မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဂုဏ်အသရေရှိရှိ ယေဟောဝါအား ဂုဏ်တင်ပါ

ဂုဏ်အသရေရှိရှိ ယေဟောဝါအား ဂုဏ်တင်ပါ

ဂုဏ်အသရေရှိရှိ ယေဟောဝါအား ဂုဏ်တင်ပါ

‘ယေဟောဝါပြုသောအမှုတော်တို့သည် ကိုယ်တော်ကို ဂုဏ်အသရေရှိစေပြီး ခမ်းနားမြင့်မြတ်စေပါသည်။’—ဆာ. ၁၁၁:၃၊ ကဘ။

၁၊ ၂။ (က) ‘ဂုဏ်အသရေ’ ကိုမည်သို့အဓိပ္ပာယ်ဖွင့်မည်နည်း။ (ခ) ဤဆောင်းပါးတွင် အဘယ်မေးခွန်းများကို သုံးသပ်ကြမည်နည်း။

“ဂုဏ်အသရေရှိသည်” ဆိုသည်မှာအဘယ်နည်းဟု အမေးခံရသည့်အခါ ဆယ်နှစ်အရွယ် မဒေးစန်က “သပ်သပ်ရပ်ရပ်ဝတ်ဆင်ထားခြင်း” ဟုချက်ချင်းပြန်ဖြေခဲ့သည်။ ဘုရားသခင်သည် ‘ဂုဏ်အသရေနှင့် တန်ဆာဆင်တော်မူ၏’ ဟုသမ္မာကျမ်းစာဖော်ပြချက်ကို ထိုမိန်းမငယ်လေး သိချင်မှသိပေမည်။ (ဆာ. ၁၀၄:၁) လူသားတို့အဖို့ ဂုဏ်အသရေရှိသည်ဟုဆိုရာတွင် တစ်ခါတစ်ရံ သပ်သပ်ရပ်ရပ်ဝတ်ဆင်ထားခြင်း ပါဝင်ပေမည်။ ဥပမာ၊ ခရစ်ယာန်အမျိုးသမီးများအား “ကျစ်သောဆံပင်၊ ရွှေတန်ဆာ၊ ကျောက်ပုလဲ အဖိုးထိုက်သောအဝတ်နှင့် ကိုယ်ကိုမဆင်ဘဲ ရှက်ကြောက်ခြင်း၊ ဣန္ဒြေစောင့်ခြင်းအားဖြင့် လျောက်ပတ်သောအဝတ်နှင့်” တန်ဆာဆင်ဖို့ တမန်တော်ပေါလုအလိုရှိခဲ့သည်။ (၁ တိ. ၂:၉) သို့သော် ယေဟောဝါ၏ ‘ဂုဏ်အသရေနှင့် ခမ်းနားမြင့်မြတ်ခြင်း’ ကိုဂုဏ်တင်သည့် ဂုဏ်အသရေရှိသောအမူအကျင့်သည် ယင်းတို့ထက်ပို၍ပါဝင်ပတ်သက်သည်။—ဆာ. ၁၁၁:၃ကဘ။

သမ္မာကျမ်းစာတွင် “ဂုဏ်အသရေ” အတွက် ဟေဗြဲစကားလုံးကို ‘ခမ်းနားမြင့်မြတ်ခြင်း၊’ ‘တန်ခိုးအရှိန်အစော်၊’ ‘ဂုဏ်ကျက်သရေ၊’ ‘ဂုဏ်တော်’ ဟုလည်းပြန်ဆိုနိုင်သည်။ အဘိဓာန်တစ်အုပ်တွင် “ဂုဏ်အသရေ” ကို တန်ဖိုးထားခံရသော၊ ဂုဏ်တင်ခံရသော သို့မဟုတ် အထင်ကြီးလေးစားခံရသော အရည်အချင်း သို့မဟုတ် အခြေအနေဟူ၍ အဓိပ္ပာယ်ဖွင့်ဆိုထားသည်။ ယေဟောဝါထက် ပို၍ဂုဏ်တင်ခံရ၊ ပို၍အထင်ကြီးလေးစားခံထိုက်သူ မည်သူမျှမရှိပါ။ ထို့ကြောင့် ကျွန်ုပ်တို့သည် ကိုယ်တော်ထံအပ်နှံထားသောကျေးကျွန်များအနေနှင့် အပြောအဆို၊ အကျင့်အကြံတွင် ဂုဏ်အသရေရှိသင့်သည်။ သို့သော် လူသားတို့သည် အဘယ်ကြောင့် ဂုဏ်အသရေရှိရှိပြုမူနိုင်ကြသနည်း။ ယေဟောဝါ၏ဂုဏ်အသရေနှင့် ခမ်းနားမြင့်မြတ်ခြင်းသည် မည်သို့ပေါ်လွင်ထင်ရှားသနည်း။ ဘုရားသခင်၏ဂုဏ်အသရေသည် ကျွန်ုပ်တို့အပေါ် မည်သို့အကျိုးသက်ရောက်မှုရှိသင့်သနည်း။ ယင်းအရည်အသွေးကိုတင်ပြခြင်းနှင့်ပတ်သက်၍ ယေရှုခရစ် အဘယ်အရာသင်ပေးနိုင်သနည်း။ ဘုရားသခင်ဝတ်၌မွေ့လျော်သောဂုဏ်အသရေကို ကျွန်ုပ်တို့ မည်သို့တင်ပြနိုင်သနည်း။

ဂုဏ်အသရေရှိရှိပြုမူနိုင်သည့် အကြောင်းရင်း

၃၊ ၄။ (က) ကျွန်ုပ်တို့အားပေးအပ်သော ဂုဏ်အသရေကို မည်သို့တုံ့ပြန်သင့်သနည်း။ (ခ) ဆာလံ ၈:၅-၉ သည် မည်သူ့ကို ပရောဖက်ပြုရည်ညွှန်းသနည်း။ (အောက်ခြေမှတ်ချက်ကိုရှု။) (ဂ) အတိတ်တွင် ယေဟောဝါသည် မည်သူတို့အား ဂုဏ်အသရေပေးအပ်ခဲ့သနည်း။

လူသားအားလုံးသည် ဘုရားသခင့်ပုံသဏ္ဌာန်နှင့်အညီ ဖန်ဆင်းခံရသောကြောင့် ဂုဏ်အသရေရှိရှိပြုမူနိုင်စွမ်းရှိကြသည်။ ယေဟောဝါသည် ပထမလူသားအား ကမ္ဘာမြေကြီးကို ကြည့်ရှုစောင့်ရှောက်သူအဖြစ် တာဝန်ပေးကာ ဂုဏ်တင်ခဲ့သည်။ (က. ၁:၂၆၊ ၂၇) စုံလင်မှုမှလူသားကျဆင်းပြီးနောက်၌ပင် ယေဟောဝါသည် မြေကြီးနှင့်ပတ်သက်သည့် လူ့တာဝန်ကို ပြန်လည်ဖော်ပြခဲ့သည်။ သို့ဖြင့် ဘုရားသခင်သည် လူသားတို့ကို ဂုဏ်အသရေနှင့် “ပတ်ရစ် [“ချီးမြှင့်၊” ခမ]” တော်မူဆဲဖြစ်သည်။ (ဆာလံ ၈:၅-၉ ကိုဖတ်ပါ။) * ကျွန်ုပ်တို့ကိုပေးအပ်ထားသောဂုဏ်အသရေကြောင့် ဂုဏ်အသရေရှိရှိပြန်လည်တုံ့ပြန်ဖို့လိုသည်—ယင်းမှာ ယေဟောဝါ၏ တန်ခိုးအရှိန်အစော်ကြီးသောနာမတော်ကို ရိုသေလေးမြတ်စွာကြောက်ရွံ့ပြီး ဂုဏ်အသရေရှိရှိချီးမွမ်းခြင်းဖြစ်သည်။

ယေဟောဝါသည် အထူးသဖြင့် မိမိ၏မြင့်မြတ်သောလုပ်ငန်းတွင်ပါဝင်နေသူတို့အား အတိုင်းအတာတစ်ခုအထိ ဂုဏ်တင်တော်မူ၏။ အစ်ကိုဖြစ်သူကာဣန၏ပူဇော်ရာယဇ်ကိုငြင်းပယ်ကာ အာဗေလ၏ပူဇော်ရာယဇ်ကိုလက်ခံခြင်းဖြင့် ဘုရားသခင်သည် အာဗေလကိုဂုဏ်တင်ခဲ့သည်။ (က. ၄:၄၊ ၅) မောရှေသည် ဣသရေလလူမျိုး၏ခေါင်းဆောင်အဖြစ် မိမိနေရာတွင်ဆက်ခံမည့်သူ ယောရှုအပေါ် ‘သူ၏ဂုဏ်အသရေအချို့ကိုတင်’ ရန် ညွှန်ကြားခံခဲ့ရသည်။ (တော. ၂၇:၂၀) ဒါဝိဒ်၏သားတော် ရှောလမုန်နှင့်ပတ်သက်၍ သမ္မာကျမ်းစာက ဤသို့ဆို၏– ‘ယေဟောဝါသည် ဣသရေလအမျိုးသားအပေါင်းတို့ရှေ့မှာ ရှောလမုန်ကိုအလွန်ချီးမြှောက်၍ ဣသရေလရှင်ဘုရင်တစ်ယောက်မျှ မခံစားစဖူးသော ဂုဏ်အသရေကို ပေးသနားတော်မူ၏။’ (၅ ရာ. ၂၉:၂၅) ‘တန်ခိုးပါသောအမှုတော်များနှင့် ကိုယ်တော့်နိုင်ငံတော်၏ဂုဏ်အသရေများကို’ တည်ကြည်စွာကြေညာခဲ့ကြသည့် ရှင်ပြန်ထမြောက်ပြီးသော ဝိညာဉ်တော်ဖွားခရစ်ယာန်များအား ထူးကဲသောဂုဏ်အသရေကို ဘုရားသခင်ပေးတော်မူမည်။ (ဆာ. ၁၄၅:၁၁-၁၃) ယေဟောဝါအားချီးမွမ်းကြွေးကြော်ရာတွင် တိုးများလာလျက်ရှိသည့် ယေရှု၏ “အခြားသိုး” သည်လည်း မြင့်မြတ်သော၊ ဂုဏ်အသရေရှိသောတာဝန် ရရှိထားကြသည်။—ယော. ၁၀:၁၆

ယေဟောဝါ၏ဂုဏ်အသရေနှင့် ခမ်းနားမြင့်မြတ်မှုပေါ်လွင်ထင်ရှား

၅။ ယေဟောဝါ၏ဂုဏ်အသရေ မည်မျှကြီးမားသနည်း။

ဘုရားသခင်၏ကြီးမြတ်မှုနှင့် လူ၏သေးနုတ်မှု ခြားနားပုံကို ဆာလံဆရာဒါဝိဒ်က သီချင်းတစ်ပုဒ်တွင် ဤသို့စပ်ဆို၏– ‘အိုအကျွန်ုပ်တို့၏အရှင်ယေဟောဝါ၊ နာမတော်သည် မြေကြီးတစ်ပြင်လုံး၌ အလွန်ကြီးမြတ်တော်မူ၏။ ဂုဏ်အသရေတော်သည် မိုးကောင်းကင်ပေါ်မှာတည်လျက်ရှိပါ၏။’ (ဆာ. ၈:၁) “ကောင်းကင်နှင့်မြေကြီး” မဖန်ဆင်းမီမှစ၍ မြေကြီးကိုပရဒိသုဖြစ်စေရန် ဘုရားသခင့်ရည်ရွယ်ချက်ခမ်းနားစွာပြည့်စုံပြီး လူ့မိသားစု စုံလင်ခြင်းအဖြစ်သို့ရောက်ပြီးသည့်နောက်အထိ ယေဟောဝါဘုရားသခင်သည် ထာဝရ၊ ထာဝစဉ် တန်ခိုးအရှိန်အစော်အကြီးမြတ်ဆုံး၊ စကြဝဠာတွင်ဂုဏ်အသရေအရှိဆုံးအရှင် ဖြစ်တော်မူသည်။—က. ၁:၁; ၁ ကော. ၁၅:၂၄-၂၈; ဗျာ. ၂၁:၁-၅

၆။ ဆာလံဆရာက ယေဟောဝါသည် ဂုဏ်အသရေနှင့်တန်ဆာဆင်သည်ဟု အဘယ်ကြောင့်ဆိုသနည်း။

ဘုရားသခင်ကိုကြောက်ရွံ့သော ဆာလံဆရာသည် ကြီးမားကျယ်ပြောလှသည့် ကြယ်စုံညကောင်းကင်ယံတွင် ထိုထိုဤဤပျံ့နှံ့လျက်ရှိသော တောက်ပလင်းလက်သည့် “ကျောက်မျက်” အလားဖြစ်သောကြယ်များကိုကြည့်ခြင်းဖြင့် နှလုံးထိမိခဲ့ခြင်းဖြစ်ရမည်။ ဘုရားသခင်သည် “မိုးကောင်းကင်ကို တဲရှင်သဖွယ် ဖြန့်တော်မူ” [ခမ] သည်ကို အံ့သြမိန်းမောစိတ်အပြည့်ဖြင့် ဆာလံဆရာက ယေဟောဝါ၏ အံ့ချီးဖွယ်ဖန်ဆင်းနိုင်စွမ်းကြောင့် ကိုယ်တော်သည် ဂုဏ်အသရေနှင့်တန်ဆာဆင်တော်မူသည်ဟု ဖော်ပြခဲ့သည်။ (ဆာလံ ၁၀၄:၁၊ ၂ ကိုဖတ်ပါ။) မျက်စိဖြင့်မမြင်နိုင်သော အတိုင်းအဆမဲ့တန်ခိုးရှိသည့် ဖန်ဆင်းရှင်၏ဂုဏ်အသရေနှင့် ခမ်းနားမြင့်မြတ်မှုတို့သည် ကိုယ်တော်၏မျက်မြင်ရလက်ရာတော်များတွင် ပေါ်လွင်ထင်ရှားသည်။

၇၊ ၈။ ယေဟောဝါ၏ဂုဏ်အသရေနှင့် ခမ်းနားမြင့်မြတ်မှုဆိုင်ရာ အဘယ်အထောက်အထားကို ကောင်းကင်တွင် တွေ့ရှိရသနည်း။

ဥပမာ၊ နဂါးငွေ့တန်းဂလက်ဆီကို သုံးသပ်ကြည့်ပါ။ ကြယ်များ၊ ဂြိုဟ်များ၊ နေအဖွဲ့အစည်းများပါဝင်သည့် ကြီးမားကျယ်ပြောသည့် ယင်းဂလက်ဆီတွင် ကမ္ဘာဂြိုဟ်သည် အဆုံးမရှိကမ်းခြေရှိ သဲတစ်ပွင့်အရွယ်သာရှိပုံရသွားသည်။ အကြောင်းမှာ ဤဂလက်ဆီတစ်ခုအတွင်း၌ ကြယ်ပေါင်း ၁၀၀ ဘီလီယံကျော်ရှိသည်။။ သင်သည် ၂၄ နာရီတစ်ရက်လုံး မရပ်မနား တစ်စက္ကန့်လျှင် ကြယ်တစ်လုံးရေတွက်နိုင်ပါက ဘီလီယံ ၁၀၀ ရေတွက်ရန် နှစ်ပေါင်း ၃,၀၀၀ ကြာမည်ဖြစ်သည်။

နဂါးငွေ့တန်းဂလက်ဆီတစ်ခုတည်းတွင် ကြယ်ပေါင်း ဘီလီယံ ၁၀၀ ရှိလျှင် စကြဝဠာရှိကျန်အရာများနှင့်ပတ်သက်၍ မည်သို့ဆိုမည်နည်း။ နဂါးငွေ့တန်းသည် ဘီလီယံ ၅၀ မှ ၁၂၅ ဘီလီယံအထိများသည့်ဂလက်ဆီများထဲမှ တစ်ခုဖြစ်နိုင်သည်ဟု နက္ခတ္တဗေဒပညာရှင်များက ခန့်မှန်းကြသည်။ စကြဝဠာတစ်ခွင်လုံးတွင် ကြယ်ပေါင်းမည်မျှရှိသနည်း။ ကျွန်ုပ်တို့ဉာဏ်နှင့်မမီနိုင်လောက်အောင် အရေအတွက်များလွန်းလှသည်။ သို့တိုင် ယေဟောဝါသည် “ကြယ်များကိုရေတွက်၍ အသီးအသီးတို့အား နာမည်ဖြင့်သမုတ်တော်မူ၏။” (ဆာ. ၁၄၇:၄သမ္မာ) ယေဟောဝါသည် ထိုကဲ့သို့သောဂုဏ်အသရေနှင့် ခမ်းနားမြင့်မြတ်မှုဖြင့် တန်ဆာဆင်ကြောင်းတွေ့ရသည့်အခါ ကိုယ်တော်၏ကြီးမြတ်သောနာမတော်ကို ချီးမွမ်းရန် သင်လှုံ့ဆော်ခံရသည် မဟုတ်လော။

၉၊ ၁၀။ ပေါင်မုန့်စီမံပေးမှုသည် ကျွန်ုပ်တို့ဖန်ဆင်းရှင်၏ဉာဏ်ပညာကို မည်သို့ထင်ရှားစေသနည်း။

ယခု ကြီးကျယ်ခမ်းနားသည့်ကောင်းကင်ကို အာရုံစိုက်ရာမှ ပေါင်မုန့်ကဲ့သို့သော သာမန်အရာဘက်သို့ အာရုံလှည့်ကြစို့။ ယေဟောဝါသည် “ကောင်းကင်၊ မြေကြီး . . . ကို ဖန်ဆင်းတော်မူ” သည်သာမက “ငတ်မွတ်သောသူတို့ကို ကျွေးမွေးတော်” မူသောအရှင်လည်းဖြစ်သည်။ (ဆာ. ၁၄၆:၆၊ ၇) ဘုရားသခင်၏ ‘ဂုဏ်အသရေနှင့် ခမ်းနားမြင့်မြတ်မှု’ သည် ကိုယ်တော်၏ကြီးမားသောလက်ရာများတွင် ထင်ဟပ်ပေါ်လွင်သည်၊ ယင်းတွင် ပေါင်မုန့်လုပ်ရန် လိုအပ်သောအပင်များ ပြင်ဆင်ပေးခြင်းပါဝင်သည်။ (ဆာလံ ၁၁၁:၁-၅ ကိုဖတ်ပါ။) ယေရှုက နောက်လိုက်များအား ဤသို့ဆုတောင်းရန် သင်ပေးခဲ့၏– “အသက်မွေးလောက်သောအစာကို အကျွန်ုပ်တို့အား ယနေ့ ပေးသနားတော်မူပါ။” (မ. ၆:၁၁) ဣသရေလလူမျိုးအပါအဝင် ရှေးခေတ်လူမျိုးများစွာတို့၏ စားမြဲအစာတွင် ပေါင်မုန့်သည် အခြေခံအစာဖြစ်သည်။ ပေါင်မုန့်ကို ရိုးရိုးအစာဟုထင်ရသော်လည်း အခြေခံပါဝင်ရာအနည်းငယ်ကို အရသာရှိသောပေါင်မုန့်အဖြစ်သို့ ပြောင်းလဲစေသည့်ဓာတုဖြစ်စဉ်မှာမူ လုံးဝမရိုးရှင်းပါ။

၁၀ သမ္မာကျမ်းစာကိုရေးသားချိန်က ဣသရေလလူတို့သည် ပေါင်မုန့်လုပ်ရန် ဂျုံ သို့မဟုတ် မုယောစပါးအမှုန့်နှင့် ရေကို အသုံးပြုခဲ့ကြသည်။ ပေါင်မုန့်ပြုလုပ်ရာတွင် တဆေးကို တစ်ခါတစ်ရံ အသုံးပြုကြသည်။ ယင်းရိုးရှင်းသောပါဝင်ရာများသည် အံ့ဖွယ်ကောင်းလောက်အောင် ဓာတုဒြပ်ပေါင်းများစွာအဖြစ်သို့ ဖွဲ့စည်းပေါင်းစပ်သွားကြပြီး ယင်းတို့သည် တစ်ခုနှင့်တစ်ခု ထိထိရောက်ရောက် ချိတ်ဆက်မှုရှိကြသည်။ ယင်းဒြပ်ပေါင်းများစပ်ကြား ချိတ်ဆက်မှုအတိအကျကို အပြည့်အဝနားမလည်နိုင်ချေ။ ထို့ပြင် ခန္ဓာကိုယ်အတွင်း ပေါင်မုန့်အစာကြေသွားပုံမှာလည်း နောက်ထပ်အံ့ဖွယ်ရှုပ်ထွေးသည့်ဖြစ်စဉ်ဖြစ်သည်။ ဆာလံဆရာဤသို့သီဆိုသည်မှာ အံ့ဩစရာမဟုတ်ပါ– ‘အိုယေဟောဝါ ကိုယ်တော်စီရင်ပြုပြင်တော်မူသောအရာတို့သည် အလွန်များပြားပါ၏။ ရှိရှိသမျှတို့ကို ပညာတော်အားဖြင့် ဖန်ဆင်းတော်မူ၏။’ (ဆာ. ၁၀၄:၂၄) သင်သည် ယေဟောဝါအားချီးမွမ်းရန် အလားတူလှုံ့ဆော်ခံရပါသလော။

ဘုရားသခင်၏ဂုဏ်အသရေနှင့် ခမ်းနားမြင့်မြတ်မှုသည် သင့်အပေါ် မည်သို့အကျိုးသက်ရောက်သနည်း

၁၁၊ ၁၂။ ဘုရားသခင်၏ဖန်ဆင်းခြင်းလက်ရာများကို ပြန်ပြောင်းသုံးသပ်ခြင်းမှ ကျွန်ုပ်တို့ အဘယ်အကျိုးကျေးဇူးရနိုင်သနည်း။

၁၁ ကျွန်ုပ်တို့သည် ညကောင်းကင်ယံကို အံ့အားသင့်မိန်းမောရန် နက္ခတ္တဗေဒပညာရှင်ဖြစ်ဖို့မလိုသကဲ့သို့ ပေါင်မုန့်အရသာခံရန် ဓာတုဗေဒပညာရှင်ဖြစ်ဖို့လည်းမလိုပါ။ သို့သော် ကျွန်ုပ်တို့ဖန်ဆင်းရှင်၏ ခမ်းနားမြင့်မြတ်မှုကို တန်ဖိုးထားလေးမြတ်ရန် ကိုယ်တော်၏လက်ရာတော်များကို အချိန်ယူတွေးတောဆင်ခြင်ဖို့လိုသည်။ ထိုကဲ့သို့တွေးတောဆင်ခြင်ခြင်းဖြင့် ကျွန်ုပ်တို့ အဘယ်အကျိုးရနိုင်သနည်း။ ယေဟောဝါ၏အခြားအမှုတော်များကို တွေးတောဆင်ခြင်ခြင်းကဲ့သို့ပင် အကျိုးရရှိသည်။

၁၂ မိမိလူမျိုးအတွက် ယေဟောဝါလုပ်ဆောင်ခဲ့သည့် ကြီးမြတ်သောလုပ်ရပ်များနှင့်စပ်လျဉ်း၍ ဒါဝိဒ်ဤသို့စပ်ဆိုခဲ့၏– ‘အကျွန်ုပ်သည် ကိုယ်တော့်ဂုဏ်အသရေ၏ ခမ်းနားမြင့်မြတ်မှုနှင့် အံ့ဖွယ်သောအမှုတော်တို့ကို စဉ်းစားဆင်ခြင်ပါမည်။’ (ဆာ. ၁၄၅:၅ကဘ) သမ္မာကျမ်းစာကိုဖတ်ရှုခြင်း၊ ဖတ်ရှုရာကို အချိန်ယူတွေးတောခြင်းအားဖြင့် ယင်းအမှုတော်များကို ကျွန်ုပ်တို့စဉ်းစားဆင်ခြင်ကြသည်။ ယင်းသို့ပြန်ပြောင်းသုံးသပ်ခြင်းမှ အဘယ်အကျိုးကျေးဇူးရရှိသနည်း။ ဘုရားသခင်၏ဂုဏ်အသရေနှင့် ခမ်းနားမြင့်မြတ်မှုအပေါ် ကျွန်ုပ်တို့၏တန်ဖိုးထားလေးမြတ်မှု တိုးများလာသည်။ ယေဟောဝါအားဂုဏ်တင်ရာတွင် ဒါဝိဒ်နှင့်အတူပူးပေါင်းရန် လှုံ့ဆော်ခံရပြီး ဤသို့ဆိုမည်မှာသေချာသည်– “ကြီးမြတ်တော်မူခြင်းအကြောင်းကို ကြားပြောပါမည်။” (ဆာ. ၁၄၅:၆) ဘုရားသခင်၏အံ့ဖွယ်အမှုတော်များကို တွေးတောခြင်းက ယေဟောဝါနှင့် ကျွန်ုပ်တို့၏ဆက်ဆံရေးကိုခိုင်မြဲစေပြီး အခြားသူများအား ကိုယ်တော့်အကြောင်းကို ထက်သန်၊ ခိုင်မာသောစိတ်ပိုင်းဖြတ်ချက်ဖြင့်ပြောရန် လှုံ့ဆော်ခံရသင့်သည်။ သင်သည် ထက်သန်စွာသတင်းကောင်းဟောပြောနေပြီး ယေဟောဝါဘုရားသခင်၏ ဂုဏ်အသရေ၊ ခမ်းနားမြင့်မြတ်မှု၊ တန်ခိုးအရှိန်အစော်တို့ကို လူတို့တန်ဖိုးထားလေးမြတ်ရန် ထက်သန်စွာကူညီပေးနေပါသလော။

ဘုရားသခင်၏ဂုဏ်အသရေကို ယေရှု စုံလင်စွာရောင်ပြန်ဟပ်

၁၃။ (က) ဒံယေလ ၇:၁၃၊ ၁၄ အရ ယေဟောဝါသည် မိမိသားတော်အား အဘယ်အရာပေးအပ်ခဲ့သနည်း။ (ခ) ဘုရင်အနေနှင့် ယေရှုသည် မိမိ၏လက်အောက်ခံများအား မည်သို့ဆက်ဆံသနည်း။

၁၃ ဘုရားသခင့်သားတော်ယေရှုခရစ်သည် သတင်းကောင်းကို ဇွဲထက်သန်စွာကြွေးကြော်ခဲ့ပြီး ကောင်းကင်ခမည်းတော်၏ ဂုဏ်အသရေနှင့် တန်ခိုးအရှိန်အစော်ကို ဂုဏ်တင်ခဲ့သည်။ ယေဟောဝါသည် မိမိ၏တစ်ပါးတည်းသောသားတော်ကို “နိုင်ငံနှင့်တကွ အာဏာစက်တန်ခိုး” ကိုပေးခြင်းဖြင့် အထူးဂုဏ်တင်ခဲ့သည်။ (ဒံယေလ ၇:၁၃၊ ၁၄ ကိုဖတ်ပါ။) သို့တိုင် ယေရှုသည် မာနထောင်လွှားခြင်း သို့မဟုတ် ခပ်တန်းတန်းနေခြင်းမရှိခဲ့ပါ။ ယင်းနှင့်ဆန့်ကျင်ကာ ကိုယ်တော်သည် မိမိလက်အောက်ခံများ၏ကန့်သတ်ချက်များကို နားလည်သဘောပေါက်သော ထောက်ထားစာနာမှုရှိသည့်အုပ်စိုးရှင်ဖြစ်ပြီး သူတို့ကို တလေးတစားဆက်ဆံတော်မူသည်။ မင်းလောင်းမင်းလျာအနေနှင့်ယေရှုသည် မိမိနှင့်တွေ့ဆုံသူတို့၊ အထူးသဖြင့် လူတို့၏ငြင်းပယ်မှုနှင့် မနှစ်သက်မှုခံရသူတို့အား ကိုယ်တော်ဆက်ဆံပုံ ဥပမာတစ်ခုကို သုံးသပ်ကြည့်ပါ။

၁၄။ ရှေးဣသရေလပြည်တွင် အနူသည်များကို မည်သို့ရှုမြင်ကြသနည်း။

၁၄ ရှေးအချိန်က အနူရောဂါခံစားနေရသူတို့သည် များသောအားဖြင့် ဝမ်းနည်းကြေကွဲစွာ တဖြည်းဖြည်းသေဆုံးကြသည်။ ရောဂါသည်၏ ကိုယ်ခန္ဓာအစိတ်အပိုင်းများသည် တဖြည်းဖြည်းနှင့် ယိုယွင်းပျက်စီးလာသည်။ အနူရောဂါကိုကုသခြင်းသည် လူတစ်ဦးအား သေရာမှပြန်ရှင်စေသည့်အဖြစ်ကဲ့သို့ပင် လုံးလုံးမဖြစ်နိုင်ဟု ယူမှတ်ခဲ့ကြသည်။ (တော. ၁၂:၁၂; ၄ ရာ. ၅:၇၊ ၁၄) အနူသည်များကို မသန့်ရှင်းသူများဟု တရားဝင်ကြေညာထားပြီး ရွံရှာကြကာ လူ့ဘောင်အဖွဲ့အစည်းမှ ပထုတ်ထားကြသည်။ လူတို့နှင့်နီးလာသည့်အခါ “မစင်ကြယ်၊ မစင်ကြယ်” ဟုဟစ်ကြော်သတိပေးရသည်။ (ဝတ်. ၁၃:၄၃-၄၆) အနူသည်တစ်ဦးသည် လူသေကဲ့သို့ဖြစ်သည်။ ရဗ္ဗိမှတ်တမ်းများအရ အနူသည်တစ်ဦးသည် လူတစ်ဦးအနီး ခြောက်ပေခန့်သာ လာခွင့်ပြုသည်။ ဂျူးဘာသာရေးခေါင်းဆောင်တစ်ဦးသည် အနူသည်တစ်ဦးအား ခပ်ဝေးဝေးကပင် တွေ့သည့်အခါ ထိုသူအဝေးတွင်နေရန် ကျောက်ခဲများနှင့်ပစ်သည်ဟု မှတ်တမ်းတင်ထား၏။

၁၅။ အနူသည်တစ်ဦးကို ယေရှု မည်သို့ဆက်ဆံခဲ့သနည်း။

၁၅ သို့သော် အနူသည်တစ်ဦး ယေရှုထံလာကာ ကုသပေးရန်တောင်းပန်ချိန်တွင် ကိုယ်တော်၏တုံ့ပြန်ပုံမှာ မှတ်သားဖွယ်ဖြစ်သည်။ (မာကု ၁:၄၀-၄၂ ကိုဖတ်ပါ။) ယေရှုသည် အနူသည်ကို အဝေးသို့နှင်ထုတ်မည့်အစား ပစ်ပယ်ခံရသည့်ထိုသူကို ထောက်ထားစာနာစွာ တလေးတစားနှင့်ဆက်ဆံခဲ့သည်။ ယေရှုရှုမြင်ပုံမှာ ကယ်ဆယ်ရန်လိုအပ်နေသော သနားစရာလူသားတစ်ဦးအနေနှင့်ဖြစ်သည်။ နှလုံးသား၏လှုံ့ဆော်ခံရမှုကြောင့် ယေရှု၏စာနာထောက်ထားသောခံစားချက်က ချက်ချင်းအရေးယူဆောင်ရွက်စေခဲ့သည်။ လက်တော်ကိုဆန့်၍ ထိုသူကိုတို့လျက် ကုသပေးခဲ့သည်။

၁၆။ အခြားသူများကို ယေရှုဆက်ဆံပုံမှ သင်အဘယ်သင်ခန်းစာ သင်ယူရရှိသနည်း။

၁၆ ယေရှု၏နောက်လိုက်များအနေနှင့် ကျွန်ုပ်တို့သည် ခမည်းတော်၏ဂုဏ်အသရေအား ယေရှုရောင်ပြန်ဟပ်ပုံကို မည်သို့တုပနိုင်သနည်း။ တစ်နည်းမှာ အဆင့်အတန်း၊ ကျန်းမာရေး၊ အသက်အရွယ် မည်သို့ပင်ဖြစ်စေ လူသားအားလုံးသည် ဂုဏ်တင်မှုနှင့် လေးစားမှုခံထိုက်ခြင်းကို တန်ဖိုးထားလေးမြတ်ခြင်းဖြင့်ဖြစ်သည်။ (၁ ပေ. ၂:၁၇) အထူးသဖြင့် ခင်ပွန်းသည်၊ မိဘ၊ ခရစ်ယာန်အကြီးအကဲတို့ကဲ့သို့သော ဦးစီးကြီးကြပ်ရသည့် အနေအထားရှိသူတို့သည် မိမိတို့၏စောင့်ရှောက်မှုအောက်ရှိသူတို့ကို ဂုဏ်တင်ရန်နှင့် ထိုသူတို့ မိမိတို့ကိုယ်ကိုသိမ်ငယ်စိတ်မဝင်သွားစေရန် ကူညီပေးဖို့လိုသည်။ ယင်းသည် ခရစ်ယာန်အားလုံးအတွက် တောင်းဆိုချက်တစ်ခုဖြစ်ကြောင်း အလေးပေးကာ သမ္မာကျမ်းစာက ဤသို့ဆို၏– “ညီရင်းအစ်ကိုကဲ့သို့ချစ်ခြင်းဖြင့် အချင်းချင်း ချစ်ခင်စုံမက်ကြလော့။ အချင်းချင်း ဂုဏ်တင်ရာတွင် ဦးဆောင်ကြလော့။”—ရော. ၁၂:၁၀ကဘ။

ဝတ်ပြုရေးတွင် ဂုဏ်အသရေရှိခြင်း

၁၇။ ယေဟောဝါအားဝတ်ပြုကိုးကွယ်ချိန်တွင် ဂုဏ်အသရေရှိခြင်းနှင့်ပတ်သက်၍ သမ္မာကျမ်းစာမှ အဘယ်အရာသင်ယူနိုင်သနည်း။

၁၇ ကျွန်ုပ်တို့သည် ယေဟောဝါအားဝတ်ပြုကိုးကွယ်ချိန်တွင် အထူးသဖြင့်ဂုဏ်အသရေရှိသင့်သည်ဟု သမ္မာကျမ်းစာက ဖော်ပြသည်။ “ဘုရားသခင့်အိမ်တော်သို့သွားသောအခါ သင့်ခြေတို့ကိုစောင့်လော့” ဟု ဒေ. ၅:၁ ကဆို၏။ မောရှေနှင့်ယောရှုနှစ်ဦးစလုံးသည် မြင့်မြတ်သန့်ရှင်းသောနေရာသို့ရောက်ရှိချိန်တွင် မိမိတို့၏ခြေနင်းများကိုချွတ်ရန် မိန့်မှာခံခဲ့ရသည်။ (ထွ. ၃:၅; ယောရှု ၅:၁၅) ရိုသေလေးစားကြောင်းပြသည့်အနေဖြင့် ယင်းသို့ပြုခဲ့ကြသည်။ ဣသရေလယဇ်ပုရောဟိတ်များသည် “ရှက်စရာအကြောင်း မထင်မပေါ်စေခြင်းငှာ” ပိတ်ဘောင်းဘီကို မဖြစ်မနေဝတ်ဆင်ခဲ့ရသည်။ (ထွ. ၂၈:၄၂၊ ၄၃) ယင်းက ယဇ်ပလ္လင်တွင်အမှုဆောင်သည့်အခါ မပေါ်အပ်သောကိုယ်ခန္ဓာအစိတ်အပိုင်းများကို မပေါ်စေပါ။ ယဇ်ပုရောဟိတ်မိသားစုဝင်တိုင်းသည် ဘုရားသခင်ဝတ်၌မွေ့လျော်သည့် စံနှုန်းနှင့်ညီသောဂုဏ်အသရေကို ထိန်းကြရ၏။

၁၈။ ယေဟောဝါအား ဝတ်ပြုကိုးကွယ်ရာတွင် ဂုဏ်အသရေရှိမှုကို မည်သို့တင်ပြကြသနည်း။

၁၈ သို့ဖြစ်၍ ဝတ်ပြုရေး၌ဂုဏ်အသရေရှိခြင်းတွင် ဂုဏ်တင်ခြင်းနှင့် ရိုသေလေးမြတ်ခြင်းပါဝင်သည်။ ကျွန်ုပ်တို့သည် ဂုဏ်တင်ခံထိုက်၊ ရိုသေခံထိုက်ရန် ရိုသေလေးမြတ်မှုရှိရှိ ပြုမူရမည်။ ကျွန်ုပ်တို့တင်ပြသည့် ဂုဏ်အသရေရှိမှုသည် ဟန်ဆောင်လုပ်ပြခြင်း သို့မဟုတ် ဝတ်ရုံဝတ်ဆင်ရုံမျှသာ မဟုတ်ရပါ။ လူ့မျက်စိဖြင့်မြင်ရုံမျှသာမဟုတ်ဘဲ ဘုရားသခင်မြင်သည့် ကျွန်ုပ်တို့၏နှလုံးထဲမှ ဖြစ်သင့်သည်။ (၁ ရာ. ၁၆:၇; သု. ၂၁:၂) ဂုဏ်အသရေရှိခြင်းသည် ကျွန်ုပ်တို့၏အစိတ်အပိုင်းတစ်ခုဖြစ်သင့်ပြီး ကျွန်ုပ်တို့၏အပြုအမူ၊ သဘောထား၊ အခြားသူတို့နှင့်ကျွန်ုပ်တို့၏ဆက်ဆံရေး၊ ကျွန်ုပ်တို့ကိုယ်ကိုကျွန်ုပ်တို့ ရှုမြင်ပုံ၊ ယူမှတ်ပုံတို့တွင်ပင် အကျိုးသက်ရောက်မှုရှိသင့်သည်။ မှန်ပါသည်၊ အချိန်တိုင်း ကျွန်ုပ်တို့ပြောဆိုရာနှင့် လုပ်ကိုင်ရာတိုင်းတွင် ဂုဏ်အသရေရှိမှုကို ထင်ရှားပြသင့်သည်။ ကျွန်ုပ်တို့၏ အကျင့်အကြံ၊ အပြုအမူ၊ ဝတ်စားဖြီးလိမ်ပုံတို့တွင် ဂုဏ်အသရေရှိကြောင်း ထင်ရှားသည့်အခါ ကျွန်ုပ်တို့သည် တမန်တော်ပေါလု၏ ဤစကားကို နှလုံးသွင်းခြင်းဖြစ်၏– “ငါတို့၏အမှုတော်ဆောင်ခြင်းကို အပြစ်ရှာမတွေ့နိုင်စေရန် တိုက်မိ၍လဲစရာအကြောင်း တစ်စုံတစ်ခုကိုမျှ ငါတို့မပြု။ ငါတို့သည် ဘုရားသခင့် အမှုတော်ဆောင်များဖြစ်ကြောင်း နည်းအမျိုးမျိုးဖြင့် ဖော်ပြကြ၏။” (၂ ကော. ၆:၃၊ ၄ကဘ) ကျွန်ုပ်တို့သည် “ငါတို့၏ကယ်တင်ရှင် ဘုရားသခင်၏သွန်သင်ခြင်းကို အရာရာတွင် တန်ဆာဆင်ယင်နိုင်ကြမည်။”—တိ. ၂:၁၀ကဘ။

ဘုရားသခင်ဝတ်၌မွေ့လျော်သော ဂုဏ်အသရေရှိမှုကို ဆက်၍တင်ပြခြင်း

၁၉၊ ၂၀။ (က) အခြားသူများအား ဂုဏ်တင်ရာတွင် ကောင်းမွန်သည့်နည်းတစ်နည်းမှာ အဘယ်နည်း။ (ခ) ဂုဏ်အသရေရှိမှုနှင့်ပတ်သက်၍ ကျွန်ုပ်တို့၏သန္နိဋ္ဌာန်မှာ အဘယ်အရာဖြစ်သင့်သနည်း။

၁၉ “ခရစ်တော်၏ကိုယ်စား သံအမတ်များ” ဖြစ်ကြသော ဝိညာဉ်တော်ဖွားခရစ်ယာန်များသည် ဂုဏ်အသရေရှိမှုကို တင်ပြကြသည်။ (၂ ကော. ၅:၂၀ကဘ) သူတို့ကို တည်ကြည်စွာထောက်မနေကြသော “အခြားသိုး” တို့သည် မေရှိယနိုင်ငံတော်အတွက် ဂုဏ်အသရေရှိသော သံတမန်များဖြစ်ကြသည်။ သံအမတ်တစ်ဦး သို့မဟုတ် သံတမန်တစ်ဦးသည် မိမိ၏အစိုးရအတွက် ရဲဝံ့စွာ၊ ဂုဏ်အသရေရှိစွာ ပြောဆိုသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ဘုရားသခင့်နိုင်ငံတော်အစိုးရကို ထောက်မရာတွင် ဂုဏ်အသရေရှိရှိနှင့် ရဲဝံ့စွာပြောဆိုသင့်သည်။ (ဧ. ၆:၁၉၊ ၂၀) ထို့ပြင် ကျွန်ုပ်တို့သည် အခြားသူတို့ထံသို့ “ကောင်းကျိုးချမ်းသာ၏ ဝမ်းမြောက်စရာသတင်း” ကို သယ်ဆောင်သွားပေးသည့်အခါ သူတို့ကို ဂုဏ်တင်လေးမြတ်ကြောင်း တင်ပြနေခြင်းမဟုတ်လော။—ဟေရှာ. ၅၂:၇

၂၀ ကျွန်ုပ်တို့သည် ဘုရားသခင်၏ဂုဏ်အသရေနှင့်ညီလျော်စွာ ကျင့်ကြံပြုမူခြင်းအားဖြင့် ကိုယ်တော်အားဂုဏ်တင်ရန် သန္နိဋ္ဌာန်ချသင့်သည်။ (၁ ပေ. ၂:၁၂) ဘုရားသခင်၊ ကိုယ်တော့်ဝတ်ပြုရေးနှင့် ကိုယ်တော်အားဝတ်ပြုကိုးကွယ်သူချင်းတို့ကို နက်ရှိုင်းစွာရိုသေလေးမြတ်ကြောင်း အစဉ်တင်ပြကြစို့။ ဂုဏ်အသရေ၊ ခမ်းနားမြင့်မြတ်မှုတို့ဖြင့် မိမိကိုယ်ကိုတန်ဆာဆင်သော ယေဟောဝါသည် ကျွန်ုပ်တို့ ကိုယ်တော်အား ဂုဏ်အသရေရှိရှိဝတ်ပြုကိုးကွယ်မှုကို နှစ်သက်ပါစေ။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 3 ရှစ်ခုမြောက်ဆာလံကျမ်းပါ ဒါဝိဒ်၏ဖော်ပြချက်များသည် စုံလင်သောလူသားယေရှုခရစ်ကိုလည်း ပရောဖက်ပြုရည်ညွှန်းသည်။—ဟေဗြဲ ၂:၅-၉

သင်မည်သို့ဖြေဆိုမည်နည်း

• ယေဟောဝါဂုဏ်အသရေ၏ ခမ်းနားမြင့်မြတ်မှုကို တန်ဖိုးထားလေးမြတ်ခြင်းက ကျွန်ုပ်တို့အပေါ် အဘယ်အကျိုးသက်ရောက်မှုရှိသင့်သနည်း။

• အနူသည်တစ်ဦးကို ယေရှုဆက်ဆံပုံမှ ဂုဏ်တင်မှုနှင့် ပတ်သက်၍ ကျွန်ုပ်တို့ အဘယ်အရာ သင်ယူနိုင် သနည်း။

• ဂုဏ်အသရေရှိသောနည်းများဖြင့် ယေဟောဝါအား ကျွန်ုပ်တို့ မည်သို့ဂုဏ်တင်နိုင်သနည်း။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၁၂ ပါပုံ]

ယေဟောဝါသည် အာဗေလကို မည်သို့ ဂုဏ်တင်ခဲ့သနည်း

[စာမျက်နှာ ၁၄ ပါပုံ]

ယေဟောဝါ၏ကြီးမြတ်သောအမှုတော်များသည် ပေါင်မုန့်စီမံပေးမှု၌ပင် ထင်ရှား

[စာမျက်နှာ ၁၅ ပါပုံ]

အနူသည်တစ်ဦးအား ယေရှုဆက်ဆံပုံမှ ဂုဏ်တင်မှုနှင့်ပတ်သက်၍ သင်အဘယ်အရာ သင်ယူရရှိခဲ့သနည်း

[စာမျက်နှာ ၁၆ ပါပုံ]

ဂုဏ်အသရေရှိသောဝတ်ပြုကိုးကွယ်မှုတွင် ယေဟောဝါအား ဂုဏ်တင်ခြင်းပါဝင်