မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အကျိုးသင့်အကြောင်းသင့် မျှော်လင့်ပြီး ရွှင်လန်းလော့

အကျိုးသင့်အကြောင်းသင့် မျှော်လင့်ပြီး ရွှင်လန်းလော့

အကျိုးသင့်အကြောင်းသင့် မျှော်လင့်ပြီး ရွှင်လန်းလော့

“ငါမအောင်မြင်ပြန်ဘူး။” ကြိုတင်စီစဉ်ထားရာကို ပြီးမြောက်အောင်မလုပ်နိုင်သောကြောင့် ယင်းသို့ သင် ဘယ်နှစ်ကြိမ်ပြောခဲ့ဖူးသနည်း။ ငယ်ရွယ်သောခရစ်ယာန်မိခင်တစ်ဦးသည် မိမိ၏မွေးကင်းစကလေးကို အဆက်မပြတ်ဂရုစိုက်နေရသည့်အတွက် စိတ်ဖိစီးနွမ်းလျမှုခံစားနေရပြီး ဝိညာဉ်ရေးရာများကို ပို၍အာရုံမစိုက်နိုင်တော့သဖြင့် မချင့်မရဲဖြစ်ခြင်းကြောင့် အထက်ပါခံစားမှုမျိုးကို ထုတ်ဖော်ပြောပေမည်။ နောက်ခရစ်ယာန်တစ်ဦးမှာမူ ငယ်ရွယ်စဉ်ပြုစုပျိုးထောင်ခံရပုံကြောင့် အရည်အချင်းမရှိဟုခံစားရပေမည်၊ အသင်းတော်တွင် မိမိသည် ဘယ်တော့မှအပြည့်အဝမလုပ်ဆောင်ဟု ထင်နေသည်။ သက်ကြီးရွယ်အိုသက်သေခံညီအစ်မတစ်ဦးသည် မိမိခွန်အားပို၍ရှိစဉ်၊ လှုပ်ရှားသွားလာနိုင်ချိန်က ပျော်မွေ့ခဲ့သော ခရစ်ယာန်လုပ်ငန်းများတွင် အပြည့်အဝမပါဝင်နိုင်တော့သဖြင့် စိတ်ဓာတ်ကျနေပေမည်။ ခရစ္စတီးယန်းသည် ယေဟောဝါ၏လုပ်ငန်းတော်တွင် အတတ်နိုင်ဆုံးပါဝင်လုပ်ဆောင်လိုသော်လည်း မိသားစုအခြေအနေက သူ့ကိုတားဆီးနေသည့်အတွက် “ရှေ့ဆောင်လုပ်ဖို့အားပေးတဲ့ဟောပြောချက်ဟာ တစ်ခါတလေ ကျွန်မကိုမျက်ရည်ကျစေတယ်” ဟုပြောခဲ့သည်။

ဤကဲ့သို့သောခံစားချက်များကို ကျွန်ုပ်တို့ မည်သို့ကိုင်တွယ်နိုင်သနည်း။ ခရစ်ယာန်အချို့တို့သည် မိမိတို့၏အခြေအနေများကို အရှိအတိုင်းရှုမြင်တတ်ဖို့ ကောင်းစွာမည်သို့ပြုစုပျိုးထောင်နိုင်ခဲ့ပြီနည်း။ မျှတသောမျှော်လင့်ချက်ထားရှိခြင်း၏ အကျိုးကျေးဇူးများကား အဘယ်နည်း။

အကျိုးသင့်အကြောင်းသင့်ရှိပါ

“သခင်ဘုရား၌ အစဉ်မပြတ်ဝမ်းမြောက်ခြင်းရှိကြလော့။ တစ်ဖန်ငါဆိုသည်ကား ဝမ်းမြောက်ကြလော့။ လူအပေါင်းတို့ရှေ့၌ သင်တို့၏ဖြည်းညင်းခြင်းသဘော [“အကျိုးသင့်အကြောင်းသင့်ရှိမှု၊ကဘ] ကို ထင်ရှားစေကြလော့” ဟု တမန်တော်ပေါလုပြောရာတွင် ကျွန်ုပ်တို့၏ရွှင်လန်းမှုကို ထိန်းသိမ်းထားနိုင်သည့်သော့ချက် ပြောနေခြင်းဖြစ်သည်။ (ဖိ. ၄:၄၊ ၅) ဘုရားသခင့်အမှုတော်ဆောင်ရာတွင် ပျော်ရွှင်ကျေနပ်မှုခံစားရရန် ကျွန်ုပ်တို့၏ကိုယ်ပိုင်လုပ်ဆောင်နိုင်စွမ်းနှင့် အခြေအနေပေါ်မူတည်၍ အကျိုးသင့်အကြောင်းသင့်ရှိသော မျှော်လင့်ချက်များကို ပြုစုပျိုးထောင်ဖို့လိုအပ်သည်။ အကျိုးသင့်အကြောင်းသင့်မရှိသည့် ပန်းတိုင်များရောက်ဖို့ ဘာကိုမဆိုပေးဆပ်ရန် ကြိုးစားပါက ကျွန်ုပ်တို့သည် ကိုယ့်ကိုယ်ကိုစိတ်ပင်ပန်းစေမည်။ တစ်ဖက်တွင်မူ ကျွန်ုပ်တို့သည် မိမိဘာသာရှုမြင်သည့် မိမိ၏ကန့်သတ်ချက်များကို ခရစ်ယာန်ဓမ္မအမှုတွင် လိုအပ်သည်ထက်ပို၍ အရှိန်လျှော့ချရန်အကြောင်းပြချက်အဖြစ် အသုံးပြုကာ မိမိကိုယ်ကိုသက်ညှာလွန်းသူဖြစ်မလာစေရန် သတိပြုသင့်သည်။

ကျွန်ုပ်တို့၏အခြေအနေမည်သို့ပင်ဖြစ်ပါစေ ကျွန်ုပ်တို့သည် ယေဟောဝါအား စိတ်နှလုံးအကြွင်းမဲ့ အတတ်နိုင်ဆုံးအမှုဆောင်ရန် ကိုယ်တော်တောင်းဆိုတော်မူသည်။ (ကော. ၃:၂၃၊ ၂၄) ကျွန်ုပ်တို့သည် ယေဟောဝါအား ကျွန်ုပ်တို့အတတ်နိုင်ဆုံးထက်လျော့၍ပေးပါက ကိုယ်တော်ထံ ကျွန်ုပ်တို့၏အပ်နှံခြင်းနှင့်အညီ အသက်ရှင်ရာမရောက်ပေ။ (ရော. ၁၂:၁) ထို့ပြင် စိတ်နှလုံးအကြွင်းမဲ့အမှုဆောင်ခြင်းမှရရှိသည့် ကျေနပ်ရောင့်ရဲမှု၊ စစ်မှန်သောပျော်ရွှင်မှုနှင့် အခြားသောကောင်းချီးမင်္ဂလာများကို လက်လွတ်ဆုံးရှုံးလိမ့်မည်။—သု. ၁၀:၂၂

သမ္မာကျမ်းစာ၌ “အကျိုးသင့်အကြောင်းသင့်” ဟူသောစကားလုံးကိုပြန်ဆိုရာတွင် ချင့်ချိန်တတ်သောသဘောပါဝင်သည်။ ယင်း၏စာသားအတိုင်းအဓိပ္ပာယ်မှာ “အလျှော့ပေးလိုက်လျောခြင်း” ဟုအဓိပ္ပာယ်ရသည်။ (ယာ. ၃:၁၇ကဘ) ယင်းစကားလုံးသည် တင်းမာလွန်းခြင်းမရှိသောသဘောလည်းသက်ရောက်သည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် အကျိုးသင့်အကြောင်းသင့်ရှိသူဖြစ်ပါက ကျွန်ုပ်တို့၏အခြေအနေကို မျှမျှတတရှုမြင်နိုင်ပေလိမ့်မည်။ ယင်းသို့လုပ်ဆောင်ရန်ခက်ခဲသလော။ အချို့သူတို့သည် အခြားသူတို့ကို စာနာထောက်ထားစွာရှုမြင်နိုင်သော်လည်း မိမိတို့ကိုယ်တိုင်ကိုမူ မျှမျှတတရှုမြင်ရန် ခက်ခဲကြသည်။ ဥပမာ၊ ရင်းနှီးသောမိတ်ဆွေတစ်ဦးသည် ကိစ္စရပ်များစွာကို လုပ်ဆောင်နေသောကြောင့် မောဟိုက်နွမ်းလျပုံပြနေပါက သူ့အသက်တာတွင် အချို့သောပြုပြင်ပြောင်းလဲမှုများပြုလုပ်ခြင်းသည် ပညာရှိရာရောက်ကြောင်းတွေ့မြင်လာရန် ကျွန်ုပ်တို့ကြိုးစားကူညီမည်မဟုတ်လော။ အလားတူပင် မိမိ၏ကန့်သတ်ချက်ထက် ကျော်လွန်ပြီးလုပ်ကိုင်နေကြောင်း အရိပ်အခြေပြလာသည်ကို သိမှတ်ရန် သင်ယူဖို့လိုအပ်သည်။—သု. ၁၁:၁၇

လွန်ကဲစွာတောင်းဆိုတတ်သော မိဘများ၏ပြုစုပျိုးထောင်မှုခံရပါက မိမိတို့၏အကန့်အသတ်ကို အကျိုးသင့်အကြောင်းသင့်ရှုမြင်တတ်ဖို့ ပို၍စိန်ခေါ်မှုဖြစ်နိုင်သည်။ အချို့က ကလေးဘဝတွင် မိမိတို့သည် အမြဲပို၍လုပ်ဆောင်ရမည် သို့မဟုတ် မိဘမေတ္တာရရန် ပိုကောင်းရမည်ဟု ခံစားခဲ့ကြသည်။ ယင်းသို့ဖြစ်ခဲ့ပါက ကျွန်ုပ်တို့ကို ယေဟောဝါရှုမြင်ပုံနှင့်ပတ်သက်ပြီး ကျွန်ုပ်တို့၏သဘောထား လွဲမှားနေပေသည်။ ကျွန်ုပ်တို့သည် ယေဟောဝါ၏အမှုတော်ကို နှလုံးအကြွင်းမဲ့ထမ်းဆောင်သောကြောင့် ကိုယ်တော် ကျွန်ုပ်တို့ကိုချစ်တော်မူသည်။ သမ္မာကျမ်းစာက ယေဟောဝါသည် “ငါတို့ကိုယ်ခန္ဓာကိုသိတော်မူ၏။ ငါတို့သည်မြေမှုန့်ဖြစ်ကြောင်းကို အောက်မေ့တော်မူ” ၏ဟုအာမခံထားသည်။ (ဆာ. ၁၀၃:၁၄) သို့ဖြစ်သည့်တိုင် ကျွန်ုပ်တို့သည် ဇွဲရှိရှိအမှုဆောင်သည့်အခါ ကိုယ်တော်သည် ကျွန်ုပ်တို့တတ်နိုင်ရာကိုသိတော်မူပြီး ချစ်တော်မူ၏။ ကျွန်ုပ်တို့၏ဘုရားသခင်သည် တင်းကျပ်ရက်စက်သောအရှင်မဟုတ်ကြောင်းသိရခြင်းက မိမိ၏အကန့်အသတ်ကို အသိအမှတ်ပြုကာ မိမိကိုယ်ကို တော်သင့်ရုံမျှော်လင့်စေရန် ကူညီပေးပါလိမ့်မည်။—မိ. ၆:၈

သို့သော် အချို့သူတို့သည် ထိုသို့မျှတသည့်သဘောထားမွေးမြူရန် အခက်တွေ့ကြသည်။ သင်ထိုသို့ဖြစ်နေပါက သင့်အား ကောင်းစွာသိသည့် အတွေ့အကြုံရှိခရစ်ယာန်တစ်ဦး၏အကူအညီကို အဘယ်ကြောင့်မရှာသနည်း။ (သု. ၂၇:၉) ဥပမာ၊ သင်သည် မှန်မှန်ရှေ့ဆောင်တစ်ဦးအဖြစ် အမှုဆောင်လိုပါသလော။ ယင်းသည် အလွန်ကောင်းသောပန်းတိုင်ဖြစ်သည်။ ယင်းပန်းတိုင်သို့တက်လှမ်းရန် အခက်တွေ့နေပါသလော။ သင့်ဘဝကို ရိုးရိုးရှင်းရှင်းထားရန် အကူအညီလိုကောင်းလိုပေမည်။ သို့မဟုတ် မိသားစုတာဝန်များစွာက ဤအချိန်တွင် မှန်မှန်ရှေ့ဆောင်လုပ်ခြင်းသည် လက်တွေ့ကျပန်းတိုင်ဖြစ်မဖြစ်ကို သင်ယုံကြည်ကိုးစားရသောခရစ်ယာန်မိတ်ဆွေက သင်နှင့်ဆွေးနွေးပေမည်။ သင်ထပ်ဆင့်ဆောင်ရွက်လိုသော အရာများကို လုပ်နိုင်ခြေရှိမရှိ သို့မဟုတ် ပို၍လုပ်ဆောင်နိုင်ဖို့ မည်သည့်ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နိုင်သည်ကို သိမြင်လာရန် သူကူညီပေးနိုင်သည်။ ခင်ပွန်းသည်,သည်လည်း ဇနီးသည် လုပ်ဆောင်နိုင်စွမ်းနှင့်သင့်တော်မည့် နှုန်းထားကိုသိရှိရန် ကူညီပေးဖို့ ကောင်းသောအနေအထားတွင်ရှိသည်။ ဥပမာ၊ လုပ်ငန်းဆောင်တာများ တိုးလုပ်ဆောင်မည့်လသစ်မစတင်မီ ဇနီးသည်အား အနည်းငယ်အနားယူရန် ခင်ပွန်းသည်က အကြံပေးနိုင်သည်။ ယင်းက သူ့ကိုခွန်အားပြည့်စေနိုင်ပြီး ဓမ္မအမှုတွင် သူ၏ရွှင်လန်းမှုတည်မြဲစေရန် အထောက်အကူပြုပေလိမ့်မည်။

သင်လုပ်နိုင်သည့်အရာများကိုရှာပါလေ

အသက်အရွယ်ကြီးရင့်လာခြင်း သို့မဟုတ် ကျန်းမာရေးချို့တဲ့ခြင်းတို့က ယေဟောဝါလုပ်ငန်းတော်တွင် ကျွန်ုပ်တို့၏လုပ်ဆောင်နိုင်မှုကို လျော့နည်းသွားစေပေမည်။ သင်သည်မိဘဖြစ်ပါက ငယ်ရွယ်သောကလေးများအတွက် သင့်အချိန်နှင့်ခွန်အားများစွာကို အသုံးပြုနေရသောကြောင့် ကိုယ်ပိုင်လေ့လာမှုနှင့် ခရစ်ယာန်စည်းဝေးများမှ အကျိုးအနည်းငယ်သာရသည်ဟု သင်ခံစားရပေမည်။ သို့သော် မိမိ၏အကန့်အသတ်ကို အာရုံစိုက်နေခြင်းက လုပ်နိုင်သေးသည့်အရာကိုမမြင်အောင် အတားအဆီးဖြစ်နေသည့်အခါများ ရှိပါသလော။

လွန်ခဲ့သောနှစ်ထောင်ပေါင်းများစွာက လေဝိသားတစ်ဦးသည် မဖြစ်နိုင်သည့်ဆန္ဒကို ထုတ်ဖော်ခဲ့သည်။ သူသည် ဝတ်ပြုရာအိမ်တော်တွင် နှစ်စဉ် နှစ်ပတ်သွားရောက်အမှုထမ်းဆောင်ရန် အခွင့်အရေးရှိခဲ့သည်။ သို့သော် ယဇ်ပလ္လင်နားတွင် အမြဲနေလိုသည့် ချီးကျူးဖွယ်ဆန္ဒကိုထုတ်ဖော်ခဲ့သည်။ (ဆာ. ၈၄:၁-၃) ဤသစ္စာရှိအမျိုးသားကို အဘယ်အရာက ကျေနပ်ရောင့်ရဲစေခဲ့သနည်း။ ဝတ်ပြုရာအိမ်တော်တံတိုင်းထဲတွင် တစ်ရက်မျှသာရှိနေခြင်းကပင် ထူးခြားသည့်အခွင့်အရေးဖြစ်ကြောင်း သူသဘောပေါက်ခဲ့သည်။ (ဆာ. ၈၄:၄၊ ၅၊ ၁၀) အလားတူပင် ကျွန်ုပ်တို့၏အကန့်အသတ်ဖြစ်မှုများအပေါ် တွေးနေမည့်အစား လုပ်ဆောင်နိုင်ရာကို ပိုင်းခြားသိမြင်ပြီး ကျေးဇူးတင်လေးမြတ်ရန်ကြိုးစားသင့်သည်။

ဥပမာအနေနှင့် ကနေဒါနိုင်ငံမှ ခရစ်ယာန်ညီအစ်မတစ်ဦးဖြစ်သူ နာလဲန်ကိုကြည့်ပါ။ သူသည် ဘီးတပ်ကုလားထိုင်ဖြင့်သွားလာရသူဖြစ်ပြီး ဓမ္မအမှုတွင်ပါဝင်နိုင်မှုအလွန်နည်းသည်ဟု ခံစားခဲ့ရသည်။ သို့ရာတွင် အနီးရှိကုန်ပဒေသာဆိုင်ကြီးကို ဟောပြောရန် ကိုယ်ပိုင်ရပ်ကွက်အဖြစ်ရှုမြင်ခြင်းအားဖြင့် အမြင်ပြောင်းလဲခဲ့သည်။ သူဤသို့ပြောသည်– “ဆိုင်ထဲကခုံတန်းရှည်နားမှာ ဘီးတပ်ကုလားထိုင်ပေါ် ကျွန်မထိုင်နေတယ်။ ခဏတစ်ဖြုတ်အနားယူဖို့ လာထိုင်ကြသူတွေကို သက်သေခံရတာပျော်တယ်။” ဤသို့ အရေးကြီးသည့်ဓမ္မအမှုပုံစံတွင်ပါဝင်ရခြင်းက နာလဲန်ကို များစွာကျေနပ်မှုဖြစ်စေသည်။

လိုအပ်ပါက ပြုပြင်ပါ

ရွက်သင်္ဘောတစ်စီးသည် တိုက်ခတ်နေသောလေအရှိန်ပြင်းပြင်းဖြင့် ရွက်လွှင့်နေပေမည်။ သို့ရာတွင် ပဲ့ကိုင်သောသင်္ဘောသားသည် ကြောက်မက်ဖွယ်ကောင်းသောမုန်တိုင်းနှင့် ရင်ဆိုင်ရသောအခါ ရွက်ကိုအလိုက်သင့်ချိန်ညှိရတော့မည်။ သူသည် မုန်တိုင်းကိုမထိန်းချုပ်နိုင်သော်လည်း ပြုပြင်ပြောင်းလဲမှုပြုလုပ်ခြင်းအားဖြင့် သူ၏ရွက်သင်္ဘောကိုထိန်းချုပ်ထားနိုင်သည်။ ထို့နည်းတူ ကျွန်ုပ်တို့ဘဝတွင်ရင်ဆိုင်ရသော မုန်တိုင်းနှင့်တူသည့်အခြေအနေများကို များသောအားဖြင့် ကျွန်ုပ်တို့မထိန်းချုပ်နိုင်ချေ။ သို့သော် ရုပ်ပိုင်း၊ စိတ်ပိုင်းနှင့် စိတ်လှုပ်ရှားမှုစွမ်းရည်များကို ကျွန်ုပ်တို့အသုံးပြုပုံနည်းလမ်း ပြုပြင်ခြင်းအားဖြင့် ကျွန်ုပ်တို့၏ဘဝကို အတတ်နိုင်ဆုံးထိန်းချုပ်နိုင်သည်။ ကျွန်ုပ်တို့၏အခြေအနေသစ်များကို ထည့်တွက်သုံးသပ်သည့်အခါ ဘုရားသခင်အမှုတော်ဆောင်ရာတွင် ကျေနပ်မှုနှင့်ရွှင်လန်းမှုတည်မြဲနေစေရန် အထောက်အကူပြုပါလိမ့်မည်။—သု. ၁၁:၂

ဥပမာအချို့ကို သုံးသပ်ကြည့်ပါ။ ကျွန်ုပ်တို့တွင်ခွန်အားအနည်းငယ်သာရှိပါက နေ့၏စောစောပိုင်းတွင် နွမ်းနယ်စေသည့်လုပ်ဆောင်မှုများကိုရှောင်ရန် သင့်လျော်ကြောင်းတွေ့ရှိပေမည်၊ သို့မှသာ ညနေပိုင်းတွင် ခရစ်ယာန်အစည်းအဝေးကို တက်ရောက်ရန်ခွန်အားရှိပါလိမ့်မည်။ ယင်းသည် ခရစ်ယာန်ချင်းတို့နှင့်ပေါင်းသင်းရန် အခွင့်အရေးအပြည့်အဝရရှိစေမည်ဖြစ်သည်။ သို့မဟုတ် မိခင်တစ်ဦးသည် မိမိကလေးနေထိုင်မကောင်းသောကြောင့် တစ်အိမ်မှတစ်အိမ်ဓမ္မအမှုတွင်မပါဝင်နိုင်ပါက ကလေးအိပ်နေချိန်အတွင်း ကျမ်းစာဆွေးနွေးမှုတွင်ပါဝင်နိုင်ရန် ခရစ်ယာန်ညီအစ်မတစ်ဦးနှင့် သူ၏ကျမ်းစာသင်သားကို အိမ်သို့ဖိတ်ခေါ်ခြင်းသည် လက်တွေ့ကျကြောင်းတွေ့ရှိပေမည်။

အသင်းတော်အစည်းအဝေးများတွင် သုံးသပ်မည့်အရာအားလုံးကို ကြိုတင်လေ့လာရန် သင့်အခြေအနေကခွင့်မပြုပါက အသို့နည်း။ သင်မည်မျှပြင်ဆင်နိုင်သည်ကိုဆုံးဖြတ်ပြီး တတ်နိုင်သရွေ့လုပ်ဆောင်သွားပါ။ ကျွန်ုပ်တို့၏လတ်တလောပန်းတိုင်များကို ပြုပြင်သွားခြင်းအားဖြင့် ကျွန်ုပ်တို့သည် တက်ကြွပြီးပျော်ရွှင်နိုင်ပါသည်။

ကျွန်ုပ်တို့၏ပန်းတိုင်များကိုပြုပြင်ခြင်းတွင် ဆုံးဖြတ်ချက်နှင့်အားထုတ်မှုလိုပေမည်။ ပြင်သစ်နိုင်ငံမှ ဆာဂ်ျနှင့်အဲန်ယက်စ်မောင်နှံတို့သည် သူတို့၏အစီအစဉ်များကို ပြောင်းလဲမှုကြီးပြုလုပ်ခဲ့ရသည်။ “အဲန်ယက်စ်မှာ ကိုယ်ဝန်ရှိနေပြီဆိုတဲ့အကြောင်းသိလိုက်ရတဲ့အခါ သာသနာပြုလုပ်ဖို့ ကျွန်တော်တို့ရဲ့အိပ်မက် ပျက်စီးသွားခဲ့တယ်” ဟုဆာဂ်ျကပြောသည်။ ယနေ့ မြူးကြွသွက်လက်သောသမီးနှစ်ယောက်၏ဖခင်ဆာဂ်ျက မိမိတို့ဇနီးမောင်နှံ ပန်းတိုင်သစ်ကို မည်သို့ချခဲ့ကြောင်းရှင်းပြသည်။ သူဤသို့ပြောသည်– “တိုင်းတစ်ပါးမှာအမှုမဆောင်နိုင်တော့တဲ့အတွက် ကိုယ့်တိုင်းပြည်မှာပဲ ‘ခရစ်ယာန်သာသနာပြု’ လုပ်ဖို့ဆုံးဖြတ်လိုက်ကြတယ်။ ကျွန်တော်တို့ နိုင်ငံခြားဘာသာစကားပြောအုပ်စုနဲ့ ပူးပေါင်းခဲ့တယ်။” သူတို့သည် ထိုပန်းတိုင်သစ်ချခြင်းမှ အကျိုးရခဲ့ပါသလော။ ဆာဂ်ျဤသို့မှတ်ချက်ချသည်– “အသင်းတော်မှာ ကျွန်တော်တို့ဟာ အရမ်းအသုံးဝင်တယ်လို့ခံစားရတယ်။”

ပြင်သစ်နိုင်ငံမှအသက် ၇၀ ကျော်ခရစ်ယာန်ညီအစ်မ အော့ဒီလ်သည် ဒူးဆစ်ရောင်ရမ်းနာခံစားနေရသဖြင့် ကြာကြာမရပ်နိုင်ချေ။ သူ၏ကျန်းမာရေးချို့တဲ့မှုက တစ်အိမ်မှတစ်အိမ်ဓမ္မအမှုတွင်ပါဝင်ရန် အတားအဆီးဖြစ်စေသောကြောင့် စိတ်ဓာတ်ကျခဲ့သည်။ သို့ရာတွင် သူသည် လက်မလျှော့ခဲ့ပါ။ တယ်လီဖုန်းဖြင့်သက်သေခံခြင်းအားဖြင့် သူ၏လုပ်ဆောင်မှုများကို ပြုပြင်ခဲ့သည်။ သူဤသို့ပြောသည်– “ဒါက ကျွန်မထင်တာထက် ပိုလွယ်ကူပြီး ပိုပျော်စရာကောင်းတယ်။” ဟောပြောခြင်းနည်းက သူ့ကို ဓမ္မအမှုတွင်ပြန်လည်ပါဝင်ရန် လှုံ့ဆော်ခဲ့သည်။

အကျိုးသင့်အကြောင်းသင့်မျှော်လင့်ခြင်းက ကောင်းချီးများရ

ကျွန်ုပ်တို့လုပ်နိုင်ရာကို အကျိုးသင့်အကြောင်းသင့်ရှုမြင်တတ်အောင် ပျိုးထောင်ခြင်းက စိတ်ပျက်စရာများစွာကို ရှောင်နိုင်မည်။ မျှတသောပန်းတိုင်များချခြင်းအားဖြင့် ကျွန်ုပ်တို့တွင်အကန့်အသတ်ရှိငြား အောင်မြင်မှုရှိလာမည်။ ကျွန်ုပ်တို့သည် အနည်းငယ်ပင်ပြီးမြောက်ပါစေ ပြီးမြောက်နိုင်မှုအပေါ် ဝမ်းမြောက်ပေမည်။—ဂလ. ၆:၄

မိမိကိုယ်ကိုမျှမျှတတမျှော်လင့်ရန် ပျိုးထောင်သည့်အခါ ခရစ်ယာန်းချင်းများကိုလည်း ပို၍ကိုယ်ချင်းစာနာစိတ်ရှိလာလိမ့်မည်။ သူတို့၏အကန့်အသတ်ရှိမှုကို သတိပြုမိကာ ကျွန်ုပ်တို့အတွက် သူတို့လုပ်ဆောင်ပေးရာများကို အမြဲကျေးဇူးတင်ပေလိမ့်မည်။ ပေးလာသည့် မည်သည့်အကူအညီကိုမဆို လေးမြတ်မှုတင်ပြခြင်းအားဖြင့် ပူးပေါင်းဆောင်ရွက်သည့်စိတ်ဓာတ်နှင့် အပြန်အလှန်နားလည်မှုတို့ရှိစေသည်။ (၁ ပေ. ၃:၈) မေတ္တာရှင်ခမည်းတော်ယေဟောဝါသည် ကျွန်ုပ်တို့တတ်နိုင်သည်ထက်ပို၍ ဘယ်တော့မျှမတောင်းဆိုကြောင်း သတိရပါ။ ကျွန်ုပ်တို့သည် မျှတသောမျှော်လင့်ချက်ထားပြီး မီနိုင်သောပန်းတိုင်များချမှတ်သည့်အခါ ကျွန်ုပ်တို့၏ဝိညာဉ်ရေးလုပ်ဆောင်မှုများက ကျွန်ုပ်တို့ကို ပို၍ကျေနပ်ရွှင်လန်းမှုဖြစ်စေပါလိမ့်မည်။

[စာမျက်နှာ ၂၉ ပါအဓိကအချက်]

ဘုရားသခင့်အမှုတော်ဆောင်ရာတွင် ပျော်ရွှင်ကျေနပ်မှုခံစားရရန် ကျွန်ုပ်တို့၏ ကိုယ်ပိုင်လုပ်ဆောင်နိုင်စွမ်းနှင့် အခြေအနေပေါ် မူတည်၍ အကျိုးသင့်အကြောင်းသင့်ရှိသော မျှော်လင့်ချက်များကို ပြုစုပျိုးထောင်ဖို့ လိုအပ်သည်

[စာမျက်နှာ ၃၀ ပါရုပ်ပုံ]

နာလဲန်သည် ဓမ္မအမှုတွင် တတ်နိုင်သလောက်လုပ်ဆောင်ခြင်းဖြင့် ရွှင်လန်းမှုခံစားရ

[စာမျက်နှာ ၃၁ ပါရုပ်ပုံ]

“ရွက်လွှင့်ရာတွင် ချိန်ညှိ” တတ်ရန်သင်ယူပါ

[Credit Line]

© Wave Royalty Free/age fotostock

[စာမျက်နှာ ၃၂ ပါရုပ်ပုံ]

ဆာဂ်ျနှင့်အဲန်ယက်စ်တို့သည် ပန်းတိုင်သစ်များချမှတ်ခြင်းမှ အကျိုးရခဲ့