မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အဘယ်အရာသည် အကျိုးရှိမည်ကို မသိနိုင်

အဘယ်အရာသည် အကျိုးရှိမည်ကို မသိနိုင်

အဘယ်အရာသည် အကျိုးရှိမည်ကို မသိနိုင်

“နံနက်အချိန်၌ မျိုးစေ့ကိုကြဲလော့။ ညဦးအချိန်၌လည်း မကြဲဘဲမနေနှင့်။ အကြောင်းမူကား အဘယ်အရာသည် အကျိုးရှိမည်ကို . . . မသိနိုင်။”—ဒေ. ၁၁:၆

၁။ ကြီးပွားမှုဖြစ်စဉ်ကိုတွေ့မြင်ရခြင်းသည် အဘယ်ကြောင့် အံ့အားသင့်စေပြီး နှိမ့်ချစိတ်ရှိစေသနည်း။

လယ်သမားတစ်ဦးသည် သည်းခံစိတ်ရှည်ဖို့လိုသည်။ (ယာ. ၅:၇) မျိုးစေ့ကြဲပြီးနောက် မျိုးစေ့အညှောက်ပေါက်ပြီး ကြီးလာရန် စောင့်ဆိုင်းဖို့လိုသည်။ အခြေအနေကောင်းသည့်အခါ အညှောက်ကလေးများသည် မြေမျက်နှာပြင်ကိုထိုးဖောက်ကာ တဖြည်းဖြည်းထွက်လာသည်။ ထို့နောက် အပင်အဖြစ်ကြီးထွားလာပြီး အနှံများထွက်လာသည်။ လယ်သမားအတွက် နောက်ဆုံးတွင် ရိတ်သိမ်းရန်အသင့်ဖြစ်လေပြီ။ အံ့ဖွယ်ကြီးပွားမှုကို တွေ့မြင်ရခြင်းသည် အလွန်အံ့အားသင့်စရာပင်။ ယင်းကြီးပွားမှုကိုဖြစ်စေသောအရှင်အား သိရခြင်းက အလွန်စိတ်နှိမ့်ချစေသည်။ ကျွန်ုပ်တို့သည် မျိုးစေ့ကို စိုက်ပျိုးနိုင်သည်။ ရေလောင်းခြင်းဖြင့် ယင်းကိုပြုစုနိုင်ကြသည်။ သို့သော် ဘုရားသခင်တစ်ပါးတည်းသာ ကြီးပွားစေနိုင်သည်။—၁ ကောရိန္သု ၃:၆ နှင့်နှိုင်းယှဉ်ပါ။

၂။ ရှေ့ဆောင်းပါးတွင် သုံးသပ်ခဲ့သောပုံဥပမာတို့တွင် ဝိညာဉ်ရေးကြီးပွားမှုနှင့်ပတ်သက်၍ အဘယ်အချက်များကို ယေရှုသွန်သင်ခဲ့သနည်း။

ရှေ့ဆောင်းပါးတွင်ဖော်ပြခဲ့သည့်အတိုင်း ယေရှုက ဘုရားသခင့်နိုင်ငံတော်ဟောပြောခြင်းလုပ်ငန်းကို မျိုးစေ့ကြဲသောလယ်သမားတစ်ဦးနှင့် နှိုင်းယှဉ်ခဲ့သည်။ အမျိုးအစားမတူသောမြေ ပုံဥပမာတွင် ယေရှုက လယ်သမားသည် မျိုးစေ့ကောင်းကိုကြဲသည့်တိုင် မျိုးစေ့ရှင်သန်မည်၊ မရှင်သန်မည်မှာ တစ်ဦးစီ၏နှလုံးအခြေအနေက ပိုင်းဖြတ်ကြောင်း အလေးပေးဖော်ပြခဲ့သည်။ (မာ. ၄:၃-၉) အိပ်နေသောမျိုးစေ့ကြဲသူပုံဥပမာတွင် ယေရှုက လယ်သမားသည် ကြီးပွားမှုဖြစ်စဉ်ကို အပြည့်အဝနားမလည်ကြောင်း ပေါ်လွင်စေခဲ့သည်။ အကြောင်းမှာ ကြီးပွားမှုသည် လူ့ကြိုးစားအားထုတ်မှုကြောင့်မဟုတ်ဘဲ ဘုရားသခင့်တန်ခိုးတော်ကြောင့်ဖြစ်သည်။ (မာ. ၄:၂၆-၂၉) ယခု ယေရှု၏ပုံဥပမာထဲမှ နောက်ထပ်သုံးခု—မုန်ညင်းစေ့၊ တဆေး၊ ပိုက်ကွန်—ကို သုံးသပ်ကြည့်ကြစို့။ *

မုန်ညင်းစေ့ပုံဥပမာ

၃၊ ၄။ မုန်ညင်းစေ့ပုံဥပမာက ဘုရားသခင့်နိုင်ငံတော်သတင်းနှင့်ပတ်သက်၍ အဘယ်အသွင်အပြင်များကို ပေါ်လွင်စေသနည်း။

မာကုအခန်းကြီး ၄ တွင်မှတ်တမ်းတင်ထားသော မုန်ညင်းစေ့ပုံဥပမာကလည်း ဤအချက်နှစ်ချက်ကို ပေါ်လွင်စေသည်– ပထမ၊ ဘုရားသခင့်နိုင်ငံတော်သတင်း အံ့ဖွယ်ကောင်းလောက်အောင် ကြီးပွားမှု; ဒုတိယ၊ တရားစကားလက်ခံသူတို့ကို ကာကွယ်မှုဖြစ်သည်။ ယေရှုဤသို့မိန့်တော်မူခဲ့၏– “ဘုရားသခင်၏နိုင်ငံတော်ကို အဘယ်သို့ပုံပြရအံ့နည်း။ အဘယ်ဥပမာနှင့်ခိုင်းနှိုင်းရအံ့နည်းဟူမူကား မုန်ညင်းစေ့နှင့်တူ၏။ မုန်ညင်းစေ့သည် မြေ၌စိုက်သောအခါ မြေ၌ရှိသောအစေ့တကာတို့ထက်ငယ်သော်လည်း စိုက်ပြီးမှအပင်ပေါက်၍ မြက်ပင်တကာတို့ထက်ကြီးပွားသဖြင့် မိုးကောင်းကင်ငှက်တို့သည် အရိပ်ခို၍နားနေလောက်သော အကိုင်းအခက်ကြီးတို့ကိုဖြစ်စေတတ်သည်။”—မာ. ၄:၃၀-၃၂

“ဘုရားသခင်၏နိုင်ငံတော်” ကြီးပွားမှုဆိုင်ရာ ဤပုံဖော်ချက်ကို စီအီး ၃၃၊ ပင်တေကုတ္တေပွဲနေ့မှစ၍ ဘုရားသခင့်နိုင်ငံတော်သတင်းပျံ့နှံ့မှုနှင့် ခရစ်ယာန်အသင်းတော်ကြီးပွားမှုတို့အားဖြင့် အထင်အရှားတွေ့မြင်ရသည်။ သေးငယ်သောအစေ့ဖြစ်သည့် မုန်ညင်းစေ့တစ်စေ့သည် အလွန်သေးငယ်မှုကို ကိုယ်စားပြုနိုင်သည်။ (လုကာ ၁၇:၆ နှင့်နှိုင်းယှဉ်ပါ။) သို့သော် မုန်ညင်းပင်တစ်ပင်သည် အမြင့် ၁၀ ပေမှ ၁၅ ပေအထိမြင့်ပြီး သန်မာသည့်အကိုင်းအခက်များရှိလာနိုင်ရာ သစ်ပင်တစ်ပင်အဖြစ်ရှုမြင်နိုင်သည်။—မ. ၁၃:၃၁၊ ၃၂

၅။ ပထမရာစုခရစ်ယာန်အသင်းတော်တွင် အဘယ်ကြီးပွားမှုဖြစ်ခဲ့သနည်း။

ခရစ်ယာန်အသင်းတော်ကြီးပွားမှုသည် စီအီး ၃၃၊ တပည့် ၁၂၀ အပေါ်သန့်ရှင်းသောဝိညာဉ်တော်ဖြင့် ဘိသိက်ပေးချိန်တွင် သေးငယ်သောအနေအထားနှင့် စတင်ခဲ့သည်။ အချိန်တိုကာလအတွင်း တပည့်များဖြင့်ဖွဲ့စည်းထားသည့် ယင်းသေးငယ်သောအသင်းတော်တွင် ထောင်နှင့်ချီသောယုံကြည်သူများ ပါဝင်လာကြသည်။ (တမန်တော် ၂:၄၁; ၄:၄; ၅:၂၈; ၆:၇; ၁၂:၂၄; ၁၉:၂၀ တို့ကိုဖတ်ပါ။) ဆယ်စုနှစ်သုံးခုအတွင်း ရိတ်သိမ်းလုပ်သားအရေအတွက်များစွာတိုးများလာခဲ့ရာ တမန်တော်ပေါလုက သတင်းကောင်းကို “ကောင်းကင်အောက် အရပ်ရပ်ရှိလူတို့တွင် ဟောပြောခဲ့ပြီ” ဟုကောလောသဲအသင်းတော်အား ပြောနိုင်ခဲ့သည်။ (ကော. ၁:၂၃ကဘ) အလွန်ကြီးပွားမှုပင်တည်း။

၆၊ ၇။ (က) ၁၉၁၄ ခုနှစ်မှစ၍ အဘယ်တိုးပွားမှုဖြစ်ပျက်သနည်း။ (ခ) နောက်ထပ်အဘယ်ကြီးပွားမှု ဖြစ်မည်နည်း။

ကောင်းကင်တွင် ဘုရားသခင့်နိုင်ငံတော်တည်ထောင်ချိန် ၁၉၁၄ ခုနှစ်မှစ၍ မုန်ညင်း “ပင်” ၏အကိုင်းအခက်တို့သည် မျှော်လင့်ထားသည်ထက် များစွာဖြာထွက်ခဲ့သည်။ ဟေရှာယမှတ်တမ်းတင်ခဲ့သော ဤပရောဖက်ပြုချက် စာသားအတိုင်းပြည့်စုံကြောင်း ဘုရားသခင့်လူမျိုး တွေ့မြင်ခဲ့ရ၏– “သူငယ်တစ်ယောက်သည် လူတစ်ထောင်ဖြစ်ရလိမ့်မည်။ အားနည်းသောသူတစ်ယောက်သည် အားကြီးသောလူမျိုးဖြစ်ရလိမ့်မည်။” (ဟေရှာ. ၆၀:၂၂) ၂၀ ရာစုအစောပိုင်းတွင် ဘုရားသခင့်နိုင်ငံတော်လုပ်ငန်းတွင် ပါဝင်ကြသော ဝိညာဉ်တော်ဖွားအုပ်စုငယ်လေးသည် ၂၀၀၈ ခုနှစ်ရောက်သော် နိုင်ငံပေါင်း ၂၃၀ ကျော်တွင် သက်သေခံခုနစ်သန်းနီးပါး ယင်းလုပ်ငန်း၌ပါဝင်ကြမည်ကို မသိခဲ့ကြပါ။ ယေရှု၏ပုံဥပမာပါ မုန်ညင်းစေ့နှင့်နှိုင်းယှဉ်လျှင် အမှန်ပင် အံ့ဖွယ်ကြီးပွားမှုဖြစ်သည်။

သို့သော် ကြီးပွားမှုသည် ထိုတွင်ရပ်တန့်သွားသလော။ မရပ်ပါ။ အဆုံးတွင် ဘုရားသခင့်နိုင်ငံတော်လက်အောက်ခံများ ကမ္ဘာတစ်ခုလုံးတွင်ရှိကြမည်။ ဆန့်ကျင်သူအားလုံးဖယ်ရှားခံရမည်။ ယင်းသည် လူ့ကြိုးစားအားထုတ်မှုကြောင့်မဟုတ်ဘဲ ကမ္ဘာ့အရေးကိစ္စများတွင် ပိုင်သအုပ်စိုးရှင်ယေဟောဝါ ကြားဝင်ခြင်းဖြင့် ဖြစ်မြောက်ပါလိမ့်မည်။ (ဒံယေလ ၂:၃၄၊ ၃၅ ကိုဖတ်ပါ။) ထို့နောက် ကျွန်ုပ်တို့သည် ဟေရှာယမှတ်တမ်းတင်ထားသော နောက်ပရောဖက်ပြုချက် အပြီးသတ်ပြည့်စုံသည်ကို တွေ့မြင်ကြရမည်– ‘ပင်လယ်ရေသည် မိမိနေရာကိုလွှမ်းမိုးသကဲ့သို့ မြေကြီးသည် ယေဟောဝါကိုသိကျွမ်းခြင်းပညာနှင့် ပြည့်စုံလိမ့်မည်။’—ဟေရှာ. ၁၁:၉

၈။ (က) ယေရှု၏ပုံဥပမာပါငှက်တို့မှာ မည်သူတို့ကို ကိုယ်စားပြုသနည်း။ (ခ) ယခုအချိန်တွင်ပင် ကျွန်ုပ်တို့သည် အဘယ်အရာတို့မှ ကာကွယ်ခံရကြသနည်း။

ယေရှုက မိုးကောင်းကင်ငှက်တို့သည် ဘုရားသခင့်နိုင်ငံတော်၏အရိပ်အောက်တွင် ခိုနားစရာတွေ့နိုင်သည်ဟု မိန့်တော်မူသည်။ ယင်းငှက်တို့သည် အမျိုးအစားမတူသောမြေများပေါ် မျိုးစေ့ကြဲသူပုံဥပမာပါငှက်များကဲ့သို့ ကောင်းသောမျိုးစေ့များကို ကောက်စားဖို့ကြိုးစားသည့် ဘုရားသခင့်နိုင်ငံတော်၏ ရန်သူများကို ကိုယ်စားမပြုပါ။ (မာ. ၄:၄) ယင်းအစား ဤပုံဥပမာမှငှက်တို့မှာ ခရစ်ယာန်အသင်းတော်အတွင်း ကာကွယ်မှုရှာကြသော နှလုံးရိုးဖြောင့်သူတို့ကို ကိုယ်စားပြုသည်။ ထိုသူတို့သည် ယခုအချိန်တွင်ပင် ဆိုးသွမ်းသောလောကမှလာသော ဝိညာဉ်ရေးကိုညစ်ညူးစေသည့်ဓလေ့များ၊ မသန့်ရှင်းသောအကျင့်အကြံများမှ ကာကွယ်ခံရကြသည်။ (ဟေရှာယ ၃၂:၁၊ ၂ နှင့်နှိုင်းယှဉ်ပါ။) အလားတူပင် ယေဟောဝါသည် မေရှိယနိုင်ငံတော်ကို အပင်တစ်ပင်နှင့်နှိုင်းယှဉ်ခဲ့ပြီး ဤသို့ပရောဖက်ပြုခဲ့၏– “အမြင့်ဆုံးသောဣသရေလတောင်ပေါ်မှာ စိုက်မည်။ ထိုအပင်သည် အကိုင်းအခက်များထွက်၍ အသီးသီးကာ လှပတင့်တယ်သော အာရဇ်ပင်ဖြစ်လာလိမ့်မည်။ ထိုအပင်၌ ငှက်အမျိုးမျိုးတို့ အသိုက်လုပ်ကြလိမ့်မည်။ အပင်ရိပ်တွင်လည်း ခိုလှုံကြလိမ့်မည်။”—ယေဇ. ၁၇:၂၃ခမ။

တဆေးပုံဥပမာ

၉၊ ၁၀။ (က) တဆေးပုံဥပမာတွင် အဘယ်အချက်ကို ယေရှုအလေးပေးခဲ့သနည်း။ (ခ) သမ္မာကျမ်းစာတွင် တဆေးကို အဘယ်အရာအဖြစ် ခိုင်းနှိုင်းလေ့ရှိသနည်း၊ တဆေးအကြောင်းယေရှု၏ဖော်ပြချက်နှင့်ပတ်သက်၍ အဘယ်မေးခွန်းကို ကျွန်ုပ်တို့သုံးသပ်ကြမည်နည်း။

ကြီးပွားမှုကို လူ့မျက်စိဖြင့် အမြဲမမြင်နိုင်ပါ။ ယေရှု၏နောက်ပုံဥပမာတွင် ယင်းအချက်ကို အလေးပေးဖော်ပြသည်။ ကိုယ်တော်ဤသို့မိန့်တော်မူ၏– “ကောင်းကင်နိုင်ငံတော်သည် တဆေးနှင့်တူ၏။ မိန်းမသည် တဆေးကိုယူ၍ မုန့်ညက်သုံးတင်း၌ထည့်သဖြင့် မုန့်ညက်ရှိသမျှကို ဖောင်းကြွစေတတ်သည်။” (မ. ၁၃:၃၃) တဆေးသည် အဘယ်အရာကို ကိုယ်စားပြုသနည်း၊ ယင်းသည် ဘုရားသခင့်နိုင်ငံတော်ကြီးပွားမှုနှင့် မည်သို့ဆက်နွှယ်သနည်း။

၁၀ သမ္မာကျမ်းစာတွင် တဆေးကို အပြစ်နှင့်ခိုင်းနှိုင်းကာ အသုံးပြုလေ့ရှိသည်။ တမန်တော်ပေါလုက ရှေးကောရိန္သုအသင်းတော်ရှိ အပြစ်သားတစ်ဦး၏ ဖောက်ပြန်သောလွှမ်းမိုးမှုအကြောင်းပြောရာတွင် တဆေးကို အလားတူသဘောဖြင့် သုံးနှုန်းခဲ့သည်။ (၁ ကော. ၅:၆-၈) ဤတွင်ယေရှုသည် အပျက်သဘောဖြင့်ကြီးပွားမှုကို ပုံတင်ပြရန် တဆေးကို အသုံးပြုခဲ့ခြင်းလော။

၁၁။ ရှေးဣသရေလနိုင်ငံတွင် တဆေးကို မည်သို့အသုံးပြုခဲ့သနည်း။

၁၁ ယင်းမေးခွန်းကိုမဖြေဆိုမီ အခြေခံအချက်သုံးချက်ကို မှတ်သားဖို့လိုသည်။ ဦးဆုံး၊ ယေဟောဝါသည် ပသခါပွဲအခါသမယတွင် တဆေးသုံးခွင့်မပြုသော်လည်း အခြားအချိန်များတွင် တဆေးပါသောပူဇော်ရာများကို လက်ခံတော်မူသည်။ တဆေးကို ကျေးဇူးတော်ချီးမွမ်းခြင်း မိတ်သဟာယယဇ်များနှင့် ဆက်စပ်၍အသုံးပြုခဲ့ပြီး ပူဇော်သူက ယေဟောဝါ၏ကောင်းချီးများစွာအတွက် ကျေးဇူးတင်လေးမြတ်သောကြောင့် ယင်းကိုစေတနာအလျောက်ပေးဆက်ခြင်းဖြစ်သည်။ ယင်းတွင်ပါဝင်စားသုံးသူတို့သည် အလွန်ရွှင်လန်းကြသည်။—ဝတ်. ၇:၁၁-၁၅

၁၂။ ပုံခိုင်းချက်စကားလုံးကို သမ္မာကျမ်းစာအသုံးပြုပုံမှ ကျွန်ုပ်တို့အဘယ်အရာသင်ယူနိုင်သနည်း။

၁၂ ဒုတိယ၊ သမ္မာကျမ်းစာ၌ အရာဝတ္ထုတစ်ခုသည် အခြေအနေတစ်ခုတွင် အပျက်သဘောအဓိပ္ပာယ်သက်ရောက်နိုင်သော်လည်း နောက်အခြေအနေတွင် ယင်းအရာကိုပင် အပြုသဘောပုံခိုင်းရာတွင် အသုံးပြုနိုင်သည်။ ဥပမာ၊ စာတန်၏အန္တရာယ်ရှိမှု၊ ရက်စက်ကြမ်းကြုတ်သည့်သဘောသဘာဝကို ပုံဖော်သည့်အနေနှင့် ၁ ပေတရု ၅:၈ တွင် စာတန်ကို ခြင်္သေ့တစ်ကောင်နှင့် ခိုင်းနှိုင်းခဲ့သည်။ သို့သော် ဗျာ. ၅:၅ တွင် “ယုဒအမျိုး ခြင်္သေ့တည်းဟူသော ဒါဝိဒ်၏အမြစ်” ဟုဖော်ပြကာ ယေရှုကို ခြင်္သေ့နှင့်ခိုင်းနှိုင်းခဲ့သည်။ ဤအဖြစ်တွင်မူ ခြင်္သေ့မှာ ရဲစွမ်းသတ္တိရှိရှိတရားမျှတမှု၏ အမှတ်အသားအဖြစ် အသုံးပြုခြင်းဖြစ်သည်။

၁၃။ ယေရှု၏တဆေးပုံဥပမာက ဝိညာဉ်ရေးကြီးပွားမှုအကြောင်း အဘယ်အရာဖော်ပြသနည်း။

၁၃ တတိယ၊ ယေရှု၏ပုံဥပမာတွင် တဆေးသည် ဂျုံမုန့်ညက်ရှိသမျှကို အသုံးမဝင်ဖြစ်စေကာ ပျက်စီးစေသည်ဟု မဆိုထားပါ။ ကိုယ်တော်က ပုံမှန်မုန့်လုပ်နည်းကို ရည်ညွှန်းနေခြင်းသာဖြစ်သည်။ အိမ်ရှင်မသည် တမင်တကာတဆေးထည့်ခဲ့ရာ ရလဒ်ကောင်းရရန်ဖြစ်သည်။ တဆေးကိုယူ၍ မုန့်ညက်ထဲထည့်ခဲ့သည်။ တဆေး၏ဖောင်းကြွခြင်းဖြစ်စဉ်ကို အိမ်ရှင်မသည် မမြင်နိုင်ပါ။ ယင်းက မျိုးစေ့ကြဲသူ ညအခါအိပ်ခြင်းအဖြစ်ကို ပြန်သတိရစေသည်။ “သူသည် . . . မည်သို့ဖြစ်သည်ကိုမသိဘဲ မျိုးစေ့သည် အပင်ပေါက်၍ ကြီးပွားလေ၏” ဟုယေရှုဆိုခဲ့သည်။ (မာ. ၄:၂၇ကဘ) ဝိညာဉ်ရေးကြီးပွားမှုဖြစ်စဉ်ကို မျက်စိဖြင့်မမြင်နိုင်ကြောင်း ရိုးရှင်းစွာပုံဖော်ခြင်းဖြစ်သည်။ အစပိုင်းကြီးပွားမှုကို ကျွန်ုပ်တို့မြင်နိုင်မည်မဟုတ်သော်လည်း နောက်ဆုံးရလဒ်မှာမူ အထင်အရှားမြင်သာသည်။

၁၄။ တဆေးသည် မုန့်ညက်တစ်ပုံလုံးကိုဖောင်းကြွစေသည့်အချက်က ဟောပြောခြင်းလုပ်ငန်း၏အဘယ်အသွင်အပြင်ကို ပုံဖော်ခြင်းဖြစ်သနည်း။

၁၄ ကြီးပွားမှုကို လူ့မျက်စိဖြင့်မမြင်နိုင်ရုံမကပါ၊ ယင်းသည် မြေတစ်ပြင်လုံးသို့လည်း ပျံ့နှံ့ရောက်ရှိသည်။ ဤသည်မှာ တဆေးပုံဥပမာပါ နောက်အသွင်အပြင်ကို အလေးပေးဖော်ပြခြင်းဖြစ်သည်။ တဆေးသည် မုန့်ညက်တစ်ပုံလုံး၊ “မုန့်ညက်သုံးတင်း” စလုံးကို ဖောင်းကြွစေသည်။ (လု. ၁၃:၂၁) တဆေးကဲ့သို့ပင် ဝိညာဉ်ရေးကြီးပွားမှုကိုဖြစ်စေသော ဘုရားသခင့်နိုင်ငံတော်ဟောပြောခြင်းလုပ်ငန်းသည် ယခု “မြေကြီးစွန်းတိုင်အောင်” ဘုရားသခင့်နိုင်ငံတော်သတင်းကို ဟောပြောလျက်ရှိသည်အထိ ပျံ့နှံ့ခဲ့ပြီ။ (တ. ၁:၈; မ. ၂၄:၁၄) ဘုရားသခင့်နိုင်ငံတော်လုပ်ငန်း အံ့ဖွယ်တိုးချဲ့မှုတွင် ပါဝင်ခွင့်ရခြင်းသည် အခွင့်ထူးတစ်ရပ်ဖြစ်သည်။

ပိုက်ကွန်

၁၅၊ ၁၆။ (က) ပိုက်ကွန်ပုံဥပမာကို အတိုချုံးဖော်ပြပါ။ (ခ) ပိုက်ကွန်သည် အဘယ်အရာကို ကိုယ်စားပြုသနည်း၊ ဤပုံဥပမာသည် ဘုရားသခင့်နိုင်ငံတော်ကြီးပွားမှုဆိုင်ရာ အဘယ်အသွင်အပြင်ကို အရိပ်အမြွက်ပြခြင်းဖြစ်သနည်း။

၁၅ ယေရှုခရစ်၏တပည့်များဖြစ်သည်ဟု ဆိုကြသူအရေအတွက်ထက် ပို၍အရေးကြီးသည်မှာ ထိုတပည့်များ၏ အရည်အသွေးဖြစ်သည်။ ဘုရားသခင့်နိုင်ငံတော်ကြီးပွားမှုဆိုင်ရာ ယင်းအသွင်အပြင်ကို ပိုက်ကွန်ပုံဥပမာပေးချိန်တွင် ယေရှုအရိပ်အမြွက်ဖော်ပြသည်။ ကိုယ်တော်ဤသို့မိန့်တော်မူ၏– “တစ်နည်းကား၊ ကောင်းကင်နိုင်ငံတော်သည် ပင်လယ်၌ချ၍ အမျိုးမျိုးသောငါးတို့ကိုအုပ်မိသော ပိုက်ကွန်နှင့်တူ၏။”—မ. ၁၃:၄၇

၁၆ ဘုရားသခင့်နိုင်ငံတော်ဟောပြောခြင်းလုပ်ငန်းကို ကိုယ်စားပြုသည့်ပိုက်ကွန်သည် အမျိုးမျိုးသောငါးတို့ကို အုပ်မိသည်။ ယေရှုဤသို့ဆက်ဆို၏– “[ပိုက်ကွန်တွင်] ငါးနှင့်အပြည့်ရှိသောအခါ တံငါတို့သည် ကုန်းပေါ်သို့ဆွဲတင်၍ ထိုင်လျက်၊ ကောင်းသောငါးကို ခြင်းထဲသို့ရွေးချယ်ထည့်ထား၍ မကောင်းသောငါးကို ပြင်သို့ပြစ်လိုက်ကြ၏။ ထိုနည်းတူ ကမ္ဘာအဆုံး [“ဤလောကစနစ် ကုန်ဆုံးချိန်၊” ကဘ] ၌ ကောင်းကင်တမန်တို့သည်ဆင်းလာပြီးလျှင် ဖြောင့်မတ်သောသူတို့အထဲမှ ဆိုးသောသူတို့ကို နုတ်ယူခွဲထား၍ ငိုကြွေးခြင်း၊ အံသွားခဲကြိတ်ခြင်းရှိရာ မီးဖို၌ချကြလတ္တံ့။”—မ. ၁၃:၄၈-၅၀

၁၇။ ပိုက်ကွန်ပုံဥပမာတွင်ဖော်ပြထားသော ခွဲထုတ်ခြင်းသည် အဘယ်အချိန်ကာလပိုင်းကို ရည်ညွှန်းသနည်း။

၁၇ အထက်ပါခွဲထုတ်ခြင်းက ဘုန်းတန်ခိုးတော်ဖြင့် ယေရှုကြွလာချိန်တွင်လုပ်ဆောင်မည့် သိုးနှင့်ဆိတ်အပြီးသတ်တရားစီရင်ခြင်းကို ရည်ညွှန်းခြင်းလော။ (မ. ၂၅:၃၁-၃၃) မဟုတ်ပါ။ ထိုအပြီးသတ်တရားစီရင်ခြင်းသည် ကြီးစွာသောဆင်းရဲခြင်းဘေးအတွင်း ယေရှုကြွလာချိန်တွင် ဖြစ်ပျက်မည်။ ယင်းနှင့်ခြားနားလျက် ပိုက်ကွန်ပုံဥပမာတွင်ပါသော ခွဲထုတ်ခြင်းက “ဤလောကစနစ် ကုန်ဆုံးချိန်” အတွင်းဖြစ်မည်။ * ယင်းသည် ကြီးစွာသောဆင်းရဲခြင်းဘေးသို့ ဦးတည်နေသည့်နေ့ရက်များဖြစ်သော ယနေ့ကျွန်ုပ်တို့ အသက်ရှင်နေရသည့်အချိန်ကာလဖြစ်သည်။ ထို့ကြောင့် ခွဲထုတ်ခြင်းလုပ်ငန်းကို ယခု မည်သို့လုပ်ဆောင်လျက်ရှိသနည်း။

၁၈၊ ၁၉။ (က) ယခု ခွဲထုတ်ခြင်းလုပ်ငန်း မည်သို့လုပ်ဆောင်လျက်ရှိသနည်း။ (ခ) နှလုံးရိုးဖြောင့်သူတို့သည် အဘယ်ခြေလှမ်း,လှမ်းရမည်နည်း။ (စာမျက်နှာ ၂၁ ပါအောက်ခြေမှတ်ချက်ကိုကြည့်ပါ။)

၁၈ အမှန်ပင်၊ မျက်မှောက်ခေတ်တွင် လူသားပင်လယ်အတွင်းမှ သန်းနှင့်ချီသောပုံဆောင်ငါးတို့သည် ယေဟောဝါ၏အသင်းတော်သို့ ဆွဲဆောင်ခံရကြသည်။ အချို့သူတို့သည် အောက်မေ့ရာပွဲကို တက်ရောက်ကြပြီး အခြားသူတို့သည် ကျွန်ုပ်တို့၏အစည်းအဝေးများကို တက်ရောက်ကြကာ အခြားသူတို့ကျပြန်လျှင် ကျမ်းစာသင်အံမှုကို နှစ်သက်ကြသည်။ သို့သော် ထိုသူအားလုံးသည် စစ်မှန်သောခရစ်ယာန်များဖြစ်ကြပါသလော။ သူတို့သည် “ကုန်းပေါ်သို့ဆွဲတင်” ခံရနိုင်သော်လည်း “ကောင်းသောငါး” တို့ကိုသာ ခရစ်ယာန်အသင်းတော်ကိုကိုယ်စားပြုသော ခြင်းထဲသို့ထည့်ကြောင်း ယေရှုမိန့်တော်မူ၏။ မကောင်းသောငါးတို့ကို ပြင်သို့ပစ်လိုက်ရာ နောက်ဆုံးတွင် အနာဂတ်ဖျက်ဆီးခြင်းကိုဖော်ပြသော ပုံဆောင်မီးဖိုထဲ ချပစ်ခံရမည်။

၁၉ မကောင်းသောငါးများကဲ့သို့ တစ်ချိန်က ယေဟောဝါ၏လူမျိုးနှင့် ကျမ်းစာလေ့လာခဲ့ကြသော များစွာသောသူတို့သည် ဆက်မလေ့လာကြတော့ပါ။ ခရစ်ယာန်မိဘများမှမွေးဖွားလာသူအချို့သည် ယေရှု၏ခြေရာကိုလိုက်သောနောက်လိုက်များဖြစ်လာရန် တစ်ခါမျှ အမှန်ပင်ဆန္ဒမရှိခဲ့ကြပါ။ သူတို့သည် ယေဟောဝါအားဝတ်ပြုကိုးကွယ်ဖို့ ဆုံးဖြတ်ချက်မချလိုကြပါ သို့မဟုတ် ခေတ္တသာဝတ်ပြုပြီး ဆက်၍မဝတ်ပြုကြတော့ပါ။ * (ယေဇ. ၃၃:၃၂၊ ၃၃) သို့သော် နှလုံးရိုးဖြောင့်သူအားလုံးသည် အပြီးသတ်တရားစီရင်ရာနေ့မရောက်မီ မိမိတို့ကိုယ်တိုင် ခြင်းတောင်းတည်းဟူသောအသင်းတော်အတွင်းသို့ စုသိမ်းမှုကို လိုလိုလားလားလက်ခံကာ ယင်းတွင်လုံခြုံစွာဆက်နေရန်လိုသည်။

၂၀၊ ၂၁။ (က) ကြီးပွားမှုနှင့်ပတ်သက်သော ယေရှု၏ပုံဥပမာများကို ပြန်သုံးသပ်ခြင်းမှ အဘယ်အရာသင်ယူရရှိသနည်း။ (ခ) အဘယ်အရာကိုလုပ်ဆောင်ရန် သင်သန္နိဋ္ဌာန်ချထားသနည်း။

၂၀ ကျွန်ုပ်တို့သည် ကြီးပွားမှုနှင့်ပတ်သက်သော ယေရှု၏ပုံဥပမာများကို အကျဉ်းချုံးပြန်သုံးသပ်ခြင်းမှ အဘယ်အရာသင်ယူရရှိကြသနည်း။ ဦးဆုံး၊ မုန်ညင်းစေ့၏ကြီးပွားမှုကဲ့သို့ ကမ္ဘာပေါ်တွင် ဘုရားသခင့်နိုင်ငံတော်အကျိုးစီးပွားသည် အံ့ဖွယ်ကောင်းလောက်အောင် တိုးတက်နေသည်။ ယေဟောဝါ၏လုပ်ငန်းပျံ့နှံ့မှုကို မည်သည့်အရာကမျှ မတားဆီးနိုင်ပါ။ (ဟေရှာ. ၅၄:၁၇) ထို့ပြင် “[အပင်အောက်တွင်] အရိပ်ခို၍နား” ရန်ရှာဖွေသူတို့အတွက် ဝိညာဉ်ရေးကာကွယ်မှုပေးသည်။ ဒုတိယ၊ ကြီးပွားစေသောအရှင်မှာ ဘုရားသခင်ဖြစ်သည်။ မုန့်ညက်တစ်ပုံလုံးသို့ပျံ့နှံ့သည့် တဆေးကဲ့သို့ပင် ယင်း၏ကြီးပွားမှုကို အလွယ်တကူမမြင်နိုင် သို့မဟုတ် သဘောမပေါက်နိုင်သော်လည်း ကြီးပွားမှုကား ဖြစ်ပျက်လျက်ရှိသည်။ တတိယ၊ တုံ့ပြန်သူအားလုံးက မိမိတို့သည်သင့်လျော်သူဖြစ်ကြောင်း သက်သေမပြကြပါ။ တချို့သူတို့သည် ယေရှု၏ပုံဥပမာပါ မကောင်းသောငါးနှင့်တူကြသည်။

၂၁ သို့သော် ယေဟောဝါ၏သွေးဆောင်မှုခံရသော သင့်လျော်သူများစွာကို တွေ့မြင်ရခြင်းသည် အလွန်အားရှိစေသည်။ (ယော. ၆:၄၄) ယင်းသည် တစ်နိုင်ငံပြီးတစ်နိုင်ငံတွင် အံ့ဖွယ်တိုးတက်မှုရလဒ်ဖြစ်သည်။ ယင်းကြီးပွားမှုအတွက် ချီးမွမ်းဂုဏ်တင်မှုအားလုံးကို ယေဟောဝါဘုရားသခင်သာ ရထိုက်သည်။ ယင်းကိုသက်သေခံကာ ကျွန်ုပ်တို့တစ်ဦးစီသည် လွန်ခဲ့သောရာစုနှစ်ပေါင်းများစွာက ရေးသားခဲ့သည့် ဤဆုံးမစကားကိုနာခံရန် လှုံ့ဆော်ခံရသင့်သည်– “နံနက်အချိန်၌ မျိုးစေ့ကိုကြဲလော့။ . . . အကြောင်းမူကား အဘယ်အရာသည် အကျိုးရှိမည်ကိုလည်းကောင်း၊ နှစ်ပါးစလုံးတို့သည် အညီအမျှအကျိုးရှိမည်ကိုလည်းကောင်း မသိနိုင်။”—ဒေ. ၁၁:၆

[အောက်ခြေမှတ်ချက်များ]

^ အပိုဒ်၊ 2 အောက်ပါရှင်းပြချက်များသည် ဇွန် ၁၅၊ ၁၉၉၂ ကင်းမျှော်စင်၊ စာမျက်နှာ ၁၃-၁၈ နှင့် အောက်တိုဘာ ၁၊ ၁၉၇၅၊ စာမျက်နှာ ၅၈၉-၆၀၈ [လိပ်] တို့တွင်ပါသော ယခင်ရှင်းပြချက်တို့အတွက် ပြင်ဆင်ချက်ဖြစ်ပါသည်။

^ အပိုဒ်၊ 17 မဿဲ ၁၃:၃၉-၄၃ တွင် ဘုရားသခင့်နိုင်ငံတော်ဟောပြောခြင်းလုပ်ငန်း၏ နောက်ထပ်အသွင်အပြင်တစ်ခုကို ဖော်ပြထားသော်လည်း ယင်းပြည့်စုံသည့်အချိန်သည် “ကမ္ဘာကုန်သောကာလ” သို့မဟုတ် “လောကစနစ် ကုန်ဆုံးချိန်” [ကဘ] ဟုဖော်ပြထားခြင်းကြောင့် ပိုက်ကွန်ပုံဥပမာပြည့်စုံချိန်နှင့် အတူတူပင်ဖြစ်သည်။ ဤအချိန်ကာလပိုင်းတစ်လျှောက် စိုက်ပျိုးခြင်းနှင့် ရိတ်သိမ်းခြင်းလုပ်ငန်းကို ဆက်လုပ်ဆောင်လျက်ရှိသကဲ့သို့ ပုံဆောင်ငါးတို့အားခွဲထုတ်ခြင်းကိုလည်း ဆက်လုပ်ဆောင်လျက်ရှိသည်။—ကင်းမျှော်စင်၊ အောက်တိုဘာ ၁၅၊ ၂၀၀၀၊ စာမျက်နှာ ၂၅-၂၆; စစ်မှန်၍ တစ်ဆူတည်းဖြစ်သော ဘုရားသခင်ကို ကိုးကွယ်လော့၊ စာမျက်နှာ ၉၄၊ အပိုဒ် ၈-၁၁

^ အပိုဒ်၊ 19 ယေဟောဝါလူမျိုးနှင့်ပူးပေါင်းခြင်း သို့မဟုတ် ကျမ်းစာလေ့လာခြင်းကိုရပ်ပစ်သူအားလုံးသည် မကောင်းသောငါးအဖြစ် ကောင်းကင်တမန်များက ပြင်သို့ပစ်လိုက်ကြခြင်းဖြစ်သည်ဟု ဆိုလိုပါသလော။ မဟုတ်ပါ။ တစ်စုံတစ်ဦးသည် ယေဟောဝါထံပြန်လှည့်ရန် စိတ်ရင်းမှန်နှင့်ဆန္ဒရှိမည်ဆိုလျှင် ကိုယ်တော်လှိုက်လှဲစွာကြိုဆိုမည်ဖြစ်သည်။—မာလ. ၃:၇

သင်မည်သို့ဖြေဆိုမည်နည်း

• ယေရှု၏မုန်ညင်းစေ့ပုံဥပမာက ဘုရားသခင့်နိုင်ငံတော်ကြီးပွားမှုနှင့် ဝိညာဉ်ရေးကာကွယ်မှုအကြောင်း အဘယ်အရာသင်ပေးသနည်း။

• ယေရှု၏ပုံဥပမာမှတဆေးသည် အဘယ်အရာကိုကိုယ်စားပြုသနည်း၊ ဘုရားသခင့်နိုင်ငံတော် ကြီးပွားမှုနှင့်ပတ်သက်၍ အဘယ်အမှန်တရားကို ယေရှုပေါ်လွင်စေသနည်း။

• ပိုက်ကွန်ပုံဥပမာက ဘုရားသခင့်နိုင်ငံတော်ကြီးပွားမှုဆိုင်ရာ အဘယ်အသွင်အပြင်ကို ထောက်ပြသနည်း။

• ‘ခြင်းထဲထည့်’ ခြင်းခံရသူတို့တွင် ကျွန်ုပ်တို့ဆက်၍ပါဝင်ကြောင်း မည်သို့သေချာစေနိုင်သနည်း။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၁၈ ပါရုပ်ပုံများ]

မုန်ညင်းစေ့ပုံဥပမာက ဘုရားသခင့်နိုင်ငံတော်တိုးပွားခြင်းအကြောင်း အဘယ်အရာသင်ပေးသနည်း

[စာမျက်နှာ ၁၉ ပါရုပ်ပုံ]

တဆေးပုံဥပမာမှ အဘယ်အရာသင်ယူရရှိသနည်း

[စာမျက်နှာ ၂၁ ပါရုပ်ပုံ]

ကောင်းသည့်ငါးနှင့် မကောင်းသည့်ငါးကို ခွဲထုတ်ခြင်းက အဘယ်အရာကို ပုံတင်ပြသနည်း