မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

တစ်အိမ်မှတစ်အိမ်ဓမ္မအမှု၏ အခက်အခဲများကို ရင်ဆိုင်ဖြေရှင်းခြင်း

တစ်အိမ်မှတစ်အိမ်ဓမ္မအမှု၏ အခက်အခဲများကို ရင်ဆိုင်ဖြေရှင်းခြင်း

တစ်အိမ်မှတစ်အိမ်ဓမ္မအမှု၏ အခက်အခဲများကို ရင်ဆိုင်ဖြေရှင်းခြင်း

“ငါတို့၏ဘုရားသခင်အားဖြင့် သတ္တိမွေးလျက် ဘုရားသခင်၏သတင်းကောင်းကို သင်တို့အား အလွန်ကြိုးစားအားထုတ်၍ ဟောပြောခဲ့ကြ၏။”—၁ သက်. ၂:၂၊ ကဘ။

၁။ အဘယ်အခက်အခဲများကို ယေရမိရင်ဆိုင်ခဲ့ရသနည်း၊ ယင်းတို့ကို သူမည်သို့ရင်ဆိုင်ဖြေရှင်းနိုင်ခဲ့သနည်း။

ယေရမိသည် ကျွန်ုပ်တို့ကဲ့သို့ ခံစားချက်ရှိသူတစ်ဦးဖြစ်သည်။ ယေဟောဝါက သူ့အား “လူအမျိုးမျိုးတို့အဖို့ပရောဖက်” အဖြစ် တာဝန်ခန့်အပ်ကြောင်း အသိပေးချိန်တွင် သူက ‘အိုအရှင်ထာဝရဘုရားသခင် အကျွန်ုပ်သည် မဟောမပြောတတ်ပါ။ သူငယ်ဖြစ်ပါ၏’ ဟုဆိုခဲ့သည်။ သို့သော် ယေဟောဝါအားယုံကြည်ကိုးစားကာ တာဝန်ကိုသူလက်ခံခဲ့သည်။ (ယေ. ၁:၄-၁၀) ယေရမိသည် နှစ်ပေါင်း ၄၀ ကျော်လုံးလုံး လျစ်လျူရှုမှု၊ ငြင်းပယ်မှု၊ လှောင်ပြောင်မှု၊ ကာယပိုင်းအကြမ်းဖက်မှုကိုပင် ခံခဲ့ရသည်။ (ယေ. ၂၀:၁၊ ၂) တစ်ခါတစ်ရံ သူသည် လက်လျှော့လိုခဲ့သည်။ သို့တိုင် လူအများစုမနှစ်သက်သည့်သတင်းစကားကို ဆက်၍ကြေညာခဲ့သည်။ ယေရမိသည် မိမိခွန်အားဖြင့် ဘယ်တော့မျှလုပ်ဆောင်နိုင်မည်မဟုတ်သောအရာကို ဘုရားသခင်၏ခွန်အားဖြင့် ပြီးမြောက်အောင်မြင်ခဲ့သည်။ယေရမိ ၂၀:၇-၉ ကိုဖတ်ပါ။

၂၊ ၃။ ယနေ့ ဘုရားသခင့်ကျေးကျွန်များသည် ယေရမိကဲ့သို့ အခက်အခဲများကို မည်သို့ရင်ဆိုင်ကြုံတွေ့ကြရသနည်း။

ယနေ့ ဘုရားသခင်၏ကျေးကျွန်များစွာသည် ယေရမိ၏ခံစားချက်နှင့် တူနိုင်ပါသည်။ တစ်အိမ်မှတစ်အိမ်ဟောပြောရမည့်အရေးကို စဉ်းစားခဲ့ချိန်က ကျွန်ုပ်တို့ထဲမှများစွာသောသူတို့သည် ‘ဒါကို ငါဘယ်တော့မှလုပ်နိုင်မှာမဟုတ်ဘူး’ ဟုတစ်ချိန်ကတွေးမိခဲ့ကြသည်။ သို့တိုင် သတင်းကောင်းကြွေးကြော်ခြင်းသည် ယေဟောဝါ၏အလိုတော်ဖြစ်ကြောင်း သိလာကြသည့်အခါ ကျွန်ုပ်တို့၏စိုးရိမ်စိတ်ကိုအနိုင်ယူခဲ့ပြီး ဟောပြောခြင်းတွင် အလုပ်များလာခဲ့ကြသည်။ သို့ဖြစ်သည့်တိုင် များစွာသောသူတို့အဖို့ ကျွန်ုပ်တို့အသက်တာတွင် ဟောပြောခြင်းတွင်ဆက်၍ပါဝင်ရန် အနည်းဆုံးအချိန်အတိုင်းအတာတစ်ခုအထိ ခက်ခဲသည့်အခြေအနေများ ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်။ တစ်အိမ်မှတစ်အိမ်ဟောပြောခြင်းတွင် စ၍ပါဝင်လာရန်နှင့် အဆုံးထိတိုင်ဆက်ဟောပြောရန်မှာ အခက်အခဲတစ်ခုဖြစ်သည်မှာ မှန်ပါသည်။—မ. ၂၄:၁၃

သင်သည် ယေဟောဝါသက်သေတို့နှင့် ကျမ်းစာလေ့လာနေပြီး အသင်းတော်အစည်းအဝေးများကို တက်ရောက်နေသည်မှာ အတန်ကြာပြီဖြစ်လျက်နှင့် တစ်အိမ်မှတစ်အိမ် ဟောပြောခြင်းတွင်စပါဝင်ရန် တွန့်ဆုတ်နေလျှင် အသို့နည်း။ သို့မဟုတ် သင်သည် နှစ်ခြင်းခံပြီးသောသက်သေခံတစ်ဦးဖြစ်ပြီး တံခါးတစ်ခုမှတစ်ခုသို့သွားကာဟောပြောရန် ကာယပိုင်းတွင်လည်း စွမ်းဆောင်နိုင်သည့်တိုင် ယင်းသို့သွားရန်အခက်တွေ့နေသူဖြစ်လျှင်ကော အသို့နည်း။ နောက်ခံအမျိုးမျိုးရှိသောသူတို့သည် တစ်အိမ်မှတစ်အိမ်ဓမ္မအမှု၏ အခက်အခဲများကို ရင်ဆိုင်ဖြေရှင်းနေကြကြောင်း ယုံကြည်စိတ်ချပါ။ ယေဟောဝါ၏ကူညီမစမှုဖြင့် သင်လုပ်ဆောင်နိုင်ပါသည်။

သတ္တိမွေးခြင်း

၄။ အဘယ်အရာက တမန်တော်ပေါလုအား သတင်းကောင်းကို ရဲရင့်စွာဟောပြောစေခဲ့သနည်း။

ကမ္ဘာချီဟောပြောခြင်းလုပ်ငန်း ပြီးမြောက်အောင်မြင်လျက်ရှိသည်မှာ လူတို့၏အစွမ်း သို့မဟုတ် ဉာဏ်ပညာကြောင့်မဟုတ်ဘဲ ဘုရားသခင်၏ဝိညာဉ်တော်အားဖြင့်ဖြစ်သည်ကို သင်အသိအမှတ်ပြုသည်မှာ သေချာသည်။ (ဇာ. ၄:၆) ယင်းသည် ခရစ်ယာန်တစ်ဦးစီ၏ ဓမ္မအမှုနှင့်လည်း သက်ဆိုင်ပါသည်။ (၂ ကော. ၄:၇) တမန်တော်ပေါလုကို သုံးသပ်ကြည့်ပါ။ သူနှင့် သူ၏ခရစ်ယာန်သာသနာပြုအဖော်သည် ဆန့်ကျင်သူများ၏ မတရားဆက်ဆံမှုခံရချိန်နှင့်ပတ်သက်၍ သူဤသို့ရေးခဲ့၏– “ငါတို့သည် ဖိလိပ္ပိမြို့တွင် ဦးစွာဆင်းရဲခံရကာ မထီမဲ့မြင်ဆက်ဆံခံရပြီးနောက် ငါတို့၏ဘုရားသခင်အားဖြင့် သတ္တိမွေးလျက် ဘုရားသခင်၏သတင်းကောင်းကို သင်တို့အား အလွန်ကြိုးစားအားထုတ်၍ ဟောပြောခဲ့ကြ၏။” (၁ သက်. ၂:၂ကဘ; တ. ၁၆:၂၂-၂၄) ပေါလုကဲ့သို့သော ထက်သန်သည့်ဟောပြောသူတစ်ဦးသည် ဟောပြောရန် မိမိကိုယ်တိုင် အလွန်ကြိုးစားအားထုတ်ခဲ့ရသည့်အချိန်များရှိခဲ့ကြောင်းကို သင်တွေးမိချင်မှတွေးမိပေမည်။ သို့တိုင် ကျွန်ုပ်တို့အားလုံးကဲ့သို့ပင် ပေါလုသည် သတင်းကောင်းကို ရဲရင့်စွာဟောပြောရန်အလို့ငှာ ယေဟောဝါကို ယုံကြည်ကိုးစားခဲ့သည်။ (ဧဖက် ၆:၁၈-၂၀ ကိုဖတ်ပါ။) ပေါလု၏ပုံသက်သေကို ကျွန်ုပ်တို့ မည်သို့တုပနိုင်သနည်း။

၅။ ဟောပြောရန် သတ္တိမွေးနိုင်သည့် နည်းတစ်နည်းမှာ အဘယ်နည်း။

ဟောပြောရန် သတ္တိမွေးသည့်နည်းတစ်နည်းမှာ ဆုတောင်းခြင်းအားဖြင့်ဖြစ်သည်။ ရှေ့ဆောင်တစ်ဦး ဤသို့ပြော၏– “ယုံကြည်မှုအပြည့်နဲ့ပြောနိုင်ဖို့ ကျွန်မဆုတောင်းတယ်၊ လူတွေရဲ့နှလုံးကိုထိမိဖို့အတွက် ဆုတောင်းတယ်၊ ဓမ္မအမှုကနေ ရွှင်လန်းမှုရနိုင်ဖို့ ဆုတောင်းတယ်။ တကယ်တော့ ဒါဟာ ယေဟောဝါရဲ့လုပ်ငန်းဖြစ်တယ်၊ ကျွန်မတို့ရဲ့လုပ်ငန်းမဟုတ်ဘူး၊ ဒါကြောင့် ကိုယ်တော့်အကူအညီမပါဘဲ ကျွန်မတို့လုပ်ဆောင်နိုင်မှာမဟုတ်ဘူး။” (၁ သက်. ၅:၁၇) ကျွန်ုပ်တို့အားလုံးသည် ရဲရင့်စွာဟောပြောရန် ဘုရားသခင့်သန့်ရှင်းသောဝိညာဉ်တော် ထောက်မကူညီပေးဖို့ မပြတ်ဆုတောင်းဖို့လိုသည်။—လု. ၁၁:၉-၁၃

၆၊ ၇။ (က) အဘယ်စိတ်အာရုံကို ယေဇကျေလရရှိခဲ့သနည်း၊ ယင်းသည် အဘယ်အရာကို ဆိုလိုသနည်း။ (ခ) ယေဇကျေလ၏စိတ်အာရုံသည် ယနေ့ဘုရားသခင့်ကျေးကျွန်များအတွက် အဘယ်သင်ခန်းစာပေးသနည်း။

ရဲရင့်စွာဟောပြောရန် ကျွန်ုပ်တို့အား အထောက်အကူပြုနိုင်သည့် နောက်တစ်နည်းကို ယေဇကျေလကျမ်းတွင် ဖော်ပြထားသည်။ စိတ်အာရုံတစ်ခုတွင် ယေဟောဝါက ယေဇကျေလအား စာမျက်နှာနှစ်ဖက်စလုံးတွင် “ငိုကြွေးမြည်တမ်းခြင်းအချက်၊ စိတ်မသာညည်းတွားခြင်းအချက်၊ အမင်္ဂလာအချက်များ” အက္ခရာတင်ထားသော စာလိပ်တစ်ခုကိုပေးပြီး “အချင်းလူသား ငါပေးသောဤစာလိပ်ကိုစား၍ ဝမ်းပြည့်စေလော့” ဟုမိန့်တော်မူကာ ယင်းကိုစားစေသည်။ ယင်းစိတ်အာရုံသည် အဘယ်အရာကိုဆိုလိုသနည်း။ ယေဇကျေလသည် သူကြေညာရသည့်သတင်းစကားကို အပြည့်အဝလက်ခံယူခဲ့သည်။ ယင်းသည် သူ၏ကိုယ်ခန္ဓာအစိတ်အပိုင်းကဲ့သို့ဖြစ်လာပြီး သူ၏အတွင်းအကျဆုံးခံစားချက်များတွင် သက်ရောက်မှုရှိခဲ့သည်။ ပရောဖက်က ဤသို့ပြန်ပြောပြ၏– “ငါသည်စား၍ ပါးစပ်၌ပျားရည်ကဲ့သို့ချို၏။” ဘုရားသခင့်သတင်းစကားကို လူများအားကြေညာရခြင်းသည် ယေဇကျေလအဖို့ ပျားရည်အရသာအလား နှစ်သက်ဖွယ်ရာဖြစ်ခဲ့သည်။ ယင်းသတင်းကိုလက်မခံသူအဖို့ ပြင်းထန်သည့်သတင်းစကားတစ်ရပ်အဖြစ် အဓိပ္ပာယ်ထွက်သည့်တိုင် ယေဇကျေလသည် ယေဟောဝါကို ကိုယ်စားပြုရသည့်အခွင့်၊ ဘုရားသခင်ပေးအပ်သောတာဝန်ကျေပွန်ခွင့်ကို အထူးအခွင့်ထူးအဖြစ် သဘောထားခဲ့သည်။—ယေဇကျေလ ၂:၈–၃:၄၊ ၇-၉ တို့ကိုဖတ်ပါ။

ယင်းစိတ်အာရုံတွင် ယနေ့ဘုရားသခင့်ကျေးကျွန်များအတွက် အဖိုးထိုက်သင်ခန်းစာတစ်ခုပါရှိသည်။ ကျွန်ုပ်တို့၏ကြိုးစားအားထုတ်မှုများကို အမြဲလေးမြတ်မည်မဟုတ်သူတို့ကို ကြေညာရန် ကျွန်ုပ်တို့တွင်လည်း ပြင်းထန်သည့်သတင်းတစ်ရပ်ရှိထားသည်။ ကျွန်ုပ်တို့သည် ခရစ်ယာန်ဓမ္မအမှုကို ဘုရားသခင်ပေးအပ်ထားသော အခွင့်ထူးတစ်ရပ်အဖြစ် ဆက်၍ရှုမြင်သည့်အတွက် ဘုရားသခင့်နှုတ်မြွက်စကားတော်ကို ဆက်၍ဖတ်ရှုကာ လေ့လာရမည်။ အပေါ်ယံ သို့မဟုတ် ပုံမှန်မဟုတ်သောလေ့လာမှုအကျင့်များက ဘုရားသခင့်နှုတ်မြွက်စကားတော်ကို အပြည့်အဝလက်ခံယူရန် မလုံလောက်စေပါ။ သင်၏ကိုယ်ပိုင်ကျမ်းစာဖတ်ရှုခြင်းနှင့် ကျမ်းစာလေ့လာခြင်းအရည်အသွေး သို့မဟုတ် ပုံမမှန်ဖြစ်နေမှုကို တိုးတက်အောင် ပြုလုပ်နိုင်မည်လော။ သင်ဖတ်ရှုရာကို ပို၍တွေးတောဆင်ခြင်သည့်အလေ့အထ ပြုလုပ်နိုင်မည်လော။—ဆာ. ၁:၂၊ ၃

သမ္မာကျမ်းစာဆွေးနွေးမှုများကို အစပြုခြင်း

၈။ တစ်အိမ်မှတစ်အိမ်ဓမ္မအမှုတွင် ကျမ်းစာဆွေးနွေးမှုများစတင်ရန် ဘုရားသခင့်နိုင်ငံတော်ကြေညာသူတချို့ကို အဘယ်ချဉ်းကပ်နည်းက အထောက်အကူပြုသနည်း။

ကြေညာသူများစွာအတွက် တစ်အိမ်မှတစ်အိမ်ဓမ္မအမှု၏ အခက်ခဲဆုံးအပိုင်းမှာ အိမ်ရှင်နှင့် စကားစမြည်စပြောခြင်းဖြစ်သည်။ မှန်ပါသည်၊ အချို့သောရပ်ကွက်များတွင် စကားစမြည်စပြောရန်မှာ အခက်အခဲတစ်ခုဖြစ်သည်။ အချို့သောကြေညာသူများသည် ပူးတွဲပါလေးထောင့်ကွက်တွင် ဖော်ပြထားသည့်အတိုင်း အိမ်တံခါးဝ၌ အိမ်ရှင်နှင့်စကားပြောသည့်အခါ မိမိတို့ကောင်းစွာရွေးချယ်ထားသော စကားလုံးအနည်းငယ်ဖြင့် အစပြုတင်ဆက်ပြီး ဝေစာတစ်ခုဝေငှခြင်းကို ပို၍နှစ်သက်ကြသည်။ ဝေစာ၏ခေါင်းစဉ် သို့မဟုတ် ရောင်စုံသရုပ်ဖော်ပုံက အိမ်ရှင်၏အာရုံကိုဖမ်းစားနိုင်ပြီး ကျွန်ုပ်တို့လည်ပတ်ရသည့်ရည်ရွယ်ချက်ကို အကျဉ်းတင်ဆက်ရန်၊ မေးခွန်းတစ်ခုမေးရန် အခွင့်ရစေသည်။ ချဉ်းကပ်နည်းနောက်တစ်ခုမှာ အိမ်ရှင်အား ဝေစာသုံးလေးမျိုးပြကာ သူစိတ်ဝင်စားသည့်အကြောင်းအရာတစ်ခုကို ရွေးချယ်စေခြင်းဖြစ်သည်။ ကျွန်ုပ်တို့၏ပန်းတိုင်မှာ ဝေစာဝေရန်၊ တံခါးဝတိုင်းတွင် ယင်းတို့ကိုအသုံးပြုရန်သက်သက်မျှသာမဟုတ်ဘဲ ကျမ်းစာသင်အံမှုသို့ဦးတည်သည့် ကျမ်းစာဆွေးနွေးမှုများ အစပြုရန်ဖြစ်သည်။

၉။ ကောင်းစွာပြင်ဆင်ခြင်းသည် အဘယ်ကြောင့်အရေးကြီးသနည်း။

မည်သည့်ချဉ်းကပ်နည်းကို သင်အသုံးပြုပါစေ ကောင်းစွာပြင်ဆင်ခြင်းက တစ်အိမ်မှတစ်အိမ်ဓမ္မအမှုတွင် အသင့်အနေအထားရှိရန်နှင့် စိတ်ထက်သန်မှုရှိရန် အထောက်အကူပြုမည်။ ရှေ့ဆောင်တစ်ဦး ဤသို့ပြော၏– “ကျွန်တော်ကောင်းကောင်းပြင်ဆင်ထားတဲ့အခါ ပိုပြီးပျော်ရွှင်တယ်။ ကျွန်တော်ပြင်ဆင်ထားတဲ့ တင်ဆက်နည်းကို အသုံးပြုစေတယ်။” နောက်ရှေ့ဆောင်တစ်ဦး ဤသို့ဆို၏– “ကျွန်တော်ဝေငှမယ့်စာပေတွေအကြောင်း ကောင်းကောင်းသိထားတဲ့အခါ အဲ့ဒါကိုသုံးဖို့ စိတ်အားထက်သန်လာတယ်။” အဘယ်အရာပြောဆိုမည်ကို အသံတိတ်စဉ်းစားခြင်းသည် အကျိုးကျေးဇူးတချို့ဖြစ်စေသော်လည်း မိမိတို့၏တင်ဆက်နည်းကို အသံထွက်လေ့ကျင့်ထားခြင်းက ပို၍အထောက်အကူပြုကြောင်း များစွာသောသူတို့ တွေ့ရှိခဲ့ကြသည်။ ယင်းသို့ပြုခြင်းဖြင့် ယေဟောဝါထံ သူတို့၏အကောင်းဆုံးအရာများကိုပေးဆက်ရန် အထောက်အကူပြုသည်။—ကော. ၃:၂၃; ၂ တိ. ၂:၁၅

၁၀။ လယ်ကွင်းလုပ်ငန်းတွေ့ဆုံမှုများကို လက်တွေ့ကျပြီး အကျိုးဖြစ်စေရန် အဘယ်အရာလုပ်ဆောင်နိုင်သနည်း။

၁၀ လက်တွေ့ကျသော လယ်ကွင်းလုပ်ငန်းတွေ့ဆုံမှုများက တစ်အိမ်မှတစ်အိမ်ဓမ္မအမှုတွင် ထိရောက်မှုရှိစေပြီး ပျော်ရွှင်စေသည်။ နေ့စဉ်ကျမ်းချက်သည် ဟောပြောခြင်းလုပ်ငန်းနှင့် တိုက်ရိုက်သက်ဆိုင်ပါက ယင်းကိုဖတ်ကာ အကျဉ်းချုပ်ဆွေးနွေးနိုင်သည်။ သို့သော် လယ်ကွင်းတွေ့ဆုံမှုကိုဦးစီးသည့်ညီအစ်ကိုသည် ရပ်ကွက်နှင့်သင့်လျော်သည့် ရိုးရှင်းသောတင်ဆက်မှုတစ်ခုကို ဆွေးနွေးရန် သို့မဟုတ် သရုပ်ပြရန် သို့မဟုတ် ထိုနေ့ဓမ္မအမှုတွင် အသုံးပြုနိုင်သည့် အခြားလက်တွေ့ကျအချက်အလက်ကိုသုံးသပ်ရန် အချိန်အပြည့်အသုံးပြုသင့်သည်။ ယင်းက ရောက်ရှိနေသူတို့အား ထိရောက်စွာသက်သေခံရန် ထပ်ဆင့်အကူအညီဖြစ်မည်။ ထိုတွေ့ဆုံမှုကိုဦးစီးသည့် အကြီးအကဲများနှင့် အခြားသူတို့သည် ကောင်းစွာကြိုတင်ပြင်ဆင်ထားခြင်းဖြင့် ယင်းကိုပြီးမြောက်အောင်မြင်နိုင်ပြီး သတ်မှတ်ထားသောအချိန်အတွင်း တွေ့ဆုံမှုကိုအပြီးသတ်နိုင်မည်။—ရော. ၁၂:၈

နားထောင်ခြင်းအစွမ်း

၁၁၊ ၁၂။ ထောက်ထားကြင်နာစွာနားထောင်ပေးခြင်းက လူတို့ထံသတင်းကောင်းရောက်ရှိစေဖို့ မည်သို့အထောက်အကူပြုနိုင်သနည်း။ ဥပမာများပေးပါ။

၁၁ ကောင်းစွာပြင်ဆင်ထားခြင်းမျှသာမဟုတ်ဘဲ အခြားသူများကို အလေးအနက် ပုဂ္ဂိုလ်ရေးစိတ်ဝင်စားမှုပြခြင်းက ဓမ္မအမှုတွင် ကျမ်းစာဆွေးနွေးမှုများစတင်ရန်နှင့် လူတို့၏နှလုံးကိုထိမိရန် အထောက်အကူပြုသည်။ ထိုသို့သောစိတ်ဝင်စားမှုကို တင်ပြနိုင်သည့်နည်းတစ်နည်းမှာ ကျွန်ုပ်တို့၏နားထောင်ပုံအားဖြင့်ဖြစ်သည်။ နယ်လှည့်ကြီးကြပ်မှူးတစ်ဦး ဤသို့ဆို၏– “လူတွေကို စိတ်ရှည်ရှည်နဲ့ တလိုတလားနားထောင်ပေးခြင်းက သတင်းကောင်းကိုနားထောင်လိုစိတ်ဖြစ်ပေါ်စေတဲ့အပြင် နွေးထွေးတဲ့ပုဂ္ဂိုလ်ရေးစိတ်ဝင်စားမှုကို ကောင်းစွာတင်ပြခြင်းဖြစ်တယ်။” ထောက်ထားကြင်နာစွာနားထောင်ပေးခြင်းဖြင့် အိမ်ရှင်၏နှလုံးတံခါးကိုဖွင့်နိုင်ကြောင်း အောက်ပါတွေ့ကြုံမှုက တင်ပြသည်။

၁၂ ပြင်သစ်နိုင်ငံ၊ စိန့်အက်ယန်မြို့ထုတ် လာ ပရိုဂရီစ်သတင်းစာပါ အိတ်ဖွင့်စာတစ်စောင်တွင် အမျိုးသမီးတစ်ဦးက မိမိ၏သုံးလသားအရွယ်သမီးလေးကို သေခြင်းတွင်ဝမ်းနည်းကြေကွဲစွာဆုံးရှုံးခဲ့ရ၍ ပူဆွေးမှုခံစားနေရပြီးမကြာမီအချိန်တွင် သူ၏အိမ်တံခါးကို လူနှစ်ဦးလာခေါက်ကြောင်း ဖော်ပြသည်။ သူဤသို့ရေးခဲ့၏– “သူတို့ဟာ ယေဟောဝါသက်သေတွေဆိုတာ ကျွန်မချက်ချင်းရိပ်မိတယ်။ ယဉ်ယဉ်ကျေးကျေးနဲ့ သူတို့ကို ပြန်သွားခိုင်းမလို့ပဲ၊ ဒါပေမဲ့ သူတို့လှမ်းပေးတဲ့ ဘရိုရှာကို ကျွန်မသတိထားမိလိုက်တယ်။ ဆင်းရဲဝေဒနာကို ဘုရားသခင် ဘာကြောင့်ခွင့်ပြုထားရသလဲတဲ့။ ဒါနဲ့ သူတို့ရဲ့အကြောင်းပြချက်တွေမှားတယ်လို့ သက်သေပြဖို့ရည်ရွယ်ချက်နဲ့ သူတို့ကို အိမ်ထဲဝင်ခွင့်ပြုလိုက်တယ်။ . . . အဲ့ဒီသက်သေခံတွေ တစ်နာရီကျော်ကျော်အထိ နေသွားကြတယ်။ စာနာထောက်ထားမှုအပြည့်နဲ့ ကျွန်မရဲ့စကားကို သူတို့နားထောင်ပေးကြတယ်၊ သူတို့ပြန်ခါနီးမှာ နောက်တစ်ခေါက်ပြန်လာမယ်ဆိုတာကို ကျွန်မသဘောတူနိုင်တဲ့အထိ စိတ်သက်သာရာရခဲ့တယ်။” (ရော. ၁၂:၁၅) အချိန်တန်သည့်အခါ ထိုအမျိုးသမီးသည် ကျမ်းစာသင်အံမှုကို လက်ခံခဲ့သည်။ ဦးဆုံးလည်ပတ်မှုနှင့်ပတ်သက်၍ သူအမှတ်ရသည့်အရာမှာ သက်သေခံများပြောခဲ့သည့်အရာမဟုတ်ဘဲ သူတို့၏နားထောင်ပုံဖြစ်သည်ကို ကျွန်ုပ်တို့သင်ယူနိုင်ပါသည်။

၁၃။ ကျွန်ုပ်တို့တွေ့ဆုံရသူတို့အား သတင်းကောင်းကို မည်သို့အလိုက်သင့်တင်ဆက်နိုင်သနည်း။

၁၃ ကျွန်ုပ်တို့သည် ထောက်ထားကြင်နာစွာနားထောင်ပေးသည့်အခါ အမှန်တွင် ဘုရားသခင်နိုင်ငံတော်ကို သူတို့အဘယ်ကြောင့်လိုအပ်ကြောင်း ကျွန်ုပ်တို့အားပြောပြရန် လူတို့ကိုအခွင့်ပေးခြင်းဖြစ်သည်။ ယင်းက သူတို့ကိုသတင်းကောင်းဝေငှရန် သာ၍ကောင်းသောအခြေအနေတစ်ခုကို ဖြစ်စေသည်။ ထိရောက်မှုရှိသောသတင်းကောင်းဟောပြောသူများသည် ကောင်းစွာနားထောင်တတ်သူများဖြစ်ကြောင်း သင်သတိပြုမိပေမည်။ (သု. ၂၀:၅) သူတို့သည် ဓမ္မအမှု၌တွေ့ဆုံသူတို့ကို အမှန်ပင်စိတ်ဝင်စားကြောင်း တင်ပြကြသည်။ သူတို့သည် အိမ်ရှင်၏အမည်များ၊ လိပ်စာများကိုသာမှတ်သားခြင်းမဟုတ်ဘဲ အိမ်ရှင်စိတ်ဝင်စားရာများနှင့် လိုအပ်ရာများကိုလည်း မှတ်သားကြသည်။ တစ်ဦးတစ်ယောက်က သတ်သတ်မှတ်မှတ်စိုးရိမ်ပူပန်မှုတစ်ခု တင်ပြသည့်အခါ သူတို့သည် ယင်းအကြောင်းကို သုတေသနပြုကြပြီး တွေ့ရှိသည့်အချက်ကိုဝေငှရန် သိပ်မကြာမီပြန်လည်ပတ်ကြသည်။ တမန်တော်ပေါလုကဲ့သို့ သူတို့သည် မိမိတို့တွေ့ဆုံသူတို့အား ဘုရားသခင့်နိုင်ငံတော်သတင်းကို အလိုက်သင့်တင်ဆက်ကြသည်။ (၁ ကောရိန္သု ၉:၁၉-၂၃ ကိုဖတ်ပါ။) ထိုကဲ့သို့စိတ်ရင်းခံဖြင့် စိတ်ဝင်စားမှုတင်ပြခြင်းက သတင်းကောင်းကိုစိတ်ဝင်စားစေသည့်အပြင် “ဘုရားသခင်၏သနားစာနာခြင်း ကျေးဇူး” ကို ကောင်းစွာရောင်ပြန်ဟပ်ရာရောက်သည်။—လု. ၁:၇၈ကဘ။

အပြုသဘောထားဆက်ရှိပါ

၁၄။ ဓမ္မအမှုဆောင်ရာတွင် ယေဟောဝါ၏အရည်အသွေးများကို မည်သို့ရောင်ပြန်ဟပ်တင်ပြနိုင်သနည်း။

၁၄ ယေဟောဝါသည် ကျွန်ုပ်တို့အား လွတ်လပ်စွာလုပ်ပိုင်ခွင့်ပေးခြင်းဖြင့် ကျွန်ုပ်တို့ကို ဂုဏ်တင်သည်။ ကိုယ်တော်သည် အတိုင်းအဆမဲ့တန်ခိုးရှင်ဖြစ်သော်လည်း မိမိအားဝတ်ပြုကိုးကွယ်ရန် မည်သူ့ကိုမျှဖိအားမပေးဘဲ ကိုယ်တော်၏အံ့ချီးဖွယ်ပြင်ဆင်ပေးချက်များကို လေးမြတ်စွာတုံ့ပြန်သူတို့အား ကောင်းချီးပေးခြင်းဖြင့် မေတ္တာကိုအခြေခံကာ မိမိအားကိုးကွယ်ရန် မေတ္တာရပ်ခံတော်မူသည်။ (ရော. ၂:၄) ကိုယ်တော်၏ဓမ္မအမှုဆောင်များအနေနှင့် ကျွန်ုပ်တို့သည် သက်သေခံသည့်အခါတိုင်း သနားကြင်နာမှုပြည့်ဝသော ဘုရားသခင်နှင့်လျော်ညီစွာ သတင်းကောင်းဝေမျှရန် အဆင်သင့်ရှိသင့်သည်။ (၂ ကော. ၅:၂၀၊ ၂၁; ၆:၃-၆) ယင်းအတွက်ကြောင့် ကျွန်ုပ်တို့ရပ်ကွက်ရှိလူတို့အပေါ် အပြုသဘောဆက်ရှိဖို့လိုသည်။ ယင်းအခက်အခဲကို ရင်ဆိုင်ဖြေရှင်းရန် အဘယ်အရာက အထောက်အကူပြုနိုင်သနည်း။

၁၅။ (က) လူတို့သည် သတင်းစကားကိုငြင်းပယ်လျှင် အဘယ်အရာပြုလုပ်ရန် တမန်တော်များအား ယေရှုညွှန်ကြားခဲ့သနည်း။ (ခ) ထိုက်တန်သူကိုရှာဖွေခြင်းတွင် အာရုံစိုက်ထားရန် အဘယ်အရာက ကျွန်ုပ်တို့ကို အထောက်အကူပြုနိုင်သနည်း။

၁၅ အချို့သူတို့သည် သတင်းစကားကိုငြင်းပယ်လျှင် ထိုက်တန်သူရှာဖွေခြင်းကိစ္စကို အာရုံလွဲသွားသည်အထိ ယင်းအပေါ်အလွန်အမင်း စိုးရိမ်ပူပန်မှုမဖြစ်ရန် နောက်လိုက်များအား ယေရှုညွှန်ကြားခဲ့သည်။ (မဿဲ ၁၀:၁၁-၁၅ ကိုဖတ်ပါ။) ယင်းသို့ပြုရန် လက်လှမ်းမီနိုင်သော အသေးစားပန်းတိုင်များသတ်မှတ်ထားခြင်းက အထောက်အကူပြုနိုင်သည်။ ညီအစ်ကိုတစ်ဦးက မိမိကိုယ်ကို တွင်းထွက်ပစ္စည်းစူးစမ်းရှာဖွေသူတစ်ဦးနှင့် နှိုင်းယှဉ်ကာ သူ၏ဆောင်ပုဒ်မှာ “ရွှေတွေ့ဖို့ ကျွန်တော်ကြိုးစားရှာမယ်” ဟူ၍ဖြစ်သည်။ နောက်ညီအစ်ကိုတစ်ဦးက “အပတ်တိုင်း စိတ်ဝင်စားသူတစ်ဦးတွေ့ဖို့၊ သူ့ရဲ့စိတ်ဝင်စားမှုကို မြေတောင်မြှောက်ပေးဖို့ ရက်အနည်းငယ်အတွင်းပြန်လည်ပတ်ဖို့” ပန်းတိုင်ထားသည်။ ကြေညာသူအချို့က ဖြစ်နိုင်မည်ဆိုလျှင် အိမ်ရှင်တိုင်းကို အနည်းဆုံးကျမ်းချက်တစ်ချက်ဖတ်ပြရန် ကြိုးစားကြသည်။ သင့်ကိုယ်ပိုင်အတွက် အဘယ်လက်တွေ့ကျသောပန်းတိုင် ချနိုင်သနည်း။

၁၆။ ဆက်၍ဟောပြောနေရန် အဘယ်အကြောင်းရင်းများရှိသနည်း။

၁၆ တစ်အိမ်မှတစ်အိမ်ဓမ္မအမှု၏အောင်မြင်မှုမှာ ရပ်ကွက်ရှိလူတို့၏တုံ့ပြန်မှုတစ်ခုတည်းအပေါ်တွင်သာ မူတည်သည်မဟုတ်ပါ။ ဟောပြောခြင်းလုပ်ငန်းသည် စိတ်နှလုံးရိုးဖြောင့်သူတို့၏ကယ်တင်ခြင်းအတွက် အရေးပါသည့်ကဏ္ဍမှပါဝင်သည်မှာမှန်သော်လည်း အခြားအရေးပါသောရည်ရွယ်ချက်များနှင့်လည်း သက်ဆိုင်သည်။ ခရစ်ယာန်ဓမ္မအမှုသည် ယေဟောဝါအားချစ်မြတ်နိုးသည့် ကျွန်ုပ်တို့၏မေတ္တာကိုတင်ပြရန် အခွင့်အရေးတစ်ခုဖြစ်သည်။ (၁ ယော. ၅:၃) ကျွန်ုပ်တို့အား သွေးပြစ်ကျူးလွန်ခြင်းကို ရှောင်ရှားစေနိုင်သည်။ (တ. ၂၀:၂၆၊ ၂၇) ဘုရားသခင်အားလေးမြတ်မှုမရှိသူတို့ကို ဘုရားသခင်၏ “တရားစီရင်တော်မူသောအချိန် ရောက်လာပြီ” ဖြစ်ကြောင်း သတိပေးရာရောက်သည်။ (ဗျာ. ၁၄:၆၊ ၇) ထို့ထက်ကား သတင်းကောင်းဟောပြောခြင်းဖြင့် ယေဟောဝါ၏နာမတော်ကို မြေကြီးတစ်ပြင်လုံးတွင် ချီးမွမ်းမှုဖြစ်စေသည်။ (ဆာ. ၁၁၃:၃) ထို့ကြောင့် လူတို့နားထောင်သည်ဖြစ်စေ၊ နားမထောင်သည်ဖြစ်စေ ကျွန်ုပ်တို့သည် ဘုရားသခင့်နိုင်ငံတော်သတင်းကို ဆက်၍သက်သေခံနေရမည်။ မှန်ပါသည်၊ သတင်းကောင်းကြွေးကြော်ရန် ကျွန်ုပ်တို့၏ကြိုးစားအားထုတ်မှုအားလုံးသည် ယေဟောဝါ၏အမြင်တွင် အလွန်တင့်တယ်ပါသည်။—ရော. ၁၀:၁၃-၁၅

၁၇။ မကြာမီ လူတို့သည် အဘယ်အရာကို မဖြစ်မနေအသိအမှတ်ပြုကြမည်နည်း။

၁၇ ယနေ့ များစွာသောသူတို့သည် ကျွန်ုပ်တို့၏ ဟောပြောခြင်းလုပ်ငန်းကို လျစ်လျူရှုကြသော်လည်း မကြာမီ သူတို့သည် နောက်အမြင်တစ်မျိုးဖြင့် ရှုမြင်လာကြမည်။ (မ. ၂၄:၃၇-၃၉) ယေဇကျေလကြွေးကြော်သည့် တရားစီရင်ချက်သတင်း အမှန်ဖြစ်လာသည့်အခါ ပုန်ကန်သူဣသရေလလူမျိုးသည် “မိမိတို့တွင် ပရောဖက်ရှိသည်ကို သိရကြမည်” ဖြစ်ကြောင်း ယေဇကျေလအား ယေဟောဝါစိတ်ချစေခဲ့သည်။ (ယေဇ. ၂:၅) အလားတူပင် လက်ရှိစနစ်ကို ဘုရားသခင်တရားစီရင်ချိန်တွင် လူတို့က ယေဟောဝါသက်သေများ လူစုဝေးရာနေရာနှင့် တစ်အိမ်မှတစ်အိမ်ဟောပြောခဲ့သော သတင်းစကားသည် အမှန်မှာ မှန်သောဘုရားသခင် ယေဟောဝါထံမှဖြစ်ကြောင်း၊ သက်သေခံများသည် ကိုယ်တော်၏ကိုယ်စားလှယ်များ အမှန်ဖြစ်ကြောင်း မဖြစ်မနေအသိအမှတ်ပြုကြမည်။ ဤအထူးအရေးပါသောအချိန်အခါတွင် ကျွန်ုပ်တို့သည် ကိုယ်တော်၏နာမတော်ကိုခံယူခွင့်၊ ကိုယ်တော်၏သတင်းစကားကို ကြေညာခွင့်ရရှိထားခြင်းမှာ အခွင့်ထူးတစ်ရပ်ဖြစ်သည်။ ကိုယ်တော်၏ထောက်မမှုဖြင့် ကျွန်ုပ်တို့သည် တစ်အိမ်မှတစ်အိမ်ဓမ္မအမှု၏ အခက်အခဲများကို ဆက်၍ရင်ဆိုင်ဖြေရှင်းနိုင်ကြပါစေ။

သင်မည်သို့ဖြေဆိုမည်နည်း

• ဟောပြောရန် ကျွန်ုပ်တို့ မည်သို့သတ္တိမွေးနိုင်သနည်း။

• တစ်အိမ်မှတစ်အိမ်ဓမ္မအမှုတွင် ကျမ်းစာဆွေးနွေးမှုများစတင်ရန် အဘယ်အရာက အထောက်အကူပြုနိုင်သနည်း။

• အခြားသူများကို စိတ်ရင်းခံဖြင့်စိတ်ဝင်စားကြောင်း မည်သို့တင်ပြနိုင်သနည်း။

• ကျွန်ုပ်တို့ရပ်ကွက်ရှိလူတို့အပေါ် အပြုသဘောဆက်ရှိရန် အဘယ်အရာက အထောက်အကူပြုနိုင်သနည်း။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၉ ပါလေးထောင့်ကွက်နှင့်ရုပ်ပုံ]

ကျမ်းစာဆွေးနွေးမှုများစရန် နည်းတစ်နည်း

အစပြုရန်–

▪ အိမ်ရှင်ကိုနှုတ်ဆက်ပြီးနောက် ဝေစာတစ်စောင်ကမ်းပေးကာ ဤသို့ပြောနိုင်သည်– “ဒီအရေးကြီးတဲ့အကြောင်းအရာကနေ အားရှိစရာအချက်တစ်ချက်ကို ဝေမျှချင်လို့ ဒီနေ့ ဒီကိုလည်ပတ်ရတာပါ။”

▪ သို့မဟုတ်၊ ဝေစာတစ်စောင်ကမ်းပေးကာ ဤသို့ပြောနိုင်သည်– “ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး မိတ်ဆွေဘယ်လိုယူဆတယ်ဆိုတာ သိချင်တဲ့အတွက် ခဏတစ်ဖြုတ်လာလည်ပတ်ရတာပါ။”

ဝေစာကိုလက်ခံလျှင်–

▪ အတော်ကြာသည့်အထိ စကားရပ်မထားဘဲ ဝေစာခေါင်းစဉ်ပေါ်အခြေခံကာ ရိုးရှင်းသောသဘောထားမေးခွန်းတစ်ခုမေးပါ။

▪ အိမ်ရှင်၏သဘောထားကို နားလည်သဘောပေါက်ရန် ဂရုတစိုက်နားထောင်ပါ။ သူ၏ဖြေဆိုချက်အတွက် ကျေးဇူးတင်ကာ အသိအမှတ်ပြုဆွေးနွေးပါ။

ဆွေးနွေးမှုကိုဆက်ရန်–

▪ အိမ်ရှင်စိတ်ဝင်စားရာများ၊ လိုအပ်ရာများနှင့်အညီ သင့်တင်ဆက်မှုကိုပြုပြင်ကာ ကျမ်းချက်တစ်ချက် သို့မဟုတ် ထိုထက်မကဖတ်ပြီး ဆွေးနွေးပါ။

▪ စိတ်ဝင်စားမှုတင်ပြပါက စာပေဝေငှကာ ဖြစ်နိုင်မည်ဆိုလျှင် ကျမ်းစာသင်အံမှုကို သရုပ်ပြပါ။ ပြန်လည်ပတ်ရန်စီစဉ်ပါ။