မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“စင်ကြယ်သောဘာသာစကား” ကို ကျွမ်းကျင်စွာ သင်ပြောနေပါသလော

“စင်ကြယ်သောဘာသာစကား” ကို ကျွမ်းကျင်စွာ သင်ပြောနေပါသလော

“စင်ကြယ်သောဘာသာစကား” ကို ကျွမ်းကျင်စွာ သင်ပြောနေပါသလော

“လူမျိုးအပေါင်းတို့သည် . . . ယေဟောဝါ၏နာမတော်ကို ခေါ်စေခြင်းငှာ စင်ကြယ်သောဘာသာစကားကို သူတို့အား ငါပေးမည်။”—ဇေ. ၃:၉၊ ကဘ။

၁။ ယေဟောဝါသည် ကျွန်ုပ်တို့အား အလွန်ကောင်းသော အဘယ်ဆုကျေးဇူးကိုပေးခဲ့ပြီနည်း။

ဘာသာစကားဆုကျေးဇူးသည် လူတို့အစပြုတီထွင်ခဲ့ရာမဟုတ်ဘဲ လူ့ဖန်ဆင်းရှင် ယေဟောဝါဘုရားသခင်အစပြုခဲ့ခြင်းဖြစ်သည်။ (ထွ. ၄:၁၁၊ ၁၂) ကိုယ်တော်သည် ပထမလူသားအာဒံကို စကားပြောဆိုနိုင်စွမ်းသာမက စကားလုံးသစ်များ ဖန်တီးခြင်းဖြင့် မိမိ၏ဝေါဟာရကို ကြွယ်ဝစေနိုင်သည့်စွမ်းရည်ကိုလည်း ပေးတော်မူခဲ့သည်။ (က. ၂:၁၉၊ ၂၀၊ ၂၃) အလွန်ကောင်းသောဆုကျေးဇူးဖြစ်ကြောင်း တွေ့ရှိခဲ့ရပြီ! ယင်းသည် လူတို့အား ကောင်းကင်ခမည်းတော်နှင့်ဆက်သွယ်ရန်၊ ကိုယ်တော်၏ဘုန်းကြီးသောနာမတော်ကို ချီးမွမ်းရန်ပင် ဖြစ်စေခဲ့သည်။

၂။ လူသားတို့သည် ဘာသာစကားတစ်မျိုးတည်းကို အဘယ်ကြောင့် ဆက်မပြောကြတော့သနည်း။

လူတို့တည်ရှိလာခဲ့သည့်အချိန်မှ ၁၇ ရာစုအတွင်း လူတိုင်း ဘာသာစကားတစ်မျိုးတည်းပြောဆိုပြီး “စကားတစ်မျိုးတည်း” ရှိခဲ့သည်။ (က. ၁၁:၁) ထို့နောက် နိမ်ရောဒခေတ်တွင် ပုန်ကန်မှုဖြစ်လာခဲ့သည်။ ယေဟောဝါ၏ညွှန်ကြားချက်များကိုဆန့်ကျင်လျက် နာခံမှုမရှိသောလူသားတို့သည် နောက်ပိုင်းတွင် ဘေဘဲလ် (ဗာဗုလုန်) ဟုခေါ်သောအရပ်၌ စုဝေးခဲ့ကြပြီး တစ်နေရာတည်းတွင် နေမြဲနေကြရန် စိတ်ပိုင်းဖြတ်ခဲ့ကြသည်။ သူတို့သည် ယေဟောဝါကို ဂုဏ်တင်ဖို့မဟုတ်ဘဲ မိမိတို့၏နာမည် ‘ကျော်စောစေ’ ရန်ရဲတိုက်ကြီးကို စတင်တည်ဆောက်ခဲ့ကြသည်။ ယင်းအတွက်ကြောင့် ယေဟောဝါသည် ထိုပုန်ကန်သူတို့၏မူလဘာသာစကားကို ရှုပ်ထွေးစေခဲ့ပြီး အမျိုးမျိုးသောဘာသာစကားပြောရန် ဖြစ်စေခဲ့သည်။ ထို့ကြောင့် သူတို့သည် ကမ္ဘာမြေပြင်အနှံ့ ပျံ့နှံ့ခဲ့ကြသည်။—ကမ္ဘာဦး ၁၁:၄-၈ ကိုဖတ်ပါ။

၃။ ယေဟောဝါသည် ဘေဘဲလ်၌ ပုန်ကန်သူတို့၏စကားကို ရှုပ်ထွေးစေသောအခါ အဘယ်အရာဖြစ်ခဲ့သနည်း။

ယနေ့အချိန်တွင် အမှန်တကယ်ပင် ဘာသာစကားထောင်နှင့်ချီ—အချို့အဆိုအရ ၆,၈၀၀ ကျော်ကို—ကမ္ဘာပေါ်တွင် ပြောဆိုကြသည်။ ယင်းဘာသာစကားတစ်ခုစီတွင် မတူညီသောတွေးခေါ်မှုပုံစံများ လိုအပ်သည်။ ယေဟောဝါဘုရားသခင်သည် ထိုပုန်ကန်သူတို့၏စကားကို ရှုပ်ထွေးစေသောအခါ ယခင်က သူတို့ပြောဆိုသောဘုံဘာသာစကားကို သူတို့၏မှတ်ဉာဏ်မှ လုံးဝမေ့ပျောက်စေခဲ့ပုံရသည်။ ကိုယ်တော်သည် သူတို့၏မှတ်ဉာဏ်ထဲတွင် ဝေါဟာရသစ်များကို ထည့်သွင်းပေးရုံသာမက သူတို့၏တွေးခေါ်ပုံများကိုပါ ပြောင်းလဲစေခဲ့ပြီး သဒ္ဒါအသစ်ကို ဖြစ်ပေါ်စေခဲ့သည်။ ထိုရဲတိုက်တည်ရှိရာအရပ်ကို ဘေဘဲလ် သို့မဟုတ် “ရှုပ်ထွေးခြင်း၊” ဟူ၍ခေါ်ခဲ့ကြသည်မှာ အံ့ဩစရာမဟုတ်ပေ။ (က. ၁၁:၉) စိတ်ဝင်စားစရာမှာ ယနေ့အချိန်တွင် ကျွန်ုပ်တို့မြင်တွေ့ရသည့် ဘာသာစကားကွဲပြားမှု၏မူလအစနှင့်ပတ်သက်၍ ကျေနပ်လောက်သောရှင်းပြချက်ကို သမ္မာကျမ်းစာကသာ ပေးနိုင်သည်။

အသစ်သော၊ စင်ကြယ်သောဘာသာစကား

၄။ ကျွန်ုပ်တို့အချိန်တွင် အဘယ်အရာဖြစ်ပျက်မည်ဟု ယေဟောဝါကြိုဟောခဲ့သနည်း။

ဘေဘဲလ်၌ ဘုရားသခင်၏ကြားဝင်မှုနှင့်ပတ်သက်သော ကျမ်းစာမှတ်တမ်းသည် စိတ်ဝင်စားဖွယ်ကောင်းသကဲ့သို့ ပို၍ပင်စိတ်ဝင်စားစရာကောင်းပြီး အရေးကြီးသည့်အရာ ကျွန်ုပ်တို့အချိန်တွင် ဖြစ်ပျက်ခဲ့သည်။ ယေဟောဝါသည် မိမိ၏ပရောဖက်ဇေဖနိမှတစ်ဆင့် ဤသို့ကြိုဟောခဲ့သည်– “လူမျိုးအပေါင်းတို့သည် အမှုတော်ကို ပခုံးချင်းယှဉ်၍ ထမ်းဆောင်မည်အကြောင်း ယေဟောဝါ၏နာမတော်ကို ခေါ်စေခြင်းငှာ စင်ကြယ်သောဘာသာစကားကို သူတို့အား ငါပေးမည်။” (ဇေ. ၃:၉ကဘ) ထို “စင်ကြယ်သောဘာသာစကား” မှာအဘယ်နည်း၊ ယင်းကို ကျွမ်းကျင်စွာပြောတတ်ရန် မည်သို့သင်ယူနိုင်သနည်း။

၅ စင်ကြယ်သောဘာသာစကားမှာ အဘယ်နည်း၊ ဤသို့ဘာသာစကားပြောင်းလဲခြင်းမှ အဘယ်ရလဒ်ရရှိသနည်း။

စင်ကြယ်သောဘာသာစကားမှာ နှုတ်မြွက်စကားတော်သမ္မာကျမ်းစာတွင်တွေ့ရသည့် ယေဟောဝါဘုရားသခင်အကြောင်းနှင့် ကိုယ်တော်၏ရည်ရွယ်ချက်များနှင့်ဆိုင်သော အမှန်တရားဖြစ်သည်။ ထို “ဘာသာစကား” တွင် ဘုရားသခင့်နိုင်ငံတော်အကြောင်း အမှန်တရားကို တိကျမှန်ကန်စွာနားလည်ခြင်းနှင့် ယင်းသည် ယေဟောဝါ၏နာမတော်ကို မည်သို့သန့်ရှင်းလေးမြတ်စေမည်၊ ကိုယ်တော်၏အကြွင်းမဲ့ပိုင်သအုပ်စိုးမှုကို မည်သို့သံသယကင်းရှင်းစေမည်နှင့် တည်ကြည်သောလူသားများအား ထာဝစဉ်ကောင်းချီးများ မည်သို့ခံစားစေမည်တို့ ပါဝင်သည်။ ဤသို့ဘာသာစကားပြောင်းလဲခြင်းမှ အဘယ်အကျိုးရလဒ်များရှိသနည်း။ လူတို့သည် “အမှုတော်ကို ပခုံးချင်းယှဉ်၍ ထမ်းဆောင်မည်” ဖြစ်ကြောင်းနှင့် “ယေဟောဝါ၏နာမတော်ကို ခေါ်စေ” မည်ဖြစ်ကြောင်း ကျွန်ုပ်တို့သိခဲ့ကြသည်။ ဘေဘဲလ်တွင်ဖြစ်ပျက်ခဲ့ရာနှင့်မတူဘဲ ဤစင်ကြယ်သောဘာသာစကားသို့ပြောင်းလဲခြင်းက ယေဟောဝါ၏နာမတော်ကို ချီးမွမ်းစေပြီး ကိုယ်တော့်လူမျိုးကို စည်းလုံးစေခဲ့သည်။

စင်ကြယ်သောဘာသာစကားကို သင်ယူခြင်း

၆၊ ၇။ (က) ဘာသာစကားအသစ်သင်ယူရာတွင် အဘယ်အရာပါဝင်ပြီး ယင်းသည် စင်ကြယ်သောဘာသာစကားသင်ယူခြင်းနှင့် မည်သို့သက်ဆိုင်သနည်း။ (ခ) ယခု အဘယ်အရာကို ကျွန်ုပ်တို့သုံးသပ်ကြမည်နည်း။

လူတစ်ဦးသည် အခြားဘာသာစကား သင်ယူလိုသည့်အခါ စကားလုံးသစ်များကို အလွတ်ကျက်မှတ်ရုံထက်မက ပြုလုပ်ရန်လိုသည်။ ဘာသာစကားအသစ်သင်ယူခြင်းတွင် စဉ်းစားပုံအသစ်၊ တွေးခေါ်မှုပုံစံအသစ်သင်ယူခြင်း ပါဝင်သည်။ ကျိုးကြောင်းဆင်ခြင်မှုနှင့် ဟာသဉာဉ်သည် အခြားဘာသာစကားတွင် တစ်မျိုးဖြစ်သွားပေမည်။ အသံထွက်အသစ်သည် လျှာကဲ့သို့သော စကားပြောအင်္ဂါများကို တစ်မျိုးအသုံးပြုရန် လိုအပ်စေမည်။ သမ္မာကျမ်းစာအမှန်တရား၏ စင်ကြယ်သောဘာသာစကားကို စတင်သင်ယူရာတွင်လည်း အလားတူပင်ဖြစ်သည်။ သမ္မာကျမ်းစာအခြေခံသွန်သင်ချက်အချို့ သင်ယူခြင်းထက်မက ပို၍လိုအပ်သည်။ ဤဘာသာစကားအသစ်ကို ကောင်းစွာသင်ယူရာတွင် ကျွန်ုပ်တို့၏အတွေးအခေါ် ပြုပြင်ပြီး စိတ်နှလုံးသဘော ပြောင်းလဲခြင်းပါဝင်သည်။—ရောမ ၁၂:၂; ဧဖက် ၄:၂၃ တို့ကိုဖတ်ပါ။

စင်ကြယ်သောဘာသာစကားကို နားလည်ရုံသာမက ယင်းကို ကျွမ်းကျင်စွာပြောဆိုတတ်ရန် အဘယ်အရာက ထောက်ကူပေးမည်နည်း။ မည်သည့်ဘာသာစကားကိုမဆို သင်ယူခြင်းတွင်ကဲ့သို့ပင် ကျမ်းစာအမှန်တရား၏ဘာသာစကားကို ကျွမ်းကျင်စွာပြောတတ်ရန် အထောက်အကူပေးနိုင်သည့် အခြေခံနည်းစနစ်အချို့ရှိသည်။ အခြားဘာသာစကားကို သင်ယူရာတွင် လူတို့အသုံးခဲ့ပြုသော အခြေခံအဆင့်အချို့ကို သုံးသပ်ပြီး ဤပုံဆောင်ဘာသာစကားအသစ်ကို သင်ယူရာတွင် ယင်းအဆင့်များက မည်သို့ထောက်ကူပေးနိုင်ပုံကို ကြည့်ကြစို့။

စင်ကြယ်သောဘာသာစကားကို ကျွမ်းကျင်စွာပြောခြင်း

၈၊ ၉။ စင်ကြယ်သောဘာသာစကားကို သင်ယူလိုပါက အဘယ်အရာလုပ်ရမည်နည်း၊ ယင်းသည် အဘယ်ကြောင့်အရေးကြီးသနည်း။

ဂရုတစိုက်နားထောင်ပါ။ ဦးဆုံး၊ ဘာသာစကားအသစ်တစ်ခုကို တစ်ခါမျှမကြားဖူးသူအတွက် ယင်းကို နားလည်ရန် မဖြစ်နိုင်ပုံပေါက်ပေမည်။ (ဟေရှာ. ၃၃:၁၉) သို့သော် လူတစ်ဦးသည် သူကြားနေသည့်အရာကို အာရုံစိုက်ဖို့သင်ယူသောအခါ စကားလုံးတချို့ကို နားလည်စပြုလာပြီး ပြောဆိုပုံများကို သတိထားမိလာမည်။ အလားတူ၊ ကျွန်ုပ်တို့ ဤသို့တိုက်တွန်းခံရသည်– “ငါတို့သည် မည်သည့်အခါမျှ မရွေ့မျောသွားရန် ငါတို့ကြားခဲ့ရာများကို ခါတိုင်းထက် သာ၍အာရုံစိုက်ဖို့လို၏။” (ဟေဗြဲ ၂:၁ကဘ) ယေရှုသည် မိမိ၏နောက်တော်လိုက်များကို ဤသို့အကြိမ်ကြိမ်တိုက်တွန်းခဲ့သည်– “ကြားစရာနားရှိသောသူမည်သည်ကား ကြားပါစေ။” (မ. ၁၁:၁၅; ၁၃:၄၃ကဘ; မာ. ၄:၂၃; လု. ၁၄:၃၅) မှန်ပါသည်၊ စင်ကြယ်သောဘာသာစကားနှင့်ပတ်သက်၍ ကျွန်ုပ်တို့၏နားလည်မှုကို တိုးတက်စေရန် ကြားသည့်အရာကို “နားထောင်၍ ဆိုလိုရင်းကို နားလည်” ရန်လိုသည်။—မ. ၁၅:၁၀ကဘ; မာ. ၇:၁၄

နားထောင်ခြင်းတွင် အာရုံစိုက်ဖို့လိုသည်၊ သို့သော် အမှန်ပင် ကြိုးစားရကျိုးနပ်၏။ (လု. ၈:၁၈) ခရစ်ယာန်အစည်းအဝေးများတွင် ရှင်းပြနေသည့်အရာပေါ် ကျွန်ုပ်တို့အာရုံစိုက်ပါသလော၊ သို့မဟုတ် အာရုံပျံ့လွင့်နေပါသလော။ တင်ဆက်နေသည့်အရာပေါ် အတတ်နိုင်ဆုံးအာရုံစိုက်ရန် အလွန်အရေးကြီးသည်။ ထိုသို့မဟုတ်ပါက၊ ကျွန်ုပ်တို့သည် နားထိုင်းသူအဖြစ်သို့ အမှန်ပင် ရောက်သွားနိုင်သည်။—ဟေဗြဲ ၅:၁၁ကဘ။

၁၀၊ ၁၁။ (က) ဂရုတစိုက်နားထောင်ခြင်းအပြင် အဘယ်အရာကို ကျွန်ုပ်တို့လုပ်ရမည်နည်း။ (ခ) စင်ကြယ်သောဘာသာစကားပြောဆိုခြင်းတွင် အဘယ်အရာပါဝင်သေးသနည်း။

၁၀ စကားပြောကျွမ်းကျင်သူများကို တုပပါ။ ဘာသာစကားအသစ်သင်ယူသော ကျောင်းသားများသည် ဂရုတစိုက်နားထောင်ရန်သာမက စကားပြောကျွမ်းကျင်သူတို့၏ အသံထွက်ပုံနှင့်ပြောဆိုပုံတို့ကိုပါ တုပရန် အားပေးခံရကြသည်။ ယင်းက အခြားသူများနားလည်ဖို့ခက်သည့် သိသိသာသာလွဲမှားသောအသံထွက်ကိုရှောင်ရန် ကျောင်းသားများကို အထောက်အကူပြုသည်။ ထိုနည်းတူ၊ ကျွန်ုပ်တို့သည် ဘာသာစကားအသစ်နှင့်ပတ်သက်၍ “သွန်သင်ခြင်းအတတ်ပညာ” ကိုတတ်ကျွမ်းသူတို့ထံမှ သင်ယူသင့်သည်။ (၂ တိ. ၄:၂ကဘ) အကူအညီတောင်းခံပါ။ သင်အမှားများပြုမိသောအခါ ပြုပြင်တည့်မတ်ပေးမှုကို လိုလိုလားလားလက်ခံပါ။—ဟေဗြဲ ၁၂:၅၊ ၆၊ ၁၁ ကိုဖတ်ပါ။

၁၁ စင်ကြယ်သောဘာသာစကားပြောဆိုခြင်းတွင် အမှန်တရားကိုယုံကြည်ပြီး ယင်းကို အခြားသူများအား သင်ပေးခြင်းသာမက ကျွန်ုပ်တို့၏အကျင့်ကို ဘုရားသခင့်ပညတ်၊ မူများနှင့်ညီညွတ်စေခြင်းလည်း ပါဝင်သည်။ ယင်းသို့ပြုရာတွင် အထောက်အကူအတွက် ကျွန်ုပ်တို့သည် အခြားသူများကို တုပရန်လိုသည်။ ယင်းတွင် သူတို့၏ယုံကြည်ခြင်းနှင့် ဇွဲကို တုပခြင်းပါဝင်သည်။ ယေရှု၏အသက်တာလမ်းစဉ်တစ်ခုလုံးကို တုပခြင်းလည်းပါဝင်သည်။ (၁ ကော. ၁၁:၁; ဟေဗြဲ ၁၂:၂; ၁၃:၇) ဇွဲရှိရှိဖြင့်ယင်းသို့ပြုလုပ်သွားပါက ဘုရားသခင့်လူမျိုးအလယ်တွင် စည်းလုံးမှုရှိလာပြီး စင်ကြယ်သောဘာသာစကားကို အသံနေအသံထားတစ်မျိုးတည်းနှင့် ပြောဆိုသကဲ့သို့ ဖြစ်ပါလိမ့်မည်။—၁ ကော. ၄:၁၆၊ ၁၇

၁၂။ အလွတ်ကျက်မှတ်ခြင်းသည် ဘာသာစကားအသစ်သင်ယူခြင်းတွင် မည်သို့ပါဝင်ပတ်သက်သနည်း။

၁၂ အလွတ်ကျက်မှတ်ပါ။ ဘာသာစကားသင်ယူသောကျောင်းသားများသည် အကြောင်းအရာသစ်အတော်များများကို မှတ်မိရန် အလွတ်ကျက်ဖို့လိုသည်။ ယင်းတွင် ဝေါဟာရအသစ်များနှင့် အသုံးအနှုန်းအသစ်များကို အလွတ်ကျက်မှတ်ခြင်းပါဝင်သည်။ ခရစ်ယာန်များအတွက် အလွတ်ကျက်မှတ်ခြင်းသည် စင်ကြယ်သောဘာသာစကားကို ကျွမ်းကျင်စွာပြောဆိုရာတွင် အလွန်အထောက်အကူပြုနိုင်သည်။ သမ္မာကျမ်းစာ၏ ကျမ်းစောင်အမည်များကို အစဉ်လိုက် အလွတ်ကျက်မှတ်သင့်သည်မှာ မှန်ပါသည်။ အချို့သူတို့သည် တချို့သောကျမ်းချက်စာသားများ သို့မဟုတ် ကျမ်းချက်များကို အလွတ်ကျက်မှတ်ရန် ပန်းတိုင်ထားကြသည်။ အခြားသူတို့မူ ဘုရားသခင့်နိုင်ငံတော်သီချင်းများ၊ ဣသရေလလူမျိုးအမည်များ၊ တမန်တော် ၁၂ ပါး၏အမည်များ၊ ဝိညာဉ်အသီးအဖြစ်ဖော်ပြသော အရည်အသွေးများကို အလွတ်ကျက်မှတ်ခြင်းသည် အကျိုးရှိကြောင်း တွေ့ရှိခဲ့ကြသည်။ ရှေးအချိန်တွင် ဣသရေလလူများစွာတို့သည် ဆာလံကျမ်းကို အလွတ်ကျက်ခဲ့ကြသည်။ မျက်မှောက်ခေတ်တွင် လူငယ်လေးတစ်ဦးသည် ခြောက်နှစ်အရွယ်သာရှိသေးချိန်၌ ကျမ်းချက်ပေါင်း ၈၀ ကျော်ကို လုံးစေ့ပတ်စေ့ အလွတ်ရခဲ့သည်။ ဤတန်ဖိုးရှိသောစွမ်းရည်ကို ပို၍ကောင်းစွာအသုံးပြုနိုင်ပါသလော။

၁၃။ အထပ်ထပ်ပြောဆိုခြင်းသည် အဘယ်ကြောင့် အရေးကြီးသနည်း။

၁၃ အထပ်ထပ်ပြောဆိုခြင်းက မှတ်ဉာဏ်ကို အထောက်အကူပြု၏၊ ထပ်တလဲလဲသတိပေးချက်များသည် ကျွန်ုပ်တို့၏ခရစ်ယာန်ပညာရေးတွင် မရှိမဖြစ်လိုအပ်သည်။ တမန်တော်ပေတရုက ဤသို့ပြောခဲ့သည်– “သင်တို့သည် ထိုအရာများကိုသိရှိပြီး သင်တို့တွင်ရှိသော အမှန်တရား၌ ခိုင်ခံ့မြဲမြံနေကြသော်လည်း ငါသည် ထိုအရာများအကြောင်း သင်တို့ကို သတိပေးရန် အမြဲအသင့်ရှိ၏။” (၂ ပေ. ၁:၁၂ကဘ) ကျွန်ုပ်တို့သည် အဘယ်ကြောင့် သတိပေးချက်များလိုအပ်သနည်း။ ယင်းတို့က ကျွန်ုပ်တို့၏နားလည်မှုကို ပို၍နက်ရှိုင်းစေပြီး အမြင်ကျယ်စေကာ ဝိညာဉ်ရေးလမ်းကြောင်းတွင် ရှိမြဲရှိနေရန် ကျွန်ုပ်တို့၏စိတ်ပိုင်းဖြတ်မှုကို ခိုင်ခံ့စေသောကြောင့်ဖြစ်သည်။ (ဆာ. ၁၁၉:၁၂၉) ဘုရားသခင့်စံနှုန်းများနှင့် မူများကို အစဉ်ပြန်လည်သုံးသပ်ခြင်းက မိမိတို့ကိုယ်ကို ဆန်းစစ်စေပြီး “မေ့လျော့တတ်” သူများမဖြစ်ရန် အထောက်အကူပြုသည်။ (ယာ. ၁:၂၂-၂၅) အမှန်တရားနှင့်ပတ်သက်၍ မိမိတို့ကိုယ်ကို အစဉ်သတိမပေးပါက ကျွန်ုပ်တို့၏နှလုံးတွင် အခြားအရာများက လွှမ်းမိုးသွားမည်ဖြစ်ပြီး စင်ကြယ်သောဘာသာစကားကို ကျွမ်းကျင်စွာ မပြောနိုင်တော့ဘဲရှိပေမည်။

၁၄။ စင်ကြယ်သောဘာသာစကားလေ့လာသောအခါ အဘယ်အရာက ကျွန်ုပ်တို့ကို အထောက်အကူပေးမည်နည်း။

၁၄ အသံထွက်ဖတ်ပါ။ (ဗျာ. ၁:၃) ကျောင်းသားတချို့သည် ဘာသာစကားအသစ်ကို မိမိတို့ဘာသာ အသံတိတ်လေ့လာရန် ကြိုးစားကြသည်။ ယင်းက အကောင်းဆုံးရလဒ်များ မဖြစ်စေပါ။ စင်ကြယ်သောဘာသာစကားလေ့လာခြင်းတွင် ကျွန်ုပ်တို့၏အာရုံစူးစိုက်ခြင်းကို ထောက်ကူရန် “တိုးတိုးသံဖြင့်” ဖတ်ဖို့ လိုအပ်သည့်အခါများရှိပေမည်။ (ဆာလံ ၁:၁၊ ၂၊ ကဘ ကိုဖတ်ပါ။ *) ယင်းသို့ပြုခြင်းက ဖတ်နေသည့်အကြောင်းအရာကို ကျွန်ုပ်တို့၏စိတ်တွင် ပို၍စွဲမြဲစေသည်။ ဟေဗြဲဘာသာတွင် “တိုးတိုးသံဖြင့်ဖတ်” ဟူသောအသုံးအနှုန်းသည် တွေးတောဆင်ခြင်ခြင်းနှင့် အနီးကပ်ဆက်စပ်သည်။ ကျွန်ုပ်တို့စားလိုက်သည့်အစာမှ အကျိုးအပြည့်အဝရရှိဖို့ဆိုလျှင် အစာခြေဖျက်ခြင်းလိုအပ်သကဲ့သို့ ကျွန်ုပ်တို့ဖတ်ရှုသည့်အရာကို ရှင်းလင်းစွာနားလည်ဖို့ဆိုလျှင် တွေးတောဆင်ခြင်ခြင်း လိုအပ်သည်။ ကျွန်ုပ်တို့လေ့လာသည့်အရာပေါ် တွေးတောဆင်ခြင်ရန် အချိန်အလုံအလောက်ပေးသလော။ ကျွန်ုပ်တို့သည် သမ္မာကျမ်းစာဖတ်ရှုပြီးနောက် ဖတ်ခဲ့သည့်အရာနှင့်ပတ်သက်၍ လေးလေးနက်နက်စဉ်းစားတွေးတောရမည်။

၁၅။ ကျွန်ုပ်တို့သည် စင်ကြယ်သောဘာသာစကား၏ “သဒ္ဒါ” ကို မည်သို့လေ့လာနိုင်သနည်း။

၁၅ သဒ္ဒါကို ဆန်းစစ်လေ့လာပါ။ ကျွန်ုပ်တို့သင်ယူနေသည့်ဘာသာစကားအသစ်၏သဒ္ဒါ သို့မဟုတ် စကားလုံးပုံစံနှင့် စည်းမျဉ်းတို့ကိုလေ့လာခြင်းသည် တစ်ချိန်ချိန်တွင် အကျိုးရှိသည်။ ယင်းက ဘာသာစကားတည်ဆောက်ပုံကို နားလည်စေပြီး မှန်ကန်စွာပြောဆိုတတ်ရန် ထောက်ကူသည်။ ဘာသာစကားတစ်ခုတွင် စကားလုံးများ၏ပုံစံရှိသကဲ့သို့ သမ္မာကျမ်းစာအမှန်တရား၏ စင်ကြယ်သောဘာသာစကားတွင် “အကျိုးဖြစ်ထွန်းသော တရားစကားတော်ပုံစံ” ရှိသည်။ (၂ တိ. ၁:၁၃ကဘ) ထို “ပုံစံ” ကိုလိုက်တုရန် လိုသည်။

၁၆။ အဘယ်ဖြစ်တတ်သည့်သဘောကို အောင်မြင်ကျော်လွှားရန် လိုသနည်း၊ ယင်းကို မည်သို့ပြုနိုင်သနည်း။

၁၆ ဆက်၍တိုးတက်နေပါ။ လူတစ်ဦးသည် ဘာသာစကားတစ်ခု၏ အခြေခံစကားပြော အတော်အသင့်တတ်မြောက်ရန် သင်ယူပေမည်၊ သို့သော် ထိုသို့သင်ယူပြီးနောက် တိုးတက်မှုရပ်တန့်သွားသည်။ စင်ကြယ်သောဘာသာစကားပြောဆိုသူတို့တွင်လည်း အလားတူပြဿနာဖြစ်ပေါ်ပေမည်။ (ဟေဗြဲ ၅:၁၁-၁၄ ကိုဖတ်ပါ။) ဤဖြစ်တတ်သည့်သဘောကို အောင်မြင်ကျော်လွှားရန် အဘယ်အရာက အထောက်အကူပြုနိုင်သနည်း။ သင့်ဝေါဟာရကြွယ်ဝရန် ကြိုးစားအားထုတ်ဖို့ လိုလိုလားလားရှိပါဟု ဆိုရမည်သာဖြစ်သည်။ “သေခြင်းနှင့်စပ်ဆိုင်သောအကျင့်ကို နောင်တရခြင်း၊ ဘုရားသခင်ကိုယုံကြည်ခြင်း၊ ဗတ္တိဇံတရားကိုသွန်သင်ခြင်း၊ လက်ကိုတင်ခြင်း၊ သေလွန်သောသူတို့၏ထမြောက်ခြင်း၊ ထာဝရစီရင်ဆုံးဖြတ်ခြင်းတည်းဟူသော မူလအမြစ်ကို ငါတို့သည်ပြန်၍မတည်ဘဲ ခရစ်တော်၏ဘာသာ၌ အစအဦးဖြစ်သောအကြောင်းအရာတို့ကိုထား၍ စုံလင်သောအဖြစ်သို့တက်ကြကုန်အံ့။”—ဟေဗြဲ ၆:၁၊ ၂

၁၇။ မှန်မှန်လေ့လာသည့်အကျင့်သည် အဘယ်ကြောင့် အရေးကြီးသနည်း။ ဥပမာပေးပါ။

၁၇ သတ်သတ်မှတ်မှတ်လေ့လာသည့်အချိန်များ ထားရှိပါ။ မှန်မှန်ပြုလုပ်သည့် အချိန်တိုလေ့လာခြင်းသည် တစ်ခါတစ်ရံမှသာပြုလုပ်သည့် အချိန်ကြာလေ့လာခြင်းထက် ပိုကောင်းသည်။ သင်သည် လန်းလန်းဆန်းဆန်းရှိပြီး အလွယ်တကူအာရုံမပျံ့လွင့်သည့်အချိန်များတွင် လေ့လာပါ။ ဘာသာစကားအသစ်သင်ယူခြင်းသည် တောထဲတွင် လူသွားလမ်းထွင်ခြင်းနှင့် တူ၏။ ယင်းလမ်းကြောင်းပေါ် သွားဖန်များလေ၊ ခရီးသွားရ ပို၍လွယ်ကူလေဖြစ်သည်။ အချိန်အတော်ကြာအထိ ထိုလမ်းကိုအသုံးမပြုပါက မကြာမီ လမ်းပေါ်ချုံလွှမ်းသွားပါလိမ့်မည်။ ထို့ကြောင့် မဆုတ်မနစ်၊ အဆက်မပြတ်လုပ်ဆောင်ဖို့ အရေးကြီးသည်! (ဒံ. ၆:၁၆၊ ၂၀) သမ္မာကျမ်းစာအမှန်တရား၏ စင်ကြယ်သောသာသာစကား ပြောဆိုခြင်းနှင့်ပတ်သက်လာလျှင်လည်း ဆုတောင်း၍ “အမြဲနိုးကြားနေကြလော့။”—ဧ. ၆:၁၈ကဘ။

၁၈။ စင်ကြယ်သောဘာသာစကားကို အခွင့်အရေးရတိုင်း အဘယ်ကြောင့် ပြောသင့်သနည်း။

၁၈ ပြောသာပြော! ဘာသာစကားအသစ်သင်ယူနေသူအချို့သည် ရှက်သောကြောင့် သို့မဟုတ် စကားပြောမှားမည်ကိုစိုးရိမ်သောကြောင့် ပြောဖို့တွန့်ဆုတ်ပေမည်။ ယင်းက တိုးတက်မှုကိုအတားအဆီး ဖြစ်စေလိမ့်မည်။ ဘာသာစကားတစ်ခုသင်ယူခြင်းနှင့်ပတ်သက်လာလျှင် လက်တွေ့စကားပြောလေ့ကျင့်ခြင်းသည် မဖြစ်မနေလိုအပ်သည်။ ကျောင်းသားသည် ဘာသာစကားအသစ်ကို များများပြောလေ ယင်းကိုပြောရာတွင် ပို၍သက်သောင့်သက်သာရှိလာလေဖြစ်သည်။ ကျွန်ုပ်တို့သည်လည်း စင်ကြယ်သောဘာသာစကားကို အခွင့်အရေးရတိုင်း ပြောရန်လိုသည်။ “ဖြောင့်မတ်ရာသို့ရောက်ခြင်းငှာ စိတ်နှလုံးဖြင့်ယုံကြည်ရ၏။ ကယ်တင်ခြင်းသို့ရောက်ခြင်းငှာ နှုတ်ဖြင့်ဝန်ခံရ၏။” (ရော. ၁၀:၁၀၊ ၁၁) ကျွန်ုပ်တို့နှစ်ခြင်းခံချိန်တွင်သာ “နှုတ်ဖြင့်ဝန်ခံ” သည်မဟုတ်ဘဲ ဓမ္မအမှုဆောင်ချိန်အပါအဝင် အခွင့်အရေးရတိုင်း ယေဟောဝါအကြောင်း ပြောဆိုသောအခါတွင်လည်း နှုတ်ဖြင့်ဝန်ခံကြသည်။ (မ. ၂၈:၁၉၊ ၂၀; ဟေဗြဲ ၁၃:၁၅) ခရစ်ယာန်အစည်းအဝေးများသည် ကျွန်ုပ်တို့အား စင်ကြယ်သောဘာသာစကားပါ ရှင်းလင်းပြည့်စုံသောအသုံးအနှုန်းများကို ပြောဆိုစေသည်။—ဟေဗြဲ ၁၀:၂၃-၂၅ ကိုဖတ်ပါ။

ယေဟောဝါကို ချီးမွမ်းရန် စင်ကြယ်သောဘာသာစကားကို စည်းလုံးစွာအသုံးပြုခြင်း

၁၉၊ ၂၀။ (က) ကျွန်ုပ်တို့ခေတ်တွင် ယေဟောဝါသက်သေများသည် အဘယ်အံ့ဖွယ်ရာကို လုပ်ဆောင်လျက်ရှိသနည်း။ (ခ) ကျွန်ုပ်တို့၏သန္နိဋ္ဌာန်ကား အဘယ်နည်း။

၁၉ စီအီး ၃၃၊ သိဝန်လ ၆ ရက်၊ တနင်္ဂနွေနေ့နံနက်တွင် ယေရုရှလင်မြို့၌ရှိနေခြင်းသည် အလွန်စိတ်လှုပ်ရှားစရာကောင်းခဲ့မည်ဖြစ်သည်! ထိုနေ့နံနက်အစောပိုင်း၊ ကိုးနာရီ မတိုင်မီလေးတွင် အထက်ခန်းမတစ်ခု၌စုရုံးခဲ့ကြသူတို့သည် အံ့သြဖွယ်ကောင်းလောက်အောင် “အမျိုးမျိုးသော ဘာသာစကားများဖြင့် ပြောဆိုကြလေ၏။” (တ. ၂:၄ကဘ) ယနေ့အချိန်တွင် ဘုရားသခင့်ကျေးကျွန်များသည် ဘာသာစကားအမျိုးမျိုးပြောဆိုခြင်း ဆုကျေးဇူးမရရှိတော့ပါ။ (၁ ကော. ၁၃:၈) သို့သော် ယေဟောဝါသက်သေများသည် ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို ဘာသာစကားပေါင်း ၄၃၀ ကျော်ဖြင့် ကြွေးကြော်ကြသည်။

၂၀ ကျွန်ုပ်တို့သည် သာမန်အားဖြင့် မည်သည့်ဘာသာစကားပင်ပြောဆိုကြပါစေ သမ္မာကျမ်းစာအမှန်တရား၏ စင်ကြယ်သောဘာသာစကားပြောဆိုရာတွင် တစည်းတလုံးရှိသောကြောင့် အလွန်ကျေးဇူးတင်စရာပင်! တစ်နည်းပြောရလျှင် ဘေဘဲလ်၌ဖြစ်ပျက်ခဲ့သည့်အရာနှင့် ဆန့်ကျင်ဘက်ဖြစ်သည်။ ဘာသာစကားတစ်မျိုးတည်းပြောဆိုနေကြသည့်အလား ယေဟောဝါ၏လူတို့သည် ကိုယ်တော်၏နာမတော်ကို ချီးမွမ်းကြသည်။ (၁ ကော. ၁:၁၀) ကျွန်ုပ်တို့၏ကောင်းကင်ခမည်းတော်ယေဟောဝါကို ဂုဏ်တင်ရန် ထိုတစ်မျိုးတည်းသောဘာသာစကားကို ခါတိုင်းထက်ပို၍ကျွမ်းကျင်စွာပြောဆိုဖို့ ကျွန်ုပ်တို့သင်ယူစဉ် ကမ္ဘာချီညီအစ်ကို၊ ညီအစ်များနှင့် “ပခုံးချင်းယှဉ်၍” အမှုတော်ကိုဆက်ထမ်းဆောင်မည်ဟု သန္နိဋ္ဌာန်ချနိုင်ကြပါစေ။—ဆာလံ ၁၅၀:၁-၆ ကိုဖတ်ပါ။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 14 ဆာလံ ၁:၁၊ ၂ (ကဘ)– “ယေဟောဝါ၏တရားတော်ကို မွေ့လျော်၍ တရားတော်ကို နေ့ညမပြတ် တိုးတိုးသံဖြင့် ဖတ်ရှုဆင်ခြင်အောက်မေ့သောသူသည် ပျော်ရွှင်၏။”

သင်မည်သို့ဖြေဆိုမည်နည်း

• စင်ကြယ်သောဘာသာစကားမှာ အဘယ်နည်း။

• စင်ကြယ်သောဘာသာစကားပြောဆိုခြင်းတွင် အဘယ်အရာပါဝင်သနည်း။

• စင်ကြယ်သောဘာသာစကားကို ကျွမ်းကျင်စွာပြောဆိုရန် အဘယ်အရာက အထောက်အကူပြုမည်နည်း။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၂၃ ပါလေးထောင့်ကွက်]

အောက်ပါနည်းများဖြင့် စင်ကြယ်သော ဘာသာစကားပြောဆိုရာတွင် သင်၏ ကျွမ်းကျင်မှုကို တိုးတက်စေပါ

ဂရုတစိုက်နားထောင်ပါ။

လု. ၈:၁၈; ဟေဗြဲ ၂:၁

စကားပြောကျွမ်းကျင်သူများကို တုပပါ။

၁ ကော. ၁၁:၁; ဟေဗြဲ ၁၃:၇

အလွတ်ကျက်မှတ်ပါ၊ အထပ်ထပ်ပြောဆိုပါ။

ယာ. ၁:၂၂-၂၅; ၂ ပေ. ၁:၁၂

အသံထွက်ဖတ်ပါ။

ဆာ. ၁:၁၊ ၂; ဗျာ. ၁:၃

“သဒ္ဒါ” ကိုဆန်းစစ်လေ့လာပါ။

၂ တိ. ၁:၁၃

ဆက်၍တိုးတက်နေပါ။

ဟေဗြဲ ၅:၁၁-၁၄; ၆:၁၊ ၂

သတ်သတ်မှတ်မှတ်လေ့လာသည့်အချိန်များ ထားရှိပါ။

ဒံ. ၆:၁၆၊ ၂၀; ဧ. ၆:၁၈

ယင်းကို ပြောဆိုပါ။

ရော. ၁၀:၁၀၊ ၁၁; ဟေဗြဲ ၁၀:၂၃-၂၅

[စာမျက်နှာ ၂၄ ပါပုံ]

ယေဟောဝါ၏လူတို့သည် စင်ကြယ်သောဘာသာစကားကို စည်းလုံးစွာပြောဆိုကြ