှုသည် တမန်တော်များအား ဟောပြောခြင်းနှင့်ပတ်သက်၍ အဘယ်ညွှန်ကြားချက်များပေးခဲ့သနည်း၊ ယင်းက သူတို့မည်သို့ဟောပြောရန်ဖြစ်ကြောင်း ဖော်ပြသနည်း။

တစ်အိမ်မှတစ်အိမ်ဟောပြောခြင်းနည်းလမ်းသည် သမ္မာကျမ်းစာပေါ်အခြေခံသည်။ ယေရှုက တမန်တော်များအား ဟောပြောရန်စေလွှတ်ချိန်တွင် သူတို့ကို ကိုယ်တော်ဤသို့ညွှန်ကြားခဲ့၏– ‘မည်သည့်မြို့ရွာကိုမဆို ဝင်လျှင် မည်သူထိုက်တန်ကြောင်းကို ရှာဖွေလော့။’ ထိုက်တန်သူများကို သူတို့မည်သို့ရှာဖွေရန်ဖြစ်သနည်း။ ယေရှုက လူတို့၏အိမ်များသို့သွားရန် ဤသို့မိန့်တော်မူခဲ့၏– “အိမ်ထဲသို့ ဝင်သည့်အခါ အိမ်သူအိမ်သားတို့ကို နှုတ်ဆက်ကြလော့။ ထိုအိမ်သည် ထိုက်တန်လျှင် သင်တို့မြွက်ဆိုသောငြိမ်သက်ခြင်းသည် သက်ရောက်လိမ့်မည်။” တစ်ဦးဦးက မိမိတို့အိမ်သို့လာရန် ဖိတ်ခေါ်သည်အထိ သူတို့စောင့်နေခဲ့ကြသလော။ ယေရှုထပ်ဆင့်မိန့်တော်မူချက်ကို သတိပြုကြည့်ပါ– “မည်သူမဆို သင်တို့ကိုလက်မခံ၊ သင်တို့၏စကားကို နားမထောင်လျှင် ထိုအိမ်မှလည်းကောင်း၊ ထိုမြို့မှလည်းကောင်း ထွက်သွားစဉ် သင်တို့၏ခြေဖဝါးမှမြေမှုန့်ကို ခါလိုက်ကြလော့။” (မ. ၁၀:၁၁-၁၄ကဘ) ယင်းညွှန်ကြားချက်က တမန်တော်များသည် လူတို့၏အိမ်သို့ ကိုယ်တိုင်အစပြုလည်ပတ်ကာ ‘သတင်းကောင်းကို ကြားပြောလျက် တစ်ရွာမှတစ်ရွာ လှည့်လည်’ ခဲ့ကြကြောင်း ထင်ရှားသည်။—လု. ၉:၆ကဘ။

၄။ တစ်အိမ်မှတစ်အိမ်ဟောပြောခြင်းအကြောင်း သမ္မာကျမ်းစာ အဘယ်နေရာတွင် သတ်သတ်မှတ်မှတ်ဖော်ပြထားသနည်း။

သမ္မာကျမ်းစာက တမန်တော်များသည် တစ်အိမ်မှတစ်အိမ်ဟောပြောခဲ့ကြကြောင်း သတ်သတ်မှတ်မှတ်ဖော်ပြသည်။ ဥပမာ၊ တမန်တော် ၅:၄၂ [ကဘ] တွင် သူတို့အကြောင်း ဤသို့ဆိုထား၏– ‘ဝတ်ပြုရာအိမ်တော်၌လည်းကောင်း၊ တစ်အိမ်မှတစ်အိမ်သို့လည်းကောင်း ယေရှုသည် ခရစ်တော်ဖြစ်သည်ဟူသော သတင်းကောင်းကို နေ့စဉ်မပြတ် သွန်သင်ဟောပြောလျက်နေကြ၏။’ ယင်းနောက် အနှစ် ၂၀ ခန့်အကြာတွင် တမန်တော်ပေါလုက ဧဖက်အသင်းတော်ရှိ အသက်ကြီးသူတို့အား ဤသို့အသိပေးခဲ့၏– “သင်တို့၏အကျိုးကိုပြုစုရန် တစ်စုံတစ်ခုကိုမျှ ငါမထိမ်မဝှက်။ လူရှေ့သူရှေ့တွင်လည်းကောင်း၊ တစ်အိမ်မှတစ်အိမ်သွား၍လည်းကောင်း သင်တို့အား ဟောပြောသွန်သင်ပေးခဲ့၏။” ထိုအကြီးအကဲများ ယုံကြည်သူများမဖြစ်လာမီ သူတို့ထံ ပေါလုလည်ပတ်ခဲ့သလော။ ထိုသို့လည်ပတ်ခဲ့ကြောင်း ထင်ရှားသည်၊ အကြောင်းမှာ အခြားအကြောင်းအရာများအပါအဝင် “ဘုရားသခင်၏ရှေ့တော်၌ နောင်တရခြင်းနှင့် ငါတို့၏သခင်ယေရှုကို ယုံကြည်ခြင်းအကြောင်း” သူတို့အား သွန်သင်ခဲ့သောကြောင့်ဖြစ်သည်။ (တ. ၂၀:၂၀၊ ၂၁ကဘ) တမန်တော် ၂၀:၂၀ နှင့်ပတ်သက်၍ ရောဘတ်စန်၏ (Word Pictures in the New Testament) စာအုပ်တစ်အုပ်က ဤသို့မှတ်ချက်ချ၏– “ဤအကြီးကျယ်ဆုံး ဟောပြောသူများသည် တစ်အိမ်မှတစ်အိမ်ဟောပြောခဲ့ကြသည်မှာ မှတ်သားထိုက်သည်။”

မျက်မှောက်ခေတ်ကျိုင်းကောင်တပ်

၅။ ဟောပြောခြင်းလုပ်ငန်းကို ယောလပရောဖက်ပြုချက်တွင် မည်သို့ပုံဖော်ထားသနည်း။

ပထမရာစုသက်သေခံခြင်းလုပ်ငန်းသည် ကျွန်ုပ်တို့ခေတ်တွင်လုပ်ဆောင်မည့် သာ၍ကြီးမားသောလုပ်ဆောင်မှု၏ ရှေ့ပြေးနမူနာတစ်ရပ်ဖြစ်သည်။ ပရောဖက်ယောလက ဝိညာဉ်တော်ဖွားခရစ်ယာန်များ၏ ဟောပြောခြင်းလုပ်ငန်းကို ကျိုင်းကောင်အပါအဝင်ဖြစ်သော အလွန်များပြားသည့်အင်းဆက်ပိုးဘေးတစ်ခုနှင့် ခိုင်းနှိုင်းခဲ့သည်။ (ယောလ ၁:၄) စစ်တပ်တစ်တပ်ချီတက်လာသကဲ့သို့ ကျိုင်းကောင်များသည် အတားအဆီးများကိုကျော်လွှားကာ အိမ်များအတွင်းသို့ဝင်ပြီး သူတို့လမ်းကြောင်းတွင်ရှိသမျှအရာအားလုံးကို စားပစ်လိုက်ကြသည်။ (ယောလ ၂:၂၊ ၇-၉ ကိုဖတ်ပါ။) ယင်းသည် မျက်မှောက်ခေတ် ဘုရားသခင့်လူမျိုး သက်သေခံခြင်းလုပ်ငန်းကိုလုပ်ဆောင်ရာတွင် သူတို့၏ဇွဲနှင့်စေ့စေ့စပ်စပ်ရှိမှုအတွက် မြင်သာထင်ရှားသောပုံဖော်ချက်ဖြစ်သည်။ ဤပရောဖက်ပြုပုံဖော်ချက်ကိုပြည့်စုံစေရာတွင် ဝိညာဉ်တော်ဖွားခရစ်ယာန်များနှင့် သူတို့၏အပေါင်းပါ “အခြားသိုး” တို့ အသုံးပြုသည့်နည်းများထဲမှ အရေးအပါဆုံးနည်းမှာ တစ်အိမ်မှတစ်အိမ်ဓမ္မအမှုဖြစ်သည်။ (ယော. ၁၀:၁၆) တမန်တော်များအသုံးပြုခဲ့သည့် ဟောပြောခြင်းနည်းလမ်းကို ကျွန်ုပ်တို့ယေဟောဝါသက်သေများ မည်သို့လုပ်ဆောင်လာခဲ့ကြသနည်း။

၆။ ၁၉၂၂ ခုနှစ်တွင် တစ်အိမ်မှတစ်အိမ်သက်သေခံရန် အဘယ်အားပေးချက် ပေးခဲ့သနည်း၊ သို့သော် အချို့သူတို့ မည်သို့တုံ့ပြန်ခဲ့သနည်း။

၁၉၁၉ ခုနှစ်မှစ၍ ခရစ်ယာန်တစ်ဦးစီသည် သက်သေခံခြင်းလုပ်ငန်းတွင် ကိုယ်တိုင်ပါဝင်ရန်တာဝန်ရှိကြောင်း အလေးပေးခဲ့သည်။ ဥပမာ၊ ဩဂုတ် ၁၅၊ ၁၉၂၂ ကင်းမျှော်စင်ပါ “အရေးကြီးသောလုပ်ငန်း” ခေါင်းစဉ်ရှိဆောင်းပါးက ဝိညာဉ်တော်ဖွားခရစ်ယာန်များသည် “လူတို့ထံ ပုံနှိပ်ထားသည့်သတင်းစကားကို သယ်ဆောင်သွားပေးခြင်း၊ သူတို့၏အိမ်တံခါးတွင် သူတို့နှင့်စကားပြောခြင်း၊ ကောင်းကင်နိုင်ငံတော် တည်ထောင်တော့မည်ဖြစ်ကြောင်း သက်သေခံခြင်းတို့ကို တက်ကြွစွာလုပ်ဆောင်ရန်” အရေးကြီးကြောင်း သတိပေးခဲ့သည်။ အသေးစိတ်တင်ဆက်နည်းများကို ဘူလ်လတင် (Bulletin) (ယခု ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု) တွင် ဖော်ပြခဲ့သည်။ သို့တိုင် တစ်အိမ်မှတစ်အိမ်ဟောပြောရာတွင် အမှန်တကယ်ပါဝင်သူတို့မှာ အစပိုင်းတွင် အရေအတွက်အနည်းငယ်သာရှိသည်။ အချို့သူတို့သည် တွန့်ဆုတ်ခဲ့ကြသည်။ သူတို့သည် ကန့်ကွက်ချက်အမျိုးမျိုး တင်ပြခဲ့ကြသော်လည်း အဓိကပြဿနာမှာ တစ်အိမ်မှတစ်အိမ်ဟောပြောခြင်းသည် မိမိတို့၏ဂုဏ်ကို သိမ်ငယ်စေသည်ဟု အချို့သူတို့ ယူမှတ်ခဲ့ကြခြင်းဖြစ်သည်။ လယ်ကွင်းလုပ်ငန်းတွင်တိုး၍ပါဝင်ရန် အလေးပေးဖော်ပြသည့်အခါ ထိုသူတို့ထဲမှများစွာသည် တဖြည်းဖြည်းနှင့် ယေဟောဝါ၏အဖွဲ့အစည်းနှင့် မပူးပေါင်းကြတော့ပါ။

၇။ ၁၉၅၀ ပြည့်လွန်နှစ်များတွင် အဘယ်အရာလိုအပ်ကြောင်း ထင်ရှားလာခဲ့သနည်း။

ယင်းနောက် ဆယ်စုနှစ်များကုန်လွန်လာချိန်အတွင်း ဟောပြောခြင်းလုပ်ငန်းတွင် ပို၍ပါဝင်လာခဲ့ကြသည်။ သို့သော် တစ်အိမ်မှတစ်အိမ်ဓမ္မအမှုတွင် တစ်ဦးချင်းကို နောက်ထပ်လေ့ကျင့်ပေးရန်လိုကြောင်း ထင်ရှားလာခဲ့သည်။ ဥပမာ၊ အမေရိကန်ပြည်ထောင်စုရှိ အခြေအနေကို သုံးသပ်ကြည့်ပါ။ ၁၉၅၀ ပြည့်လွန်နှစ်များအစောပိုင်းတွင် ထိုနိုင်ငံရှိသက်သေခံ ၂၈ ရာခိုင်နှုန်းသည် လက်ကမ်းစာစောင်ဝေငှခြင်း သို့မဟုတ် မဂ္ဂဇင်းများနှင့် လမ်းပေါ်တွင်ရပ်နေခြင်းဖြင့်သာ ဟောပြောခြင်းလုပ်ငန်းကို ကန့်သတ်ထားခဲ့ကြသည်။ ၄၀ ရာခိုင်နှုန်းကျော်သောသူတို့မှာ ဟောပြောခြင်းလုပ်ငန်းတွင် မှန်မှန်မပါဝင်ကြသူတို့ဖြစ်ပြီး သက်သေခံသည့်မည်သည့်ပုံစံတစ်ခုကိုမျှမလုပ်ဆောင်ဘဲ လများကို ကုန်လွန်စေကြသည်။ အပ်နှံထားသော ခရစ်ယာန်များအားလုံးကို တစ်အိမ်မှတစ်အိမ်ဟောပြောရန် မည်သို့ကူညီပေးနိုင်မည်နည်း။

၈၊ ၉။ ၁၉၅၃ ခုနှစ်တွင် အဘယ်လေ့ကျင့်ခြင်းအစီအစဉ်ကို အစပြုခဲ့သနည်း၊ အဘယ်ရလဒ်ရရှိခဲ့သနည်း။

၁၉၅၃ ခုနှစ်၊ နယူးယောက်မြို့၌ကျင်းပသည့် အပြည်ပြည်ဆိုင်ရာစည်းဝေးကြီးတွင် တစ်အိမ်မှတစ်အိမ်ဓမ္မအမှုအကြောင်းကို အထူးအာရုံစိုက်ခဲ့သည်။ ညီအစ်ကို နေသန် အိပ်ခ်ျ. နောရ်က ခရစ်ယာန်ကြီးကြပ်မှူးအားလုံး အဓိကလုပ်ဆောင်သင့်သည့်အရာမှာ တစ်အိမ်မှတစ်အိမ်ဓမ္မအမှုတွင် သက်သေခံယောက်တိုင်း မှန်မှန်ပါဝင်ရန် အကူအညီပေးဖို့ဖြစ်ကြောင်း ကြေညာခဲ့သည်။ “တစ်အိမ်မှတစ်အိမ် သတင်းကောင်းဟောပြောခြင်းတွင် ယောက်တိုင်းပါဝင်သင့်သည်” ဟုသူပြောခဲ့သည်။ ယင်းပန်းတိုင်ကိုမီရန် ကမ္ဘာချီလေ့ကျင့်ရေးအစီအစဉ်တစ်ခုကို စတင်ခဲ့သည်။ တစ်အိမ်မှတစ်အိမ် ဟောပြောခြင်းလုပ်ငန်းတွင် မပါဝင်ဖူးသူတို့သည် အိမ်တံခါးဝတွင်လူတို့ထံချဉ်းကပ်ခြင်း၊ သမ္မာကျမ်းစာဖြင့် သူတို့နှင့်ကျိုးကြောင်းဆင်ခြင်ခြင်း၊ သူတို့၏မေးခွန်းများကိုဖြေဆိုခြင်းနှင့်ပတ်သက်၍ လေ့ကျင့်မှုရရှိခဲ့ကြသည်။

ယင်းလေ့ကျင့်ခြင်းအစီအစဉ်၏ရလဒ်တို့မှာ မှတ်သားဖွယ်ဖြစ်သည်။ ဆယ်စုနှစ်တစ်ခုအတွင်းတွင် ကမ္ဘာတစ်ဝန်း ကြေညာသူအရေအတွက်မှာ ၁၀၀ ရာခိုင်နှုန်း၊ ပြန်လည်ပတ်မှုအရေအတွက်မှာ ၁၂၆ ရာခိုင်နှုန်း၊ ကျမ်းစာသင်အံမှုအရေအတွက်မှာ ၁၅၀ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။ ယနေ့ ခုနစ်သန်းနီးပါးရှိသော ဘုရားသခင့်နိုင်ငံတော်ကြေညာသူတို့သည် ကမ္ဘာတစ်ဝန်းတွင် သတင်းကောင်းဟောပြောနေကြသည်။ ထိုသို့ထူးခြားစွာတိုးတက်မှုက ယေဟောဝါသည် တစ်အိမ်မှတစ်အိမ်ဓမ္မအမှုတွင် မိမိလူတို့၏ကြိုးစားအားထုတ်မှုကို ကောင်းချီးပေးကြောင်း သာဓကတစ်ရပ်ဖြစ်သည်။—ဟေရှာ. ၆၀:၂၂

ကယ်တင်ခြင်းရစေရန် လူများကိုထိုးမှတ်ခြင်း

၁၀၊ ၁၁။ (က) ယေဇကျေလ အခန်းကြီး ၉ တွင်မှတ်တမ်းတင်ထားသည့် အဘယ်စိတ်အာရုံကို ယေဇကျေလအား ပေးခဲ့သနည်း။ (ခ) ထိုစိတ်အာရုံသည် ယနေ့ကျွန်ုပ်တို့ခေတ်တွင် မည်သို့ပြည့်စုံလျက်ရှိသနည်း။

၁၀ တစ်အိမ်မှတစ်အိမ်ဓမ္မအမှု၏အရေးပါမှုကို ပရောဖက်ယေဇကျေလရရှိခဲ့သော စိတ်အာရုံတစ်ခုတွင် တွေ့မြင်နိုင်သည်။ ထိုစိတ်အာရုံတွင် ယေဇကျေလက လက်ထဲတွင်လက်နက်များကိုင်ဆောင်ထားသည့် လူခြောက်ယောက်အပြင် ပိတ်အဝတ်ကိုဝတ်ပြီး နံဘေးတွင်မင်အိုးပါသည့် ခုနစ်ယောက်မြောက်သောသူကို မြင်တွေ့ခဲ့သည်။ ခုနစ်ယောက်မြောက်သောသူကို “မြို့အလယ်၌ လျှောက်သွား” စေပြီး “မြို့ထဲ၌ပြုသမျှသော စက်ဆုပ်ရွံရှာဖွယ်အမှုတို့ကြောင့် ညည်းတွားငိုကြွေးသောသူတို့၏နဖူးကို ထိုးမှတ်လော့” ဟုပြောသည်။ ထိုးမှတ်ခြင်းကိုလုပ်ဆောင်သူ၏နောက်တွင် ကွပ်မျက်စရာလက်နက်ကိုင်ဆောင်ထားသူ ခြောက်ယောက်အား အမှတ်မရှိသောသူအားလုံးကိုသတ်ရန် အမိန့်ပေးခဲ့သည်။—ယေဇကျေလ ၉:၁-၆ ကိုဖတ်ပါ။

၁၁ ယင်းပရောဖက်ပြုချက်ပြည့်စုံမှုတွင် “ပိတ်အဝတ်ကိုဝတ်” ထားသူမှာ ဝိညာဉ်တော်ဖွားခရစ်ယာန်အကြွင်းအကျန်ကို ကိုယ်စားပြုကြောင်း ကျွန်ုပ်တို့နားလည်ထားကြသည်။ ဟောပြောခြင်းနှင့် တပည့်ဖြစ်စေခြင်းလုပ်ငန်းအားဖြင့် ဝိညာဉ်တော်ဖွားအတန်းအစားသည် ခရစ်တော်၏ “အခြားသိုး” အဝင်ဖြစ်လာကြသူတို့ကို ပုံဆောင်အမှတ်တစ်ခု ထိုးမှတ်ကြသည်။ (ယော. ၁၀:၁၆) ယင်းအမှတ်မှာ အဘယ်နည်း။ နဖူးပြင်ပေါ်တွင်ရှိနေသည့်အမှတ်ကဲ့သို့ ထင်ရှားသောအမှတ်ဖြစ်သည်၊ ယင်းမှာ ထိုသိုးတို့သည် အပ်နှံထားသော၊ နှစ်ခြင်းခံထားသော ယေရှုခရစ်၏တပည့်များဖြစ်ခြင်းနှင့် ခရစ်တော်ကဲ့သို့သော ဥပဓိရုပ်သစ်ကို ယူတင်ဝတ်ဆောင်ကြခြင်းဖြစ်သည်။ (ဧ. ၄:၂၀-၂၄) သိုးကဲ့သို့သောထိုသူတို့သည် ဝိညာဉ်တော်ဖွားခရစ်ယာန်များနှင့်အတူ သိုးအုပ်တစ်ခုတည်းအဝင်ဖြစ်လာကြပြီး အခြားသူများအားထိုးမှတ်သည့် အရေးကြီးသောလုပ်ငန်းတွင် ဝိညာဉ်တော်ဖွားများကို အကူအညီပေးကြသည်။—ဗျာ. ၂၂:၁၇

၁၂။ နဖူးပေါ်တွင် ထိုးမှတ်ခြင်းဆိုင်ရာ ယေဇကျလ၏စိတ်အာရုံက သိုးကဲ့သို့သောသူများကို ဆက်လက်ရှာဖွေရခြင်း၏အရေးကြီးမှုကို မည်သို့ပေါ်လွင်စေသနည်း။

၁၂ ယေဇကျေလ၏စိတ်အာရုံက “ညည်းတွားငိုကြွေး” နေသူတို့ကို အရေးတကြီး ဆက်လက်ရှာဖွေနေရသည့် အကြောင်းရင်းတစ်ရပ်ကို ပေါ်လွင်စေသည်။ အသက်နှင့်ပတ်သက်နေ၍ဖြစ်သည်။ မကြာမီ လက်နက်များကိုင်ဆောင်ထားသော လူခြောက်ယောက်ကိုကိုယ်စားပြုသည့် ယေဟောဝါ၏ ကောင်းကင်မှလက်မရွံ့အာဏာသားများသည် ပုံဆောင်အမှတ်မရှိသူတို့ကို ဖျက်ဆီးတော့မည်။ ရောက်ရှိလာတော့မည့် ယင်းတရားစီရင်ခြင်းနှင့်ပတ်သက်၍ တမန်တော်ပေါလုက သခင်ယေရှုသည် “တန်ခိုးရှိသောကောင်းကင်တမန်တို့” နှင့်အတူ “ဘုရားသခင်ကိုမသိသောသူ၊ ငါတို့သခင်ယေရှုခရစ်၏ဧဝံဂေလိတရားကို နားမထောင်သောသူတို့ကို . . . ဒဏ်ပေးတော်မူ” မည်ဟုရေးသားခဲ့သည်။ (၂ သက်. ၁:၇၊ ၈) သတင်းကောင်းကို လူတို့တုံ့ပြန်မှုပေါ်မူတည်ပြီး တရားစီရင်ခံရမည်ဖြစ်ကြောင်း သတိပြုပါ။ ထို့ကြောင့် ဘုရားသခင့်သတင်းစကားကြွေးကြော်ခြင်းကို အဆုံးအထိအရှိန်မလျော့ဘဲ ဆက်ကြွေးကြော်ရမည်ဖြစ်သည်။ (ဗျာ. ၁၄:၆၊ ၇) ယင်းက ယေဟောဝါထံအပ်နှံထားသော ကျေးကျွန်အားလုံးအဖို့ အလွန်အရေးကြီးသော တာဝန်ဖြစ်သည်။—ယေဇကျေလ ၃:၁၇-၁၉ ကိုဖတ်ပါ။

၁၃။ (က) တမန်တော်ပေါလုက မိမိတွင် အဘယ်တာဝန်ရှိသည်ဟု ခံစားခဲ့ရသနည်း၊ အဘယ်ကြောင့်နည်း။ (ခ) သင့်ရပ်ကွက်ရှိလူတို့အပေါ် အဘယ်တာဝန်ရှိသည်ဟု သင်ခံစားရသနည်း။

၁၃ တမန်တော်ပေါလုက အခြားသူတို့အား သတင်းကောင်းဝေငှရန်မှာ မိမိ၏တာဝန်တစ်ရပ်ဖြစ်သည်ဟု ယူမှတ်ခဲ့သည်။ သူဤသို့ရေးခဲ့၏– “ဟေလသလူဖြစ်စေ၊ လူရိုင်းဖြစ်စေ၊ ပညာရှိဖြစ်စေ၊ ပညာမဲ့ဖြစ်စေ လူအမျိုးမျိုးတို့၏ကြွေးသည် ငါ၌တင်လျက်ရှိ၏။ သို့ဖြစ်လျှင်၊ ငါတတ်နိုင်သမျှအတိုင်း ရောမမြို့သားဖြစ်သောသင်တို့အား ဧဝံဂေလိတရားကိုဟောခြင်းငှာ စေတနာစိတ်ရှိ၏။” (ရော. ၁:၁၄၊ ၁၅) မိမိအားပြသခဲ့သောသနားကြင်နာမှုကို ကျေးဇူးတင်လေးမြတ်မှုက မိမိခံစားခဲ့ရသော ဘုရားသခင်၏မဟာကြင်နာမှုကို အခြားသူတို့လည်းခံစားရစေရန် ကြိုးစားကူညီပေးရမည်ဟု ပေါလုခံစားခဲ့ရသည်။ (၁ တိ. ၁:၁၂-၁၆) သူနှင့်တွေ့ဆုံသည့်လူတစ်ဦးစီအပေါ် ကြွေးတင်နေသည့်အလားဖြစ်ခဲ့ပြီး ထိုသူတို့ကို သတင်းကောင်းဝေငှခြင်းအားဖြင့်သာ ဆပ်နိုင်သည့်အကြွေးဖြစ်သည်။ သင်သည် သင့်ရပ်ကွက်ရှိလူတို့အပေါ် ထိုသို့သောအကြွေးတင်နေသည်ဟု ခံစားရပါသလော။—တမန်တော် ၂၀:၂၆၊ ၂၇ ကိုဖတ်ပါ။

၁၄။ လူများရှိရာနေရာနှင့် တစ်အိမ်မှတစ်အိမ်ဟောပြောခြင်းအတွက် အရေးအကြီးဆုံးသောအကြောင်းရင်းမှာ အဘယ်နည်း။

၁၄ လူတို့၏အသက်ဖျက်ဆီးမခံရစေရန် သတိပေးခြင်းသည် အရေးကြီးသော်လည်း တစ်အိမ်မှတစ်အိမ်ဟောပြောခြင်းလုပ်ငန်းအတွက် သာ၍အရေးကြီးသည့် အကြောင်းရင်းတစ်ရပ်ရှိသေးသည်။ မာလခိ ၁:၁၁ တွင်မှတ်တမ်းတင်ထားသော ပရောဖက်ပြုချက်တွင် ယေဟောဝါဤသို့မိန့်တော်မူ၏– ‘နေထွက်ရာအရပ်မှသည် နေဝင်ရာအရပ်တိုင်အောင် တစ်ပါးအမျိုးသားတို့တွင် ငါ၏နာမတော်သည် ကြီးမြတ်ရလိမ့်မည်။ . . . ငါ၏နာမတော်အား . . . သန့်ရှင်းသောပူဇော်သကာကို ဆက်ကပ်အပ်နှံရကြလိမ့်မည်။ ငါ၏နာမတော်သည် တစ်ပါးအမျိုးသားတို့တွင် ကြီးမြတ်ရလိမ့်မည်။’ ယင်းပရောဖက်ပြုချက်ပြည့်စုံစေရာတွင် ယေဟောဝါအားအပ်နှံထားသည့်ကျေးကျွန်များသည် နှိမ့်ချစွာဓမ္မအမှုဆောင်စဉ် ကိုယ်တော်၏နာမတော်ကို မြေတစ်ပြင်လုံး လူသိရှင်ကြားချီးမွမ်းကြွေးကြော်ကြသည်။ (ဆာ. ၁၀၉:၃၀; မ. ၂၄:၁၄) ယေဟောဝါအား “ချီးမွမ်းခြင်းယဇ်” ကိုပေးဆက်ခြင်းသည် လူများရှိရာနေရာနှင့် တစ်အိမ်မှတစ်အိမ် ဟောပြောခြင်းအတွက် အရေးအကြီးဆုံးသော အကြောင်းရင်းဖြစ်သည်။—ဟေဗြဲ ၁၃:၁၅

ရှေ့တွင် အထူးအရေးပါသောအဖြစ်အပျက်များရှိ

၁၅။ (က) ဣသရေလလူမျိုး ယေရိခေါမြို့ကို ခုနစ်ရက်မြောက်နေ့၌လှည့်ပတ်ချိန်တွင် သူတို့၏လုပ်ဆောင်မှုကို မည်သို့တိုးချဲ့ခဲ့ရသနည်း။ (ခ) ယင်းက ဟောပြောခြင်းလုပ်ငန်းနှင့်ပတ်သက်၍ အဘယ်အရာကို ဖော်ပြသနည်း။

၁၅ ဟောပြောခြင်းလုပ်ငန်းအတွက် အဘယ်တိုးတက်ဖြစ်ပေါ်မှုများ ဖြစ်လာဦးမည်နည်း။ ယောရှုမှတ်စာတွင် မှတ်တမ်းတင်ထားသော ယေရိခေါမြို့ကို ဝိုင်းရံထားခြင်းအဖြစ်က ပုံနမူနာတစ်ရပ်ဖြစ်သည်။ ယေရိခေါမြို့ကို ဘုရားသခင်မဖျက်ဆီးမီ ဣသရေလလူမျိုးသည် တစ်ရက်လျှင်တစ်ကြိမ်၊ ခြောက်ရက်တိုင် မြို့ကိုပတ်ရမည်ဟု ညွှန်ကြားခံရကြသည်။ သို့သော် ခုနစ်ရက်မြောက်နေ့တွင် သူတို့၏လုပ်ဆောင်မှုကို သိသိသာသာတိုးမြှင့်ခဲ့ရသည်။ ယေဟောဝါက ယောရှုအား ဤသို့မိန့်တော်မူခဲ့၏– “သတ္တမနေ့ရက်၌ ခုနစ်ကြိမ်တိုင်အောင် မြို့ကိုလှည့်ပတ်၍ ယဇ်ပုရောဟိတ်တို့သည် တံပိုးကိုမှုတ်ရကြမည်။ ယုဘိလတံပိုးတို့ကို ရှည်သောအသံနှင့်မှုတ် . . . လျှင် လူအပေါင်းတို့သည် ကျယ်သောအသံနှင့်ကြွေးကြော်၍ မြို့ရိုးသည် အကုန်အစင်ပြိုလဲရလိမ့်မည်။” (ယောရှု ၆:၂-၅) ကျွန်ုပ်တို့၏ ဟောပြောခြင်းလုပ်ငန်းနှင့်ပတ်သက်၍ အလားတူတိုးချဲ့မှုရှိနိုင်ပါသည်။ ဤအစီအစဉ်စနစ်ဖျက်ဆီးခံရချိန်နီးသည့်အခါ ဤလောကသမိုင်းတွင် ဘုရားသခင့်နာမတော်နှင့်နိုင်ငံတော်အကြောင်း အကြီးကျယ်ဆုံးသက်သေခံမှုကို ကျွန်ုပ်တို့တွေ့မြင်ရမည်မှာ သေချာသည်။

၁၆၊ ၁၇။ (က) ‘ကြီးစွာသောဆင်းရဲခြင်းဘေး’ မတိုင်မီ အဘယ်အရာ အပြီးလုပ်ဆောင်ရမည်နည်း။ (ခ) နောက်ဆောင်းပါးတွင် အဘယ်အရာကို သုံးသပ်ကြမည်နည်း။

၁၆ ကျွန်ုပ်တို့ကြွေးကြော်သောသတင်းစကားသည် “ကျယ်သောအသံနှင့်ကြွေးကြော်” သကဲ့သို့ဖြစ်လာမည့်အချိန် ရောက်ရှိလာပေမည်။ သမ္မာကျမ်းစာ၏နောက်ဆုံးကျမ်းထဲတွင် ပြင်းထန်သောတရားစီရင်ချက်သတင်းစကားကို “အလုံးတိုင်း တစ်တဲလင့်ခန့်လေးသောမိုးသီးကြီးများ” [ကဘ] အဖြစ်ပုံဖော်ထားသည်။ * ထို့ပြင် ဗျာ. ၁၆:၂၁ တွင် ဤသို့ဆိုထား၏– “ထိုမိုးသီးဘေးဒဏ်အလွန်ကြီးသည်။” တစ်အိမ်မှတစ်အိမ်ဓမ္မအမှုသည် ယင်းနောက်ဆုံးတရားစီရင်ချက်သတင်းစကား ကြွေးကြော်ခြင်းတွင် အဘယ်ကဏ္ဍမှပါဝင်မည်ကို ကျွန်ုပ်တို့ မသိရသေးပါ။ သို့သော် ‘ကြီးစွာသောဆင်းရဲခြင်းဘေး’ မတိုင်မီ အပြီးလုပ်ဆောင်ရမည်၊ လူ့သမိုင်းတွင် ယခင်တစ်ခါမျှမရှိခဲ့ဖူးသည့်အတိုင်းအတာဖြင့် ယေဟောဝါ၏နာမတော်အား သိရှိလာကြမည်ကို ကျွန်ုပ်တို့ယုံကြည်စိတ်ချနိုင်သည်။—ဗျာ. ၇:၁၄; ယေဇ. ၃၈:၂၃

၁၇ ရှေ့တွင်ကြုံရမည့် အထူးအရေးပါသောအဖြစ်အပျက်များကို စောင့်မျှော်နေရင်းနှင့် ကျွန်ုပ်တို့သည် ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို ဇွဲထက်သန်စွာ ဆက်၍ကြေညာနိုင်ကြပါစေ။ ယင်းတာဝန်ကိုလုပ်ဆောင်ခြင်းဖြစ်သော တစ်အိမ်မှတစ်အိမ်ဓမ္မအမှုတွင် အဘယ်အခက်အခဲများကို ကျွန်ုပ်တို့ ရင်ဆိုင်ကြရသနည်း၊ ယင်းအခက်အခဲများကို မည်သို့ဖြေရှင်းနိုင်သနည်း။ ယင်းမေးခွန်းများကို နောက်ဆောင်းပါးတွင် သုံးသပ်ကြပါမည်။

[အောက်ခြေမှတ်ချက်များ]

^ အပိုဒ်၊ 2 ဝက်ဘ်ဆိုက်လိပ်စာမှာ www.watchtower.org ဖြစ်သည်။

^ အပိုဒ်၊ 16 ဂရိတဲလင့်ကို ရည်ညွှန်းတင်ပြရမည်ဆိုလျှင် မိုးသီးအလုံးတိုင်းသည် ၄၅ ပေါင်ခန့်လေးပေလိမ့်မည်။

သင်မည်သို့ဖြေဆိုမည်နည်း

• တစ်အိမ်မှတစ်အိမ်ဟောပြောခြင်းအတွက် အဘယ် ကျမ်းစာအခြေခံရှိသနည်း။

• တစ်အိမ်မှတစ်အိမ်ဓမ္မအမှုကို မျက်မှောက်ခေတ်အချိန်တွင် မည်သို့အလေးပေးဖော်ပြခဲ့သနည်း။

• ယေဟောဝါထံအပ်နှံထားသော ကျေးကျွန်များသည် အဘယ်ကြောင့် ဟောပြောရန်တာဝန်ရှိသနည်း။

• ရှေ့တွင် အဘယ်အထူးအရေးပါသောအဖြစ်အပျက်များရှိသနည်း။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၄ ပါရုပ်ပုံများ]

တမန်တော်ပေါလုကဲ့သို့ အခြားသူများကိုဟောပြောရန်တာဝန်ရှိသည်ဟု သင်ခံစားရပါသလော

[စာမျက်နှာ ၅ ပါရုပ်ပုံ]

ညီအစ်ကို နောရ်၊ ၁၉၅၃